လျှို့ဝှက်ဆန်းကြယ်သော အာရုံခံနိုင်စွမ်း၊ ကုသခြင်းနှင့် ကယ်ဆယ်ခြင်း
Vol. 11 Ch. 110
"ညီလေးလုချင်း... မင်း ဒီမှာ ဘာလုပ်နေတာလဲ။"
"ကျွန်တော် တောင်ပေါ်ကို ဆေးပင်လာရှာရင်း ခင်ဗျားနဲ့ မတော်တဆ လာဆုံတာ"
လုချင်းက ပြန်ဖြေလိုက်သည်။
ကြွက်သားနှင့်အရိုးအဆင့်သို့ ရောက်ရှိပြီးကတည်းက လုချင်းသည် သူ့ကျင့်ကြံမှုကို အထောက်အကူပြုရန်အတွက် ဆရာဖြစ်သူထံမှ ဆေးဖက်ဝင်ရေချိုးနည်းတစ်ခုကို ရရှိထားခဲ့သည်။
ထို့ကြောင့် မကြာသေးမီ ရက်များအတွင်း ဆေးဖက်ဝင်အပင်များကို အသုံးပြုမှု များပြားလာသဖြင့် ဆရာ့ထံမှ လက်ကျန်ဆေးပင်များလည်း ကုန်သွားခဲ့၏။
ထို့ကြောင့် ဆေးပင်များကို ပြန်လည်ဖြည့်တင်းရန်အတွက် သူသည် ရှောင်လီကို ခေါ်ဆောင်လျက် တောင်ပေါ်သို့ တက်လာခဲ့ခြင်းပင်။
မမျှော်လင့်ဘဲ လိုက်လံဖမ်းဆီးခံနေရသော မာကူးနှင့် သူ ဆုံခဲ့မိပါ၏။
"ဒါဆိုရင်တော့ ငါ့ကံ သိပ်မဆိုးသေးဘူးလို့ပဲ ပြောရမှာပေါ့။"
မာကူး သက်ပြင်းချလိုက်သည်။
အကယ်၍ လုချင်းသာ ဒီနေ့ ဆေးပင်ရှာရန် တောင်ပေါ်သို့ မရောက်လာခဲ့လျှင် သူသည်လည်း သားရေချပ်ဝတ်ကို ဝတ်ဆင်ထားသော လူငယ်၏ လက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
"ဆရာမာ... အဲ့ဒီလူက ခင်ဗျားကို ဘာလို့ လိုက်သတ်နေတာလဲ။ ပြီးတော့ သူတို့က ဘယ်သူတွေလဲ။"
လုချင်းက မေးလိုက်သည်။
သူ့စစ်ဆေးမှုအရ ထိုလူနှစ်ဦးစလုံးမှာ ထျန်းချန်းဂိုဏ်းမှ ဖြစ်ကြောင်း လုချင်း သိထားသည်။
သို့သော် မာကူးက သူတို့ကို ဘာကြောင့် ရန်စမိသလဲ ဆိုတာကိုတော့ သူ မသေချာပေ။
"သူတို့ ဘယ်သူတွေလဲဆိုတာတော့ ငါလည်း မသိဘူး။ ဘာလို့ အလိုက်ခံရလဲ ဆိုတာကတော့ ပြောရရင် ဇာတ်လမ်းရှည်သွားလိမ့်မယ်။"
မာကူး၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ပေါ်လာပြီး မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို စတင်ပြောပြခဲ့သည်။
"သခင်မဝေ့အတွက် ဆေးရှာနေတုန်း အဲ့ဒီ သားရေချပ်ဝတ်ကို ဝတ်ထားတဲ့ ကောင်လေးက တွေ့သွားပြီး လိုက်ဖမ်းရင်းနဲ့ ဒီတောင်ကြားထဲ ရောက်လာတာပဲ။"
"ဆရာမာ... ခင်ဗျားရဲ့ ကြုံခဲ့ရတာက တော်တော် စိတ်လှုပ်ရှားစရာကောင်းတာပဲ။"
မာကူး၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် လုချင်းက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်သည်။
မာကူး၏ ကံတရားမှာ အတော်လေး ဆိုးရွားနေပုံရပြီး သူသည် သခင်လေးဝေ့နှင့် ပဋိပက္ခ အနည်းငယ် ရှိနေပုံရကြောင်း သူ သဘောပေါက်လိုက်သည်။
