အသက်ကယ်ဆေး၊ တုန်လှုပ်မှုနှင့် ထွက်ခွာခြင်း
Vol. 12 Ch. 111
ခဏကြာ စဉ်းစားပြီးနောက် လုချင်းသည် သခင်မဝေ့ကို စတင်ကုသလိုက်သည်။
သခင်မဝေ့ မသက်မသာ ဖြစ်နေသည်ကို မြင်သောအခါ သူသည် ငွေအပ်များကို အသုံးပြုပြီး အပ်စိုက်ကုသမှုကို အရင် ပြုလုပ်လိုက်သည်။
အပ်အချို့ စိုက်ပြီးနောက် သခင်မဝေ့၏ တင်းကျပ်စွာ တွန့်ချိုးနေသော မျက်ခုံးများမှာ အနည်းငယ် ပြေလျော့သွားပြီး မျက်နှာမှာလည်း ယခင်ကလောက် မဖြူဖျော့တော့ပေ။
ဒါကို မြင်သောအခါ လုချင်းက ကျေနပ်မှုအနည်းငယ်ဖြင့် ခေါင်းညိတ်လိုက်သည်။
ဆေးပညာကို လေ့လာခြင်းနှင့် သိုင်းပညာတွင် တိုးတက်မှုတို့ကြောင့် သူသည် လူ့ခန္ဓာကိုယ်ကို ပိုမိုနက်ရှိုင်းစွာပင် နားလည်လာခဲ့သည်။
ထို့ကြောင့် သူ၏ အပ်စိုက်ကုထုံးကျွမ်းကျင်မှုမှာလည်း သိသိသာသာပင် တိုးတက်လာခဲ့သည်။
သခင်မဝေ့၏ နာကျင်မှုကို ချက်ချင်း သက်သာစေသော အပ်များ၏ အာနိသင်က အကောင်းဆုံး သက်သေပင်။
သို့သော် ဤသည်မှာ ယာယီ ဖြေရှင်းချက်သာ ဖြစ်သည်။
သခင်မဝေ့၏ အခြေအနေအရ အပ်စိုက်ကုထုံးတစ်ခုတည်းဖြင့် ပြဿနာကို မဖြေရှင်းနိုင်ပေ။
သာမန် ဆေးဝါးများသည်လည်း အာနိသင်အကန့်အသတ်သာ ရှိပေလိမ့်မည်။
ထို့အပြင် သူတို့၏ လက်ရှိအခြေအနေအရ ဆေးကြိုရန် မီးမွှေးခြင်းမှာလည်း မသင့်လျော်ပေ။
ထို့ကြောင့် သခင်မဝေ့၏ နာကျင်မှုကို သက်သာစေရန် အပ်များ စိုက်ပြီးနောက် လုချင်းသည် သူ့ဆေးသေတ္တာငယ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး စဉ်းစားခန်းဖွင့်လိုက်လေ၏။
"သမားတော်လေးလုချင်း... ဒါ ဘာလဲဟင်။"
ကျောက်စိမ်းပုလင်းကို မြင်သောအခါ သခင်လေးဝေ့က အံ့သြစွာ မေးလိုက်သည်။
ချမ်းသာသော မိသားစုမှ သခင်လေးတစ်ယောက်အနေဖြင့် သူသည် အချို့ကိစ္စများတွင် နုံအပုံရသော်လည်း အချို့အရာများနှင့် ပတ်သက်၍တော့ ဗဟုသုတ အတော်အတန် ရှိသည်။
လုချင်းလက်ထဲမှ ကျောက်စိမ်းပုလင်းသည် ကျောက်စိမ်းအဆီကဲ့သို့ မည်သည့် အညစ်အကြေးမှ မပါဝင်ဘဲ ဖြူစင်နေလေ၏။
ပုလင်းကပင် ရွှေဒင်္ဂါး ထောင်ချီ တန်ဖိုးရှိကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ အတပ်ပြောနိုင်ပါသည်။
ပုလင်းကိုယ်တိုင်က ဤမျှ တန်ဖိုးရှိနေလျှင် အတွင်းမှ ပစ္စည်းသည် ပို၍ပင် အဖိုးတန်ပေလိမ့်မည်။
"ဒါက ကျွန်တော့်ဆရာ ဖော်စပ်ထားတဲ့ အရမ်းကိုအဖိုးတန်တဲ့ ဆေးရည်ပါ။ သခင်မဝေ့ကို ဘယ်လို တိုက်ရမလဲ ဆိုတာ ကျွန်တော် စဉ်းစားနေတာ။"
လုချင်းက ပြောလိုက်သည်။
"အရမ်းကို အဖိုးတန်တဲ့ ဆေးရည်လား"
သခင်လေးဝေ့ ချက်ချင်း မေးလိုက်သည်။
"အဲ့ဒါက ကျွန်တော့်အမေကို ကယ်နိုင်လောက်လား။"
"ကယ်နိုင်လောက်ပါတယ်။ သခင်မဝေ့ကို ချက်ချင်း မပျောက်ကင်းစေနိုင်ရင်တောင် ခဏတာလောက်တော့ အသက်ကယ်ထားနိုင်မှာပါ။"
ထိုစကားကို ကြားသောအခါ သခင်လေးဝေ့က အလျင်အမြန် တောင်းပန်လိုက်သည်။
"သမားတော်လေးလုချင်း... ကျေးဇူးပြုပြီး ကျွန်တော့်အမေကို ကယ်ပေးပါ။ ဒီဆေးရည်က ဘယ်လောက်ပဲ တန်ဖိုးရှိပါစေ၊ ကျွန်တော်တို့ ဝေ့မိသားစုက ခင်ဗျားကို နှစ်ဆ၊ မဟုတ်ဘူး၊ ဆယ်ဆ လျော်ကြေးပေးပါ့မယ်"
