← Chapters

နဂါးမုတ်ဆိတ်ငါး၊ မမျှော်လင့်ထားသော ဧည့်သည်များနှင့် ဝံပုလွေနက်ဂိုဏ်း၏ တိုက်ခိုက်မှု

Vol. 12 Ch. 119

နဂါးမုတ်ဆိတ်ငါး၊ မမျှော်လင့်ထားသော ဧည့်သည်များနှင့် ဝံပုလွေနက်ဂိုဏ်း၏ တိုက်ခိုက်မှု

Vol. 12 Ch. 119

ငါးက ငါးမျှားချိတ်ကို ရုတ်တရက် ဆွဲလိုက်သည်ကို မြင်လိုက်သောအခါ၌ လုချင်း မအံ့သြပေ။

ဒီကမ္ဘာက ငါးတွေက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို ကြိုက်ကြတယ်လေ၊ သူကလည်း ဒါကို ကျင့်သားရနေပါပြီ။

သူ့ကို စိတ်လှုပ်ရှားစေသည်မှာ ဒီတစ်ခါ သွေးမက်မွန်သီးကို ငါးစာအဖြစ် သုံးထားခြင်းပင်။

၎င်းက ရှားပါးငါးတွေပဲ ကြိုက်သောအရာဖြစ်ပြီး သာမန်ငါးတွေကတော့ စိတ်ဝင်စားပုံ မရပါချေ။

ငါးမျှားတံဆီမှ ပြင်းထန်သော ဆွဲအားကို ခံစားလိုက်ရပြီးနောက် ဒီတစ်ခါ သူ ရှားပါးငါး မိနေပြီ ဖြစ်ကြောင်း လုချင်း သေချာသလောက် ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ကျောက်ပြာငါးမှလွဲ၍ မြစ်ထဲရှိ အခြား သာမန်ငါးများတွင် ဤမျှ သန်မာလှသော အင်အားမျိုး မရှိသောကြောင့်ပင်။

ရှောင်လီသည်လည်း မငြိမ်သက်နိုင်တော့ဘဲ သူ့ဘေးတွင် စိုးရိမ်တကြီး လမ်းလျှောက်နေပြီး လုချင်းကို ငါးမျှားတံ ကူဆွဲပေးချင်နေသကဲ့သို့ ဖြစ်နေသည်။

"ရှောင်လီ... မပူပါနဲ့၊ ဒီငါး လွတ်မသွားစေရဘူး။"

လုချင်းသည် ငါးမျှားတံကို ငြိမ်ငြိမ်ကိုင်ရင်း သားရဲလေးကို နှစ်သိမ့်လိုက်သည်။

သူ့လက်ရှိ သိုင်းပညာအင်အားနှင့်ဆိုလျှင် အရင်တုန်းကလို ငါးတစ်ကောင်ကြောင့် မငြိမ်မသက် ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။

လုချင်း၏ စကားကို ကြားသောအခါ ရှောင်လီလည်း အနည်းငယ် ငြိမ်သက်သွားပြီး ကမ်းစပ်တွင် ထိုင်လိုက်သည်။

သို့သော် ၎င်း၏ မျက်လုံးများကတော့ ရေပြင်ကို စိုက်ကြည့်နေဆဲပင်။ အမြီးကလည်း မငြိမ်မသက် ယမ်းခါနေကာ စိတ်လှုပ်ရှားမှုကို ပြသနေလေ၏။

ထိုစဉ် လုချင်းကတော့ ငါးမျှားတံကို ကိုင်ပြီး ငါးကို စတင်ဆွဲတင်လိုက်တော့သည်။

ယခု သူသည် ကြွက်သားနှင့်အရိုးအဆင့် သိုင်းပညာရှင် ဖြစ်နေသည့်အပြင် ဓားထိန်းချုပ်မှုတွင်လည်း မဟာသခင်အဆင့် ရှိနေပြီဖြစ်ရာ ငါးဖမ်းရသည်မှာ အေးဆေးကလေးမွေးဟု ဆိုလို့ရပြီဖြစ်၏။

မကြာမီ ရွှေရောင် သန်းနေသော ငါးတစ်ကောင်ကို လုချင်း ဆွဲတင်လိုက်တော့၏။

"အူး~ အူး~ အူး~"

ငါး ပါလာသည်ကို မြင်သောအခါ ရှောင်လီမှာလည်း ချက်ချင်း စိတ်လှုပ်ရှားသွားချေသည်။

လုချင်း၏ ခြေထောက်နားတွင် ပတ်ပြေးနေပြီး မရပ်မနား အော်မြည်နေလေ၏။

"ကိုကို... ဒီငါးက အရမ်း လှတာပဲနော်"

သစ်ပင်အောက်တွင် ကစားနေသော ရှောင်ယန်သည်ပင် ဆူညံသံများကို ကြားပြီး ပြေးလာခဲ့သည်။

"ရှောင်လီ... မလောပါနဲ့။ မင်းကို မပေးခင် ဒါ ဘာငါးလဲဆိုတာ ကြည့်ပါရစေဦးကွ။"

