← Chapters

ရရှိလာသည်များကို စာရင်းပြုစုခြင်း၊ အဖိုးတန်ဆေးလုံးများနှင့် လူအရေခွံစာလိပ်ပေါ်မှ နည်းစနစ်

Vol. 12 Ch. 113

ရရှိလာသည်များကို စာရင်းပြုစုခြင်း၊ အဖိုးတန်ဆေးလုံးများနှင့် လူအရေခွံစာလိပ်ပေါ်မှ နည်းစနစ်

Vol. 12 Ch. 113

သခင်မဝေ့နှင့် သခင်လေးဝေ့ကို နေရာချပြီးနောက် လုချင်းသည် မာကူး၏ နေအိမ်မှ ထွက်ခွာခဲ့သည်။

သူ ကူညီပေးနိုင်တာ ဘာမှ မရှိတော့ပေ။

သခင်မဝေ့နှင့် သခင်လေးတို့ အိမ်ထဲတွင် တိတ်တဆိတ် နေပြီး အာရုံစိုက်မခံရသရွေ့တော့ ကြီးမားသော ပြဿနာ ရှိလာမည် မဟုတ်။

ဆေးရည် နှစ်စက် သောက်ပြီးနောက် အချိန်ကြာလာသည်နှင့်အမျှ သခင်မဝေ့၏ ခန္ဓာကိုယ်သည်လည်း အပြည့်အဝ ပြန်လည် ကောင်းမွန်လာမည် ဖြစ်သဖြင့် သူလည်း ထပ်မံ ကုသပေးစရာ မလိုတော့ပေ။

ထို့ကြောင့် တာဝန်ပြီးဆုံးပြီဖြစ်သော လုချင်းသည် တန်းပြန်လာခဲ့သည်။

အိမ်ပြန်လမ်းတွင် လမ်းလျှောက်ရင်း လုချင်းတစ်ယောက် စိတ်လက်ပေါ့ပါးနေခဲ့သည်။

ဤတောင်ပေါ်ခရီးစဉ်တွင် မမျှော်လင့်ထားသော အဖြစ်အပျက်အချို့ ရှိခဲ့သော်လည်း ဝေ့မိသားစုအပေါ်ရှိ အကြွေးကို ဆပ်နိုင်ခဲ့ခြင်းက ကောင်းမွန်သော အရာတစ်ခုပင်။

"ရှောင်လီ... ဒီတစ်ခါ မင်းကြောင့် အဆင်ပြေသွားတာ။ မဟုတ်ရင် အဲ့ဒီလူကို ငါ နောက်ဆုံးမှာ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။"

လုချင်းသည် သူ့ပခုံးပေါ်တွင် ရပ်နေသော ရှောင်လီကို ပွတ်သပ်ပေးလိုက်ရာ ၎င်းက မျက်လုံးလေးများ မှေးစင်းလျက် ဇိမ်ခံနေလေသည်။

ယခုအချိန်တွင် ရှောင်လီသည် ကိုယ်ဖျောက်ထားမှုကို ဖယ်ရှားလိုက်ပြီး သူ့ကိုယ်ထည်ကို ထုတ်ဖော်ထားလေ၏။

"အူး~"

ရှောင်လီက ဂုဏ်ယူစွာ အော်မြည်လိုက်သည်။

"သိပါပြီ၊ သိပါပြီ... ပြန်ရောက်ရင် ငါးအများကြီး ကျွေးပါ့မယ်ဗျာ။"

လုချင်းက ရယ်မောလိုက်သည်။

ကတိရပြီးနောက် ရှောင်လီလေးမှာ ကျေနပ်သွားပြီး လုချင်း၏ ပခုံးပေါ်တွင် လှဲချလိုက်တော့သည်။

ရှောင်လီ၏ ပျင်းရိသော ပုံစံကို မြင်သောအခါ လုချင်း မရယ်ဘဲ မနေနိုင်ပေ။

ဒီလောက် ချစ်စရာကောင်းတဲ့ အကောင်လေးက ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူတွေကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်တဲ့ ကြောက်မက်ဖွယ် ဝိညာဉ်သားရဲတစ်ကောင် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

မသေခင် ဝမ်ချင်းရှန် ထုတ်လွှတ်လိုက်သော အရှိန်အဝါကို ပြန်တွေးရင်း လုချင်း ကြောက်ရွံ့နေဆဲ ဖြစ်သည်။

သို့သော် ထိုမျှ အားကောင်းသော သိုင်းသမားသည် ရှောင်လီ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

ကိုယ်ဖျောက်နိုင်သော ပါရမီနှင့် အံ့မခန်း အရှိန်၊ ပြီးတော့ ၎င်း၏ ထက်မြက်သော လက်သည်းများ ၊ အစွယ်များနှင့် ပေါင်းစပ်လိုက်သောအခါ ရှောင်လီသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။

ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူများပင် ၎င်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် ခက်ခဲသည်။

ဘာပဲပြောပြော ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူများ၏ ခန္ဓာကိုယ်သည် သန်မာသော်လည်း သံမဏိစစ်စစ်လောက်တော့ မသန်မာနိုင်သေးပေ။

ရှောင်လီ၏ လက်သည်းများသည် သံမဏိကိုပင် အလွယ်တကူ ဖြတ်တောက်နိုင်ရာ ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းသမားများ မည်သို့ ခုခံနိုင်မည်နည်း။

မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများပင် ရှောင်လီ၏ လက်သည်းများကို ခံနိုင်ရည် ရှိ ၊ မရှိ လုချင်း တွေးမိသည်။

သို့သော် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများ၏ စွမ်းရည်များသည် မွေးဖွားပြီးနယ်ပယ်ထက် များစွာ သာလွန်နေသဖြင့် ရှောင်လီ၏ ကိုယ်ဖျောက်ခြင်းက သူတို့အပေါ် ထိရောက်မှု ရှိ ၊ မရှိ ပြောရန် ခက်ခဲသည်။ ထို့ကြောင့် ဤယူဆချက်သည် တွေးကြည့်ရုံသာပင်။

အိမ်ပြန်ရောက်သောအခါ လုချင်းသည် ရှောင်လီ စားရန်အတွက် ငါးတစ်ပန်းကန် အရင်ချပေးလိုက်သည်။

ထို့နောက် ကိုယ့်အတွက် ထမင်း စတင်ချက်ပြုတ်လိုက်တော့၏။

သူ့ရိက္ခာအားလုံးကို မာကူးနှင့် သခင်လေးဝေ့အား ပေးခဲ့သဖြင့် တစ်နေ့လုံး အစာမစားရသေးပေ။

သူ ပေါ့ပေါ့ပါးပါး ချက်ပြုတ်လိုက်ပြီး စားရန် အဆင်သင့် ဖြစ်ချိန်တွင် ရှောင်လီသည် သူ့ငါးအများစုကိုပင် စားပြီးနေပြီ ဖြစ်သည်။

အားရပါးရ စားနေဆဲ ဖြစ်သည်ကို မြင်သောအခါ လုချင်း ပြုံးရင်း ခေါင်းခါလိုက်သည်။

ကံဆိုးစွာပင် မကြာသေးမီက သူ ရှားပါးငါးများ ထပ်မဖမ်းနိုင်ခဲ့ပေ။

ထို ရှားပါးငါးဖမ်းသည့်နေရာတွင် ရှားပါးငါးများ ထပ်မလာတော့ပုံရသည်။

မဟုတ်လျှင် ဒီကောင်လေးကို ကောင်းကောင်း ဆုချနိုင်မည်ပင်။

ကြည့်ရတာ ငါးဖမ်းဖို့ နေရာကောင်းအသစ်တစ်ခု ရှာဖို့အတွက် အချိန်ပေးသင့်ပြီလို့ထင်တယ်။

လုချင်း စားရင်း တွေးလိုက်သည်။

စားသောက်ပြီးနောက် ရှောင်လီသည် သူ့အိပ်ရာလေးထဲတွင် ဝင်အိပ်လိုက်သည်။

ဒီနေ့ ရှောင်ယန်က သူ့ဆရာအိမ်တွင် ရှိနေပြီး ညဥ့်နက်နေပြီဖြစ်သဖြင့် လုချင်း သွားခေါ်ရန် မလောတော့ပေ။

သူ ခဏ စဉ်းစားလိုက်ပြီးနောက် ခြင်းတောင်းကို ယူကာ မွှေနှောက်လိုက်သည်။

နေ့လယ်က ထုန်ချန်းလန်နှင့် ဝမ်ချင်းရှန်တို့ကို သတ်ပြီးနောက် သူတို့အလောင်းများပေါ်မှ ပစ္စည်းအချို့ကို သူ တွေ့ရှိခဲ့သည်။

ထိုအချိန်က သေချာကြည့်ရန် အချိန်မရှိခဲ့သော်လည်း ယခု သူတို့ ဘာပစ္စည်းတွေ ပါလာသလဲ ဆိုတာ ကြည့်နိုင်သည်။

ခဏကြာ ရှာဖွေပြီးနောက် လုချင်းသည် ပစ္စည်းအားလုံးကို စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။

ပစ္စည်း သိပ်မများပေ။ ငွေစက္ကူများနှင့် ရွှေ၊ ငွေ အနည်းငယ်သာ အများစု ဖြစ်သည်။

ကျန်တာတွေကတော့ သားရေချပ်ဝတ်တန်ဆာ တစ်ခု၊ ဆေးပုလင်း အနည်းငယ်နှင့် မသိရသော ပစ္စည်းဖြင့် ပြုလုပ်ထားသည့် အရေပြားစာလိပ် တစ်ခုတို့ ဖြစ်သည်။

