← Chapters

ပြင်းထန်သော ဒဏ်ရာနှင့် ကုသရန်ခက်ခဲမှု၊ ပါးနပ်သော ရှောင်ထျန်း

Vol. 14 Ch. 131

ပြင်းထန်သော ဒဏ်ရာနှင့် ကုသရန်ခက်ခဲမှု၊ ပါးနပ်သော ရှောင်ထျန်း

Vol. 14 Ch. 131

"ဒါဆို နဉ်ယန်နဲ့ ကျိအန်းတို့ရဲ့ ကံကြမ္မာက မသေချာသေးဘူး ဆိုတဲ့ သဘောပေါ့။"

ဝေ့ရှန်ဟိုင်သည် စကားပြောရင်း မျက်မှောင်ကြုတ်လိုက်လေသည်။

စောစောကမှ ဝေ့ရှင်းဟယ်သည် ဤကာလအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်ပြောပြခဲ့ခြင်း ဖြစ်သည်။

ယင်းတွင် သူ၏ဇနီးနှင့် သားကို တိတ်တဆိတ် ပို့ဆောင်ရန် ကြိုးစားမှုနှင့် ကံဆိုးစွာဖြင့် တွေ့ရှိသွားခဲ့ရပုံများ ပါဝင်လေသည်။

"ဒါပေမဲ့ သခင်မနဲ့ သခင်လေးတို့ အဆင်ပြေမှာပါ။ မဟုတ်ရင် တစ်ဖက်လူက ကျွန်တော်တို့ကို ခြိမ်းခြောက်ဖို့ သူတို့ကို အသုံးချပြီးလောက်ပြီလေ" အိမ်တော်ထိန်းဝေ့က သုံးသပ်ပြလိုက်သည်။ "သူတို့ အခု ဘယ်ရောက်နေလဲဆိုတာသာ မသေချာတာပါ။ မြို့တော်ကို ရောက်သွားပြီလား၊ ဒါမှမဟုတ် တစ်နေရာရာမှာ ပုန်းအောင်းနေလား ဆိုတာ မသိရသေးပါဘူးဗျ။"

"ဘာပဲဖြစ်ဖြစ် သူတို့တွေ ဘေးကင်းရဲ့လားကို အရင်ဆုံး အတည်ပြုဖို့ လိုတယ်" ဝေ့ရှန်ဟိုင်က ပြောလိုက်သည်။ "ရှောင်ဟိုင်...... မြို့တော်ကို စစ်ဆေးဖို့ လူစီစဉ်လိုက်။ ပြီးတော့ မြို့ပြင်ကိုလည်း ကင်းထောက်ဖို့ လူလွှတ်လိုက်ဦး။"

"ဟုတ်ကဲ့ ဘိုးဘေး...... ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်။" အိမ်တော်ထိန်းဝေ့က သဘောတူလိုက်သည်။

အမှန်တကယ်တော့ သူတို့ ဤကိစ္စကို လုပ်ဆောင်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း ထျန်းချန်းဂိုဏ်းမှ လူများက သူတို့ကို အနီးကပ် စောင့်ကြည့်နေသဖြင့် မည်သူ့ကိုမျှ အပြင်သို့ မလွှတ်ရဲခဲ့ကြပေ။

ယခု ဘိုးဘေး ပြန်လည်ရောက်ရှိလာပြီး ကျောထောက်နောက်ခံ ပေးနိုင်ပြီဖြစ်သောကြောင့် ကိစ္စရပ်များစွာကို ယုံကြည်မှုပိုရှိစွာဖြင့် ကိုင်တွယ်နိုင်ပြီ ဖြစ်လေသည်။

အိမ်တော်ထိန်းဝေ့က လူစီစဉ်ရန် ထွက်သွားပြီးနောက် ဝေ့ရှင်းဟယ်သည် ဘိုးဘေးကို ကြည့်လိုက်သည်။

"ဘိုးဘေး...... ဘိုးဘေးရဲ့ ဒဏ်ရာက ပြင်းထန်လားဗျ။ ဘယ်တော့လောက် သက်သာမယ် ထင်လဲ။"

"ငါ့ဒဏ်ရာက ကုလို့မရလောက်တော့ဘူး ထင်ပါတယ်။"

ထိုအချိန်တွင် ဝေ့ရှန်ဟိုင်၏ မျက်နှာပေါ်၌ မောပန်းနွမ်းနယ်သော အရိပ်အယောင်များ ရုတ်တရက် ပေါ်လာပြီး သူ၏အသက်ရှူသံမှာ လျင်မြန်စွာ အားနည်းသွားကာ နှစ်အနည်းငယ်မျှ အိုစာသွားသကဲ့သို့ ဖြစ်သွားပြီး ကုလားထိုင်ပေါ်သို့ လဲကျသွားလေသည်။

"ဘိုးဘေး......"

