ဆေး၏ အံ့ဖွယ်အာနိသင်များနှင့် ညအချိန် နေရာရွှေ့ပြောင်းခြင်း
Vol. 12 Ch. 112
"မေမေ... နိုးပြီလား။"
အသံကြားသည်နှင့် ဝမ်းသာအားရ ဖြစ်သွားသော သခင်လေးဝေ့သည် အထဲသို့ ပြေးဝင်သွားသည်။
လုချင်းနှင့် မာကူးတို့ ဝင်လာသောအခါ ယခု နိုးလာပြီဖြစ်သော သခင်မဝေ့၏ ဘေးတွင် သူ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"မေမေ... အခု ဘယ်လိုနေလဲဟင်။"
သူက စိုးရိမ်တကြီး မေးလိုက်သည်။
"ငါ ဘယ်ရောက်နေတာလဲ။"
သခင်မဝေ့က အားနည်းစွာ မေးလိုက်သည်။
"ကျွန်တော်တို့ တောင်နက်ထဲက ဂူတစ်ခုထဲ ရောက်နေတာ။ အဲ့ဒီနေ့တုန်းက အစောင့်မှူးဖန်နဲ့ တခြားသူတွေက ရန်သူတွေကို လမ်းလွှဲဖို့ ထွက်သွားတဲ့အချိန် မာကူးက ကျွန်တော်တို့ကို တောင်နက်ထဲ ခေါ်လာခဲ့တာ..."
"...နောက်တော့ သမားတော်လေးလုက မေမေကို အပ်စိုက်ပြီး ဆေးတိုက်ပေးလို့ မေမေ နိုးလာတာ။"
သခင်လေးဝေ့သည် ပြီးခဲ့သော ရက်များက အဖြစ်အပျက်များကို ဖြည်းဖြည်းချင်း ပြန်ပြောပြလိုက်သည်။
ထိုအကြောင်းကို ကြားသောအခါ သခင်မဝေ့သည် သူမ ရက်အတော်ကြာ သတိမေ့နေခဲ့ကြောင်း သဘောပေါက်လိုက်သည်။
သူမ သတိမေ့နေစဉ် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။
ထို့နောက် သူမ၏ အကြည့်ကို လုချင်းနှင့် မာကူးထံ လှည့်လိုက်သည်။
"ကျွန်မ သားအမိကို ကယ်ဖို့ ကိုယ့်အသက်ကိုတောင် စွန့်စားပေးခဲ့ကြတဲ့ ရှင်တို့နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မ အများကြီး ကျေးဇူးတင်မိပါတယ်။"
သူမသည် ကျေးဇူးတင်စကား ပြောရန် ထဖို့ ကြိုးစားလိုက်သည်။
ထိုအခါ၌ လုချင်းနှင့် မာကူးတို့ အလျင်အမြန် တားလိုက်ကြရသည်။
"သခင်မကြီး... ဒီလိုလုပ်ဖို့ မလိုပါဘူးဗျ၊ ကျန်းမာရေးကို ဂရုစိုက်ပါ။"
"ဟုတ်တယ် မေမေ၊ မေမေက ခုထိ ဒဏ်ရာရထားတုန်းပဲလေ။ ကျေးဇူးတင်ချင်ရင် မေမေ့အစား သား လုပ်ပေးပါ့မယ်။"
ထို့နောက် သခင်လေးဝေ့သည် ဒူးထောက်လိုက်ပြီး လုချင်းနှင့် မာကူးကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်ကန်တော့လိုက်တော့သည်။
"ကျွန်တော်တို့ အသက်ကို ကယ်ပေးတဲ့အတွက် ခင်ဗျားတို့နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်ဗျာ။ မေမေ့ကိုယ်စား ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ ဦးညွှတ်ကန်တော့ပါရစေ။"
