မြင့်မြတ်သောတောင်တော်၏ အမိန့်ပြန်တမ်း၊ ကုသိုလ်နှင့် အခွင့်အရေး၊ သမားတော်ကြီး၏ ဆုံးဖြတ်ချက်
Vol. 14 Ch. 133
"ကျိယွဲ့...... သုံးဆောင်ပါဦးဗျ။"
လုချင်းသည် မက်မွန်သီးလက်ဖက်ရည်တစ်ခွက်ကို အဝတ်အစားရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်ထံသို့ ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်ဗျာ။"
လူငယ်သည် လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး အသာအယာ တစ်ငုံမျှ သောက်လိုက်ရာ သူ၏မျက်လုံးများမှာ အရသာတွေ့သွားသည့်အလား မှေးစင်းသွားလေ၏။
သူသည် ခဏမျှ တိတ်ဆိတ်စွာ အရသာခံနေပြီးမှ မျက်လုံးများကို ပြန်ဖွင့်လိုက်လေသည်။ ထိုမျက်လုံးများထဲတွင် နှစ်သက်သဘောကျမှုများ ပြည့်နှက်နေလေ၏။
“အရမ်းကို ကောင်းလွန်းတဲ့ လက်ဖက်ရည်ပါပဲဗျာ။ မူလဓာတ်မြူတွေနဲ့ ပျိုးထောင်ထားတာမို့လို့ ထူးခြားနေတာ ဖြစ်မယ်။"
"မင်းကြိုက်တယ်ဆိုရင် ပြန်တဲ့အခါကျရင် နည်းနည်းလောက် ယူသွားလိုက်လေ။"
သမားတော်ကြီးသည်လည်း လက်ဖက်ရည်ကြိုက်နှစ်သက်သူတစ်ဦး ဖြစ်သည့်အားလျော်စွာ သူ စေ့စပ်သေချာစွာ ပြင်ဆင်ထားသော လက်ဖက်ရည်ကို လူငယ်က ချီးကျူးလိုက်သည့်အတွက် ဝမ်းသာပီတိဖြစ်သွားလေသည်။
"ကျေးဇူးတင်ပါတယ် သမားတော်ကြီးချန်။"
လူငယ်က ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။
လုချင်းသည်လည်း အိမ်ထဲသို့ ပြန်ဝင်သွားပြီး မက်မွန်သီးလက်ဖက်ခြောက် အထုပ်ငယ်တစ်ထုပ်ကို ထုပ်ပိုးလိုက်လေ၏။
လက်ဖက်ရည်သောက်ပြီးနောက်တွင်တော့ လူငယ်သည် ခွက်ကိုချလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားတော့သည်။
"ကျွန်တော် ထင်တယ်၊ သမားတော်ကြီးချန်က မွေးရာပါနယ်ပယ်ကို ရောက်သွားတာကို ကျွန်တော် ဘယ်လိုသိလဲဆိုတာ သမားတော်ကြီး သိချင်နေမယ်လို့လေ။"
သမားတော်ကြီးကလည်း ဝန်ခံပြောဆိုလိုက်သည်။ "အမှန်ပါပဲကွာ၊ ငါလည်း အဲ့ဒါကို တော်တော်လေး စဉ်းစားရခက်နေတာ။"
သူ အဆင့်တက်ရောက်သွားစဉ်က အနီးအနားတွင် မည်သူမျှရှိမနေသည်ကို အာရုံခံမိသလို၊ သူ၏ မွေးရာပါနယ်ပယ် စွမ်းရည်များကိုလည်း တစ်ခါမှ သူများရှေ့တွင် ထုတ်မပြဖူးခဲ့ပေ။
ထို့ကြောင့် ဤလူငယ်က သူ အဆင့်တက်သွားသည်ကို မည်သို့သိရှိသွားသလဲဆိုသည်ကို သူ အမှန်တကယ်ပင် နားမလည်နိုင်ဖြစ်နေရခြင်း ဖြစ်လေသည်။
"သမားတော်ကြီးချန် စိတ်ပူစရာမလိုပါဘူးဗျာ။ ကျွန်တော် ခင်ဗျား အဆင့်တက်သွားတာကို သိလိုက်ရတာက တိုက်ဆိုင်မှုသက်သက်ပါပဲ။ တမင်သက်သက် စောင့်ကြည့်နေတာမျိုး မဟုတ်ရပါဘူး။"
"ခင်ဗျား အဆင့်တက်နေတဲ့အချိန်တုန်းက ကျွန်တော်က ချန်းခရိုင်မြို့ထဲမှာ ရောက်နေတာလေ။ ကျွန်တော့်ဆီမှာ မူလဓာတ်မြူတွေရဲ့ အပြောင်းအလဲကို အာရုံခံနိုင်တဲ့ ဂိုဏ်းကပေးထားတဲ့ ရတနာပစ္စည်းတစ်ခု ပါလာတယ်။ အဲ့ဒါကြောင့်ပဲ မွေးဖွာပြီးနယ်ပယ်က သိုင်းသမားတစ်ယောက်က မူလဓာတ်မြူကို နားလည်သဘောပေါက်ပြီး ခန္ဓာကိုယ်ထဲကို ဆွဲယူလိုက်ရင်း မွေးရာပါနယ်ပယ်အဆင့်ကို ရောက်သွားတယ်ဆိုတာကို ကျွန်တော် သိလိုက်ရတာပါဗျ။"
