စစ်တိုက်ကွက်၏ စွမ်းအား၊ မွေးရာပါနယ်ပယ် မဟာသခင် ပေါ်ထွက်လာခြင်း
Vol. 13 Ch. 129
ဝုန်း
ဓားနှင့် လှံရှည် ရိုက်ခတ်မှုကြောင့် ပြင်းထန်သော စွမ်းအားလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
မကြာသေးမီကမှ ကိုယ်တွင်းအင်္ဂါအဆင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခဲ့သော အိမ်တော်ထိန်းအကြီးအကဲဝေ့သည် သူ၏ လှံတံမှတစ်ဆင့် ကြီးမားသော စွမ်းအားတစ်ခု ကူးစက်လာသည်ကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။
ကံကောင်းစွာဖြင့် သူသည် ငွေရောင်လမင်း စစ်တိုက်ကွက်အတွင်းတွင် ရှိနေပြီး သူ၏ စွမ်းအင်မှာ အခြားသော ငွေရောင်လမင်း အစောင့်တပ်သားများနှင့် ချိတ်ဆက်ထားသည်။
သူ့ထံ ရောက်ရှိလာသော စွမ်းအားသည် လျင်မြန်စွာ ပြန့်နှံ့သွားပြီး အခြားသော ငွေရောင်လမင်း အစောင့်တပ်သားများထံ ကူးစက်သွားသဖြင့် သူသည် ဒဏ်ရာမရဘဲ လှံတံကို ဆက်လက် ကိုင်စွဲထားနိုင်ခဲ့သည်။
ထိခိုက်ဒဏ်ရာ မရသော်လည်း အိမ်တော်ထိန်းအကြီးအကဲဝေ့မှာ အံ့ဩနေဆဲပင်။
ကိုယ်တွင်းအင်္ဂါအဆင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသူတစ်ဦး ဖြစ်သည့်အလျောက် ဤစွမ်းအားမှာ အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ငွေရောင်လမင်း စစ်တိုက်ကွက်၏ အထောက်အပံ့ ပါဝင်သည့်တိုင် သူသည် တိုက်ခိုက်မှုကို မနည်းကာကွယ်ခဲ့ရခြင်း ဖြစ်သည်။
"တောက်..."
လူကောင်ကြီးလည်း ရိုက်ခတ်မှုကြောင့် ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်သွားရသည်။
အိမ်တော်ထိန်းအကြီးအကဲဝေ့က သူ၏ အစွမ်းကုန်ထုတ်သုံးထားသော တိုက်ခိုက်မှုကို ဒဏ်ရာမရဘဲ ကာကွယ်နိုင်ခဲ့သည်ကို မြင်လိုက်ရသဖြင့် သူတစ်ယောက်တည်းနှင့် ငွေရောင်လမင်း စစ်တိုက်ကွက်ကို ဖောက်ထွက်နိုင်မည် မဟုတ်ကြောင်း သိလိုက်သည်။
မလိုလားသော်လည်း သူ၏ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်ရသည်။ "မင်းတို့အကုန်လုံး လူခွဲပြီး ဒီတိုက်ကွက်ကို သီးခြားစီ တိုက်ကြ။"
ထို့နောက်၌ သူ့လူများသည် ချက်ချင်းပင် ပြန့်ကျဲသွားပြီး ငွေရောင်လမင်း စစ်တိုက်ကွက် တစ်ခုလုံးကို ဝိုင်းရံကာ အတူတကွ တိုက်ခိုက်ကြတော့သည်။
ထိုစဉ် လူကောင်ကြီးသည် အိမ်တော်ထိန်းအကြီးအကဲဝေ့ကို ဆက်လက် တိုက်ခိုက်နေလေ၏။
နှစ်ဖက်အဖွဲ့များ ထပ်မံ ထိပ်တိုက်တွေ့ကြပြန်သည်။
ထျန်းချန်းဂိုဏ်းတွင် ဝေ့မိသားစု၏ ငွေရောင်လမင်း အစောင့်တပ်သားများထက် လူအင်အား ပိုများပြီး သူတို့၏ ယေဘုယျအင်အားမှာလည်း သာလွန်သည်။
ယုတ္တိနည်းအရဆိုလျှင် ငွေရောင်လမင်း အစောင့်တပ်သားများသည် လျင်မြန်စွာ ရှုံးနိမ့်သွားသင့်သည်။
