ကျောက်စိမ်းစာလိပ်နှင့် ဆုတ်ခွာသွားသော ရန်သူ
Vol. 13 Ch. 130
"မွေးရာပါနယ်ပယ်ပညာရှင်နှစ်ယောက်ကို ဘယ်သူကများ မေးခွန်းထုတ်ရဲတာလဲ။"
မွေးရာပါနယ်ပယ်ပညာရှင်နှစ်ဦး၏ ဖိအားအောက်တွင် အသက်ရှူကျပ်လောက်အောင် ခံစားနေရသော သိုင်းပညာရှင်များသည် ထိုစကားကို ကြားလိုက်ရသောအခါ မှင်သက်သွားကြလေသည်။
ထို့နောက် ဝေ့အိမ်တော်၏ တံခါးမကြီးမှတစ်ဆင့် လူရိပ်တစ်ခုက ဖြည်းညှင်းစွာ ဝင်ရောက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။
ထိုသူမှာ ရိုးရိုးရှင်းရှင်း အဝတ်အစားများကို ဝတ်ဆင်ထားပြီး သာမန်ရုပ်ရည်သာရှိသော လူငယ်တစ်ဦး ဖြစ်လေသည်။
သူ၏လက်ထဲတွင်မူ ကျောက်စိမ်းစာလိပ်တစ်ခုကို ကိုင်ဆောင်ထား၏။
ထိုကျောက်စိမ်းစာလိပ်သည် ဖျော့တော့သော အဖြူရောင်အလင်းတန်းများကို ထုတ်လွှတ်နေပြီး ရိုးရှင်းသော အဝတ်အစားနှင့်လူငယ်ကို လွှမ်းခြုံထားရာ မွေးရာပါနယ်ပယ်ပညာရှင်နှစ်ဦး၏ ဖိအားအောက်တွင် မည်သည့်အတားအဆီးမှမရှိဘဲ လွတ်လပ်စွာ လျှောက်လှမ်းနိုင်စေလေသည်။
ဤထူးဆန်းသော မြင်ကွင်းသည် သိုင်းပညာရှင်များကိုသာမက မွေးရာပါနယ်ပယ်ပညာရှင်နှစ်ဦးဖြစ်သည့် ဝမ်ချန်းယီနှင့် ဝေ့ရှန်ဟိုင်တို့ကိုပါ တုန်လှုပ်သွားစေခဲ့သည်။
"မြင့်မြတ်သောတောင်တော်က အမိန့်ပြန်တမ်းတစ်ခုကို ထုတ်ပြန်ထားပါတယ်။ မွေးရာပါနယ်ပယ်အဆင့် သိုင်းပညာရှင်တွေအနေနဲ့ မွေးရာပါနယ်ပယ်အောက်က လူတွေကို အကြောင်းမဲ့ သတ်ဖြတ်ခြင်းမပြုရသလို လူနေထူထပ်တဲ့ မြို့ကြီးတွေမှာလည်း မွေးရာပါနယ်ပယ်အဆင့် တိုက်ပွဲတွေ မလုပ်ရဘူးဆိုတာပါပဲ။ ခင်ဗျားတို့နှစ်ယောက်က ဒီအမိန့်ကို ချိုးဖောက်ဖို့ ရည်ရွယ်ထားကြတာလား။"
မွေးရာပါနယ်ပယ်ပညာရှင်နှစ်ဦး၏ စူးစိုက်ကြည့်ရှုခြင်းကို ခံနေရသော်လည်း ရိုးရှင်းသောအဝတ်အစားနှင့်လူငယ်၏ မျက်နှာထားမှာ ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် သူ၏လေသံမှာမူ တဖြည်းဖြည်း တည်ကြည်လေးနက်လာခဲ့၏။
"တန်ကျမ်းစာ ကျောက်စိမ်းစာလိပ်...... မင်းက ထျန်းကျီမျှော်စင်ကလား။"
ဝမ်ချန်းယီသည် လူငယ်၏လက်ထဲမှ ကျောက်စိမ်းစာလိပ်ကို စူးစိုက်ကြည့်နေပြီး သူ၏မျက်နှာထားမှာ လေးနက်သွားလေသည်။
"ထျန်းကျီမျှော်စင်က ကျိယွဲ့...... မွေးရာပါနယ်ပယ်ပညာရှင်နှစ်ဦးကို ဂါရဝပြုပါတယ်။"
ရိုးရှင်းသော အဝတ်အစားနှင့်လူငယ်က အနည်းငယ် ဦးညွှတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုလူငယ်က ဤအချက်ကို ဝန်ခံလိုက်သည်ကို ကြားလိုက်ရသောအခါ ဝမ်ချန်းယီ၏ နှလုံးသားမှာ တုန်လှုပ်သွားရ၏။
သူသည် ထိုလူငယ်ကို ခေတ္တမျှ တိတ်တဆိတ် စိုက်ကြည့်နေပြီးနောက် သူ၏လက်ဖဝါးတွင် စုစည်းထားသော ဓားချီစွမ်းအင်များကို ဖြည်းညှင်းစွာ ဖြေလျော့လိုက်လေသည်။
တစ်ဖက်လူ၏ အထောက်အထားမှာ အစစ်အမှန် ဟုတ် ၊ မဟုတ် မသိရသော်လည်း တန်ကျမ်းစာ ကျောက်စိမ်းစာလိပ်၏ ဆန်းကြယ်သော ဂုဏ်သတ္တိများကိုတော့ သူ ကြားဖူးနားဝရှိထားသည်။
ထိုကဲ့သို့သော ဆန်းကြယ်သည့် ကျောက်စိမ်းစာလိပ်ကို ထျန်းကျီမျှော်စင်မှ လူများကသာ အသက်သွင်းနိုင်ခြင်း ဖြစ်လေသည်။
ဝေ့ရှန်ဟိုင်သည်လည်း သူ၏ဓားအလင်းတန်းကို ရုပ်သိမ်းလိုက်၏။
