ကြွက်သားနှင့် အရိုးများကို ကျွမ်းကျင်ပိုင်နိုင်ခြင်း၊ ကလေးငယ်များ၏ အံ့မခန်း ပါရမီများ
Vol. 12 Ch. 118
"ထပ်ပြီး အဆင့်တက်ပြန်ပြီပဲ...ခု ငါ ကြွက်သားနဲ့အရိုးအဆင့် အထွတ်အထိပ်ကိုတောင် ရောက်သွားပြီ။"
ခြံဝင်းထဲတွင် ရပ်လျက် လုချင်းသည် သူ့ခန္ဓာကိုယ် အခြေအနေကို တိတ်ဆိတ်စွာ အာရုံခံလိုက်သည်။
အမှန်ပင်၊ သူသည် ကြွက်သားနှင့်အရိုးအဆင့် အထွတ်အထိပ် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
မွေးရာပါနယ်ပယ် အဆင့်တက်ခြင်းကို မျက်မြင်တွေ့ရခြင်းမှ ရရှိသော အခွင့်အလမ်းသည် အမှန်တကယ်ပင် ကြီးမားလှပါ၏။
မနေ့ကမှ သူသည် ကြွက်သားနှင့်အရိုးအဆင့်၏ အစောပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့တာပင်။ ဆရာ အဆင့်တက်စဉ် ထွက်ပေါ်လာခဲ့သော စွမ်းအင်မြူခိုးများကို စုပ်ယူခဲ့မိတာကြောင့်သာ သူသည် တစ်ရက်မပြည့်ခင်မှာပဲ ထပ်မံ အဆင့်တက်နိုင်ခဲ့ကာ ကြွက်သားနှင့်အရိုးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
အကယ်၍ အခြား သိုင်းပညာရှင်များသာ သူ၏ကျင့်ကြံမှု အမြန်နှုန်းကို သိသွားလျှင် အံ့အားသင့်သွားကြပေလိမ့်မည်။
ထို့အပြင် မြူခိုးဖြူမှ ဖြစ်ပေါ်လာသော အသက်စွမ်းအင်သည် လုံးဝ ကုန်ဆုံးသွားခြင်း မရှိသေးဘဲ သူ့ခန္ဓာကိုယ်ကို ပိုမိုနက်ရှိုင်းသော အလွှာတစ်ခုတွင် အာဟာရဖြည့်တင်းပေးနေဆဲ ဖြစ်ကြောင်း လုချင်း ခံစားနေရပါ၏။
ဤနှုန်းထားအတိုင်းဆိုလျှင် ကြွက်သားနှင့်အရိုးအဆင့် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရန် သိပ်ကြာတော့မည် မဟုတ်ပေ။
"အားချင်း... အဲ့ဒါ ဘာသံကြီးလဲ။"
အံ့သြနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
လုချင်း လှည့်ကြည့်လိုက်ရာ အဘိုးကျန်းနှင့် ရွာသားအချို့က သူ့ကို ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
သူ့အရိုးများ၏ မြည်သံနှင့် စွမ်းအင်၏တုန်ခါမှုများကြောင့် သူတို့ ကြောက်လန့်သွားကြသည်မှာ ထင်ရှားလှပါသည်။
"သြော်... ဘာမှ မဟုတ်ပါဘူးဗျ။ သိုင်းပညာမှာ အဆင့်နည်းနည်း တက်သွားလို့ပါ။"
လုချင်း ပြန်ဖြေလိုက်သည်။
တကယ်တော့ လေ့ကျင့်နေစဉ်က ပြင်ပ အခြေအနေကို သူ အာရုံခံနိုင်တာကြောင့် အဘိုးကျန်းနှင့် အခြားသူများ၏ လှုပ်ရှားမှုများကို သိရှိထားသည်။ သူတို့ကလည်း သူ့ကို မနှောင့်ယှက်သဖြင့် သူကလည်း ဂရုမစိုက်ခဲ့ပေ။
သို့သော် သူတို့၏ စိုးရိမ်နေသော မျက်နှာများကို မြင်သောအခါမှ နောက်ဆိုရင် တောင်နောက်ဘက် ဝါးတောထဲတွင်ပဲ လေ့ကျင့်တာက ပိုကောင်းမည်ဟု လုချင်း ဆုံးဖြတ်လိုက်သည်။
