မထွက်ခွာမီ ငြိမ်းချမ်းမှု၊ နဂါးပျောက် ရုပ်လုံးပေါ်ခြင်း
Vol. 14 Ch. 134
"သမားတော်လေးလု...... တကယ်တမ်း ဘာဖြစ်ခဲ့တာလဲဟင်။ အခု ကျွန်မတို့ကို ပြောပြလို့ ရပြီလား။"
တောင်တန်းများကြားတွင် ဝေ့သခင်မကို ကျောပိုးထားသော လုချင်းက မေးလိုက်သည်။
သူ၏မျက်နှာတွင် စိုးရိမ်မှုအချို့ ပေါ်နေလေ၏။
ခုနလေးတင် လုချင်းက ရုတ်တရက် ရောက်ရှိလာပြီး ပစ္စည်းတွေသိမ်းကာ တောင်ပေါ်မှ ချက်ချင်းဆင်းရန် ပြောခဲ့သည်။
အားလုံးက ကြောင်တောင်တောင် ဖြစ်နေကြသော်လည်း လုချင်းကို ယုံကြည်ကြသဖြင့် စိုးရိမ်နေသည့်ကြားမှပင် လိုက်နာခဲ့ကြသည်။
တောင်လမ်းအတိုင်း လျှောက်လာကြရင်း ဝေ့သခင်မမှာ သူမ၏ သိလိုစိတ်ကို မထိန်းနိုင်တော့ပေ။
"ဒီမနက်...... ကျွန်တော် မနေ့က သခင်မတို့ကို ပြောပြခဲ့တဲ့ ရိုးရိုးရှင်းရှင်း ဝတ်ထားတဲ့ လူငယ်လေးက သခင်မတို့ရဲ့ ဘိုးဘေးနဲ့ ထျန်းကျီမျှော်စင်က လျှို့ဝှက်ဆန်းကြယ်တဲ့ မွေးရာပါနယ်ပယ် တပည့်တို့ရဲ့ တိုက်ပွဲကို တားဆီးခဲ့တယ်။ သူက ကျွန်တော့်ဆရာဆီကို သတင်းဆိုးတစ်ခု ယူလာခဲ့တယ်။"
"သခင်မတို့ ဝေ့မိသားစုရဲ့ မွေးရာပါနယ်ပယ် ဘိုးဘေးက အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ မွေးရာပါနယ်ပယ် သိုင်းပညာရှင်ရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံလိုက်ရပြီး သူ့ရဲ့ နှလုံးသွေးကြောက မွေးရာပါ ဓားချီကြောင့် ဒဏ်ရာရသွားခဲ့တယ်တဲ့။ ဒဏ်ရာက ပြင်းထန်ပြီး အချိန်မီ မကုသရင် အလွန်ဆုံးနေရ ၊ တစ်နှစ်ပဲ ရှိတော့မှာတဲ့။"
လုချင်းက ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
"ဘယ်လို ဖြစ်ရတာလဲ။"
ထိုသည်ကို ကြားလိုက်ရတော့ ဝေ့သခင်မနှင့် အခြားသူများမှာ ထိတ်လန့်သွားကြသည်။
"ဒါကို ထျန်းကျီမျှော်စင်က တပည့်ဖြစ်တဲ့ ကျိယွဲ့က ပြောခဲ့တာပါ။ မကြာသေးခင်က ခရိုင်မြို့ထဲမှာ သူ လုပ်ပေးခဲ့တာတွေကို ကြည့်မယ်ဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို လိမ်ညာစရာအကြောင်း မရှိလောက်ပါဘူး။ ဒီတော့ ဒါက အမှန်ဖြစ်ဖို့ များပါတယ်ဗျ။"
ဝေ့သခင်မနှင့် အခြားသူများ၏ ရင်ထဲတွင် ဗြောင်းဆန်သွားတော့လေ၏ည်။
ဘိုးဘေး ပြန်ရောက်လာပြီးနောက် အိမ်တော်ကြီး တည်ငြိမ်သွားမည်၊ သူတို့ အိမ်ပြန်ရမည့်နေ့ကို စိတ်ချလက်ချ စောင့်ဆိုင်းနိုင်တော့မည်ဟုပဲ သူတို့ ထင်မှတ်ထားခဲ့ကြတာပင်။
မမျှော်လင့်ဘဲ ဘိုးဘေး၏ ဒဏ်ရာတွင် ကြီးမားသော အန္တရာယ်တစ်ခုက ဖုံးကွယ်နေခဲ့ပါ၏။
ခဏအကြာတွင် ဝေ့သခင်မသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ဆက်မေးလိုက်ပြန်သည်။ "ဒါဆိုရင် သမားတော်လေးလု...... ကျွန်မတို့ တောင်ပေါ်က ဆင်းရတဲ့ အကြောင်းအရင်းက ဘာများလဲရှင့်။"
ဘိုးဘေးက ဒဏ်ရာပြင်းထန်နေလျှင်ပင် သူတို့သားအမိမှာ ကူညီနိုင်စွမ်းမရှိသဖြင့် တောင်ပေါ်မှ ဆင်းရန် အကြောင်းပြချက် မရှိဟု ထင်မြင်မိသည်။
"ကျွန်တော့်ဆရာက သခင်မတို့ ဘိုးဘေးရဲ့ အခြေအနေကို ကြားလိုက်ရတော့ ဒဏ်ရာ သက်သာအောင် ကူညီပေးနိုင်မလားဆိုတာ ကြည့်ဖို့အတွက် ခရိုင်မြို့ကို သွားဖို့ ရည်ရွယ်ထားလို့ပါဗျ။
