မမျှော်လင့်ထားသော ဧည့်သည်နှင့် ထူးခြားသော ရတနာ
Vol. 14 Ch. 132
ဆရာဖြစ်သူက ဤလျှို့ဝှက်ဆန်းကြယ်သော အင်အားစုနှစ်ခုအကြောင်း မကြားဖူးကြောင်း ပြောသည်ကို ကြားလိုက်ရသော်လည်း လုချင်း မအံ့ဩမိပေ။
သူ့ဆရာသည် တစ်ချိန်က ကိုယ်တွင်းအင်္ဂါအဆင့်ရှိ အဆင့်မြင့် သိုင်းပညာများကို ပိုင်ဆိုင်ခဲ့သော်လည်း အဘိုးအိုသည် သူ့ကိုယ်သူ သိုင်းပညာရှင်တစ်ဦးထက် သမားတော်တစ်ဦးအဖြစ်သာ အမြဲ ခံယူထားခဲ့သည်။ သူ၏အစောပိုင်းဘဝကို ကျေးလက်ဒေသများတွင်သာ ကုန်ဆုံးခဲ့ပြီး လူမမာများကို ကုသပေးခဲ့ကာ အသက်များကို ကယ်တင်ပေးခဲ့ပြီး သိုင်းပညာပဋိပက္ခများကို စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဤထိပ်တန်းအင်အားစုများအကြောင်း သူ မသိရှိခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။
သို့သော် ပြင်ပတွင် မွေးရာပါနယ်ပယ်နှင့် ပတ်သက်၍ ထိုကဲ့သို့သော တားမြစ်ချက်မျိုး ရှိနေပြီး သူ၏ဆရာမှာလည်း ယခုအခါ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ ဤကိစ္စကို လျစ်လျူရှုထား၍ မရနိုင်ပေ။
လုချင်းက သူ၏အတွေးများကို ထုတ်ဖော်ပြောကြားသော်လည်း သမားတော်ကြီးမှာမူ စိုးရိမ်ပူပန်ခြင်း မရှိပေ။
"ငါ့မှာ ပဋိပက္ခဖြစ်လိုစိတ် မရှိပါဘူး။ တားမြစ်ချက် ရှိတယ်ဆိုတာ ငါ့အတွက်တော့ ကောင်းတာပေါ့ကွာ...... ငြိမ်းချမ်းရေး ပိုရတာပေါ့။"
လုချင်းလည်း သဘောတူလိုက်သည်။ သူ့ဆရာသည် အမြဲတမ်းလိုလို ကြင်နာပြီး နူးညံ့သိမ်မွေ့သူ ဖြစ်သည်။ လူနာများ ရိုင်းစိုင်းစွာ ပြုမူလျှင်ပင် သူက တည်ငြိမ်စွာ နှစ်သိမ့်ပေးလေ့ရှိပြီး ဒေါသထွက်ခဲလေ၏။ သူ့အတွက် အင်အားသုံးရန်ဆိုသည်မှာ တစ်စုံတစ်ဦးကို မကူညီဘဲ သေခွင့်ပေးလိုက်ရသကဲ့သို့ ခက်ခဲသောကိစ္စ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ဤတားမြစ်ချက်သည် အခြား မွေးရာပါနယ်ပယ် သိုင်းပညာရှင်များအတွက် ကန့်သတ်ချက် ဖြစ်နိုင်သော်လည်း သူ့ဆရာအတွက်မူ ထူးခြားမှု ရှိမည်မဟုတ်ပေ။
ထိုအတွေးဖြင့် လုချင်းလည်း စိတ်မပူတော့ပေ။
"ဆရာ...... ကျွန်တော့်မှာ မေးစရာတစ်ခု ရှိသေးတယ်။ ဝေ့မိသားစုရဲ့ မွေးရာပါနယ်ပယ် ဘိုးဘေးလည်း ပြန်ရောက်လာပြီဆိုတော့ ဝေ့သခင်မနဲ့ သူ့သားကို ခရိုင်မြို့ဆီ ပြန်ပို့ပေးသင့်ပြီလားဗျ။"