ဒီတစ်ခါတော့ ရှောင်ယန်နှင့် ရှောင်လီတို့ကလည်း အိပ်ပျော်နေပြီး သူကလည်း အဝေးမသွားချင်သောကြောင့် ခြံဝင်းထဲတွင်ပဲ လေ့ကျင့်လိုက်တာပင်။
"ဟုတ်လား... ဒါဆို ကောင်းတာပေါ့။"
လုချင်း၏ ရှင်းပြချက်ကို ကြားပြီးနောက်မှသာ အဘိုးကျန်းနှင့် အခြားသူများမှာလည်း သက်ပြင်းချနိုင်ခဲ့သည်။ သူတို့မှာ ကျင့်ကြံခြင်းကို နားမလည်သော်လည်း လုချင်း၏ စကားများအရ ကောင်းသော ကိစ္စတစ်ခု ဖြစ်ကြောင်း သိသဖြင့် ဝမ်းသာပေးကြသည်။
လုချင်း အဆင်ပြေကြောင်း သိပြီးနောက် သူတို့သည် တဖြည်းဖြည်း လူစုခွဲသွားကြတော့၏။
လုချင်း ခြံဝင်းထဲ ပြန်ဝင်လာသောအခါ၌ ရှောင်ယန်နှင့် ရှောင်လီတို့ အိပ်ပျော်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် မနှောင့်ယှက်တော့ဘဲ သူ့တစ်ယောက်စာပဲ ညစာ ချက်ပြုတ်လိုက်တော့သည်။
နောက်တစ်နေ့ မနက်တွင်တော့ ကလေးနှစ်ယောက်မှာ နောက်ဆုံး၌ နိုးလာကြပြီး ဗိုက်ဆာကြောင်း အော်ဟစ်ကြသည်။
လုချင်းလည်း ပြင်ဆင်ထားသော မနက်စာကို ယူလာပေးလိုက်ရာ ကလေးနှစ်ယောက်လုံးမှာလည်း အားရပါးရ စားသောက်ကြလေသည်။
ကလေးများ စားသောက်နေစဉ် လုချင်းသည် သူတို့၏ အခြေအနေကို စစ်ဆေးရန် သူ့နတ်မျက်စိစွမ်းရည်ကို အသုံးပြုလိုက်လေ၏။
ပထမဆုံးကတော့ ရှောင်ယန် ဖြစ်သည်။
လုချင်း၏ မျက်စိရှေ့တွင် ရွှေရောင်သန်းသယောင်ဖြစ်နေသော တောက်ပနေသည့်အနီရောင်အလင်းတန်းကြီး ရုတ်ချည်း ထွက်ပေါ်လာချေသည်။
[လုရှောင်ယန် : လူသားကလေးငယ်၊ အမျိုးသမီး။]
[ကံကောင်းသော ကလေးငယ်၊ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကို သောက်သုံးပြီးနောက် မတော်တဆ အထူးပါရမီတစ်ခု နိုးထလာပုံ ရသည်။]
[ရေခဲကြွက်သား ကျောက်စိမ်းအရိုး : အညစ်အကြေး ကင်းစင်သော စစ်မှန်သည့် ခန္ဓာဖွဲ့စည်းပုံ၊ သဘာဝအလျောက် ကျင့်ကြံခြင်းနှင့် သင့်တော်သည်၊ အထူးသဖြင့် ရေနှင့် အအေးဓာတ် သဘာဝ နည်းစနစ်များနှင့် ထိရောက်သည်။]
[မွေးရာပါနယ်ပယ် အဆင့်တက်စဉ် အသက်စွမ်းအင် ပြည့်ဝသော စွမ်းအင်မြူခိုးများကို စုပ်ယူထားမိသောကြောင့် သူမ၏ ခန္ဓာကိုယ်တွင် မွေးရာပါနယ်ပယ် တာအိုခန္ဓာ အရိပ်အမြွက် ရှိနေသည်။]
ဟာ…
ရှောင်ယန်၏ စွမ်းအင်အလင်းတန်းထဲမှ ရွှေရောင်သန်းသယောင်ဖြစ်နေသောစွမ်းအင်အမျှင်တန်းကြောင့် လုချင်းမှာ စစချင်း တုန်လှုပ်သွားမိခဲ့လေ၏။
ထို့နောက် နောက်ဆုံး မှတ်ချက်ကို မြင်သောအခါ သူ ထပ်မံ၍ အံ့သြသွားရပြန်သည်။