သို့သော် ဝမ်ချန်းယီနှင့်မတူဘဲ သူသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ထျန်းကျီမျှော်စင်မှ လူတစ်ယောက် ရောက်ရှိနေပြီဖြစ်ရာ ယနေ့တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနိုင်ဖွယ် မရှိတော့ကြောင်း သူ သိလိုက်သောကြောင့်ပင်။
ဝမ်ချန်းယီသည် ဝေ့ရှန်ဟိုင်၏ စိတ်နေစိတ်ထား အနည်းငယ် ပြောင်းလဲသွားသည်ကို စူးရှစွာ သတိထားမိလိုက်၏။
ထို့နောက် တစ်ဖက်လူက ဒဏ်ရာများ မပျောက်ကင်းသေးဘဲ စောစောက ဟန်လုပ်ခြိမ်းခြောက်နေခြင်းသာဖြစ်ကြောင်း သူ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
ချက်ချင်းပင် ဝမ်ချန်းယီ၏ မျက်နှာထားမှာ မဲမှောင်သွားတော့၏။
သူက လူငယ်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။ "ထျန်းကျီမျှော်စင်က ဂိုဏ်းအဖွဲ့အစည်းတွေကြားက ပဋိပက္ခတွေမှာ ဘယ်တုန်းကမှ ဝင်မပါဘူးလို့ ငါ ကြားဖူးတယ်။ ဒါဆို ကျိယွဲ့ဆိုတဲ့ မင်းက ဒီရပ်တည်ချက်ကို ချိုးဖောက်ဖို့ လုပ်နေတာလား။"
လူငယ်က ပေါ့ပါးစွာပင် ပြန်လည်ပြောကြားလိုက်သည်။
"ထျန်းကျီမျှော်စင်ရဲ့ ရပ်တည်ချက်က ဘယ်တော့မှ မပြောင်းလဲပါဘူး ဝမ်ချန်ပေ့။ သံသယဖြစ်စရာ မလိုပါဘူးဗျ။ ဝေ့ချန်ပေ့နဲ့ ခင်ဗျားရဲ့ ပဋိပက္ခကြားထဲ ဝင်ပါဖို့ ကျွန်တော်တို့လည်း စိတ်မဝင်စားပါဘူးဗျ။ ဒါပေမဲ့ ခင်ဗျားတို့က မြို့ထဲမှာ တိုက်ခိုက်ဖို့ပဲ ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေကိုပါ နားလည်ထားသင့်ပါတယ်။"
(ဘာသာပြန်သူ၏ ရှင်းလင်းချက် ။ ချန်ပေ့ဆိုတာက ကိုယ့်ထက်ဝါရင့်တဲ့သူ အတွေ့ကြုံပိုများပြီး အကြီးတွေကို ရိုသေလေးစားသမှုနဲ့ခေါ်တာမျိုးပါ။ ချန်ပေ့နဲ့အဓိပ္ပါယ်ဆင်တူပါတယ်။)
ဝမ်ချန်းယီ၏ မျက်နှာထားမှာ ချက်ချင်းပင် မရေမရာ ဖြစ်သွားလေသည်။
အကယ်၍သာ ဤလူငယ် ရောက်မလာခဲ့ပါက သူသည် ဝေ့ရှန်ဟိုင်ကို သတ်ဖြတ်ပြီး ဝေ့မိသားစုကို ဖျက်ဆီးကာ ထိုရတနာကို ရယူပြီး ထွက်ပြေးနိုင်မည် ဖြစ်သည်။
နောက်ပိုင်းကျ မြင့်မြတ်သောတောင်တော်က လိုက်လံစုံစမ်းလျှင်ပင် သူ၏တာဝန်ရှိမှုကို လျှော့ချရန် နည်းလမ်းများ ရှိနေပေလိမ့်မည်။
သို့သော် ယခု ဤလူငယ်ရောက်ရှိနေသဖြင့် သူလည်း မဆင်မခြင် မလုပ်ရဲတော့ပေ။
ထျန်းကျီမျှော်စင်၏ ကျောက်စိမ်းစာလိပ်တွင် မှော်ဆန်သော လုပ်ဆောင်ချက်တစ်ခု ရှိသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။
ယင်းအပေါ်တွင် ရေးသားထားသော အကြောင်းအရာများကို ထျန်းကျီမျှော်စင်၏ ဌာနချုပ်သို့ ချက်ချင်း ပေးပို့နိုင်သည်ဟု ဆိုကြရာ အလွန်ပင် ဆန်းကြယ်လှပေသည်။
ဤလူငယ် ရှိနေသဖြင့် သူက နှုတ်ပိတ်ရန်အတွက် တစ်မြို့လုံးကို သတ်ဖြတ်ပစ်လိုက်လျှင်တောင်မှ သတင်းပြန့်နှံ့သွားခြင်းကို တားဆီးနိုင်မည် မဟုတ်ပေ။
"ဝေ့ရှန်ဟိုင်...... မင်းမှာ မြို့ပြင်ထွက်ပြီး ငါနဲ့ တိုက်ခိုက်ရဲတဲ့ သတ္တိရော ရှိရဲ့လား။"
ဝမ်ချန်းယီ၏ မျက်နှာမှာ မဲမှောင်နေပြီး ဝေ့မိသားစု၏ ဘိုးဘေးကို ရုတ်တရက် အော်ဟစ်လိုက်လေသည်။
သို့သော် ရဲရင့်ပြတ်သားပုံရသော ဝေ့ရှန်ဟိုင်ကမူ အားရပါးရ ရယ်မောလိုက်ပြီး စိန်ခေါ်မှုကို လက်မခံခဲ့ပေ။
"ဟားဟားဟား...... ဝမ်ချန်းယီ၊ အလောတကြီး လုပ်စရာမလိုပါဘူးကွာ။ ငါက ရက်ပေါင်းများစွာ ခရီးသွားလာခဲ့ရတော့ နည်းနည်း ပင်ပန်းနေတယ်လေ။ ရက်နည်းနည်းလောက် အနားယူပြီးရင်တော့ မင်းခေါင်းကို ငါကိုယ်တိုင် လာယူခဲ့မယ်။"
"မင်း......"