ဝေ့သခင်မနှင့် သူမ၏သားကို ဝေးလံခေါင်ဖျားသော တောင်ပေါ်သို့ ရွှေ့ပြောင်းထားကြောင်းကို လုချင်းသည် သူ့ဆရာအား ဖုံးကွယ်မထားပေ။
သမားတော်ကြီးက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "စောင့်ကြည့်ကြတာပေါ့။ ခရိုင်မြို့ထဲက အခြေအနေက ခုထိ ရေရေရာရာနဲ့ ရှင်းရှင်းလင်းလင်းမဖြစ်သေးတော့ ဝင်မပါတာကပဲ ပိုကောင်းလိမ့်မယ်။"
"ကျွန်တော်လည်း အဲ့လိုပဲ ထင်ပါတယ်။ သူတို့ လောလောဆယ် ဘေးကင်းနေတော့ အလျင်လိုစရာ မရှိပါဘူး။"
ရှောင်ထျန်း၏ ပြောစကားအရ ဝမ်ချန်းယီသည် ခရိုင်မြို့ရှိ ဝေ့မိသားစု၏ ရတနာများကို မျက်စိကျနေဆဲ ဖြစ်သည်။ အကယ်၍ ဝေ့သခင်မနှင့် သူမ၏သားသာ ယခု ပြန်သွားပါက ဝမ်ချန်းယီ၏ လက်ထဲသို့ ကျရောက်သွားနိုင်ပြီး အကူအညီ ဖြစ်မလာဘဲ ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်လာနိုင်သည်။
သို့သော် သူတို့ကို ဤအခြေအနေပြောင်းလဲမှုအကြောင်း အသိပေးရန်တော့ လိုအပ်ပါသေး၏။
မနက်ခင်း၏အချိန်တစ်ဝက်ခန့်ကို ဆရာနှင့်အတူ စာသင်ကြားခြင်းဖြင့် ကုန်ဆုံးစေပြီးနောက် လုချင်းသည် ရှောင်လီကို ခေါ်ကာ တောင်ပေါ်သို့ ဦးတည်လိုက်ရင်း ထွက်ခွာလာခဲ့သည်။
ရှောင်ယန်အတွက်မူ သူမသည် စာလုံးများကို ပို၍သင်ယူနေပြီဖြစ်ပြီး ရိုးရှင်းသော စာကြောင်းအချို့ကို ဖတ်တတ်နေပြီဖြစ်သည်။ လုချင်း တောင်ပေါ်သို့ မကြာခဏ သွားရောက်ရန် လိုအပ်ကြောင်း သိရှိထားသဖြင့် သမားတော်ကြီးက သူမကို သင်ကြားပေးရန် တာဝန်ယူပေးခဲ့သည်။
ရှောင်လီကို ပွေ့ချီလျက် လုချင်းသည် မာကူးနှင့် အခြားသူများ ပုန်းအောင်းနေသော ဂူသို့ ရောက်ရှိလာခဲ့ရာ ဝေ့ကျိအန်းတစ်ယောက် တုတ်သိုင်းလေ့ကျင့်နေသည်ကို သူ တွေ့လိုက်ရ၏။ ခဏမျှ စောင့်ကြည့်ပြီးနောက် ဝေ့ကျိအန်း၏ တိုးတက်မှုအပေါ် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
မာကူး ပြောခဲ့သည့်အတိုင်းပင် ဝေ့ကျိအန်းသည် သိုင်းပညာတွင် ပါရမီအနည်းငယ် ရှိလေသည်။ လုချင်းသည် သူ့ကို ရိုးရှင်းသော တုတ်သိုင်းတစ်မျိုး သင်ပေးခဲ့ပြီး ဝေ့ကျိအန်းကလည်း ဇွဲရှိရှိ လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။
"ကောင်းတယ်...... မဆိုးဘူး"
ဝေ့ကျိအန်း တုတ်သိုင်းကွက်တစ်ခု ပြီးဆုံးသွားသောအခါ လုချင်းက ချီးကျူးလိုက်သည်။
"သမားတော်လု...... ရောက်လာပြီလား။"