သခင်လေးဝေ့၏ ရုတ်တရက် လုပ်ရပ်က လုချင်းနှင့် မာကူးကို အငိုက် မိသွားစေသည်။
သူတို့ တုံ့ပြန်လိုက်ချိန်တွင် သူ ကန်တော့ပြီးနေပြီ ဖြစ်သဖြင့် သူ၏ ကြီးမားသော အရိုအသေပြုမှုကို လက်ခံလိုက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
သခင်မဝေ့သည်ပင် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။
သူမ၏ သားသည် ဤကဲ့သို့ လုပ်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးပေ။
အရင်တုန်းကဆိုလျှင် သူသည် သူတစ်ပါးကို ဦးညွှတ်ရမည့်အစား အသေခံလိုက်မည်ပင်။
သူမ သတိမေ့နေတုံးက ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။
"သခင်လေး... ဒီလိုလုပ်ဖို့ မလိုပါဘူး။ ကျွန်တော်လည်း ဝေ့မိသားစုဆီမှာ ကျေးဇူးကြွေးတွေရှိပါတယ်ဗျ။ အဲ့ဒီအကြွေးကို ဆပ်ဖို့ ကျွန်တော် လာခဲ့တာပါ၊ သခင်လေးရဲ့ အရိုအသေပြုမှုက ကြီးမားလွန်းပါတယ်ဗျ။"
သခင်လေးဝေ့ မတ်တတ်ရပ်လိုက်စဉ် လုချင်း သက်ပြင်းချလိုက်သည်။
"သခင်လေးလု... ရှင်နဲ့ ဝေ့မိသားစုနဲ့က ဘာပတ်သက်မှု ရှိလို့လဲ။"
သခင်မဝေ့က အံ့သြစွာ မေးလိုက်သည်။
"ဟုတ်သားပဲ မေမေ၊ သား ပြောဖို့ မေ့နေတာ။ ဒါက သမားတော်လေးလုလေ၊ သား ဒဏ်ရာရတုန်းက ကယ်ခဲ့တဲ့ သမားတော်ကြီးချန်ရဲ့ တပည့်။ သူက ဆေးပညာ အရမ်းတော်တယ်၊ မေမေ့ကို နေ့ဝက်တောင် မကြာဘဲ နိုးလာအောင် လုပ်ပေးလိုက်တာ သူပေါ့"
သခင်လေးဝေ့က ရှင်းပြလိုက်သည်။
"ကျွန်တော့်မှာ အဲ့လောက် ဂုဏ်ယူဝံ့ကြွားခွင့် မရှိပါဘူးဗျာ။ သခင်မကြီး ပြန်သက်သာလာတာက ကျွန်တော့်ဆရာ ဖော်စပ်ပေးလိုက်တဲ့ အရမ်းအစွမ်းထက်တဲ့ဆေးရည်ကြောင့်ပါ။ ကျွန်တော့် ဆေးပညာက အဲ့လောက်ကြီးမဟုတ်သေးပါဘူးဗျ။"
လုချင်းက နှိမ့်ချစွာ ပြောလိုက်သည်။
"ဟုတ်တယ် မေမေ၊ ဆေးက တကယ် အစွမ်းထက်တယ်။ မေမေ နှစ်စက်ပဲ သောက်လိုက်ရတာတောင် ခန္ဓာကိုယ်က ချက်ချင်း သက်သာလာတာပဲကြည့်လေ။"
သခင်မဝေ့က လုချင်းကို ကြည့်လိုက်ပြီးနောက် သူဘယ်သူလဲဆိုတာ နောက်ဆုံး၌ နားလည်သွားသည်။
အရင်တစ်ခေါက် အန်းအာ ဒဏ်ရာရတုန်းက ဆေးပညာ ထူးချွန်သော သမားတော်ကြီးတစ်ဦးက ကုသပေးခဲ့သည်။
နောက်ပိုင်း ဝေ့မိသားစုက ကျေးဇူးတုံ့ပြန် လက်ဆောင် ပြင်ဆင်သောအခါ သမားတော်ကြီးတွင် ထူးချွန်သော တပည့်တစ်ဦး ရှိပြီး အပိုလက်ဆောင် တစ်ခု လိုအပ်ကြောင်း အိမ်တော်ထိန်းအကြီးအကဲက သူမကို အထူးတလည် သတိပေးခဲ့သည်။