ဝမ်ချန်းယီမှာ ဒေါသအမျက်ခြောင်းခြောင်း ထွက်နေတော့၏။
"မင်းလို သူရဲဘောကြောင်တဲ့ကောင်က...... တိုက်ခိုက်ဖို့တောင် သတ္တိမရှိဘူးပဲ။ မင်းက မွေးရာပါနယ်ပယ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် အရှက်ခွဲနေတဲ့ကောင်လေ။"
ဝေ့ရှန်ဟိုင်က လှောင်ပြောင်လိုက်သည်။
"ငါက မင်းလိုမျိုး အလစ်ဝင်တိုက်ပြီး ယုတ်မာတဲ့ကိစ္စတွေပဲ လုပ်တတ်တဲ့ လူယုတ်မာတစ်ယောက် မဟုတ်ဘူးလေ။"
"မင်း.."
ဝမ်ချန်းယီ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ဝေ့ရှန်ဟိုင်သည် မြို့ထဲတွင် ပုန်းအောင်းနေပြီး ထွက်လာမည်မဟုတ်ကြောင်း သူ သိလိုက်၏။
ထို့ပြင် သူ့အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းလည်း မရှိပေ။
အကယ်၍ သူသာ အတင်းအကျပ် တိုက်ခိုက်မည်ဆိုလျှင် ဝေ့ရှန်ဟိုင်ကို ချက်ချင်း သတ်ဖြတ်နိုင်မှသာ ဖြစ်မည်။
သို့မဟုတ်ပါက တိုက်ပွဲရလဒ် မည်သို့ပင်ဖြစ်စေကာမူ တိုက်ပွဲအတွင်း အခြားထိခိုက်သေဆုံးမှုများ ရှိနေသမျှ ကာလပတ်လုံး မြင့်မြတ်သောတောင်တော်၏ အပြစ်ပေးမှုကို သူ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
မြို့ထဲတွင် မွေးရာပါနယ်ပယ်အဆင့် တိုက်ပွဲတစ်ခု စတင်ခြင်း၏ အကျိုးဆက်များကို တွေးမိလိုက်သည်နှင့် ဝမ်ချန်းယီ၏ နှလုံးသားမှာ တုန်လှုပ်သွားရ၏။
သူသည် သူ၏ကျန်ရှိနေသော ဘဝတစ်လျှောက်လုံးကို မြင့်မြတ်သောတောင်တော်တွင် အကျဉ်းချခံရပြီး ကြောက်ရွံ့မှုဖြင့်သာ နေထိုင်သွားရမည်ကို မလိုလားပေ။
အခြေအနေကို ချိန်ဆပြီးနောက် ဝေ့ရှန်ဟိုင်၏ ဒဏ်ရာများ မပျောက်ကင်းသေးသော်လည်း သူ့ကို ချက်ချင်း မသတ်ဖြတ်နိုင်ကြောင်း သိလိုက်ရသဖြင့် ဝမ်ချန်းယီသည် အံကိုကြိတ်ကာ ဝေ့ရှန်ဟိုင်ကို ရက်စက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
"လူယုတ်မာအဘိုးကြီး...... မင်း စောင့်နေလိုက်။ အဲ့ဒီပစ္စည်းကို မရမချင်း ငါ လက်လျှော့မှာ မဟုတ်ဘူး။ မင်း မြို့ထဲကနေ ဘယ်တော့မှ မထွက်ဘဲ ဒီမှာပဲ ပုန်းနေတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် မင်း ခြေလှမ်းတစ်လှမ်း ထွက်လိုက်တဲ့နေ့က မင်းရဲ့ သေရမယ့်နေ့ ဖြစ်သွားလိမ့်မယ်"
ထိုသို့ ပြောပြီးနောက် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာကာ သူ၏ပုံရိပ်သည် ခေါင်မိုးပေါ်မှ ပျောက်ကွယ်သွားတော့၏။
"ဆရာ......"