ဝေ့ကျိအန်း လှည့်ကြည့်လိုက်ပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။
ဂူ၏ အခြားတစ်နေရာတွင် အနားယူနေသော ဝေ့သခင်မသည်လည်း လှုပ်ရှားသံကြားသဖြင့် ထွက်လာခဲ့သည်။
"သခင်လေးလု...... ဒီတစ်ခါ ဘာလို့ ဒီလောက်မြန်မြန် ရောက်လာတာလဲရှင့်။" သူမက အံ့ဩစွာ မေးလိုက်သည်။
လုချင်းသည် သာမန်အားဖြင့် သုံးလေးရက်လျှင် တစ်ကြိမ်သာ လာရောက်လေ့ရှိသော်လည်း ပြီးခဲ့သည့် ခရီးစဉ်နှင့် ယခု ခရီးစဉ်မှာ တစ်ရက်သာ ကွာခြားလေသည်။
"ကျွန်တော့်မှာ ဆွေးနွေးစရာကိစ္စ ရှိလို့ပါ။ ဆရာမာရော ဘယ်ရောက်နေလဲဗျ။" လုချင်းက မေးလိုက်သည်။
"သူက ဟင်းစားကောင်းကောင်းလေး ရမလားဆိုပြီး အပြင်ထွက် ရှာကြည့်နေတာလေ။" ဝေ့သခင်မက ပြန်ဖြေသည်။
လုချင်းက ခေါင်းညိတ်လိုက်ပြီး စကားဆက်မပြောတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ လျှို့ဝှက်ဆန်းကြယ်သော အင်အားစုများက တောင်ပေါ်သို့ ထပ်မံ ရှာဖွေနိုင်ဖွယ် မရှိကြောင်း လူတိုင်း သဘောပေါက်လာကြသဖြင့် မာကူးနှင့် အခြားသူများမှာ သိပ်ပြီး တင်းမာမနေကြတော့ဘဲ ဂူအပြင်ဘက်သို့ စတင်သွားလာနေကြပြီ ဖြစ်သည်။
မကြာမီမှာပင် မာကူးသည် တောယုန်နှစ်ကောင်နှင့်အတူ ပြန်ရောက်လာပြီး လုချင်းကို မြင်သောအခါ အံ့ဩသွားသော်လည်း ဝမ်းသာသွားခဲ့သည်။ သို့သော် မကောင်းသောကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့မည်ကို သူ စိုးရိမ်နေမိလေ၏။
"လူစုံပြီဆိုတော့ ကျွန်တော် သတင်းတစ်ခုလောက် ပြောပြချင်ပါတယ်။"
ထိုစကားကို ကြားသောအခါ မာကူးနှင့် ဝေ့သခင်မတို့ စိတ်မသက်မသာ ဖြစ်သွားကြတော့၏။
"သတင်းကောင်းဖြစ်နေသရွေ့တော့ ကျွန်မတို့ အဆင်ပြေပါတယ်။" ဝေ့သခင်မက သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားရင်း ပြောလိုက်သည်။
"ဆရာမာရဲ့ တပည့် ရှောင်ထျန်းက ဒီမနက် လာပြောပြတယ်။ ဝေ့မိသားစုရဲ့ မွေးရာပါနယ်ပယ် ဘိုးဘေးက ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီတဲ့။" လုချင်းက ရှင်းပြလိုက်သည်။
ထိုအခါ၌ ဝေ့သခင်မနှင့် ဝေ့ကျိအန်းတို့၏ မျက်လုံးများမှာ ဝမ်းသာမှုကြောင့် ပြူးကျယ်သွားကြလေသည်။
"သခင်မကြီးတို့ မိသားစုရဲ့ အကျပ်အတည်းက အခု ပြေလည်သွားပါပြီ။ စိတ်ချလို့ ရပါပြီ။" လုချင်းက ဆက်ပြောသည်။
