← Chapters

ချီ‌ကြောဖွင့်ခြင်း၊ မူလချီကို ဆွဲဆောင်ခြင်း၊ မြူခိုးဖြူ ပေါ်ထွက်ခြင်းနှင့် မွေးရာပါနယ်ပယ် အောင်မြင်ခြင်း

Vol. 12 Ch. 116

ချီ‌ကြောဖွင့်ခြင်း၊ မူလချီကို ဆွဲဆောင်ခြင်း၊ မြူခိုးဖြူ ပေါ်ထွက်ခြင်းနှင့် မွေးရာပါနယ်ပယ် အောင်မြင်ခြင်း

Vol. 12 Ch. 116

"အဘိုးချန်"

မနက်စောစော၊ သမားတော်ချန်၏အိမ်ရှေ့တွင်။

လုချင်းသည် ရှောင်ယန်၏ လက်ကို ကိုင်ထားစဉ် ရှောင်လီက သူ့ပခုံးပေါ်တွင် ရပ်လျက် တောင်ခြေမှ တက်လာကြသည်။

ခြံဝင်းထဲတွင် သမားတော်ကြီး လက်သီးသိုင်း လေ့ကျင့်နေသည်ကို မြင်သောအခါ ရှောင်ယန်က ချိုသာစွာ လှမ်းခေါ်လိုက်သည်။

"ရောက်လာကြပြီလား။"

သမားတော်ကြီးသည် ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်း၏ နောက်ဆုံးကွက်ကို အဆုံးသတ်လိုက်ပြီးနောက် လေ့ကျင့်မှုကို ပေါ့ပါးစွာ နိဂုံးချုပ်လိုက်သည်။

"ဆရာ... ဆရာ့ရဲ့ ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းက ပြီးပြည့်စုံခြင်းရဲ့ အထွတ်အထိပ်ကို ရောက်နေပါပြီ၊ ကျွန်တော့်ထက် အများကြီး သာလွန်နေတာပဲနော်။"

လုချင်းက အံ့ဩတကြီးဖြစ်သွားသည်။

ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေသော ဆရာ့၏ လက်သီးသိုင်းသည် လုချင်း မရောက်ရှိနိုင်သေးသော အရာတစ်ခု ဖြစ်သည်။

"ဘာပဲပြောပြော ငါက မင်းထက် ဆယ်စုနှစ်များစွာ ပိုပြီး လေ့ကျင့်ခဲ့တာလေ၊ နည်းနည်း ပိုကျွမ်းကျင်တာက သဘာဝကျပါတယ်ကွာ။"

သမားတော်ကြီးက ရယ်မောလိုက်သည်။

"ပြီးခဲ့တဲ့ရက်နည်းနည်းလေးအတွင်းမှာ ဆရာ ကောင်းကောင်း ညှိယူထားပုံ ရတယ်။"

လုချင်းသည် မွေးရာပါနယ်ပယ်သို့ တက်လှမ်းရန် တာစူနေသော အားကောင်းသည့် သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်း လက္ခဏာမပြဘဲ သာမန်အဘိုးအိုတစ်ဦးနှင့် တူနေသော သူ့ဆရာကို လေ့လာကြည့်လိုက်သည်။

လုချင်းပင်လျှင် သူ့နတ်မျက်စိစွမ်းရည်ကို မသုံးဘဲနှင့် ပုံမှန်မဟုတ်တာ ဘာမှ မမြင်ရပေ။

ဤသည်မှာ ဆရာ၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းသည် အံ့သြဖွယ် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီး သွေးချီစွမ်းအင် အနည်းငယ်မျှပင် ယိုစိမ့်မထွက်နေကြောင်း ပြသနေလေ၏။

"မင်းက ငါ့ထက်တောင် နည်းနည်း ပိုသန်မာနေပြီ၊ ကြွက်သားနဲ့အရိုးအဆင့်ကို မြန်မြန်ဆန်ဆန် ရောက်လာတာပဲ။"

သူ့လက်ရှိ အဆင့်နှင့်ဆိုလျှင် သမားတော်ကြီးသည် လုချင်း၏ တိုးတက်မှုကို တစ်ချက်ကြည့်ရုံဖြင့် သဘာဝကျကျ မြင်နိုင်ပေ၏။

အပြန်အလှန် ချီးကျူးပြီးနောက် အဖွဲ့သည် ခြံဝင်းထဲသို့ ဝင်လာကြသည်။

"ဆရာ... ဘယ်နေရာမှာ အဆင့်တက်ဖို့ စီစဉ်ထားလဲဗျ။"

လုချင်းက မေးလိုက်သည်။

"ဒီခြံဝင်းထဲမှာပါပဲ။ ငါ ဒီမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ၊ အဲ့တော့ ဒီနေရာက အရင်းနှီးဆုံးပဲ။ ပြီးတော့လည်း ခြံဝင်းထဲက ဆေးပင်နံ့တွေက ငါ့ကို စိတ်ငြိမ်းချမ်းအောင်လို့ လုပ်ပေးတယ်လေ။"