ဝမ်ချန်းယီ ထွက်ခွာသွားသည်ကို မြင်သောအခါ ထျန်းချန်းဂိုဏ်းမှ လူကောင်ကြီးနှင့် အခြားသူများမှာ တုန်လှုပ်သွားကြလေသည်။
"အခုချက်ချင်း ထွက်သွားကြစမ်း။"
ဝေ့ရှန်ဟိုင်သည် သူတို့ကို အခက်တွေ့အောင် မလုပ်တော့ဘဲ လေးနက်သော အသံဖြင့် အားကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။
လူကောင်ကြီးနှင့် အခြားသူများမှာ စိတ်သက်သာရာရသွားပြီး ဝေ့အိမ်တော်မှ အလျင်အမြန် ပြေးထွက်သွားကြလေသည်။
နှေးကွေးသူများမှာမူ နောက်မှလူများ၏ ကန်ကျောက်ခြင်းကို ခံရရင်း အလုအယက် ထွက်ပြေးကြရ၏။
ထျန်းချန်းဂိုဏ်းမှ လူများအားလုံး ထွက်ခွာသွားပြီးနောက် ဝေ့ရှန်ဟိုင်သည် ခေါင်မိုးစွန်းအောက်ရှိ နေရာတစ်ခုသို့ လှမ်းပြောလိုက်သည်။
"လူကြီးမင်း...... ကျေးဇူးပြုပြီး ထွက်လာခဲ့ပါဗျာ။"
အပေါ်မှာ လူတစ်ယောက် ပုန်းနေတာလား။
ဝေ့မိသားစုဝင်များသည် ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။
လူတိုင်း၏ အကြည့်အောက်တွင် လူရိပ်တစ်ခုသည် ခေါင်မိုးစွန်းအောက်မှ ထွက်ပေါ်လာပြီး ခုန်ချကာ ကျော့ရှင်းစွာ ရပ်လိုက်လေသည်။
"ဝေ့ချန်ပေ့ကို ဂါရဝပြုပါတယ်။"
ဖီးနစ်မျက်လုံးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဦးစွာ ဝေ့ရှန်ဟိုင်ကို ဂါရဝပြုလိုက်ပြီးနောက် ရိုးရှင်းသော အဝတ်အစားနှင့်လူငယ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကျိယွဲ့...... မင်း အချိန်မီ ရောက်လာလို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါ နောက်တစ်နေ့ကို မြင်ရတော့မှာ မဟုတ်ဘူး။"
ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ ဝေ့မိသားစုဝင်များမှာ မှင်သက်သွားကြလေသည်။
ခရိုင်အုပ်ချုပ်ရေးမှူးက ထိုနေရာတွင် ပုန်းအောင်းနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ရိုးရှင်းသော အဝတ်အစားနှင့်လူငယ်သည်လည်း သူ၏မိတ်ဆွေက ထိုနေရာတွင် ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
သာမန်အားဖြင့် တည်ငြိမ်နေလေ့ရှိသော လူငယ်မှာ အနည်းငယ် ကြောင်အသွားလေသည်။
သူ၏မိတ်ဆွေမှာ ဂရုမစိုက်သလို ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"မင်းကလေ......၊ ပွဲကြည့်ရတာ ဝါသနာပါတဲ့ အကျင့်ကို မပြင်ဘူးဆိုရင် တစ်နေ့ကျ မင်း သေပြီဆိုတဲ့ သတင်းကို ကြားရရင်တောင် ငါတော့ အံ့ဩမိမှာ မဟုတ်တော့ဘူး။"
"ကျိယွဲ့ရာ...... မင်းကလည်း သဘောထား မကြီးလိုက်တာ။ ဘာလို့ ကိုယ့်မိတ်ဆွေကို သေဖို့ ကျိန်ဆဲနေရတာလဲကွာ။"
သူတို့နှစ်ဦး အပြန်အလှန် စနောက်နေစဉ် ဝေ့ရှန်ဟိုင်သည် မြေပြင်သို့ ဆင်းသက်လာပြီး လူငယ်ကို ဂါရဝပြုလိုက်သည်။
"ငါ့ရဲ့ ဝေ့မိသားစုတစ်ခုလုံးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ကျိယွဲ့။"
လူငယ်၏ မျက်နှာထားမှာ တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွား၏။
"ဝေ့ချန်ပေ့...... အထင်မလွဲပါနဲ့။ ကျွန်တော် ဒီကိုလာတာက ဝေ့မိသားစုကို ကူညီဖို့ မဟုတ်ဘဲ ဘယ်သူမဆို မြင့်မြတ်သောတောင်တော်ရဲ့ အမိန့်ကို မချိုးဖောက်အောင်လို့ တားချင်ရုံသက်သက်ပါ။"
"ဘာပဲဖြစ်ဖြစ် ကျိယွဲ့ ဒီကို ရောက်လာတာက ငါတို့ ဝေ့မိသားစုကို ကယ်တင်ခဲ့တာပဲလေ။ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။"
လူငယ်ကတော့ စကားထပ်မပြောတော့ဘဲ ခေါင်းခါကာ ထွက်ခွာသွားလေသည်။
"ကျိယွဲ့...... ဘာလို့ အလျင်လိုနေတာလဲကွ။ ငါ့ကို စောင့်ဦးလေ...... အတူတူ သွားသောက်ကြတာပေါ့။"
ဖီးနစ်မျက်လုံးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဝေ့ရှန်ဟိုင်ကို နှုတ်ဆက်ပြီးနောက် အလျင်အမြန် လိုက်သွားတော့သည်။
ဝေ့ရှန်ဟိုင်ကတော့ သူတို့ကို တားဆီးရန် မကြိုးစားဘဲ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်၏။
"ဘိုးဘေး......"