နောက်ပိုင်းတွင် ထိုလူငယ်သည် မြို့ပြင်ရှိ ဝံပုလွေနက်ဂိုဏ်း၏ စခန်းတစ်ခုကို ချေမှုန်းပြီး သူ့မိဘများအတွက် လက်စားချေခဲ့ကြောင်း သူမ၏ ခင်ပွန်းသည် ပြောပြသည်ကို ကြားခဲ့ရသည်။
ထို့နောက် ဝေ့မိသားစု၏ ငွေရောင်လမင်းအစောင့်တပ်များကို စေလွှတ်ပြီး ထိုလူငယ်ကို ကာကွယ်ရန် ဝံပုလွေနက်ဂိုဏ်းအား သတိပေးခဲ့သည်။
ကြည့်ရတာ လုချင်း၌ ဝေ့မိသားစုနှင့် ပတ်သက်မှု အမှန်တကယ် ရှိနေပုံရသည်။
တစ်နေ့တွင် သူမ တစ်ခါမှ မဆုံဖူးသော ဤလူငယ်၏ ကယ်တင်ခြင်းကို ခံရလိမ့်မည်ဟု သူမ ဘယ်တုံးကမှ မထင်ထားခဲ့ပေ။
"ဒါက သခင်လေးလုကိုး။ ရှင့်အကြောင်း ကျွန်မအမျိုးသားဆီကနေ ကြားဖူးပါတယ်။ အခု လူချင်းတွေ့ရတော့ ရှင်က တကယ်ပဲ ကျွန်မအမျိုးသားပြောသလို ထူးချွန်ထက်မြက်တဲ့ လူငယ်လေးတစ်ယောက်ပဲ၊ ရုပ်ရည်ကလည်း ထူးခြားတယ်။"
သခင်မဝေ့က ချီးကျူးလိုက်သည်။
"သခင်မကြီး မြှောက်ပင့်လွန်းနေပါပြီဗျာ။"
လုချင်း ချွေးအနည်းငယ် ပြန်လာသည်။
နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက် လုချင်းသည် စကားဝိုင်းကို အဓိကကိစ္စရပ်ဆီသို့ ပြန်လည် ဆွဲခေါ်လိုက်သည်။
"သခင်မကြီး... ဒီတောထဲမှာ သိုင်းပညာရှင်အများကြီးက ကျွန်တော်တို့ကို လိုက်ရှာနေကြတယ်ဗှ။ ဒီဂူက အကြာကြီးတော့လုံခြုံမှာ မဟုတ်ဘူး။ ကျွန်တော်တို့ နေရာပြောင်းဖို့ နည်းလမ်း ရှာရမယ်။"
ဝမ်ချင်းရှန်နှင့် ထုန်ချန်းလန်တို့ သေဆုံးမှုကြောင့် ထျန်းချန်းဂိုဏ်းမှ တပည့်များ ကြောက်လန့်ပြီး ဆုတ်ခွာသွားပြီဖြစ်ကြောင်းကိုတော့ လုချင်း မသိပေ။
သို့သော် ဤဂူထဲတွင် ဘာမှမရှိသလို သခင်မဝေ့လည်း အနားယူရန် လိုအပ်သည်။ သူတို့အတွက် အစားအစာနှင့် ရေ လိုအပ်သဖြင့် ကြာရှည်နေရန် မသင့်တော်ပေ။
"ဒါပေမဲ့ ကျွန်မက ဒဏ်ရာရထားတုန်းပဲ။ ရှင်တို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာ စိုးတယ်။"
သခင်မဝေ့က စိတ်မကောင်းစွာ ပြောလိုက်သည်။
သူမအခြေအနေကို သူမ သိသည်။ ထိုလူယုတ်မာ၏ ဓားဒဏ်ရာသည် နက်ရှိုင်းပြီး အရိုးနားကပ်လုနီးပါးထိပင်။ အကယ်၍ အနည်းငယ် ပိုဆိုးသွားပါက သူမ၏ ဝမ်းဗိုက်သည် အန်းအာကဲ့သို့ ကွဲထွက်သွားပေလိမ့်မည်။
ထိုမျှ ပြင်းထန်သော ဒဏ်ရာဖြင့် အသက်ရှင်နေခြင်းကပင် တောတော်လေးကို အံ့ဩစရာကောင်းနေပြီပင်။ သို့သော် နေရာပြောင်းခြင်းကိုတော့ သူမကိုယ်က ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