သမားတော်ကြီးက ပြန်ဖြေလိုက်သည်။

လုချင်းလည်း ခေါင်းညိတ်လိုက်သည်။

သူ့စိတ်ထဲရှိ အမွေအနှစ်များအရ မွေးရာပါနယ်ပယ်သို့ အဆင့်တက်ခြင်းသည် ပြင်ပ ပတ်ဝန်းကျင်အတွက် တင်းကျပ်သော လိုအပ်ချက်များ မရှိကြောင်း သူ သိသည်။

မူလချီသည် နေရာတိုင်းတွင် ရှိနေသဖြင့် အဆင့်တက်လှမ်းသွားသည်နှင့် နေရာဒေသသည် ကျင့်ကြံသူ၏ ချီကို ခန္ဓာကိုယ်ထဲ ဆွဲသွင်းနိုင်မှုအပေါ် သိသိသာသာ သက်ရောက်မှု မရှိပေ။

သေချာသည်မှာ အချို့သော ကျော်ကြားသည့် တောင်များနှင့် မြစ်များ၊ သဘာဝ ကောင်းချီးပေးထားသော နယ်မြေများသည် မွေးရာပါ မူလချီ ပေါများသဖြင့် အဆင့်တက်ခြင်း အောင်မြင်ရန် အခွင့်အလမ်း ပိုများစေသည်။

သို့သော် ထိုကဲ့သို့သော ကောင်းချီးပေးထားသော နယ်မြေများကို အားကောင်းသော အင်အားစုများက သိမ်းပိုက်ထားလေ့ရှိပြီး လုချင်းနှင့် သူ့ဆရာတို့ လက်လှမ်းမမီနိုင်ပေ။

ထို့ကြောင့် ဆရာသည် သူ့အိမ်တွင်ပဲ ငြိမ်းချမ်းမှုကို ခံစားရသဖြင့် ဤနေရာသည် သူ့အဆင့်တက်ရန် အကောင်းဆုံးနေရာပင် ဖြစ်သည်။

"အားချင်း... ဒါက မွေးရာပါနယ်ပယ်ကို အဆင့်တက်ဖို့ ငါ့ရဲ့ ပထမဆုံး ကြိုးစားမှုပဲ။ သေချာ ကြည့်ထား၊ မင်း တစ်ခုခု ရချင်ရလာနိုင်တယ်။"

ထို့နောက် သမားတော်ကြီးသည် လေးနက်သော မျက်နှာထားဖြင့် သူ ရေနွေးကြမ်း သောက်လေ့ရှိသော ကျောက်စားပွဲပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်တော့၏။

"ဟုတ်ကဲ့..."

လုချင်းလည်း လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ရှောင်ယန်နှင့် ရှောင်လီကို ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်လည်း အဘိုးချန်ကို သေချာ ကြည့်ထားကြ။"

မွေးရာပါနယ်ပယ်သို့ အဆင့်တက်ခြင်းကို အနီးကပ် လေ့လာခွင့်ရခြင်းသည် မည်သည့် မွေးဖွားပြီးနယ်ပယ် သိုင်းသမားအတွက်မဆို ကြီးမားသော အခွင့်အရေး ဖြစ်သည်။

ထို့ကြောင့်ပင် လုချင်းသည် သူတို့နှစ်ဦးကိုပါ ခေါ်လာခဲ့ခြင်းပင်။

သူတို့မှာ ငယ်ရွယ်ပြီး ဘာမှမသိသေးသော်ငြား အဆင့်တက်ခြင်း၏ အနှစ်သာရသည် တာရှည်ခံသော အမှတ်တရအဖြစ် ကျန်ရစ်စေပြီး သူတို့၏ အနာဂတ် ကြီးထွားမှုအတွက် များစွာ အကျိုးပြုပေလိမ့်မည်။

ရှောင်လီကဲ့သို့ ဝိညာဉ်သားရဲများပင် ချွင်းချက် မဟုတ်ပေ။

ဤအရာများသည် ခန့်မှန်းချက် သက်သက်တော့ မဟုတ်နေပေ။ လီဝေ့ထျန်း၏ အမွေအနှစ်တွင် ဤအချက်အလက်များကို တိကျစွာ မှတ်တမ်းတင်ထားပါ၏။

အချို့သော ဂိုဏ်းကြီးများတွင် တစ်စုံတစ်ယောက်က မွေးရာပါနယ်ပယ်သို့ အဆင့်တက်သောအခါ အဓိက တပည့်များအတွက် အဆင့်တက်ခြင်း၏ အနှစ်သာရကို ခံစားနိုင်ရန် ကြည့်ရှုပွဲများ ကျင်းပလေ့ရှိသည်။