ဝေ့ရှင်းဟယ်မှာ တုန်လှုပ်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။

"မလန့်ပါနဲ့ကွာ......" ဝေ့ရှန်ဟိုင်က လက်ကာပြလိုက်ပြီး သက်ပြင်းချလိုက်သည်။ "ဝမ်ချန်းယီရဲ့ မွေးရာပါနယ်ပယ် ဓားချီစွမ်းအင်က တကယ်ကို ကြောက်စရာကောင်းတယ်။ ငါ သူ့ရဲ့ ဓားချက်တစ်ချက်ကို ခံလိုက်ရတယ်။ သူ့ဓားချက်တော်တော်များများကို ငါ ရှောင်နိုင်ခဲ့ပေမဲ့လည်း ငါ့ရဲ့ နှလုံးသွေးကြောမကြီးထဲကို သူ့ရဲ့ ဓားချီစွမ်းအင်တွေ ဝင်သွားတော့ ငါလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာပဲ။"

"ဘိုးဘေးရဲ့ အင်အားနဲ့ အဲ့ဒီဓားချီစွမ်းအင်ကို ထုတ်ပစ်လို့ မရဘူးလား။"

"တစ်ယောက်တည်း လုပ်ဖို့က ခက်တယ်" ဝေ့ရှန်ဟိုင်က ခေါင်းခါလိုက်သည်။ "ဝမ်ချန်းယီရဲ့ မွေးရာပါနယ်ပယ် ဓားချီစွမ်းအင်က အရိုးတွေကိုတောင် တိုက်စားနိုင်တဲ့ အဆိပ်လိုမျိုး အရမ်းကို ယုတ်မာပက်စက်တယ်လေ။ အဲ့ဓားချီစွမ်းအင့က ငါ့ရဲ့ နှလုံးသွေးကြောမကြီးကို ရစ်ပတ်ထားတာ။"

"အဲ့တာအပြင်ကိုမှ ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကလည်း တူနေသေးတယ်။ ငါ့ရဲ့ နှလုံးသွေးကြောမကြီးကို မထိခိုက်စေဘဲ ဓားချီစွမ်းအင်ကို ထုတ်ပစ်နိုင်မယ်လို့ ငါ့မှာ ယုံကြည်ချက်မရှိဘူး။ လောလောဆယ်တော့ မပေါက်ကွဲလာအောင် စစ်မှန်တဲ့ချီစွမ်းအင်နဲ့ ဖိနှိပ်ထားရုံပဲ တတ်နိုင်တယ်။"

ထိုစကားကို ကြားသောအခါ၌ ဝေ့ရှင်းဟယ်မှာ စိုးရိမ်ပူပန်လာတော့သည်။ "ဒါဆို တခြားနည်းလမ်း မရှိတော့ဘူးလား။"

"နောက်ထပ် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က ငါ့ကို ကူညီပြီး နူးညံ့သိမ်မွေ့တဲ့ ချီစွမ်းအင်အစစ်ကို သုံးပြီးတော့ ငါ့ရဲ့ နှလုံးသွေးကြောမကြီးကို ကာကွယ်ပေးထားရင်တော့ ရနိုင်တယ်။ အဲ့ဒါမှ သူကာကွယ်ပေးထားချိန် ငါကလည်း ဓားချီစွမ်းအင်ကို အပြည့်အဝ ထုတ်ပစ်ဖို့ အစွမ်းကုန် ကြိုးစားနိုင်မှာလေယ"

ထိုစကားကို ကြားလိုက်ရသဖြင့် ဝေ့ရှင်းဟယ်သည် မျှော်လင့်ချက် ကင်းမဲ့သွားသလို ခံစားလိုက်ရတော့၏။ဘ

မွေးရာပါနယ်ပယ် သိုင်းပညာရှင်များမှာ ရှားပါးပြီး သာမန်လူများရှေ့တွင် ပေါ်လာခဲသည်ကို ထားလိုက်ဦး။

ဤကဲ့သို့ ခေါင်ပါးသော နေရာမျိုးတွင် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို အချိန်တိုအတွင်း သူတို့ ဘယ်မှာ သွားရှာနိုင်မည်နည်း။

ထို့ပြင် ထိုကဲ့သို့သော ပညာရှင်တစ်ဦး မတော်တဆ ပေါ်လာလျှင်တောင်မှ အခြား မွေးရာပါနယ်ပယ်တစ်ခု၏ စစ်မှန်သောချီစွမ်းအင်ကို သူ့နှလုံးသွေးကြောမကြီးထဲသို့ ဝင်ရောက်ခွင့်ပြုခြင်းက အလွန် အန္တရာယ်များလှပေသည်။