ဒါပေမဲ့ သခင်မလည်း သိတဲ့အတိုင်းပဲ၊ အခု ခရိုင်မြို့ထဲက အခြေအနေက ရှုပ်ထွေးနေတယ်လေ။ သခင်မတို့မိသားစုကလည်း အပြင်လူတွေကို အထူးသတိထား စောင့်ကြည့်နေလောက်တယ်။
ကျွန်တော့်ဆရာနဲ့ ကျွန်တော်ပဲ သွားမယ်ဆိုရင် သခင်မတို့ မိသားစုရဲ့ ယုံကြည်မှုကို ရဖို့ ခက်ခဲနိုင်သလို နားလည်မှုလွဲတာတွေလည်း ဖြစ်လာနိုင်တယ်။
အဲ့ဒါကြောင့် သခင်မနဲ့ သခင်လေးကို တောင်ပေါ်ကနေ ခေါ်ထုတ်ပြီး ကျွန်တော်တို့နဲ့အတူ ခရိုင်မြို့ကို ပြန်လိုက်ခဲ့ဖို့ တောင်းဆိုရတာပါဗျ။"
"ရှင့်ဆရာမှာ ကျွန်မတို့ ဘိုးဘေးရဲ့ ဒဏ်ရာကို ကုသဖို့ ယုံကြည်ချက် ရှိလို့လားရှင့်။" ဝေ့သခင်မက ဝမ်းသာအားရ မေးလိုက်သည်။
"ရာနှုန်းပြည့် ယုံကြည်ချက်တော့ မရှိပါဘူး။ သခင်မတို့ ဘိုးဘေးရဲ့ ဒဏ်ရာကို ကိုယ်တိုင် စမ်းသပ်စစ်ဆေးတာမျိုး မလုပ်ရသေးဘဲနဲ့ ဆုံးဖြတ်ချက်ချဖို့ဆိုတာ ခက်တယ်လေ။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော်တို့ ကြိုးစားကြည့်ရမယ် မဟုတ်လား။" လုချင်းက အလွန်အကျွံ ကတိမပေးခဲ့ပေ။
သို့သော်လည်း ဝေ့သခင်မသည် လုချင်း၏ စကားထဲတွင် နက်နဲသော အဓိပ္ပာယ်တစ်ခု ပါနေသည်ကို ကြားလိုက်ရ၏။
သမားတော်ကြီးသာ ယုံကြည်ချက် လုံးဝမရှိလျှင် ခရိုင်မြို့ကို သွားဖို့ ဘာကြောင့် ဒီလောက် အန္တရာယ်ကြီးတဲ့ စွန့်စားမှုကို ပြုလုပ်ပါ့မလဲ။
မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုက သူမ ရင်ထဲတွင် တောက်ပလာခဲ့သည်။ "ဒါဆိုရင် ဝေ့မိသားစုကိုယ်စား တရားမျှတစွာ ကူညီပေးတဲ့အတွက် သမားတော်လေးလုနဲ့ ရှင့်ဆရာကို ကျေးဇူးတင်ပါတယ်ရှင်။"
ဝေ့သခင်မသည် အတိုင်းအဆမရှိ ကျေးဇူးတင်နေမိသည်။
ဝေ့မိသားစု၏ လက်ရှိအခြေအနေအရဆိုလျှင် လူအများစုသည် လုံးဝ ပါဝင်ပတ်သက်လိုခြင်းမရှိဘဲ ရှောင်ဖယ်သွားကြမည်သာ။
လဲနေသူကို ထပ်ပြီးတက်မနင်းသွားတာကပင် ကျေးဇူးတင်စရာ ဖြစ်နေပြီဖြစ်၏။
သို့ပေမဲ့ လုချင်းနှင့် သူ့ဆရာကတော့ သူတို့ကို အကြိမ်ကြိမ် လက်ကမ်းကာ ကူညီပေးခဲ့ကြသည်။ သူမနှင့် သူမသားကို ကယ်တင်ပေးခဲ့ရုံသာမက ဝေ့မိသားစုတစ်ခုလုံးကိုပါ ကယ်တင်ပေးခဲ့သည်။ သူမမှာ ထိုကျေးဇူးကို ဘယ်လိုဆပ်ရမလဲပင် မသိတော့ပေ။
လူအုပ်စုသည် တောင်တန်းများကို ဖြတ်ကျော်လျှောက်လှမ်းလာကြပြီး တောင်ပေါ်မှ ဆင်းလာပြီးနောက် သမားတော်ကြီး၏ နေအိမ်သို့ တိုက်ရိုက်သွားလိုက်ကြတော့၏။
ထိုစဉ် သမားတော်ကြီးမှာ ခြံဝင်းထဲတွင် စောင့်ဆိုင်းနေနှင့်ပြီပင်။
လူတိုင်း ပြန်ရောက်လာသည်ကို မြင်သောအခါ သူ ပြုံးလိုက်သည်။ "အားလုံး ပြန်ရောက်လာကြပြီလား။"
ဝေ့သခင်မသည် လုချင်း၏ ကျောပေါ်မှ ဆင်းပြီးသားဖြစ်၍ ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
"နဉ်ယန်က သမားတော်ကြီးကို နှုတ်ခွန်းဆက်သပါတယ်။ အရင်တုန်းက သမားတော်ကြီးက ကျွန်မသားရဲ့ အသက်ကို သေမင်းလက်ထဲကနေ ကယ်တင်ပေးခဲ့တယ်၊ လူချင်းတွေ့ပြီး ကျေးဇူးမတင်ခဲ့ရလို့ တကယ်ပဲ ရှက်မိပါတယ်ရှင်။"
"ဟားဟား...... ဒါက ကိစ္စသေးသေးလေးပါ၊ စိတ်ထဲထားစရာ မလိုပါဘူးဗျာ။"
သမားတော်ကြီးသည် မုတ်ဆိတ်မွေးကို သပ်ရင်း ရယ်မောလိုက်သည်။
"မင်္ဂလာပါ သမားတော်ကြီး။"
ထိုအချိန်၌ဝေ့ကျိအန်းကလည်း ရှေ့တိုးလာပြီး နှုတ်ဆက်လိုက်သည်။