ရည်ရွယ်ချက်မှာ မွေးရာပါနယ်ပယ် အဆင့်တက်ခြင်းက တပည့်များကို ကောင်းချီးပေးနိုင်ပြီး ထိုးထွင်းသိမြင်မှုများ ရရှိစေကာ သူတို့၏ ကျင့်ကြံမှု ခရီးစဉ်တွင် ပိုမို ချောမွေ့စွာ တိုးတက်စေရန် မျှော်လင့်ခြင်း ဖြစ်သည်။

လုချင်း၏ စကားကို ကြားသောအခါ ကလေးနှစ်ယောက်လည်း မျက်လုံးများ ပြူးကျယ်သွားပြီး သမားတော်ကြီးကို စူးစိုက်ကြည့်နေကြသည်။

အထူးသဖြင့် ဝိညာဉ်သားရဲ အာရုံခံစားမှု ရှိသော ရှောင်လီသည် သမားတော်ကြီးထံတွင် အံ့ဖွယ်ရာ တစ်ခုခု ဖြစ်ပျက်တော့မည်ကို ကောင်းစွာ သိရှိနေလေ၏။

သမားတော်ကြီးသည် မျက်လုံးများကို မှိတ်လိုက်ပြီး ငြိမ်သက်စွာ အသက်ရှူကာ သူ့အခြေအနေကို အကောင်းဆုံး အနေအထားသို့ ညှိယူလိုက်သည်။

ထို့နောက် သူသည် စေ့စပ်သေချာစွာ သန့်စင်ထားသော သူ၏ စိတ်ဝိညာဉ်စွမ်းအားကို စုစည်းပြီး သူ့ဒျန်ထျန်ရှိ ချီကြောဆီသို့ ဦးတည်လိုက်သည်။

မွေးဖွားပြီးနယ်ပယ် သိုင်းသမားတစ်ဦး မွေးရာပါနယ်ပယ်သို့ အဆင့်တက်ရန်အတွက် ပထမအဆင့်မှာ စိတ်ဝိညာဉ်စွမ်းအားကို သန့်စင်ရန် ဖြစ်သည်။

ဒုတိယအဆင့်မှာ ဤစိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ဒျန်ထျန်ရှိ ချီ‌ကြောကို ဖွင့်ရန် ဖြစ်သည်။

တတိယအဆင့်မှာ မူလချီကို ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းပြီး ဒျန်ထျန်ရှိ ချီ‌ကြောထဲသို့ လမ်းညွှန်ကာ ထူးခြားသော မွေးရာပါချီအဖြစ် သန့်စင်ရန် ဖြစ်သည်။

မွေးရာပါချီ ဖြစ်ပေါ်လာမှသာ မွေးရာပါနယ်ပယ်သို့ အမှန်တကယ် အဆင့်တက်နိုင်မည် ဖြစ်သည်။

ဤအဆင့်များထဲတွင် ဒုတိယနှင့် တတိယအဆင့်ကို ခွဲခြား၍ မရပေ။

အကယ်၍ ဒျန်ထျန်ရှိ ချီကြော ပွင့်သွားသော်လည်း မူလချီ၏ အာဟာရဖြည့်တင်းမှုကို အချိန်မီ မရရှိပါက ၎င်းသည် လျင်မြန်စွာ ကျုံ့သွားပြီး ပိတ်သွားပေလိမ့်မည်။

ထိုအခါ၌ ပြန်ဖွင့်ရန်မှာ ဆယ်ဆ ပိုခက်ခဲသွားမည်ပင်။

ထို့ကြောင့် မွေးဖွားပြီးနယ်ပယ် ပြီးပြည့်စုံခြင်းမှ မွေးရာပါနယ်ပယ်သို့ ပထမဆုံး အဆင့်တက်ခြင်းသည် အရေးအကြီးဆုံး ဖြစ်သည်။

အကယ်၍ အဆင့်တက်နေစဉ် နှောင့်ယှက်ခံရခြင်း သို့မဟုတ် တိုက်ခိုက်ခံရခြင်းကြောင့် ချီကြော ပိတ်သွားပါက ထပ်မံ အဆင့်တက်ရန် အလွန် ခက်ခဲသွားပေလိမ့်မည်။

ထိုကဲ့သို့ လုပ်ရပ်များသည် တစ်စုံတစ်ယောက်၏ လမ်းကြောင်းကို ဖြတ်တောက်ခြင်းနှင့် တူသဖြင့် အရင်းနှီးဆုံး ဆွေမျိုးသားချင်းများ ကြားတွင်ပင် ရန်ငြိုးဖွဲ့စေနိုင်သည်။

ဤ အရေးကြီးသော အချက်ကို သိထားသဖြင့် လုချင်းသည် အဆင့်တက်နေစဉ် သူ့ဆရာကို ကာကွယ်ပေးရန် အခိုင်အမာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သမားတော်ကြီး၏ စိတ်လမ်းညွှန်မှုအောက်တွင် သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ဒျန်ထျန်သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ချီ‌ကြောတံခါးကို ရှာတွေ့လိုက်သည်။