"သခင်လေးဝေ့... နောက်နေတာလား သခင်လေးအမေကို ကယ်ဖို့ ရည်ရွယ်ထားမှတော့ ဆေးကို ကျွန်တော် နှမြောနေမှာ မဟုတ်ပါဘူး။ ကျွန်တော် အခြားအရာတစ်ခုကို စဉ်းစားနေတာပါ။"
လုချင်းက လေးနက်စွာ ပြောလိုက်သည်။
"အခြား စိတ်ပူစရာကိစ္စ ရှိလို့လား သမားတော်လေး။"
"ထားလိုက်ပါတော့၊ ဘာမှ မဟုတ်ပါဘူး။"
လုချင်း ခေါင်းခါလိုက်သည်။
"ကျွန်တော် သခင်မဝေ့ကို အခု ဆေးတိုက်လိုက်ပါ့မယ်။"
လုချင်းသည် သခင်လေးဝေ့ကို သူ့မိခင်၏ ခေါင်းအား မ,ထားခိုင်းပြီးနောက် ကျောက်စိမ်းပုလင်းကို ဖွင့်ကာ ကျောက်စိမ်းရောင် အရည်နှစ်စက်ကို သူမ၏ ပါးစပ်ထဲသို့ ဂရုတစိုက် ချပေးလိုက်သည်။
သူမ ရေငတ်နေ၍လော သို့မဟုတ် အသက်ရှင်လိုစိတ်ကြောင့်လော မသိ၊ လုချင်းက မေးရိုးသွေးကြောအမှတ်များကို နှိုးဆွပေးစရာ မလိုဘဲ သခင်မဝေ့သည် အရည်ကို မျိုချလိုက်သည်။
"ဒီလောက်ပဲလား။ သမားတော်လေး... ကျွန်တော့်အမေကို နောက်ထပ် နည်းနည်းလောက် ထပ်တိုက်လို့ မရဘူးလား။"
လုချင်းက နှစ်စက်သာ တိုက်ပြီး ရပ်လိုက်သည်ကို မြင်သောအခါ သခင်လေးဝေ့က စိုးရိမ်တကြီး မေးလိုက်သည်။
"များတိုင်း မကောင်းဘူး။ ဒီဆေးရည်က အဖိုးတန်ပေမဲ့ အာနိသင်က ပြင်းတယ်။ သခင်မဝေ့ရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် တစ်ခါတည်း အများကြီး တိုက်ဖို့ မသင့်တော်ဘူး၊ အန္တရာယ် ဖြစ်သွားနိုင်တယ်။"
လုချင်းက ရှင်းပြလိုက်သည်။
သူ့စကားများသည် တစ်ဝက် မှန်သည်။ ဆေးရည်သည် အမှန်တကယ် အာနိသင် ပြင်းထန်သော်လည်း သခင်မဝေ့ကို ပိုမတိုက်ရခြင်း၏ အကြောင်းရင်းအမှန်မှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပါက မလိုအပ်သော သံသယများကို ဖြစ်ပေါ်စေမည်ကို စိုးရိမ်သောကြောင့်ပင်။
ကျောက်စိမ်းပုလင်းထဲတွင် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်နှင့် ဂျင်ဆင်းအရည်ကဲ့သို့သော အခြား အဖိုးတန် ပစ္စည်းများဖြင့် ဖော်စပ်ထားသော ဆေးရည် ပါဝင်သည်။
မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် တစ်စက်ကို နှစ်ရာချီ ဂျင်ဆင်းတစ်ခု၊ အခြား ရှားပါး ဆေးဖက်ဝင်အပင်များနှင့် ပေါင်းစပ်လိုက်သောအခါ ဤဆေးရည် သုံးပုလင်းသာ ရရှိသည်။
ထို့ကြောင့် ဤဆေးရည်သည် အလွန် အဖိုးတန်သည်ဟု လုချင်း ပြောသောအခါ သူ ချဲ့ကားပြောနေခြင်း မဟုတ်ပေ။
၎င်း၏ တန်ဖိုးသည် တစ်စက်လျှင် ရွှေဒင်္ဂါးထောင်ချီ တန်သည်ဟူသော အဆင့်သို့ အမှန်တကယ် ရောက်ရှိနေသည်။
၎င်း၏ အာနိသင်နှင့် ပတ်သက်၍ သူ့ဆရာ စမ်းသပ်ပြီး ဖြစ်သည်။
ဆေးရည်သည် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကို တိုက်ရိုက် သောက်သုံးသကဲ့သို့ သေလူကို ရှင်စေခြင်း သို့မဟုတ် ပါရမီကို မြှင့်တင်ပေးခြင်း စသည့် အံ့ဖွယ် အာနိသင်များ မရှိသော်လည်း အားကောင်းသော ကုသမှုနှင့် ခွန်အားဖြည့် အာနိသင်များတော့ ရှိနေသေးပါ၏။
