← Chapters

မွေးရာပါနယ်ပယ်၏ လျှို့ဝှက်ချက်နှင့် နောက်ထပ် အဆင့်တက်ခြင်း

Vol. 12 Ch. 117

မွေးရာပါနယ်ပယ်၏ လျှို့ဝှက်ချက်နှင့် နောက်ထပ် အဆင့်တက်ခြင်း

Vol. 12 Ch. 117

"မွေးရာပါနယ်ပယ်လား"

သမားတော်ကြီး၏ မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သော အမူအရာ ပေါ်လာသည်။

"ဒါက အံ့ဖွယ် နယ်ပယ်တစ်ခုပဲ၊ ဒါပေမဲ့ နားလည်ဖို့ဆိုရင် မင်းကိုယ်တိုင် ကြုံတွေ့ရမှ ဖြစ်မယ်။"

ထိုသို့ ပြောပြီးသည်နှင့် အားကောင်းသော အရှိန်အဝါတစ်ခုက သမားတော်ကြီးထံမှ ထွက်ပေါ်လာပြီး လုချင်းကို လွှမ်းခြုံလိုက်သည်။

မျက်တောင်တစ်ခတ်စာအတွင်းမှာပင် လုချင်းသည် လေးလံသော တောင်ကြီးတစ်လုံးက သူ့အပေါ် ဖိချထားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုစဉ် ပတ်ဝန်းကျင် လေထုမှာလည်း အေးခဲသွားသကဲ့သို့နှယ် ဖြစ်နေပြီး လက်တစ်ချောင်းပင် လှုပ်ရှား၍ မရတော့ပေ။

လုချင်း၏ မျက်လုံးများမှာ ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားသည်။

သူ့ဆရာက သူ့ကို ဒုက္ခမပေးဘူးဆိုတာ သိသော်လည်း သမုဒ္ဒရာနက်နက်ထဲ ရောက်နေသကဲ့သို့ အသက်ရှူကျပ်သော ခံစားမှုက သူ့ကို ကြောက်လန့်အောင်လုပ်ဆဲ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ယင်းအရှိန်အဝါသည် ခဏတာသာ ရှိနေခဲ့ပါ၏။ မွေးရာပါနယ်ပယ်၏ ဖိအားကို လုချင်းအား ခံစားစေပြီးနောက်၌ သမားတော်ကြီးက ပြန်ရုပ်သိမ်းလိုက်သည်။

ထိုအခါမှ လုချင်းလည်း ရုတ်တရက် စိတ်သက်သာရာ ရသွားပြီး ယခင်က အသက်ရှူကျပ်မှုသည် စိတ်ကူးယဉ်မှု တစ်ခုကဲ့သို့နှယ် ပျောက်ကွယ်သွားတော့သည်။

ရှောင်ယန်နှင့် ရှောင်လီတို့အတွက်မူ သူတို့သည် ကြောင်တောင်တောင် ဖြစ်နေပြီး လုံးဝ ထိခိုက်မှုမရှိကာ ဆရာ၏ အရှိန်အဝါကို လုံးဝ အာရုံမခံမိကြပေ။

သို့သော် လုချင်းကတော့ စိတ်ကူးယဉ်မှု မဟုတ်ကြောင်း သိသည်။ စောစောက သူ အမှန်တကယ် မလှုပ်ရှားနိုင်ခဲ့ပေ။

အကယ်၍ သူ့ဆရာသာ သူ့ကို သတ်ချင်ခဲ့လျှင် အတွေးတစ်ချက်လောက်နှင့်ပင် အလွယ်လေး သတ်ပစ်လို့ရပါ၏။

"ဆရာ... စောစောက ဘာလဲဟင်။"

လုချင်းက အလျင်အမြန် မေးလိုက်သည်။

မွေးရာပါနယ်ပယ်နှင့် ပတ်သက်သော ဗဟုသုတများကို အမွေဆက်ခံထားသော်လည်း အမွေအနှစ်သည် အသေးစိတ်အချက်အလက်တိုင်းကို မပေးနိုင်ပေ။

ထို့ပြင် လီဝေ့ထျန်းသည် စကားအများကြီး ပြောတတ်သူ မဟုတ်ပေ။

"စောစောက ငါ ပြလိုက်တာက မွေးရာပါနယ်ပယ်ရဲ့ ထူးခြားတဲ့ ဖိအားပေါ့ တစ်နည်းပြောရရင် မွေးရာပါနယ်ပယ် ဖိအားပေါ့ကွာ။"