လုချင်းက ငါးမျှားချိတ်မှ ငါးကို ဖြုတ်လိုက်ပြီးနောက် ချိန်တွယ်ကြည့်လိုက်သည်။

ငါးက မလေးလံပေ၊ နှစ်ပေါင်ကျော်ရုံသာ ရှိသော်လည်း အင်အားကတော့ သေချာပေါက် မသေးပေ။

လုချင်း ဆွဲတင်စဉ်က သူ အရင်ဖမ်းမိဖူးသော ငါးကြင်းနီထက်တောင် ပိုသန်မာနေကြောင်း သိရှိခဲ့ရသည်။

အကယ်၍ သူ့ငါးမျှားတံကိုသာ အဆင့်မမြှင့်ထားခဲ့လျှင် ငါးကို ဆွဲတင်နိုင်ခဲ့မည် မဟုတ်ပေ။

ဤငါး၏ အထူးခြားဆုံး အင်္ဂါရပ်မှာ ပါးစပ်၏ ဘေးနှစ်ဖက်ရှိ ရှည်လျားသော နှုတ်ခမ်းမွေးများပင်။ ၎င်းနှုတ်ခမ်းမွေးများမှာ ယင်းငါးခန္ဓာကိုယ်အရှည်၏ တစ်ဝက်နီးပါးထိပင် ရှိလေ၏။

ငါး၏ခန္ဓာကိုယ်ကို ရွှေရောင်သန်းနေသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသဖြင့် နေရောင်အောက်တွင် အတော်လေးကို လှပနေပါသည်။

ထို့နောက် ငါးကို သူ့ရှေ့တွင် ကိုင်ထားလျက် လုချင်းသည် သူ့နတ်မျက်စိစွမ်းရည်ကို သုံးကာ စစ်ဆေးလိုက်တော့၏။

မကြာမီမှာတော့ အနီတစ်ဝက် အဖြူတစ်ဝက် အလင်းရောင်တန်းကြီးက ထိုငါးထံမှ ထွက်ပေါ်လာချေသည်။

【နဂါးမုတ်ဆိတ်ငါး : ရွှေရောင် အကြေးခွံများပါရှိပြီး၊ ကြီးမားသော အင်အားနှင့် ယုံကြည်နိုင်စရာမရှိသော ရေကူးအရှိန် ရှိသည့် ရှားပါးငါး။】

【ဝိညာဉ်အနှစ်သာရ ပါဝင်သည်၊ အသားမှာ နူးညံ့ပြီး အာဟာရပြည့်ဝသည်၊ ယန်သတ္တဝါ ဖြစ်သည်။】

【နဂါးမုတ်ဆိတ်ငါးတွင် နဂါးသွေး အရိပ်အမြွက် ပါဝင်သည်ဟု ဆိုကြပြီး ၎င်း၏ အသားမှာ အလွန် အာဟာရပြည့်ဝစေသည့်အပြင် ယန်စွမ်းအင်လည်း ပြည့်ဝစေသည်။】

"နဂါးမုတ်ဆိတ်ငါးတဲ့လား"

လုချင်းသည် လက်ထဲမှ ရှားပါးငါးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

ဖော်ပြချက်အရဆိုလျှင် ဤသည်က အမျိုးသားတွေနှင့် ပိုသင့်တော်ပုံ ရသည်။

ရှောင်လီ စားလို့ အဆင်ပြေပါ့မလား။

သို့သော် ရှောင်လီ၏ စိတ်အားထက်သန်သော မျက်လုံးများကို မြင်သောအခါ အကယ်၍ ငါးသာ မပေးလိုက်လျှင် ၎င်းနေရာတင် ငိုချလိုက်မည်ကို လုချင်း သိနေပါ၏။

သို့သော် ထူးခြားသော ဝိညာဉ်သားရဲတစ်ကောင်အနေဖြင့် ရှောင်လီတွင် အလွန် ထူးခြားပြီး ဆန်းကြယ်သော အာရုံခံစားမှု ရှိသည်ဟု လုချင်း ယုံကြည်သည်။

ရှောင်လီသည် မိမိအတွက် အကျိုးရှိ ၊ မရှိနှင့် အန္တရာယ်ရှိ ၊ မရှိ အလွယ်တကူ ခွဲခြားနိုင်သည်။

ဤ ရှားပါးငါးကို ဤမျှ လိုချင်နေမှတော့ သူ့အတွက် အလွန် အကျိုးရှိ၍သာ ဖြစ်မည်။

ဒါကို တွေးပြီး လုချင်းက ငါးကို ရှောင်လီထံ ပစ်ပေးလိုက်တော့၏။

"ကဲ... ရှောင်လီ၊ ဒီ ရှားပါးငါးက မင်းအတွက်ပဲ။"

ထိုအခိုက်၌ လုချင်းလက်ထဲမှ ရှားပါးငါးကို စိုက်ကြည့်နေသော ရှောင်လီမှာလည်း ချက်ချင်း ဝမ်းသာသွားသည်။