ပြင်ပလူများအားလုံး ထွက်ခွာသွားပြီးနောက် ဝေ့ရှင်းဟယ်သည် ရင်ဘတ်ကို ဖိထားရင်း စိတ်လှုပ်ရှားစွာဖြင့် မိသားစုဝင်များကို ဦးဆောင်ကာ ရှေ့သို့ တိုးလာခဲ့သည်။
"ရှင်းဟယ်...... အခြေအနေက ရုတ်တရက်ဆိုတော့ ငါလည်း ဝမ်ချန်းယီရဲ့ ဓားချီစွမ်းအင်ကို အပြည့်အဝ မတားပေးနိုင်ခဲ့ဘူး။ မင်း အဆင်ပြေရဲ့လား။"
ဝေ့ရှန်ဟိုင်က မေးလိုက်သည်။
"ပြဿနာ မရှိပါဘူး။ မွေးရာပါနယ်ပယ်အဆင့်က တစ်ယောက်က သူ့ထက် အဆင့်နိမ့်တဲ့ ဝမ်ပေ့တစ်ယောက်ကို အလစ်ဝင်တိုက်မယ်လို့ ဘယ်သူကများ ထင်မှာလဲ။ ကံကောင်းလို့ ဘိုးဘေး အချိန်မီ ရောက်လာလို့သာပေါ့။"
(ဘာသာပြန်သူ၏ ရှင်းလင်းချက် ။ ဝမ်ပေ့ကတော့ ချန်ပေ့ရဲ့ဆန့်ကျင်ဘက်အသုံးအနှုန်းဖြစ်ပြီး ဂျူနီယာလို့အဓိပ္ပါယ်သက်ရောက်ပါတယ်ဗျ။)
ဝေ့ရှင်းဟယ်က ခေါင်းခါလိုက်သည်။
"ဟမ့်.. ဝမ်ချန်းယီက အမြဲတမ်း ယုတ်မာပြီး အရှက်မရှိတဲ့ကောင်ပဲလေ။"
ဝေ့ရှန်ဟိုင်က အေးစက်စွာ နှာမှုတ်လိုက်၏။
"ဘိုးဘေး...... ဘာလို့ ကျိယွဲ့ကို မတားလိုက်တာလဲဗျ။ သူက ကျွန်တော်တို့ မိသားစုကို ကယ်တင်ခဲ့တာလေ။ သူ့ကို ဒီတိုင်း ပြန်လွှတ်လိုက်တာက ကျေးဇူးကန်းရာ ကျနေမလားလို့ပါ။"
ဝေ့ရှင်းဟယ်က မေးလိုက်သည်။
ဝေ့ရှန်ဟိုင်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "ငါ သူ့ကို မတားချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အထောက်အထားက ထူးခြားတယ်။ သူက တခြားဂိုဏ်းတွေနဲ့ ဘယ်တော့မှ ရင်းရင်းနှီးနှီး မနေဘူး။ သူ့ကို တားထားရင် သူ့ကို ဒုက္ခပေးသလိုပဲ ဖြစ်နေလိမ့်မယ်။"
ဝေ့ရှင်းဟယ်က ထပ်မေးချင်သော်လည်း ဝေ့ရှန်ဟိုင်က လက်ကာပြလိုက်သည်။
"အိမ်ထဲရောက်မှ ဆက်ပြောကြတာပေါ့။ ခုတော့ ခြံဝင်းကို ရှင်းလင်းဖို့ လူတချို့ စီစဉ်လိုက်ဦး။"
ထိုအခါ၌ ဝေ့ရှင်းဟယ်သည်လည်း ပါးစပ်ကို ယာယီပိတ်ထားလိုက်ရတော့၏။ အိမ်ထဲသို့ ရောက်ရှိပြီး သူရယ်၊ အိမ်တော်ထိန်းရယ်၊ ဘိုးဘေးရယ် သုံးဦးတည်း ရှိနေသောအခါမှ သူက ဆက်ပြောလိုက်သည်။
"ဘိုးဘေး...... ဘယ်တုန်းက ပြန်ရောက်တာလဲ။"
"ငါ ပြန်ရောက်နေတာ ရက်နည်းနည်း ရှိပြီ။ ဒါပေမဲ့ ဝမ်ချန်းယီက ငါ့ကို အမှောင်ထဲမှာ စောင့်နေမှန်း သိလို့ မြို့ထဲကို မဝင်ခဲ့တာ။"
"ဘိုးဘေး...... ဒီလူတွေက ဘယ်သူတွေလဲ။ ပြီးတော့ ဘိုးဘေးနဲ့ ဝမ်ချန်းယီက ဘာအငြိုးအတေးတွေ ရှိလို့လဲ။"
ဤအချက်သည် ဝေ့ရှင်းဟယ်ကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။
သူတို့အိမ်ရှိ ရတနာကို ကောင်းမွန်စွာ ဖုံးကွယ်ထားပြီး ဆွေမျိုးစုအတွင်းမှ လူနည်းစုသာ သိရှိကြသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းများက မည်သို့ သိရှိသွားကြသနည်း။
"ငါတို့ ဝေ့မိသားစုကို တိုက်ခိုက်တဲ့ လူတွေက အများအားဖြင့် မြောက်ပိုင်းဂိုဏ်းတစ်ခုဖြစ်တဲ့ ထျန်းချန်းဂိုဏ်းကပဲ။ ဝမ်ချန်းယီက သူတို့ရဲ့ ဒုတိယအကြီးအကဲလေ။"
"ပြီးတော့ ငါတို့ရဲ့ အငြိုးအတေးက......"
