အင်မော်တယ်အဆင့် စမ်းသပ်ဗားရှင်း
Vol. 12 Ch. 111
လန်ယီသည် ဖိအားများမှလွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် ပြန်လည်တိုက်ခိုက်တော့သည်။
(အရင်က လန်ထီ၊ အခု လန်ယီဖြစ်သွားလို့ပါ၊ လန်ယီပဲဆက်သုံးပါမယ်)
ရွှစ်
ဓားအလင်းတန်းနှင့် လေးမျက်နှာကမ္ဘာဦးဆေးမီးဖို၏ ကံကြမ္မာစွမ်းအားတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ တောက်လောင်နေသောမီးထဲသို့ ဆီလောင်းလိုက်သကဲ့သို့ စူးရှသောအသံများ ထွက်ပေါ်လာ၏။ (အရင်က လေးချောင်းထောက်အိုးလို့ပဲပြန်ထားတာ၊ အခုမှ လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုဖြစ်သွားလို့ အဲ့အတိုင်းပြောင်းသုံးပါမယ်)
တိမ်တိုက်များကဲ့သို့ ဖြူလွလွမြူခိုးများ ထွက်ပေါ်လာပြီး အဝေးမှကြည့်လျှင် စိတ်ကူးယဉ်ဆန်သော တောင်တန်းများ၊ မြစ်များနှင့် ထူးဆန်းသော နတ်ဘုရားရုပ်ထုများကိုပင် မြင်တွေ့နိုင်လောက်သည်။
"မီး"
"မိုးကြိုး"
မြင့်မြတ်သားတော်နှစ်ပါးက တစ်ပြိုင်တည်းအော်ဟစ်လိုက်ပြီး သူတို့၏ကျိန်စာများကို ထပ်မံထုတ်ဖော်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် မြေပြင်က ရုတ်တရက်အက်ကွဲသွားပြီး အဆုံးမဲ့သောချော်ရည်ပူများ ကောင်းကင်သို့ပန်းထွက်လာကာ ကျန်းချန်နှင့် လန်ယီထံသို့ တည့်တည့်ဦးတည်လာ၏။ ကောင်းကင်ထက်တွင်လည်း မိုးခြိမ်းသံနှင့် လျှပ်စီးသံများမှာ နားကွဲမတတ် ဆူညံနေတော့သည်။
သို့သော် ဤတိုက်ခိုက်မှုမှာ သူတို့နှစ်ဦးအပေါ် သက်ရောက်မှုအလွန်နည်းပါးသည်။ အထူးသဖြင့် ကျန်းချန်၏လက်ထဲတွင် နဂါးဝိညာဉ်မဟာအစီအရင်ရှိနေသဖြင့် အနက်ရောင်ရေများ၏ တိုက်စားမှုအောက်တွင် ချော်ရည်များနှင့် လျှပ်စီးများမှာ တဖြည်းဖြည်းငြိမ်းသတ်ခံရပြီး အားနည်းသွားသဖြင့် ထိခိုက်မှုမရှိခဲ့ပေ။
အကယ်၍ လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုသာ ခုခံမထားပါက ထိုလေးဦးမှာ ကျန်းချန်နှင့် လန်ယီတို့၏ အတွင်းအပြင်ညှပ်တိုက်ခြင်းကို မည်သို့မျှတောင့်ခံနိုင်မည်မဟုတ်။ ရှန့်ကောင်းယဲ့မှာ သူ၏မှော်ရတနာကို အသည်းအသန်အသုံးချနေရပြီး ကံကြမ္မာစွမ်းအားများ တဟုန်ထိုးထွက်ပေါ်နေသည်။
ထိုအခိုက်အတန့်တွင် လုံယွဲ့တော်ဝင်မြို့တော်ရှိလူအားလုံးမှာ အကြောင်းရင်းမရှိဘဲ တစ်ကိုယ်လုံးအားအင်ကုန်ခမ်းကာ စိတ်မကြည်မလင်ဖြစ်လာကြသည်။ ကျင့်ကြံသူများပင်လျှင် မသက်မသာခံစားချက်ကို ရရှိလိုက်ကြ၏။
သူတို့အားလုံးမှာ မြို့တော်ဗဟိုရှိ နန်းတော်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ရွှေရောင်အလင်းတန်းတစ်ခုမှာ ကောင်းကင်သို့ထိုးတက်သွားပြီး ရွှေရောင်တိမ်တိုက်အဖြစ်ပြောင်းလဲကာ ဆက်လက်ပြန့်ကားနေသည်။
"ဘာ... ဘာဖြစ်တာလဲ"
"မသိဘူး..."