ဘာပဲပြောပြော ဝမ်ချင်းရှန်နှင့် ထုန်ချန်းလန်တို့သည် တောင်ပေါ်သို့ တာဝန်ဖြင့် လာကြခြင်း ဖြစ်ရာ သဘာဝကျစွာပင် ပစ္စည်းအများကြီး သယ်လာကြမည် မဟုတ်ပေ။

သိုင်းကျမ်းစာအုပ် ဒါမှမဟုတ် အဲ့ဒီလိုမျိုးတွေ မပါသည်ကို လုချင်း မအံ့သြပေ။

ဂိုဏ်းမရှိသူများမှလွဲ၍ လူအများစုသည် သူတို့၏ ကျမ်းစာအုပ်များကို ယူဆောင်သွားလေ့ မရှိကြပေ။

အထူးသဖြင့် ဆရာရှိသူများသည် ဂိုဏ်းမှ ကျမ်းစာအုပ်များကို အပြင်သို့ ယူဆောင်ခွင့် ပြုမည် မဟုတ်ပေ။

မဟုတ်လျှင် သူတို့၏ သိုင်းပညာနှင့် အားနည်းချက်များကို ဖော်ပြသလို ဖြစ်နေလိမ့်မည်။

ငွေစက္ကူများနှင့် ရွှေများကို လျစ်လျူရှုလျပ် လုချင်းသည် အခြားပစ္စည်းများကို အာရုံစိုက်လိုက်သည်။

သူသည် သားရေချပ်ဝတ်တန်ဆာအပိုင်းအစကို အရင် ကြည့်လိုက်သည်။

သားရေချပ်ဝတ်တန်ဆာသည် ထုန်ချန်းလန်၏ အလောင်းမှ ရရှိခြင်းဖြစ်ပြီး သူ့ချပ်ဝတ်တန်ဆာမှ ကွဲထွက်နေသော အပိုင်းအစတစ်ခု ဖြစ်သည်။

ထုန်ချန်းလန် ဝတ်ဆင်ထားသော သားရေချပ်ဝတ်တန်ဆာနှင့် ပတ်သက်၍ လုချင်း သိချင်နေတာ ကြာပြီဖြစ်သည်။

သူ့ဓားချက်များကို ခံနိုင်ရည်ရှိအောင် ဘာနှင့် လုပ်ထားသလဲ ဆိုတာ သူ သိချင်သည်။

ထို့နောက်၌ လုချင်း သားရေချပ်ဝတ်တန်ဆာကို အာရုံစိုက်လိုက်သည်။

မကြာမီ အနီရောင်အလင်းတန်းတစ်ခုက ချပ်ဝတ်တန်ဆာမှ ထွက်ပေါ်လာသည်။

[စုတ်ပြဲနေသော သားရေချပ်ဝတ်တန်ဆာ : ဂျိုဖြူနွားသိုး၏ အရေခွံဖြင့် ပြုလုပ်ထားသော သားရေချပ်ဝတ်တန်ဆာ တစ်ခု၊ ဓားများကို ကာကွယ်နိုင်သော အံ့မခန်း ခံနိုင်ရည် ရှိသည်။]

[ဂျိုဖြူနွားသိုးသည် မြောက်ပိုင်းနယ်စပ် တောင်နက်များထဲတွင် နေထိုင်သော ထူးဆန်းသည့် သားရဲတစ်ကောင် ဖြစ်သည်။ ၎င်း၏ အရေခွံသည် ထူးခြားသော ကာကွယ်နိုင်စွမ်းကြောင့် သိုင်းသမားများစွာ၏ ရှာဖွေခြင်းကို ခံရပြီး မျိုးသုဉ်းလုနီးပါးတောင် ဖြစ်နေသည်။]

"ဂျိုဖြူနွားသိုးတဲ့လား"

စုတ်ပြဲနေသော သားရေချပ်ဝတ်တန်ဆာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဖတ်ပြီးနောက် လုချင်း နားလည်သွားသည်။

ထုန်ချန်းလန် ဝတ်ဆင်ထားသော သားရေချပ်ဝတ်တန်ဆာသည် ထူးဆန်းသည့် သားရဲတစ်ကောင်၏ အရေခွံဖြင့် လုပ်ထားခြင်းပင်။ ဤသို့ဆိုမှတော့ ၎င်း၏ ကာကွယ်နိုင်စွမ်း အံ့မခန်း ဖြစ်နေခြင်းမှာ မဆန်းတော့ပေ။