သာမန်လူတစ်ယောက်အတွက် လုံးဝ မသေသေးသရွေ့၊ အသက်ရှူသံတစ်ချက် ကျန်နေလျှင်ပင် ဤဆေးရည်သည် အသက်ဆက်ပေးနိုင်ပြီး တဖြည်းဖြည်း ပြန်လည် ကျန်းမာလာစေနိုင်သည်။
နတ်မျက်စိစွမ်းရည်မှ ရရှိထားသော သတင်းအချက်အလက်များကလည်း ဤဆေးရည်ကို အနီရောင်အဆင့်အထိ သတ်မှတ်ပေးထားသည်။
လုချင်းသည် သုံးပုလင်း ဖော်စပ်ခဲ့ပြီး နှစ်ပုလင်းကို ဆရာ့ထံ ထားခဲ့ကာ တစ်ပုလင်းကို အရေးပေါ် အသုံးပြုရန် ယူဆောင်ထားခြင်း ဖြစ်သည်။
ဤကဲ့သို့သော ဆေးရည်မျိုးသည် ပေါ့ပေါ့တန်တန် မသုံးသင့်သည်အထိ အလွန် တန်ဖိုးရှိလွန်းသည်။
ယခင်က မာကူး၏ ပခုံး ပြင်းထန်စွာ ဒဏ်ရာရသော်လည်း အသက်အန္တရာယ် မရှိသောကြောင့် ၎င်းကို သုံးရန် သူ မစဉ်းစားခဲ့ပေ။
အကယ်၍ သခင်မဝေ့၏ အခြေအနေသာ အလွန် မစိုးရိမ်နေရပါက ၊ အသက်အန္တရာယ်နှင့် နီးကပ်လွန်း မနေပါက သူသည် ယခုကဲ့သို့ ဆေးရည်ကို ထုတ်သုံးမည် မဟုတ်ပေ။
ယခုပင် သူ နှစ်စက်သာ သုံးရန် စီစဉ်ထားပြီး ကျန်တာကိုတော့ သခင်မဝေ့ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာစေရန် ထားလိုက်သည်။
လုချင်း၏ ရှင်းပြချက်ကို ကြားသောအခါ သခင်လေးဝေ့လည်း သံသယ မဝင်ပေ။
အလွန်အကျွံ အာဟာရဖြည့်တင်းခြင်းသည် အန္တရာယ်ရှိနိုင်ကြောင်း၊ အထူးသဖြင့် မိခင်ဖြစ်သူ၏ အားနည်းသော အခြေအနေကြောင့်ဖြစ်ကြောင်း ဟူသော ဆေးပညာသဘောတရားကို သူ နားလည်သည်။
ထိုသည်ကို သဘောပေါက်ပြီးနောက် သူ ချက်ချင်းပင် လုချင်းကို တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် သမားတော်လေးလုချင်း၊ ကျွန်တော် စိတ်လောသွားတယ်။"
"ရပါတယ် သခင်လေးဝေ့။ သခင်လေးက သခင်မဝေ့ရဲ့ ကျန်းမာရေးကို စိတ်ပူလို့ပဲလေ။"
လုချင်းက ပြုံးလိုက်သည်။
တကယ်တော့ သူ အနည်းငယ် အံ့သြမိသည်။
ဒီတစ်ခါတွင် သခင်လေးဝေ့သည် များစွာ ပြောင်းလဲသွားပုံရပြီး သူ့စိတ်နေသဘောထားမှာလည်း ယခင်ကလောက် မာနမကြီးတော့ပေ။
အဖြစ်အပျက်များစွာကို ဖြတ်သန်းပြီးနောက် သူ ရင့်ကျက်လာပြီး များစွာတိုးတက်လာပုံ ရသည်။
"ဒါဆိုရင် သမားတော်လေး... ကျွန်တော့်အမေ အခု ဘေးကင်းသွားပြီလား။"
သခင်လေးဝေ့က မေးလိုက်သည်။
"သခင်မဝေ့က ဆေးသောက်ပြီးရင် တဖြည်းဖြည်း သက်သာလာမှာပါ။ ကြည့်ကြည့်လိုက်ပါ၊ သူ့ရဲ့ အသက်ရှူသံက ခုနကထက်စာရင် အများကြီး တည်ငြိမ်လာပြီလေ။"
လုချင်းက ပြောလိုက်သည်။
သူ၏ဆရာနှင့် စေ့စပ်သေချာစွာ ဖော်စပ်ထားသော ဆေးရည်ကို သူ ယုံကြည်မှု ရှိသည်။
ဘာပဲပြောပြော နတ်မျက်စိစွမ်းရည်၏ သတင်းအချက်အလက်များက ဆေးရည်၏ အာနိသင်မှာ အမှန်တကယ် အားကောင်းကြောင်း ညွှန်ပြနေသည်။
သခင်လေးဝေ့သည် သူ့မိခင်၏ မျက်နှာကို ကြည့်လိုက်ရာ အသက်ရှူသံမှာ အမှန်တကယ် ပိုမို တည်ငြိမ်လာပြီး နဖူးပေါ်မှ ချွေးစေးများ အများစုသည်လည်း ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သည်။
အရေးအကြီးဆုံးမှာ သူမ၏ ယခင်က ဖြူဖပ်ဖြူရော်မျက်နှာသည်ပင် သွေးရောင် အနည်းငယ် ပြန်လည်ရရှိလာပြီး ကြောက်စရာ မကောင်းတော့ပေ။