လူ့စိတ်ဆိုသည်မှာ ခန့်မှန်းရ ခက်ခဲလှသည့်အရာပင်။ အကယ်၍ တစ်ဖက်လူ၌သာ မကောင်းသော ရည်ရွယ်ချက် ရှိနေပါက သူတို့သည် စိတ်ကူးတစ်ချက်ဖြင့်ပင် ဘိုးဘေး၏ နှလုံးသွေးကြောမကြီးကို ဖျက်ဆီးပစ်နိုင်လေသည်။

ထိုအချိန်ရောက်လျှင် နတ်ဘုရားတစ်ပါးပင် သူ့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။

ဝေ့ရှန်ဟိုင်သည်လည်း ဤကိစ္စ၏ ခက်ခဲမှုကို သိရှိထားသည်။

သို့သော် သူ၏စိတ်ဓာတ်မှာ ကြံ့ခိုင်ပြီး ဝေ့ရှင်းဟယ်၏ စိုးရိမ်ပူပန်နေသော မျက်နှာကို မြင်သောအခါ၌ သူက ပြန်၍ပင် နှစ်သိမ့်ပေးလိုက်၏။

"သိပ်ပြီး စိတ်ဓာတ်မကျပါနဲ့ကွာ။ အခြေအနေက နောက်ဆုံးအဆင့်ထိတော့ မရောက်သေးပါဘူး။ ငါ အသက်ရှင်နေသရွေ့တော့ ဝေ့မိသားစုကို ကာကွယ်ပေးနိုင်ပါသေးတယ်။"

"ဘိုးဘေး...... ဓားချီစွမ်းအင်ကို မထုတ်ပစ်နိုင်ရင် ဘာတွေဖြစ်လာလောက်မလဲဗျ။"

ဝေ့ရှန်ဟိုင် ခေတ္တမျှ ရပ်တန့်သွားပြီးမှ ပြောလိုက်သည်။ "ဓားချီစွမ်းအင်ကို ဆက်တိုက် ဖိနှိပ်ထားရတာက ငါ့ရဲ့ နှလုံးသွေးကြောမကြီးအပေါ် ဝန်ထုပ်ဝန်ပိုး အများကြီး ဖြစ်စေတယ်။ တစ်နှစ်လောက်ကြာရင် ငါ့ရဲ့ နှလုံးသွေးကြောမကြီး ပျက်စီးပြီး ငါလည်း သေလိမ့်မယ်။"

ဝေ့ရှင်းဟယ် တိတ်ဆိတ်သွားတော့သည်။

ဘိုးဘေး ပြန်လာလျှင် အရာအားလုံး အဆင်ပြေသွားမည်ဟု သူ ထင်မှတ်ခဲ့ပါ၏။

မမျှော်လင့်ထားသည်မှာ ဘိုးဘေး၏ ဒဏ်ရာတွင် ထိုကဲ့သို့သော လျှို့ဝှက်အန္တရာယ် ရှိနေခြင်းပင်။

သူ၏အစောပိုင်းက ပျော်ရွှင်မှုများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ခဏကြာပြီးနောက် ဝေ့ရှင်းဟယ်သည် စိတ်မကုန်သေးဘဲ ဆက်ပြောလိုက်သည်။ "ဘိုးဘေး...... ကျွန်တော်တို့သာ အဲ့ဒီရတနာကို သုံးလိုက်မယ်ဆိုရင် ဘိုးဘေးရဲ့ ဒဏ်ရာကို ကုသနိုင်မလား။"

"အရမ်း ခက်တယ်" ဝေ့ရှန်ဟိုင်က ခေါင်းခါလိုက်သည်။ "အဲ့ဒီရတနာက သာမန်ပစ္စည်း မဟုတ်ဘဲ အရမ်းကို နက်နဲဆန်းကြယ်တယ်။ အဲ့ဒီတုန်းက ငါက ငွေရောင်လမင်း သိုင်းကွက်နဲ့ လက်ရှိ ကျင့်ကြံခြင်းနည်းလမ်းကို အဲ့ဒီကနေ နားလည်သဘောပေါက်နိုင်ခဲ့လို့သာ ကံကောင်းပြီး မွေးရာပါနယ်ပယ်ကို အဆင့်တက်သွားခဲ့တာလေ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ငါ ထပ်ပြီး နားလည်သဘောပေါက်တာမျိုးတွေ မရှိတော့ဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး စုဆောင်းထားတဲ့ အခြေခံအုတ်မြစ်ကို အလဟဿ ဖြုန်းတီးရာလည်း မရောက်စေချင်ဘူး။"

သို့မဟုတ်ပါက သူ၏အဆင့်သည် မွေးရာပါနယ်ပယ် အစပိုင်းအဆင့်၏ အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ရပ်တန့်နေမည် မဟုတ်ပေ။