"အမေ...... သားတို့ အိမ်ပြန်လို့ ရပြီလားဟင်။" ဝေ့ကျိအန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"မရသေးဘူး......" ဝေ့သခင်မက စိတ်လှုပ်ရှားနေသော်လည်း တည်ငြိမ်စွာ ပြောလိုက်သည်။
"အဲ့ဒီ လူယုတ်မာတွေက ငါတို့ရဲ့ ရတနာတွေကို လက်လျှော့ကြသေးတာ မဟုတ်ဘူး။ အခု ပြန်သွားရင် အရမ်း အန္တရာယ်များလွန်းတယ်။" သူမက ပြောလိုက်သည်။
"ဟုတ်တယ်......" သတင်းကောင်း ကြားရသော်လည်း သူမ၏ ရှင်းလင်းပြတ်သားသော ခေါင်းအေးအေးထားနိုင်မှုကို လေးစားမိသဖြင့် လုချင်းလည်း သူမစကားကို သဘောတူလိုက်သည်။
"အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတွေက အလွယ်တကူ ထွက်သွားကြမှာ မဟုတ်ဘူး။ သခင်မတို့သာ အခု ပြန်သွားရင် ထောင်ချောက်ထဲကို တန်းဝင်သွားသလို ဖြစ်ပြီး မိသားစုကို ဒုက္ခပေးသလို ဖြစ်လိမ့်မယ်။" သူက ပြောလိုက်သည်။
"ဒါဆို သားတို့ ဘာလုပ်သင့်လဲ။" ယခုအခါ ပို၍ရင့်ကျက်လာပြီး အခြေအနေ၏ ရှုပ်ထွေးမှုကို နားလည်လာသော ဝေ့ကျိအန်းက မေးလိုက်သည်။
"စောင့်ရမယ်......" ဝေ့သခင်မက ပြတ်သားစွာ ပြောလိုက်သည်။ "အိမ်တော်က ဘေးကင်းနေပြီဆိုတော့ ငါတို့ကလည်း ဒီမှာ ဘေးကင်းအောင် နေသင့်တယ်။ အဲ့ဒီလူတွေ ထွက်သွားတဲ့အခါကျမှ ငါတို့ အိမ်ပြန်ကြမယ်။ သားက ဒီအချိန်ကို အသုံးချပြီး တုတ်သိုင်းကို ကျွမ်းကျင်အောင် လေ့ကျင့်ထား။ ပြန်ရောက်ရင် မင်းအဖေ သဘောကျသွားအောင်ပေါ့။" သူမက အားပေးလိုက်သည်။
ထိုအခါ၌ ဝေ့ကျိအန်းသည် သူ၏သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။ "သား ကြိုးကြိုးစားစား လေ့ကျင့်ပါ့မယ် အမေ"
ဤ စိတ်အားထက်သန်မှုကို မြင်သောအခါ လုချင်းနှင့် မာကူးတို့မှာလည်း သဘောကျသွားကြလေသည်။
လုချင်းသည် ဝေ့သခင်မနှင့် သူမ၏သားကို နောက်ပိုင်းမှ ပြန်ပို့ပေးရန် စီစဉ်ထားသော်လည်း မမျှော်လင့်ထားသော ဧည့်သည်တစ်ဦးကြောင့် သူ၏အစီအစဉ်များ ပျက်ပြားသွားခဲ့ရသည်။
နောက်တစ်နေ့ နံနက်တွင် လုချင်း၊ ရှောင်ယန်နှင့် ရှောင်လီတို့ ဆရာ့အိမ်သို့ ရောက်ရှိလာကြသည်။ ရှောင်ယန် စာလေ့လာနေစဉ် လုချင်းက ဆေးဖက်ဝင်အပင်များနှင့်ပတ်သက်သည့်ကိစ္စကို ကူညီပေးနေခဲ့သည်။
ထိုစဥ် ရုတ်တရက် အပြင်ဘက်မှ နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အိမ်မှာ လူရှိလားဗျို့။"
"ဆေးကုချင်ရင် ဝင်ခဲ့ပါဗျ။" ရွာသားတစ်ဦးဟု ထင်မှတ်ပြီး လုချင်းက ပြန်ပြောလိုက်သည်။