ဝေ့ရှန်ဟိုင်သည် သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်သည်။
"ငါတို့က တစ်ချိန်တုန်းကတော့ မိတ်ဆွေတွေပါပဲကွာ။"
"မိတ်ဆွေတွေလား...... ဒါဆို ဘယ်လိုဖြစ်ပြီး......"
ဝေ့ရှင်းဟယ်နှင့် အိမ်တော်ထိန်းမှာ အံ့ဩသွားကြလေသည်။
"အဲ့ဒါက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကပေါ့......"
ဝေ့ရှန်ဟိုင် ပြန်လည်ပြောပြသည်နှင့်အမျှ ဝေ့ရှင်းဟယ်နှင့် အိမ်တော်ထိန်းတို့သည် အခြေအနေကို တဖြည်းဖြည်း နားလည်လာကြသည်။
လွန်ခဲ့သော နှစ်တစ်ရာခန့်က ဝေ့ရှန်ဟိုင်သည် ငယ်ရွယ်ပြီး အလားအလာရှိသော သိုင်းပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။
ထိုအချိန်က သူသည် သိုင်းပညာတွင် အောင်မြင်မှုရရှိခဲ့ပြီး ဝေ့မိသားစုတွင် ရှားပါးသော အရည်အချင်းတစ်ခုဖြစ်သည့် ကြွက်သားနှင့်အရိုးအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီဖြစ်သည်။
ကိုယ်တွင်းအင်္ဂါအဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန်နှင့် အတွေ့အကြုံများ ရယူရန်အတွက် ဝေ့ရှန်ဟိုင်သည် အသက်နှစ်ဆယ်အရွယ်တွင် ခရီးထွက်ပြီး ကမ္ဘာအနှံ့မှ သူရဲကောင်းများနှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။
ခရီးသွားနေစဉ်အတွင်း သူနှင့် ရွယ်တူဖြစ်သော လူငယ်တစ်ဦးဖြစ်သည့် ဝမ်ချန်းယီနှင့် တွေ့ဆုံခဲ့သည်။
ဝမ်ချန်းယီသည် ကြီးကျယ်သော ဂိုဏ်းတစ်ခုမှ လာသူဖြစ်ပြီး အစွမ်းထက်ကာ ဗဟုသုတကြွယ်ဝသူ ဖြစ်သည်။
အင်အားနှင့် ဗဟုသုတအရ ထိုအချိန်က သာမန်မျိုးနွယ်စုဝင်ဖြစ်သော ဝေ့ရှန်ဟိုင်ထက် သာလွန်လေသည်။
သူတို့သည် ချက်ချင်းပင် ရင်းနှီးသွားကြပြီး ဝေ့ရှန်ဟိုင်သည် ဝမ်ချန်းယီ၏ အပြုအမူကို လေးစားအားကျခဲ့သည်။
နောက်ဆုံးတွင်တော့ သူတို့သည် သွေးသောက်ညီအစ်ကိုများပင် ဖြစ်လာကြသည်။
ထို့နောက် သူတို့သည် ကမ္ဘာအနှံ့ အတူတူ လှည့်လည်သွားလာကြရင်း အတွေ့အကြုံများစွာ ရရှိခဲ့ကြ၏။
သို့သော် ခရီးသွားနေစဉ်အတွင်း ဝေ့ရှန်ဟိုင်သည် ဝမ်ချန်းယီမှာ အပေါ်ယံမြင်ရသလောက် စိတ်ထားမြင့်မြတ်သူ မဟုတ်ကြောင်း တဖြည်းဖြည်း သတိထားမိလာခဲ့၏။
သူသည် စိတ်သဘောထား သေးသိမ်ပြီး တစ်ခါတစ်ရံတွင် အသေးအဖွဲကိစ္စလေးများအတွက်တောင် သာမန်လူများကို ဒုက္ခပေးတတ်သည်။
ထို့ပြင် သူသည် လက်စားချေတတ်သူဖြစ်ပြီး မရည်ရွယ်ဘဲ ဖြစ်သွားသော အမှားများအတွက်ပင် အငြိုးအတေး ထားတတ်ပါ၏။
အကြိမ်များစွာပင် သူသည် တစ်ဖက်သား၏ မိသားစုကို လက်တုံ့ပြန်ရန် ကြိုးစားခဲ့သော်လည်း ဝေ့ရှန်ဟိုင်၏ တားမြစ်မှုကြောင့်သာ မလုပ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