ဒျန်ထျန်ရှိ ချီ‌ကြောတံခါးသည် လက်တွေ့နှင့် စိတ်ကူးယဉ်ကြားတွင် တည်ရှိပြီး နက်နဲကာ လျှို့ဝှက်ဆန်းကြယ်သဖြင့် သိုင်းသမားတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအားဖြင့်သာ အာရုံခံနိုင်သည်။

ထို့ကြောင့် မွေးဖွားပြီးနယ်ပယ် ပြီးပြည့်စုံမှုတွင် စိတ်ဝိညာဉ်စွမ်းအားကို သန့်စင်ပြီးမှသာ မွေးရာပါနယ်ပယ်သို့ အဆင့်တက်ရန် မျှော်လင့်နိုင်သည်ဟု ဆိုရိုးရှိခြင်း ဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအား မရှိဘဲ၊ ချီ‌ကြောတံခါးကို အာရုံမခံနိုင်ပါက မည်မျှပင် သန်မာစေကာမူ မွေးရာပါနယ်ပယ်သို့ အဆင့်တက်ရန် ချီ‌ကြောကို မဖွင့်နိုင်ပေ။

မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကို သောက်သုံးထားသဖြင့် သမားတော်ကြီး၏ ခန္ဓာကိုယ်သည် အသက်စွမ်းအားနှင့် ပြည့်ဝနေပြီး ပြီးပြည့်စုံစွာဖြင့် မျှတနေလေကာ ချီကြော လျော့ရဲနေသည်။

ထို့ကြောင့် ချီကြောတံခါးကို ရှာတွေ့သောအခါ သူသည် ၎င်းကို ချောမွေ့စွာ ဖွင့်လိုက်ပြီး ချီကြောကို ထွင်းထုလိုက်သည်။

အသစ်ဖွင့်လိုက်သော ချီ‌ကြောသည် ကျိုးပဲ့လွယ်ပြီး မတည်ငြိမ်သဖြင့် ၎င်းကို ဂရုတစိုက်ဖြင့် တည်ငြိမ်မှုရစေရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုရသည်။

ဤသည်မှာ စေ့စပ်သေချာသော အလုပ်ဖြစ်ပြီး သိုင်းသမားထံမှ မြင့်မားသော စိတ်တည်ငြိမ်မှုကို လိုအပ်လှပါ၏။

စိတ်မရှည်ခြင်း သို့မဟုတ် အင်အား အလွန်အကျွံ သုံးစွဲခြင်းသည် ချီ‌ကြောကို ထိခိုက်စေနိုင်ပြီး အဆင့်တက်ခြင်း အောင်မြင်လျှင်တောင် အခြေခံအုတ်မြစ်ကို ထိခိုက်စေကာ မွေးရာပါနယ်ပယ် အစပိုင်း အဆင့်တွင် ပိတ်မိနေစေနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် သမားတော်ကြီးသည် သူ၏ ရှည်လျားသော သက်တမ်းတစ်လျှောက် မရေမတွက်နိုင်သော သေခြင်းနှင့် ရှင်ခြင်း၊ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းတို့ကို မြင်တွေ့ခဲ့ရသဖြင့် သူ၏ စိတ်ကို တည်ငြိမ်ပြီး မတုန်လှုပ်အောင် လေ့ကျင့်ထားခဲ့သည်။

စစ်မှန်သော မွေးရာပါနယ်ပယ် ကျွမ်းကျင်သူ အများအပြားပင် သူ့စိတ်တည်ငြိမ်မှုကို မယှဉ်နိုင်ပေ။

ထို့ကြောင့် သူသည် သူ၏ ချီ‌ကြောကို စေ့စပ်သေချာစွာ ပွတ်တိုက်ခဲ့ပြီး စိတ်ပင်ပန်းနွမ်းနယ်နေသည့်တိုင် စိတ်ရှည်သည်းခံခဲ့သည်။

နောက်ဆုံးတွင်တော့ သူ၏ စိတ်စွမ်းအား ထက်ဝက်ခန့် ကုန်ဆုံးသွားချိန်၌ ချီ‌ကြောသည် အပြည့်အဝ တည်ငြိမ်သွားကာ ပြန်မပိတ်တော့ပေ။

ချီကြောကို တည်ငြိမ်စေပြီးနောက် သမားတော်ကြီးသည် ဝိညာဉ်ရေးရာ ဉာဏ်အလင်း ပွင့်သွားတော့လေ၏။

သူသည် ကျန်ရှိနေသော စိတ်ဝိညာဉ်စွမ်းအားကို ဦးခေါင်းထိပ်ရှိ ပိုင်ဟွေ့ သွေးကြောအမှတ်ဆီသို့ ဦးတည်လိုက်သည်။ ၎င်းကို သွေးကြောများနှင့် သွေးကြောအမှတ်များ အားလုံး ဆုံတွေ့ရာ နေရာဟု ခေါ်ဆိုကြသည်။