သမားတော်ကြီးက ရှင်းပြလိုက်သည်။

"စိတ်ဝိညာဉ်စွမ်းအားကို ပြီးပြည့်စုံအောင် သန့်စင်ထားတဲ့ မွေးဖွားပြီးနယ်ပယ် သိုင်းသမားတစ်ယောက်က ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေ အကူအညီနဲ့ မွေးရာပါနယ်ပယ်ကို အဆင့်တက်လိုက်တဲ့အခါ သူတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက မြန်မြန်ဆန်ဆန်နဲ့ အားအင်တွေတိုးတက်လာပြီး စွမ်းအားတွေလည်း အများကြီး ရလာတယ်လေ။"

"အဲ့ဒီစိတ်ဝိညာဉ်စွမ်းအားက မွေးရာပါနယ်ပယ်ရဲ့ အရှိန်အဝါနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာကျ ထူးခြားတဲ့ ဖိအားတစ်ခု ဖြစ်လာတော့တာပဲ။ အဲ့ဖိအားက လူတွေကို တိုက်ရိုက်တော့ ဒုက္ခမပေးနိုင်ပေမဲ့လည်း သိုင်းသမားတစ်ယောက်ရဲ့ စိတ်ကိုတော့ ခြိမ်းခြောက်နိုင်တယ်လေ။ မွေးဖွားပြီးနယ်ပယ် သိုင်းသမားတွေက စိတ်ဓာတ်ခိုင်မာမှုနဲ့ ဇွဲလုံ့လ ကြီးကြီးမားမားမရှိရင် ဒီခြိမ်းခြောက်မှုကနေ လွတ်မြောက်ဖို့ဆိုတာ ခက်တယ်။"

"တချို့ သိုင်းသမားတွေက ခြိမ်းခြောက်မှုကို ခုခံနိုင်ရင်တောင် ဒီလိုဖိအားအောက်မှာ သူတို့စိတ်တွေ ရှုပ်ထွေးနေမှာမလို့ ခန္ဓာကိုယ်ကလည်း လေးလံနေလိမ့်မယ်။ အဲ့တာကြောင့် သူတို့မှာ ရှိတဲ့ အင်အားရဲ့ ၃၀ ဒါမှမဟုတ် ၄၀ ရာခိုင်နှုန်းထက် ပိုထုတ်သုံးဖို့ဆိုတာက အရမ်းခက်ခဲတယ်လေ။”

"မွေးရာပါနယ်ပယ် ဖိအားတဲ့လား။"

လုချင်း ရေရွတ်လိုက်သည်။

ယခုအချိန်တွင် သူသည် မွေးရာပါနယ်ပယ်၏ အင်အား အရိပ်အမြွက်ကို နောက်ဆုံး၌ ခံစားလိုက်ရသည်။

မွေးရာပါ ခန္ဓာကိုယ်၏ ခွန်အားနှင့် ဆန်းကြယ်သော မွေးရာပါချီ အကြောင်းကို ထည့်မပြောနှင့်ဦး။

မွေးရာပါနယ်ပယ် ဖိအား တစ်ခုတည်းနှင့်ပင် မွေးဖွားပြီးနယ်ပယ် သိုင်းသမားများကို ရင်ဆိုင်ရာတွင် သဘာဝ အားသာချက်ကို ပေးစွမ်းနိုင်ပေ၏။

"ဟုတ်တယ်... အဲ့ဒါ့ကြောင့် အားချင်း၊ အနာဂတ်မှာ မွေးရာပါနယ်ပယ်နဲ့ တွေ့ရင် မင်း သတိထားရမယ်၊ ဘယ်တော့မှ ပေါ့ပေါ့တန်တန် ရန်မစမိစေနဲ့။"

သူ့တပည့်တွင် ထူးခြားသော ပါရမီရှိပြီး မကြာမီ ကိုယ်တွင်းအင်္ဂါအဆင့်သို့ ရောက်ရှိနိုင်ကြောင်း သမားတော်ကြီး သိပါသည်။

ထူးခြားသော ပါရမီသည် ခိုင်မာသော ယုံကြည်မှုနှင့်အတူ ပါလာလေ့ရှိသည်။

လုချင်းအနေဖြင့် မွေးရာပါနယ်ပယ် တစ်ဦးနှင့် တွေ့ဆုံပြီး လေးစားမှုမရှိသည့်လုပ်ရပ်များလုပ်မိလျှင် ဖြစ်ပေါ်လာမည့် မနှစ်မြို့ဖွယ်ကိစ္စများကို သူ မလိုလားပေ။

အကယ်၍ ထိုသို့ ဖြစ်ခဲ့လျှင် ပါရမီ မည်မျှပင် ကောင်းမွန်ပါစေ၊ မွေးရာပါနယ်ပယ်၏အင်အားကို ဆန့်ကျင်ရာတွင် လုံးဝကို အရာရောက်မည် မဟုတ်ပေ။

"မွေးရာပါနယ်ပယ်ကို ရန်စလို့ မရဘူးလား"