သို့သော် ဧည့်သည်၏ ပထမဆုံး ဝင်ပြောလိုက်သော စကားမှာ အံ့ဩစရာ ကောင်းလှပေသည်။
"ဝိညာဉ်မြူငွေ့တွေနဲ့ ပြုစုပျိုးထောင်ထားတဲ့ မက်မွန်ပန်းတွေက လက်ဖက်ရည်လုပ်သောက်ရင် သိပ်ကောင်းမှာပဲနော်။ ကျွန်တော် တစ်ခွက်လောက် သောက်လို့ ရမလားဗျာ။" ဧည့်သည်က မေးလိုက်သည်။
လုချင်း မော့ကြည့်လိုက်ပြီး တံခါးဝတွင် ရပ်နေသော ရိုးရှင်းသည့်အဝတ်အစားနှင့် လူငယ်တစ်ဦးကို တွေ့လိုက်ရသဖြင့် လန့်သွားလေသည်။
လုချင်း၏ တုံ့ပြန်မှုကို မြင်သောအခါ၌ ထိုလူက ဆက်ပြောသည်။ "ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ကြွက်သားနဲ့အရိုးအဆင့်တောင် ရောက်နေပြီပဲ။ ဒီလိုဆိုမှတော့ မွေးရာပါနယ်ပယ် မဟာသခင်ကြီးတစ်ပါးရဲ့ တပည့်ဖြစ်ရတာ အံ့ဩစရာတော့ မဟုတ်တော့ပါဘူးလေ။"
"ခင်ဗျားက ဘယ်သူလဲ။" လုချင်း မေးလိုက်သည်။ သူ၏နတ်မျက်စိအစွမ်းကို အသုံးမပြုဘဲနှင့်တော့ ထိုလူ၏ သိုင်းအဆင့်ကို အကဲခတ်၍ မရနိုင်ပေ။ ဧည့်သည်မှာ သာမန်ပုံပေါက်သော်လည်း လျှို့ဝှက်နက်နဲမှုများ ရှိနေလေ၏။
သူ၏နတ်မျက်စိအစွမ်းကို အသက်သွင်းလိုက်သောအခါ လုချင်းသည် ထိုလူ၏ပတ်လည်တွင် ရွှေရောင်အနည်းငယ်သမ်းသော ပြင်းထန်သည့် အနီရောင်အရှိန်အဝါကို တွေ့လိုက်ရတော့၏။
[လင်းကျိယွဲ့ - ထျန်းကျီမျှော်စင်၏ စစ်မှန်သောတပည့်၊ တည်ငြိမ်ပြီး ဉာဏ်ကောင်းသည်။]
[ကျင့်ကြံမှု - ကိုယ်တွင်းအင်္ဂါအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်။]
[သူ၏အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သည့် ထူးခြားသော ရတနာတစ်ခုကို ပိုင်ဆိုင်ထားသည်။]
[လျှို့ဝှက်နည်းစနစ် အများအပြားကို ကျွမ်းကျင်ပြီး မွေးရာပါနယ်ပယ် သိုင်းပညာရှင်များကို ခုခံနိုင်သည်။]
သူပဲ။
ထိုလူက ဝမ်ချန်းယီနှင့် ဝေ့မိသားစု၏ မွေးရာပါနယ်ပယ် ဘိုးဘေးကြားမှ တိုက်ပွဲကို တားဆီးခဲ့သော လူငယ်ပင်။
အစွမ်းထက်ရုံသာမက ထူးကဲသော အရည်အချင်းများကိုလည်း ပိုင်ဆိုင်ထားသေးသည်။
"ကျွန်တော်က ထျန်းကျီမျှော်စင်ရဲ့ တပည့် ကျိယွဲ့ပါ။ အခုမှ မွေးရာပါနယ်ပယ်ကို တက်လှမ်းထားတဲ့ အကြီးအကဲ သမားတော် ချန်စုန့်ချင်ကို လာပြီး ဂါရဝပြုတာပါဗိ။"
သူ့ဆရာ၏ နာမည်နှင့် မွေးရာပါနယ်ပယ်သို့ တက်လှမ်းထားသည်ကို သိရှိနေသဖြင့် လုချင်းသည် ထျန်းကျီမျှော်စင်၏ အင်အားကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။