သမားတော်ကြီးက သူ့ပုံစံကို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။ "မင်းရဲ့ ခန္ဓာကိုယ်က ကောင်းကောင်း ပြန်လည်သက်သာလာပြီး အများကြီး ပိုသန်မာလာပါလား။"
"ဟုတ်ကဲ့၊ ကျွန်တော် ဒီရက်ပိုင်း ဆရာမာရယ် ပြီးတော့ သမားတော်လေးလုနဲ့အတူ သိုင်းပညာ လေ့ကျင့်နေတာလေ။ အဲ့တာကြောင့် ခန္ဓာကိုယ်က အရင်ကထက် အများကြီး ပိုကောင်းလာတာပါ"
ဝေ့ကျိအန်းသည် သူ့လက်ထဲမှ သစ်သားတုတ်ကို ဆုပ်ကိုင်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။
"ကောင်းတယ်၊ သိပ်ကောင်းတယ်။"
သမားတော်ကြီးသည် ဝေ့ကျိအန်း၏ စိတ်နေသဘောထား အများကြီး ပြောင်းလဲသွားသည်ကို သတိထားမိပြီး အလွန် ကျေနပ်သွားလေ၏။
မာကူးကတော့ အရင်က ဒီနေရာကို မကြာခဏ လာဖူးသဖြင့် ရင်းနှီးပြီးသား မျက်နှာတစ်ခု ဖြစ်နေပြီမို့ စကားသိပ်မပြောတော့ဘဲ သမားတော်ကြီးကိုသာ အရိုအသေပေးလိုက်သည်။
"သမားတော်ကြီး...... ကျွန်မတို့ ဘယ်တော့ ထွက်ကြမှာလဲရှင့်။"
နှုတ်ဆက်ပြီးနောက် ဝေ့သခင်မက မေးလိုက်သည်။
ဘိုးဘေး၏ ဒဏ်ရာအကြောင်း သိလိုက်ရကတည်းက သူမ စိတ်မအေးဖြစ်နေခဲ့သည်။
"အလျင်လိုစရာ မလိုပါဘူး။ မင်းတို့ တောင်ပေါ်က ဆင်းလာခါစဆိုတော့ အရင်ဆုံး ကိုယ်လက်သန့်စင်လိုက်ကြ၊ နေ့လယ်စာစားလိုက်ကြ၊ ပြီးရင် ကောင်းကောင်း အနားယူပြီးမှ ငါတို့ ခရီးထွက်ကြတာပေါ့။" သမားတော်ကြီးက ပြောလိုက်သည်။
မာကူးနှင့် အခြားသူများသည် ဂူထဲတွင် နေထိုင်ခဲ့ကြရာ စားရေးသောက်ရေး အဆင်ပြေသော်လည်း အခြားကိစ္စများမှာတော့ အဆင်မပြေလှပေ။
ထို့ကြောင့် သူတို့အားလုံး အနည်းငယ် ဖရိုဖရဲ ဖြစ်နေကြလေ၏။
ဝေ့သခင်မကလည်း သူတို့၏ လက်ရှိပုံစံမှာ မသင့်လျော်မှန်း သိသလို ဝေ့မိသားစုကို ကယ်တင်ခြင်းမှာလည်း အလောတကြီး လုပ်၍မရမှန်း နားလည်လေသည်။
ထို့ကြောင့် သူမသည် သမားတော်ကြီး၏ အစီအစဉ်ကို မကန့်ကွက်ဘဲ ကိုယ်လက်သန့်စင်ရန် သွားလိုက်တော့၏။
သမားတော်ကြီးက သူတို့အတွက် ရေနွေးကို ကြိုတင်ပြင်ဆင်ပေးထားသည်။ သူတို့ ရေချိုးသန့်စင်ပြီးသောအခါ၌ လုချင်းက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရပြီး အတွင်းမှ ဟင်းရနံ့များ မွှေးပျံ့ထွက်ပေါ်လာလေသည်။
"မမ......မမက အရမ်း လှတာပဲနော်"
ဒီအချိန်မှာ ဝေ့သခင်မသည် ချိုသာသော အသံလေးတစ်ခုကို ကြားလိုက်ရ၏။
သူမ ငုံ့ကြည့်လိုက်သောအခါ၌ သူမရှေ့တွင် ခေါင်းလေးစောင်းကာ စူးစမ်းချင်စိတ်ဖြင့် ကြည့်နေသော ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရတော့သည်။
ကျောက်စိမ်းရုပ်တုလေးလို လှပနေသော ကလေးမလေးကို မြင်လိုက်ရချိန်၌ ဝေ့သခင်မ၏ ရင်ထဲတွင် ချစ်ခင်စုံမက်မှုများဖြင့်သာ ပြည့်နှက်သွားလေသည်။
သူမသည် ငုံ့ကိုင်းပြီး ရှောင်ယန်ကို ပွေ့ချီလိုက်ကာ မေးလိုက်သည်။ "ကလေးလေး...... သမီး နာမည် ဘယ်လိုခေါ်လဲ။"
"သမီးနာမည်က လုရှောင်ယန်ပါ။ မမက ဘယ်သူလဲဟင်။" ရှောင်ယန်က ပျော်ရွှင်စွာ မေးလိုက်သည်။
"ဩော်...... သမီးက ရှောင်ယန်ကိုး။ အဒေါ်က သမီးရဲ့ မမ မဟုတ်ပါဘူးကွယ်။ အဒေါ်လို့ပဲ ခေါ်နော်။ အဒေါ်က သမီးကိုကိုရဲ့ သူငယ်ချင်းပါ။ အဒေါ်နာမည်က လီ လို့ ခေါ်ပါတယ်ရှင့်။"