"အဲ့ဒါက ပြဿနာ မဟုတ်ပါဘူးဗျ။ သခင်မကြီးက ကျွန်တော့်ဆရာရဲ့ ဆေးကို သောက်ထားတာပဲ။ ခဏနေရင် ခန္ဓာကိုယ်က လှုပ်ရှားနိုင်လာမှာပါ။ ပြီးတော့လ်း ခုချက်ချင်း ထွက်သွားစရာ မလိုသေးပါဘူးဗျ။ မှောင်တဲ့အထိ စောင့်ပြီးမှ လှုပ်ရှားကြတာပေါ့။"
သခင်မဝေ့ သောက်လိုက်သော ဆေးရည်တွင် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် ပါဝင်ပြီး ၎င်းဝိညာဉ်အရည်သည် တခြားသောအရာများဖြင့် ရောစပ်ထားတာတောင်မှ ကောင်းမွန်သော ကုသမှု အာနိသင် ရှိသည်။
သူမ၏ ဒဏ်ရာအနာကျက်ရန်မှာ အချိန်ကြာမြင့်မည် မဟုတ်ကြောင်း လုချင်း ခန့်မှန်းထားသည်။
ထိုအချိန်ရောက်လျှင် မှောင်နေပြီဖြစ်တာကြောင့် သူတို့လည်း လှုပ်ရှားနိုင်မည်ပင်။
သခင်မဝေ့သည် အစပိုင်းတွင် သံသယ ရှိသော်လည်း အနည်းငယ် လှုပ်ရှားကြည့်လိုက်သောအခါ၌ သူမ၏ ဒဏ်ရာ သိပ်မနာတော့ကြောင်း တွေ့လိုက်ရသည်။
ရက်အတော်ကြာ သတိမေ့နေခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရထားသူတစ်ဦးနှင့် မတူဘဲ အတော်လေး အားအင်ပြည့်နေသည်ဟု ခံစားလိုက်ရသည်။
ဤအချက်က သူမကို များစွာ အံ့သြစေခဲ့လေ၏။
ထိုစဉ် အန်းအာ အရင်က ပြောဖူးသည်ကို သူမ သတိရလိုက်သည်။
လုချင်းက သူမကို အလွန်အဖိုးတန်သော ဆေးတစ်မျိုးကို ပေးခဲ့သည်။
ဤမျှ အံ့ဖွယ် အာနိသင်များရှိသည့် ဆေးမှာ မည်သည့်ဆေးမှန်း အန်းအာအား မေးရန် အခွင့်အရေး ရှာရပေမည်။
"မေမေ... ဗိုက်ဆာနေပြီလား။ သားဆီမှာ သမားတော်လေးလု ပေးတဲ့ ဂျုံပြား ရှိတယ်။ မေမေ့အတွက် တစ်ခု ချန်ထားတယ်။"
ဤအချိန်တွင် သခင်လေးဝေ့သည် သူ ချန်ထားသော ဂျုံပြားကို ရတနာတစ်ခုကဲ့သို့ ထုတ်ပေးလိုက်သည်။
အစားအစာနံ့ ရလိုက်မှ သခင်မဝေ့သည် ရက်အတော်ကြာ ဘာမှ မစားခဲ့ရသဖြင့် ဗိုက်ဆာနေကြောင်း သတိပြုမိလိုက်သည်။
သားဖြစ်သူ၏ စိတ်အားထက်သန်သော မျက်နှာကို မြင်သောအခါ သူမ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။
သူမက ဂျုံပြားကို ယူလိုက်ပြီး ဖွဖွလေး ကိုက်လိုက်သည်။
"မေမေ... ကောင်းလား။ ဒါကို သမားတော်လေးလု ကိုယ်တိုင်လုပ်ထားတာတဲ့။ အရင်က ကျွန်တော်တို့ စားဖူးတာတွေနဲ့ မတူဘူး မဟုတ်လား။"
သခင်လေးဝေ့က မျှော်လင့်တကြီး မေးလိုက်သည်။