မွေးရာပါနယ်ပယ် တာအိုခန္ဓာတဲ့လား
ဤသည်မှာ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ အမွေအနှစ်ထဲတွင် အလွန် အလေးထားဖော်ပြထားသော ဆန်းကြယ်သည့် ခန္ဓာကိုယ် ဖြစ်သည်။
ထိုကဲ့သို့သော ခန္ဓာကိုယ် ပိုင်ဆိုင်သူများသည် ကောင်းကင်ဘုံ၏ အမှန်တကယ် ကောင်းချီးပေးခံရသူများ၊ ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်သည်ဟု ဆိုကြသည်။
သူတို့ ဘာပဲ ကျင့်ကြံကျင့်ကြံ၊ အတားအဆီးမရှိသလောက်ပင်။ ယုံနိုင်စရာမရှိလောက်အောင်ထိ မြန်ဆန်နေပေလိမ့်မည်။
ဥပမာအားဖြင့် ဂါထာမန္တန်ကျင့်ကြံခြင်းသည် အလွန် ခက်ခဲသည်၊ စစ်မှန်သော ပါရမီမပါဘဲနှင့် စတင်ရန်ပင် မဖြစ်နိုင်ပေ။
သို့သော် စစ်မှန်သော မွေးရာပါနယ်ပယ် တာအိုခန္ဓာ ပိုင်ရှင်အတွက်တော့ ဂါထာမန္တန်ကျင့်ကြံခြင်းသည် ထမင်းစားရေသောက်သလောက်ပင် ရိုးရှင်းလှပေ၏။
မမျှော်လင့်စွာဖြင့် ရှောင်ယန်တွင် မွေးရာပါနယ်ပယ် တာအိုခန္ဓာ၏ အရိပ်အမြွက် ရှိနေသည်။ အရိပ်အမြွက် မျှသာ ဖြစ်သော်လည်း ၎င်းသည် သူမ၏ ယုံကြည်နိုင်စရာမရှိသော ပါရမီကို ညွှန်ပြနေသည်ပင်။
အကယ်၍ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်းသာ ရှိနေသေးလျှင် မွေးရာပါနယ်ပယ် တာအိုခန္ဓာကို အလေးထားမှုကြောင့် ရှောင်ယန်ကို သူတို့ ဂိုဏ်းထဲ ထည့်ဖို့အတွက် လုကြပေလိမ့်မည်။
ရှောင်ယန်၏ ပြောင်းလဲမှုများကို စစ်ဆေးပြီးနောက် လုချင်းသည် ရှောင်လီကို အာရုံစိုက်လိုက်တော့၏။
ထို့နောက်တွင်တော့ နောက်တစ်ကြိမ် တောက်ပသောအနီရောင် အလင်းတန်းထဲ၌ မှိန်ဖျဖျ ရွှေရောင် စွမ်းအင်တစ်ခု ပေါ်လာပြန်လေ၏။
[ညဝိညာဉ်ကြောင်မြီးတို : တောင်ပေါ် ဝိညာဉ်သားရဲ၊ အရွယ်မရောက်သေး၊ အမ။]
[အလွန် မြန်ဆန်သည်၊ ကျောက်တုံးများကို ခွဲနိုင်ပြီး သတ္တုကို ဖြတ်တောက်နိုင်သော ထက်ရှသည့် လက်သည်းများ ရှိသည်။]
[အလင်းကို ပုံပျက်စေပြီး အမှောင်ထဲတွင် ပုန်းကွယ်နေထိုင်နိုင်သော မွေးရာပါ စွမ်းရည် ရှိသည်။]
[ဒဏ္ဍာရီများအရ ညဝိညာဉ်ကြောင်မြီးတိုများသည် ငါးကြိုက်သော်လည်း ရေမုန်းသည်၊ သူတို့ မဖမ်းနိုင်သော ငါးများကိုပဲ အမြဲ တောင့်တနေတတ်သည်ဟု ဆိုကြသည်။]
[မွေးရာပါနယ်ပယ် အဆင့်တက်စဉ် အသက်စွမ်းအင် ပြည့်ဝသော စွမ်းအင်မြူခိုးများကို စုပ်ယူမိပြီးနောက် မွေးရာပါနယ်ပယ် ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲမည့် လက္ခဏာများ ပြသနေသည်။]
ရှောင်လီရှိ ရွှေရောင်စွမ်းအင်သည် ရှောင်ယန်ထက်ပင် ပို၍ ပြင်းထန်နေလေ၏။