ဒီကလေးမလေးက အန်းအာ ပြောပြဖူးသော လုချင်း၏ ညီမလေးမှန်း ဝေ့သခင်မ ချက်ချင်း သဘောပေါက်လိုက်သည်။
သို့သော် ရှောင်ယန်လေးက ဒီလောက်ထိ ချစ်ဖို့ကောင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
မြို့ထဲက မိန်းကလေးတွေတောင် သူမ၏ နုနယ်ပြီး ချစ်စရာကောင်းသည့် ပုံပန်းသွင်ပြင်ကို မယှဉ်နိုင်ကြပေ။
"အဒေါ် ဟုတ်လား။" ရှောင်ယန်က ရွာထဲက ဒေါ်လေးတွေနှင့် နှိုင်းယှဉ်ကြည့်ပြီး အနည်းငယ် နားမလည်ဖြစ်သွားသည်။ "ဒါပေမဲ့ ရွာထဲက ဒေါ်လေးတွေက ဒေါ်လေးလောက် မငယ်ကြဘူးနော်။"
"ဒီကလေးမလေးကတော့ကွယ်...... သိပ်ချစ်ဖို့ကောင်းတာပဲ။"
ဘယ်မိန်းမကမှ ကိုယ့်ကိုယ် ငယ်လိုက်တာ ၊ နုလိုက်တာ လို့ ပြောလာကြတာကို မကြိုက်ဘဲ မနေနိုင်ကြပါချေ။
ဒီလို အပြစ်ကင်းစင်သည့် ကလေးမလေးဆီမှ စကားလေးကို ကြားလိုက်ရချိန်၌ ဝေ့သခင်မ တစ်ယောက် ပြုံးပျော်သွားပါတော့၏။
နူးညံ့အိစက်ပြီး ချိုမြိန်သော ရှောင်ယန်ကို ပွေ့ဖက်ထားရင်း သူမ လက်မလွှတ်ချင်တော့ပေ။
ရှောင်ယန်ကလည်း လှပပြီး ကြင်နာတတ်သည့် ဤအဒေါ့်ကို သဘောကျနေပြီး အရမ်း ခင်မင်စရာကောင်းသည်ဟု ခံစားမိနေသည်။
ထို့ကြောင့် သူတို့နှစ်ဦး ပျော်ရွှင်စွာဖြင့် စကားစမြည် ပြောဆိုနေကြလေ၏။
သူတို့၏ ပျော်ရွှင်နေသော အမူအရာများက ဘေးမှကြည့်နေသော ဝေ့ကျိအန်းကိုတောင် အနည်းငယ် ငေးမောသွားစေသည်။
ထွက်ပြေးလာရကတည်းက သူ့မိခင်၏ မျက်နှာပေါ်တွင် ဒီလို စစ်မှန်သော အပြုံးမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"ညီမလေး...... ဟင်းတွေ ကျက်ခါနီးပြီ။ ပန်းကန်တွေ ပြင်ထားလိုက်တော့။"
သူတို့နှစ်ယောက် စကားကောင်းနေစဉ် မီးဖိုချောင်ထဲမှ လုချင်း၏ အသံ ထွက်ပေါ်လာသည်။
"ထမင်းစားရတော့မယ်။ အဒေါ်...... ဒီမှာ ထိုင်နေနော်။ သမီး ကိုကို့ကို သွားကူလိုက်ဦးမယ်"
ရှောင်ယန်သည် ဝေ့သခင်မ၏ ရင်ခွင်ထဲမှ ခုန်ဆင်းလိုက်ပြီးနောက်၌ မီးဖိုချောင်ဘက်သို့ ပြေးသွားလေသည်။
"အဒေါ်လည်း ကူညီမယ်လေ။" ဝေ့သခင်မလည်း သူမနောက်မှလိုက်၍ မီးဖိုချောင်ထဲသို့ လိုက်ဝင်သွားလိုက်တော့၏။
ထို့နောက် ရှောင်ယန်က ပန်းကန်စင်မှ ပန်းကန်လုံးများကို ယူနေသည်ကို သူမ တွေ့လိုက်ရသည်။
မီးဖိုချောင်ထဲတွင်တော့ ဟင်းပွဲများစွာ ပြင်ဆင်ထားပြီး ဖြစ်သည်။
သတ်သတ်လွတ် ဟင်းပွဲအချို့ကို စားပွဲငယ်ပေါ်တွင် တင်ထားပြီး အိုးထဲမှ ရေငွေ့များ ထွက်နေသည်။
ဘေးတွင် မြေအိုးတစ်လုံးဖြင့် ဟင်းချို တည်ထားပြီး၊ အနီးရှိ နှပ်အိုးတစ်လုံးထဲတွင် အနီရောင်တောက်နေသော အသားများကို ချက်ပြုတ်ထားလေသည်။
ထိုဟင်းပွဲများကို ကြည့်ရင်း မွှေးပျံ့သော ရနံ့ကို ရှူရှိုက်မိလိုက်ရာ ဝေ့သခင်မတစ်ယောက် တံတွေးမမျိုချဘဲ မနေနိုင်တော့ပေ။
ဒီရက်ပိုင်း တောင်ပေါ်မှာ ပုန်းခိုနေရစဉ် အစားအသောက် မပြတ်လပ်သော်လည်း ကောင်းကောင်းမွန်မွန် စားသောက်ဖို့ကတော့ မဖြစ်နိုင်ခဲ့ပေ။
အခု ရုတ်တရက်ကြီး အရသာရှိပုံရသော ဟင်းပွဲများစွာကို တွေ့လိုက်ရချိန်၌ အနေအထိုင်သိမ်သိမ်မွေ့မွေ့နှင့် ကြီးပြင်းလာသော သူမပင်လျှင် အနည်းငယ် လောဘတက်မိသွားတော့၏။