လုချင်း ခေါင်းကုတ်လိုက်သည်။

"ဆရာ... ဆရာသာ ဒီစကားကို နည်းနည်းလောက်သာ စောပြောခဲ့ရင် အသုံးဝင်ချင်ဝင်ခဲ့မှာ၊ ဒါပေမဲ့ အခုတော့ နောက်ကျသွားပြီ။ ကျွန်တော် မွေးရာပါနယ်ပယ်က တစ်ယောက်ကို ရန်စမိလိုက်ပြီ ထင်တယ်။"

"မင်း ဘာကို ဆိုလိုတာလဲ။"

သမားတော်ကြီး လန့်သွားသည်။

“ပြီးခဲ့တဲ့ရက်တွေတုံးက တောင်ပေါ်မှာ ဆေးပင်ရှာနေတုန်း ဆရာမာ အလိုက်ခံနေရတာကို တွေ့ခဲ့တယ်လေ..."

"သခင်မဝေ့နဲ့ သခင်လေးဝေ့ကို လိုက်ဖမ်းနေတဲ့ အဲ့ဒီ လူယုတ်မာနှစ်ယောက်က ခရိုင်ထဲမှာ ဝေ့မိသားစုကို ဖိနှိပ်နေတဲ့ အင်အားစုကလို့ ကျွန်တော် သံသယရှိတယ်။ ကျွန်တော် သူတို့ကို သတ်လိုက်မိပြီမို့ သူတို့နောက်ကွယ်က အင်အားစုက ဒီကိစ္စကို လွှတ်ထားမှာ မဟုတ်လောက်ဘူး။"

လုချင်းသည် မာကူးနှင့် သခင်မဝေ့၏ သားအမိကို ကယ်တင်ခဲ့ခြင်း၊ ထျန်းချန်းဂိုဏ်းမှ တပည့်နှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်း အပါအဝင် လွန်ခဲ့သော ရက်အနည်းငယ်က အဖြစ်အပျက်များကို အသေးစိတ် ပြောပြလိုက်သည်။

သူ့ဆရာ အဆင့်မတက်သေးသဖြင့် ပြောလည်း အပိုဖြစ်မည် စိုးသောကြောင့် စောစောက သူ မပြောခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အရေးကြီးသော အဆင့်တက်ချိန်တွင် ဆရာ့ကို စိတ်မပူစေချင်ခဲ့ပေ။

ယခုတွင်တော့ ဆရာသည် မွေးရာပါနယ်ပယ်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ သူသည်လည်း ယင်းအဖြစ်အပျက်ကို ထုတ်ဖော်ပြောပြနိုင်ပြီ ဖြစ်သည်။

"ဒါက..."

လုချင်း၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် သမားတော်ကြီးမှာ တိတ်ဆိတ်သွားတော့၏။

မွေးရာပါနယ်ပယ်ကို ရန်မစဖို့ လုချင်းအား သတိပေးပြီးကာစတွင် လုချင်းက ရန်စခဲ့ပြီးပြီ ဖြစ်ကြောင်း၊ ဝါရင့် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးပင် ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော် လုချင်း မှားသည်ဟု သူ မပြောနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် အကယ်၍ သူသာ ထိုအခြေအနေမျိုး ကြုံခဲ့လျှင် သူသည်လည်း ဝင်ရောက်စွက်ဖက်မိမည်ကို သိသောကြောင့်ပင်။ မာကူးနှင့် သခင်မဝေ့ ဒုက္ခရောက်နေသည်ကို သူ လက်ပိုက်ကြည့်မနေနိုင်ပေ။

အများဆုံး သူ လုပ်နိုင်သည်မှာ ထိုနှစ်ယောက်ကို မသတ်ဘဲ ထားခဲ့ခြင်းသာ ဖြစ်နိုင်သည်။

သို့သော် သူ့တပည့်၏ စွမ်းရည်ကို သူ နားလည်သည်။

မကြာသေးမီကမှ လုချင်းသည် ကြွက်သားနှင့်အရိုးအဆင့် အစပိုင်းတွင်သာ ရှိသေးသည်။

ထိုမျှ အားကောင်းသော ရန်သူနှစ်ဦးကို ရင်ဆိုင်ရပြီး အသက်ရှင်ကျန်ရစ်ခြင်းကပင် အံ့ဩစရာ ဖြစ်နေပြီပင်။

သူ့ကို ညှာတာခိုင်းခြင်းက လက်တွေ့မကျပေ။

ထို့ကြောင့် ခဏတာလောက်အထိ သမားတော်ကြီးမှာ ဘာပြောရမှန်း မသိ ဖြစ်နေရှာ၏။

"ဆရာ... ကျွန်တော် တစ်ခုခု မှားလုပ်မိပြီလားဗျ။"