မမြင်ရသော်လည်း သမားတော်ကြီးသည် ဖျော့တော့သော အသံတစ်ခုကို ကြားလိုက်ရသလို ဖြစ်သွားသည်။

ပိုင်ဟွေ့ သွေးကြောအမှတ် ပွင့်သွားသည်နှင့် သူသည် သူ၏ ချီကြောနှင့် ပြင်ပကမ္ဘာကြားရှိ ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုကို ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ယခင်က သတိမထားမိခဲ့သော ကမ္ဘာကြီးထဲတွင် နေရာအနှံ့ ရှိနေသည့် မူလချီကို အာရုံခံမိလိုက်သည်။

ကမ္ဘာကြီးရဲ့ နက်နဲလိုက်တဲ့ လျှို့ဝှက်ချက်ပါလား။

သမားတော်ကြီးသည် ကမ္ဘာကြီးကို အသစ်တဖန် သိမြင်လိုက်ရခြင်းကြောင့် စိတ်လှုပ်ရှားသွားသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ဤကမ္ဘာကြီးအပေါ် သိမြင်မှုထဲတွင် မိမိကိုယ်ကို ပျောက်ဆုံးသွားစေ၍ မရကြောင်း လျင်မြန်စွာ သဘောပေါက်လိုက်၏။

သို့မဟုတ်ပါက သူ့စိတ် ကုန်ခမ်းသွားမည်ဖြစ်ပြီး သူ့ဆန္ဒသည်လည်း မူလချီနှင့် ရောနှောသွားကာ ဘယ်တော့မှ နိုးထလာတော့မည် မဟုတ်ပေ။

သတိပြန်ဝင်လာပြီးနောက် သမားတော်ကြီးသည် ဆန်းကြယ်သော ဆက်သွယ်မှုမှတစ်ဆင့် မူလချီ တစ်မျှင်ကို သူ့ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို သတိထားပြီး အသုံးပြုလိုက်ကာ ဒျန်ထျန်ရှိ ချီကြောထဲသို့ လမ်းညွှန်လိုက်သည်။

မူလချီ ချီကြောထဲသို့ ဝင်ရောက်သည်နှင့် သူသည် လီဝေ့ထျန်း ချန်ထားခဲ့သော လျှို့ဝှက်နည်းလမ်းအတိုင်း စတင်သန့်စင်လိုက်တော့သည်။

ဤသည်မှာ နောက်ထပ် စေ့စပ်သေချာသော အလုပ်တစ်ခု ဖြစ်ပါ၏။

အချိန်ကာလမည်မျှပင် ကုန်ဆုံးသွားခဲ့မှန်း မသိရသည်အထိ အချိန်ကြာညောင်းသွားပြီးနောက်၌ သမားတော်ကြီးသည် မူလချီကို သူ၏ ကိုယ်ပိုင် မွေးရာပါချီ တစ်မျှင်အဖြစ် နောက်ဆုံး၌ သန့်စင်နိုင်ခဲ့လေသည်။

ဤ မွေးရာပါချီ ချီကြောထဲတွင် ပေါ်ထွက်လာခြင်းနှင့်အတူ ရှေးဟောင်း နတ်ဘုရားတစ်ပါးက ကောင်းကင်နှင့် မြေကြီးကို ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ယခင်က တည်ငြိမ်နေသော ချီကြောသည် ချက်ချင်း ကျယ်ပြန့်သွားပြီး ဒျန်ထျန်တစ်ခုလုံးနှင့် ပေါင်းစပ်သွားတော့၏။

ထိုအချိန်မှစ၍ ဒျန်ထျန်သည် ချီကြောဖြစ်သွားပြီး ချီကြောသည် ဒျန်ထျန် ဖြစ်သွားကာ ခွဲခြား၍ မရတော့ပေ။

ဒျန်ထျန် ချီကြော ဖြစ်ပေါ်လာခြင်းနှင့်အတူ ကွင်းဆက်တုံ့ပြန်မှုတစ်ခုလည်း ဖြစ်ပေါ်လာပြီး သမားတော်ကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးနှင့် ၊ သူ၏ စိတ်ဝိညာဉ်စွမ်းအားတို့မှာ အံ့သြဖွယ်ရာ ပြောင်းလဲမှုကို ကြုံတွေ့လိုက်ရတော့၏။

တစ်ချိန်တည်းမှာပင် ပြင်ပကမ္ဘာ၌ ထိတွေ့၍မရသော အနှစ်သာရတစ်ခု ပေါ်ထွက်လာသည်။

မရေမတွက်နိုင်သော မူလချီများ လျင်မြန်စွာ စုဝေးလာပြီး မြူခိုးဖြူအဖြစ် ဖွဲ့စည်းကာ သမားတော်ကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး သူ၏ ပြောင်းလဲမှုအတွက် လိုအပ်သော စွမ်းအင်ကို ပေးစွမ်းလိုက်သည်။