"သခင်မ...... ဘာလို့ ဝင်လာတာလဲဗျ။ မီးဖိုချောင်က မီးခိုးတွေ မွှန်တယ်၊ မျက်စိစပ်လိမ့်မယ်။"
မီးမွှေးနေသော လုချင်းက ဝေ့သခင်မကို မြင်တော့ အလျင်စလို ပြောလိုက်သည်။
"ကူညီစရာ ရှိမလားလို့ လာကြည့်တာပါ။" ဝေ့သခင်မက ပြောသည်။
"မလိုပါဘူးဗျာ၊ ဟင်းတွေက ကျက်ခါနီးပါပြီ။ သခင်မက ဒီအသီးအရွက်ဟင်းတွေကို အပြင် ယူသွားလိုက်ရုံပါပဲ။ ငါးပေါင်း ကျက်တာနဲ့ စားလို့ရပါပြီဗျ။" လုချင်းက ပြုံးလိုက်သည်။
"ကောင်းပါပြီရှင်။"
ဝေ့သခင်မက ဟင်းပွဲများကို အပြင်သို့ ယူသွားပြီးနောက်၊ ရှောင်ယန်ကလည်း ပန်းကန်လုံး တစ်ထပ်လိုက်ကြီးကို မီးဖိုချောင်ထဲမှ သယ်ထုတ်လာလေသည်။
"သမီးလေး...... အဒေါ် ကူသယ်ပေးမယ်လေ။"
ဝေ့သခင်မက စိတ်ပူစွာဖြင့် အလျင်အမြန် ပြောလိုက်သည်။
"မလိုပါဘူး အဒေါ်ရဲ့။ သမီး သယ်နိုင်ပါတယ်" ကလေးမလေးက ငြင်းလိုက်သည်။
ရှောင်ယန်သည် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကို သောက်သုံးထားသည့်အပြင် သမားတော်ကြီး အဆင့်တက်စဉ်က စုစည်းမိခဲ့သော မူလဓာတ်မြူများကို စုပ်ယူထားသဖြင့် သူမ၏ ခန္ဓာကိုယ်အခြေအနေမှာ အလွန်ကောင်းမွန်နေလေသည်။
ခွန်အားအရဆိုလျှင် ရွာထဲက အသက်ဆယ်နှစ်ကျော် ကလေးအများစုတောင် သူမကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်မည်။
ထို့ကြောင့် ပန်းကန်လုံးအနည်းငယ် သယ်ရခြင်းမှာ သူမအတွက်တော့ ရိုးရှင်းသော အလုပ်တစ်ခုသာ ဖြစ်သည်။
စားပွဲပြင်ဆင်ပြီးသည်နှင့် လုချင်း၏ ငါးဟင်းလည်း ကျက်သွားပြီပင်။
မကြာမီမှာပင် ဟင်းပွဲများ အပြည့်ပါသော စားပွဲဝိုင်းတစ်ခု သပ်ရပ်စွာ ပေါ်ပေါက်လာလေသည်။
"ကဲ...... စားကြရအောင်။"
လုချင်းက ငါးပေါင်းကို စားပွဲအလယ်တွင် ချလိုက်ပြီးနောက် လက်ခုပ်တီးလိုက်သည်။
ထိုစဉ် ရှောင်လီကတော့ အပြင်ဘက် ထောင့်တစ်နေရာတွင် နေရာယူကာ ငါးဟင်းတစ်ခွက်ကို ပျော်ရွှင်စွာ စားသောက်နေနှင့်ပြီ ဖြစ်သည်။
"အားချင်းရဲ့ ဟင်းချက်လက်ရာက အများကြီး တိုးတက်လာပါလား။"
ထိပ်ဆုံးတွင် ထိုင်နေသော သမားတော်ကြီးက ပြုံးလိုက်သည်။
"ဟုတ်တယ်၊ ကိုကို့ရဲ့ ဟင်းလက်ရာက အကောင်းဆုံးပဲ"
ခုံပုလေးပေါ်တွင် ထိုင်နေသော ရှောင်ယန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
မာကူးနှင့် အခြားသူများကတော့ အရသာရှိပုံရသော ဟင်းပွဲများကို ကြည့်ပြီး မျက်လုံးများ ပြူးကျယ်နေကြလေ၏။
ငါးပေါင်း၊ ကြက်ပေါင်းဟင်းချို၊ ယုန်သားနှပ်၊ ငါးလေးကြော်၊ အရွက်ကြော်တဲ့လား။ ဒီလို ပူပူနွေးနွေး ဟင်းပွဲမျိုးကို သူတို့ မစားရတာ ကြာပြီလေ။
"ညီလေးလုချင်း...... ဒါက ဘာဟင်းလဲ။"
မာကူးက နှပ်အိုးထဲရှိ အငွေ့တထောင်းထောင်းထွက်နေသော အနီရောင်အသားတုံးများကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။
"ဒါက ဝက်သားနီချက်လေ။ အရသာ တော်တော်ကောင်းတယ်။" လုချင်းက ဖြေလိုက်သည်။
"ကဲ...... အားနာမနေကြနဲ့။ စားကြစို့။"
သမားတော်ကြီးက ပြောလိုက်ရင်း ငါးလေးကြော် တစ်ကောင်ကို အရင် ယူလိုက်သည်။
သမားတော်ကြီး စားသည်ကို မြင်မှသာ ကျန်သူများလည်း တူ ကိုယ်စီ ကိုင်လိုက်ကြတော့၏။