ငါးကို ခုန်ဖမ်းလိုက်ပြီးနောက် စားရန်အတွက် သန့်ရှင်းသော မြက်ခင်းပြင်တစ်ခုဆီသို့ ဆွဲသွားလိုက်သည်။

ငါးကို ကိုက်လိုက်တိုင်း မျက်လုံးလေးများမှာ မှေးစင်းသွားပြီး အမြီးလေးကလည်း ပျော်ရွှင်စွာဖြင့် ယမ်းခါနေလေ၏။

သူ ပျော်ရွှင်စွာ စားနေသည်ကို မြင်သောအခါ လုချင်းလည်း စိတ်အေးသွားသည်။

ထို့နောက် လုချင်းသည် သွေးမက်မွန်သီး နှစ်လုံးကို ထပ်တပ်လိုက်ပြီး ရေထဲသို့ ငါးမျှားချိတ်ကို ပြန်ချလိုက်တော့၏။

အခွင့်အလမ်း နည်းပါးကြောင်း သိသော်လည်း နောက်ထပ် ရှားပါးငါး တစ်ကောင်လောက် မိမလား ဟု စမ်းကြည့်ချင်သေးသည်ပင်။

မကြာမီ ရှောင်လီမှာ ငါးစားပြီးသွားပြီဖြစ်ကာ လက်သည်းများကို ကျေနပ်စွာဖြင့် လျှာနှင့် လျက်လိုက်လေသည်။ ပြီးနောက်မှ လုချင်းဘေးတွင် ပြန်ထိုင်လိုက်ပြီး ရေပြင်ကို မျှော်လင့်တကြီး ကြည့်နေပြန်သည်။

နှစ်ဦးစလုံး နောက်ထပ် ရှားပါးငါး တစ်ကောင် ဖမ်းမိရန် မျှော်လင့်နေကြသည်။

သို့သော် ဒီတစ်ခါတွင်တော့ သူတို့ စိတ်ပျက်ရဖို့ ကံပါလာပုံပင်။

ကြာရှည်စွာ စောင့်ဆိုင်းပြီးနောက် ငါးမျှားတံ မလှုပ်တော့သဖြင့် ဒီတစ်ခါ၌ ထိုရှားပါးငါးတစ်ကောင်သာ ရမည်ဖြစ်ကြောင်း လုချင်း သိလိုက်တော့သည်။

နောက်ထပ်တစ်ကောင် ဖမ်းဖို့ဆိုရင် အချိန်ယူရဦးမည်ပင်။

ဤငါးဖမ်းနေရာသည် အနီးနားရှိ သွေးမက်မွန်ပင်များကြောင့် ရှားပါးငါးများကို ဆွဲဆောင်နိုင်နေခြင်းဖြစ်ကြောင်း ထင်ရှားလှပါ၏။

သွေးမက်မွန်ပင်များ ရှိနေသရွေ့ အချိန်ကြာလာသည်နှင့်အမျှ ရှားပါးငါးများလည်း ရောက်လာပေဦးမည်။

ထို့ကြောင့် ရှောင်လီလည်း နောက်ထပ် ရှားပါးငါး စားချင်လျှင် စောင့်ရပေမည်။

လုချင်းက သူ့ခန့်မှန်းချက်ကို ရှောင်လီအား ရှင်းပြလိုက်သောအခါ၌ ရှောင်လီလေးမှာ စိတ်မပျက်ဘဲ ပျော်ရွှင်သွားလေသည်။

ဆိုလိုသည်မှာ မကြာခဏဆိုသလို သူ့အကြိုက်ဆုံး ရှားပါးငါးကို စားရတော့မည်။ ယင်းမှာ အရင်က သူ အိပ်မက်ပင် မမက်ရဲခဲ့သော အရာပင်။

နောက်ထပ် ရှားပါးငါး ဖမ်းမရနိုင်တော့ကြောင်း အတည်ပြုပြီးနောက် လုချင်းသည် ရှောင်ယန်၊ ရှောင်လီတို့နှင့်အတူ အခြားငါးဖမ်းနေရာတစ်ခုသို့ ရွှေ့လိုက်တော့၏။

ထိုနေရာကတော့ လွန်ခဲ့သော ရက်အနည်းငယ်က သူ ရှာဖွေထားသော နေရာသစ်တစ်ခု ဖြစ်ပြီး အနည်းငယ် ဝေးသော်လည်း ငါးများ ပေါများလှပါ၏။

နေရာသစ်တွင် လုချင်းသည် ငါးအများကြီးကို လျင်မြန်စွာဖြင့် ဖမ်းမိခဲ့ပြီး ရှောင်လီ ဗိုက်ကားထွက်လာသည်အထိ ကျွေးပြီးမှ ငါးများကို ပုံးထဲ ထည့်လိုက်တော့သည်။

မကြာမီ သူသည် နှစ်ပေါင်ကျော်သော ငါးဆယ်ကောင်ကျော် ဖမ်းမိပြီး ပုံးထဲတွင် ငါးအသေးများဖြင့် ပြည့်လုနီးပါး ဖြစ်နေသည်။