"နန်းတော်ကြီး တိုက်ခိုက်ခံရတာလား"
လေးမျက်နှာကမ္ဘာဦးဆေးမီးဖို၏ အကာအကွယ်အောက်တွင်ရှိနေသော ရှန့်ကောင်းယဲ့မှာ အနည်းငယ် ပျာယာခတ်နေသည်။
မြင့်မြတ်နယ်မြေကလာတဲ့ ဒီမြင့်မြတ်သားတော်နှစ်ယောက် ဘာလုပ်နေတာလဲ...
သူတို့က တာအိုနန်းတော်အဆင့် ၉ ကျွမ်းကျင်သူတွေ မဟုတ်ဘူးလား...
တစ်လောကလုံးမှာ နာမည်ကြီးတဲ့ ထိပ်တန်းပါရမီရှင်တွေမဟုတ်ဘူးလား...
ဘာလို့ တာအိုနန်းတော်အဆင့် ၈ တစ်ယောက်ကိုသတ်ဖို့ ဒီလောက်ခက်ခဲနေရတာလဲ...
သူတို့ ကြိုးစားအားထုတ်မှုနည်းနေတာလား...
သူ အထင်လွဲခြင်းဖြစ်သည်။ ဤမြင့်မြတ်သားတော်နှစ်ပါး၏ ဝှက်ဖဲဖြစ်သော ကျိန်စာအတတ်မှာ မူလစုန်းအတတ်၏ကိုင်းခွဲတစ်ခုသာဖြစ်သည်။ အကယ်၍ အခြားသောတာအိုနန်းတော်အဆင့် ၉ များနှင့် ရင်ဆိုင်ရလျှင် သူတို့အသာစီးရမှာ သေချာသော်လည်း၊ စုန်းမျိုးနွယ်ခေါင်းဆောင် လန်ယီနှင့် တိုးသောအခါတွင်မူ အသာရရန်အလွန်ခက်ခဲ၏။ (အရင်က ဝူအတတ်ဘာညာကနေ အခုကျ စုန်းအတတ်ဖြစ်သွားပြန်တယ်။ စုန်း လို့ပဲဆက်ပြန်သွားပါမယ်နော်)
ဤအတိုင်း ဆက်သွား၍မဖြစ်တော့ပေ။ တိုက်ခိုက်နေရင်း ယွီလျန်သည် ဝင်္ကပါကိုထိန်းချုပ်နေသော ကျန်းချန်ကို တိတ်တဆိတ်အကဲခတ်လိုက်သည်။
လန်ယီကို အချိန်တိုအတွင်းအနိုင်ယူရန် မလွယ်ကူနိုင်ပါ။ ထို့ကြောင့် ဤကောင်လေးကို အရင်ဦးစားပေးရှင်းပစ်လိုက်လျှင် ပိုကောင်းပေမည်။
ဟုတ်သားပဲ... သူက ကောင်းကင်ကံကြမ္မာအဆင့် ၉ ပဲ ရှိတာလေ...
အဆင့်တစ်ဆင့်လုံး နိမ့်နေတာပဲ၊ ကျိန်စာသုံးဖို့အကောင်းဆုံးပစ်မှတ်ပဲ...
"အိပ်မက်"
သူ ရုတ်တရက်အသက်ပြင်းပြင်းရှူလိုက်ရာ အလင်းတန်းနှစ်ခုမှာ လန်ယီနှင့် ကျန်းချန်ထံသို့ ချက်ချင်းသက်ဆင်းသွားသည်။
"ဟမ့်..."