ထိုနည်းတူ အပိုဖော်ပြချက်တစ်ခုပါ ပါရှိနေလေသည်။
“မွေးရာပါနယ်ပယ် ဝိညာဉ်သားရဲတဲ့လား။ အဲ့ဒါ ဘာလဲ။”
သို့သော် ထိုဝေါဟာရကို လုချင်း နားမလည်ပေ။
မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ အမွေအနှစ်တွင် မွေးရာပါနယ်ပယ် ဝိညာဉ်သားရဲများအကြောင်း မှတ်တမ်း မရှိပေ။
သို့သော် ရှောင်ယန်၏ အခြေအနေအရတော့ ယင်းမှာ ထူးခြားသော သတ္တဝါ ဖြစ်ပုံရသည်။
တစ်ညအိပ်ပြီးနောက် ကလေးနှစ်ယောက်လုံး အကျိုးကျေးဇူးတွေ ဒီလောက် အများကြီး ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပါချေ။
သူတို့နှင့် ယှဉ်လျှင် သူ၏ ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရခဲ့သော ကြွက်သားနှင့်အရိုးအဆင့် အထွတ်အထိပ်သို့ အဆင့်တက်ခြင်းမှာ သာမန်သာ ဖြစ်သွားတော့၏။
"ကိုကို... ဘာဖြစ်လို့လဲဟင်။ ရှောင်ယန့်မျက်နှာမှာ ထမင်းလုံး ကပ်နေလို့လား။"
လုချင်းက သူမကို ငေးကြောင်ကြည့်နေသည်ကို မြင်သောအခါ ရှောင်ယန်က မျက်နှာကို စမ်းရင်း မေးလိုက်သည်။
"မဟုတ်ပါဘူး... ကိုကို စဉ်းစားနေလို့ပါ။ ဆက်စားနော်။"
လုချင်းက ပြုံးပြီး ပြန်ပြောလိုက်သည်။
ကလေးတွေရဲ့ ပါရမီက ပိုကောင်းလာတော့ သူတို့ကို ပိုပြီးတော့တောင် လေ့ကျင့်ပေးသင့်ပြီပဲ။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို အလဟဿ မဖြစ်စေရဘူး။
သူ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
"ဟုတ်ကဲ့။"
ပြန်ဖြေပြီးနောက် ရှောင်ယန်လည်း ဆက်စားလိုက်တော့သည်။
ထိုအချိန်တွင် လုချင်းမှာ သူ့ဘောင်းဘီ ဆွဲခံရသလို ခံစားလိုက်ရ၏။ သူ ငုံ့ကြည့်လိုက်သောအခါ၌ ရှောင်လီ သူ့ရှေ့တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ ရှောင်လီ။"
လုချင်းက မေးလိုက်သည်။
ရှောင်လီက သူ့၏ လွတ်နေသော ထမင်းခွက်ကို လက်သည်းဖြင့် ထိုးပြသည်။
"ကုန်သွားပြီလား။"
လုချင်း အံ့သြသွားသည်။
ဤတစ်ကြိမ်၌ သူ ပုံမှန်ကျွေးနေကျ ပမာဏအတိုင်းပဲ ရှောင်လီကို ကျွေးခဲ့တာပင်။
စွမ်းအင်မြူခိုးကို စုပ်ယူမိလိုက်လို့များ သူ့အစာစားချင်စိတ် တိုးလာတာများလား။
"ရှောင်လီ... ဗိုက်ဆာနေတုန်းပဲလား။"
"အူး~"
ရှောင်လီက ခေါင်းညိတ်လိုက်သည်။
"ထပ်ယူပေးမယ်နော်။"
ကြည့်ရတာ သူ့အစာစားချင်စိတ်က တကယ်ကြီး တိုးလာတဲ့ပုံပဲ။
ထို့နောက် လုချင်းလည်း မီးဖိုချောင်ထဲ ဝင်သွားလိုက်ရာ ငါးကန်ထဲတွင် ငါးများ ကုန်လုနီးပါး ဖြစ်နေပြီး အနည်းငယ်သာ ကျန်တော့သည်ကို တွေ့လိုက်ရတော့၏။