သူတို့ ဆုံတွေ့တိုင်း မာကူး ဒုက္ခရောက်လေ့ရှိပြီး ဒီတစ်ခါတွင်မူ အသတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။
"ညီလေးလုချင်းရာ... ငါ့ကို မနောက်ပါနဲ့။"
မာကူး ချွေးစေးများ ပြန်လာသည်။ "အဲ့ဒီ တောအုပ်ထဲ ဝင်သွားခဲ့မိတာကိုတောင် အခု တော်တော်လေ နောင်တရနေပြီ။"
လုချင်းက ရယ်မောလိုက်ပြီး ဆက်မနောက်တော့ပေ။
ထိုအစား သူသည် မာကူးအပေါ် လေးစားစိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။
မာကူးအနေဖြင့် သခင်မဝေ့နှင့် သူမ၏ သားကို စွန့်ပစ်ရန် သို့မဟုတ် ကိုယ်လွတ်ရုန်းရန်အတွက် သူတို့ကို ရန်သူ့လက်ထဲသို့ အပ်လိုက်ဖို့ ရွေးချယ်နိုင်ခဲ့သည်။
သို့သော် သူ ထိုသို့ မလုပ်ခဲ့ပေ။ အသက်အန္တရာယ်နှင့် ကြုံတွေ့ပြီး လမ်းဆုံးသို့ ရောက်နေချိန်မှာပင် သူ နှုတ်ပိတ်နေခဲ့သည်။
ဤကဲ့သို့သော သစ္စာတရားနှင့် ကတိတည်မှုက သူ့ကို ယောက်ျားကောင်းတစ်ယောက် ဖြစ်စေပါ၏။
"ညီလေးလုချင်း... ငါ မင်းကို မေးစရာ တစ်ခုရှိတယ်။ သခင်မဝေ့က ဒဏ်ရာထဲရောဂါပိုးဝင်ပြီး သတိမေ့နေတာ ကြာပြီ။ အခြေအနေက အရမ်း စိုးရိမ်ရတယ်။ မင်း ကယ်ပေးနိုင်မလား။"
သခင်မဝေ့နှင့် သူမ၏သားကို ငွေရောင်လမင်းအစောင့်တပ်က အသက်ပေးကာ ကာကွယ်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
မာကူးကိုယ်တိုင်လည်း သူတို့အတွက် အသက်စွန့်လုနီးပါး ဖြစ်ခဲ့ရ၏။
သူမ ဒဏ်ရာကြောင့် သေဆုံးသွားပြီး သူတို့၏ ပေးဆပ်မှုများ အချည်းနှီး ဖြစ်သွားမည်ကို သူ မလိုလားပေ။
လုချင်း နက်နဲစွာ တွေးတောလိုက်သည်။
မာကူးလည်း သူ့ကို မလောရဲပေ။
လုချင်းသည် အင်အားကြီးပြီး ဆေးပညာ ကျွမ်းကျင်သလို၊ ကြောက်မက်ဖွယ် ကောင်းသော လျှို့ဝှက်ဆန်းကြယ်သည့် သတ္တဝါကိုလည်း ထိန်းချုပ်ထားပုံ ရသည်။
သူ့အကူအညီဖြင့်ဆိုလျှင် သခင်မဝေ့နှင့် သခင်လေးကို ကယ်တင်နိုင်မည့် အခွင့်အလမ်းမှာ ပို၍မြင့်မားပေလိမ့်မည်။
လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါကို တွေးမိပြီးနောက် မာကူးသည် ပတ်ဝန်းကျင်ကို သတိထားပြီး အကဲခတ်လိုက်သည်။
သူတို့ လာလမ်းတစ်လျှောက်တွင် ထိုသတ္တဝါကို သူ မမြင်ခဲ့ရပေ။
အနီးအနားတွင် ပုန်းနေသလား သို့မဟုတ် ထွက်ခွာသွားပြီလားဟု သူ တွေးမိသည်။
လုချင်းကမူ မာကူး၏ မသိမသာ လှုပ်ရှားမှုများကို သတိမထားမိပေ။ သူသည် ဤကဲ့သို့ကိစ္စထဲ ပါဝင်ပတ်သက်သင့် ၊ မပတ်သက်သင့်ကို စဉ်းစားနေသည်။
အခြေအနေက ယခု ရှင်းလင်းနေပြီပင်။
ခရိုင်အတွင်း ဝေ့မိသားစုကို ပစ်မှတ်ထားနေသော အင်အားစုမှာ ထျန်းချန်းဂိုဏ်း ဖြစ်သည်။
