စစ်ပွဲစပြီ
Vol. 13 Ch. 127
"ရှုံးအာ... ယွိဟွာ ပြန်ရောက်ပြီလား။"
ခရိုင်မြို့ရှိ အိမ်တော်ကြီးတစ်ခုတွင် ဝမ်ချန်းယီ၏ မျက်နှာမှာ တည်မှိုင်နေလေ၏။
သူ၏ ဒုတိယတပည့်ကို တာဝန်တစ်ခု ပေးလိုက်သော်လည်း ပျောက်သွားသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။
ထိုကောင်လေးသည် တာဝန်မပြီးမြောက်နိုင်၍ ပြန်မလာရဲဘဲ ဖြစ်နေသည်ဟု သူ ထင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ဒုတိယတပည့်သည် လှည့်ဖြားတတ်ပြီး ကောက်ကျစ်သူအဖြစ် နာမည်ကြီးသောကြောင့်ပင်။
သို့သော် ယခုအခါတွင်တော့ သူ့တွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေလေ၏။
"ညီလေးဆီက ဘာသတင်းမှ မရပါဘူး ဆရာ။ သူ သိမ်းသွင်းထားတဲ့ ဂိုဏ်းငယ်လေးလည်း ပြန်မရောက်လာပါဘူး။ ဒါပေမဲ့ သွားရှာတဲ့သူတွေက ဒါကိုတော့ ပြန်ယူလာကြတယ်။"
ထွားကျိုင်းသော အစ်ကိုကြီး၏ မျက်နှာမှာလည်း တည်ကြည်လေးနက်နေသည်။
ထို့နောက် သူသည် သွယ်လျသော ကျောက်စိမ်းအပိုင်းအစတစ်ခုကို ထုတ်ပြလိုက်သည်။
"ဒါက ဘာလဲ။"
ဝမ်ချန်းယီက ကျောက်စိမ်းအပိုင်းအစ၏ အရေးပါမှုကို နားမလည်ပေ။
"ပတ္တမြားကျောက်လို့ခေါ်တဲ့ ဒီအဖြူရောင် ကျောက်စိမ်းအပိုင်းအစက ကျွန်တော်တို့ မြောက်ပိုင်းနယ်မြေမှာပဲ ရှိပြီး ထျန်းချန်းဂိုဏ်းနားမှာ တွေ့ရတတ်တဲ့ ကျောက်စိမ်းအမျိုးအစားပါ။ ဆရာတူညီလေး ၂ သုံးတဲ့ ကျောက်စိမ်းယပ်တောင်ရဲ့ ယပ်တောင်ရိုးကို ဒီပတ္တမြားကျောက်နဲ့ လုပ်ထားတာပါဗျ။"
"ဒါ့အပြင် ဒီယပ်တောင်ရိုးကို တွေ့တဲ့နေရာတစ်ဝိုက်မှာ သွေးကွက်တွေ အများကြီး ရှိနေပါတယ် ဆရာ"
"ပြီးတော့ မိုင်အနည်းငယ်အကွာမှာ ကျွန်တော်တို့လူတွေက တစ်ဝက်တစ်ပျက် မီးလောင်ထားတဲ့ အလောင်းတွေပါတဲ့ ကျင်းကြီးတစ်ခုကိုလည်း တွေ့ခဲ့ပါသေးတယ်။"
လူကောင်ကြီးက ရှင်းပြလေသည်။
"မင်း ဆိုလိုတာက..." ဝမ်ချန်းယီ၏ နှလုံးသားမှာ လေးလံသွားသည်။
"ညီလေး ကံဆိုးမိုးမှောင်ကျသွားပြီလို့ ကျွန်တော် သံသယရှိတယ်။ ပြီးတော့ သူ ခေါ်သွားတဲ့ ဂိုဏ်းငယ်လေးလည်း တစ်ယောက်မှ အသက်ရှင်ကျန်ရစ်ပုံ မရဘူး။" လူကောင်ကြီးက ခန့်မှန်းလိုက်သည်။
ပြန်လည်သယ်ဆောင်လာသော သတင်းအချက်အလက်များအပေါ် အခြေခံ၍ ဤခန့်မှန်းချက်သည် သေချာသလောက် ရှိနေကြောင်း သူ ခံစားရသည်။
သို့မဟုတ်ပါက ဆရာတူညီလေး ၂ မည်မျှပင် သတ္တိကောင်းစေကာမူ သတင်းပြန်မပို့ဘဲ ဤမျှကြာအောင် အဝေးတွင် နေရဲမည် မဟုတ်ပေ။
"ကောင်းတယ်၊ သိပ်ကောင်းတယ်။" ဝမ်ချန်းယီ၏ မျက်နှာမှာ မည်းမှောင်သွားပြီး ဒေါသကြောင့် တုန်ယင်လာလေသည်။ "ငါ့ကို ဒီလို ပစ်မှတ်ထားပြီး ငါ့တပည့်တွေကို သတ်ရဲတာ ဘယ်သူလဲကွ။ ငါ့ကို ကလေးကစားစရာလို့များ ထင်နေကြတာလား။"