သို့သော် ဝေ့မိသားစု၏ ငွေရောင်လမင်း စစ်တိုက်ကွက် ဤမျှ ဆန်းပြားလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
တိုက်ကွက် စတင်လည်ပတ်သည်နှင့် တစ်ဆက်တည်း ဖြစ်သွားပြီး လူဒါဇင်ပေါင်းများစွာ၏ စိတ်အာရုံများသည် တစ်သားတည်းကဲ့သို့ ချိတ်ဆက်သွားကြသည်။
စွမ်းအင်များ ချိတ်ဆက်ထားသဖြင့် ငွေရောင်လမင်း အစောင့်တပ်သားတိုင်းသည် စစ်တိုက်ကွက်၏ စွမ်းအားကို ရရှိနိုင်သည်။
ရလဒ်အနေဖြင့် ခဏအကြာတွင် ထျန်းချန်းဂိုဏ်းဘက်မှ ပြန်လည် ဖိအားပေးခံလာရလေသည်။
"ဒီဝေ့မိသားစုရဲ့ ငွေရောင်လမင်း စစ်တိုက်ကွက်က တကယ့်ကို အစွမ်းထက်တာပဲ။"
ထောင့်တစ်နေရာရှိ ခေါင်မိုးစွန်းအောက်တွင် လူတစ်ဦး ရပ်လျက် အောက်ဘက် ခြံဝင်းထဲမှ တိုက်ပွဲကို ကြည့်ရှုနေပြီး သူ၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများ ပြည့်နှက်နေလေသည်။
"ဝေ့မိသားစုရဲ့ ငွေရောင်လမင်း အစောင့်တပ်သားတွေက ငယ်စဉ်ကတည်းက အတူတူနေ အတူတူစားရင်း တူညီတဲ့ သိုင်းကွက်တွေကိုပဲ လေ့ကျင့်ကြရတယ်လို့ပြောကြတယ်။ ပြီးတော့ ဒီလို စစ်တိုက်ကွက်ကို ပြီးပြည့်စုံအောင် လုပ်နိုင်ဖို့ နှစ်တွေအများကြီး လေ့ကျင့်ခဲ့ကြရတယ်လို့လည်း ပြောကြတယ်။"
"အရင်တုန်းကတော့ တချို့လူတွေက ဝေ့မိသားစုရဲ့ ငွေရောင်လမင်း စစ်တိုက်ကွက်ကို သံသယရှိခဲ့ကြပေမဲ့ အခု တွေ့နေရတဲ့ စွမ်းအားကို ကြည့်ရတာတော့ မိသားစုအတွက် ထူးခြားတဲ့ အကာအကွယ်လက်နက်တစ်ခု ဖြစ်ထိုက်ပါပေတယ်။"
"ဒီလို စစ်တိုက်ကွက်မျိုး ပိုင်ဆိုင်တဲ့ မိသားစုတိုင်းက ကျိန်းသေပေါက်ကို နှစ်ပေါင်းတစ်ရာလောက်အထိ သာသာယာယာနေနိုင်တယ်လေ။"
ထိုအချိန်တွင် လူကောင်ကြီးမှာလည်း အလားတူပင် ဒေါသထွက်နေလေ၏။
ဝေ့မိသားစု၏ အကာအကွယ် စစ်တိုက်ကွက်အပေါ် အထင်ကြီးထားသော်လည်း ငွေရောင်လမင်း စစ်တိုက်ကွက်က ဤမျှ ရှုပ်ထွေးနက်နဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူက သိုင်းပညာရှင် များစွာကို ဦးဆောင်ထားသည့်တိုင် သူတို့သည် တိုက်ကွက်ကို ဖောက်ထွက်နိုင်ခြင်း မရှိသေးပေ။
"တောက်... ဆရာတူ ညီလေး ၂ နဲ့ ဆရာတူညီလေး ၃တို့သာ မသေသေးရင် ကောင်းမှာ။ သူတို့အကူအညီနဲ့ဆိုရင် ဒီ ငွေရောင်လမင်း စစ်တိုက်ကွက်က ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ ၊ သေချာပေါက် ပျက်စီးသွားမှာပဲ။"
ဤအချိန်တွင် လူကောင်ကြီးသည် ဆရာတူ ညီလေး ၂ နှင့် ဆရာတူညီလေး ၃တို့ သေဆုံးမှုအတွက် တာဝန်ရှိသော လျှို့ဝှက်အင်အားစုကို ကျိန်ဆဲလိုက်မိသည်။
နှစ်ဦးစလုံးသည် ကိုယ်တွင်းအင်္ဂါအဆင့် အောင်မြင်မှုအသေးစားအဆင့် သိုင်းပညာရှင်များ ဖြစ်ကြပြီး သူတို့၏ အင်အားမှာ ထူးကဲလှသည်။