သခင်မဝေ့မှာလည်း အကြိမ်အနည်းငယ် ဝါးလိုက်ပြီးနောက် မျက်ခုံး ပင့်လိုက်မိသည်။
အန်းအာ ပြောသလိုပင် ဂျုံပြား၏ အရသာမှာ အမှန်တကယ် ထူးခြားလှပြီး အိမ်က စားဖိုမှူးများ လုပ်သည်နှင့် မတူပေ။
ထို့နောက် သူမ ခေါင်းညိတ်လိုက်သည်။
"အရမ်း ကောင်းတယ်။"
သခင်လေးဝေ့မှာ ချက်ချင်းပင် တက်ကြွသွားတော့သည်။
ဘေးနားရှိ လုချင်းမှာမူ စကားမပြောနိုင် ဖြစ်နေသည်။
ရိုးရှင်းသော ဂျုံပြားတစ်ခုက ဤ အထက်တန်းလွှာမှ လူနှစ်ဦးကို ဤမျှလောက်အထိ စိတ်လှုပ်ရှားစေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သားအမိနှစ်ယောက်ကြားမှ ကြည်နူးဖွယ် မြင်ကွင်းကို မြင်သောအခါ အငွေ့အသက် ပျက်သွားစေမည့် စကားများကို မပြောရန် သူ ဆုံးဖြတ်လိုက်သည်။
စားသောက်ပြီး ရေအနည်းငယ် သောက်ပြီးနောက် သခင်မဝေ့က ဆက်လက် အနားယူလိုက်သည်။
သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ သူမမှာ ပိုပို၍ပင် အံ့အားသင့်လာခဲ့ရလေ၏။
သူမ၏ ခွန်အားများ ဆက်တိုက် ပြန်လည် ရောက်ရှိလာသည်ကို ခံစားနေရသည်။
အထူးသဖြင့် ဒဏ်ရာရထားသည့်နေရာမှာ ယားယံနေသည်။
သူမမှာ အခြားသူများသာ မရှိလျှင် ဘာဖြစ်နေလဲ သိရအောင် ပတ်တီးကို ဖြေကြည့်ချင်စိတ်တောင်ပေါက်နေလေ၏။
ကံကောင်းထောက်မစွာဖြင့် လုချင်းသည် သူမ၏ မသက်မသာဖြစ်မှုကို သတိထားမိသဖြင့် သူမ သက်သာစေရန် ငွေအပ်များကို အသုံးပြုလိုက်ရာ သူမသည်လည်း များစွာ သက်သာသွားတော့သည်။
ဘာကြောင့် ဒီလို ဖြစ်နေသလဲ ဆိုတာကို လုချင်း သိသည်။
သူ သခင်မဝေ့ကို ပေးခဲ့သော ဆေးသည် သူမ၏ ဒဏ်ရာကို အနာကျက်စေရန်အတွက် အလုပ်လုပ်နေကြခြင်းကြောင့်ပင်။
အားကောင်းသော အာနိသင်က ယားယံမှုကို ဖြစ်စေသည်။
ဒဏ်ရာ ကျက်သွားသည်နှင့် ယားယံမှုကလည်း ရပ်တန့်သွားလိမ့်မည်။
လုချင်း၏ အပ်စိုက်ကုသမှုကြောင့် ယားယံမှု ကျန်ရှိနေသေးသော်လည်း သခင်မဝေ့မှာ ယခင်ကထက်တော့ ပို၍ သက်တောင့်သက်သာ ရှိလာသည်။
မွန်းလွဲပိုင်းတွင်တော့ ယားယံမှုမှာ သိသိသာသာကို လျော့နည်းသွားလေ၏။
နေဝင်ချိန်တွင်တော့ ယားယံမှုမှာ လုံးဝကို ပျောက်ကွယ်သွားခဲ့သည့်အပြင် သခင်မဝေ့သည် မတ်တတ်ရပ်ကာ လမ်းပင် လျှောက်နိုင်နေပြီပင်။
သခင်မဝေ့ ထပြီး လှုပ်ရှားနေသည်ကို မြင်သောအခါ သခင်လေးဝေ့သာမက မာကူးပါ မှင်သက်သွားတော့သည်။
သူမဒဏ်ရာ ဘယ်လောက် ပြင်းထန်သလဲ ဆိုတာကို သူ သိသည်။