လန်ယီက အေးစက်စွာပြုံးလိုက်ရာ ထိုအလင်းတန်းမှာ ရေပူဖောင်းကဲ့သို့ ချက်ချင်းကွဲကြေသွားသည်။ ပြိုင်ဘက်၏ခန္ဓာကိုယ်ကို တိုက်ရိုက်သက်ရောက်စေမည့် ဤကဲ့သို့ကျိန်စာမျိုးဖြင့် သူမကိုဖမ်းချုပ်ရန်ကြိုးစားခြင်းမှာ ဟာသတစ်ခုသာ။
သို့သော် ကျန်းချန်ကတော့မတူ။ သူက အဆင့်တစ်ဆင့်လုံးနိမ့်နေသည့်အပြင် ဤသို့သောအတတ်မျိုးတွေကိုလည်း နားမလည်ပေ။
ဝင်္ကပါကိုထိန်းချုပ်နေသောကျန်းချန်သည် ချက်ချင်းပင် မျက်ခွံများလေးလံလာပြီး အိပ်ပျော်သွား၏။ အိပ်မက်တောင်မက်လိုက်သေးသည်။
ထိုအိပ်မက်ထဲတွင်သူသည် ရာဇပလ္လင်ပေါ်၌ထိုင်နေပြီး အောက်ရှိလူပေါင်းများစွာက ဂိုဏ်းချုပ်၏ဆုံးမစကားများကို တညီတညွတ်တည်းရွတ်ဆိုကြ၏။ မြူခိုးဝေနေတဲ့ ရေကန်အတွင်းမှာလည်း လှပသည့်မိန်းမပျိုလေးတွေ ကပြနေကြသည်။
သူကတော့ လက်ဝဲလက်ယာမှာ အလှလေးတွေကိုဖက်ထားပြီး အလွန်အမင်းပျော်ရွှင်နေ၏။ သူ့ရဲ့ ဘယ်ဘက်မှာက ကျိလင်းဟန်၊ ညာဘက်မှာက လင်းနင်ဖြစ်ပြီး နောက်ထပ် အမျိုးသမီးတစ်ယောက်က သူ့ခြေထောက်တွေကို နှိပ်ပေးနေသည်။ သေချာကြည့်လိုက်တော့ ထိုအမျိုးသမီးမှာ လန်ယီဖြစ်နေသည်။
"ဟဲဟဲဟဲ... လန်ယီ၊ မင်းကဘယ်လိုလုပ် ဒီလောက်လိမ္မာသွားတာလဲ။ မင်းသခင်ကြီးရဲ့ ချောမောတဲ့မျက်နှာကို နောက်ဆုံးတော့အရှုံးပေးလိုက်ပြီလား။"
သူကအိပ်ပျော်ရင်း အော်ပင်ရယ်လိုက်သေးသည်။ အပြင်မှာတိုက်ခိုက်နေသောလန်ယီမှာ အိပ်ချင်မူးတူးစကားများကို ကြားလိုက်ရသည့်အခါ ဒေါသထွက်လွန်းပြီး မေ့လဲမတတ်ဖြစ်သွား၏။
ဒီကောင်က တကယ်ပဲအိပ်မက်ထဲရောက်သွားတာလား။ ပြီးတော့ သူ့အိပ်မက်ထဲမှာ ငါ့ပုံစံက တော်တော်လေးအောက်တန်းကျနေပုံပဲ။
သူမက ဒီကောင်ဟာ ကောင်းကင်ကံကြမ္မာအဆင့် ၉ ပဲ ရှိသေးတာကို မေ့သွားခဲ့သည်။ ယွီလျန်၏ နှုတ်ထွက်ကျိန်စာကို သူမအပေါ်အသုံးမပြုခဲ့ဘဲ နွယ်ပင်၊ ဓားဝင်္ကပါနှင့် မိုးကြိုးစသည့် ပြင်ပတိုက်ကွက်များကိုသာသုံးခဲ့ခြင်းမှာ ပစ်မှတ်အပေါ် တိုက်ရိုက်ထိရောက်ရန် ခက်ခဲသောကြောင့်ပင်။
သို့သော် ပစ်မှတ်က သူ့ထက်အဆင့်တစ်ဆင့်နိမ့်နေပါက အများကြီးပိုလွယ်သွားသည်။
ကျန်းချန်အိပ်ပျော်သွားသည်နှင့် မဟာဝင်္ကပါမှာ ထိန်းချုပ်မှုလွတ်သွားပြီး ရှန့်ကောင်းယဲ့၏လက်ထဲသို့ ပြန်ရောက်သွား၏။
ကျွမ်းကျင်သူနှစ်ဦး၏ ပိတ်ဆို့ထားခြင်းကြောင့် လန်ယီမှာ ကျန်းချန်ကိုသွားမကယ်နိုင်ဘဲ အိပ်ပျော်နေစဉ် အသတ်ခံရတော့မည့်သူ့ကို ကြည့်နေရုံသာတတ်နိုင်တော့သည်။ သူမ၏နှလုံးသားမှာ လုံးဝလေးလံသွားရသည်။
အားလုံး ပြီးဆုံးသွားပြီ။ မဟာဝင်္ကပါက လက်ပြောင်းသွားပြီး ရှန့်ကောင်းယဲ့က သူမကိုချက်ချင်းပြန်တိုက်ခိုက်တော့သည်။
လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုကလည်း ဝင်္ကပါကိုခုခံစရာမလိုတော့သဖြင့် သူမကို ထပ်မံဖိနှိပ်လာသည်။ အခုတော့ သူမထွက်ပြေးဖို့တောင်မဖြစ်နိုင်တော့ဘဲ အသည်းအသန်ခုခံနေရုံသာ ရှိတော့သည်။
"လှောင်အိမ်"
"သော့ခတ်"
ယွီလျန်နှင့် ဟန်ဟွာယွမ်တို့ တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။ ကျောက်စိမ်းဖြူ လှောင်အိမ်တစ်ခုက လန်ယီ၏ဦးခေါင်းထက် လေထဲမှပေါ်ထွက်လာပြီး သူမကို အတွင်း၌ပိတ်လှောင်လိုက်သည်။
ထို့အပြင် ဝိညာဉ်မြွေများကဲ့သို့ သံကြိုးများကလည်း သူမကို အဆက်မပြတ်ရစ်ပတ်ထားတော့သည်။
အကယ်၍ သူမ၏စွမ်းအားက အထွတ်အထိပ်မှာရှိနေပြီး စုန်းအတတ်ဖြင့် ပြန်လည်ခုခံမည်ဆိုလျှင် ဤလှောင်အိမ်နှင့် သံကြိုးများက သူမကိုဖမ်းချုပ်နိုင်မည်မဟုတ်။
ကံမကောင်းစွာဖြင့် ယခုအချိန်တွင် သူမသည် လေးမျက်နှာကမ္ဘာဦးဆေးမီးဖို၏ ကံကြမ္မာစွမ်းအားဖြင့် ပြင်းထန်စွာဖိနှိပ်ခံထားရ၏။
ထို့အပြင် နဂါးဝိညာဉ်မဟာအစီအရင်မှ နဂါးနက်၏အသက်ရှူထုတ်သံကလည်း ဘေးမှနေ၍ အဆက်မပြတ်နှောင့်ယှက်တိုက်ခိုက်နေသည်။ ရှုံးနိမ့်ရန် နည်းနည်းသာလိုတော့သည်။
"ဟားဟားဟား..."
ရှန့်ကောင်းယဲ့ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားတော့သည်။
"လန်ယီ... မင်းတော့ပြီးပြီ"
တိုက်ပွဲအတွင်းမှာ ဘာမှမလုပ်ဘဲနေခဲ့တဲ့ မင်းသမီးနင်ထီလည်း ထွက်လာသည်။ သူမက မြင့်မြတ်သားတော်နှစ်ပါးကို ချိုချိုသာသာတောင်းဆိုလိုက်သည်
"မြင့်မြတ်တဲ့နတ်သားနှစ်ပါးရှင်... သူမကို ကျွန်မလက်ထဲမှာ သုံးရက်လောက် ထားပေးလို့ရမလား"
"တစ်နာရီပေးမယ်"
ယွီလျန်က အေးစက်စွာပြောလိုက်သည်။
တစ်နာရီဆိုတာတောင် သူမရဲ့ အာဃာတတွေကိုဖြေဖျောက်ဖို့ လုံလောက်နေပါပြီ။
"ကျေးဇူးတင်ပါတယ် နတ်သားတို့..."
နင်ထီ အလွန်ဝမ်းသာသွားပြီး လန်ယီကိုကြည့်နေတဲ့ သူမရဲ့အကြည့်တွေက ကစားချင်တဲ့စိတ်ရော၊ ရက်စက်တဲ့စိတ်ရော ရောပြွမ်းနေသည်။
အခြားတစ်ဖက်တွင်မူ ဝိညာဉ်အခြေအနေသို့ရောက်သွားသော အစ်ကိုကြီးချန်သည် မျှော်လင့်ထားသည့်အတိုင်း စနစ်၏သတိပေးချက်ကို ကြားလိုက်ရသည်။
“ဒင်... လက်ခံသူအသတ်ခံလိုက်ရသည်။ ရန်သူ၏ခွန်အားကို အကဲဖြတ်နေပြီး ပြန်လည်ရှင်သန်ခြင်း အစီအစဉ်ကိုရေးဆွဲနေသည်။
“ဒင်... လက်ခံသူ၏ ပထမဆုံးအကြိမ် အသင်းဖော်နှင့်အတူတိုက်ခိုက်မှုမှာ အလွန်စိတ်ပျက်စရာကောင်းလှပြီး အသင်းဖော်၏တိုက်ခိုက်နိုင်စွမ်းကို ပြင်းထန်စွာလျော့ကျစေခဲ့သည်။”
ဒီစနစ်က စကားပြောတတ်ရဲ့လား...