"ဒါပေမဲ့ ဒီရက်ပိုင်း ခရိုင်မြို့ထဲက အခြေအနေတွေက သိပ်မကောင်းတော့ ကျွန်တော်လည်း ချက်ချင်းမထွက်နိုင်ခဲ့ဘူးလေ။ အဲ့ဒါကြောင့် ဒီနေ့မှပဲ သမားတော်ကြီးချန်ဆီကို လာလည်နိုင်တာပါဗျ။"
လူငယ်က ရှင်းပြလိုက်သည်။
မြို့ထဲကနေ မထွက်နိုင်တာအပြင် သူ့ဆရာရဲ့ နောက်ကြောင်းရာဇဝင်ကိုပါ စုံစမ်းနေတာ ဖြစ်လောက်တယ်။
လုချင်း တွေးလိုက်မိသည်။
သို့သော်လည်း ဒီအချက်က လူငယ်အနေနှင့် သူ့ဆရာအကြောင်း ဘာလို့ ဒီလောက်ထိ သိနေရသလဲဆိုတာကို ဖြေရှင်းပေးလိုက်သလိုပင်။
သူ့ဆရာသည် ခရိုင်မြို့သို့ မကြာခဏ သွားရောက်လေ့ရှိပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ပင် တွေ့ဆုံဖူးလေသည်။ သူ၏ အထောက်အထားနှင့် နေရပ်လိပ်စာသည် မြို့ထဲရှိ အထက်တန်းလွှာများကြားတွင် လျှို့ဝှက်ချက်မဟုတ်ပေ။
လူငယ်၏ အဆင့်အတန်းနှင့်ဆိုလျှင် အသေးစိတ်အချက်အလက်များကို ရှာဖွေရန် မခက်ခဲလှပေ။
သို့သော်လည်း သူ၏ ရတနာပစ္စည်းက မိုင်ပေါင်းတစ်ရာအကွာမှ မူလဓာတ်မြူ၏ အပြောင်းအလဲများကို အာရုံခံနိုင်သည်ဆိုသောအချက်ကတော့ တော်တော်လေးကို ကြောက်စရာကောင်းလှပေ၏။
သမားတော်ကြီးက သက်ပြင်းချလိုက်ပြီး "အံ့ဩစရာမရှိတော့ပါဘူးလေ။ ဒီလောက်ထိ အံ့ဩစရာကောင်းတဲ့ ထူးထူးဆန်းဆန်းရတနာမျိုးတွေ ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ ငါ့ဗဟုသုတတွေက နည်းလွန်းပါသေးတယ်။"
လူငယ်က ပြုံးလိုက်ပြီး "ဒါက ရှားပါးတဲ့ ဂိုဏ်းပိုင်ရတနာတစ်ခုပါဗျ၊ လူသိမများပါဘူး။ သမားတော်ကြီးချန်က အသက်ကယ်ဖို့ကိုပဲ အာရုံစိုက်ထားတဲ့ ကြင်နာတတ်တဲ့ သမားတော်တစ်ယောက်ဆိုတော့ ဒီလိုကိစ္စတွေကို မကြားဖူးတာ ပုံမှန်ပါပဲဗျာ။"
သမားတော်ကြီးက အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။ "ငါက ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်နေတဲ့ နေရာအနှံ့ လျှောက်သွားနေတဲ့ သမားတော်တစ်ယောက်ပါပဲကွာ။ အဲ့လောက်ကြီး ချီးကျူးတာကို မခံယူထိုက်ပါဘူး။"
လူငယ်က ပြုံးလိုက်သော်လည်း ထပ်ပြီး ငြင်းခုံမနေတော့ပေ။
ကုသိုလ်ရောင်ခြည် လွှမ်းခြုံထားသူတစ်ယောက်ကိုမှ ကြင်နာတတ်သူဟု မခေါ်နိုင်ဘူးဆိုလျှင် ဤလောကကြီးထဲ၌ လူကောင်းဆိုတာလည်း ရှိတော့မှာ မဟုတ်ပေ။
ရိုးရိုးသားသား ဝန်ခံရလျှင် လူငယ်သည် တော်တော်လေး တုန်လှုပ်နေမိခဲ့တာပင်။
ကုသိုလ်ရောင်ခြည်ဆိုသည်မှာ ကောင်းမှုကုသိုလ်ပေါင်း မရေမတွက်နိုင်အောင် ပြုလုပ်မှသာ စုဆောင်းရရှိနိုင်သော အရာဖြစ်သည်။
သမားတော်ကြီး၏ ကုသိုလ်ရောင်ခြည်မှာ မှေးမှိန်နေသော်လည်း ၎င်းသည် ကုသိုလ်ရောင်ခြည်အစစ်အမှန် ဖြစ်ပြီး စုဆောင်းရယူရန် မလွယ်ကူလှပေ။
ရွှမ်ခုန်းဘုရားကျောင်း၌ပင်လျှင် ထိုကဲ့သို့သော ရောင်ခြည်ကို ပိုင်ဆိုင်နိုင်သူ သိပ်မရှိပေ။
မမျှော်လင့်ဘဲ ရိုးရိုးကုပ်ကုပ် နေထိုင်တတ်သော လှည့်လည်သွားလာသည့် သမားတော်တစ်ဦးထံတွင် ၎င်းကို တွေ့ရှိခဲ့ရသည်။