ကံဆိုးစွာပင် ချပ်ဝတ်တန်ဆာကို သူ ဖျက်ဆီးလိုက်မိပြီဖြစ်၏။

ပြီးတော့ သူ အလျင်အမြန် ထွက်ခွာခဲ့ရသလို မာကူးကလည်း ကြည့်နေသဖြင့် အလောင်းကို အဝတ်ဗလာ ဖြစ်အောင် ချွတ်ရမှာ နေရခက်သောကြောင့်သာ ဦ မဟုတ်လျှင် ချပ်ဝတ်တန်ဆာ တစ်ခုလုံးကို သူ ယူလာမိမည် ဖြစ်သည်။

စုတ်ပြဲနေသော သားရေချပ်ဝတ်တန်ဆာကို ဘေးဖယ်ထားလိုက်ပြီးနောက် လုချင်းသည် ဆေးပုလင်းများကို အာရုံစိုက်လိုက်သည်။

ဆေးပုလင်းများကို ဝမ်ချင်းရှန်နှင့် ထုန်ချန်းလန်တို့ထံမှ တွေ့ရှိရခြင်း ဖြစ်ပြီး ဤဂိုဏ်းတပည့်နှစ်ဦးကလည်း အနီးကပ် ထိန်းသိမ်းထားခြင်း ဖြစ်ရာ အတွင်းမှ ဆေးဝါးများသည် ရှားပါးပေလိမ့်မည်။

ပုလင်းများသည် ဒီဇိုင်းတူညီကြပြီး အနည်းငယ် ကွဲပြားမှုသာ ရှိရာ ထျန်းချန်းဂိုဏ်းမှ အစုလိုက်အပြုံလိုက် ထုတ်လုပ်ထားခြင်း ဖြစ်နိုင်သည်။

ပုလင်းများပေါ်တွင် တံဆိပ်များ မပါသဖြင့် အတွင်း၌ ဘာရှိသည်ကိုတော့ လုချင်း မသိနိုင်ပေ။

ထို့ကြောင့် သူ့နတ်မျက်စိစွမ်းရည်ကိုသာ သုံးပြီး ကြည့်လိုက်သည်။

အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။

[ကြွေဖြူဆေးပုလင်း : ဆေးလုံးများ၏ ဆေးအာနိသင်ကို ကောင်းစွာ ထိန်းသိမ်းပေးနိုင်သော အရည်အသွေးမြင့် ပုလင်း။]

[အတွင်း၌ ကောင်းမွန်သော ကျင့်ကြံမှုဆေးလုံးများ ပါဝင်ပုံရသည်။]

သေချာသည်မှာ ပုလင်းများထဲတွင် ဆေးလုံးများ ပါဝင်သည်။

လုချင်းသည် ထုန်ချန်းလန်ထံမှ ရသော ပုလင်းတစ်လုံးကို ယူပြီး လှုပ်ကြည့်ရာ အတွင်းမှ အနည်းငယ် လှုပ်ခါသံကို ကြားလိုက်ရသည်။

ထို့နောက် မီးဖိုချောင်မှ ပန်းကန်လုံးတစ်လုံး ယူပြီး စားပွဲပေါ် တင်လိုက်ကာ ပုလင်းကို ဂရုတစိုက် ဖွင့်လိုက်တော့သည်။ ပြီးကာမှ အတွင်းမှ ပစ္စည်းများကို ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်သည်။

ပျားဖယောင်းဖြင့် ပိတ်ထားသော ဆေးလုံး ၇ လုံး ၈ လုံးခန့် ရှိသည်။

လုချင်းသည် ပျားဖယောင်း ဖြစ်ကြောင်း အတည်ပြုရန် သူ့နတ်မျက်စိစွမ်းရည်ဖြင့် စစ်ဆေးပြီးမှ တစ်လုံးကို ကောက်ယူလိုက်သည်။

သတိထားသည့်အတွက် သူ့ကို အပြစ်တင်၍ မရပေ။

လူ့စိတ်ကို ခန့်မှန်းရ ခက်ခဲပြီး ထုန်ချန်းလန်သည် လူကောင်းတစ်ယောက် မဟုတ်ပေ။ သူ ဆေးလုံးများကို တစ်ခုခု လုပ်ထား ၊ မလုပ်ထား ဘယ်သူ သိနိုင်မည်နည်း။

ခိုးယူခြင်းကို ကာကွယ်ရန် ပျားဖယောင်းတွင် အဆိပ်ခတ်ထားသည်ဆိုလျှင်လည်း ဖြစ်နိုင်ချေ ရှိသည်။

ပျားဖယောင်းကို ဂရုတစိုက် ခွာလိုက်သောအခါ၌ အတွင်းမှ အနီရောင် ဆေးလုံးတစ်လုံး ပေါ်လာသည်။ လုချင်းလည်း သူ့နတ်မျက်စိစွမ်းရည်ဖြင့် စစ်ဆေးကြည့်လိုက်၏။