နေ့ဝက်လောက်အတွင်းမှာတင် သူမက ဘယ်လိုလုပ် ဒီလောက်ထိ အားအင်ပြည့်လာရတာလဲ။
လုချင်း၏ သိုင်းပညာနှင့် ဆေးပညာ စွမ်းရည်များသည် အံ့သြစရာကောင်းလှသည်။
ဒါပေမဲ့ သူ့ပခုံးကျတော့ ဘာလို့ အဲ့လောက်မြန်မြန် အနာမကျက်တာပါလိမ့်။
မာကူးက သူ့ပခုံးကို ကိုင်ကြည့်ရင်း အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
"ကျွန်မအသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးလု။"
သခင်မဝေ့သည် လုချင်းကို ဦးညွှတ်လိုက်သည်။
ယခုအချိန်တွင် သူမသည် ရှားပါးပြီး အဖိုးတန်သော ဆေးတစ်မျိုးမျိုးအား သောက်ခဲ့တာကို သိလိုက်ရသည်။
မဟုတ်လျှင် သူမ ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပြန်ကောင်းလာနိုင်မည်နည်း။
"သခင်မကြီး... ကျေးဇူးတင်နေစရာ မလိုပါဘူးဗျ။ အခု ဘယ်လို ခံစားနေရလဲ သခင်မကြီး။"
လုချင်းက မေးလိုက်သည်။
သခင်မဝေ့က အနည်းငယ် လှုပ်ရှားကြည့်လိုက်သည်။
"ဒဏ်ရာက မနာတော့ဘူး။ ကျွန်မ လှုပ်ရှားနိုင်လောက်ပါပြီ။"
"ဒါဆို အချိန်မဆွဲသင့်တော့ဘူး။ ထွက်ခွာဖို့ ပြင်ကြရအောင်။"
ကောင်းကင် မည်းမှောင်လာသည်ကို ကြည့်ရင်း လုချင်း ပြောလိုက်သည်။
သို့ပေမဲ့ သခင်မဝေ့ သက်သာလာသော်ငြား မှောင်မိုက်နေသော တောထဲတွင် သွားလာခြင်းမှာ စိန်ခေါ်မှု ရှိနေဆဲ ဖြစ်သည်။
မာကူးလည်း ဒဏ်ရာရထားသဖြင့် ပို၍မြန်ဆန်စေရန် လုချင်းက သခင်မဝေ့ကို ကျောပိုးသွားဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။
"သခင်မကြီး... ခွင့်လွှတ်ပါ။"
လုချင်းသည် သူမရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ပြောလိုက်သည်။
"ဒီလောက် အားနာနေစရာ မလိုပါဘူး။ လူကြီးသူမတစ်ယောက်လို့ပဲ သဘောထားလိုက်ပါ။"
သခင်မဝေ့က ထိုကဲ့သို့ အသေးစိတ်အချက်အလက်များကို ဂရုမစိုက်ဘဲ ကျက်သရေရှိစွာ ပြောလိုက်သည်။
ထို့နောက် လုချင်းက သခင်မဝေ့ကို ကျောပိုးလိုက်ပြီး မာကူးက အထုပ်ကို ယူကာ နေရာရွှေ့ပြောင်းဖို့အတွက် ဂူထဲမှ ထွက်လာခဲ့ကြသည်။
လုချင်းက လူတစ်ယောက်ကို သယ်ထားရသဖြင့် ရှောင်လီသည် သူ့ပခုံးပေါ်တွင် မနေနိုင်တော့ဘဲ သူတို့ပတ်လည်တွင် သတိရှိရှိဖြင့်နေဖို့ တာဝန်ယူရသည်။
ထို့နောက်တွင်တော့ ရှောင်လီအပါအဝင် သူတို့ လေးဦးသည် တောအုပ်ထဲတွင် တိတ်တဆိတ် ရွေ့လျားခဲ့ကြသည်။