ထို့နောက် မာကူးနှင့် ဝေ့ကျိအန်းတို့သည် နှပ်အိုးထဲမှ ဝက်သားနီချက်ကို ဦးဆုံး လှမ်းယူလိုက်ကြသည်။
တုန်တုန်ရီရီဖြင့် ပြောင်လက်နေသော အသားတုံးများက သိပ်ကို ဆွဲဆောင်မှု ရှိလွန်းသည်ပင်။
တစ်ယောက် တစ်တုံးစီ ယူကာ ပါးစပ်ထဲ ထည့်လိုက်ပြီးနောက်တွင်တော့ အနည်းငယ် ကိုက်လိုက်ရုံဖြင့် အရည်ပျော်သွားလေကာ ပါးစပ်ထဲတွင် အမွှေးရနံ့များဖြင့် ပြည့်နှက်သွားတော့လေသည်။ တစ်ချိန်တည်းတွင်ပဲ သူတို့ မျက်လုံးများပြူးကျယ်သွားကြတော့၏။
ဒီလောက်တောင် အရသာရှိလှသည့် အသားမျိုးကို သူတို့တွေ တစ်ခါမှ မစားဖူးခဲ့ပေ။
"သမားတော်လေးလု...... ဒါ ဘာအသားလဲဟင်။ ဘာလို့ ဒီလောက်တောင် စားကောင်းနေရတာလဲ။"
ဝေ့ကျိအန်း မမေးဘဲ မနေနိုင်တော့ပေ။
"ဒါ ဝက်သားလေ။ ဒီမနက် ရွာအနီးနားက ဝက်သားသည်ဆီကနေ ဝယ်လာတာလေ။" လုချင်းက ပြုံးလိုက်သည်။
"ဝက်သားက ဒီလောက်တောင် စားလို့ကောင်းတာလား။" ဝေ့ကျိအန်းမှာ ယုံရခက်နေလေ၏။
မကြာသေးမီက လေ့ကျင့်မှုများကြောင့် သူသည် ဝက်သားဆိုလျှင် ပျို့အန်ချင်သော သခင်လေးတစ်ယောက် မဟုတ်တော့ပေ။
သို့သော် ညစ်ပတ်ပုံရသော ဝက်သားက ဒီလောက်တောင် စားကောင်းလိမ့်မည်ဟုတော့ သူ မယုံကြည်နိုင်သေးပေ။
"သာမန် ဝက်သားဟင်းဆိုရင် ဒီလောက် အရသာရှိမှာ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ ဒီဝက်သားနီချက်ကတော့ အထူးချက်ထားတာမို့လို့ သာမန်ဝက်သားထက် ပိုစားကောင်းတာပေါ့ကွာ။"
လတ်တလော ရက်များအတွင်း တောင်ပေါ်သို့ လှည့်လည်သွားလာရင်း လုချင်းသည် သူ့အရင်ဘဝက ဟင်းခတ်အမွှေးအကြိုင်များအစား အသုံးပြုနိုင်သော အပင်အချို့ကို ရှာဖွေရန် သူ၏နတ်မျက်စိစွမ်းရည်ကို မကြာခဏ အသုံးပြုခဲ့သည်။
ဒါက သူ၏ ဟင်းချက်စွမ်းရည်ကို သိသိသာသာ တိုးတက်စေခဲ့သည်ပင်။
အခုဆိုလျှင် သူသည် ဒီဝက်သားနီချက်ကို သူ့အရင်ဘဝက အရသာနီးပါး ကောင်းမွန်အောင်ထိ ချက်ပြုတ်နိုင်နေပြီ ဖြစ်သည်။
သူ့သား အားပါးတရ စားနေသည်ကို မြင်တော့ အစက အဆီများသော အသားကို စိတ်မဝင်စားသည့် ဝေ့သခင်မပင်လျှင် အနည်းငယ် မြည်းစမ်းကြည့်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။
ထို့နောက် သူမလည်း အံ့ဩသွားလေ၏။
ဝက်သားနီချက်က အဆီများပုံရသော်လည်း လုံးဝ အီမနေပေ။ ထိုအစား အလွန်ပင် နှုတ်မြိန်စေလေ၏။
ထို့နောက် သူတို့ တခြားဟင်းပွဲများကို မြည်းစမ်းကြည့်ကြရာ ပို၍ပင် အံ့ဩသွားကြသည်။
ကြက်ပေါင်းဟင်းချိုက အရသာရှိသည်၊ ငါးပေါင်းက ချိုသည်၊ ငါးကြော်က ကြွပ်ရွသည်၊ ဟင်းရွက်ကြော်တောင်မှ သိပ်ကို စားကောင်းနေပါ၏။
ဟင်းပွဲတိုင်း၏ အရသာက သူတို့ မျှော်လင့်ထားသည်ထက် သာလွန်နေသည်ပင်။
ထို့ကြောင့် သူတို့အားလုံး စိတ်ကြိုက် စားသောက်လိုက်ကြရာ ဘာမှကို မကျန်တော့ပေ။
ဝက်သားနီချက် ဟင်းရည်လက်ကျန်လေးကိုတောင် မာကူးနှင့် ဝေ့ကျိအန်းတို့က ထမင်းနှင့် နယ်ပြီး ကုန်အောင် စားလိုက်ကြသည်။
အနေအထိုင်သိမ်မွေ့သော ဝေ့သခင်မပင်လျှင် ဗိုက်ဝနေသည့်တိုင် ကြက်ပေါင်းဟင်းရည် တစ်ပန်းကန်လောက် ထပ်သောက်ချင်စိတ်ကို မတားဆီးနိုင်တော့ပေ။
"ညီလေးလုချင်း...... ငါ အရင်က မင်းထမင်းစားဖိတ်တာကို ထမင်းမစားဘဲ ပြန်သွားမိတာ နောင်တရနေမိပြီကွာ။ ဒီလိုမျိုးအရသာရှိတဲ့ ဟင်းပွဲတွေ ဘယ်လောက်တောင် လွတ်သွားလိုက်ပြီလဲ"