သူတို့၏ အင်အား အတိအကျကို မသိရသော်လည်း မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများ ရှိသော ဂိုဏ်းတစ်ခု အနေဖြင့် သေချာပေါက် ကြောက်စရာကောင်းပေလိမ့်မည်။
ထိုကဲ့သို့သော အင်အားစုကို ဆန့်ကျင်နေကြောင်း ပေါ်သွားပါက ပြင်းထန်သော အကျိုးဆက်များ ရှိလာနိုင်ပါ၏။
ရှောင်လီ ရှိနေသဖြင့် လုချင်းသည် မွေးဖွားပြီးနယ်ပယ် သိုင်းသမားများကို သိပ်တော့မကြောက်ပေ။
သို့သော် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများမှာမူ မတူညီသော ကိစ္စတစ်ခု ဖြစ်သည်။
ရှောင်လီပင် ထိုကဲ့သို့သော ပုဂ္ဂိုလ်များအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
ခဏကြာ စဉ်းစားပြီးနောက် လုချင်းသည် မာကူးနှင့်အတူ လိုက်သွားရန် ဆုံးဖြတ်လိုက်တော့၏။
ယခင်က ဝေ့မိသားစုသည် ယစ်မူးပျော်မွေ့ ခံတပ်တွင် ဝံပုလွေနက်ဂိုဏ်းကို နှိမ်နင်းရာ၌ သူ့ကို ကူညီပေးခဲ့ဖူးသည်။
သူ့တွင် ဝေ့မိသားစုအပေါ် အကြွေးတစ်ခု ရှိနေလေ၏။
ထို့ကြောင့် သခင်မဝေ့နှင့် သခင်လေးကို ကယ်တင်ခြင်းဖြင့် ထိုအကြွေးကို သူ ဆပ်နိုင်မည်ဖြစ်သည်။
သို့သော် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများရှိနေနိုင်သောကြောင့် သူတို့ တောင်ပေါ်တွင် ရှိမနေသင့်တော့ပေ။
ဝေ့မိသားစု၏ ရတနာကို မက်မောနေသော မွေးရာပါနယ်ပယ် ဝမ်ချန်းယီသည် ခရိုင်မြို့မှ ထွက်ခွာမည် မဟုတ်ဘဲ အနီးကပ် စောင့်ကြည့်နေနိုင်သည်။
သို့မဟုတ်ပါက သူထွက်သွားချိန် ဝေ့မိသားစုက ရတနာကို ရွှေ့ပြောင်းလိုက်လျှင် အားထုတ်သမျှ အလဟဿ ဖြစ်သွားပေလိမ့်မည်။
သေချာသည်မှာ ဤအချက်သည် ထုန်ချန်းလန်နှင့် ဝမ်ချင်းရှန်တို့၏ သေဆုံးမှုသတင်း ခရိုင်မြို့သို့ မရောက်ရှိသေးဟု ယူဆချက်အပေါ် အခြေခံထားသည်။
အကယ်၍ တပည့်နှစ်ဦး သေဆုံးသွားသည့်သတင်း ရောက်သွားပါက ဝမ်ချန်းယီ ရူးသွပ်မသွားနိုင်ကြောင်း မည်သူက အာမခံနိုင်မည်နည်း။
ထို့ကြောင့် လူကယ်မည်ဆိုပါက မြန်မြန်ဆန်ဆန် လုပ်ရမည်။
ထုန်ချန်းလန်နှင့် ဝမ်ချင်းရှန်တို့၏ သေဆုံးမှုသတင်း ခရိုင်မြို့သို့ မရောက်မီ သခင်မဝေ့နှင့် သခင်လေးကို နေရာရွှေ့ပြောင်းပေးရမည်။
"ကောင်းပြီလေ... ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ်။"
နောက်ဆုံးတွင်တော့ လုချင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ညီလေးလုချင်း"
မာကူးမှာ ဝမ်းသာအားရ ဖြစ်သွားပြီး ကျေးဇူးတင်စကားကို အထပ်ထပ်အခါခါ ဆိုလေသည်။
ဆုံးဖြတ်ချက်ချပြီးနောက် သူတို့ ဂူထဲတွင် အချိန်မဆွဲတော့ပေ။