"ဒါပေမဲ့ အဲ့ဒါက အခွင့်အရေးတစ်ခုတော့ ဖြစ်နေတုန်းပဲ မဟုတ်လား။" ဝေ့ရှင်းဟယ်က အလျင်အမြန် ပြောလိုက်သည်။ "ဒီလို သေရေးရှင်ရေး အတွေ့အကြုံကနေတစ်ဆင့် ဘိုးဘေးက ထိုးထွင်းသိမြင်မှုအသစ်တွေ ရပြီး ပိုမြင့်တဲ့ အဆင့်ကို ရောက်သွားနိုင်ရင် ဘယ်လိုလုပ်မလဲ။"

"မင်းကတော့လေ...... ဟူးးး...... ကောင်းပြီလေ၊ ငါ ကြိုးစားကြည့်ပါ့မယ်။"

သူ၏ဇွဲနဘဲကို တွေ့ရသဖြင့် ဝေ့ရှန်ဟိုင်သည် သက်ပြင်းချကာ သဘောတူလိုက်လေသည်။

ဝေ့ရှန်ဟိုင် ပြန်ရောက်လာခြင်းကြောင့် ဝေ့မိသားစု၏ သေရေးရှင်ရေး အကျပ်အတည်းမှာ ယာယီအားဖြင့် ပြေလည်သွားသော်လည်း ခရိုင်၏ အခြားတစ်နေရာတွင် ထျန်းချန်းဂိုဏ်းနှင့် ဝေ့မိသားစုကြားမှ တိုက်ပွဲအကြောင်း ဆွေးနွေးမှုများမှာလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်။

ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက်စလုံးမှာ ခရိုင်အတွင်းရှိ အခြားအင်အားစုများထက် များစွာသာလွန်နေပြီး အင်အားစုငယ်များအနေဖြင့် သူတို့ကို လုံးဝ ရှောင်ကြဉ်သင့်သော်လည်း ဤလောကကြီးတွင် ကြောက်ရွံ့ခြင်းမရှိသော လူဟူသည် ဘယ်သောအခါမျှ ရှားပါးသည် မဟုတ်ပေ။

အင်အားစုတိုင်းတွင် လျှို့ဝှက်မွေးမြူထားသော သူလျှိုများ ရှိကြစမြဲပင်။

ထို့ကြောင့် တိုက်ပွဲ၏ အသေးစိတ်အချက်အလက်အချို့ မလွဲမသွေ ပေါက်ကြားလာခဲ့လေသည်။

အထူးသဖြင့် ရိုးရှင်းသော အဝတ်အစားနှင့်လူငယ်နှင့် မွေးရာပါနယ်ပယ်ပညာရှင်နှစ်ဦးတို့ကြားမှ ပြောစကားများကို တစ်မြို့လုံး ကြားခဲ့ကြရသည်။

ထို့ကြောင့် လျှို့ဝှက်ဆန်းကြယ်သော မွေးရာပါနယ်ပယ်နှင့် ပတ်သက်သည့် တားမြစ်ချက်တစ်ခု ရှိနေကြောင်း လူတိုင်း သိရှိသွားကြလေသည်။

"မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေအနေနဲ့ သူတို့အောက် အဆင့်နိမ့်တဲ့သူတွေကို တိုက်ခိုက်ခွင့် မရှိဘူးလို့ ဘယ်သူက တွေးမိမှာလဲ။"

"မြင့်မြတ်သောတောင်တော်ဆိုတာ ဘယ်လိုအင်အားစုမျိုးမို့လို့ အစွမ်းထက်တဲ့ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေကိုတောင် ဒီလိုကန့်သတ်ချက်တွေ ထားနိုင်ရတာလဲ။"

"ကျေးဇူးတင်စရာပဲ...... ဒီတားမြစ်ချက် ရှိနေလို့သာပေါ့။ မဟုတ်ရင် ငါတို့အားလုံး သေကုန်လောက်ပြီ။ စောစောက အရှိန်အဝါကြီးက အရမ်း ကြောက်စရာကောင်းလွန်းတယ်။"

"ဟုတ်တယ်...... ငါ့ရင်တွေ တဒုန်းဒုန်း ခုန်နေတာလေ။ အဲ့ဒီနှစ်ယောက်သာ တကယ်ချကြရင် ခရိုင်တစ်ခုလုံးရဲ့ တစ်ဝက်လောက် ပျက်စီးသွားနိုင်တယ်။"

"ပြီးတော့ ထျန်းကျီမျှော်စင်ကရော...... အဲ့ဒါက ဘယ်လို အင်အားစုမျိုးလဲ။"

......