လုချင်းနှင့် ရှောင်ယန်တို့သည် ကောင်းကင်နှင့် မြေကြီး၏ အံ့သြဖွယ်ရာ ဆန္ဒကို ခံစားရင်း ဤ အံ့ဖွယ်မြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြလေသည်။

အစကတော့ တုန်လှုပ်နေခဲ့မိကာ နောက်ပိုင်းတွင်တော့ လုချင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပေါ်ပေါက်လာချေ၏၏။

"မြူခိုးဖြူ ပေါ်ထွက်လာပြီ... ဒါဆို မွေးရာပါနယ်ပယ်ကို ရောက်ပြီကွ။ ဆရာ မွေးရာပါနယ်ပယ်ကို အောင်အောင်မြင်မြင်နဲ့ အဆင့်တက်သွားပြီဟေ့"

သူ့စိတ်ထဲရှိ အမွေအနှစ်များဖြင့် ဤမြင်ကွင်း၏ အရေးပါမှုကို လုချင်း သဘာဝကျကျ နားလည်သည်။

မြူခိုးဖြူသည် အလွန် သိပ်သည်းသော မူလချီများ စုစည်းမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး မွေးဖွားပြီးနယ်ပယ်မှ မွေးရာပါနယ်ပယ်သို့ အဆင့်တက်ရန် ကြီးမားသော စမ်းသပ်မှုများကို ကျော်ဖြတ်ခဲ့သည့် သိုင်းသမားတစ်ဦးအတွက် ကောင်းကင်ဘုံမှ ဆုလာဘ် ဖြစ်သည်။

ဤ အလွန် သိပ်သည်းသော မူလချီဖြင့် သိုင်းသမားသည် သူတို့၏ ခန္ဓာကိုယ်ကို မွေးရာပါ ပုံစံအဖြစ် ပြောင်းလဲရန် လုံလောက်သော စွမ်းအင် ရရှိလေသည်။

ခန္ဓာကိုယ်၏ အင်အားသည် ကြီးမားစွာ တိုးတက်လာမည်ဖြစ်ပြီး သက်တမ်းမှာလည်း ရှည်ကြာလာကာ အသက် ၃၀၀ အထိ ရောဂါဘယ ကင်းရှင်းစွာ နေထိုင်နိုင်မည် ဖြစ်သည်။

မြူခိုးဖြူများ ဆက်လက် စုဝေးလာသည်နှင့်အမျှ လုချင်း၏ စိတ်နှလုံးမှာလည်း တင်းကျပ်လာရ၏။

မွေးဖွားပြီးနယ်ပယ် ပြီးပြည့်စုံမှုမှ မွေးရာပါနယ်ပယ်သို့ အဆင့်တက်ရန် သိုင်းသမားတစ်ဦးစီအတွက် အချိန် ကွာခြားကြသည်။

ပြောင်းလဲမှု ကြာရှည်လေ၊ သိုင်းသမား၏ အခြေခံအုတ်မြစ် ပိုခိုင်မာလေ ဖြစ်ပြီး အနာဂတ် တိုးတက်မှုအတွက် အလားအလာ ပိုကြီးလေ ဖြစ်သည်။

ယေဘုယျအားဖြင့် သာမန် မွေးရာပါနယ်ပယ် အဆင့်တက်ခြင်းသည် ၁၅ မိနစ်အတွင်း ပြောင်းလဲမှု ပြီးဆုံးလေ့ရှိသည်။

အလွန် ခိုင်မာသော အခြေခံအုတ်မြစ်ရှိသည့် အချို့သော သိုင်းပညာ ပါရမီရှင်များသည် ပိုမိုကြာရှည်သော ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိပြီး မွေးရာပါနယ်ပယ် သိုင်းသမားများကြားတွင် ထူးချွန်သူများ ဖြစ်လာကြသည်။

သဘာဝကျစွာပင် လုချင်းသည် သူ့ဆရာ၏ ပြောင်းလဲမှုကို တတ်နိုင်သမျှ ကြာရှည်ရန် မျှော်လင့်မိခဲ့ပါ၏။

သို့သော် သူ့ဆရာသည် သိုင်းပညာ ကျင့်ကြံမှုကို အထူးတလည် စွဲလမ်းခြင်း မရှိကြောင်းကိုလည်း သူ သိထားသဖြင့် ဆရာ၏ ပြောင်းလဲမှု မည်မျှ ကြာရှည်မည်ကို သူ မသေချာပေ။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီး၏ အံ့သြဖွယ်ရာ ဆန္ဒသည် လုချင်းနှင့် ရှောင်ယန်ကို ဆက်လက် တုန်လှုပ်စေခဲ့သည်။