လုချင်း၏ ညဘက်မြင်နိုင်စွမ်းနှင့် ရှောင်လီ၏ အကူအညီတို့ ပေါင်းစပ်လိုက်သောအခါ သူတို့တွေသည် လျင်မြန်စွာဖြင့် ရွေ့လျားနိုင်ခဲ့ပြီး တိုတောင်းသောအချိန်အတွင်း တောင်အတော်များများကိုပင် ကျော်ဖြတ်နိုင်ခဲ့သည်။
သို့သော် အနီးအနားတွင် လူရှိကြောင်း ရှောင်လီက သူ့ကို တစ်ခါမှ သတိမပေးခဲ့သည့်အတွက် လုချင်း စိတ်ရှုပ်နေမိသည်။
ရှောင်လီ ရံဖန်ရံခါ သူ့ခေါင်းပေါ် ခုန်တက်မလာလျှင် ထိုအကောင်လေး သူတို့နောက် လိုက်လာလား ၊ မလိုက်လာလားကို သူ သံသယဝင်မိနေလိမ့်မည်ပင်။
လိုက်ဖမ်းတဲ့သူတွေက ညဘက်မို့လို့ ဆုတ်ခွာသွားတာများလား။
လုချင်း တွေးလိုက်သည်။
သို့သော် အခြေအနေ မည်သို့ပင် ရှိစေကာမူ သူသည် အစီအစဉ်ကို မပြောင်းလဲခဲ့ပေ။
လုချင်း၏ ဦးဆောင်မှုအောက်တွင် သူတို့သည် တောအုပ်ကို ပတ်သွားပြီး နောက်ဆုံး၌ အမည်မသိ လူသူကင်းဝေးသော ထောင့်တစ်နေရာမှ ထွက်လာနိုင်ခဲ့ကြသည်။
မည်သည့် အန္တရာယ်မှ မကြုံတွေ့ရသဖြင့် နောက်ထပ် ပြဿနာမှာ သခင်မဝေ့နှင့် သူမ၏သားကို ဘယ်မှာ ဝှက်ထားရမလဲ ဆိုတာပင်။
ခရိုင်မြို့တော်သို့ သွားခြင်းမှာ မဖြစ်နိုင်တော့ပေ။ ဝေ့မိသားစု၏ အစီအစဉ် ပျက်သွားပြီဖြစ်ရာ ခရိုင်မြို့တော်သို့ သွားရာလမ်းတွင် သူတို့ကို စောင့်ဆိုင်းနေသော ထျန်းချန်းဂိုဏ်း၏ လူများနှင့် ပြည့်နှက်နေလောက်သည်။
အကောင်းဆုံး ရွေးချယ်စရာမှာ ပုန်းခိုစရာနေရာတစ်ခု ရှာပြီး မဖမ်းမိအောင်နေဖို့ပင်။
ထို့ကြောင့် ပုန်းခိုစရာနေရာသည် အရေးကြီးသည်။
ကျိုးလီရွာကတော့ မဖြစ်နိုင်ပေ။
လုချင်းသည် ဤပြဿနာကို အိမ်သို့ ခေါ်မသွားချင်ရုံသာမက ရွာ၏ လူနေထူထပ်မှုကလည်း ပုန်းအောင်းရန် မသင့်တော်ပေ။
မာကူးနှင့် တိုင်ပင်ပြီးနောက် သူတို့ကို ဈေးကြီးရှိ မာကူး၏ နေအိမ်တွင် ဝှက်ထားရန် ဆုံးဖြတ်လိုက်ကြသည်။
မာကူး၏ အိမ်တွင် အပြင်ဘက်သို့ အမြန်ထွက်ပြေးနိုင်သော လျှို့ဝှက်လမ်းပါရှိသည့် လျှို့ဝှက်အခန်း တစ်ခု ရှိသည်။
အိမ်ထဲရှိ လူများသည် သူ့ကို သစ္စာဖောက်မည် မဟုတ်သော မာကူး၏ ယုံကြည်စိတ်ချရသည့် လူယုံများ ဖြစ်ကြသဖြင့် ယာယီ ပုန်းခိုရန် အကောင်းဆုံး နေရာဖြစ်သည်။
သခင်မဝေ့၏ သဘောတူညီချက်ဖြင့် သူတို့သည် ဦးတည်ချက်ကို သတ်မှတ်လိုက်ပြီးနောက် ဈေးကြီးသို့ ဦးတည်လိုက်ကြတော့သည်။