ဒီလောက်ထိ ကုသိုလ်တွေရဖို့ လူပေါင်းဘယ်လောက်တောင်မှ သူ ကယ်တင်ခဲ့ရပါလိမ့်။
"သမားတော်ကြီးချန်...... လက်ဖက်ရည်သောက်တာအပြင် ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာ နောက်ထပ်ကိစ္စတစ်ခု ရှိပါသေးတယ်။"
သမားတော်ကြီးက လမ်းကြောင်းပေးလိုက်သည်။ "ပြောပါ။"
သူတို့တွေ အဓိကအကြောင်းအရာကို ပြောကြတော့မည်ကို သိလိုက်ရသဖြင့် လုချင်း၏ စိတ်နှလုံးမှာ တင်းကျပ်သွားတော့လေ၏။
လူငယ်က မေးလိုက်သည်။ "သမားတော်ကြီးချန်...... မြင့်မြတ်သောတောင်တော်အကြောင်း ကြားဖူးလားဗျ။"
သမားတော်ကြီးက ခေါင်းခါလိုက်ပြီး "မကြားဖူးပါဘူးကွာ။"
"မြင့်မြတ်သောတောင်တော်ဆိုတာက ဒီလောကကြီးရဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးမြတ်တဲ့ နေရာတစ်ခုပါ။ ရွှမ်ခုန်းဘုရားကျောင်း၊ ရေခဲရေနန်းတော်နဲ့ ချင်းယန်ဘုရားကျောင်းတို့ကတောင် သူ့ရဲ့အဆင့်အတန်းကို အသိအမှတ်ပြုကြတယ်လေ။"
"လောကမှာရှိတဲ့ မိသားစုကြီးတွေနဲ့ ဂိုဏ်းကြီးတွေအကုန်လုံးကလည်း အဲ့ဒီနေရာကို အရမ်း လေးစားကြပါတယ်......"
လူငယ်၏ ရှင်းပြချက်ကြောင့် သမားတော်ကြီးနှင့် လုချင်းတို့သည် မြင့်မြတ်သောတောင်တော်၏ သဘောတရားကို တဖြည်းဖြည်းဖြင်း နားလည်လာကြသည်။
မြင့်မြတ်သောတောင်တော်သည် အလွန်ထူးခြားသော အင်အားစုတစ်ခု ဖြစ်သည်။
သာမန်ဂိုဏ်းများနှင့်မတူဘဲ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က လျှို့ဝှက်ဆန်းကြယ်သော နေရာအချို့နှင့် ဂိုဏ်းများ၊ မိသားစုများ ပူးပေါင်းကာ ဤလောကကြီး၏ စည်းစနစ်ကို ထိန်းသိမ်းရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
လုချင်း၏ နားလည်မှုအရဆိုလျှင် ၎င်းသည် သူ၏ အတိတ်ဘဝက ကုလသမဂ္ဂအဖွဲ့အစည်းနှင့်တောင် ဆင်တူသေးပါ၏။
သို့သော်လည်း ငြင်းခုံရုံသာ တတ်နိုင်သော ထိုအဖွဲ့အစည်းနှင့်မတူဘဲ မြင့်မြတ်သောတောင်တော်တွင်တော့ ကြောက်မက်ဖွယ်ကောင်းသော သိုင်းအင်အား ရှိနေလေသည်။
၎င်း၏ အင်အားကို လျှို့ဝှက်ဆန်းကြယ်သော နေရာအနည်းငယ်နှင့် ဂိုဏ်းကြီးအချို့မှလွဲ၍ မည်သူမျှ ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
မြင့်မြတ်သောတောင်တော်သည် သာမန်လောကကိစ္စရပ်များအထက်တွင် ရှိနေပြီး ဂိုဏ်းအချင်းချင်းအကြားရှိ ပဋိပက္ခများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။
နိုင်ငံအချင်းချင်း စစ်ခင်းလျှင်ပင် ၎င်းက ကြားနေအဖြစ်သာ ရပ်တည်ပါ၏။
မြင့်မြတ်သောတောင်တော်သည် လူသားမျိုးနွယ်တစ်ခုလုံး၏ အခြေအနေကို ထိခိုက်စေနိုင်သော စည်းမျဉ်းများကိုသာ ထိန်းသိမ်းလေသည်။
ဥပမာအားဖြင့် မွေးရာပါနယ်ပယ် သိုင်းပညာရှင်များ၊ မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်များနှင့် သာမန်လူများကြားရှိ စည်းစနစ်များ ဖြစ်သည်။
မွေးရာပါနယ်ပယ် ရောက်ရှိသွားသူများသည် အလွန်စွမ်းအားကြီးမားကြသည်။ သိုင်းပညာရှင်တစ်ယောက်သည် မွေးရာပါနယ်ပယ်သို့ ရောက်ရှိပြီး မူလဓာတ်မြူကို သန့်စင်နိုင်ပြီဆိုလျှင် သူတို့၏ ခွန်အားသည် လျင်မြန်စွာဖြင့် တိုးတက်လာကြ၏။