ထိုအချိန်တွင် မူလချီဖြင့် ဖွဲ့စည်းထားသော မြူခိုးဖြူ အမျှင်တန်းများသည် သူတို့အပေါ်သို့လည်း ကျရောက်လာပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားလေသည်။

ဤသည်မှာ မွေးရာပါနယ်ပယ် အဆင့်တက်ခြင်းကို မျက်မြင်တွေ့ရခြင်း၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး၏ ဆန္ဒ အမှတ်အသားနှင့် မူလချီ မြူခိုးဖြူ နှစ်ခုစလုံးသည် လုချင်းနှင့် တခြားသူများအတွက် များစွာ အကျိုးရှိပါ၏။

၎င်းတို့သည် သူတို့၏ အနာဂတ် ကျင့်ကြံမှု ခရီးစဉ်ကို ပိုမို ချောမွေ့စေလိမ့်မည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ လုချင်းမှာ မိနစ်များကို ရေတွက်နေမိလေသည်။

ဖြည်းဖြည်းချင်း သူ့ပါးစပ်မှာ အံ့သြမှုကြောင့် ပိုကျယ်လာရသည်။

သူ့ဆရာ၏ ပြောင်းလဲမှုသည် နာရီဝက်ခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။ ဤသည်မှာ မွေးရာပါနယ်ပယ် အဆင့်တက်ခြင်းအတွက် ပုံမှန်အချိန်၏ နှစ်ဆပင်။

"ဆရာက ဒီလောက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ခဲ့တာလား၊ ဒါမှမဟုတ် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ရဲ့ အာနိသင်ကြောင့်လား။"

လုချင်းတစ်ယောက် အံ့အားသင့်နေမိ၏။

သူ့အံ့သြနေသည့်ကြားတွင်ပဲ အချိန်သည်ကား ၄၅ မိနစ်ထက်တောင် ကျော်လွန်သွားခဲ့ပြီပင်။

နောက်ဆုံးတွင်တော့ သူ့ဆရာ ပတ်လည်ရှိ မြူခိုးဖြူများ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ခြံဝင်းကို လွှမ်းခြုံထားသော ထိတွေ့၍မရသည့် ကောင်းကင်နှင့် မြေကြီး၏ ဆန္ဒသည်လည်း တဖြည်းဖြည်း မှေးမှိန်သွားသည်ကို သူ မြင်လိုက်ရတော့၏။

သူ့ဆရာ၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ လုချင်း၏ မျက်လုံးများ ထပ်မံ ပြူးကျယ်သွားပြန်သည်။

သူ့ဆရာ၏ အသွင်အပြင်သည် သိသိသာသာ ပြောင်းလဲသွားသည်။

တစ်ချိန်က ဖြူနေသော ဆံပင်များသည် နက်မှောင်လာပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများသည်လည်း ပျောက်ကွယ်သွားပြီဖြစ်ကာ အသားအရေမှာလည်းစိုပြည်လာလေ၏။ သူသည် ဆယ်စုနှစ်များစွာ ငယ်ရွယ်သွားပုံရပြီး လူလတ်ပိုင်းအရွယ်ဟုတောင် ထင်မှတ်ရလောက်ပါ၏။

"ကိုကို... သစ်ပင်က ပန်းတွေပွင့်နေတယ်"

ထိုအချိန်တွင် ရှောင်ယန်က အံ့သြစွာဖြင့် ပြောလာသည်။

ကျောက်စားပွဲဘေးရှိ ရှည်လျားသော ဇီးပင်အိုကြီးသည် ယခုအခါ အဖြူရောင် အပွင့်များဖြင့် ဖုံးလွှမ်းနေပြီး သူ့ဆရာကို အရိပ်မိုးပေးထားကြောင်း လုချင်းလည်း သတိထားမိလိုက်သည်။

ဤ နှင်းကဲ့သို့ ဖြူဖွေးသော အပင်ကြီး၏အရိပ်အာဝါသအောက်တွင် သမားတော်ကြီးမှာ မျက်လုံးများကို ဖွင့်လိုက်တော့၏။

သူ့အကြည့်မှာ လှိုင်းဂယက်မထဘဲ ငြိမ်သက်နေသည့် ပင်လယ်ပြင်ကြီးကဲ့သို့ပင် တည်ငြိမ်နေလေသည်။

"မွေးရာပါနယ်ပယ်အဆင့်ကို အောင်အောင်မြင်မြင်နဲ့ ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ဆရာ။"

လုချင်းက ရှေ့တိုးပြီး ဂုဏ်ပြုစကား ဆိုလိုက်သည်။

"အေး... နောက်ဆုံးတော့ ငါ အဆင့်တက်နိုင်ခဲ့ပြီ။"

သမားတော်ကြီး၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အမြွက်များ ပေါ်လာပြီး သက်ပြင်းချလိုက်သည်။