ကြွက်သားနှင့်အရိုးအဆင့်သို့ ရောက်ရှိနေသူတစ်ဦး၏ ပြန်လည်သက်သာနိုင်စွမ်းက အားကောင်းလှပါ၏။ လုချင်း၏ ကုသမှုနှင့် ရွှေအနာကျက်ဆေးတို့ကြောင့် မာကူး၏ ပခုံးဒဏ်ရာမှာ စိုးရိမ်စရာ မရှိတော့ပေ။
တိုက်ပွဲတွင် ဒဏ်ရာရထားသော လက်ကို အသုံးမပြုနိုင်ခြင်းမှလွဲ၍ ပုံမှန် လှုပ်ရှားသွားလာမှုများအတွက်တော့ အဆင်ပြေသေးပါသည်။
ထို့နောက် သူတို့သည် သခင်မဝေ့နှင့် သခင်လေးဝေ့တို့ ပုန်းအောင်းနေသော ဂူဆီသို့ သွားရန် ပြင်ဆင်လိုက်ကြတော့၏။
သို့သော် မထွက်ခွာမီ လုချင်းက တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။
မာကူးက လမ်းကြောင်းပြပေးရမည်ဖြစ်သော်လည်း မည်သည့်လမ်းက သွားမည်ကိုတော့ လုချင်းကပဲ ဆုံးဖြတ်မည်ပင်။
ထိုတောင်းဆိုမှု၌ မာကူးတွင် ကန့်ကွက်စရာ မရှိပေ။
လုချင်းသည် ဆေးပင်ရှာရန် တောင်ပေါ်သို့ မကြာခဏ လာလေ့ရှိပြီး နယ်မြေကျွမ်းကျင်ကြောင်း သူ သိသည်။
လုချင်းအနေဖြင့် ဤကဲ့သို့ တောင်းဆိုရခြင်းမှာ အကြောင်းပြချက် ရှိပေလိမ့်မည်။
ဂူဝတွင် ရပ်လျက် မာကူးသည် ဦးတည်ချက်ကို စတင်ခွဲခြားလိုက်သည်။
သားရေချပ်ဝတ်ကို ဝတ်ဆင်ထားသော လူငယ်လက်မှ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရသော်လည်း ဘယ်ဘက်က လာခဲ့သလဲ ဆိုတာကိုတော့ မာကူးမှာ အကြမ်းဖျင်း မှတ်မိနေသေးသည်။
ခဏအကြာတွင် မာကူးသည် ဦးတည်ချက်တစ်ခုကို ညွှန်ပြလိုက်၏။
ဦးတည်ချက် ရပြီဖြစ်သဖြင့် လုချင်းက ရှေ့မှ ဦးဆောင်လိုက်လေသည်။
သူ့ပခုံးပေါ်ရှိ ရှောင်လီက ရံဖန်ရံခါ အရိပ်အမြွက်များ ပေးနေလေ၏။
လုချင်း လမ်းကြောင်းရွေးချယ်ချင်ရခြင်းအကြောင်းရင်းမှာ ရှောင်လီကြောင့် ဖြစ်သည်။
ရှောင်လီတွင် အနီးအနားရှိ သတ္တဝါများ၏ တည်ရှိမှုကို အဝေးမှ သိရှိနိုင်သော အံ့ဖွယ်အာရုံခံနိုင်စွမ်း ရှိသည်။
မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကို သောက်သုံးပြီးနောက် ဤစွမ်းရည်သည် သိသိသာသာ တိုးတက်လာခဲ့သည်။
ရှောင်လီ အာရုံစိုက်လိုက်လျှင် တစ်မိုင်ပတ်လည်အတွင်းရှိ သတ္တဝါများကို အာရုံခံနိုင်ကြောင်း လုချင်း စမ်းသပ်ကြည့်ရင်းဖြင့် သိရှိထားခဲ့ပါ၏။
ကွင်းပြင်ကျယ်တွင်တော့ ဤအကွာအဝေးသည် သိပ်မဝေးဟု ထင်ရနိုင်သည်။
သို့သော် တောင်တန်းများထဲတွင်မူ ဤအတိုင်းအတာသည် အလွန်ကျယ်ပြန့်လှပါ၏။
ရှုပ်ထွေးသော ပတ်ဝန်းကျင်ရှိသည့် တောနက်ထဲတွင် ခြေလှမ်းအနည်းငယ်ကွာ၌ ပုန်းနေရုံဖြင့် မမြင်ရအောင် လုပ်နိုင်သည်။
ထို့ကြောင့် တစ်မိုင်အာရုံခံနိုင်စွမ်း ရှိခြင်းသည် နတ်မျက်စိ ရှိထားသည်နှင့်တောင် တူသေးလေ၏။