သူကိုယ်တိုင်၏ ကျင့်ကြံမှုနှင့် ဆရာဖြစ်သူ၏ အဆင့်တက်ခြင်း၌သာ အာရုံစိုက်နေခဲ့မိသဖြင့် သူ ငါးပင်မဖမ်းဖြစ်ခဲ့ပေ။
ရလဒ်အနေဖြင့် အိမ်သုံးရိက္ခာများလည်း ပြတ်လပ်လုနီးပါး ဖြစ်နေခဲ့ပြီပင်။
ထို့နောက် လုချင်းမှာ ကျန်နေသော ငါးများကို ဆယ်ယူပြီး ရှောင်လီထံ ယူလာပေးလိုက်သည်။
"ရှောင်လီ... ဒါတွေက လက်ကျန်အကုန်ပဲနော်။ လောက်ရဲ့လား။"
ရှောင်လီက ငါးကို ကြည့်လိုက်၊ လုချင်းကို ကြည့်လိုက်နှင့် မျက်ရည်ဝဲလာသည်။
"ရပ်... ရပ် မငိုနဲ့နော်။ ငါ သိပြီလို့။ ငါ ခဏနေ ငါးသွားဖမ်းပေးမယ်၊ မငိုနဲ့"
သူ့မျက်နှာထားကို မြင်သောအခါ လုချင်းမှာလည်း ချက်ချင်း အော်လိုက်ရ၏။
ထိုအခါမှသာ ရှောင်လီ၏ မျက်လုံးထဲမှ မျက်ရည်များမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့လေသည်။
"ကိုကို... ရှောင်လီ့ငါးတွေ အကုန် ကုန်သွားပြီလား။"
ရှောင်ယန် မေးလိုက်သည်။
"အင်း... ကိုကို ငါးမဖမ်းဖြစ်လို့ ငါးပြတ်သွားတာ။"
ထိုသည်ကို ကြားလိုက်ရသောအခါ၌ ရှောင်လီ့မျက်လုံးထဲ မျက်ရည်တွေ ပြန်ဝဲလာသည်။
"ရှောင်လီ... လိမ္မာတယ်နော်။ ခဏနေ ကိုကိုနဲ့ ငါးသွားဖမ်းကြမယ်လေ။ အဲ့ဒါဆို ငါးလတ်လတ်ဆတ်ဆတ် ရမှာပေါ့။"
ရှောင်ယန်က သူ့ကျောကို ပွတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။
ထိုအခိုက်၌ ရှောင်လီမှာ လုချင်းကို မော့ကြည့်လိုက်သည်။
လုချင်းလည်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... အတူတူ ငါးသွားဖမ်းကြမယ်။"
ရှောင်လီ၏ ကိုယ်ဖျောက်နိုင်စွမ်းနှင့်ဆိုလျှင် တခြားသူတွေ မြင်သွားမှာကိုလည်း စိုးရိမ်စရာ မလိုပေ။ အရင်ကလည်း သူတို့နှင့်အတူ ငါးလိုက်ဖမ်းဖူးပါ၏။
လုချင်း သဘောတူသည်ကို မြင်သောအခါ အကောင်မည်းလေးလေး ပျော်ရွှင်သွားပြီး အမြီးလေးတထောင်ထောင်ဖြင့် ခုန်ပေါက်နေလေသည်။
လုချင်းနှင့်အတူ ငါးဖမ်းထွက်ရသည်ကို သူ သဘောကျသည်။
သူ့အတွက်တော့ သူမြင်ရုံသာ မြင်နိုင်ပြီး မဖမ်းနိုင်သော ငါးများကို လုချင်းက ဝါးတံတစ်ချောင်းကို သုံးပြီး ဖမ်းပြနိုင်သည်မှာ မှော်ဆန်ပြီး အထင်ကြီးစရာ ကောင်းလှသည်ပင်။
မကြာမီ အပြင်ထွက်ရတော့မည်ကို သိသဖြင့် ရှောင်ယန်လည်း အမြန် စားလိုက်တော့၏။
"ကိုကို... သမီး ဗိုက်ဝပြီ၊ ငါးသွားဖမ်းကြမယ်"
"ခဏနေဦး၊ ကိုကို ပန်းကန်ဆေးလိုက်ဦးမယ်။"
လုချင်းမှာ ခေါင်းခါလိုက်ပြီး ပန်းကန်များကို ဆေးကြောကာ သိမ်းဆည်းလိုက်သည်။
ထို့နောက် ငါးဖမ်းကိရိယာများကို ယူလိုက်၏။
ငါးမျှားတံ၊ ခြင်းတောင်း၊ ပိုက်ကွန်၊ ငါးစာ...