ရွှပ်

နောက်ထပ် ငါးအသေးတစ်ကောင် လေထဲသို့ လွင့်တက်လာပြန်သည်။ လုချင်းလည်း ငါးမျှားချိတ်မှ ဖြုတ်ယူပြီး ပုံးထဲ ပစ်ထည့်လိုက်ရာ ကျေနပ်မှုနှင့် အပန်းပြေမှုကို ခံစားလိုက်ရသည်။

မကြာသေးမီက သူသည် ကျင့်ကြံမှုဖြင့် အလုပ်များနေခဲ့ပြီး ဤကဲ့သို့ ရံဖန်ရံခါ ငါးဖမ်းခြင်းသည် အပန်းဖြေရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

ကျင့်ကြံမှု လမ်းစဉ်သည်လည်း တင်းမာမှုနှင့် လျော့ရဲမှုကို ညီမျှစေရန် လိုအပ်သည်။

အလွန်အကျွံ လုပ်ခြင်းသည် တစ်ခါတစ်ရံ၌ ပြဿနာများပင် ဖြစ်စေနိုင်ပါ၏။

"အူး"

လုချင်း ငါးဖမ်းခြင်းဖြင့် အပန်းဖြေနေစဉ် ရှောင်လီသည် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး လေးနက်စွာဖြင့် မြည်တမ်းလာသည်။

"တစ်ယောက်ယောက် လာနေတယ်လို့ ပြောတာလား။"

လုချင်း၏ မျက်နှာထားက လေးနက်သွားသည်။

ရှောင်လီနှင့် အချိန်များစွာ ကုန်ဆုံးပြီးနောက် သူတို့၏ အပြန်အလှန် နားလည်မှုမှာလည်း အလွန် မြင့်မားနေပြီပင်။

၎င်း၏ အမူအရာများနှင့် လုပ်ရပ်များမှတစ်ဆင့် ရှောင်လီ ဘာပြောချင်သလဲ ဆိုတာကို သူ အခြေခံအားဖြင့် ပြောနိုင်သည်။

ရွာသားများသာဆိုလျှင် ရှောင်လီ ဒီလို လုပ်မည် မဟုတ်ပေ။

အပြင်လူများ၊ အထူးသဖြင့် သာမန်မဟုတ်သောသူများ ချဉ်းကပ်လာမှသာ ဤကဲ့သို့ ပြုမူလေ့ရှိသည်။

သူစိမ်း သိုင်းပညာရှင် တစ်ယောက်ယောက်များ လာနေတာများလား။

ထိုအတွေးတစ်ခုက လုချင်း၏ စိတ်ထဲတွင် ဖြတ်သန်းသွားသည်။

"ရှောင်လီ... သူတို့ အခု ဘယ်မှာလဲ။"

ရှောင်လီက လက်သည်းဖြင့် ဦးတည်ချက်တစ်ခုကို ညွှန်ပြလိုက်သည်။

"လူ အများကြီးလား။"

ရှောင်လီကလည်း ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ၌ လုချင်းလည်း မတွန့်ဆုတ်တော့ပေ။

သူ ရှောင်လီကို အရင် မှာကြားလိုက်ပြီးနောက် ရှောင်ယန်ကို လှမ်းခေါ်လိုက်သည်။ "ရှောင်ယန်... ဒီကို မြန်မြန်လာ"

"ဘာဖြစ်လို့လဲ ကိုကို။"

ရှောင်ယန်လေး ပြေးလာသည်။

ထိုအချိန်တွင် ရှောင်လီသည် ကိုယ်ဖျောက်ပြီး တစ်နေရာရာတွင် ပုန်းနေလိုက်ပြီ ဖြစ်သည်။

"ဘာမှ မဟုတ်ပါဘူး။ ပစ္စည်းတွေ သိမ်းပြီး အိမ်ပြန်ကြရအောင်။"

လုချင်းက ပြောပြီး သူမခေါင်းကို ပွတ်ပေးလိုက်သည်။

"ဟုတ်ကဲ့~"

ရှောင်ယန်က လိမ္မာစွာ ပြန်ဖြေလိုက်သည်။

လုချင်း လျင်မြန်စွာ သိမ်းဆည်းလိုက်ပြီးနောက် ပစ္စည်းများနှင့်အတူ ရှောင်ယန်ကို ချီကာ အမြန် ထွက်ခွာလိုက်တော့သည်။

ရှောင်လီ၏ အထူးအာရုံခံစားမှုများကြောင့် လုချင်းသည် မည်သူနှင့်မျှ မတွေ့ဘဲ ရွာသို့ ချောမွေ့စွာ ပြန်ရောက်လာခဲ့ပါ၏။

ရွာပြန်ရောက်သောအခါ ရှောင်ယန်ကို အိမ်မပြန်စေဘဲ ဆရာ့အိမ်သို့သာ တန်းခေါ်သွားလိုက်သည်။