လုချင်းသည် လမ်းကြောင်းရွေးချယ်ရင်း ရှောင်လီနှင့် ဆက်သွယ်ကာ ရံဖန်ရံခါ လမ်းကြောင်း ပြောင်းလေသည်။
တခါတရံ သူတို့ ရုတ်တရက် ပုန်းအောင်းလိုက်ကြ၏။
အစပိုင်းတွင် မာကူးမှာ နားမလည်သော်လည်း သူတို့ ပုန်းအောင်းပြီး မကြာမီမှာပင် အားကောင်းသော သိုင်းပညာရှင်နှစ်ဦး ဖြတ်သွားသည်ကို မြင်လိုက်ရသောအခါ၌ သူ သဘောပေါက်သွားတော့သည်။
လုချင်းသည် ဤသိုင်းပညာရှင်များ၏ လှုပ်ရှားမှုကို ကြိုတင်မြင်နိုင်စွမ်း ရှိနေသည်။
ထိုသည်ကို သိလိုက်ရသောအခါ၌ မာကူးခင်ဗျာ အံ့အားသင့်သွားရပြီး တစ်စုံတစ်ခုနှင့် ဆက်သွယ်နေပုံရသော လုချင်း၏ မသိမသာအမူအရာများကို သတိထားမိလိုက်သည်။
သို့သော် သူ့ပခုံးပေါ်တွင်တော့ ဘာမှ မမြင်ရပေ။
ကိုယ်တွင်းအင်္ဂါအဆင့်သို့ ရောက်ရှိသော လူကို သတ်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် သတ္တဝါနှင့် လုချင်း ဆက်သွယ်နေကြောင်း သူ ခန့်မှန်းမိလိုက်သည်။
ထို့နောက်၌ ထိုသတ္တဝါကပဲ သိုင်းပညာရှင်များကို အာရုံခံပေးနေခြင်း ဖြစ်လောက်မည်ဟု သူ ယူဆလိုက်သည်။
ပြီးပြည့်စုံအောင် ပုန်းကွယ်နိုင်သည့်အပြင် ထိုမျှအားကောင်းသော အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားသည့် သတ္တဝါမှာ မည်သည့်သတ္တဝါများဖြစ်နေမည်နည်း။
မာကူး၏ စူးစမ်းလိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်နေသော်လည်း လုချင်းကတော့ ထိုသတ္တဝါနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ထုတ်မပြောချင်ကြောင်း သူ ခံစားမိသည်။
ထို့ကြောင့် စူးစမ်းချင်သော်လည်း မမေးမိအောင်သာ သူ့ကိုယ်သူ ထိန်းချုပ်လိုက်တော့၏။
လုချင်းလည်း အံ့သြနေမိသည်။
ခဏအတွင်းမှာပင် ရှောင်လီသည် သိုင်းပညာရှင်အဖွဲ့အများအပြားကို အာရုံခံမိခဲ့လေ၏။
ထျန်းချန်းဂိုဏ်းက လူဘယ်နှယောက်ကိုတောင် တောထဲကို လွှတ်ထားတာလဲ။
သို့မဟုတ် ထုန်ချန်းလန်နှင့် ဝမ်ချင်းရှန်တို့၏ အလောင်းများကို တွေ့ရှိသွားတာကြောင့် လူတိုင်းကို ဒီဘက်သို့ ရောက်လာအောင် ဆွဲဆောင်လိုက်မိခြင်းများလော။
လုချင်း မသေချာသဖြင့် မာကူးနှင့်အတူ သတိထားပြီး ဆက်သွားရုံသာ တတ်နိုင်တော့သည်။
ကံကောင်းထောက်မစွာဖြင့် တောအုပ်ကို ဖြတ်သန်းပြီးနောက် ရှောင်လီသည် မည်သည့် သိုင်းပညာရှင် လှုပ်ရှားမှုကိုမျှ ထပ်မံ အာရုံမခံမိတော့ပေ။
ထိုသို့ဖြင့် သူတို့၏ ခြေလှမ်းများမှာလည်း မြန်ဆန်လာသည်။