အရာအားလုံး အဆင်သင့် ဖြစ်သောအခါ ကလေးနှစ်ယောက်မှာလည်း လိမ္မာစွာ စောင့်နေကြပြီ ဖြစ်သည်။
ရှောင်ယန်တွင် ကျောပိုးခြင်းတောင်း သေးသေးလေး တစ်လုံးပင် ပါသေးသည်။
ယင်းမှာ ရွာထဲမှ ဝါးယက်ကျွမ်းကျင်သော အဘိုးအိုတစ်ဦးကို လုချင်း လုပ်ခိုင်းထားတာပင်။ ရှောင်ယန်က သူ့နောက် မကြာခဏ လိုက်လေ့ရှိသဖြင့် သူမ၏ပစ္စည်းများနှင့် အရုပ်များ ထည့်ရန် ကိုယ်ပိုင် ခြင်းတောင်း လိုအပ်သည်။
"ကိုကို... သမီးကို နည်းနည်း ပေးသယ်ပါ။"
ရှောင်ယန်သည် ငါးစာပုံးကို ယူပြီး လည်ပင်းတွင် ဆွဲကာ ပိုက်ကွန်ကို ထမ်းလိုက်ပြီးနောက်၌ ရဲရဲရင့်ရင့်ဖြင့် ရှေ့ကို ညွှန်ပြလိုက်သည်။ "သွားကြစို့"
ထိုသို့ပြောပြီးနောက်၌ သူမက အရင်ဆုံး ပြေးထွက်သွားတော့သည်။
လုချင်းမှာ တံခါးကို အမြန်သော့ခတ်လိုက်ပြီး သူမနောက်ကို လိုက်သွားရသည်။
ထိုစဉ် ရှောင်လီကတော့ ကိုယ်ဖျောက်လိုက်ပြီး ရှောင်ယန်၏ ခြင်းတောင်းထဲသို့ ခုန်ဝင်လိုက်၏။
ရှောင်ယန်၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့်ဆိုလျှင် အလေးချိန်မှာ ပြဿနာ မရှိပေ။
ရွာထဲတွင် ရှောင်ယန်က ရှေ့မှ ပြေးပြီး လုချင်းကတော့ အေးအေးလူလူ လိုက်ပါလာသည်။
သူတို့ကို မြင်သောအခါ ရွာသားများကလည်း ချက်ချင်း နားလည်လိုက်ကြ၏။
"အားချင်း... ငါးသွားဖမ်းပြန်ပြီလား။"
ရွာသားတစ်ဦးက မေးလိုက်သည်။
"ဟုတ်ကဲ့... အပျော် ငါးသွားဖမ်းတာပါဗျ။"
လုချင်း ခေါင်းညိတ်လိုက်သည်။
"မင်း ဘာလို့ ငါးဖမ်းတာ ဒီလောက် ကြိုက်လဲဆိုတာ ငါတော့ နားမလည်ဘူး။ ငါးအများကြီး စားရတာ မငြီးငွေ့ဘူးလား။"
ရွာသားက တွေးတောရင်း ပြောလိုက်သည်။
လုချင်း ငါးဖမ်းပြီးနောက်၌ ငါးတွေအများကြီး ပြန်သယ်လာတတ်သည်ကို သူတို့ မကြာခဏ တွေ့ရသည်။
နေ့တိုင်း ငါးစားရမည်ကို သူတို့ စိတ်ကူး၍ပင် မရနိုင်ပေ။
"ကျွန်တော် ကြိုက်လို့ပါ။ ပြီးတော့ ငါးစားရတာလည်း ကြိုက်တယ်လေ၊ ဆရာကလည်း သူ့ဝိုင်နဲ့မြည်းဖို့ ငါးကြော် ကြိုက်တယ်လေ။"
လုချင်းက ပြုံးလိုက်သည်။
အိမ်မှာ ငါးကြိုက်တဲ့ အကောင်လေးတစ်ကောင် ရှိတယ်လို့တော့ သူ ပြောလို့မှမရဘဲ။
"ငါးကြော်တဲ့လား။ အဲ့ဒါက အရသာ ရှိမှာပဲနော်။ သမားတော်ကြီး ကြိုက်တာလည်း ဆန်းတော့ မဆန်းပါဘူးလေ"
ရွာသားများ မျက်လုံး ပြူးသွားကြသည်။
ငါးကြော် ဘယ်လောက် အရသာရှိမလဲ ဆိုတာကို သူတို့ စိတ်ကူးကြည့်ရုံသာ တတ်နိုင်ကြသည်။
ဆီက ဈေးပေါတာ မဟုတ်ဘူးလေ၊ ငါးကြော်ဖို့ သက်သက်အတွက်နဲ့တော့ သူတို့ မသုံးရဲပါဘူး။
"တော်တော် ကောင်းပါတယ်။ ခင်ဗျားတို့လည်း တစ်ချိန်ချိန် စမ်းချက်စားကြည့်သင့်တယ်။"
"အေးပါ... အခွင့်အရေး ရှိရင်ပေါ့ကွာ။"