သူ့ဆရာကို အသိပေးပြီးနောက် လုချင်းသည် ရှောင်လီနှင့်အတူ ပြန်ထွက်လာခဲ့လိုက်၏။

ရွာအနီးတွင် သိုင်းပညာရှင်အများအပြား ရုတ်တရက် ပေါ်လာသဖြင့် ဘာဖြစ်နေသလဲ ဆိုတာကို သူ စုံစမ်းရမည်။

"ရှောင်လီ... အခု အဲ့ဒီလူတွေကို အာရုံခံလို့ ရသေးလား။"

တိုက်ပွဲဝင်ဓားကို ကျောတွင် လွယ်လျက် ရွာအဝင်ဝသို့ ရောက်သောအခါ လုချင်းက သစ်ပင်တွင် ဖဲကြိုးနီ ချည်ရင်း မေးလိုက်သည်။

ရှောင်လီက ခေါင်းခါလိုက်သည်။

၎င်း၏ အထူးအာရုံခံစားမှုတွင် အကွာအဝေး ကန့်သတ်ချက် ရှိပြီး ထိုအကွာအဝေး ကျော်လွန်ပါက အာရုံမခံနိုင်ပေ။

လုချင်း စဉ်းစားလိုက်သည်။

ထိုလူများက ရွာအနီးတွင် မရှိသဖြင့် သူတို့သည် ရွာကို တိုက်ရိုက် ပစ်မှတ်ထားခြင်း မဟုတ်ပေ။

ဒါဆို သူတို့က ဘာကို ပစ်မှတ်ထားတာလဲ။

ဈေးကြီးလား။

ထိုမေးခွန်း ပေါ်လာသည်နှင့် လုချင်း အဖြေရပြီးသား ဖြစ်သည်။

ထိုနေရာကသာ သိုင်းပညာရှင်အများအပြားကို ဆွဲဆောင်နိုင်သည်။

သခင်မဝေ့နဲ့ သခင်လေးဝေ့တို့တွေ ပုန်းနေတာကို အဖော်ခံလိုက်ရတာများလား။

လုချင်း မသေချာသော်လည်း အမြန် စုံစမ်းရမည်ကိုတော့ သူ သိသည်။

ကျောပေါ်တွင် လွယ်ထားသော တိုက်ပွဲဝင်ဓားကို တင်းကျပ်စွာဖြင့် ချည်လိုက်ပြီးနောက် လုချင်းသည် ဈေးကြီး ရှိရာဘက်သို့ ကြည့်ကာ လျင်မြန်စွာ လျှောက်သွားလိုက်တော့သည်။

ဒီနေ့ ဈေးနေ့ မဟုတ်သဖြင့် ရွာသားများမှာလည်း ရွာမှ ထွက်ခွာခဲသည်ပင်။

ထို့ကြောင့် လုချင်းသည် လမ်းတွင် မည်သူနှင့်မျှ မတွေ့ပေ။

"အူး~"

ဈေးကြီးနား ရောက်သောအခါ သူ့ပခုံးပေါ်တွင် ပုန်းနေသော ရှောင်လီက ရုတ်တရက် သူ့ဆံပင်ကို လက်သည်းဖြင့် ဆွဲလာခဲ့၏။

"အဲ့ဒီသိုင်းပညာရှင်တွေက ရှေ့မှာ ရှိနေတယ်လို့ ပြောတာလား။"

ဤအခိုက်၌ လုချင်း၏ စိတ်နှလုံး တင်းကျပ်သွားပြီး သူ့အတွေး မှန်ကန်ကြောင်း သိလိုက်ရတော့သည်။ ထိုလူများသည် အမှန်တကယ်ပင် ဈေးကြီးဆီသို့ ဦးတည်နေကြတာပင်။

သခင်မဝေ့နှင့် သခင်လေးဝေ့တို့ အမှန်တကယ် အဖော်ခံလိုက်ရပုံ ရသည်။

ဒါပေမဲ့ ဘာလို့လဲ။ မာကူးက အဲ့ဒီလောက် ပေါ့ဆမဲ့သူမှ မဟုတ်တာ။

သံသယများနှင့်အတူ လုချင်းသည် သူ့အရှိန်အဝါကို ဖုံးကွယ်ပြီး တိတ်တဆိတ် တိုးကပ်သွားလိုက်သည်။

သူ၏ မဟာသခင်အဆင့် ဓားထိန်းချုပ်မှုဖြင့် သူ၏ သွေးချီကို လုံးဝ ဖုံးကွယ်ထားနိုင်ပါ၏။ ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သုံးလှမ်းအကွာအတွင်း မရှိပါက သူ့ကို အာရုံခံနိုင်မည် မဟုတ်ပေ။

လုချင်း ခိုးကြောင်ခိုးဝှက် ရှေ့တိုးသွားလိုက်ပြီးနောက်၌ မကြာမီမှာပဲ အသံတစ်သံ ကြားလိုက်ရသည်။