ဆရာ့ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် လူသတ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် လူကောင်ကြီး၏ နှလုံးသားမှာလည်း အေးစက်သွားတော့သည်။
ဆရာဖြစ်သူမှာ ယခုတစ်ကြိမ်တွင် အမှန်တကယ် ဒေါသထွက်နေကြောင်း သူ သိလိုက်သည်။
"ဆရာ၊ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။ ဝေ့မိသားစုက ခေါင်းမာမာနဲ့ ခုခံနေပြီး လက်နက်ချဖို့ကို ငြင်းဆန်နေတယ်လေ။ ပြီးတော့ ကျွန်တော်တို့ကို စောင့်ကြည့်နေတဲ့ လျှို့ဝှက်အင်အားစုတစ်ခုကလည်း ရှိနေသေးတယ်။ ကျွန်တော်တို့ ဆက်စောင့်သင့်သေးလား။"
လူကောင်ကြီးလည်း ထပ်တူပင် စိတ်ပျက်နေမိသည်။
သူတို့၏ ထျန်းချန်းဂိုဏ်းသည် မြောက်ပိုင်းနယ်မြေတွင် နာမည်ကျော်ကြားပြီး လူအများကလည်း ကြောက်ရွံ့ကြသည်။
သို့သော် ဤဝေးလံခေါင်ဖျားသော ဒေသတွင် သူတို့သည် ထပ်ခါတလဲလဲ ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရပြီး တရားခံကို မသိရဘဲနှင့် ဆရာတူ ညီလေးများမှာ လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးနေကြရသည်။
ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးကို ထျန်းချန်းဂိုဏ်းမှာ တစ်ခါမှ မကြုံဖူးခဲ့ပေ။
"မစောင့်တော့ဘူး။ ဆက်စောင့်နေရင် မင်းပါ ပါသွားမှာ ငါ စိုးရိမ်တယ်။" ဝမ်ချန်းယီက အေးစက်စွာ ပြောလိုက်သည်။
"စည်းကမ်းဖောက်ပြီး အကျိုးအမြတ် လိုချင်တဲ့ကောင် ရှိနေမှတော့ ငါ ပွဲကြမ်းပြီဆိုရင် အပြစ်လာမတင်နဲ့တော့။"
"ရှုံးအာ... လူတွေကို စုပြီး ဝေ့အိမ်တော်ကို တိုက်ခိုက်တော့။ ဒီနေ့ ဝေ့အိမ်တော်ကို မြေလှန်ပစ်ချင်တယ်။"
"ဒါပေမဲ့ ဆရာ၊ ဆရာတူညီလေး ၂ နဲ့ ဆရာတူညီလေး ၃ မရှိတော့ရင် ဝေ့မိသားစုရဲ့ ငွေရောင်လမင်း စစ်တိုက်ကွက်ကို ဖျက်ဆီးဖို့ ကျွန်တော်တို့မှာ ကိုယ်တွင်းအင်္ဂါအဆင့် အင်အား မလုံလောက်တော့ဘူးလေ။" လူကောင်ကြီးက အရေးတကြီး ပြောလိုက်သည်။
"ကိစ္စမရှိဘူး၊ လိုအပ်ရင် ငါ ကူညီမယ်။ အဲ့ဒီ ငွေရောင်လမင်း စစ်တိုက်ကွက်က ကြောက်စရာ မဟုတ်ဘူး။" ဝမ်ချန်းယီက အေးစက်စွာ ပြောလိုက်သည်။
"ဆရာ၊ ဆရာသာ ဝင်ပါရင် မြင့်မြတ်သောတောင်တော်ရဲ့ တားမြစ်မိန့်က..." လူကောင်ကြီး တုန်လှုပ်သွားသည်။
အကယ်၍ အခြားနေရာတွင်ဆိုလျှင် သူတို့ ခြေရာလက်ရာဖျောက်ဖို့ရန် သတ်ဖြတ်နိုင်ပေသည်။
သို့သော် ဤနေရာသည် ခရိုင်မြို့ဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ရှိနေသဖြင့် လူတိုင်းကို ဖုံးကွယ်ထား၍ မရနိုင်ပေ။