ထို့နောက် သူ မိခင်ဖြစ်သူ၏ နဖူးကို စမ်းကြည့်ရာ ကိုယ်မပူတော့သည်ကို တွေ့လိုက်ရသည်။
သူ အတိုင်းမသိ ဝမ်းသာသွားတော့သည်။
"သမားတော်လေးလုချင်း...ခင်ဗျားရဲ့ဆေးက တကယ် အစွမ်းထက်တာပဲ။ ကျွန်တော့်အမေရဲ့ အခြေအနေက သိသိသာသာကို တိုးတက်လာပြီ"
ယခုအချိန်တွင် သခင်လေးဝေ့သည် ဆေးရည်၏ တန်ဖိုးကို အမှန်တကယ် ယုံကြည်သွားပြီး ဈေးကို မြှင့်တင်ခြင်းမှာ ချဲ့ကားပြောခြင်း မဟုတ်ကြောင်း သဘောပေါက်လိုက်တော့သည်။
သူ့မိခင်၏ အခြေအနေ မည်မျှ ဆိုးရွားခဲ့သည်ကို သူ သိပါ၏။ သို့သော် ထိုဆေးရည် နှစ်စက်တည်းဖြင့် ဤမျှ လျင်မြန်သော တိုးတက်မှုကို ယူဆောင်လာလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ပေ။
တကယ့်ကို အံ့ဖွယ်ဆေးဝါးပင်။
"ခုဆို သခင်မဝေ့ရဲ့ ပြင်ပရောဂါတွေလည်း ပျောက်ကင်းလာလို့ ဒဏ်ရာရောင်ရမ်းမှုတွေလည်း အရောင်ကျနေပြီလေ။ သူ ကောင်းကောင်း အနားယူပါစေ၊ ကျွန်တော်တို့ အပြင်ထွက်ကြရအောင်။"
လုချင်းက ပြောလိုက်သည်။
"ကောင်းပါပြီ။"
ယခု လုချင်းကို အပြည့်အဝ ယုံကြည်နေပြီဖြစ်သော သခင်လေးဝေ့သည် သူ့မိခင်၏ ချွေးများကို သုတ်ပေးလိုက်ပြီးနောက် ဂူဝသို့ လိုက်ပါလာခဲ့သည်။
"သခင်မကြီးရဲ့ အခြေအနေ ဘယ်လိုလဲ။"
သူတို့ ထွက်လာသည်ကို မြင်သည်နှင့် မာကူးက ချက်ချင်း မေးလိုက်သည်။
"အန္တရာယ်ကင်းသွားပါပြီ။ ခဏလောက် အနားယူပြီးရင် နိုးလာမှာပါ။"
လုချင်းက ပြန်ဖြေလိုက်သည်။
"ကောင်းလိုက်တာ၊ တော်သေးတာပေါ့"
မာကူး နောက်ဆုံး၌ စိတ်အေးသွားတော့သည်။
သခင်မဝေ့ကို ငွေရောင်လမင်းအစောင့်တပ်များကတောင် အသက်ပေးကာကွယ်ပေးခဲ့သည့်အပြင် သူကိုယ်တိုင်ပင် သူမအတွက် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်။
ထို့ကြောင့် သူမကို ဘာမှ မဖြစ်စေချင်ပေ။
"ညီလေးလုချင်း... မင်းရဲ့ဆေးပညာက တကယ်ကို အထင်ကြီးစရာပဲ၊ သမားတော်ကြီးချန်ရဲ့ တပည့်ဖြစ်ရတာ ထိုက်တန်ပါတယ်ဗျာ။"
မာကူးက ချီးကျူးလိုက်သည်။
"အဲ့လို မပြောပါနဲ့ဗျာ။ ဒါတွေအားလုံးက ကျွန်တော့်ဆရာရဲ့ ဆေးရည်ကြောင့်ပါ။ ကျွန်တော့်ရဲ့ ဆေးပညာက လိုပါသေးတယ်။"
လုချင်းက နှိမ့်ချစွာ ပြောလိုက်သည်။
လုချင်းနှင့် တခြားသူများက သခင်မဝေ့ နိုးလာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် အစောက လုချင်းတို့တိုက်ပွဲဖြစ်ခဲ့သော နေရာတွင် တစ်ခုခုဖြစ်နေခဲ့သည်။
ယင်းနေရာ၌ အားကောင်းသော သိုင်းပညာရှင် တစ်ဒါဇင်ကျော် စုဝေးနေပြီး တောင်ကြားထဲရှိ အလောင်းနှစ်လောင်းကို မျက်နှာထားတင်းမာစွာ ကြည့်နေကြသည်။
ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီးနောက်၌ အဖြူရောင်ပုံရိပ်တစ်ခု တောင်ကြားထဲတွင် ပေါ်လာသည်။
ထိုသူကတော့ အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားလျက် ယပ်တောင်ဖြူကိုကိုင်ဆောင်ထားသော အသားအရေ ဖြူဝင်းသည့် လူငယ်တစ်ဦးပင် ဖြစ်သည်။
"ဆရာတူအစ်ကို ၂"
သူ့ကို မြင်လိုက်ရသောအခါ သိုင်းပညာရှင်များက ချက်ချင်း လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