ရှောင်လီ၏ အာရုံခံနိုင်စွမ်း ကျေးဇူးကြောင့် လုချင်းနှင့် မာကူးတို့သည် သခင်မဝေ့နှင့် သခင်လေးဝေ့တို့ ပုန်းအောင်းနေသော တောင်ပေါ်သို့ ဘေးကင်းစွာ ရောက်ရှိလာခဲ့ကြသည်။
"ရှေ့မှာ သခင်မဝေ့နဲ့ သခင်လေးဝေ့တို့ ပုန်းနေတဲ့ လျှို့ဝှက်ဂူ ရှိတယ်။"
မာကူးက လုချင်းကို ညွှန်ပြလိုက်သည်။
လုချင်းလည်း ခေါင်းညိတ်လိုက်သည်။ ရှောင်လီကလည်း ဂူထဲတွင် လူရှိကြောင်း အာရုံခံမိသည်။
ဂူဝသို့ ရောက်သောအခါ မာကူးသည် မနက်က မထွက်ခွာမီ သတိပေးချက်အဖြစ် သူ ဆင်ထားခဲ့သော ထောင်ချောက်ငယ်များကို စစ်ဆေးလိုက်သည်။
၎င်းတို့ မပျက်စီးဘဲ ရှိနေသည်ကို မြင်သောအခါမှ သူ စိတ်သက်သာရာရသွားတော့သည်။
သူ မရှိခိုက် မည်သူမှ ဂူကို ရှာမတွေ့ခဲ့ပုံရသည်။
သခင်လေးဝေ့လည်း စကားနားထောင်ပြီး အထဲမှာပဲ နေပုံရသည်။
မာကူး ဂူထဲသို့ ဝင်လိုက်ရာ ဝင်ပေါက်သို့ ရောက်သည်နှင့် တုတ်ချောင်းတစ်ချောင်းက ဝှေ့ယမ်းလာပြီး သူ့ခေါင်းကို ချိန်ရွယ်လာသည်။
မာကူးက ရှောင်တိမ်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"သခင်လေး... ငါပါ။"
"မာကူး... ခင်ဗျား ပြန်ရောက်ပြီလား။"
သခင်လေးဝေ့၏ အံ့သြသံ ထွက်ပေါ်လာပြီး မာကူးကို တိုက်ခိုက်ရန် သုံးခဲ့သော တုတ်ချောင်းကို ကိုင်လျက် ပြေးထွက်လာသည်။
"ဆေး တွေ့ခဲ့လား။ ဟင်... ခင်ဗျား ဒဏ်ရာရလာတာလား။"
သခင်လေးဝေ့က ဆေးအကြောင်း အရင်မေးသော်လည်း မာကူး၏ပခုံးမှ သွေးများနှင့် ရှေ့တွင် တွဲကျနေသော လက်မောင်းကိုသာ တွေ့လိုက်ရသည်။
"အဲ့ဒီလူတွေ တွေ့သွားလို့ ဒဏ်ရာရလာတာ။ ကံကောင်းလို့ ညီလေးလုချင်း ရှိနေလို့ပေါ့၊ မဟုတ်ရင် ငါ ပြန်ရောက်လာမှာ မဟုတ်ဘူး။"
“အစ်ကိုလုချင်းလား"
သခင်လေးဝေ့မှာ ဇဝေ့ဇဝါ ဖြစ်သွားပြီးမှ မလှမ်းမကမ်းတွင် ရပ်နေသော လုချင်းကို သတိထားမိလိုက်သည်။
ထိုအခိုက်၌ သူ့မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"ကျွန်တော် ခင်ဗျားကို သိတယ်၊ ခင်ဗျားက ဟိုတစ်ယောက်... ဟိုတစ်ယောက်..."
သခင်လေးဝေ့သည် လုချင်းကို ရင်းနှီးနေသော်လည်း နာမည်ကို ပြန်မမှတ်မိနိုင်ဖြစ်နေရှာ၏။
"ဒါက ညီလေးလုချင်းလေ၊ သမားတော်ကြီးချန်ရဲ့ တပည့်။ သခင်လေး မှတ်မိသင့်ပါတယ်။"
မာကူးက သတိပေးလိုက်သည်။
"ဟုတ်ပြီ... ကျွန်တော် မှတ်မိပြီ၊ ခင်ဗျားက ကျွန်တော်သောက်ဖို့ဆေးရည်ကို နေ့တိုင်း လုပ်ပေးတဲ့လူပဲ"
သခင်လေးဝေ့မှာ နောက်ဆုံးတွင်တော့ မှတ်မိသွားသည်။
သူ ပြင်းထန်စွာ ဒဏ်ရာရစဉ်က သမားတော်ကြီးချန်ထံတွင် ခေတ္တနေထိုင်ခဲ့ရသည်။
ထိုအချိန်အတွင်း လုချင်းက သူ့အတွက် ဆေးဖော်ပေးပြီး နေ့စဉ် လာပို့ပေးခဲ့သည်။