သူတို့ ခရီးသွားသည်နှင့်အမျှ သူတို့၏ အတွေးအခေါ်များသည်လည်း ကွဲပြားလာပြီး မကြာခဏ ရန်ဖြစ်လာကြသည်။
သို့သော် ထိုအချိန်က ဝေ့ရှန်ဟိုင်သည် ဝမ်ချန်းယီကို ညီအစ်ကိုတစ်ဦးအဖြစ် သတ်မှတ်ထားဆဲပင်။
ဝမ်ချန်းယီသည် အစွန်းရောက်သော်လည်း တရားမျှတမှု ရှိသေးသည်ဟုသာ သူ ထင်မှတ်ခဲ့သည်။
သူတို့၏ အမှန်တကယ် လမ်းခွဲမှုသည် လျှို့ဝှက်နေရာတစ်ခုကို အတူတူ ရှာဖွေစဉ်က ဖြစ်ပွားခဲ့သည်။
သူတို့သည် ဂူတစ်ခုကို မတော်တဆ တွေ့ရှိခဲ့ပြီး ကြီးမားသော ကံကောင်းမှုကို ရရှိခဲ့ကြသည်။
ရတနာများကို ခွဲဝေရာတွင်တော့ သူတို့ သဘောထားကွဲလွဲခဲ့ကြ၏။
ဝမ်ချန်းယီက သူသည် အလုပ်အများစုကို လုပ်ဆောင်ခဲ့သဖြင့် ရတနာကိုးဆယ်ရာခိုင်နှုန်း ရသင့်သည်ဟု ထင်မြင်ခဲ့သည်။
ဝေ့ရှန်ဟိုင်ကမူ သူတို့သည် ညီအစ်ကိုများဖြစ်သဖြင့် ထိုမျှလောက် တွက်ချက်မနေသင့်ဟု ယုံကြည်ခဲ့သည်။
သူသည် ဝမ်ချန်းယီလောက် အလုပ်မလုပ်ခဲ့သော်လည်း ဝမ်ချန်းယီကို သေစေလောက်သည့် ထောင်ချောက်တစ်ခုမှ ကယ်တင်ခဲ့ဖူးပါ၏။
ထိုအချက်အပေါ် အခြေခံ၍ သူသည် ဆယ်ရာခိုင်နှုန်းထက် ပိုရသင့်သည်ဟု ခံစားခဲ့ရသည်။
ထို့နောက်တွင်တော့ သူတို့သည် ပြင်းထန်စွာ ငြင်းခုံခဲ့ကြပြီး တိုက်ခိုက်လုနီးပါးပင် ဖြစ်ခဲ့ကြသည်။
နောက်ဆုံးတွင်တော့ ဝေ့ရှန်ဟိုင်ကပဲ အလျှော့ပေးလိုက်ပြီး ဆယ်ရာခိုင်နှုန်းသာ ယူရန် သဘောတူခဲ့သော်လည်း သူက အရင်ရွေးချယ်ခွင့်ရရမည်ဟူသော အခြေအနေကို သတ်မှတ်ခဲ့သည်။
အံ့ဩစရာကောင်းသည်မှာ ဝမ်ချန်းယီက ငြင်းဆိုခဲ့ပြီး ပစ္စည်းများကို အလှည့်ကျ ရွေးယူရန် တောင်းဆိုခဲ့လေ၏။
ဤအချက်က ဝေ့ရှန်ဟိုင်ကို လုံးဝ စိတ်ပျက်သွားစေခဲ့သည်။
သူတို့ ရရှိခဲ့သော ရတနာများမှာ အလွန် ဆန်းကြယ်လှပေ၏။ သူတို့၏ ထိုစဉ်က အရည်အချင်းဖြင့် မည်သည်က အကောင်းဆုံးဖြစ်ကြောင်း ခွဲခြားနိုင်ခြင်း မရှိကြပေ။
သူက ဦးစွာ ရွေးချယ်ခွင့်ရလျှင်တောင်မှ အကောင်းဆုံးအရာများ အားလုံးကို ရွေးချယ်နိုင်မည် မဟုတ်ချေ။
သို့သော် ဝမ်ချန်းယီသည် အနည်းငယ်မျှပင် အရှုံးမခံလိုခဲ့ပေ။
ဝမ်ချန်းယီ၏ စိတ်သဘောထားအစစ်အမှန်ကို မြင်လိုက်ရသဖြင့် ဝေ့ရှန်ဟိုင်သည်လည်း လက်ခံလိုက်တော့၏။ သူသည် ပစ္စည်းအနည်းငယ်ကို ကျပန်းရွေးချယ်လိုက်ပြီး ဂူထဲမှ ထွက်လာပြီးနောက်၌ ဝမ်ချန်းယီနှင့် အဆက်အသွယ်ဖြတ်လိုက်တော့သည်။
"ပြန်စဉ်းစားကြည့်ရင်...... ခရီးသွားနေတုန်း ငါသာ အဆင့်မတက်ခဲ့ဘဲ အင်အားချင်း တူမနေခဲ့ဘူးဆိုရင် အဲ့ဒီတုန်းကတည်းက ဝမ်ချန်းယီက ငါ့ကို သတ်ဖို့ ကြိုးစားခဲ့လောက်တယ်။"
ဝေ့ရှန်ဟိုင်က သက်ပြင်းချလိုက်သည်။
"ဘိုးဘေး...... ဘိုးဘေးပြောပုံအရဆို အဲ့ဒီတုန်းက ရခဲ့တဲ့ ရတနာတွေထဲက တစ်ခုက......"