"ဘာလို့ ငါ့ကို အရေးတကြီး ခေါ်လိုက်တာလဲ။ ဝေ့ရှင်းဟယ်ရဲ့ သားနဲ့မိန်းမကို ဖမ်းမိပြီလား။"
အဖြူရောင်ဝတ်ရုံနှင့် လူငယ်က မေးလိုက်သည်။
"မဟုတ်ပါဘူး ဆရာတူအစ်ကို ၂... ဆရာတူအစ်ကို ၃နဲ့ ဆရာတူအစ်ကို ၇တို့အကြောင်းပြောမလို့ပါ။ ခု သူတို့နှစ်ယောက်လုံး ဆုံးသွားပါပြီ။"
သိုင်းပညာရှင်များက ဘေးဖယ်ပေးလိုက်ရာ ဝမ်ချင်းရှန်နှင့် အခြားလူတစ်ယောက်၏ အလောင်းများကို မြင်လိုက်ရသည်။
"ဘာ"
ထိုအခါ၌ အဖြူရောင်ဝတ်ရုံနှင့် လူငယ်မှာ တုန်လှုပ်သွားပြီး အလျင်အမြန် ရှေ့တိုးသွားလိုက်သည်။
ဝမ်ချင်းရှန်၏ အလောင်းကို မြင်လိုက်ရသောအခါ သူ့မျက်လုံးအိမ်များ ကျုံ့သွားတော့သည်။
သေချာ စစ်ဆေးပြီးနောက် သူ့မျက်နှာမှာ မည်းမှောင်သွားတော့၏။
"ရက်စက်လိုက်တဲ့ နည်းလမ်းတွေ။ တစ်ယောက်က ခေါင်းဖြတ်ခံရတယ်၊ နောက်တစ်ယောက်က ရင်ဘတ် ဖောက်ထွင်းခံရပြီး နှလုံး အထုတ်ခံထားရတယ်။ ဒါ ဘယ်သူ့ လက်ချက်လဲဆိုတာ သိရပြီလား။"
"မသိရသေးပါဘူးဗျ၊ ကျွန်တော်တို့ ဒီနေရာကို တွေ့တော့ ဆရာတူအစ်ကို ၃နဲ့ ဆရာတူအစ်ကို ၇တို့ရဲ့ အလောင်းတွေပဲ ရှိတော့တယ်။ တခြား ဘယ်သူမှ မရှိပါဘူး။"
သိုင်းပညာရှင် တစ်ဦးက ပြန်ဖြေလိုက်သည်။
ထိုအခါ အဖြူရောင်ဝတ်ရုံနှင့် လူငယ်မှာ တိတ်ဆိတ်သွားပြီး အကြီးအကျယ် တုန်လှုပ်သွားသည်။
ငွေရောင်လမင်းအစောင့်တပ် အဖွဲ့ငယ်လေးသာ ကာကွယ်ပေးထားသော ဝေ့မိသားစု၏ သားနှင့်မိန်းမကို ဖမ်းဆီးခြင်းသည် လွယ်ကူသော အလုပ်တစ်ခု ဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။
သို့သော် ဆရာတူညီလေး ၃နှင့် ဆရာတူညီလေး ၇တို့ ဤအမည်မသိ တောင်ကြားတွင် သေဆုံးကြလိမ့်မည်ဟုတော့ သူ မမျှော်လင့်ခဲ့ပေ။
ဆရာတူညီလေး ၇က သိပ်မသန်မာသော်လည်း ဆရာတူညီလေး ၃ကတော့ သူ့နည်းတူ သန်မာကာ အားကောင်းသော ကြွက်သားနှင့်အရိုးအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
ထိုကဲ့သို့သော အင်အားနှင့်ဆိုလျှင် ပိုမိုသန်မာသော ပြိုင်ဘက်နှင့် တွေ့လျှင်တောင်မှ အနည်းဆုံးတော့ သူ လွတ်မြောက်နိုင်သင့်သည်။
သို့သော် ဆရာတူညီလေး ၃သည် နှလုံး အထုတ်မခံရမီ လက်များ မသန်မစွမ်း ဖြစ်သွားခဲ့ပုံ ရသည်။
သူ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့သော လက္ခဏာများလည်း ရှိနေပြီး သူ မရှုံးနှိမ့်မီ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြောင်း ပြသနေသည်။
သို့တိုင်အောင် သူသည် ရန်သူကို ဒဏ်ရာရအောင်ပင် မလုပ်နိုင်ခဲ့ပေ။
ထိုကဲ့သို့သော ကျွမ်းကျင်သူ တစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ရန်အတွက် တိုက်ခိုက်သူသည် ယုံနိုင်စရာမရှိလောက်အောင် သန်မာရပေမည်။
မွေးရာပါနယ်ပယ် အဆင့်ရှိတဲ့ မဟာသခင်တစ်ယောက်ယောက်များ ဖြစ်နေမလား။
သို့ပေမယ့် ထိုအရာက မဖြစ်နိုင်ပေ။ ဝေ့မိသားစုမှာ ဝေ့ရှင်းဟယ်ကလွဲလျှင် တခြား မွေးရာပါနယ်ပယ် မဟာသခင် မရှိတော့ချေ။