သို့သော် ထိုကာလအတွင်း လုချင်းက သူ့ကို စကားခပ်နည်းနည်းသာ ပြောခဲ့ပြီး သူ့ရှေ့တွင် သိပ်မပေါ်လာခဲ့ပေ။
ထို့ကြောင့် သခင်လေးဝေ့က သူ့ကို မြင်ဖူးနေသော်လည်း သူတို့ချင်း သိပ်မရင်းနှီးကြပေ။
"မင်္ဂလာပါ သခင်လေးဝေ့။ ဒီတောင်ပေါ်မှာ လာတွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူးဗျ။"
လုချင်းက ပြုံးလျက် ပြောလိုက်သည်။
"ခင်ဗျား ဘယ်လိုလုပ် ဒီရောက်နေတာလဲ။"
သခင်လေးဝေ့က အံ့သြနေသည်။
"သခင်လေး... ညီလေးလုချင်းက သမားတော်ကြီးချန်ရဲ့ တပည့်ဖြစ်သလို ဆေးပညာလည်း ကျွမ်းကျင်တယ်။ ကျွန်တော် တောင်ပေါ်မှာ သူ့ကို တွေ့လိုက်ရလို့ သခင်မဝေ့ကို ကူညီပေးဖို့ ခေါ်လာတာ။"
မာကူးက ရှင်းပြလိုက်သည်။
"ဟုတ်သားပဲ... ခင်ဗျားက သမားတော်ကြီးချန်ရဲ့ တပည့်ပဲဟာ။"
သခင်လေးဝေ့က တုံ့ပြန်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"အစ်ကိုလုချင်း... ကျေးဇူးပြုပြီး ကျွန်တော့်အမေကို ကယ်ပေးပါ။ ကျွန်တော် စောစောကပဲ ကြည့်လိုက်တာ၊ သူ့အဖျားက ပိုဆိုးလာပြီး အဖျားရှိန်နဲ့ ကယောင်ကတမ်းဖြစ်နေတယ်။ ကြည့်ရတာ အခြေအနေဆိုးနေပြီ"
သခင်မဝေ့အကြောင်း ပြောရင်း သခင်လေးဝေ့သည် လုချင်း ဘာကြောင့် ဒီရောက်နေသလဲ ဆိုတာကို ဂရုမစိုက်နိုင်တော့ဘဲ အရေးတကြီး တောင်းဆိုလိုက်တော့သည်။
"ဟင်... အဲ့ဒီလောက်တောင် ဆိုးနေလား။ ကျွန်တော် တစ်ချက် ကြည့်ကြည့်ပါရစေ။"
သခင်လေးဝေ့၏ စကားကို ကြားသောအခါ လုချင်း၏ မျက်နှာထားမှာလည်း လေးနက်သွားတော့သည်။
သုံးဦးသား ဂူထဲသို့ ဝင်သွားကြပြီးနောက်၌ မာကူးကမူ သံသယကင်းစေရန်နှင့် ကင်းစောင့်ရန်အတွက် ဂူဝတွင် နေခဲ့ဖို့လုပ်လိုက်သည်။
လုချင်းသည်လည်း သခင်လေးဝေ့နောက်လိုက်ပြီး သခင်မဝေ့ လဲလျောင်းနေသည့် နေရာသို့ သွားလိုက်သည်။
သခင်မဝေ့ကို မြင်လိုက်ရသောအခါ လုချင်း မျက်မှောင်ကြုတ်လိုက်မိ၏ည်။
သူမသည် အေးစက်သော မြေကြီးဒဏ်မှ ကာကွယ်ရန် သစ်ရွက်များနှင့် မြက်များကို ခင်းလျက် ယင်းပေါ်၌ ဘေးတစောင်း လဲလျောင်းနေသည်။
သူမ၏ဒဏ်ရာမှာလည်း ပတ်တီးမစည်းထားဘဲ အဖြူရောင်အဝတ်စဖြင့်သာ ပတ်ထားလေ၏။ ယင်းအဝတ်စမှာလည်း သွေးများဖြင့် မှိန်ဖျဖျ စွန်းထင်းနေကာ ဒဏ်ရာ ကောင်းမွန်စွာ အနာမကျက်သေးကြောင်း ပြသနေသည်။
သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး နဖူးပေါ်တွင် ချွေးစီးချွေးပေါက်များစုရုံးနေလေသည်။
သူမ အကန့်အသတ်သို့ ရောက်နေပြီဖြစ်ကြောင်း လုချင်း သိလိုက်သည်။
သူ သွေးခုန်နှုန်းကို စမ်းကြည့်လိုက်ပြီးနောက်တွင်တော့ ပို၍ပင် မျက်မှောင်ကြုတ်မိသွားတော့သည်။