ရွာသားများနှင့် စကားပြောပြီးနောက် လုချင်းနှင့် ရှောင်ယန်တို့သည် ရွာပြင်ရှိ မြစ်ဆီသို့ ထွက်လာခဲ့ကြသည်။
ထို့နောက်၌ လုချင်းသည် ရှားပါးငါးဖမ်းသည့်နေရာသို့ ဦးတည်သွားလိုက်သည်။
ဒါက သူ့အကျင့် ဖြစ်နေပြီပင်။
ငါးဖမ်းတိုင်း နောက်ထပ် ရှားပါးငါး တစ်ကောင်လောက် ရမလားဆိုသည့် မျှော်လင့်ချက်နှင့် ဒီနေရာကို အရင် စမ်းကြည့်လေ့ရှိသည်။
ရွှေရောင်ငါးရှဉ့် နှစ်ကောင် ဖမ်းမိပြီးကတည်းက သူ ရှားပါးငါးတွေ ထပ်မဖမ်းမိတော့ပေ။
အစပိုင်းတွင် ရွာပြင်ရှိ မြစ်ထဲ၌ မျှော်လင့်ထားသည်ထက် ရှားပါးငါး ပိုများမည်ဟု သူ ထင်ထားခဲ့သည်။
သူ အရင်တုန်းက ရှားပါးငါးများကို အလွယ်တကူ ဖမ်းမိနိုင်ခဲ့ခြင်းမှာ ထိုအချိန်ကာလတုံးက သူ ဤကမ္ဘာသစ်သို့ ကူးပြောင်းလာတာမကြာသေးတာကြောင့် ကမ္ဘာသစ်က သူ့ကို ပေးထားသည့် ကံကောင်းမှုများကြောင့်မှန်း လုချင်း ယခုတော့ နားလည်သွားခဲ့ပြီပင်။
ကံကောင်းမှုများကုန်ဆုံးသွားပြီးနောက်တွင်တော့ ငါးမပြောနှင့် ၊ ငါးအကြေးခွံလေးတစ်ခုတောင် မဖမ်းမိတော့ပေ။
နောက်ထပ် ရှားပါးငါးများဖမ်းဖို့နေရာများ ရှာတွေ့မလား ဆိုပြီး အခြားမြစ်အပိုင်းများကိုလည်း သူ စမ်းသပ်ခဲ့ဖူးသည်။
သို့သော် မြစ်အထက်နှင့် အောက် ၁၀ မိုင်လောက် ရှာဖွေပြီးတာတောင်မှ ရှားပါးငါးများဖမ်းဖို့နေရာကို ထပ်မတွေ့ရတော့ပေ။
တခြားငါးလေးများဖမ်းဖို့ နေရာ ရှိသော်လည်း ရှားပါးငါးအတွက်တော့ နေရာ မရှိပေ။
ထို့ကြောင့် မြစ်ကမ်းပါးရှိ သွေးမက်မွန်ပင်အနီးတွင်သာ ရှားပါးငါးများကို ဖမ်းဖို့နေရာ ရှိကြောင်း လုချင်း ကောက်ချက်ချလိုက်သည်။
သွေးမက်မွန်ပင်များသည် ရှားပါးငါးများကို ဆွဲဆောင်နိုင်ပါ၏။
သူ့ဆရာအတွက် သွေးမက်မွန်သီးများကို သူ ခူးပေးဖူးသော်လည်း ဆရာက အသီးကို မသိပေ။ ဂုဏ်သတ္တိများကို စမ်းသပ်ပြီးနောက် ဆေးဖက်ဝင် ပစ္စည်းကောင်း တစ်ခုဟု မှတ်ယူခဲ့သည်။
သို့သော် ဘာကြောင့် ရှားပါးငါးများကို ဆွဲဆောင်သလဲ ဆိုတာကိုတော့ သူ မရှင်းပြနိုင်ပေ။
ငါးဖမ်းနေရာတွင် ထိုင်လျက် လုချင်းသည် သွေးမက်မွန်သီး နှစ်လုံးကို ငါးစာအဖြစ် ကျွမ်းကျင်စွာ တပ်လိုက်ပြီး ရေထဲသို့ ပစ်ချလိုက်တော့သည်။
အချိန်ကြာလာသည်နှင့်အမျှ သူသည် ငါးဖမ်းကိရိယာများကိုတောင် အဆင့်မြှင့်တင်ခဲ့သည်။
ငါးမျှားကြိုးက ပိုးမျှင်ဖြစ်နေဆဲ ဖြစ်သော်လည်း ငါးမျှားတံနှင့် ငါးမျှားချိတ်ကိုတော့ အစားထိုးလိုက်ပြီပင်။
ငါးမျှားချိတ်များကို မြို့ထဲရှိ ပန်းပဲဆရာတစ်ဦးထံတွင် အထူး မှာယူထားခြင်း ဖြစ်ပြီး ကုန်ကျစရိတ်ကတော့ များပြားသည်။
ငါးမျှားချိတ် ၁၀ ခုအတွက် ၁၀ ကျပ်သာ ပေးရပြီး တစ်ခုလျှင် တစ်ကျပ်သာ ကျသည်။
ငါးမျှားချိတ် တစ်ခုစီသည် ၎င်း၏ အလေးချိန်တူ ရွှေထက် ပိုတန်ဖိုးရှိသည်။