ထို့အပြင် ဝေ့ရှင်းဟယ်က သူတို့ သတိမပြုမိဘဲ ဝေ့အိမ်တော်ကနေ ထွက်ခွာနိုင်မှာ မဟုတ်။
ထို့အပြင် ဆရာတူညီလေး ၃၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် ထူးဆန်းနေပြီး ဝေ့မိသားစု၏ နည်းလမ်းများနှင့် မတူဘဲ သမားရိုးကျ မဟုတ်သော လက်နက်တစ်ခုခုကြောင့် ဖြစ်ပုံရသည်။
အကျိုးအမြတ်ကို ခွဲဝေလိုသော အခြားအင်အားစုတစ်ခုခုက ပါဝင်ပတ်သက်နေခြင်းများ ဖြစ်နိုင်မလား။
ရုတ်တရက် အဖြူရောင်ဝတ်ရုံနှင့် လူငယ်၌ သူ့ကို တုန်လှုပ်သွားစေသော အတွေးတစ်ခု ဝင်လာသည်။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် ကိစ္စများ ရှုပ်ထွေးသွားပေလိမ့်မည်။
"ဆရာတူအစ်ကို ၂... ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။"
သိုင်းပညာရှင် တစ်ဦးက မေးလိုက်သည်။
"ဘာတတ်နိုင်မှာလဲ။ ဆရာတူညီလေး ၃နဲ့ ဆရာတူညီလေး ၇တို့ရဲ့ အလောင်းတွေကို ယူပြီး ချန်းခရိုင်ကို ပြန်ကြမယ်။"
အဖြူရောင်ဝတ်ရုံနှင့် လူငယ် သက်ပြင်းချလိုက်သည်။
"ဒီအတိုင်းပဲ ပြန်ကြမလို့လား။ ဒါပေမဲ့ ကျွန်တော်တို့ ဝေ့ရှင်းဟယ်ရဲ့ သားနဲ့မိန်းမကို မဖမ်းရသေးဘူးလေ။"
သိုင်းပညာရှင်က တုံ့ဆိုင်းစွာ ပြောလိုက်သည်။
"တခြား ဘာလုပ်နိုင်မှာလဲ။ ဆရာတူညီလေး ၃နဲ့ ဆရာတူညီလေး ၇တို့ကို သတ်ခဲ့တဲ့လူက ငါတို့ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေတယ်။ ငါတို့ မဆုတ်ခွာရင် လုံးဝ ပြန်ရမှာ မဟုတ်တော့ဘူး။"
အခြား သိုင်းပညာရှင်များမှာလည်း လန့်ဖျပ်သွားပြီး အမှန်တရားကို သဘောပေါက်လိုက်ကြသည်။
ဟုတ်ပါသည်၊ ဆရာတူအစ်ကို ၃ကို သတ်နိုင်လောက်အောင် သန်မာသော မဟာသခင်တစ်ဦးသည် သူတို့ကို အလွယ်တကူ ဖြေရှင်းနိုင်မည် ဖြစ်ရာ ယခုအချိန် ထွက်ခွာခြင်းက အကောင်းဆုံး ဖြစ်သည်။
ထို့နောက်၌ သူတို့ရင်ထဲတွင် အေးစက်မှုကို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ တောအုပ်ကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။ ယင်းမှာ ကြောက်မက်ဖွယ် သားရဲတစ်ကောင် ပုန်းအောင်းနေသကဲ့သို့ပင်။
"ကဲ... ဆရာတူညီလေး ၃နဲ့ ဆရာတူညီလေး ၇တို့ရဲ့ အလောင်းတွေကို အမြန်ယူပြီး သွားကြစို့။"
အခြားသူများကို ခြောက်လှန့်နိုင်ခဲ့သည်ကို မြင်သောအခါ အဖြူရောင်ဝတ်ရုံနှင့် လူငယ်လည်း စိတ်သက်သာရာ ရသွားသည်။
အလောင်းများကို စစ်ဆေးပြီးနောက် သူသည် လက်စားချေရန် မတွေးတော့ဘဲ အမြန်ဆုံး ထွက်သွားချင်နေပါ၏။
သူသည် သူတို့နှင့် သိပ်မရင်းနှီးလှသည့်အပြင် သူတို့၏ သေဆုံးမှုက သူ့ဆရာ့ထံမှ အရင်းအမြစ်များကို သူချည်းပဲ ပိုမိုရရှိရန် အခွင့်အရေးအဖြစ် မြင်သည်။
သို့သော် ဆရာ၏ တုံ့ပြန်မှုကို သူ ကြောက်ရွံ့မိသည်။ အထူးသဖြင့် ဆရာတူအစ်ကို ၃သည် ဆရာ၏ မွေးစားသား ဖြစ်သောကြောင့်ပင်။
ဆရာ၏ ဒေါသမှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ဖြစ်ပေလိမ့်မည်။
သူ့ကို စောင့်ကြိုနေသော အမျက်ဒေါသကို တွေးမိပြီး အဖြူရောင်ဝတ်ရုံနှင့် လူငယ်မှာ ခေါင်းပင်ကိုက်လာရတော့၏။