ခရိုင်အတွင်းတွင် ထျန်းချန်းဂိုဏ်း ရှိနေသေးသဖြင့် မြို့သူမြို့သားများမှာ ပေါ်တင် မဆွေးနွေးရဲကြပေ။

သို့သော် သီးသန့်ဆွေးနွေးမှုများကိုမူ ရှောင်လွှဲ၍ မရနိုင်ချေ။

ထို့ကြောင့် ခဏကြာသောအခါ ခရိုင်တစ်ခုလုံးတွင် တိုက်ပွဲအကြောင်း ပြောဆိုသံများဖြင့် ဆူညံနေတော့သည်။

တစ်ချိန်တည်းမှာပင် လူတိုင်း စိတ်သက်သာရာ ရသွားကြလေသည်။

စောစောက မွေးရာပါနယ်ပယ် သိုင်းပညာရှင်နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

မြို့တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အသံပင် မထွက်ရဲခဲ့ကြပေ။

မည်သူမျှ ထိုနှစ်ယောက်ကို တကယ်မတိုက်ခိုက်စေချင်ကြပေ။ နောက်ဆက်တွဲ အကျိုးဆက်များမှ သူတို့ လွတ်မြောက်နိုင်မလား မသိနိုင်သောကြောင့် ဖြစ်သည်။

မွေးရာပါနယ်ပယ် သိုင်းပညာရှင်များအနေဖြင့် မြို့ထဲတွင် ပေါ့ပေါ့တန်တန် မတိုက်ခိုက်နိုင်ကြောင်း သိလိုက်ရသဖြင့် လူတိုင်း စစ်မှန်သော စိတ်သက်သာမှုကို ခံစားလိုက်ရသည်။

ဆွေးနွေးနေသော လူအုပ်ကြီးထဲတွင် လူတစ်ယောက်၏ မျက်နှာပေါ်၌ ဝမ်းသာသော အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာလေသည်။

သို့သော် သူသည် သူ၏ဝမ်းသာမှုကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီး ဂရုမစိုက်သလို ဟန်ဆောင်ကာ ဆွေးနွေးမှုထဲသို့ ဝင်ရောက်လိုက်သည်။

နောက်တစ်နေ့ နံနက်တွင် သူသည် ရုပ်ဖျက်ပြီး လူအုပ်ကြားထဲ ရောနှောကာ မြို့ထဲမှ ထွက်ခွာလာခဲ့သည်။

မြို့ပြင်သို့ ရောက်သောအခါ သူသည် လမ်းကြောင်းအကြိမ်ကြိမ် ပြောင်းလဲခဲ့ပြီး ကျေးလက်ရှိ သူ၏ယောက်ဖအိမ်တွင် တစ်ညအိပ်ကာ မည်သူမျှ နောက်ယောင်ခံ မလိုက်သည်ကို သေချာစေပြီးမှ ကျိုးလီရွာဘက်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ကျိုးလီရွာသို့ ရောက်သောအခါ သူသည် လုချင်း၏ အိမ်သို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့ပြီး လုချင်းက ခြံဝင်းထဲတွင် လက်သီးသိုင်း လေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။

"သခင်လေးလု......"

"ရှောင်ထျန်း......"

လုချင်းက မော့ကြည့်လိုက်ပြီး အံ့ဩသွားလေသည်။

မာကူး၏ ညွှန်ကြားချက်အရ ဝံပုလွေနက်ဂိုဏ်းမှ အလောင်းများကို ရှင်းလင်းပြီးနောက် ရှောင်ထျန်းနှင့် အခြားသူများမှာ ပုန်းအောင်းနေကြရမည် ဖြစ်သည်။

ဘာကြောင့် သူက ဒီကို ရောက်နေရသလဲ။

"အစ်ကိုရှောင်ထျန်း...... ဘာလို့ ဒီရောက်နေတာလဲဗျ။"

တစ်ခုခု ဖြစ်ပျက်သွားပြီလားဟု တွေးမိပြီး လုချင်း စိတ်ထင့်သွားလေသည်။

"သခင်လေးလု...... ဒီရက်ပိုင်း မြို့ထဲမှာ ကိစ္စကြီးတစ်ခု ဖြစ်ခဲ့တယ်။ အဲ့ဒါကို လာပြောပြတာပါ" ရှောင်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

တကယ်ပါလား။

လုချင်း၏ မျက်နှာထားမှာ လေးနက်သွားပြီး ပြောလိုက်၏။ "အထဲဝင်ပြီး ပြောပြပါဦး"

အိမ်ထဲတွင် ရှောင်ယန်က အိပ်ရာမထသေးဘဲ စားပွဲပေါ်တွင် လောလောလတ်လတ် ပြင်ဆင်ထားသော မနက်စာများ ရှိနေသည်။

ပူပူနွေးနွေး အစားအသောက်နံ့ကြောင့် ရှောင်ထျန်းမှာ မသိလိုက်ပါဘဲ တံတွေးမြိုချလိုက်မိသည်။