စားသောက်ပြီးနောက် မာကူးက နောင်တရစွာ ပြောလိုက်သည်။
"ဟားဟား...... နောက်ကျမသွားပါဘူးဗျာ။ နောင်လည်း အမြဲလာစားလို့ရပါတယ်ဗျ။ တူတစ်စုံ ပိုထည့်လိုက်ရုံပါပဲ။" လုချင်းက ရယ်မောလိုက်သည်။
"ဒါကတော့ သေချာတာပေါ့။ မင်း မဖိတ်ရင်တောင် ငါက မျက်နှာပြောင်တိုက်ပြီး လာစားမှာ။" မာကူးက နောက်လိုက်သည်။
ထိုသည်ကို မြင်လိုက်ရချိန်၌ ဝေ့ကျိအန်းကလည်း အားကျသွားလေ၏။
လုချင်းမိသားစုသာ မြို့ထဲမှာ နေတာဆိုလျှင် သူလည်း မကြာခဏ လာစားချင်မိသည်။
သို့ပေမဲ့ သူ တစ်ချက် စဉ်းစားလိုက်သည်။
အခု မာကူးက သူ့ဆရာလေ။
တပည့်တစ်ယောက်အနေနဲ့ ဆရာ့ဆီ မကြာခဏ လာလည်တယ်ဆိုတာ သဘာဝကျတယ် မဟုတ်လား။
အဲ့ဒီတော့ တစ်ခါတလေ သမားတော်လေးလုဆီ လာပြီး ထမင်းစားတာက ပုံမှန်ပဲမလား။
ဝေ့ကျိအန်းသည် ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းသည်ဟု ခံစားလိုက်ရပြီး သူ့အကြံကိုသူ သဘောကျနေခဲ့လေ၏။
ဝေ့သခင်မတောင်မှ ထိုအကြံကို သဘောကျမိသွားသည်။
သို့သော် အိမ်တော်သို့ ပြန်ရောက်သွားသည်နှင့် တော်ရုံတန်ရုံ ပြန်ထွက်လာဖို့ မလွယ်ကူမှန်း သူမ သိလေသည်။
ခဏတာတော့ ဒီထမင်းဝိုင်းလေးကြောင့် လူတိုင်း စိတ်ပေါ့ပါးသွားကြပြီး ခရိုင်မြို့သို့ သွားရမည့် ခရီးအကြောင်းကိုပင် မေ့လုနီးပါး ဖြစ်သွားကြသည်။
သို့သော်ငြား ရင်ဆိုင်ရမည့် ကိစ္စကို ရှောင်လွှဲလို့တော့ မရပေ။
စားသောက်ပြီးနောက် သမားတော်ကြီးသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ပြောလိုက်တော့၏။ "အားချင်း...... သွား ပြင်ဆင်တော့။ ငါတို့ သွားကြရအောင်။"
"ဟုတ်ကဲ့ ဆရာ။"
လုချင်း ခေါင်းညိတ်ပြီး ပြင်ဆင်ရန် အပြင်ထွက်သွားလေသည်။
ထျန်းချန်းဂိုဏ်း ရှိနေခြင်းကြောင့် သူတို့ ဒီတစ်ခေါက် ခရိုင်မြို့ကို ပေါ်တင် သွား၍မရပေ။
ရုပ်ဖျက်ပြီး သေချာသွားမှ ရမည်။
ထို့ကြောင့် လုချင်းသည် ရွာထဲသို့ သွားပြီး ဝေ့သခင်မနှင့် ဝေ့ကျိအန်းအတွက် အဝတ်အစားများ ငှားရမ်းလိုက်ကာ သူတို့ကို ဝတ်ဆင်စေခဲ့သည်။
ထို့ပြင် အိမ်နီးချင်း အဘိုးကျန်း၏ အိမ်သို့သွားကာ သူ၏ ယဉ်ပါးသော နွားနှင့် လှည်းကို ငှားရမ်းလိုက်ပြီးနောက်၌ ထိုလှည်းပေါ်သို့ ဆေးဖက်ဝင်အပင်အချို့ကို တင်လိုက်သည်။
အရာအားလုံး အဆင်သင့်ဖြစ်သောအခါ လုချင်းသည် သူ၏ တိုက်ပွဲဝင်ဓားနှင့် အဖုံးပါသော ဝါးခြင်းတောင်းကို သယ်ဆောင်ကာ ရှောင်ယန်ကို လှည်းပေါ် တင်လိုက်တော့၏။
ဟုတ်ပါသည်၊ ဒီတစ်ခါတော့ သူ ရှောင်ယန်ကိုပါ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။
ဒီခရီးစဉ်က အန္တရာယ်များပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ သူရော သူ့ဆရာပါ မသိနိုင်ပေ။
ရှောင်လီကလည်း သူတို့နောက် လိုက်လာလိမ့်မည်။ ထို့ကြောင့် ရှောင်ယန်ကို ရွာထဲမှာ တစ်ယောက်တည်း ထားခဲ့တာက စိတ်မချရပေ။
သူတို့က အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် မှီခိုပြီး နေလာခဲ့ကြတာလေ။
ဒါကြောင့် ဒီတစ်ခါတော့ သူတို့ အတူတူ သွားကြမည်။