အပြန်လမ်းတွင် ဆရာ့ကို ရင်ဆိုင်ရန် ကောင်းမွန်သော ဆင်ခြေတစ်ခု စဉ်းစားရပေမည်။
ထိုအချိန်တွင် ထျန်းချန်းဂိုဏ်း တပည့်များ ကြောက်ရွံ့လျက်ဖြင့် ဆုတ်ခွာသွားသည်ကို မသိကြသော လုချင်းနှင့် သူ့အဖွဲ့ကတော့ သခင်မဝေ့ နိုးလာမည့်အချိန်ကိုသာ ဂူထဲတွင် သတိရှိရှိ စောင့်ဆိုင်းနေကြသည်။
ရုတ်တရက် လုချင်းသည် ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရပြီး လှည့်ကြည့်လိုက်ရာ သခင်လေးဝေ့၏ ဗိုက်ထဲမှ ဖြစ်နေသည်။
သခင်လေးဝေ့ ရှက်သွားစဉ်မှာပင် မာကူး၏ ဗိုက်ကလည်း မြည်လာသည်။
"တောင်းပန်ပါတယ် ညီလေးလုချင်း... ငါတို့ ထမင်းကောင်းကောင်း မစားရတာ နှစ်ရက် သုံးရက် ရှိပြီဆိုတော့ အရမ်း ဆာနေလို့ပါ။"
မာကူးက ရှက်ရွံ့စွာ ပြောလိုက်သည်။
သခင်လေးဝေ့ကလည်း ခေါင်းကို တဆတ်ဆတ် ညိတ်ပြသည်။
ယခုအချိန်တွင် သူသည် မနေ့ညက ယုန်အသားစိမ်းကိုပင် လွမ်းဆွတ်နေမိသည်။
လုချင်းလည်း နားလည်သဖြင့် ခေါင်းညိတ်လိုက်သည်။
သိုင်းပညာရှင်များသည် သဘာဝအလျောက် အစားအသောက်ကြီးကြသည်။ ရက်အတော်ကြာ ကောင်းမွန်စွာ မစားရခြင်းသည် ခံနိုင်ရည်ရှိရန် ခက်ခဲလှပါ၏။
ထို့နောက်၌ သူ့ခြင်းတောင်းထဲမှ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်ကို ယူလိုက်ပြီး သူတို့ကို ကမ်းပေးလိုက်သည်။
"ဒါက အရေးပေါ်အတွက် ကျွန်တော် ပြင်ဆင်ထားတဲ့ ရိက္ခာခြောက်တချို့ပါ။ ခင်ဗျားတို့ အဆင်ပြေရင် စားလို့ရပါတယ်။"
ထိုအခါ၌ မာကူးလည်း တွန့်ဆုတ်မနေဘဲ အထုပ်ကို ဖွင့်လိုက်ရာ ထူထဲပြီး ကြော်ထားသော ဂျုံပြားအထပ်လိုက်ကို တွေ့လိုက်ရတော့သည်။ မွှေးပျံ့သော ရနံ့က သူ့ကို တံတွေးပင်မျိုချမိစေသည်။
ဂျုံပြားများကို မြင်လိုက်ရသောအခါ သခင်လေးဝေ့၏ မျက်လုံးများလည်း တောက်ပလာတော့သည်။
"သခင်လေးဝေ့... အရင်သုံးဆောင်ပါ။"
မာကူးက ဂျုံပြားအချို့ကို ကမ်းပေးရင်း ပြောလိုက်သည်။
သခင်လေးဝေ့သည် ယဉ်ကျေးချင်သော်လည်း ဆာလောင်မှုကို မလွန်ဆန်နိုင်ဘဲ နီရဲနေသော မျက်နှာဖြင့် ယူလိုက်သည်။
"ညီလေးလုချင်း... ဒါဆို ငါတို့ အားမနာတော့ဘူးနော်။"
သခင်လေးဝေ့ကို ပေးပြီးနောက် မာကူး စတင်စားသောက်လိုက်သည်။
ကိုက်ဝါးပြီး ခဏအကြာတွင် သူ့မျက်လုံးများ တောက်ပလာသည်။
"ညီလေးလုချင်း... ဒီဂျုံပြားတွေကို ဘယ်က ဝယ်တာလဲ။ အရသာ အရမ်းကောင်းတာပဲ"
ဝါးနေသော သခင်လေးဝေ့လည်း အလားတူ တုံ့ပြန်မှုကို ပြသလာခဲ့သည်။
ဂျုံပြားများသည် ဆီရွှဲပြီး မွှေးပျံ့နေကာ ထူးခြားသော အရသာလည်း ရှိနေပါ၏။ သူတို့အဖို့တော့ အံ့သြဖွယ် ကောင်းလောက်အောင်ထိပင် အရသာရှိနေလေ၏။
"မဝယ်ပါဘူးဗျာ၊ ကိုယ့်ဘာသာ လုပ်ထားတာပါ။"
လုချင်းက ပြုံးလိုက်သည်။
ဤဂျုံပြားများကို သူ့ယခင်ဘဝက ဟင်းခတ်အမွှေးအကြိုင် နည်းလမ်းအချို့နှင့် မကြာသေးမီက ရှာဖွေတွေ့ရှိထားသော ဟင်းခတ်ပစ္စည်းများ ပေါင်းစပ်ပြီး ပြုလုပ်ထားခြင်း ဖြစ်သည်။
ဒေသထွက် ပေါင်မုန့်များနှင့်တော့ အတော်လေး ကွာခြားလှပါ၏။