ထို့နောက်၌ ဆေးလုံးမှ အနီရောင် အလင်းဖျော့ဖျော့လေး ထွက်ပေါ်လာသည်။

"အနီရောင် အလင်းတဲ့လား"

ဆေးလုံးမှ အလင်းကို မြင်သောအခါ လုချင်း၏ မျက်လုံးများတွင် ဝမ်းသာရိပ်တစ်ခု ပေါ်လာသည်။

အနီရောင် အပြည့်အဝ မဟုတ်သော်လည်း အနီရောင် အလင်းပါသော မည်သည့်အရာမဆို ဆိုးမည် မဟုတ်ပေ။

[ကြွက်သားအားဖြည့်ဆေးလုံး : အဖိုးတန်ဆေးလုံး၊ အဆိပ်မရှိ၊ စိတ်ချစွာ သုံးစွဲနိုင်သည်။]

[ဤဆေးလုံးကို ကျားအရိုး၊ သမင်ကြွက်သား၊ ဂျင်ဆင်းနှင့် အခြား အဖိုးတန် ဆေးဖက်ဝင်အပင်များဖြင့် ပြုလုပ်ထားသည်။ ကြွက်သားများနှင့် အရိုးများကို များစွာ အကျိုးပြုပြီး ကြွက်သားနှင့်အရိုးအဆင့် သိုင်းသမားများအတွက် အလွန်ကောင်းမွန်သော အထောက်အကူ ဖြစ်သည်။]

[တစ်နေ့လျှင် အများဆုံး တစ်လုံးသာ သောက်ပါ၊ ပိုသောက်ပါက ဆေးအဆိပ်များ စုပုံပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည်။]

"ကြွက်သားအားဖြည့်ဆေးလုံး... ကြွက်သားနဲ့အရိုးအဆင့် ဆေးလုံးတဲ့လား။"

ဆေးလုံးမှ သတင်းအချက်အလက်များကို မြင်သောအခါ လုချင်းလည်း အတိုင်းမသိ ဝမ်းသာသွားသည်။

ဒါက တကယ့်ကို မမျှော်လင့်ထားတဲ့ ဆုလာဘ်ပဲ။

ဒီဆေးလုံးက သူ့ဆရာပေးတဲ့ ဆေးနည်းနဲ့ ဖော်ထားတဲ့ ဆေးရည်ထက်တောင် အများကြီး ပိုကောင်းတယ်။

သူ အခု ကြွက်သားနဲ့အရိုးအဆင့်ရောက်နေပြီဆိုတော့ ဒါကို ကောင်းကောင်း သုံးလို့ရပြီပဲ။

ပုလင်းလေးလုံးတွင် နှစ်လုံးမှာ ထုန်ချန်းလန်ထံမှ ဖြစ်သည်။

သူ နောက်ထပ် ပုလင်းတစ်လုံးကို ဖွင့်လိုက်ရာ ကြွက်သားအားဖြည့်ဆေးလုံးများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။

ဤပုလင်းကတော့ အပြည့်ဖြစ်ပြီး ဆေးလုံး ၁၈ လုံး ပါသည်။

စုစုပေါင်းဆိုလျှင် သူသည် ကြွက်သားအားဖြည့်ဆေးလုံး ၂၅ လုံး ရရှိထားပြီး တစ်လစာ လေ့ကျင့်ရန် လုံလောက်သည်ပင်။

တစ်လ...

မကြာသေးမီ ရက်များက သူ့၏ လျင်မြန်သော တိုးတက်မှုကို စဉ်းစားကြည့်လိုက်သည်။

ဤကြွက်သားအားဖြည့်ဆေးလုံးတွေ၏အကူအညီနှင့်ဆိုလျှင် တစ်လအတွင်း ကြွက်သားနှင့်အရိုးအဆင့်မှာ ဘယ်လောက်အထိ တိုးတက်နိုင်မလဲ ဆိုတာ လုချင်း စိတ်ကူးကြည့်လို့ပင် မရတော့ပေ။

"တကယ်ပါပဲနော် ၊ မြင်းတစ်ကောင်ကို ဝဖြိုးသန်မာစေချင်ရင် မနက်ပိုင်းတင်မဟုတ်ဘဲနဲ့ ညဘက်ပါ အစာကျွေးရမယ်တဲ့။ လူတစ်ယောက်ကလည်း ကြီးပွားချမ်းသာချင်ရင် ပုံမှန်လစာတစ်ခုတည်းနဲ့ သာယာနေလို့မရဘဲနဲ့ အခွင့်အလမ်းကောင်းတွေအမြဲရှာပြီးတော့ စွန့်စားရမယ်တဲ့။ ခုတော့ ငါ စွန့်စားပြီး တိုက်ခိုက်ခဲ့လို့ ထုန်ချန်းလန်က ငါ့ကို တကယ့်လက်ဆောင်ကြီး ပေးသွားတာပဲ။"

လုချင်း ဝမ်းသာအားရဖြင့် ကျန်ရှိနေသော ပုလင်းနှစ်လုံးကို အာရုံစိုက်လိုက်သည်။

အကယ်၍ ထုန်ချန်းလန် သယ်ဆောင်လာသော ဆေးလုံးများက ဤမျှ အံ့သြစရာ ကောင်းနေလျှင်...