"ဒီအခြေအနေကိုတောင် ရောက်နေမှတော့ မင်းက ငါတို့ကို ဆုတ်ခွာစေချင်သေးတာလား။ မြင့်မြတ်သောတောင်တော်ရဲ့ တားမြစ်မိန့် ဟုတ်လား။ ဒီကိစ္စပြီးရင် ငါ့ကိုယ်ငါ မြင့်မြတ်သောတောင်တော်မှာ ဆယ်နှစ် ထောင်ချလိုက်မယ်။ စကားအပိုတွေ မပြောနဲ့တော့၊ ငါ ခိုင်းတဲ့အတိုင်း လုပ်။"
ဝေ့မိသားစု၏ ရတနာသည် ဝမ်ချန်းယီ ရအောင်ယူရန် ဆုံးဖြတ်ထားသော အရာဖြစ်သည်။
ရတနာကို ရသမျှ ကာလပတ်လုံး ဆယ်နှစ်ကြာ ထောင်ဒဏ်ကျခံရခြင်းကလည်း တန်သည်ဟု သူ ယူဆထားသည်။
ဆရာ၏ ပြတ်သားမှုကို မြင်လိုက်ရသောအခါ၌ လူကောင်ကြီးသည်လည်း ဆက်လက် ဖျောင်းဖျ၍ မရတော့ကြောင်း သိလိုက်တော့၏။
သူ နာခံရပေတော့မည်။ "ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်။"
သူ ထွက်သွားပြီးနောက် ဝမ်ချန်းယီသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မျက်လုံးများတွင် ဆုံးဖြတ်ချက်များ ပြည့်နှက်နေလေသည်။
"မင်းက ဘယ်သူပဲဖြစ်ဖြစ် ငါ ဝမ်ချန်းယီကို အမြတ်ထုတ်ချင်တယ်ဆိုမှတော့ မင်းမှာ စွမ်းရည်ရှိ ၊ မရှိ ကြည့်ကြသေးတာပေါ့။"
"အစ်ကိုဝမ်၊ တကယ် ဆုံးဖြတ်လိုက်ပြီလား။"
ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာပြီး ဆံပင်ဖြူဖြူနှင့် မျက်နှာနီမြန်းနေသော အဘိုးအိုတစ်ဦး ထွက်လာခဲ့လေသည်။
ဝမ်ချန်းယီနှင့် သူ့တပည့်၏ စကားဝိုင်းကို သူ ကြားခဲ့သည်မှာ ထင်ရှားပါ၏။
"ဟုတ်တယ် အစ်ကိုကျောက်၊ ကျေးဇူးပြုပြီး ကူညီပေးပါဦး။"
ဝမ်ချန်းယီသည် အဘိုးအို ရှိနေခြင်းကို အံ့ဩပုံမရဘဲ စိတ်ရင်းမှန်ဖြင့် တောင်းဆိုလိုက်သည်။
"ဟူး... ရတနာအတွက် သတ်ဖြတ်တဲ့ မင်းရဲ့ လုပ်ရပ်ကို သဘောမတူပေမဲ့ မင်းအပေါ်မှာ ငါ့အသက်ကြွေး ရှိနေတယ်လေ။ ဒီတစ်ခါတော့ ကျေးဇူးပြန်ဆပ်ပါ့မယ်။"
"အစ်ကိုကျောက်က သိပ်သဘောကောင်းတာပဲ။ ဝေ့မိသားစုမှာ ကိုယ်တွင်းအင်္ဂါအဆင့် အထွတ်အထိပ် ရောက်နေတဲ့ မိသားစုခေါင်းဆောင် ဝေ့ရှင်းဟယ်တစ်ယောက်ပဲ ရှိတာပါ။ ခင်ဗျားနဲ့ ရှုံးအာသာ ပေါင်းတိုက်ရင် သူ့ကို အနိုင်ယူဖို့ လွယ်ကူမှာပါ။"
အဘိုးအိုက ခေါင်းခါလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
အကယ်၍ ထိုမျှ လွယ်ကူနေပါက ဝမ်ချန်းယီသည် ဤမျှကြာအောင် စောင့်နေခဲ့မည် မဟုတ်ပေ။
ဝေ့မိသားစု၏ အားကိုးရာသည် ထိုမျှ ရိုးရှင်းမည် မဟုတ်ကြောင်း ထင်ရှားနေပါ၏။
လူကောင်ကြီးသည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး မကြာမီတွင် သိုင်းပညာရှင်အများအပြား အိမ်တော်ဝင်းထဲ၌ စုဝေးရောက်ရှိလာကြတော့၏။
"ဆရာ၊ လူစုံပါပြီ။" လူကောင်ကြီးက သတင်းပို့လိုက်သည်။