ထိုအခါ၌ သာမန် မွေးဖွားပြီးနယ်ပယ် သိုင်းသမားများသည် သူတို့အတွက် ပြိုင်ဘက်မဟုတ်တော့ဘဲ သာမန်လူများကဲ့သို့ပင် ဖြစ်သွားကြသည်။
မွေးရာပါနယ်ပယ်၏ တိုက်ပွဲများသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသက်သက် မဟုတ်တော့ပေ။ သာမန် ဓားချီ သို့မဟုတ် ဓားရောင်ခြည်တစ်ခုသည်ပင် လူပေါင်း ဆယ်ချီ၊ ရာချီကို သတ်ဖြတ်နိုင်စွမ်း ရှိလေ၏။
စွမ်းအားကြီးမားသော မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးသည် မြို့တစ်မြို့လုံးကိုပင် အချိန်တိုအတွင်း သတ်ဖြတ်ချေမှုန်းနိုင်လေ၏။
ထိုကဲ့သို့သော စွမ်းအားကို မထိန်းချုပ်ပါက စိတ်ကူးယဉ်၍ပင် မရနိုင်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။
သမိုင်းမှတ်တမ်းများအရ မွေးရာပါနယ်ပယ် သိုင်းပညာရှင်များ၏ ပဋိပက္ခများကြောင့် မြို့များ ပျက်စီးခဲ့ရသည့် ဖြစ်ရပ်များစွာ ရှိခဲ့ဖူးသည်။
ထိုအဖြစ်အပျက်များက မိသားစုများနှင့် ဂိုဏ်းအသီးသီးကို ဤကဲ့သို့ ဆက်သွား၍မဖြစ်ကြောင်း သတိပြုမိစေခဲ့လေ၏။
မွေးရာပါနယ်ပယ် သိုင်းပညာရှင်များသည် မြင့်မြတ်သော နေရာတွင် ရှိကြသော်လည်း သာမန်လူများသည် လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး စိတ်ထင်တိုင်း သတ်ဖြတ်ခြင်း မပြုသင့်ပေ။
ထို့ကြောင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပြီးနောက် မြင့်မြတ်သောတောင်တော်မှ အမိန့်ပြန်တမ်းတစ်ခု ထုတ်ပြန်ခဲ့သည်။
မွေးရာပါနယ်ပယ် သိုင်းပညာရှင်များသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မွေးရာပါနယ်ပယ်အောက်ရှိသူများကို တိုက်ခိုက်ခြင်း မပြုရ၊ အထူးသဖြင့် မြို့များအတွင်းတွင် ဖြစ်သည်။
ချိုးဖောက်သူများကို မြင့်မြတ်သောတောင်တော်တွင် အကျဉ်းချမည်၊ သို့မဟုတ် သတ်ဖြတ်မည်။
လူငယ်က ဆက်ပြောလိုက်သည်။ "သမားတော်ကြီးချန်...... ခင်ဗျားက ပဋိပက္ခတွေကို မကြိုက်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ အခု ခင်ဗျားက မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီဆိုတော့ ဒီအမိန့်ပြန်တမ်းက ခင်ဗျားနဲ့လည်း သက်ဆိုင်သွားပြီ။ အဲ့ဒါကြောင့် ကျွန်တော် ဒီအကြောင်းကို လာပြီး အသိပေးတာပါဗျ။"
သမားတော်ကြီးကလည်း ချက်ချင်းပင် သဘောတူလိုက်သည်။ "ဒီလို အမိန့်မျိုးရှိမှန်း ငါ မသိခဲ့ဘူး။ စိတ်ချပါကွာ၊ ဒါက မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုပါ၊ ငါ လိုက်နာပါ့မယ်။"
သမားတော်ကြီး သဘောတူသည်ကို မြင်သောအခါ လူငယ်က ပြုံးလိုက်သည်။
"ဒါပေမဲ့ ဒီအမိန့်ပြန်တမ်းမှာက မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေအနေနဲ့ အကြောင်းမဲ့သက်သက် အောက်အဆင့်ကလူတွေကို မတိုက်ခိုက်ရဘူးလို့ ဆိုထားပေမဲ့၊ မဟာသခင်တစ်ယောက်ကိုတော့ အရှက်ခွဲလို့ မရပါဘူး။ တကယ်လို့ တစ်စုံတစ်ယောက်က ရန်စတာ၊ ဒါမှမဟုတ် စော်ကားတာမျိုး လုပ်လာရင်တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် တုံ့ပြန်တာကို အပြစ်ပေးမှာ မဟုတ်ပါဘူးဗျ။"