ထို့နောက်၌ သူမ၏ အခြေအနေကို စစ်ဆေးရန် သူ့နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်သည်။
မကြာမီ မီးခိုးရောင်သန်းနေသော အဖြူရောင်အလင်းတန်းဖျော့ဖျော့တစ်ခုက သူမ ခန္ဓာကိုယ်မှ ပေါ်ထွက်လာသည်။
[လီနဉ်ယန် : ဝေ့မိသားစု၏ သခင်မ၊ ဝေ့ရှင်းဟယ်၏ ဇနီး၊ ဝေ့ကျိအန်း၏ မိခင်။ အပြင်ပန်းအားဖြင့် နူးညံ့သော်လည်း စိတ်ဓာတ်ခိုင်မာပြီး ကြင်နာတတ်သော နှလုံးသားရှိသည်။]
[သူမ၏ ခါးနှင့် ဝမ်းဗိုက်တွင် ဓားဒဏ်ရာ ရရှိထားပြီး သွေးအလွန်အကျွံ ထွက်ထားသည်။ မလျော်ကန်သော ကုသမှုကြောင့် ဒဏ်ရာမှာ ပြင်းထန်စွာ ပိုးဝင်နေပြီး သေလုမျောပါး ဖြစ်နေသည်။]
သတင်းအချက်အလက်များကို မြင်သောအခါ လုချင်း၏ မျက်နှာထားမှာ ပို၍ပင် လေးနက်လာသည်။
သူမ၏ အခြေအနေ ဤမျှ ဆိုးရွားသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အကယ်၍ သူသာ နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာခဲ့လျှင် သူမ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
ယခုအချိန်မှာပင် အခြေအနေက အလွန် စိုးရိမ်နေရပါ၏။
"အစ်ကိုလုချင်း... ကျွန်တော့်အမေ ဘယ်လိုနေလဲဟင်။"
လုချင်း သွေးခုန်နှုန်း စမ်းပြီးနောက် သခင်လေးဝေ့က စိုးရိမ်တကြီး မေးလိုက်သည်။
"သခင်လေး... အမှန်အတိုင်း ပြောရရင် သခင်မဝေ့ရဲ့ အခြေအနေက အရမ်း ဆိုးတယ်။"
လုချင်းက ပြောလိုက်သည်။ "သူ့ရဲ့ ဒဏ်ရာကို သေချာ မကုခဲ့တော့ ပိုးဝင်သွားတာ။ တော်တော်ပြင်းတယ်။ ပြီးတော့ လမ်းခရီးကလည်း ကြမ်းခဲ့တော့ သူ့အခြေအနေကို ပိုဆိုးစေခဲ့တယ်လေ။ ခု သူက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကိုတောင် ရောက်နေပြီ။"
"ဒါဆို ဘယ်လို လုပ်ကြမလဲ။"
သခင်လေးဝေ့ခင်ဗျာ ထိတ်လန့်သွားပြီး လုချင်း၏ လက်ကို ဆွဲကာ တောင်းပန်လိုက်သည်။
"အစ်ကိုလုချင်း... ကျေးဇူးပြုပြီး ကျွန်တော့်အမေကို ကယ်ပေးပါ။ ကျွန်တော့်အမေကို ကယ်ပေးရင် ခင်ဗျား လိုချင်တာမှန်သမျှ ကျွန်တော် ပေးပါ့မယ်"
"သခင်လေး... အဲ့လိုလုပ်ဖို့ မလိုပါဘူး။ ဆေးကုဖို့ဆိုတာက သမားတော်တစ်ယောက်ရဲ့ တာဝန်ပါ။ သူ့ကို ကယ်ဖို့ ကျွန်တော်လည်း အစွမ်းကုန် ကြိုးစားပါ့မယ်။"
လုချင်းက ပြောလိုက်သည်။
သခင်လေးဝေ့ကို စိတ်ငြိမ်အောင် ပြောပြီးနောက် လုချင်း စဉ်းစားခန်း ဖွင့်လိုက်သည်။
သခင်မဝေ့၏ လက်ရှိအခြေအနေအရ သာမန်ဆေးဝါးများဖြင့် အလုပ်ဖြစ်မည် မဟုတ်ပေ။
ထို့ကြောင့် သူ စောစောက ပြင်ဆင်ထားသော အထူးဆေးဝါးကို အသုံးပြုရန်သာ ဆုံးဖြတ်လိုက်တော့၏။