"ညီလေးလုချင်းက ဒီလောက်တောင်ဟင်းချက်တော်မှန်း မသိခဲ့ဘူးကွာ။ မင်း ထမင်းဖိတ်ကျွေးတုန်းက ငြင်းခဲ့မိတာကိုတောင် နောင်တရသွားပြီ။"
မာကူးက ညည်းတွားလိုက်သည်။
"ကျွန်တော့်ကို အပြစ်လာမတင်နဲ့လေ၊ ခင်ဗျားပဲ ကိစ္စရှိတယ်ဆိုပြီး အမြဲ ပြောတာကိုး။"
လုချင်းက ရယ်မောလိုက်သည်။
"ဟုတ်ပါ့ကွာ ၊ ငါ တကယ် နစ်နာသွားတာပဲ။"
မာကူးက နောင်တရစွာ ပြောလိုက်သည်။
သခင်လေးဝေ့သည်လည်း ဂျုံပြားကို နှစ်သက်စွာ စားသုံးနေပြီး သူစားဖူးသမျှတွင် အကောင်းဆုံးဟု ခံစားနေရသည်။
သူ မနေနိုင်ဘဲ မေးလိုက်သည်။
"သမားတော်လေးလုချင်း... ဒီဂျုံပြားတွေအတွက် ဘာဆီ သုံးထားတာလဲ။ အရမ်းအရသာရှိတာပဲ။"
သခင်လေးဝေ့၏ စူးစမ်းလိုသော မျက်နှာကို မြင်သောအခါ လုချင်းသည် ဈေးကြီးတွင် သူတို့ချင်း ပထမဆုံး တွေ့ဆုံမှုကို သတိရလိုက်ပြီး နောက်ပြောင်ချင်စိတ် ဖြစ်ပေါ်လာတော့သည်။
"ဝက်ဆီ သုံးထားတာပါ။"
"ဝက်ဆီလား"
သခင်လေးဝေ့သည် ဝက်တစ်ကောင်ကို မြင်ယောင်လိုက်ပြီးနောက် အနည်းငယ် မသက်မသာ ဖြစ်သွားသည်။
သူသည် ဝက်သားနှင့် ပတ်သက်သော အရာများကို တစ်ခါမှ မစားဖူးပေ။
သို့သော် အရသာရှိသော အစားအစာကိုတော့ ထွေးထုတ်မပစ်နိုင်ပေ။
ယုန်အသားစိမ်းကိုပင် စားခဲ့ဖူးကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်ပြီးနောက် သူ ဆက်လက်စားသောက်လိုက်ရာ မသက်မသာဖြစ်မှုများမှာလည်း တမုဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။
"ဝက်ဆီနဲ့ လုပ်ထားတဲ့ အစားအစာက ဒီလောက် အရသာရှိမယ်လို့ မထင်ထားခဲ့ဘူး။ အရင်က ကျွန်တော့်မှာ အစွဲတွေ အရမ်း များလွန်းခဲ့တဲ့ပုံပဲနော်။"
သူက ပြောလိုက်သည်။
လုချင်းလည်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။
သခင်လေးဝေ့ အမှန်တကယ် ရင့်ကျက်လာကြောင်း သူ မြင်တွေ့ရသည်။
အရင်ကဆိုလျှင် သူ ဒီလိုစကားမျိုး ဘယ်တော့မှ ပြောမည် မဟုတ်ပေ။
ဈေးထဲတွင် ဝက်သားနှင့် ကလီစာများကို ကြောက်လန့်တကြား တုံ့ပြန်ခဲ့သော ကောင်လေးကိုတောင် သူ သတိရလိုက်သည်။
"ဟုတ်တယ်... ဝက်တွေက ညစ်ပတ်ပုံရပေမဲ့ သေချာ ချက်ပြုတ်ရင်တော့ ဝက်သားက အရမ်းအရသာရှိတယ်လေ။"
လုချင်းက ပြောလိုက်သည်။
"တကယ်လား။ အပြင်ရောက်ရင် ညီလေးလုချင်းရဲ့ လက်ရာကို ပိုပြီးတော့ မြည်းစမ်းကြည့်ချင်သေးတယ်။"
မာကူးက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"ကြိုက်တဲ့အချိန်သာ လာခဲ့ပါဗျာ။"
လုချင်းက ရယ်မောလိုက်သည်။
ဂျုံပြားများ များပြားသော်လည်း မာကူးနှင့် သခင်လေးဝေ့ကတော့ တစ်ခုစီနှင့်သာ ဗိုက်ပြည့်ခဲ့သည်။
သခင်လေးဝေ့သည် သူ့မိခင် နိုးလာလျှင် ဆာလောင်နေမည်ဟု တွေးပြီး သူမအတွက် တစ်ခု ချန်ထားလိုက်သည်။
လုချင်းနှင့် မာကူးတို့သည် သူ၏ မိဘကို ရိုသေသော စိတ်ဓာတ်ကို သဘောကျခဲ့ကြသည်။
စားသောက်ပြီးနောက် သူတို့ နောက်ထပ် တစ်နာရီခန့် စောင့်ဆိုင်းပြီးမှ ဂူထဲမှ ညည်းညူသံတစ်ခု ကြားလိုက်ရသည်။
ရက်အတော်ကြာ သတိမေ့နေခဲ့သော သခင်မဝေ့သည် နောက်ဆုံးတွင်တော့ နိုးလာခဲ့ပြီပင်။