လုချင်း ခေါင်းညိတ်လိုက်သည်။
ဒါကလည်း ဖြစ်သင့်သည်ပင်။ ဒီလောကကြီးက အဆုံးစွန်အားဖြင့် အားကြီးသူကိုသာ လေးစားကြသည် မဟုတ်ပါလော။
အသည်းအသန် ကြိုးစားလေ့ကျင့်ထားရသည့် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က အားနည်းသူတွေ၏ စော်ကားမှုကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။
ရန်စခံရလို့မှ ပြန်မတိုက်နိုင်ရင် အစွမ်းထက်လာခြင်းကလည်း ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။
ထိုသို့သာဆိုလျှင် ဤအမိန့်ပြန်တမ်းကို ဘယ်အင်အားစုကမှ လက်ခံကြလိမ့်မည် မဟုတ်ပေ။
လူငယ်က ဆက်ပြောလိုက်သည်။ "ပြီးတော့ မြင့်မြတ်သောတောင်တော်က မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေကို ဒီအမိန့်ပြန်တမ်းကို အလကား လိုက်နာခိုင်းတာ မဟုတ်ပါဘူးဗျ။"
"အမိန့်ပြန်တမ်းကို သဘောတူတဲ့ အသစ်တက်ရောက်လာတဲ့ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တိုင်းဟာ မြင့်မြတ်သောတောင်တော်ရဲ့ ရေကန်တော်မှာ သုံးရက်ကြာ လေ့ကျင့်ခွင့် ရရှိမှာပါ။ ဒီအခွင့်အရေးက တစ်သက်တာ အကျုံးဝင်ပါတယ်ဗျ။"
"သမားတော်ကြီးချန်...... ဒါက ခင်ဗျားအတွက် အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုပါပဲ။"
သမားတော်ကြီးက မေးလိုက်သည်။ "ဟေ...... ဘယ်လိုမျိုးလဲကွ။"
"မြင့်မြတ်သောတောင်တော်ဆိုတာ အခွင့်အရေးတွေ ပြည့်နှက်နေတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးမြတ်တဲ့ နေရာတစ်ခုပါ။ အဲ့ဒီထဲက အကြီးမားဆုံး အခွင့်အရေးတစ်ခုကတော့ တောင်ထိပ်မှာရှိတဲ့ ရေကန်တော်ပါပဲ။"
"ရေကန်တော်က ဆန်းကြယ်ပြီး အံ့ဩစရာကောင်းတယ်ဗျ။ လူတွေကို ဉာဏ်အလင်းပွင့်စေနိုင်တယ်၊ အဆင့်တက်ဖို့အတွက် ကြုံနေရတဲ့ အခက်အခဲတွေကိုတောင် ကျော်လွှားနိုင်စေတယ်၊ တကယ့်ကို မှော်ဆန်ပါတယ်ဗျာ။"
"ဉာဏ်အထိုင်းဆုံး သိုင်းသမားတစ်ယောက်တောင်မှ အဲ့ဒီထဲမှာဆို အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်ပြီး တစ်ရှိန်ထိုး အဆင့်မြင့်သွားနိုင်တယ်လေ။"
ထိုသည်ကို ကြားလိုက်ရတော့ သမားတော်ကြီးတောင်မှ စိတ်ဝင်စားသွားပုံ ရသည်။
သမားတော်ကြီးက သက်ပြင်းချလိုက်ပြီး "လောကကြီးက တကယ်ကို ကျယ်ပြောပြီး အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာပဲကိုး။ ကျိယွဲ့ ပြောပြတဲ့ အကြောင်းအရာတွေကို ငါ တစ်ခါမှ မကြားဖူး၊ မမြင်ဖူးခဲ့ဘူး။ ဒီနေ့တော့ ဗဟုသုတတွေ အများကြီး ရလိုက်ပါပြီကွာ။"
"သမားတော်ကြီးချန်...... ဒီကျောက်စိမ်းပြားက မြင့်မြတ်သောတောင်တော်ရဲ့ အသိအမှတ်ပြု လက်မှတ်ပါ။ ကျွန်တော်လည်း ကျွန်တော့်ဂိုဏ်းကို အသိပေးပြီး မြင့်မြတ်သောတောင်တော်ကို သတင်းပို့လိုက်ပါ့မယ်။ ခင်ဗျား အလယ်ပိုင်းဒေသကို ရောက်တဲ့အခါကျရင် ထျန်းကျီမျှော်စင်မှာ ဒီကျောက်စိမ်းပြားကို ပြပြီး မြင့်မြတ်သောတောင်တော်အကြောင်း စုံစမ်းလို့ ရပါတယ်ဗျ။"