"ခေါင်းဆောင်ဖန်... ဘာကိစ္စများရှိလို့ လူအများကြီးနဲ့ ကျွန်တော့်ရဲ့ နုံချာတဲ့ ဈေးဆီ အလည်လာတာလဲ။"

လုချင်းမှာ မာကူး၏ အသံကို မှတ်မိလိုက်သည်။

အခြေအနေက သူထင်သလို မဟုတ်လောက်ကြောင်း သိလိုက်ရသဖြင့် လုချင်းမှာ စိတ်ပင်လှုပ်ရှားသွားတော့၏။

အသံက မာကူး၏ အိမ်မှ လာခြင်းဖြစ်ရာ လုချင်းလည်း တိတ်တဆိတ် ချဉ်းကပ်သွားလိုက်သည်။

လုချင်းသည် သစ်ပင်ကြီး တစ်ပင်ပေါ် တက်လိုက်ပြီးနောက် အောက်ရှိမြင်ကွင်းကို ငုံ့ကြည့်လိုက်ရာ

အိမ်ရှေ့တွင် အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်တွေ့နေသည်ကို သူ တွေ့လိုက်ရတော့၏။

တစ်ဖွဲ့ကို မာကူး ဦးဆောင်ပြီး နောက်လိုက် ၇ ယောက် ၈ ယောက်ခန့် ပါသည်။

အခြားတစ်ဖွဲ့တွင်တော့ လူ ၂၀ ကျော် ရှိပြီး ထက်ဝက်နီးပါးမှာ သိုင်းပညာရှင်များ ဖြစ်ကြသည်။

ခေါင်းဆောင်မှာ မျက်နှာပေါ်တွင် အမာရွတ်ရှိသော အရပ်ရှည်သော လူတစ်ယောက် ဖြစ်ပြီး ရက်စက်သော အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။

အရေအတွက်အရ မာကူးဘက်က အားနည်းနေပါ၏။ သိုင်းပညာရှင် အရေအတွက်ကို ထည့်မပြောရင်တောင်မှ အသိသာကြီးပင်။

"ဟားဟား"

လုချင်းက သူ့နတ်မျက်စိစွမ်းရည်ကို သုံးပြီး ထိုလူများ၏ အချက်အလက်ကို မစစ်ဆေးရသေးခင်

တစ်ဖက်မှ အရပ်ရှည်ရှည် လူက ရယ်မောလိုက်သည်။

"ငါ မင်းကို မေးခွန်းတစ်ခုလောက် မေးချင်လို့ပါ မာကူး။

မကြာသေးခင်က ငါတို့ ဝံပုလွေနက်ဂိုဏ်းရဲ့ နဝမမြောက်ခေါင်းဆောင်နဲ့ ညီအစ်ကိုတချို့ အနီးနားက ရွာတစ်ရွာမှာ အသတ်ခံလိုက်ရတယ်လေ။ အဲ့ရွာကလည်း မီးလောင်ပြီး ပြာကျသွားတဲ့အပြင် သူတို့ အလောင်းတွေကလည်း ပျောက်သွားတယ်။

ငါ မာကူးကို မေးချင်တာက... ဒါ ဘယ်သူ့လက်ချက်လဲဆိုတာ မင်း သိလား။"

ဝံပုလွေနက်ဂိုဏ်းလား

လုချင်း ရင်တုန်သွားသည်။ သူ ချက်ချင်းပင် အရပ်ရှည်ရှည် လူကို အာရုံစိုက်လိုက်သည်။

မကြာမီ အားကောင်းသော အလင်းဖြူရောင် တစ်ခုက သူ့ခန္ဓာကိုယ်မှ ပေါ်လာသည်။

【ဖန်သဲ : "ဝံပုလွေနက်" ဟု အမည်ပြောင်ရ၊ ဝံပုလွေနက်ဂိုဏ်း ခေါင်းဆောင်၊ ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှု မရှိ၊ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တတ်သည်။】

【ကျင့်ကြံမှု : မွေးဖွားပြီးနယ်ပယ် ကြွက်သားနှင့်အရိုးအဆင့်။】

တကယ်ပဲ ဝံပုလွေနက်ဂိုဏ်း ဖြစ်နေတာပဲ

ထို့နောက် လုချင်းသည် အခြားလူများကိုပါ မျက်လုံးဖြင့် ဝေ့ကြည့်လိုက်ရာ အားလုံး ဝံပုလွေနက်ဂိုဏ်းသားများ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ခေါင်းဆောင် ဝံပုလွေနက် ရောက်နေရုံသာမက အခြားခေါင်းဆောင် အများစုလည်း ပါလာတာပင်။

"ဒါ တကယ် တိုက်ဆိုင်တာပဲ။"

အေးစက်မှုတစ်ခုက လုချင်း၏ မျက်လုံးများတွင် ဖြည်းဖြည်းချင်း မြင့်တက်လာသည်။

သို့သော် သူ မဆင်မခြင် မလုပ်ဆောင်ဘဲ တိတ်တဆိတ်ဖြင့်သာ ဆက်လက် ကြည့်ရှုနေခဲ့သည်။

ဝံပုလွေနက်ဂိုဏ်း ရုတ်တရက် ရောက်လာခြင်းက သံသယ ဖြစ်စရာ ကောင်းသည်၊ အခြားအကြောင်းရင်းများ ရှိနိုင်ပေ၏။