လုချင်းက စိုးရိမ်တကြီး မေးလိုက်သည်။

သမားတော်ကြီးက သက်ပြင်းချလိုက်သည်။

"မင်းက အသက်ကယ်ခဲ့တာပဲဟာ ၊ ဘယ်လိုလုပ် မှားနိုင်မှာလဲ။ ငါတို့ကံဆိုးလို့ ဒီလိုအခြေအနေမျိုး ကြုံရတာပါ။ အမှားအမှန်က ကိစ္စ မဟုတ်ပါဘူး။"

သူ့တပည့်က ထိုမျှလောက်အထိ အားကောင်းသော ပုဂ္ဂိုလ်မျိုးကို ရန်စမိခဲ့သည်ဟု တွေးမိရင်း သမားတော်ကြီးမှာ ရုတ်တရက်ကြီး သူ့အဆင့်တက်ခြင်းက သိပ်မပျော်စရာ ကောင်းတော့ကြောင်း ခံစားလိုက်ရသည်။

အကယ်၍ သူသာ အဆင့်မတက်ခဲ့လျှင် မွေးရာပါနယ်ပယ်၏ အင်အားကို နားလည်မည် မဟုတ်ဘဲ ယခုလောက် စိုးရိမ်မိမည် မဟုတ်ပေ။

"ဆရာ... ဆရာ အခု မွေးရာပါနယ်ပယ် ရောက်နေပြီဆိုတော့ တခြား မွေးရာပါနယ်ပယ်တွေကို သိပ်မကြောက်သင့်တော့ဘူး မဟုတ်လား။"

လုချင်းက မေးလိုက်သည်။

"မင်းဆရာက တခြား မွေးရာပါနယ်ပယ်တွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။"

သမားတော်ကြီးက ခါးသက်စွာ ပြုံးလိုက်သည်။

"ငါက သမားတော်တစ်ယောက်လေ၊ တိုက်ခိုက်ရေးမှာ မကျွမ်းကျင်ဘူးကွ။ ဒီတော့ တစ်သက်လုံး တိုက်ခိုက်ရင်း လူသတ်လာတဲ့ကောင်တွေကို ငါက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။"

"လီဝေ့ထျန်း ချန်ထားခဲ့တဲ့ အမွေအနှစ်နဲ့တောင် မရဘူးလားဗျ။"

သမားတော်ကြီး ရပ်တန့်သွားသည်။

ခဏတာ တိတ်ဆိတ်ပြီးနောက် သူ ပြန်ပြောလိုက်သည်။

"အဲ့ဒါ တစ်ခုတည်းသော ရွေးချယ်စရာပဲ။ ဒါပေမဲ့ အစ်ကိုကြီးလီဝေ့ထျန်း ချန်ထားခဲ့တဲ့ နည်းလမ်းတွေက နက်နဲတယ်။ ငါ သင်ယူနိုင်ပါ့မလားတောင် မသေချာဘူး။"

"ဆရာ သေချာပေါက် လုပ်နိုင်မှာပါ။ ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်း တစ်ခုတည်းနဲ့ ကိုယ်တွင်းအင်္ဂါအဆင့် အထွတ်အထိပ်ကို ရောက်နိုင်ခဲ့တဲ့ ဆရာက လီဝေ့ထျန်းရဲ့ နည်းစနစ်တွေကိုလည်း သေချာပေါက် ကျွမ်းကျင်နိုင်မှာပါ"

လုချင်းက မြှောက်ပင့်ပြောဆိုလိုက်သည်။

"ငါ့ကို မြှောက်မပြောနဲ့တော့။ ငါ့အကြောင်း ငါ သိပါတယ်။"

သမားတော်ကြီးက ပြုံးလျက် ဆူပူလိုက်သည်။

သို့သော် ဤအခြေအနေတွင် သူ့၌ ရွေးချယ်စရာ မရှိတော့ပေ။

လီဝေ့ထျန်း၏ အမွေအနှစ်မှ ရိုးရှင်းသော နည်းစနစ် တစ်ခုနှစ်ခုလောက် သင်ယူနိုင်မလား ကြည့်ရမည်။

ထို လျှို့ဝှက်ဆန်းကြယ်သော မွေးရာပါနယ်ပယ်ကို အနိုင်ယူဖို့ရန်အတွက် မဟုတ်ဘဲ သူ့တပည့်နှင့် ရွာသားများကို ကာကွယ်ရန်အတွက် အင်အားတွေ ပိုပြီးရရှိစေဖို့ ဖြစ်သည်။

သူ့ဆရာက အမွေအနှစ်ကို လေ့ကျင့်ရန် စီစဉ်နေသည်ကို မြင်ရသောအခါမှ လုချင်းလည်း တိတ်တဆိတ် စိတ်သက်သာရာ ရသွားတော့သည်။