အကယ်၍ သူတို့သာ ရှိနေပြီး သုံးဖက်သုံးတန်မှ အဖွဲ့များကို ဦးဆောင် တိုက်ခိုက်ပါက ဤအစွမ်းထက်သော တိုက်ကွက်သည်လည်း ဖိအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ယခု အင်အား အနည်းငယ် လိုအပ်နေချိန်တွင် သူတို့ ဖောက်ထွက်နိုင်ခြင်း မရှိဖြစ်နေရလေ၏။
"ငါ တစ်ခုခု စဉ်းစားမှ ဖြစ်မယ်။"
လူကောင်ကြီး စိုးရိမ်လာသည်။
တိုက်ပွဲ ကြာလာသည်နှင့်အမျှ ရန်သူ၏ တိုက်ကွက်မှာလည်း ပိုမိုချောမွေ့စွာ လည်ပတ်နေကြောင်း သူ သဘောပေါက်လိုက်သည်။
၎င်းသည် ဖျက်ဆီး၍မရနိုင်သော ကြံ့ခိုင်သည့် ဘောလုံးတစ်လုံးကဲ့သို့ဖြစ်နေပြီး တိုက်ခိုက်မှုရော ခံစစ်ပါ ပါဝင်နေလေ၏။
တဖြည်းဖြည်းနှင့် သူတို့ဘက်မှ ထိခိုက်သေဆုံးမှုများ စတင်လာတော့သည်။
ရန်သူဘက်မှာမူ ထိခိုက်မှုမရှိဘဲနှင့် ဖြစ်နေဆဲပင်။
ဤအတိုင်း ဆက်သွားပါက သူတို့ နောက်ဆုံးတွင် ရှုံးနိမ့်သွားပေလိမ့်မည်။
ဤအချက်ကို သိရှိလိုက်သဖြင့် လူကောင်ကြီးသည် သူ၏ တိုက်ခိုက်မှုများကို အရှိန်မြှင့်လိုက်တော့လေ၏။
ဝုန်း
လူကောင်ကြီး၏ နောက်ထပ် ပြင်းထန်သော ရိုက်ချက်တစ်ခုကို ကာကွယ်လိုက်ပြီးနောက်၌ အိမ်တော်ထိန်းအကြီးအကဲဝေ့သည် ကြီးမားသော စွမ်းအားကို ကျွမ်းကျင်စွာ ဖြန့်ခွဲလိုက်သည်။
တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေစဉ် သူသည် ငွေရောင်လမင်း စစ်တိုက်ကွက်ကို ကွပ်ကဲရာတွင် ပို၍ပင် ကျွမ်းကျင်လာခဲ့သည်။
ရန်သူဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူ၏ စိတ်ဓာတ်များ တက်ကြွလာပြီး အောင်မြင်မှု အရိပ်အယောင်ကို မြင်လိုက်ရသည်။
အကယ်၍ သူတို့သာ ဤသိုင်းပညာရှင်များကို အနိုင်ယူနိုင်ပါက မိသားစုခေါင်းဆောင်ကို ကူညီနိုင်ပြီး မျက်နှာနီအဘိုးအိုကိုလည်း သတ်ဖြတ်နိုင်ပေလိမ့်မည်။
ထို့နောက်တွင် ဝေ့မိသားစု၏ အကျပ်အတည်းမှာလည်း တော်တော်လေးကို ပြေလည်သွားပေလိမ့်မည်။
အခြားသော ငွေရောင်လမင်း အစောင့်တပ်သားများလည်း ဤအချက်ကို သတိထားမိကြသည်။
အားတက်လာကြပြီး တိုက်ကွက်အတွင်းရှိ သူတို့၏ တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်လာခဲ့သည်။
"ဝေ့မိသားစုက နိုင်တော့မှာလား။"
ထောင့်တစ်နေရာမှ မျက်လုံးမှေးမှေးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း အောက်ဘက်တွင် ပြောင်းလဲနေသော အခြေအနေကို သတိပြုမိပြီး သူ၏ မျက်လုံးများတွင် အံ့ဩမှုများ ပြည့်နှက်နေလေသည်။
"ဒါပေမဲ့ ဟိုလူက ဒါကို ဖြစ်ခွင့်ပေးမှာ မဟုတ်လောက်ဘူးနော်။"
ထိုအတွေး ဝင်လာသည်နှင့် သူ၏ နှလုံးသားထဲသို့ အအေးဓာတ်တစ်ခု ဝင်ရောက်လာသည်။
ကြောက်ရွံ့မှုတစ်ခု သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီးနောက်၌ ခန္ဓာကိုယ်ကိုပါ တုန်ခါသွားစေသည်။