ဤ အဆင့်တက်ခြင်းသည် ချောမွေ့ပြီး မြန်ဆန်လိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း မမျှော်လင့်ထားသော အန္တရာယ်များ ပေါ်ပေါက်ခဲ့သည်။

အထူးသဖြင့် သူ့စိတ်က ပိုင်ဟွေ့ သွေးကြောအမှတ်ကို ဖြတ်ပြီး မူလချီကို အာရုံခံရန် ကြိုးစားစဉ်က ဖြစ်သည်။ အကယ်၍ သူသာ အသိစိတ် မြန်မြန် မပြန်ဝင်ခဲ့လျှင် သူ့ဆန္ဒသည် ပေါင်းစပ်သွားပြီး ဝိညာဉ်မရှိသော ခန္ဓာကိုယ်အဖြစ်သာ ကျန်ရစ်ခဲ့နိုင်သည်။

အမှန်ပင်၊ ကျင့်ကြံမှုလမ်းစဉ်သည် ခြေလှမ်းတိုင်းတွင် သတိထားရန် လိုအပ်လှပါ၏။

မည်မျှပင် ပြင်ဆင်ထားပါစေ၊ အဆင့်တက်ခြင်းဖြစ်စဉ်များတွင် အန္တရာယ်များ ပုန်းအောင်းနေဆဲပင်။

ဤအရာများကို ကိုယ်တိုင် မကြုံတွေ့ရဘဲနှင့်တော့ အမှန်တကယ် နားမလည်နိုင်ပေ။

"အဘိုးချန်... အဘိုးကို ကြည့်ရတာ အရမ်းကို ငယ်သွားတာပဲနော်"

ထိုအချိန်တွင် ရှောင်ယန်က အနားသို့ ရောက်လာပြီး အတော်လေးကို အံ့သြစွာဖြင့် ပြောလာချေ၏။

"ဟော... တကယ်လား။"

သမားတော်ကြီးမှာ သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။

"ဒါ ဘာကြီးလဲ။ ငါက အသက်ကြီးနေပြီပဲဟာ၊ ငယ်သလို ဖြစ်နေတာက ရယ်စရာပဲ ဖြစ်နေမှာ။"

ထိုသို့ ပြောပြီးနောက် သူသည် နည်းစနစ်တစ်ခုခုကို သုံးလိုက်ပုံရပြီး သူ့ချီနှင့်သွေးကို လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။

ထိုအခါမှ သူ့ဆံပင်များ ပြန်ဖြူသွားပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများ ပြန်ပေါ်လာသည်။

စိတ်နေသဘောထား ပြောင်းလဲမှုမှလွဲ၍ သူ၏ မူလပုံစံအတိုင်း ပြန်ဖြစ်သွားတော့၏။

"ဆရာ... ဒါ ဘာလုပ်လိုက်တာလဲ။"

လုချင်း တုန်လှုပ်သွားသည်။

"ချီနဲ့သွေးကို ထိန်းချုပ်တဲ့ နည်းစနစ်တစ်ခုပါပဲ။"

သမားတော်ကြီး ရယ်မောလိုက်သည်။

"ငါက အသက်ကြီးနေပြီ၊ ငယ်ရွယ်တဲ့ပုံ ပေါက်နေပြီး ဘာလုပ်မှာလဲ။ လူတွေ ငါ့ကို ဒီလို မြင်ရင် မကောင်းဆိုးဝါးလို့ ခေါ်ကြမှာပေါ့။ အဲ့ဒီအခါကျရင် လူနာတွေကို ငါ ဘယ်လို ဆက်ကုပေးရမလဲ။"

ဤအခိုက်၌ လုချင်းတစ်ယောက် စကားမပြောနိုင် ဖြစ်သွားရတော့၏။

ဆရာသည် စစ်မှန်သော ကုသသူတစ်ဦး၏ အနှစ်သာရကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။

မွေးရာပါနယ်ပယ် ကျွမ်းကျင်သူ ဖြစ်လာပြီးသည့်တိုင် သူ့ပထမဆုံး အတွေးမှာ လူနာကို ကုသရန်ပင်။

ထိုကဲ့သို့သော ရိုးသားသည့် နှလုံးသားမျိုးမှာ အမှန်ပင် ရှားပါးလှပါ၏။

ထို့အပြင် လုချင်းသည် မည်သည့် ရုပ်ဖျက်နည်းစနစ်ထက်မဆို သာလွန်သော အသွင်အပြင်ကို စိတ်ကြိုက် ပြောင်းလဲနိုင်သည့် ဆရာ၏ နည်းစနစ်ကို အံ့သြနေမိသည်။

မွေးရာပါနယ်ပယ်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှလေ၏။

"ဆရာ... အခု မွေးရာပါနယ်ပယ်ကို ရောက်သွားပြီဆိုတော့ မွေးဖွားပြီးနယ်ပယ်နဲ့ ဘာကွာခြားသွားပြီလဲဗျ။"

လုချင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

All Chapters