သူ့ထက် များစွာ သန်မာသော ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူ စီနီယာအစ်ကို ဝမ်ချင်းရှန် သယ်ဆောင်လာသော ဆေးလုံးများသည် ပို၍ ထူးခြားပေလိမ့်မည်။

ထိုအတွေးဖြင့် လုချင်းသည် ချက်ချင်းပင် ပုလင်းတစ်လုံးကို ဖွင့်လိုက်သည်။

အတွင်းတွင် ပျားဖယောင်းဖြင့် ပိတ်ထားသော ဆေးလုံးများ ရှိသည်။

လုချင်း အနည်းငယ် ခွာကြည့်လိုက်ရာ အတွင်းမှ ဆေးလုံးသည် ပုလဲကဲ့သို့ နို့နှစ်ရောင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ထို့နောက် သူ့နတ်မျက်စိစွမ်းရည်ဖြင့် စစ်ဆေးလိုက်ရာ ဆေးလုံးမှ မှိန်ဖျဖျ အနီရောင်အလင်းတန်း ထွက်ပေါ်လာသည်။

[ချီမွေးမြူဆေးလုံး : အဖိုးတန်ဆေးလုံး၊ အဆိပ်မရှိ၊ စိတ်ချစွာ သုံးစွဲနိုင်သည်။]

[ဤဆေးလုံးကို ယွင်မုန်သစ်သီး၊ နှင်းကြာပန်းနှင့် အခြား အဖိုးတန် ဆေးဖက်ဝင်အပင်များဖြင့် ပြုလုပ်ထားသည်။ ခန္ဓာကိုယ်၏ အသက်စွမ်းအားကို ပြုစုပျိုးထောင်ရာတွင် အားကောင်းသော အာနိသင်ရှိပြီး ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းသမားများအတွက် အလွန်ကောင်းမွန်သော အထောက်အကူ ဖြစ်သည်။]

[တစ်နေ့လျှင် တစ်လုံး သောက်သုံးခြင်းက အကောင်းဆုံး ဖြစ်သည်။ ပိုသောက်ပါက ဆေးအာနိသင်ကို ဖြုန်းတီးရာ ရောက်သည်။]

အနီရောင်အလင်း ဆေးလုံးတဲ့လား

ဆေးလုံးမှ အလင်းကို မြင်သောအခါ၌ လုချင်းခင်ဗျာ လက်ပင်တုန်သွားတော့၏။

သတင်းအချက်အလက်များကို ဖတ်ပြီးနောက် သူ ပို၍ပင် ဝမ်းသာသွားသည်။

ထင်ထားသည့်အတိုင်းပင် ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူ ဝမ်ချင်းရှန် သယ်ဆောင်လာသော ဆေးလုံးများသည် ပို၍ပင် အဖိုးတန်နေပါ၏။

ကိုယ်တွင်းအင်္ဂါအဆင့် ကျင့်ကြံမှုကို အထူးအထောက်အကူ ပြုသည်ပင်။

ကျန်ရှိနေသော ပုလင်းနှစ်လုံးမှာလည်း ချီမွေးမြူဆေးလုံးများ ဖြစ်သည်ကို လုချင်း တွေ့လိုက်ရသည်။

ပြီးတော့ ပုလင်းအပြည့်နီးပါးထိ ရှိနေကာ စုစုပေါင်း ဆေးလုံး ၃၀တောင် ရှိသည်။

ဤသည်မှာ သူ ကိုယ်တွင်းအင်္ဂါအဆင့်သို့ တက်လှမ်းပြီးခဲ့လျှင် တစ်လလုံး လေ့ကျင့်ရန် လုံလောက်သည့်ပမာဏပင်။

စားပွဲပေါ်ရှိ ဆေးပုလင်း လေးလုံးကို ကြည့်ရင်း လုချင်း ဝမ်းသာမိသော်လည်း အနည်းငယ် သတိထားမိလာသည်။

ဝမ်ချင်းရှန်နှင့် ထုန်ချန်းလန်တို့သည် ဤအဖိုးတန် ဆေးလုံးများကို တူညီသော ပုလင်းဒီဇိုင်းများဖြင့် သယ်ဆောင်နိုင်ကြသည်။