သူ့ဆရာ၏ စရိုက်ကို သူ သိသည်။

ဖိအားအချို့ မရှိလျှင် အဆင့်တက်ပြီးသည့်တိုင် သူ့ဆရာသည် လီဝေ့ထျန်း ချန်ထားခဲ့သော နည်းစနစ်များကို လေ့ကျင့်ရမည့်အစား ဆေးပညာ လေ့လာခြင်းကိုသာ ပိုနှစ်သက်ပေလိမ့်မည်။

ကျောက်စိမ်းပြားထဲမှ နည်းစနစ်များကို သူ့ဆရာ သင်ယူနိုင်မလား ဆိုတာနှင့် ပတ်သက်၍ လုချင်း၌ သံသယ မရှိပေ။

သိုင်းပညာ နောက်ခံမရှိသော သူ့ဆရာသည် မပြည့်စုံသော နည်းစနစ်တစ်ခုကနေ ပြီးပြည့်စုံသော ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို ဖန်တီးနိုင်ခဲ့သည်။

ထို့ပြင် သူသည် လီဝေ့ထျန်း ချန်ထားခဲ့သော မွေးရာပါနယ်ပယ် လမ်းစဉ်ကို နားလည်သဘောပေါက်ခဲ့ပြီး ဝိညာဉ်ကို သန့်စင်ကာ အချိန်တိုအတွင်း မွေးရာပါနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

ဘယ်ရှုထောင့်က ကြည့်ကြည့် သူ့ဆရာသည် စစ်မှန်သော သိုင်းပညာပါရမီရှင် တစ်ဦးပင်။

ဆေးပညာအပေါ် ထားရှိသော သူ၏ မြှုပ်နှံမှုကသာ သူ၏ ကိုယ်ပိုင် ပါရမီအပေါ် ခံယူချက်ကို ဝေ့ဝါးစေခဲ့ခြင်း ဖြစ်သည်။

"ဆရာ... မွေးရာပါနယ်ပယ်တွေ ကျင့်ကြံတဲ့ မွေးရာပါချီမှာ ဓာတ်သဘာဝတွေ ရှိတယ်ဆိုတာ ကျွန်တော် သိတယ်။ ဆရာ့ရဲ့ ဓာတ်သဘာဝက ဘာလဲဗျ။"

လုချင်းက မေးလိုက်သည်။

"ငါ့ရဲ့ မွေးရာပါချီမှာ ဓာတ်သဘာဝ မရှိဘူး။"

သမားတော်ကြီး ခေါင်းခါလိုက်သောအခါ၌ လုချင်းမှာလည်း အံ့အားသင့်သွားလေ၏။

လုချင်း၏ ဇဝေ့ဇဝါဖြစ်မှုကို မြင်သောအခါ သမားတော်ကြီး ပြုံးလိုက်သည်။

မွေးရာပါနယ်ပယ် နည်းစနစ်များစွာကို အမွေဆက်ခံထားသော်လည်း သူ့တပည့်သည် ထိုနယ်ပယ်အကြောင်း အပေါ်ယံသာ နားလည်ထားကြောင်း သူ သိသည်။

ဘာပဲပြောပြော ကျင့်ကြံမှုလမ်းစဉ်သည် နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်လှပါ၏။ ကိုယ်တိုင် မကြုံတွေ့ဘဲနှင့်တော့ ထိုအရာများစွာကို အပြည့်အဝ နားမလည်နိုင်ပေ။

ရိုးရိုးရှင်းရှင်း ပြောရလျှင် အဆင့် မတက်လှမ်းနိုင်ဘဲနှင့် ပိုသိနေခြင်းက ပြီးပြည့်စုံသော နားလည်မှုကို ဖြစ်ပေါ်စေမည် မဟုတ်ပေ။

"နားလည်ဖို့ မခက်ပါဘူး။"

"လူ့ခန္ဓာကိုယ်က အံ့ဩစရာတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတယ်လေ။ ထူးခြားတဲ့ ပါရမီတွေ ဒါမှမဟုတ် မွေးရာပါ မသန်စွမ်းမှုတွေ ရှိသူကလွဲရင် သာမန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဓာတ်ကြီးငါးပါးလုံး ရှိနေတယ်လေ။ အဲ့ဓာတ်ကြီးငါးပါးက ဆက်တိုက် လည်ပတ်နေတာကြောင့်သာ လူကလည်း ကျန်းမာသန်စွမ်းပြီး ရောဂါဘယကင်းနေတာပေါ့ကွာ။ ဒီတော့ ဓာတ်သဘာဝ ခွဲခြားမှုက ဘယ်လိုလုပ် ရှိနိုင်မလဲ။"