လန့်ဖျပ်သွားပြီးနောက် သူသည် မျက်နှာချင်းဆိုင်ရှိ အမြင့်ဆုံး ခေါင်မိုးပေါ်သို့ လှမ်းကြည့်လိုက်တော့၏။
ထိုနေရာတွင် လူရိပ်တစ်ခု ပေါ်လာခဲ့လေပြီ။
ထိုလူရိပ်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး ကိုယ်တွင်းအင်္ဂါအဆင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသည့် ဤသိုင်းပညာရှင်ကြီးကိုပင် တုန်လှုပ်သွားစေသည်။
မွေးရာပါနယ်ပယ်ပဲ။
မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်လုံးမှေးမှေးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိုလူရိပ်၏ ဇာစ်မြစ်ကို သိလိုက်သည်။
လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်အမင်း စွမ်းအားကြီးမားသော မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသာလျှင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမျိုး ပိုင်ဆိုင်နိုင်သည်။
ဤလူရိပ် ပေါ်ထွက်လာခြင်းသည် ခြံဝင်းထဲရှိ သိုင်းပညာရှင်များ၏ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့လေ၏။
ခဏတာမျှ လူတိုင်း တုန်လှုပ်သွားကြပြီးနောက် သူတို့၏ လှုပ်ရှားမှုများကို အလိုအလျောက် ရပ်တန့်လိုက်မိကြသည်။
ထိုကဲ့သို့သော အရှိန်အဝါကို လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။
တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သော ဝေ့ရှင်းဟယ်နှင့် မျက်နှာနီအဘိုးအိုတို့ပင် လူခွဲကာ နောက်ဆုတ်လိုက်ကြပြီး ခေါင်မိုးပေါ်သို့ သံသယဖြင့် ကြည့်လိုက်ကြလေသည်။
"ဆရာ"
လူကောင်ကြီး၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားတော့သည်။
"ဒုတိယ အကြီးအကဲ"
လူကောင်ကြီးနှင့် အတူပါလာသည့် သိုင်းပညာရှင်များလည်း အံ့ဩတကြီးခေါ်လိုက်ကြ၏။
"ဆရာ...”
“ဒုတိယ အကြီးအကဲ"
ဝေ့ရှင်းဟယ်၏ နှလုံးသားမှာ လှုပ်ရှားသွားပြီး ဤသူသည် ဝေ့မိသားစုအပေါ် ကျရောက်နေသော ကပ်ဘေး၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
"အသုံးမကျတဲ့ အကောင်တွေ"
ဝမ်ချန်းယီသည် အောက်ဘက်မှ မြင်ကွင်းကို ကြည့်ရင်း မျက်နှာထားတင်းမာနေလေ၏။
သူ၏ လက်အောက်ငယ်သားများ ဤမျှ များပြားသော်လည်း ရှုံးနိမ့်မည့် အရိပ်အယောင်များ ပြသနေမည်ဟုတော့ သူ မထင်မှတ်ထားခဲ့ပေ။
ဤသည်မှာ သူ၏ မာန်မာနအတွက် သည်းခံနိုင်စရာ မဟုတ်ပေ။
လူကောင်ကြီးမှာ တုန်ယင်သွားပြီး ချက်ချင်းပင် ဒူးတစ်ဖက်ထောက်ချလိုက်သည်။
"ဒီတပည့် မစွမ်းဆောင်နိုင်ခဲ့လို့ပါ၊ ကျေးဇူးပြုပြီး အပြစ်ပေးပါ ဆရာ"
အခြားသော ထျန်းချန်းဂိုဏ်းသားများလည်း အလျင်အမြန် ဒူးထောက်လိုက်ကြလေ၏။
"ဟွန့်"
ဝမ်ချန်းယီက နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှ မပြောပေ။