ငါက မင်းဆီကနေ အနိုင်ရမယ့်အစီအစဉ်ကို တောင်းတာလေ၊ မင်းရဲ့လှောင်ပြောင်သံကို နားထောင်ဖို့မဟုတ်ဘူး...
ပြီးတော့ ဘာကစိတ်ပျက်စရာကောင်းလို့လဲ...
ငါ စောစောက စစ်မြေပြင်ထဲဝင်လာတဲ့အချိန်ကိုက်မှုက ဘယ်လောက်တောင် တိကျလဲ၊ အမှိုက်တွေကို တစ်ခါတည်း အကုန်ရှင်းပစ်လိုက်တာကို ဘာလို့ထည့်မပြောတာလဲ...
“လက်ခံသူ၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်ရန်နှင့် အသင်းဖော်မှ သင့်ကိုအထင်ကြီးလေးစားလာစေရန် လက်ခံသူသည် တစ်မိနစ်စာ အင်မော်တယ်အဆင့်ကျိန်စာအတတ်ကို ရရှိသည်။”
အင်မော်တယ်အဆင့်ကျိန်စာအတတ်လား... အဲဒါကဘာလဲ...
ဟိုနှစ်ယောက်သုံးနေတာထက် ပိုစွမ်းတဲ့အတတ်လား...
ဒါပေမဲ့တစ်မိနစ်ပဲဆိုတော့ မနည်းလွန်းဘူးလား...
ငါလိုချင်တာက အမြဲတမ်းပိုင်ဆိုင်ရမယ့်ဟာလေ...
အားးး...
ကံမကောင်းစွာဖြင့် စနစ်၏အစီအစဉ်က ပေးပြီးသားဖြစ်နေပြီး ပြောင်းလဲရန်မရှိတော့ပေ။
“ဒင်... လက်ခံသူ အသက်ပြန်ရှင်ပါပြီ”
အစ်ကိုကြီးချန်မှာ ကြွားလုံးထုတ်ရန် တစ်မိနစ်သာရသည့်အတွက် ကိုယ်ဖျောက်ရန်ဖြစ်စေ အဝတ်အစားအသစ်လဲရန်ဖြစ်စေ အချိန်မရှိတော့ပါ။
သူပြန်လည်ရှင်သန်လာသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူတွေအံ့ဩဖို့အချိန်မပေးဘဲ ချက်ချင်းအော်ဟစ်လိုက်သည်။
"ရပ်စမ်း"
ထိုအော်ဟစ်သံအဆုံးတွင်...
ရှန့်ကောင်းယဲ့၊ နင်ထီနှင့် မြင့်မြတ်သားတော်နှစ်ပါးစလုံးမှာ လှုပ်ရှားမှုများ ရပ်တန့်သွားကြပြီး ကျောက်ရုပ်များကဲ့သို့ဖြစ်သွားသည်။
သူတို့၏အကြည့်များပင် အေးခဲသွား၏။ လှုပ်ရှားနိုင်သည်ဆို၍ သူတို့ခန္ဓာကိုယ်အတွင်းက သွေးကြောများနှင့် နှလုံးခုန်သံသာ ရှိတော့သည်။
တစ်ပြိုင်တည်းမှာပင် လှောင်အိမ်၊ သံကြိုး၊ လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုနှင့် နဂါးဝိညာဉ်မဟာအစီအရင်တို့၏ဖိအားများကိုခုခံနေရသော လန်ယီလည်းရပ်တန့်သွား၏။
သူမသည် အလွန်လက်ရာမြောက်လှသော နတ်သမီးရုပ်ထုတစ်ခုကဲ့သို့ လုံးဝမလှုပ်မယှက် ဖြစ်နေသည်။
အံ့ဩစရာအကောင်းဆုံးမှာ နဂါးဝိညာဉ်မဟာအစီအရင်ကြီးပါ ရပ်တန့်သွားခြင်းပင်။ မိုးရေစက်များမှာ လေထဲတွင် ယီးလေးခိုနေပြီး၊ အနက်ရောင်ရေလှိုင်းများမှာလည်း ခဲသွားကာ အလင်းဖျော့ဖျော့များ တောက်ပနေဆဲဖြစ်သည်။
လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုလည်း လည်ပတ်ခြင်းမရှိတော့ဘဲ လေထဲတွင်ရပ်တန့်နေကာ ၎င်း၏ကံကြမ္မာအလင်းတန်းများမှာလည်း ရှေ့ဆက်မတိုးတော့ဘဲ ရပ်တန့်နေတော့သည်။