"ကောင်းပြီ။" ဝမ်ချန်းယီက တုံ့ပြန်လိုက်ပြီးနောက် အဘိုးအိုကို ပြောလိုက်သည်။ "အစ်ကိုကျောက်၊ ကြွပါ။"
မကြာမီမှာပင် သိုင်းပညာရှင် လူအုပ်ကြီးသည် အိမ်တော်မှ ထွက်ခွာလာပြီး ဝေ့အိမ်တော်သို့ ဦးတည်သွားကြတော့၏။
ဤမျှကြီးမားသော လှုပ်ရှားမှုသည် မြို့ထဲရှိ လူများ၏ သတိထားမှုကို မလွတ်ကင်းနိုင်ပေ။
ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် မျက်လုံးမှေးမှေးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သတင်းကြားလိုက်ရသည့်အခါ၌ ကျောချမ်းသွားတော့သည်။ "သူတို့ နောက်ဆုံးတော့ လှုပ်ရှားကြပြီပေါ့။"
လွန်ခဲ့သော ရက်အနည်းငယ်က အလွန် တည်ငြိမ်နေသဖြင့် လျှို့ဝှက်လက်သည်က လက်လျှော့သွားပြီဟု သူ ထင်မှတ်လုနီးပါး ဖြစ်ခဲ့သည်။
"မြန်မြန်... ကျိယွဲ့ကို ဒီခေါ်လာခဲ့။"
"အုပ်ချုပ်ရေးမှူး၊ ကျိယွဲ့ သူ့အခန်းထဲမှာ မရှိပါဘူး။"
ကျိယွဲ့ မရှိကြောင်း ကြားလိုက်ရသောအခါ ထိုအမျိုးသား၏ နှလုံးသား လေးလံသွားပြီး ယခုတစ်ကြိမ်သည် အစစ်အမှန်ဖြစ်ကြောင်း သိလိုက်သည်။
သူ၏ ပုံရိပ်သည် ခြံဝင်းထဲမှ ပျောက်ကွယ်သွားပြီး အပြင်သို့ ထွက်ခွာသွားလေသည်။
ထိုအချိန်တွင် သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာသည် ဝေ့အိမ်တော် အပြင်ဘက်တွင် စုဝေးနေကြပြီ ဖြစ်သည်။
"ဝေ့ရှင်းဟယ်၊ ငါ မင်းကို နောက်ဆုံးအခွင့်အရေး ပေးမယ်၊ လက်နက်ချမလား။"
လူကောင်ကြီးသည် ရှေ့ဆုံးတွင် ရပ်လျက် အသံဟိန်းကာ ပြောလိုက်သည်။
"ဟားဟားဟား... ငါ ဖြေပြီးပြီလေ၊ ဝေ့မိသားစုမှာ တိုက်ပွဲဝင်ရင်း သေမဲ့သူပဲ ရှိတယ်၊ လက်နက်ချမဲ့သူ မရှိဘူးကွ။"
ဝေ့ရှင်းဟယ်၏ အသံသည် အိမ်တော်အတွင်းမှ ထွက်ပေါ်လာသည်။
"ကောင်းပြီလေ၊ မင်းက ဒီလောက် ခေါင်းမာနေမှတော့ ငါတို့ကို ရက်စက်တယ်လို့ အပြစ်မဆိုနဲ့တော့။"
လူကောင်ကြီးသည် ဤအဖြေကို မျှော်လင့်ထားပြီး ဖြစ်သည်။
သူ၏ မျက်နှာအမူအရာ တင်းမာသွားပြီးနောက် လက်ကို မြင့်မြင့်မြှောက်ကာ အောက်သို့ ဝှေ့ယမ်းချလိုက်တော့၏။
"သတ်ကြ... ဝေ့မိသားစုမှာ ဘယ်သူ့ကိုမှ အရှင်မထားနဲ့"
"ဟုတ်ကဲ့"
စကားဆုံးသည်နှင့် လူအချို့မှာ လေးလံသော ဥက္ကာခဲသံတူများကို ကိုင်ဆောင်ထားကြလျက် ရှေ့သို့ထွက်လာကြတော့၏။
သူတို့သည် သံတူများကို လျင်မြန်စွာ လှည့်ပတ်လိုက်ပြီးနောက် ကြီးမားသော အရှိန်အဟုန်ဖြင့် ရှေ့သို့ ပစ်လွှတ်လိုက်ကြသည်။
ပစ်မှတ်ကတော့ ခမ်းနားထည်ဝါသော ဝေ့အိမ်တော်၏ အနီရောင် တံခါးမကြီးပင် ဖြစ်သည်။
ဝုန်း
ပြင်းထန်သော ရိုက်ခတ်မှုအောက်တွင် တံခါးမကြီးသည် ကျယ်လောင်သော အသံနှင့်အတူ ပြိုလဲပျက်စီးသွားတော့လေ၏။