ထို့နောက် လူငယ်သည် ကျောက်စိမ်းပြားအသေးလေးတစ်ခုကို သမားတော်ကြီးထံ ကမ်းပေးလိုက်သည်။
သမားတော်ကြီးသည် ကျောက်စိမ်းပြားကို ယူလိုက်ရင်း ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားလေ၏။
ကျောက်စိမ်းသား၏အရည်အသွေးသည် လုချင်း သူ့ကို ပေးခဲ့ဖူးသော အမွေအနှစ် ကျောက်စိမ်းပြားနှင့်တောင် ဆင်တူနေလေ၏။
ကျောက်စိမ်းပြားကို ပေးပြီးနောက် လူငယ်သည် မတ်တတ်ရပ်လိုက်တော့သည်။ "သမားတော်ကြီးချန်...... ကျွန်တော် လာရတဲ့ အဓိကရည်ရွယ်ချက်က အမိန့်ပြန်တမ်းအကြောင်း အသိပေးဖို့ပါပဲ။ အခု ကိစ္စပြီးပြီဆိုတော့ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦးဗျ။"
သမားတော်ကြီးက မေးလိုက်သည်။ "ဒီလောက်မြန်မြန် ပြန်တော့မလို့လား။ ထမင်းလေးဘာလေး မစားသွားဘူးလားကွ။"
လူငယ်က ငြင်းပယ်လိုက်သည်။ "မစားတော့ပါဘူးဗျာ၊ မြို့ထဲက အခြေအနေက လုံးဝငြိမ်သက်သွားတာ မဟုတ်သေးတော့ ကျွန်တော်လည်း အကြာကြီး အပြင်ထွက်မနေသင့်ဘူးလေ။"
"ဒါနဲ့ စကားစပ်မိလို့ ပြောရဦးမယ်၊ ခရိုင်မြို့ထဲက အခြေအနေကို ငါ ကြားမိတယ်။ ဝေ့မိသားစုရဲ့ အကျပ်အတည်းက ဘယ်တော့လောက် ပြီးမလဲဆိုတာ ပြောပြလို့ရမလား။"
လူငယ်က ခေါင်းခါလိုက်သည်။ "ဝေ့မိသားစုရဲ့ အကျပ်အတည်းက ပြေလည်သွားဖို့ ခက်မယ်လို့ ကျွန်တော် ထင်တာပဲ။"
သမားတော်ကြီး အံ့အားသင့်သွားသည်။ "ဘာဖြစ်လို့ အဲ့လိုပြောတာလဲကွ။"
"ဝေ့မိသားစုရဲ့ ဘိုးဘေး ပြန်ရောက်လာပြီဆိုပေမဲ့၊ သူက ထျန်းချန်းဂိုဏ်းက ဂိုဏ်းအကြီးအကဲ ဝမ်ချန်းယီရဲ့ လက်ချက်နဲ့ ဒဏ်ရာရထားတယ်လေ။ သူ့နှလုံးထဲက ဓားချီကို ဖယ်ရှားဖို့က ခက်တယ်။ အဲ့ဒါသာ ကျန်နေဦးမယ်ဆိုရင် သူ တစ်နှစ်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူးလေ။"
"တကယ်လို့ ဝမ်ချန်းယီသာ စိတ်ရှည်လက်ရှည်နဲ့ ဝေ့မိသားစုဘိုးဘေး သေမယ့်ရက်ကို တစ်နှစ်လောက် စောင့်နေလိုက်မယ်ဆိုရင်၊ အဲ့ဒါက ဝေ့မိသားစုရဲ့ နိဂုံးပဲဖြစ်သွားတော့မှာ။"
သမားတော်ကြီးက အလျင်စလို မေးလိုက်သည်။ "မင်း ဒါကို တားလို့မရဘူးလား။"
လူငယ်က ခေါင်းခါလိုက်သည်။ "ထျန်းကျီမျှော်စင်မှာ သူ့မူဝါဒနဲ့သူ ရှိတယ်။ ဝမ်ချန်းယီကိုယ်တိုင် ဝင်မပါသရွေ့ ကျွန်တော်တို့က ဂိုဏ်းတွေကြားက ပဋိပက္ခတွေမှာ ဝင်မပါရပါဘူးဗျ။ ပြီးတော့လည်း ကျွန်တော့်မှာ ဝင်စွက်ဖက်ဖို့ အကြောင်းပြချက် မရှိဘူးလေ။"
သမားတော်ကြီးမှာ အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားတော့လေ၏။
သမားတော်ကြီး တိတ်ဆိတ်နေသည်ကို မြင်သောအခါ လူငယ်က အရိပ်အမြွက် ပြောလိုက်သည်။
"ဝေ့မိသားစု အသက်ရှင်ရပ်တည်နိုင်ဖို့က သူတို့ဘိုးဘေး ပြန်လည်သက်သာလာမှုအပေါ်မှာ မူတည်နေပါတယ်။ တကယ်လို့ သူ သက်သာလာရင် ဝေ့မိသားစု ဘေးကင်းလိမ့်မယ်။ သူသာ သေသွားရင်တော့ ဝေ့မိသားစုလည်း ကျဆုံးခန်းကို ရောက်သွားတော့မှာပေါ့။"