အပြစ်ပေးခြင်းမှာ ရှောင်လွှဲ၍မရသော်လည်း ယခုအချိန်တွင်တော့ မဟုတ်သေးပေ။
သူ၏ အကြည့်များသည် အသုံးမကျသော တပည့်များကို ကျော်ဖြတ်ပြီး ဝေ့ရှင်းဟယ်အပေါ် ရောက်ရှိသွားသည်။
"မင်းက ဝေ့မိသားစုရဲ့ လက်ရှိခေါင်းဆောင်လား။"
ဝမ်ချန်းယီ၏ အကြည့်အောက်တွင် ဝေ့ရှင်းဟယ်သည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖိစီးထားသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူရန်ပင် ခက်ခဲလာသည်။
ကြောက်ရွံ့မှုများမှာ သူ၏ နှလုံးသားကနေ ထိန်းချုပ်၍မရအောင်ထိပင် ပျံ့နှံ့လာခဲ့ပြီးနောက် သူ့ကို ဒူးထောက်၍ အသက်ချမ်းသာပေးရန် တောင်းပန်ချင်စိတ်ပင် ဖြစ်ပေါ်လာစေခဲ့လေ၏။
"မဖြစ်ဘူး"
သူသည် မွေးရာပါနယ်ပယ် အရှိန်အဝါ၏ လွှမ်းမိုးမှုအောက်တွင် ရောက်နေသောကြောင့် သူ့အမြင်တွင် ပုံရိပ်ယောင်များဖြစ်ပေါ်နေကြောင်း ဝေ့ရှင်းဟယ် သဘောပေါက်လိုက်သည်။
သူသည် လက်သီးများကို ဆုပ်လိုက်ရာ လက်သည်းများက လက်ဖဝါးကို ဖောက်ဝင်သွားခဲ့ချေ၏။ ထို့နောက် သူသည် ထိုနာကျင်မှုကို အသုံးပြု၍ ကြောက်ရွံ့မှုကို ခါထုတ်လိုက်ကာ အသိစိတ် ပြန်ကပ်လိုက်တော့သည်။
"ဟုတ်တယ်၊ ကျွန်တော်က ဝေ့မိသားစုရဲ့ လက်ရှိခေါင်းဆောင် ဝေ့ရှင်းဟယ်ပါ။ မွေးရာပါနယ်ပယ် မဟာသခင်ကို ဂါရဝပြုပါတယ်။"
ဝေ့ရှင်းဟယ်က ခါးကိုနိမ့်၍ ဦးညွှတ်လိုက်သည်။
"သိပ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ။ မင်းရဲ့ စိတ်ဓာတ်ခွန်အားနဲ့ဆိုရင် နောင်တစ်ချိန်မှာ မင်းရဲ့ ကိုယ်ပိုင် ဝိညာဉ်စွမ်းအားကို ပုံဖော်ပြီး မွေးရာပါနယ်ပယ်ထဲကို ဝင်ရောက်နိုင်ကောင်းဝင်ရောက်နိုင်လိမ့်မယ်။"
ဝမ်ချန်းယီ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိသော်လည်း ချီးကျူးလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်။"
ဝေ့ရှင်းဟယ် တုန်ယင်သွားသည်။
ပြိုင်ဘက်၏ သဘောထား အေးချမ်းလေလေ သူ ပို၍ စိတ်မသက်မသာ ဖြစ်လာလေလေပင်။
"ဝေ့ရှင်းဟယ်၊ ငါ မင်းကို အခု ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ပစ္စည်းကို ငါ့လက်ထဲ အပ်လိုက်ရင် မင်းရဲ့ မိသားစုကို ငါ ချမ်းသာပေးမယ်။ ဒါမှမဟုတ်ရင်တော့ ငါကိုယ်တိုင် မင်းရဲ့ မိသားစုကို ဖျက်ဆီးပစ်မယ်။ မင်း ဘယ်ဟာ ရွေးမလဲ။"
ဝမ်ချန်းယီ၏ စကားများက ဝေ့ရှင်းဟယ်ကို တုန်လှုပ်သွားစေခဲ့၏။
သူ အလျင်အမြန် အော်ပြောလိုက်သည်။ "မဟာသခင်... မြင့်မြတ်သောတောင်တော်က မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေကို မွေးရာပါနယ်ပယ်အောက် အဆင့်ရှိသူတွေကို တိုက်ခိုက်ခွင့် တားမြစ်ထားပါတယ်။ မဟာသခင်က မြင့်မြတ်တဲ့ အမိန့်တော်ကို ဖောက်ဖျက်ဖို့ ရည်ရွယ်နေတာလား..."