သူနှင့် သူ့ဆရာတို့ မတ်တတ်ရပ်နေနိုင်သရွေ့ ဘယ်သူ့ကိုမှ ရှောင်ယန်လေးအား ထိခိုက်ခွင့်ပြုမည် မဟုတ်ပေ။
"ကိုကို...... သမီးတို့ ဘယ်သွားကြမလို့လဲဟင်။"
လှည်းပေါ်တွင် ထိုင်နေသော ရှောင်ယန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ခရိုင်မြို့ကို သွားကြမလို့လေ။ ညီမလေး မြို့ကို သွားကြည့်ချင်နေတာ မဟုတ်လား။"
"မြို့ကို သွားမလို့လား။ ဟေး...... ပျော်စရာကြီး"
ရှောင်ယန် ဝမ်းသာသွားသည်။
သူမ မြို့ကို တစ်ခါမှ မရောက်ဖူးပေ။
"ဝေ့သခင်မ...... လမ်းမှာ ညီမလေးကို စောင့်ရှောက်ပေးပါဦးဗျ။" လှည်းပေါ်တွင် ပါလာသော ဝေ့သခင်မကို လုချင်းက ပြောလိုက်သည်။
"စိတ်ချပါရှင်"
ရွာသူပုံစံ ဝတ်ဆင်ထားသော ဝေ့သခင်မသည် ရှောင်ယန်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
လုချင်းက ရှောင်ယန်ကို ခေါ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သို့ပေမဲ့ လုချင်း၏ ပြတ်သားမှုကို သူမ ခံစားမိပြီး ဖျောင်းဖျလို့ ရမှာမဟုတ်မှန်း သိနေခဲ့သည်။
ထို့ကြောင့် သူမ မသေသရွေ့ ရှောင်ယန်ကို အထိခိုက်ခံမည် မဟုတ်ကြောင်း စိတ်ထဲတွင် ဆုံးဖြတ်လိုက်တော့သည်။
အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုသည်နှင့် သမားတော်ကြီးက လှည်းကို မောင်းနှင်လိုက်ပြီး အော်လိုက်သောအခါ၌ လှည်းဘီးများလည်း စတင်လည်ပတ်လာပြီး ရွာပြင်သို့ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့ကြသည်။
လုချင်း၊ မာကူးနှင့် ဝေ့ကျိအန်းတို့ကတော့ ဘေးမှ လမ်းလျှောက်လျက်ဖြင့် လိုက်ပါလာကြသည်။
ရွာသားများကတော့ လုချင်းနှင့် အခြားသူများ ဘာသွားလုပ်ကြမည်ကို မသိသလို၊ ဝေ့သခင်မ၏ သရုပ်မှန်က ဘာလဲဆိုတာကို မသိကြပေ။
သူတို့အားလုံး သမားတော်ကြီးနှင့်အတူ မြို့တက်ကြသည်ဟုသာ ထင်နေကြသည်။
ထို့ကြောင့် လိုက်ပို့ကြရင်း သိပ်ပြီး ထွေထွေထူးထူး ခံစားချက်မပါဘဲ မှာစရာရှိတာ မှာလိုက်ကြသည်။
အခု လုချင်း၏ အစွမ်းအစနှင့်ဆိုလျှင် သူတို့ မစိုးရိမ်ကြပေ။
လှည်းက ရွာအဝင်ဝသို့ ရောက်သောအခါ၌ သမားတော်ကြီးက ရပ်လိုက်သည်။
လုချင်းလည်း လမ်းလျှောက်သွားပြီး သစ်ပင်တွင် အနီရောင်ကြိုး သုံးချောင်းကို ချည်နှောင်လိုက်သည်။
"သမားတော်လေးလု...... အဲ့ဒါ ဘာလုပ်တာလဲဟင်။"
လုချင်း ပြန်ရောက်လာသောအခါ ဝေ့သခင်မက မေးလိုက်သည်။
"ဒါက ရွာရဲ့ ဓလေ့တစ်ခုပါဗျ။ ရွာကနေ ခရီးဝေးထွက်မယ့်သူတိုင်း သစ်ပင်မှာ အနီရောင်ကြိုး ချည်ကြရတယ်လေ......"
လုချင်းက အတိုချုံး ရှင်းပြလိုက်သည်။
သို့ပေမဲ့ သူ၏ ရိုးရှင်းတဲ့ စကားလုံးတွေက ဝေ့သခင်မ၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
သူမက ရှောင်ယန်ကို ပို၍တင်းကျပ်စွာဖြင့်ပင် ဖက်ထားလိုက်မိသည်။
ထိုစဉ် မာကူးနှင့် ဝေ့ကျိအန်းတို့လည်း ပိုပြီး ပြတ်သားသွားပုံရ၏။
သူတို့ ရင်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်။
ကြာပွတ်သံ ထွက်ပေါ်လာပြီးနောက်တွင်တော့ လှည်းက ပြန်လည် ရွေ့လျားလာကာ ရှေ့သို့ ဖြည်းညှင်းစွာဖြင့် ဦးတည်လျက် ထွက်ခွာသွားတော့လေ၏။
လှည်းသည် တောအုပ်ကို ဖြတ်သန်းသွားလေရာ ရှေ့မှ ငှက်အုပ်တစ်အုပ်ပင် လန့်ပျံသွားကြတော့လေသည်။