"ခေါင်းဆောင်ဖန်... ခင်ဗျား နောက်နေတာ ဖြစ်ရမယ်။ ကျွန်တော် မာကူးက မြို့ထဲမှာ သူဌေးတချို့ကို ရန်စမိလို့ ကျွန်တော့်မိသားစုက ဒီအစုတ်အပြတ်နေရာကို ပို့လိုက်တာလေ။ ကျွန်တော်က အိမ်ထဲမှာ နေ့တိုင်း အရက်သောက်ပြီး ပျော်ပါးနေတာ၊ အပြင်က ကိစ္စတွေကို ဂရုမစိုက်ပါဘူးဗျာ။

အဲ့ဒီညက ယစ်မူးပျော်မွေ့ ခံတပ် မီးလောင်တာကိုတောင် နောက်တစ်နေ့မှ ကျွန်တော် သိတာလေ။ လူလွှတ်ပြီး ကြည့်ခိုင်းတော့ အပျက်အစီးတွေပဲ တွေ့ခဲ့ရတယ်၊ ဘာဖြစ်ခဲ့လဲတော့ မသိပါဘူးဗျာ။

ဒါပေမဲ့ မြို့ထဲမှာ ကောလာဟလ ထွက်နေတာက ဝေ့မိသားစုလက်ချက်လို့ဆိုပဲ ၊ မဟုတ်ဘူးလား။"

တစ်ဖက်တွင် မာကူးသည် ဝံပုလွေနက်၏ မေးခွန်းကို ကြားပြီး လန့်သွားသော်လည်း မျက်နှာပေါ်တွင်တော့ ထုတ်မပြပေ။

"ဟာ့... ဝေ့မိသားစုကို သုံးပြီး ငါ့ကို ဖိအားပေးဖို့ မကြိုးစားနဲ့။ ဝေ့မိသားစုက အခု ဒုက္ခရောက်နေပြီ၊ မကြာခင် မျိုးသုဉ်းပြီး ချန်းခရိုင်ကနေ ပျောက်ကွယ်သွားတော့မှာ"

ဝံပုလွေနက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဒေါသထွက်နေသည်။

သူသည် ဝေ့မိသားစု၏ ငွေရောင်လမင်းအစောင့်တပ်ထံတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဒဏ်ရာရကာ အရှက်ကွဲခဲ့ရကြောင်း ခရိုင်ထဲမှ လူတိုင်း သိကြသည်။

မာကူးက ယခု ဝေ့မိသားစုကို ထည့်ပြောခြင်းသည် သူ့ကို လှောင်ပြောင်နေခြင်း ဖြစ်သည်။

"မင်း ယစ်မူးပျော်မွေ့ ခံတပ်အကြောင်း ဘာမှ မသိဘူး ပြောတယ်။ ဒါပေမဲ့ ငါ့လူတွေကတော့ ပြီးခဲ့တဲ့ရက်တုံးက မင်းမိသားစုရဲ့ အထည်ဆိုင်မှာ ယစ်မူးပျော်မွေ့ ခံတပ်က မိန်းမတစ်ယောက်ကို တွေ့ခဲ့တယ်တဲ့။ အဲ့ဒါကို ဘယ်လို ရှင်းပြမလဲ။"

မာကူး တုန်လှုပ်သွားသော်လည်း မျက်နှာထားကို တည်ငြိမ်အောင် ထိန်းထားသည်။

"တကယ်လား။ အဲ့ဒါတော့ ကျွန်တော် မသိဘူးဗျ။ အထည်ဆိုင်ကိစ္စတွေက ကျွန်တော့်ထိန်းချုပ်မှုအောက်မှာ မရှိဘူးလေ။ အချိန်ရရင်တော့ တာဝန်ခံကို မေးကြည့်လိုက်ပါ့မယ်။"

"မာကူး... မင်း ငါ့ကို ငတုံးလို့ မှတ်နေလား။"

ဝံပုလွေနက်က မဲ့ပြုံးပြုံးလိုက်သည်။

"မင်းဆိုင်မှာ အဲ့မိန်းမ ရှိတယ်ဆိုကတည်းက ငါ့ရဲ့ နဝမမြောက် ခေါင်းဆောင် သေဆုံးမှုနဲ့ ယစ်မူးပျော်မွေ့ ခံတပ် ပျက်စီးမှုမှာ မင်းမိသားစု ပါဝင်ပတ်သက်နေတယ်ဆိုတာ ရှင်းနေပြီပဲ။

မင်း ဝေ့မိသားစုနဲ့ ပူးပေါင်းကြံစည်နေတာ ဖြစ်မယ်။ ငါ ထင်တာတော့ ဝေ့ရှင်းဟယ်ရဲ့ သားနဲ့ မိန်းမကိုလည်း မင်းမိသားစုက ဝှက်ထားပေးတာပဲဖြစ်ရမယ်၊ သူတို့နှစ်ယောက်လုံး ဒီအိမ်ထဲမှာ ရှိနေတာတောင် ဖြစ်နိုင်သေးတယ်။"