ဤသည်မှာ ဒီဆေးလုံးများသည် ကိုယ်တိုင် လုပ်ထားခြင်း မဟုတ်လောက်ကြောင်း ညွှန်ပြနေလေ၏။

ဂိုဏ်း သို့မဟုတ် ဆရာက ပေးသနားထားသော အရင်းအမြစ်များသာ ဖြစ်ပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဂိုဏ်းသားများကို ဒီလို အဖိုးတန် ဆေးလုံးတွေ သုံးပြီး ကျင့်ကြံခွင့် ပေးထားတာက ထျန်းချန်းဂိုဏ်း၏ အင်အားတောင့်တင်းမှုကို ပြသနေသည်ပင်။

ပြီးတော့ သူက အဲ့ဒီလို ဂိုဏ်းမျိုးက တပည့်နှစ်ယောက်ကို သတ်လိုက်မိပြီလေ။

ထို့ကြောင့် သတင်းပြန့်သွားသည်နှင့် ကြီးမားလှသော ပြဿနာတွေ ဖြစ်လာတော့မည်။

ထိုအခါကျရင်တော့ သူ ချက်ချင်း ထွက်ပြေးရပေလိမ့်မည်။

ဒီလိုဆိုမှတော့ လောလောဆယ်တော့ ရွာမှာပဲ နေပြီး တောင်ပေါ် မတက်တာ ကောင်းမယ် ထင်တယ်။

လုချင်း ဆုံးဖြတ်လိုက်သည်။

ဘာပဲပြောပြော ကြွက်သားအားဖြည့်ဆေးလုံး အများကြီး ရှိနေပြီမလို့ သူ အချိန်အတော်ကြာအောင်ထိတော့ ဆေးပင်ရှာဖို့ တောင်ပေါ်တက်စရာ မလိုတော့ဘူးလေ။

ဆုံးဖြတ်ချက် ချပြီးနောက် လုချင်းသည် နောက်ဆုံး ပစ္စည်းကို အာရုံစိုက်လိုက်သည်။

ထိုသည်ကတော့ ဝမ်ချင်းရှန်ထံမှ တွေ့ရှိရသော အရေပြားစာလိပ် တစ်ခု ဖြစ်သည်။

ထိုအချိန်က ဝမ်ချင်းရှန်သည် ၎င်းကို သေချာစွာ ဝှက်ထားခဲ့ပြီး ၎င်း၏ အရောင်မှာ လူ့အရေပြားနှင့် တူညီနေသဖြင့် သတိမထားမိလုနီးပါး ဖြစ်ခဲ့သည်။

ဝမ်ချင်းရှန်က ဒီလောက်တောင် သေသေချာချာထိန်းသိမ်းထားတဲ့ ပစ္စည်းဆိုတော့ ဘာပဲဖြစ်နေနေ သာမန်တော့ မဖြစ်နိုင်လောက်ဘူး။

လုချင်းသည် အရေပြားစာလိပ်ကို အာရုံစိုက်လိုက်ရာ တောက်ပလှသော အနီရောင် အလင်းတန်းတစ်ခုက ၎င်းမှ ထွက်ပေါ်လာသည်။

[မွေးရာပါနယ်ပယ် လူအရေခွံစာလိပ် : မွေးရာပါနယ်ပယ် သိုင်းသမားတစ်ဦး၏ အရေပြားဖြင့် ပြုလုပ်ထားသော စာလိပ်၊ ဓားနှင့် မီးကို ခံနိုင်ရည် ရှိသည်။]

[မွေးရာပါ ချီစွမ်းအင်ဖြင့် ပြုစုပျိုးထောင်ထားသော မွေးရာပါနယ်ပယ် သိုင်းသမားများ၏ ခန္ဓာကိုယ်များသည် ယုတ်မာသော စိတ်ဓာတ်ပိုင်ရှင်အချို့အတွက် တန်ဖိုးရှိသော ထူးခြားသည့် ဂုဏ်သတ္တိများ ရှိသည်ဟု ဆိုကြသည်။]

[နည်းစနစ်ကို တွေ့ရှိသည်။ လေ့လာရန် သရုပ်ပြချက်ကို ဒေါင်းလုဒ်လုပ်မည်လား။]

အရေပြားစာလိပ်မှ သတင်းအချက်အလက်များကို မြင်သောအခါ လုချင်းတစ်ယောက် အံ့သြမှင်သက်သွားတော့သည်။

စာလိပ်သည် လူ့အရေပြားဖြင့် လုပ်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ပြီးတော့လည်း အဲ့တာက မွေးရာပါနယ်ပယ် သိုင်းသမားတစ်ယောက်ရဲ့ အရေပြားတဲ့လေ။

သေပြီးတာတောင် ဘယ်ကံဆိုးတဲ့ မွေးရာပါနယ်ပယ် သိုင်းသမားကများ အရေခွံခွာခံလိုက်ရတာများလဲ။