"မောက်မာလိုက်တာ"
ထိုအခိုက်၌ ဝမ်ချန်းယီ၏ မျက်နှာမှာ မည်းမှောင်သွားပြီး စွမ်းအားကြီးမားသော အရှိန်အဝါတစ်ခုက သူ့ထံမှ ပေါက်ကွဲထွက်လာကာ လူတိုင်းအပေါ် ဖိချလိုက်သည့် ပြင်းထန်သော လေပြင်းတစ်ခုကို ဖန်တီးလိုက်လေသည်။
စိတ်ဓာတ်ခွန်အား နည်းပါးသူများမှာတော့ ချက်ချင်းပင် ဒူးထောက်ကျသွားပြီး မျက်နှာများတွင် ကြောက်ရွံ့မှုများဖြင့်သာ ပြည့်နှက်နေခဲ့လေ၏။
အကြီးမားဆုံး ဖိအားအောက်တွင် ဝေ့ရှင်းဟယ်သည် ကောင်းကင်ပြိုကျလာသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခြေအောက်မှ မာကျောသော ကျောက်ပြားများပင် အက်ကွဲကုန်သည်။
"ပုံရိပ်ယောင်... ဒါတွေအကုန်လုံး ပုံရိပ်ယောင်တွေပဲ"
ဒူးမထောက်မိစေရန် ဝေ့ရှင်းဟယ်သည် သူ့ကိုယ်သူ အကြိမ်ကြိမ် ပြောနေမိသည်။
မိသားစုခေါင်းဆောင်အနေဖြင့် သူသည် ဘိုးဘေးထံမှ မွေးရာပါနယ်ပယ် အရှိန်အဝါကို ကြုံတွေ့ဖူးပြီး ၎င်းက တိုက်ရိုက် အန္တရာယ်မပေးနိုင်ကြောင်း သိထားသည်။
ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ဝေ့ရှင်းဟယ်သည် အရှိန်အဝါကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး တုန်ယင်နေသော်လည်း မတ်မတ်ရပ်နေနိုင်ခဲ့ပါ၏။
"ဟင်"
ဝမ်ချန်းယီ၏ မျက်လုံးများတွင် အံ့ဩရိပ်များ ပေါ်လာသည်။
ယခင်က ဝေ့ရှင်းဟယ်၏ ခုခံနိုင်မှုသည် ခိုင်မာသော စိတ်ဓာတ်ခွန်အားကြောင့်ဟု ယူဆနိုင်သည်။
သို့သော် ယခုတွင်တော့ သူ၏ အရှိန်အဝါအပြည့်အဝအောက်တွင်တောင် ဝေ့ရှင်းဟယ်က တောင့်ခံထားနိုင်ဆဲပင်။
၎င်းက သူ၏ စိတ်ဓာတ်ခွန်အားသည် သာမန် ကိုယ်တွင်းအင်္ဂါအဆင့် ပြီးပြည့်စုံသူများထက် များစွာ သာလွန်ကြောင်း ဖော်ပြနေလေ၏။
စိတ်ဓာတ်ခွန်အားသည် လူတစ်ဦး၏ ဝိညာဉ်နှင့် နီးကပ်စွာ ဆက်စပ်နေသည်။
အစပိုင်းတွင် ဝမ်ချန်းယီ၏ စကားများသည် ဝေ့ရှင်းဟယ်ကို ရတနာအား လက်လွတ်စေချင်သောကြောင့် သူ့အား လှည့်ဖြားဖို့အတွက်ပင်။
ယခုမူ ဝေ့ရှင်းဟယ်တွင် မွေးရာပါနယ်ပယ်ရောက်ရှိရန် အလားအလာ အမှန်တကယ် ရှိနေကြောင်း သူ ယုံကြည်သွားတော့သည်။
အထူးသဖြင့် သူ၏ အရှိန်အဝါကို ခံနိုင်ရည်ရှိပြီးနောက် ဝေ့ရှင်းဟယ်သည် ဝိညာဉ်စွမ်းအားကို မကြာမီ နားလည်သဘောပေါက်လာနိုင်သည်။
ဒီကောင့်ကို အရှင်ထားလို့ မဖြစ်ဘူး
ထိုအတွေးနှင့်အတူ ဝမ်ချန်းယီ၏ အကြည့်များ စူးရှသွားတော့လေ၏။
ထို့နောက်၌ သူသည် လက်ကို မြှောက်လိုက်ရာ အဖြူရောင် ဓားစွမ်းအင်တစ်ခုက ဝေ့ရှင်းဟယ်ထံသို့ ပျံသန်းသွားတော့သည်။