လရောင်အောက်တွင် အလျင်အမြန် သွားလာရင်း သန်းခေါင်ယံအချိန်၌ လေးဦးသား ဈေးကြီးသို့ နောက်ဆုံးတော့ ရောက်ရှိလာခဲ့ကြပြီပင်။
"ညီလေးလုချင်း၊ သခင်မကြီး... ဒီမှာ စောင့်နေပါ။ ကျွန်တော် ပြင်ဆင်စရာ ရှိတာလေးတွေ သွားပြင်ဆင်လိုက်ပါဦးမယ်။"
မာကူးက ပြောလိုက်သည်။
သခင်မဝေ့နှင့် သူမ၏သားအကြောင်း လူသိနည်းလေ ကောင်းလေပင်။
ထို့ကြောင့် မလိုလားအပ်သော မျက်လုံးများကို ရှောင်ရှားရန် အိမ်ကို အရင် ရှင်းလင်းရပေမည်။
လုချင်းလည်း ခေါင်းညိတ်ပြလိုက်သည်။ မာကူး ထွက်သွားပြီးနောက် သူသည် သခင်မဝေ့ကို ကျောပိုးလျက် သစ်ပင်ကြီးတစ်ပင်၏ အရိပ်ထဲတွင် ရပ်နေလိုက်သည်။
သူ့ဘေးရှိ သခင်လေးဝေ့ကတော့ ပြင်းထန်စွာ မောဟိုက်နေရှာသည်။
"အန်းအာ... ပင်ပန်းနေပြီလား။"
သခင်မဝေ့က စိုးရိမ်တကြီး မေးလိုက်သည်။
"မေမေ... စိတ်မပူပါနဲ့။ သား မပင်ပန်းပါဘူး။"
သခင်လေးဝေ့က အသက်ကို မနည်းရှူရင်း အတင်းပြုံးပြလိုက်သည်။
သူ့ကြိုးစားမှုက သခင်မဝေ့ကို ပို၍ပင် စိတ်ထိခိုက်စေသည်။
လုချင်းကတော့ သူတို့စကားဝိုင်းကို တိတ်ဆိတ်စွာဖြင့်သာ နားထောင်နေသည်။
သူ အနည်းငယ် အံ့သြမိသည်။
သူတို့သည် တောင်များကို ဖြတ်သန်းပြီး ခရီးဝေးကို သွားခဲ့ကြတာပင်။
သခင်လေးဝေ့၏ ခံနိုင်ရည်မှာ ထူးခြားပြီး ကြွက်သားနှင့်အရိုးအဆင့် ခန္ဓာကိုယ်နှင့် လိုက်ဖက်ပေသည်။
သူတို့ အရိပ်ထဲတွင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် မာကူး ပြန်လာသည်ကို တွေ့လိုက်ရ၏။
"ညီလေးလုချင်း၊ သခင်မကြီး... အားလုံး အဆင်သင့် ဖြစ်ပါပြီ။ ဝင်လို့ ရပါပြီ။"
မာကူးက ပြောလိုက်သည်။
လုချင်းလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် သခင်မဝေ့ကို သယ်ကာ အိမ်ဆီသို့ သွားလိုက်တော့သည်။
အထဲတွင် တိတ်ဆိတ်နေပြီး လူအရိပ်အယောင်တောင် မတွေ့ရသဖြင့် မာကူး နေရာရှင်းလင်းထားကြောင်း ပြသနေလေသည်။
မာကူး၏ လမ်းညွှန်မှုအောက်တွင် သူတို့သည် အခန်းတစ်ခန်းရှိ လမ်းကြောင်းတစ်ခုမှနေ၍ လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်ခဲ့ကြသည်။
လျှို့ဝှက်အခန်းတွင် အိပ်ရာခင်းအသစ်များ ရှိနေပြီး မာကူး ခုလေးတင် စီစဉ်ထားခြင်း ဖြစ်ကြောင်း ထင်ရှားလှပေ၏။
"သခင်မကြီး... ဒီနေရာက ဘာမှသိပ်မရှိတော့ အဆင်မပြေတာမျိုးလေးတွေ ရှိနိုင်ပါတယ်ဗှ။ စိတ်မသက်မသာဖြစ်စေမိခဲ့ရင် ခွင့်လွှတ်ပေးပါဗျာ။"