သမားတော်ကြီးမှာ နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။
သမားတော်ကြီး နားလည်သွားသည်ကို မြင်သောအခါ လူငယ်က ပြုံးလိုက်လေ၏။
သူသည် လုချင်းကို ခေါင်းညိတ်ပြလိုက်ပြီးနောက် မက်မွန်သီးလက်ဖက်ခြောက် အထုပ်ငယ်ကို ယူကာ ခြံဝင်းထဲမှ ထွက်ခွာပြီး တောင်အောက်သို့ ဆင်းသွားတော့၏။
လူငယ် ထွက်သွားပြီဖြစ်ကြောင်း သေချာသွားသောအခါ၌ လုချင်းက မေးလိုက်သည်။ "ဆရာ...... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲဗျ။"
အတိအလင်း ထုတ်မပြောသော်လည်း လုချင်း ဝေ့မိသားစုအကြောင်းကို ရည်ညွှန်းနေမှန်း သမားတော်ကြီး သိလေသည်။
သမားတော်ကြီးက သက်ပြင်းချလိုက်၏။ "ဒီကိစ္စကို ငါ ရှောင်လွှဲလို့မရတော့ဘူး ထင်ပါရဲ့။"
"ဆရာက ဝေ့မိသားစုဘိုးဘေးကို သွားပြီး ကုပေးဖို့ စဉ်းစားနေတာလားဗျ။"
"ကျိယွဲ့ ပြောပုံအရဆိုရင် သူ့ဒဏ်ရာကို ကုနိုင်တာ ငါပဲ ရှိတော့တာလေ။ ပြီးတော့လည်း ငါတို့က ဝေ့မိသားစုနဲ့ အရင်ကလည်း တွေ့ဖူးတယ်မလား၊ သူတို့က လူဆိုးတွေမှ မဟုတ်ကြတာ။ သူတို့ အသတ်ခံရမှာကို ငါ ဒီအတိုင်း လက်ပိုက်ပြီးတော့ကြည့်မနေနိုင်ဘူး။"
ဆရာဖြစ်သူ၏ လေးလံထိုင်းမှိုင်းနေသော မျက်နှာထားကို မြင်လိုက်ရသဖြင့်၊ အကယ်၍ ဆရာသာ မသွားဘဲ ဝေ့မိသားစု မျိုးသုဉ်းသွားခဲ့လျှင် သူ့ဆရာအနေဖြင့် တစ်သက်လုံး အပြစ်ရှိစိတ်ဖြင့် နေထိုင်သွားရလိမ့်မည်ကို လုချင်း သိနေခဲ့သည်။
ဝေ့မိသားစုဘိုးဘေး၏ ဒဏ်ရာအကြောင်း သိသွားပြီဖြစ်၍ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေ၍လည်း မရတော့ပေ။
ရှောင်လွှဲစရာလမ်း မရှိတော့၊ သူ့ဆရာက သိပ်ကို သဘောထားကြီးလွန်းသည်။
အခုကြည့်ရတာတော့ ထိုလူငယ်က သူ့ဆရာ၏ စိတ်နေသဘောထားကို တွက်ချက်ပြီး မပြန်ခင်မှာ ထိုစကားတွေကို ရည်ရွယ်ချက်ရှိရှိ ပြောသွားပုံရသည်။
လုချင်းက ပြောလိုက်သည်။ "ဆရာ သွားချင်တယ်ဆိုရင်လည်း သွားပါဗျာ။ ကျွန်တော် ထောက်ခံပါတယ်။ ဒါပေမဲ့ ဆရာ ဘယ်လိုသွားမှာလဲ၊ ဝေ့မိသားစုအိမ်ထဲကို ခိုးဝင်မှာလားဗျ။"
သမားတော်ကြီးက ခေါင်းခါလိုက်သည်။ "အဲ့ဒါက အလုပ်ဖြစ်မယ် မထင်ဘူး။ ဝေ့မိသားစုဘိုးဘေးရဲ့ ဒဏ်ရာက နှလုံးမှာ ဖြစ်နေတာ။ ဒီလို အသက်အန္တရာယ်ရှိတဲ့ နေရာမျိုးကို ကုသဖို့အတွက် သူစိမ်းတစ်ယောက်ကို သူတို့က ဘယ်လိုလုပ် ယုံကြည်ပါ့မလဲ။"
"ဒါ့အပြင် အခု ငါက မွေးရာပါနယ်ပယ်ကို ရောက်နေပြီဆိုတော့ မူလဓာတ်မြူနဲ့ ပေါင်းစပ်ဖို့၊ ခန္ဓာကိုယ်ထဲ ဆွဲယူဖို့နဲ့ မွေးရာပါချီအဖြစ် သန့်စင်ဖို့အတွက် စိတ်ဝိညာဉ်စွမ်းအားကို သုံးရတော့မယ်။"
"အချိန်ကြာလာတာနဲ့အမျှ ဒါက ငါတို့အပေါ်မှာ မူလဓာတ်မြူရဲ့ ခြေရာလက်ရာတွေကို ကျန်ရစ်စေတယ်လေ၊ ဖုံးကွယ်ထားဖို့ကလည်း ခက်ခဲတယ်။ သာမန်သိုင်းသမားတွေကတော့ အာရုံမခံနိုင်ပေမဲ့ မွေးရာပါနယ်ပယ် သိုင်းသမားတွေကတော့ အာရုံခံနိုင်တယ်။"