"ဘာလဲဟ"
ဝေ့ရှင်းဟယ်မှာ တုန်လှုပ်သွားသည်။
မွေးရာပါနယ်ပယ် မဟာသခင်တစ်ဦးက ဤမျှ အရှက်မဲ့စွာဖြင့် သူ့ကို အလစ်တိုက်ခိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ ရှောင်တိမ်းချင်သည်။
သို့သော် ဓားစွမ်းအင်မှာ မြန်ဆန်လွန်းလှပြီး ဝမ်ချန်းယီ၏ အရှိန်အဝါက သူ့ကို ဖိနှိပ်ထားဆဲဖြစ်၍ သူ၏ အင်အား ၇၀ ရာခိုင်နှုန်းခန့်မှာ လျော့ကျနေကာ ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။
ဓားစွမ်းအင် နီးကပ်လာသည်ကို သူ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"ငါ့ကံကြမ္မာက ဒီမှာပဲ အဆုံးသတ်ပြီ"
ဝေ့ရှင်းဟယ် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်တော့သည်။
ထိုစဉ် သူ့စိတ်ထဲတွင် ပုံရိပ်နှစ်ခု ပေါ်လာခဲ့ပါ၏။
"မိန်းမ... ကျိအန်း... ငါ မင်းတို့ကို ရှာမတွေ့နိုင်တော့ဘူး ထင်ပါရဲ့။"
မျက်လုံးမှိတ်၍ သေခြင်းတရားကို စောင့်ဆိုင်းနေစဉ် ဘေးပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များက တုန်လှုပ်စွာ ကြည့်နေကြသည်။
နောက်တစ်ခဏတွင်တော့ ပိုမိုတုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့၏။
ဓားစွမ်းအင်က ဝေ့ရှင်းဟယ်ကို ထိမှန်တော့မည့်ဆဲဆဲတွင် အနီရောင်အလင်းတန်းတစ်ခုက ၎င်းကို ဖြတ်တားလိုက်လေသည်။
ဝုန်း
အဖြူရောင်နှင့် အနီရောင် အလင်းတန်းများ ရိုက်ခတ်မှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ကြီးမားသော စွမ်းအားကြောင့် ဝေ့ရှင်းဟယ်နှင့် အနီးနားရှိ သိုင်းပညာရှင်များ လွင့်ပျံသွားကြလေ၏။
"ဝမ်ချန်းယီ၊ မင်းက အရှက်မဲ့နေတုန်းပဲကိုး။ မွေးဖွားပြီးနယ်ပယ်က အငယ်လေးတစ်ယောက်ကိုတောင် အလစ်တိုက်ရတယ်လို့ကွာ။ မင်းက ငါတို့မွေးရာပါနယ်ပယ် မဟာသခင်တွေရဲ့ သိက္ခာကို ချနေတာပဲ။"
ပေါက်ကွဲမှုပြီးသွားသည့်နောက်၌ အိုမင်းသော်လည်း အားပါသော အသံတစ်သံက အပေါ်မှ ထွက်ပေါ်လာသည်။
"ဘိုးဘေး"
ပေါက်ကွဲမှုကြောင့် သွေးအန်နေသော်လည်း ဝေ့ရှင်းဟယ်သည် ဝမ်းသာအားရ မော့ကြည့်လိုက်လေသည်။
အမှန်ပင်၊ အခြားခေါင်မိုးတစ်ခုပေါ်တွင် ရင်းနှီးသော ပုံရိပ်တစ်ခု ရပ်နေလေ၏။
ကျောတွင် တိုက်ပွဲဝင်ဓားကို လွယ်ထားသော စိတ်ဓာတ်ခိုင်မာပြီး ခမ်းနားထည်ဝါသည့် အဘိုးအိုတစ်ဦး။
နောက်ထပ် မွေးရာပါနယ်ပယ် မဟာသခင်တစ်ယောက်။
အရှိန်အဝါသစ်ကို အာရုံခံမိသဖြင့် အောက်ဘက်ရှိ သိုင်းပညာရှင်များသည် နောက်ထပ် မွေးရာပါနယ်ပယ် မဟာသခင်တစ်ယောက် ပေါ်ထွက်လာကြောင်း သိလိုက်ကြသည်။