"ဝံပုလွေနက် ငါတို့ကို စွပ်စွဲမနေနဲ့"

မာကူး၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါတို့ မိသားစုက အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား။ မင်း ငါတို့အပေါ် အမှုမဲ့အမှတ်မဲ့ အပုပ်ချနေတာက ဘာလဲ ၊ မင်းက စစ်ပွဲ စချင်နေတာလား။"

"ဟားဟား... စစ်ပွဲတဲ့လား။ မင်းမှာ အရည်အချင်း ရှိလို့လား။"

ဝံပုလွေနက်က အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်သည်။

"အရင်ကဆိုရင် မင်းမိသားစုကို ငါ နည်းနည်း ကြောက်ကောင်းကြောက်လိမ့်မယ်။ ဒါပေမဲ့ အခုတော့... သွားမေးကြည့်လိုက်၊ မင်းရဲ့ လူကြီးတွေ ငါတို့ ဝံပုလွေနက်ဂိုဏ်းနဲ့ ထိပ်တိုက်တွေ့ရဲလားလို့"

မာကူး တုန်လှုပ်သွားသည်။

ဝံပုလွေနက် ပြောတာ မှန်ကြောင်း သူ သိသည်။

ဝံပုလွေနက်ဂိုဏ်းက ထို လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာရှင်များနှင့် မဟာမိတ်ဖွဲ့ပြီးကတည်းက သူတို့၏ အင်အားသည် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

အကယ်၍ တိုက်ခိုက်ကြလျှင် သူ့မိသားစု အနိုင်ရဖို့ အခွင့်အရေး မရှိပေ။

သို့သော်လည်းပဲ သူသည် ဝံပုလွေနက်ကို အိမ်ထဲ ရှာဖွေခွင့်မပေးနိုင်ပေ။

သခင်မဝေ့နှင့် သခင်လေးဝေ့ကို လျှို့ဝှက်အခန်းထဲတွင် ဝှက်ထားသော်လည်း ဤဝံပုလွေလို ကောက်ကျစ်လှသည့် ဂိုဏ်းသားများသည် ခိုးကြောင်ခိုးဝှက်လုပ်ရာတွင် ကျွမ်းကျင်ကြသည်၊

သူတို့ လျှို့ဝှက်အခန်းကို ရှာတွေ့သွားနိုင်သည်ပင်။

ဒါကို တွေးမိပြီး မာကူးတစ်ယောက် စိုးရိမ်ပူပန်လာတော့၏။

အပြင်ဘက်က ဆူညံသံများကို ကြားပြီးနောက် သခင်မဝေ့နှင့် သခင်လေးဝေ့တို့ ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် ထွက်ပြေးသွားကြပြီလားဆိုတာကိုတော့ သူ မသိပေ။

ဝံပုလွေနက်ဂိုဏ်း ရုတ်တရက် ရောက်လာခြင်းက သူ့ကို အသင့်မဖြစ်စေဘဲ သူတို့ကို ထုတ်ပေးရန် အချိန်မရလိုက်ပေ။

"မင်း မရဲရင် ငါ့ရှေ့က ဖယ်စမ်း"

မာကူး၏ ပျက်ယွင်းနေသောမျက်နှာထားကို မြင်သောအခါ ဝံပုလွေနက်က ပို၍ပင် မာနထောင်လွှားလာတော့သည်။

အပေါ်ယံအားဖြင့် ဟုတ်ပုံရသော်လည်း မာကူး၏ မိသားစုကဲ့သို့ လူများသည် သူတို့ဂိုဏ်းကို အထင်မကြီးကြောင်း သူ သိသည်။

မာကူး စိတ်ပျက်ပြီး စကားမပြောနိုင် ဖြစ်နေသည်ကို မြင်ရခြင်းက သူ့ကို အလွန် ကျေနပ်စေသည်။

"ညီအစ်ကိုတို့... နေရာနှံ့ ရှာကြ၊ ဘယ်ထောင့်မှ မလွတ်စေနဲ့"

ဝံပုလွေနက်က လက်ဝှေ့ယမ်းပြီး သူ့လူများကို အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ဝံပုလွေနက်ဂိုဏ်းသားများလည်း ကျယ်လောင်စွာ တုံ့ပြန်ပြီး ရှေ့တိုးလာကြသည်။

"နေဦး"

"မင်းတို့ လုပ်ရဲလား။"

မာကူး တားဆီးရန် ကြိုးစားသော်လည်း ဝံပုလွေနက်ကတော့ လှုပ်ရှားပြီးသား ဖြစ်သည်။ သူ၏ ကြီးမားသော လက်သီးသည် မာကူးထံသို့ ဝှေ့ယမ်းလိုက်ရာ လေပြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့လေ၏။

All Chapters