"ငါသာ ဝေ့မိသားစုထဲ ခိုးဝင်သွားပြီး အထင်လွဲခံရရင် ပဋိပက္ခတွေဖြစ်လာနိုင်တဲ့အပြင် နားလည်မှုကြီးကြီးမားမားလွဲကုန်တာတွေတောင်ဖြစ်သွားနိုင်တယ်လေ။"
ခက်ခဲသော လူနာများအကြောင်းကို သူ ကောင်းကောင်းကြီး နားလည်ပါ၏။
ထိုစဉ် မြို့ထဲမှာ မွေးရာပါနယ်ပယ် အဆင့်အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့လျှင် ပြဿနာကြီးသွားနိုင်သည်ဟူသော လူငယ်၏ စကားကို လုချင်း ပြန်သတိရလိုက်မိသည်။
"အဲ့ဒါကြောင့် မလိုအပ်တဲ့ ပဋိပက္ခတွေကို ရှောင်ရှားဖို့အတွက် ဝေ့မိသားစုက ယုံကြည်ရတဲ့သူတစ်ယောက်ယောက်က ဆရာ့ကို မိတ်ဆက်ပေးမှ ဖြစ်မှာပေါ့။" လုချင်း၏ ခေါင်းထဲတွင် အကြံတစ်ခု လက်ခနဲ ပေါ်လာလေသည်။ "ဝေ့သခင်မနဲ့ သခင်လေးဝေ့တို့ ရှိသားပဲ"
"အဲ့ဒါ အကြံကောင်းပဲ၊ ဒါပေမဲ့လည်း အဲ့အကြံက သူတို့ကို အန္တရာယ်ဖြစ်စေနိုင်တယ်ကွ။" သမားတော်ကြီးက ပြောလိုက်သည်။
"ကျွန်တော်တို့က ဝေ့မိသားစုကို ကယ်တင်ကြမှာပဲလေ၊ ဝေ့သခင်မ နားလည်ပေးမှာပါ။" လုချင်းက ပြန်ပြောလိုက်သည်။
ဝေ့သခင်မအကြောင်းသိထားရသည့်အတိုင်း သူမသာ အကြောင်းရင်းကို သိလိုက်ရလျှင် ပို၍ပင် စိုးရိမ်ပူပန်နေလိမ့်မည် ဖြစ်သည်။
"ကောင်းပြီလေ၊ သူတို့ကို တောင်ပေါ်ကနေ သွားခေါ်လိုက်ချေ။ ငါတို့ ဒီနေ့ နေ့လယ်ကျရင် ခရိုင်မြို့ဘက် ထွက်ကြတာပေါ့။" သမားတော်ကြီးက ခေါင်းညိတ်လိုက်သည်။
ထို့နောက် လုချင်းသည် ရှောင်လီကို ခေါ်ပြီး တောင်ပေါ်သို့ အလျင်အမြန် ထွက်ခွာသွားလေ၏။
လူငယ် ရောက်လာစဉ်က သူတို့ချင်း မဆုံစေချင်သဖြင့် လုချင်းက ရှောင်လီကို ပုန်းခိုင်းထားခဲ့ခြင်း ဖြစ်သည်။
လူငယ်၏ ရတနာပစ္စည်းက သိပ်ကို ဆန်းကြယ်လွန်းလှပါ၏။ မိုင်ပေါင်းတစ်ရာအကွာမှ မူလဓာတ်မြူ အပြောင်းအလဲများကိုပင် အာရုံခံနိုင်စွမ်း ရှိသည်။
ရှောင်လီကို ပုန်းခိုင်းထားခြင်းက အထောက်အကူ ဖြစ် ၊ မဖြစ် မသေချာသော်လည်း မဆုံတာက ပိုကောင်းပေလိမ့်မည်။
သို့သော်လည်း လူငယ်က လုချင်း စိတ်ဝိညာဉ်စွမ်းအားကျင့်ကြံထားသည်ကိုတော့ သတိပြုမိပုံ မရပေ။
ထို့ကြောင့် ထိုရတနာပစ္စည်းက အရာရာကို အစွမ်းကုန် မသိနိုင်ပေ။
အနည်းဆုံးတော့ သတင်းအချက်အလက်အားလုံးကို မထောက်လှမ်းနိုင်ပါချေ။
ကံမကောင်းစွာဖြင့် လူငယ်က ရတနာကို ထုတ်မပြသဖြင့် လုချင်း၏ နတ်မျက်စိစွမ်းရည်ဖြင့် ၎င်းကို စစ်ဆေးကြည့်၍ မရခဲ့။
ရှောင်လီနှင့်အတူ လုချင်းသည် မာကူးနှင့် အခြားသူများ ပုန်းခိုရာနေရာသို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။
တိုက်ဆိုင်စွာပင် သုံးယောက်စလုံး ထိုနေရာတွင် ရှိနေကြလေ၏။
"အစ်ကိုလုချင်း...... ဘာဖြစ်လို့လဲဟင်။"
လုချင်းကို မြင်လိုက်ရသဖြင့် မာကူးနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။
မနေ့ကမှ ပြန်သွားသော လုချင်းတစ်ယောက် ဒီလောက်မြန်မြန် ပြန်ရောက်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
"လမ်းကျမှ ပြောပြမယ်။ ပစ္စည်းတွေ သိမ်းကြ၊ ငါတို့ တောင်ပေါ်က ဆင်းကြမယ်။"