နတ်မျက်စိစွမ်းရည်၏ မေးခွန်းကို မြင်သောအခါ လုချင်း တွန့်ဆုတ်သွားမိသည်။

ရိုးရိုးသားသား ပြောရရင် လူ့အရေပြားပေါ်မှာ မှတ်တမ်းတင်ထားသည့် နည်းစနစ်တစ်ခုက သူ့ကို နေရခက်စေသည်။

သူ စာလိပ်ကို အကြိမ်ကြိမ် လှန်လှောကြည့်သော်လည်း စာရေးထားတာ မတွေ့ရပေ။

လျှို့ဝှက်အလွှာလည်း မပါပေ။

နည်းစနစ်ကို ကြိုတင် နားလည်ဖို့ မဖြစ်နိုင်အောင် လုပ်ထားသည်ပင်။

ထိုသို့ဆိုမှတော့ ဝမ်ချင်းရှန်က စာလိပ်ကို သေချာသိမ်းထားတာ မဆန်းတော့ပေ။

သူ ဘယ်လို ရခဲ့လဲဆိုတာတော့ မသိပေမဲ့ ၎င်း၏ ထူးခြားမှုကိုတော့ ရှင်းရှင်းလင်းလင်း သိထားပုံရသည်။

ထို့ကြောင့် သူက ၎င်း၏လျှို့ဝှက်ချက်တွေကို ဖွင့်ဖို့ ကြိုးစားရင်း သူ့အနားမှာ သိမ်းထားတာဖြစ်ပေလိမ့်မည်။

သူ တစ်ခုခု သိခဲ့လား မသိခဲ့လား ဆိုတာတော့ မသိရသော်ငြား လုချင်းကတော့ သူ့နတ်မျက်စိစွမ်းရည် မပါဘဲ ဘာမှ မမြင်နိုင်ပေ။

ဒါက လုချင်းကို ဝေခွဲမရ ဖြစ်စေသည်။

သို့သော် ခဏ စဉ်းစားပြီးနောက် သူ နည်းစနစ်ကို အရင် ဒေါင်းလုဒ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

လေ့လာမလား ၊ မလေ့လာဘူးလား ဆိုတာကတော့ နည်းစနစ်အပေါ် မူတည်လိမ့်မည်။

ထိုအတွေးဖြင့် လုချင်း ဒေါင်းလုဒ်လုပ်ရန် ရွေးချယ်လိုက်တော့၏။

ထို့နောက် သူ စာလိပ်ကို စိုက်ကြည့်လိုက်သည်။

[ဒေါင်းလုဒ်လုပ်နေသည်၊ တိုးတက်မှု : ၁%၊ ၂%၊ ၃%...]

သူ ဘာမှ မမြင်ရသော်လည်း နတ်မျက်စိစွမ်းရည်ကတော့ စာလိပ်ထဲတွင် နည်းစနစ်တစ်ခု ပါဝင်နေကြောင်း ညွှန်ပြနေလေ၏။

[...၉၇%၊ ၉၈%၊ ၉၉%၊ ၁၀၀%၊ ဒေါင်းလုဒ်လုပ်ခြင်း ပြီးမြောက်ပါပြီ။ သရုပ်ဖော်မည်လား။]

လုချင်းလည်း သရုပ်ဖော်ရန် ရွေးချယ်လိုက်သည်။

[သရုပ်ဖော်နေသည်၊ တိုးတက်မှု : ၁%၊ ၂%၊ ၃%...၉၉%၊ ၁၀၀%]

[သရုပ်ဖော်ခြင်း ပြီးမြောက်ပါပြီ။ လေ့လာမည်လား။]

ဒီတစ်ခါတွင်တော့ လုချင်း မတွန့်ဆုတ်တော့ဘဲ လေ့လာရန်ကိုသာ ရွေးချယ်လိုက်တော့သည်။

နောက်တစ်ခဏတွင် ရင်းနှီးသော ထိုးထွင်းသိမြင်မှုများက သူ့စိတ်ထဲသို့ ဝင်ရောက်လာပြီး သူသည်လည်း ၎င်းတို့ကို စုပ်ယူရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။

ခဏအကြာတွင် သူသည် ဉာဏ်အလင်းပွင့်သော အခြေအနေမှ ပြန်လည်အသိဝင်လာကာ သူ့မျက်လုံးများတွင် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။

"လူ့အရေပြားပေါ်မှာ မှတ်တမ်းတင်ထားတာနဲ့ လိုက်ဖက်တဲ့ ယုတ်မာတဲ့ နည်းစနစ်ပါလား။"

"ဒါပေမဲ့ ယုတ်မာပေမဲ့ တကယ်ကို အစွမ်းထက်တာပဲ"

"ပြီးတော့ ဒီနည်းစနစ်က ငါ့ရဲ့ လေးမျက်နှာဓားသိုင်းနဲ့ ပြီးပြည့်စုံအောင်ကို လိုက်ဖက်နေတယ်လေ"

All Chapters