ဝေ့ရှင်းဟယ်၏ ခေါ်ဝေါ်ပုံအရဆိုလျှင် ဤအဘိုးအိုသည် ဝေ့မိသားစု၏ ဘိုးဘေး ဖြစ်ပေသည်။
"သေစမ်း... နောက်ထပ် မွေးရာပါနယ်ပယ် မဟာသခင်တစ်ယောက်လား"
တင်းမာနေသော လေထုထဲတွင် လူတစ်ဦးမှာ အလွန်အမင်း ကြောက်ရွံ့နေလေ၏။
ခေါင်မိုးစွန်းအောက်တွင် ပုန်းခိုနေသော မျက်လုံးမှေးမှေးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လှုပ်ပင်မလှုပ်ရှားရဲပေ။
"ငါ ဘာလို့ စပ်စပ်စုစုနိုင်ရတာလဲ။ စောစောကတည်းက ပြန်သွားသင့်တာကို"
သူသည် စိတ်ထဲမှ ညည်းတွားလိုက်မိသည်။
မွေးရာပါနယ်ပယ် မဟာသခင်နှစ်ဦးကြားတွင် ညပ်နေသဖြင့် သူ ထွက်သွား၍ မရတော့ပေ။
သူ့ကို သူတို့ သတိမထားမိပါစေနှင့်ဟု မျှော်လင့်ရန်လည်း မရဲတော့။
သူ၏ ခရိုင်အုပ်ချုပ်ရေးမှူး ရာထူးကို ထောက်ထားပြီး သူ့ကို ဒုက္ခမပေးဖို့သာ ဆုတောင်းရုံ ရှိတော့သည်။
"ဝေ့ရှန်ဟိုင်၊ မင်း အသက်ရှင်နေသေးတာပဲ။"
ဝမ်ချန်းယီ၏ မျက်နှာမှာ တည်ငြိမ်နေလျက်ဖြင့် ဝေ့မိသားစု၏ ဘိုးဘေးကို ပြောလိုက်သည်။
"တောက်... ငါက အသက်ရှည်တယ်ကွ။ မင်းလို ကောက်ကျစ်တဲ့ လူယုတ်မာကသာ မသေသေးတာ။"
ဝေ့ရှန်ဟိုင်က မထီမဲ့မြင်ဖြင့် တံတွေးထွေးလိုက်သည်။
"ဟမ့်... မင်း အသက်ရှင်နေရင်တောင် ငါ့ရဲ့ ဓားစွမ်းအင်က မင်းရဲ့ နှလုံးသားထဲ စိမ့်ဝင်ပြီး မင်းကို အားနည်းစေခဲ့ပြီးပြီလေ။ မင်း ဘယ်လောက်ထိများ အင်အားသုံးနိုင်မှာမို့လို့လဲ။"
ဝမ်ချန်းယီက ပြုံးလိုက်သည်။
"ငါ မသိဘူး၊ ဒါပေမဲ့ မင်းလို ယုတ်မာတဲ့ကောင်ကို သတ်ဖို့တော့ လုံလောက်တာထက် ပိုပါသေးတယ်။" ဝေ့ရှန်ဟိုင်က လှောင်ပြောင်လိုက်သည်။
"ဟုတ်လား၊ ကြည့်ကြသေးတာပေါ့။"
ထို့နောက်၌ ဝမ်ချန်းယီက လက်မောင်းကို မြှောက်လိုက်ရာ ရုတ်ချည်းပင် အဖြူရောင် ဓားစွမ်းအင်များ ဖွဲ့စည်းလာတော့သည်။
"မင်းကို ကြောက်မယ်များ ထင်နေလား။"
ထိုစဉ် ဝေ့ရှန်ဟိုင်၏ မျက်လုံးများ စူးရှသွားပြီး ဓားအလင်းတန်းတစ်ခုက သူ၏လက်ထဲတွင် ပေါ်လာတော့သည်။
မွေးရာပါနယ်ပယ် မဟာသခင်နှစ်ဦး၏ အရှိန်အဝါများ ရိုက်ခတ်သွားသောအခါ၌ အောက်ဘက်ရှိ သိုင်းပညာရှင်များသည် သေတော့မည့်အလား မွန်းကြပ်မှုကို ခံစားလိုက်ရပြီး ကြောက်ရွံ့မှုများဖြင့်သာ ပြည့်နှက်သွားလေသည်။
"တကယ်ကြီး မြို့ထဲမှာ တိုက်ကြတော့မလို့လား။"
ထိုအချိန်တွင် တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာလေ၏။