ပန်းပဲဆရာ၏ တုံ့ပြန်မှုမှာလည်း အံ့သြမှုအပြည့်ဖြင့်ပင်။
လုချင်းကဲ့သို့သော လူတွင် ငါးမျှားချိတ်အတွက် ငွေအများကြီး သုံးသော ဈေးကြီးသည့် ဝါသနာမျိုး ရှိလိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ပေ။
သို့သော် လုချင်းကတော့ ထိုသည်ကို ဂရုမစိုက်ပေ။
ယစ်မူးပျော်မွေ့ ခံတပ်နှင့် ဆရာ၏ကြွယ်ဝမှုတို့ကြောင့် ရရှိလာသော ငွေများဖြင့် သူသည် ငွေကြေး မပြတ်လပ်ပေ။
ထို့ကြောင့် ငါးမျှားချိတ်အတွက် ငွေနည်းနည်း သုံးရတာက သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေပေ။
ထို့အပြင် ပေးရတာနှင့် တန်သည့် ပစ္စည်းကိုလည်း ရခဲ့သည်။ ငါးမျှားချိတ်များ၏ အရည်အသွေးမှာ အမှန်တကယ်ကို ကောင်းမွန်လှပါ၏။
၎င်းတို့သည် သူ့တိုက်ပွဲဝင်ဓားနီးပါး ခိုင်ခံ့ပြီး လက်နက်အဖြစ်ပင် သုံးနိုင်လေသည်။
ငါးမျှားချိတ် ရေထဲရောက်သည်နှင့် လုချင်းတစ်ယောက် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေလိုက်တော့သည်။
ထိုစဉ် ရှောင်လီမှာလည်း သူ့ဘေးတွင် ပေါ်လာပြီး ငါးမျှားတံကို စူးစိုက်ကြည့်နေလေ၏။
ရှောင်ယန်လေးကတော့ အစ်ကိုဖြစ်သူနှင့် ရှောင်လီတို့ ငါးဖမ်းရာတွင် အာရုံစိုက်နေမည်ကို သိသဖြင့် သူမ၏ အရုပ်များနှင့်သာ ကစားနေသည်။
ရှောင်လီကို ကြည့်ရင်း လုချင်းမှာတော့ သဘောကျနေပါ၏။
သားရဲလေးတွင် ငါးဖမ်းကျွမ်းကျင်သူ ဖြစ်လာနိုင်မည့် အလားအလာ ရှိသည်။ အကယ်၍ သူမ၏ လက်သည်းများကသာ ပစ္စည်းများကို ကိုင်နိုင်လျှင် သူသည်လည်း သူမအတွက် ငါးမျှားတံသေးသေးလေး တစ်ချောင်း လုပ်ပေးမိမည်ပင်။
အချိန်ခဏလောက်ထိ ကြာညောင်းသွားသော်ငြား ငါးမျှားတံကတော့ တုပ်တုပ်ပင်မလှုပ်ပေ။
လုချင်းကတော့ ဤသည်နှင့် ကျင့်သားရနေပြီဖြစ်၏။
မြစ်ထဲတွင် ရှားပါးငါး မရှိတော့ဘူးဟုပင် သူ သံသယဝင်မိသည်။
အကျင့်ပါနေမှုနှင့် နောက်ထပ် တစ်ကောင်လောက် ဖမ်းမိမလားဟူသော မှိန်ဖျဖျ မျှော်လင့်ချက်ကြောင့်သာ သူ ဆက်လာနေခြင်း ဖြစ်သည်။
အချိန်တော်တော်လေး ကုန်လွန်လာသော်လည်း ငါးမျှားတံက ငြိမ်နေသေးသဖြင့် လုချင်းသည် ပုံမှန်ငါးများကိုပဲ ဖမ်းဖို့ နေရာပြောင်းရန် ပြင်ဆင်လိုက်တော့သည်။
ဤနေရာက ငါးကုန်နေပြီဖြစ်သဖြင့် ပြန်လည်ကောင်းမွန်ရန် အချိန်လိုအပ်သည်ပင်။
သူ ငါးမျှားတံကို လှမ်းယူလိုက်စဉ်မှာပင် ငါးမျှားတံက ရုတ်တရက် တုန်ခါသွားပြီး ရေအောက်သို့ ထိုးဆင်းသွားတော့၏။
"မိပြီဟေ့"
လုချင်းလည်း ချက်ချင်းပင် ငါးမျှားတံကို ဖမ်းဆွဲလိုက်သည်။
တစ်ချိန်တည်းမှာပင် ရှောင်လီ၏ မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် ပြူးကျယ်သွားတော့လေ၏။