ဝေ့ရှင်းဟယ်က စမ်းသပ်မေးမြန်းလိုက်သည်။
"ဟုတ်တယ်...... ငါရခဲ့တဲ့ ပစ္စည်းတွေထဲက တစ်ခုက ငါတို့ရဲ့ လျှို့ဝှက်ခန်းထဲမှာ ရှိနေတဲ့ ပစ္စည်းပဲ။" ဝေ့ရှန်ဟိုင်က ခေါင်းညိတ်လိုက်သည်။ "ပြီးတော့ အဲ့ဒါက အဲ့ဒီအထဲမှာ တန်ဖိုးအကြီးဆုံးပဲ။"
"တန်ဖိုးအကြီးဆုံး ဟုတ်လား။"
"ဟုတ်တယ်...... ကျပန်းရွေးလိုက်တာက တန်ဖိုးအကြီးဆုံး ရလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။"
"ငါ့ကံတရားက ဒီလောက်ကောင်းပြီး အကောင်းဆုံးပစ္စည်းကို ရွေးမိလိမ့်မယ်လို့ ဝမ်ချန်းယီလည်း ထင်ထားမိမှာ မဟုတ်ဘူးလေ။ ဒါက ကံကြမ္မာရဲ့အလိုဆန္ဒအတိုင်းပဲနေမှာပေါ့။"
"အဲ့ဒီနှစ်တွေတုန်းက သူ ဘယ်လောက်တောင် ဒေါသထွက်နေမလဲဆိုတာ ငါ သိချင်မိသား။"
ဝေ့ရှန်ဟိုင်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာလေသည်။
ဝေ့ရှင်းဟယ်နှင့် အိမ်တော်ထိန်းတို့သည် ဝမ်ချန်းယီ၏ တုံ့ပြန်မှုကို မှန်းဆကြည့်ကြပြီး သူ အလွန် ဒေါသထွက်ခဲ့မည်မှာ သေချာသည်ဟု တွေးလိုက်ကြသည်။
"ဒါဆို ဝမ်ချန်းယီက အဲ့ဒီရတနာအတွက် ရောက်လာခဲ့တာပေါ့။ ဘိုးဘေး...... သူက ဘိုးဘေးကို ဘယ်လိုလုပ် အလစ်တိုက်နိုင်ခဲ့တာလဲ။" ဝေ့ရှင်းဟယ်က မေးလိုက်သည်။
"ငါ ပေါ့ဆသွားလို့ပါကွာ" ဝေ့ရှန်ဟိုင်က သက်ပြင်းချလိုက်သည်။
"ငါတို့ လမ်းခွဲပြီးနောက်ပိုင်း သူ့ကို မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီလေ။ မကြာသေးခင်က သူက စာရေးပြီး မိတ်ဆွေဟောင်းတွေအနေနဲ့ ပြန်တွေ့ဖို့ ဖိတ်ခေါ်ခဲ့တယ်။"
"နှစ်တွေလည်း ကြာသွားပြီ...... အဲ့ဒီတုန်းက ငါတို့ကလည်း ငယ်သေးတာနဲ့ စိတ်လိုက်မာန်ပါ လုပ်ခဲ့ကြတာဆိုတော့ ငါ သွားတွေ့ခဲ့တယ်။"
"မထင်မှတ်ထားတာက သူက ငါတို့ ခရီးသွားခဲ့တဲ့ အကြောင်းတွေ ပြောနေရင်း ငါ စိတ်လျှော့လိုက်တဲ့အချိန်မှာ ရုတ်တရက် တိုက်ခိုက်လာခဲ့တာပဲ။ ငါလည်း အငိုက်မိသွားပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့တယ်လေ။ ကံကောင်းလို့သာ လွတ်လာခဲ့တာ။"
"အခုကော ဒဏ်ရာအခြေအနေက ဘယ်လိုနေလဲဗျ။" ဝေ့ရှင်းဟယ်က အလျင်အမြန် မေးလိုက်သည်။
"ငါ့ဒဏ်ရာတွေက မပျောက်သေးဘူး။ အကောင်းဆုံး အခြေအနေမှာတောင် ငါ့အင်အားရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ သုံးနိုင်တယ်။" ဝေ့ရှန်ဟိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ၌ ဝေ့ရှင်းဟယ်နှင့် အိမ်တော်ထိန်းတို့မှာ တုန်လှုပ်သွားကြလေသည်။
သူတို့ နောက်ထပ် မေးခွန်းများ မေးရန် ပြင်လိုက်စဉ် ဝေ့ရှန်ဟိုင်က မေးလိုက်သည်။ "ဒါနဲ့...... ငါ ပြန်ရောက်နေတာ ကြာပြီ။ နဉ်ယန်နဲ့ ကျိအန်းကို မတွေ့မိပါလား။ သူတို့ ဘယ်ရောက်နေကြတာလဲ။"
မွေးရာပါနယ်ပယ်ပညာရှင်တစ်ဦး၏ အာရုံခံနိုင်စွမ်းမှာ ထူးကဲလှပေသည်။ အိမ်တော်ထဲတွင် လီနဉ်ယန်နှင့် ဝေ့ကျိအန်းတို့ မရှိကြောင်းကို ဝေ့ရှန်ဟိုင်တစ်ယောက် ချက်ချင်းပင် သတိထားမိလိုက်ပါ၏။