"ကျွန်တော် ဆရာ့ကို သွားပြောလိုက်ပါ့မယ်။" လုချင်းက တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
သမားတော်ကြီးသည် ဆူညံသံကို ကြားပြီး "မင်းပြောတဲ့ လူငယ်လေးလား" ဟု မေးလိုက်သည်။
"ဟုတ်တယ် ဆရာ...... သူက ဆရာ မွေးရာပါနယ်ပယ်ကို ရောက်သွားတာကိုပါ သိနေတယ်ဗျ။"
သမားတော်ကြီးသည် ဇဝေဇဝါ ဖြစ်သွားသော်လည်း တည်ငြိမ်စွာဖြင့် သူ့ကို တွေ့ဆုံရန် ဆုံးဖြတ်လိုက်တော့၏။
ရှောင်ယန်ကို အထဲတွင် ထားခဲ့ပြီး သမားတော်ကြီးနှင့် လုချင်းတို့ပဲ ထွက်လာခဲ့ကြသည်။
ထိုအခိုက်၌ မက်မွန်ပန်းများကို ကြည့်ရှုခံစားနေသော လူငယ်သည် သူတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ထျန်းကျီမျှော်စင်က ဝမ်ပေ့ ကျိယွဲ့...... ချန်ချန်ပေ့ကို ဂါရဝပြုပါတယ်ဗျ။" သူက လေးစားစွာ ပြောလိုက်သည်။
"ယဉ်ကျေးနေစရာ မလိုပါဘူး...... ထိုင်ပါဦး။" သမားတော်ကြီးက ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ချန်ပေ့။" ကျိယွဲ့က သမားတော်ကြီးကို ဦးစွာ ထိုင်ခိုင်းလိုက်သည်။
လုချင်းကတော့ တပည့်တစ်ဦးအနေဖြင့် ဘေးတွင် ရပ်နေလိုက်သည်။
"ဘာကိစ္စ ရှိလို့လဲ။" သမားတော်ကြီးက တဲ့တိုးပင် မေးလိုက်သည်။
"အရင်ဆုံး မက်မွန်ပန်း လက်ဖက်ရည်တစ်ခွက်လောက် သောက်လို့ ရမလား။" ကျိယွဲ့က သူ၏ရည်ရွယ်ချက်ကို ချက်ချင်း ထုတ်မပြောဘဲ မေးလိုက်သည်။
"ရတာပေါ့...... အားချင်း၊ လက်ဖက်ရည် ပြင်လိုက်ဦး။" သမားတော်ကြီးက ညွှန်ကြားလိုက်သည်။
ထို့နောက် လုချင်းသည် လက်ဖက်ရည်အစုံနှင့် မက်မွန်ပန်းခြောက်များကို ယူလာခဲ့ကာ ရေနွေးဆူလာသည်နှင့် ထူးခြားသော ရနံ့တစ်ခုက လေထဲတွင် ပျံ့နှံ့သွားလေသည်။
ဤမက်မွန်ပင်သည် သမားတော်ကြီး မွေးရာပါနယ်ပယ်သို့ အဆင့်တက်စဉ်က ပွင့်လန်းလာခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်မြူများဖြင့် ပြုစုပျိုးထောင်ထားသော ပန်းများသည် မွှေးကြိုင်ပြီး အကျိုးကျေးဇူးများလှသည်။
လုချင်း လက်ဖက်ရည် ဖျော်လိုက်သောအခါ နှစ်လိုဖွယ်ရနံ့တစ်ခု ပျံ့နှံ့သွားပြီး ဧည့်သည်ကို အံ့ဩသွားစေခဲ့သည်။
မည်သည့်အမှားကိုမျှ ပြုလုပ်မထားသဖြင့် သမားတော်ကြီးသည် ယုံကြည်မှုရှိနေပြီး ကျိယွဲ့၏ အလည်အပတ်ခရီးကို ကြိုဆိုကာ နောက်ဆက်တွဲ ဖြစ်လာမည့်အရာများအတွက် အသင့်ပြင်ထားလေသည်။