"ကျမ်းစာတွေမှာ ဖော်ပြထားတဲ့ မွေးရာပါချီရဲ့ ဓာတ်သဘာဝတွေက မွေးရာပါ ပါလာတာ မဟုတ်ဘဲ ကျင့်ကြံသူရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုရလဒ်တွေပဲ။"

"မွေးရာပါနယ်ပယ်မှာ စတင်ကျင့်ကြံတဲ့ ကနဦး မွေးရာပါချီက ဓာတ်သဘာဝ မရှိဘူး၊ ကမ္ဘာကြီးဖြစ်တည်လာခဲ့တဲ့အစပိုင်းအချိန်တုံးကလိုမျိုး ဖြူစင်ပြီး ဗလာဖြစ်နေတဲ့ အခြေအနေမျိုးပေါ့။"

"နောက်ဆက်တွဲ ကျင့်ကြံမှုတွေကတစ်ဆင့် ကျင့်ကြံသူက သူ့စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီးတော့ ချီနဲ့ ပေါင်းစပ်ပြီး ၊ နည်းစနစ်ကို လည်ပတ်စေမှသာ ပြင်ပ ဓာတ်သဘာဝ ချီတွေကို ရွေးချယ်သန့်စင်နိုင်ပြီး သူတို့ရဲ့ အတွင်းပိုင်း မွေးရာပါချီကို ဓာတ်သဘာဝတစ်ခုအဖြစ် သတ်မှတ်ပေးနိုင်တာလေ။"

မွေးရာပါနယ်ပယ်သို့ ရောက်ရှိပြီးနောက် သမားတော်ကြီး၏ လီဝေ့ထျန်းကျောက်စိမ်းပြား၌ပါဝင်သော ကျင့်ကြံမှု ဗဟုသုတများအပေါ် နားလည်မှုသည်လည်း ပို၍ပင်ရှင်းလင်းလာခဲ့သည်။

သူက သူ့ထိုးထွင်းသိမြင်မှုများကို လုချင်းအား ရှင်းပြလိုက်သည်။

"ဒါဆိုရင် ဆရာ... မွေးရာပါနယ်ပယ်ကို ရောက်ပြီးတဲ့နောက်ပိုင်းမှာ ရွေးချယ်လိုက်တဲ့ နည်းစနစ်က မွေးရာပါချီရဲ့ ဓာတ်သဘာဝကို ဆုံးဖြတ်ပေးတာပေါ့နော်။"

လုချင်း နားလည်သွားသည်။

"ဒါပေါ့။ ကမ္ဘာပေါ်က အရာအားလုံးကို ဓာတ်ကြီးငါးပါးအဖြစ် ခွဲခြားနိုင်သလိုမျိုး ဓာတ်သဘာဝ ချီကိုလည်း ခွဲခြားနိုင်တယ်လေ။ ဘယ် ဓာတ်သဘာဝ ချီကို သန့်စင်မလဲ ဆိုတဲ့ ရွေးချယ်မှုက ကိုယ့် မွေးရာပါချီရဲ့ ဓာတ်သဘာဝကို ဆုံးဖြတ်ပေးတာပဲ။"

သမားတော်ကြီးက ခေါင်းညိတ်လိုက်သည်။

သူ့စိတ်ဝိညာဉ်စွမ်းအားတွေ ပိုင်ဟွေ့ သွေးကြောအမှတ်မှ ထွက်ပေါ်လာပြီးနောက် ကောင်းကင်နှင့် မြေကြီး၏ ရောင်စုံ ချီများကို အာရုံခံမိသောအခါ သမားတော်ကြီး၏ နားလည်မှုမှာလည်း နက်ရှိုင်းလာခဲ့သည်။

"ဓာတ်သဘာဝ ချီ ငါးမျိုးလုံးကို သန့်စင်ပြီး ကိုယ့် မွေးရာပါချီမှာ ဓာတ်ငါးပါးလုံး ရှိလာအောင်ကော လုပ်လို့ ရမလား။"

လုချင်း တွေးမိသည်။

"သီအိုရီအရတော့ ရနိုင်တယ်၊ ဒါပေမဲ့ လူ့စွမ်းအင်က အကန့်အသတ် ရှိတယ်လေ။ ချီတစ်မျိုးတည်းကို သန့်စင်တာကတင် မွေးရာပါနယ်ပယ် ကျင့်ကြံသူ တစ်ယောက်ရဲ့ အချိန်အများစုကို ကုန်အောင်လုပ်နိုင်တဲ့ကိစ္စ။ တခြား အမျိုးအစားတွေကို သန့်စင်ဖို့ ဘယ်လိုလုပ် စွမ်းအင် ရှိနိုင်တော့မှာလဲ။"