သူသည် မနက်စောစောကတည်းက ယောက်ဖအိမ်မှ အစာမစားဘဲ ထွက်လာခဲ့ပြီး အလျင်အမြန် လာခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုရှောင်ထျန်း...... မနက်စာ စားပြီးပြီလား။ ဒီမှာ တစ်ခုခု စားလိုက်ပါလား။" လုချင်းက သူ၏လှုပ်ရှားမှုကို သတိပြုမိပြီး မေးလိုက်သည်။

"မလိုပါဘူးဗျာ...... ကျွန်တော် အရင် ပြောပြပါရစေ။" ရှောင်ထျန်းက အတင်းငြင်းဆန်လိုက်သည်။

"ကောင်းပြီလေ...... ပြောပါဦး။"

ရှောင်ထျန်း မျှဝေမည့် သတင်း၏ အရေးပါမှုကို အာရုံခံမိသဖြင့် လုချင်းက ဆက်မတိုက်တွန်းတော့ပေ။

ထျန်းချန်းဂိုဏ်းနဲ့ ဝေ့မိသားစုတို့ နောက်ဆုံးတော့ ထိပ်တိုက်တွေ့ကြပြီလား။

လုချင်း တွေးတောနေစဉ် ရှောင်ထျန်းက စတင်ပြောပြလေသည်။

"တမြန်နေ့တုန်းက မြို့ထဲက သိုင်းပညာရှင်တွေက ဝေ့မိသားစုကို စစ်ကြေညာလိုက်ကြတယ်တဲ့။ သူတို့က သိုင်းပညာရှင်အများကြီးကို စုပြီး ဝေ့အိမ်တော်ကို ဝင်တိုက်ကြတာလေ......"

ရှောင်ထျန်း၏ ပထမဆုံး စကားများက လုချင်းကို တုန်လှုပ်သွားစေခဲ့သည်။

သို့သော် ရှောင်ထျန်း ဆက်ပြောပြသည်နှင့်အမျှ သူ၏မျက်နှာထားမှာ တဖြည်းဖြည်း အံ့ဩမှုသို့ ပြောင်းလဲသွားတော့သည်။

"နောက်ဆုံးကျတော့ မွေးရာပါနယ်ပယ်နှစ်ယောက်က မတိုက်ဖြစ်ကြတော့ ကျွန်တော်တို့လည ဘေးအန္တရာယ်ကနေ လွတ်သွားတယ်ပြောရမှာပေါ့။ ကျွန်တော်လည်း အချိန်အခါကြည့်ပြီး အခွင့်ရတာနဲ့ ဒီသတင်းကို လာပြောဖို့ မြို့ထဲကနေ ထွက်လာခဲ့တာလေ။"

ရှောင်ထျန်း၏ ပြောပြချက်ကို ကြားပြီးနောက် လုချင်း တိတ်ဆိတ်သွားတော့၏။

ရှောင်ထျန်း၏ စကားများတွင် သတင်းအချက်အလက်များစွာ ပါဝင်နေပြီး ယင်းတို့ကို စီစစ်ရန် သူ အချိန်လိုလေသည်။

သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရှောင်ထျန်းကလည်း အနှောင့်အယှက်မပေးဘဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။

သခင်လေးလုသည် သာမန်လူမဟုတ်ကြောင်း၊ သူ့ထက် များစွာ ဗဟုသုတကြွယ်ဝကြောင်း သူ သိထားသည်။

သူ များများစားစား ပြောစရာမလိုဘဲ သခင်လေးလု စဉ်းစားတွေးခေါ်သည်ကို စောင့်ဆိုင်းရုံသာ ရှိသည်။

သို့သော် သူ စောင့်ဆိုင်းနေစဉ် အစားအသောက်နံ့ကြောင့် ရှောင်ထျန်း၏ ဗိုက်ဆာမှုမှာ ပို၍ပင်ပြင်းထန်လာခဲ့တော့၏။

နောက်ဆုံးတွင်တော့ သူ၏ဗိုက်ထဲမှ အသံများမှာ ထိန်းချုပ်မရဘဲ မြည်ဟည်းလာတော့သည်။

ထိုအသံက လုချင်းကို သူ၏အတွေးများထဲမှ ဆွဲထုတ်လိုက်၏။

သူသည် ရှက်ရွံ့နေသော ရှောင်ထျန်းကို ကြည့်ကာ ပြုံးလိုက်ပြီး "အစ်ကိုရှောင်ထျန်း...... အားမနာပါနဲ့ဗျာ။ တစ်ခုခု အရင် စားလိုက်ပါဦး"

"ဟုတ်ကဲ့ သခင်လေး။"

ဒီတစ်ကြိမ်တွင်မူ ရှောင်ထျန်းသည် မငြင်းတော့ဘဲ ပေါက်စီတစ်လုံးကို စတင်စားသောက်လိုက်သည်။

ပေါက်စီနှစ်လုံးနှင့် ဆန်ပြုတ်တစ်ပန်းကန် ကုန်သွားပြီးနောက် လုချင်းက မေးလိုက်သည်။

"အစ်ကိုရှောင်ထျန်း...... မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေက သူတို့ထက် အဆင့်နိမ့်တဲ့သူတွေကို ပေါ့ပေါ့တန်တန် မတိုက်ခိုက်ရဘူးဆိုတာနဲ့ မြို့ထဲမှာ မတိုက်ခိုက်ရဘူး ဆိုတာ သေချာလားဗျ။"

"သေချာတယ်" ရှောင်ထျန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "မွေးရာပါနယ်ပယ် သိုင်းပညာရှင်နှစ်ယောက် မတိုက်ခင် ဝေ့အိမ်တော်ထဲကို ဝင်လာတဲ့ ထျန်းကျီမျှော်စင်က သခင်လေးက မြင့်မြတ်သောတောင်တော်ရဲ့ တားမြစ်ချက်ကို ပြောပြသွားတာလေ ၊ အဲ့တာကို တစ်မြို့လုံးလည်း ကြားလိုက်ကြတယ်။"

"ပြီးတော့ မွေးရာပါနယ်ပယ် သိုင်းပညာရှင်နှစ်ယောက်က တကယ်လည်း မတိုက်ဖြစ်ခဲ့ကြဘူးလေ။ တခြားဒေသက မွေးရာပါနယ်ပယ် သိုင်းပညာရှင်ကတော့ ဒေါသတကြီးနဲ့ ထွက်သွားလေရဲ့"

လုချင်းသည် စားပွဲကို လက်ချောင်းများဖြင့် ဖြည်းညှင်းစွာ ခေါက်လိုက်သည်။

မွေးရာပါနယ်ပယ် သိုင်းပညာရှင်များအတွက် ထိုကဲ့သို့သော တားမြစ်ချက်မျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မြင့်မြတ်သောတောင်တော်ဆိုတာ ဘယ်လိုနေရာမျိုးလဲ။

မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေအပေါ် ဒီလိုကန့်သတ်ချက်တွေ ထားနိုင်ရုံမကဘဲ သူတို့ကို ပေါ်တင် အာခံခြင်းမပြုရဲအောင် လုပ်ဆောင်နိုင်စွမ်း ရှိတယ်ဆိုတော့လေ။

ဒီလောက်တောင် ဟန့်တားနိုင်စွမ်း ရှိနေတယ်ဆိုတော့ ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အင်အားမျိုး ရှိနေလို့လဲ။

ဤကမ္ဘာကြီး၌ သာမန်လူတွေ မသိနိုင်သည့် လျှို့ဝှက်ချက်များနှင့် ကြောက်စရာကောင်းသော အင်အားစုတွေ အများကြီး ရှိနေပုံရပါ၏။

မွေးရာပါနယ်ပယ် သိုင်းပညာရှင် ဖြစ်လာတာတောင်မှ လွတ်လွတ်လပ်လပ်နေနိုင်ဖို့ အာမခံချက်မရှိဘူးလေ။

သို့ပေမဲ့ ထိုတားမြစ်ချက်က လောလောဆယ်တော့ လုချင်းအတွက် သတင်းကောင်းတစ်ခုပင်။

အနည်းဆုံးတော့ ဝမ်ချန်းယီကို ရင်ဆိုင်ရသည့်အခါ၌ ယုံကြည်မှု ပိုရှိစေပါ၏။

ဒါပေမဲ့ ၎င်းက လုချင်းအနေဖြင့် ဝမ်ချန်းယီကို မကြောက်တော့ဘူးဟုတော့ ဆိုလိုတာ မဟုတ်ပါချေ။

အခြေအနေဆိုးလာရင် ခွေးတောင်မှ နံရံကို ကျော်တက်နိုင်သေးတာပဲ။ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေဆိုတာ ရွှံ့ရုပ်တွေမှ မဟုတ်တာ။ အဲ့ဒီအဆင့်ထိတောင် ရောက်လာကြတဲ့သူတွေဆိုတော့ သူတို့အားလုံးက မာနတစ်ခွဲသားနဲ့ ချုပ်ချယ်တာမျိုးခံချင်ကြမှာမဟုတ်ဘူးလေ။

တကယ်လို့သာ သူတို့ကို ရန်စမိပြီး သတ်ဖြတ်လိုစိတ်တွေ ပြင်းထန်လာရင်တော့ ဘယ်လိုတားမြစ်ချက်မဆို သူတို့အတွက် အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ဘူးလေ။

တစ်ယောက်ယောက်ကသာ တကယ် သတ်ချင်လာလျှင် ၎င်းအတွက် စိတ်ကူးတစ်ချက်ပဲ လိုပါ၏။

မြင့်မြတ်သောတောင်တော်က သေလူကို ပြန်ရှင်အောင် လုပ်ပေးနိုင်မှာမို့လို့လား။

ထို့ကြောင့် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေအပေါ် သင့်လျော်သည့် လေးစားမှု ရှိဖို့တော့ လိုအပ်နေဆဲပင်။