ထိုအခါမှ လုချင်းလည်း အမှန်တရားကို သဘောပေါက်လိုက်သည်။

လောဘကြီးခြင်းက ကျရှုံးမှုဆီသို့ ဦးတည်လေ့ရှိသည်။ ရည်မှန်းချက် ကြီးလွန်းခြင်းက ဘာကိုမှ မပြီးမြောက်ခြင်းကိုသာ ဖြစ်စေတတ်သည်။

အကယ်၍ ဓာတ်ငါးပါးလုံးကို သန့်စင်ရန် လွယ်ကူနေပါက မွေးရာပါနယ်ပယ် နည်းစနစ်များတွင် ဓာတ်သဘာဝ ခွဲခြားမှုများလည်း ရှိလာလိမ့်မည် မဟုတ်ပေ။

"ဒါဆို ဆရာက ဘယ်နည်းစနစ်ကို လေ့ကျင့်ဖို့ စီစဉ်ထားလဲဗျ။"

လီဝေ့ထျန်း ချန်ထားခဲ့သော အမွေအနှစ်တွင် မတူညီသော ဓာတ်သဘာဝများပါသည့် မွေးရာပါနယ်ပယ် နည်းစနစ် အများအပြား ပါဝင်ကြောင်း လုချင်း သိထားသည်။ သူ့ဆရာ ဘယ်တစ်ခု ရွေးမလဲ ဆိုတာ သူ သိချင်နေမိပါ၏။

"ငါ မဆုံးဖြတ်ရသေးဘူး။ သေချာ စဉ်းစားရဦးမယ်။"

သမားတော်ကြီးက ခေါင်းခါလိုက်သည်။

ဆရာ့အိမ်တွင် ခဏကြာ နေထိုင်ပြီးနောက် သူ့ဆရာထံမှ မွေးရာပါနယ်ပယ်နှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှုများ ပို၍ပင် ရရှိခဲ့ပါ၏။

ထို့နောက်တွင်တော့ လုချင်းသည် ရှောင်လီ၊ ရှောင်ယန်တို့နှင့်အတူ ပြန်လာခဲ့လိုက်တော့သည်။

သူ့ဆရာကတော့ သူ့အဆင့်တက်ခြင်းကို ညှိယူရန် အချိန်လိုအပ်သည့်အတွက် တံခါးပိတ်ကျင့်ကြံဦးမည်ပင်။ ထို့ကြောင့် လုချင်းသည်လည်း သူ့ကို ကြာကြာ မနှောင့်ယှက်ချင်ပေ။

မထွက်ခွာမီ သမားတော်ကြီးသည် ရှောင်လီကို ကိုယ်ဖျောက်နိုင်စွမ်းအပေါ် မှီခိုပြီး ပြဿနာ မရှာရန်လည်း သတိပေးလိုက်သည်။

စောစောက ရှောင်လီနှင့် ရှောင်ယန်တို့ ခြံဝင်းထဲတွင် တူတူပုန်းတမ်း ကစားနေစဉ် ရှောင်လီက သူ့ကိုယ်ဖျောက်နိုင်စွမ်းကို ထပ်မံ အသုံးပြုခဲ့သည်။

သို့သော် ယခု မွေးရာပါနယ်ပယ် ရောက်နေပြီဖြစ်သော သမားတော်ကြီးသည် ရှောင်လီ၏ ကိုယ်ဖျောက်ခြင်းကို ချက်ချင်း မြင်တွေ့နိုင်ခဲ့ပြီး လုချင်း၏ ယခင် သံသယကို အတည်ပြုပေးလိုက်သည်။

ရှောင်လီ၏ ကိုယ်ဖျောက်ခြင်းသည် မွေးရာပါနယ်ပယ်၏ အာရုံခံစားမှုများကို မလှည့်စားနိုင်ပေ။

သမားတော်ကြီး၏ သတိပေးချက်သည် အန္တရာယ်များသော လုပ်ရပ်များအတွက် ရှောင်လီ၏ စွမ်းရည်အပေါ် အလွန်အကျွံ မမှီခိုရန် လုချင်းအား သိမ်မွေ့စွာ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

သမားတော်ကြီးချန်၏အိမ်မှ ပြန်ရောက်သောအခါ ရှောင်လီနှင့် ရှောင်ယန်တို့ အိပ်ချင်လာကြတော့သည်။

၎င်းမှာ သူ့ဆရာ အဆင့်တက်စဉ်က ဓာတ်သဘာဝ မြူခိုးများကို သူတို့ အများကြီး စုပ်ယူခဲ့မိသောကြောင့် ဖြစ်ကြောင်း လုချင်း သိလိုက်သည်။

ကောင်းကင်နှင့် မြေကြီး၏ နိယာမများမှ စုစည်းထားသော ဓာတ်သဘာဝ မြူခိုးသည် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်နှင့်ပင် ယှဉ်နိုင်ပါ၏။ ယင်းမှာ အသက်စွမ်းအင်များ ကြွယ်ဝပြီး ခန္ဓာကိုယ်ကို များစွာ အကျိုးပြုသည်။