"သခင်လေးလု...... အခု ဝေ့မိသားစုရဲ့ ဘိုးဘေးလည်း ပြန်ရောက်လာပြီ၊ သူတို့ရဲ့ အကျပ်အတည်းလည်း ပြေလည်သွားပြီဆိုတော့ ဆရာမာက ဘယ်တော့ ပြန်လာလို့ ရမှာလဲဗျ။"

ရှောင်ထျန်းက ထိုးထွင်းသိမြင်တတ်သူ တစ်ဦးဖြစ်သည်။

သူသည် ဈေးကြီး၌ ဝေ့သခင်မနှင့် သခင်လေးတို့ကို ကိုယ်တိုင် မတွေ့ခဲ့ရသော်လည်း သဲလွန်စများနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များမှတစ်ဆင့် အချို့အရာများကို တွေးတောမိလိုက်သည်။

သူ့ဆရာ ပျောက်ဆုံးနေခြင်းက ဝေ့မိသားစု၏ သခင်မနှင့် သခင်လေးတို့နှင့် သက်ဆိုင်နိုင်ကြောင်း သူ သိရှိထားသည်။

"မလောပါနဲ့ဦး။ ခင်ဗျားပဲ ပြောခဲ့တယ်မလား...... လျှို့ဝှက်ဆန်းကြယ်တဲ့ မွေးရာပါနယ်ပယ် သိုင်းပညာရှင်က သတိပေးပြီး ထွက်သွားတယ်ဆို။ မြို့ထဲက အခြေအနေက တင်းမာနေတုန်းပဲလေ။ ဒီလိုအခြေအနေမျိုးမှာ ဆရာမာ ပေါ်မလာသင့်သေးဘူး။ သူ အခု ရှိနေတဲ့နေရာကပဲ ဘေးကင်းပါတယ်။" လုချင်းက ပြောလိုက်သည်။

ရှောင်ထျန်းလည်း ထပ်တူ တွေးတောမိသဖြင့် ဆက်မမေးတော့ပေ။

ဆရာမာ ဘေးကင်းကြောင်း သိရရုံနှင့် သူ့အတွက် လုံလောက်လေသည်။

အစားအသောက် စားသောက်ပြီးနောက် ရှောင်ထျန်းလည်း ပြန်သွားတော့၏။

သူသည် သတင်းအချက်အလက် ပိုရရန် မြို့ထဲသို့ ပြန်သွားချင်နေရာ လုချင်းကလည်း သူ့ကို မတားဆီးတော့ဘဲ ဂရုစိုက်ရန်သာ မှာကြားလိုက်သည်။

ရှောင်ထျန်း ထွက်သွားပြီးနောက် လုချင်းသည် ရှောင်ယန်ကို နှိုးကာ မျက်နှာသစ်ပေးပြီး သူမနှင့် ရှောင်လီကို ခေါ်ကာ ဆရာ့အိမ်သို့ ထွက်လာခဲ့လိုက်တော့၏။

ရှောင်ထျန်း ယူလာသော သတင်းမှာ အလွန် အရေးကြီးသည်။

အထူးသဖြင့် မွေးရာပါနယ်ပယ် သိုင်းပညာရှင်များအပေါ် တားမြစ်ချက်နှင့် ပတ်သက်၍ သူ၏ဆရာကို အသိပေးရမည်ပင်။

အိမ်တွင်တော့ သူ၏ဆရာသည် ဆေးဖက်ဝင်အပင်များကို အခြောက်ခံနေလေ၏။

ထိုစဥ် လုချင်းသည် ရှောင်ထျန်း ယူလာသော သတင်းအကြောင်း ဆရာ့ကို ပြောပြလိုက်သည်။

ထို့နောက် သူက မေးလိုက်သည်။ "ဆရာ...... ဆရာက ခရီးတွေ အများကြီး သွားဖူးတယ်ဆိုတော့ ဒီတားမြစ်ချက်အကြောင်း ကြားဖူးလားဗျ၊ ဒါမှမဟုတ် မြင့်မြတ်သောတောင်တော်နဲ့ ထျန်းကျီမျှော်စင် ဆိုတာ ဘာတွေလဲဆိုတာကော သိလားဟင်။"

သမားတော်ကြီးသည် လုချင်း၏ ပြောပြချက်ကို ကြားပြီးနောက် အံ့ဩသွားလေသည်။

သူက ခေါင်းခါရင်း ပြောလိုက်သည်။ "ငါ အဲ့ဒီနာမည်တွေကို ကြားလည်း မကြားဖူးသလို ဒီတားမြစ်ချက်အကြောင်းလည်း မသိဘူးကွ။"

All Chapters