သာမန်လူများ အနည်းငယ် စုပ်ယူမိလျှင်ပင် သိသာထင်ရှားသော ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်ပါ၏။

ဤကလေးနှစ်ယောက်က အများကြီး စုပ်ယူခဲ့မိသဖြင့် သူတို့ခန္ဓာကိုယ်က ထိုစွမ်းအင်အားလုံးကို ချက်ချင်း မချေဖျက်နိုင်တာကြောင့် အိပ်စက်အနားယူရန် လိုအပ်နေတာပင်။ ထို့ကြောင့် ကလေးနှစ်ယောက်လုံး အိပ်ချင်နေကြခြင်း ဖြစ်သည်။

လုချင်းကိုယ်တိုင်လည်း သူ့အတွင်း၌ စွမ်းအင်များ လှိမ့်ဝင်လာပြီး ဂနာမငြိမ် ဖြစ်နေသည်ကို ခံစားနေရသည်။

သူ ကလေးနှစ်ယောက်ကို ကုတင်ပေါ်တွင် တင်ပေးလိုက်ပြီးနောက်၌ သူတို့လေးတွေ အိပ်ပျော်သွားသောအခါမှ လုချင်းလည်း ခြံဝင်းထဲသို့ ထွက်လာလိုက်ကာ ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို လေ့ကျင့်လိုက်တော့သည်။

သူ လှုပ်ရှားလိုက်သည်နှင့် ဓာတ်သဘာဝ မြူခိုးမှ စွမ်းအင်များက သူ့အတွင်း၌ စတင်စီးဆင်းလာတော့၏။

သူသည် စွမ်းအင်ကို လမ်းညွှန်လိုက်ရင်း သူ့သွေး၊ ကြွက်သားများနှင့် ခန္ဓာကိုယ်၏ ပိုမိုနက်ရှိုင်းသော အစိတ်အပိုင်းများထဲသို့ တိုးဝင်စေလိုက်ကာ ၎င်းတို့နှင့် တဖြည်းဖြည်း ပေါင်းစပ်စေလိုက်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်မှာ လျင်မြန်စွာဖြင့် သန်မာလာခဲ့ပြီး ပို၍ပင် အသက်ဝင်လာခဲ့သည်။

ဒီတစ်ကြိမ်တွင်တော့ လုချင်းတစ်ယောက် အချိန်အကြာကြီး လေ့ကျင့်ခဲ့ပါ၏။

သူသည် ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကိုပဲ အကြိမ်ကြိမ်အခါအခါ လေ့ကျင့်ခဲ့သည်မှာ

ပူပြင်းစွာဖြင့် ထွန်းလင်းတောက်ပနေသော နေမင်းကြီးက အနောက်အရပ်သို့ ဝင်သွားသည့်အချိန်အထိပင်။

အကယ်၍ ရွာသားများသာ သူ ခြံဝင်းထဲတွင် လေ့ကျင့်နေသည်ကို မကြာခဏ မမြင်ဖူးပါက သူ ရူးသွားပြီဟုပဲ ထင်ကောင်း ထင်ကြပေလိမ့်မည်။

သို့သော် ထိုသို့ ရှိနေသည့်တိုင် သူ ဤမျှကြာအောင် လေ့ကျင့်နေသည်ကို မြင်သောအခါ၌ အချို့ရွာသားများမှာ သူ့ကျန်းမာရေးအတွက် စိုးရိမ်လာကြသည်။

ဘေးအိမ်မှ အဘိုးကျန်းသည်ပင် ခဏခဏ ထွက်ကြည့်ခဲ့ပြီး ခြံဝင်းအပြင်ဘက်မှ လုချင်းကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။

လုချင်းသာ အဆင်မပြေသည့်မျက်နှာထားလုပ်မိပါက သူ ချက်ချင်းကို သွားပြီးဟန့်တားကောင်း ဟန့်တားမိပေလိမ့်မည်။

လုချင်းကတော့ ထိုစိုးရိမ်မှုများကို ဂရုမစိုက်ပေ။

သူ့လေ့ကျင့်မှုတွင်သာ လုံးဝ နစ်မြောနေပြီး ထူးခြားသော အခြေအနေတစ်ခုတွင် ရောက်ရှိနေလေ၏။

နောက်ဆုံးတွင်တော့ နေဝင်ရီတရော အလင်းရောင်ပျောက်ကွယ်သွားချိန်၌ လုချင်း၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး သူ့ကြွက်သားများနှင့် အရိုးများသည်လည်း တဂျွတ်ဂျွတ် မြည်လာတော့သည်။

All Chapters