← Chapters

သရုပ်မှန်ပေါ်သွားခြင်း၊ မြို့တစ်မြို့လုံး တုန်လှုပ်သွားခြင်း

Vol. 14 Ch. 135

သရုပ်မှန်ပေါ်သွားခြင်း၊ မြို့တစ်မြို့လုံး တုန်လှုပ်သွားခြင်း

Vol. 14 Ch. 135

မနက်စောစော နေထွက်စ အချိန်။

"ဝိုး...... လှလိုက်တာ"

နွားလှည်းပေါ်တွင် ထိုင်နေသော ရှောင်ယန်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

ယခုအချိန်တွင် လုချင်းနှင့် အခြားသူများသည် တောအုပ်မှ ထွက်ခွာလာခဲ့ကြပြီး ကျယ်ပြောလှသော လွင်ပြင်အလယ်တွင် ရောက်ရှိနေကြပြီ ဖြစ်သည်။

သူတို့ ပတ်ဝန်းကျင်တွင်တော့ ကျယ်ပြောလှသော လယ်ကွက်များနှင့်အတူ လယ်တဲအိမ်လေးများ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေလေသည်။

လုချင်း၏ နွားလှည်းသည် လယ်ကွက်များအလယ်ရှိ ကျယ်ဝန်းသော လမ်းမကြီးအတိုင်း ခရီးနှင်နေခြင်းပင်။

ရွှေရောင်ဆောင်းဦးရာသီ ဖြစ်သဖြင့် လယ်ကွက်များမှာ ရွှေရောင်ပင်လယ်ကြီးသဖွယ် ဖြစ်နေရာ ရှောင်ယန်လေး အံ့ဩနေသည်မှာလည်း မဆန်းလှပေ။

ကျိုးလီရွာရှိ ဟိုတစ်ကွက် ဒီတစ်ကွက် စိုက်ပျိုးထားသော လယ်ကွက်များနှင့် နှိုင်းယှဉ်လျှင် ဤကျယ်ပြောလှသော စပါးခင်းကြီးများမှာ အမှန်ပင် အံ့မခန်း ဖြစ်နေလေသည်။

"ညီလေးလုချင်း...... နည်းနည်းလောက် ဆက်သွားရင် ခရိုင်မြို့ကို ရောက်တော့မယ်။"

မာကူးက အဝေးမှ မြင့်မားလှသော မြို့ရိုးများကို လက်ညှိုးထိုးပြရင်း လုချင်းကို ပြောလိုက်သည်။

အဝေးမှ မြို့ကို လှမ်းကြည့်ရင်း လုချင်းမှာ အနည်းငယ် အံ့ဩသွားလေ၏။

ခရိုင်မြို့က သိပ်ကြီးလောက်မည်မဟုတ်ဟု သူ ထင်ထားခဲ့သော်လည်း သူ မှားသွားခဲ့သည်။

မြို့ရိုး၏ အမြင့်ကို ကြည့်ရုံဖြင့်ပင် ဒီခရိုင်မြို့သည် သူ့အရင်ဘဝက သူ သွားလည်ဖူးသော ရှေးဟောင်းမြို့တွေထက်တောင် များစွာ ပိုကြီးမားကြောင်း သိသာနေပါသည်။

မြို့ဆိုတာ သီးခြားကမ္ဘာတစ်ခုပဲဟု သူ့ဆရာ ပြောလေ့ရှိသည်မှာ အံ့ဩစရာ မဟုတ်ပေ။

ကြည့်လိုက်ရုံနှင့်ပင် ခရိုင်မြို့သည် အမှန်ပင် ပို၍ စည်ကားသိုက်မြိုက်လှပေ၏။

"ဆရာ...... ခရိုင်မြို့ကို ရောက်တော့မယ်ဗျ။ ကျွန်တော်တို့တွေ မြို့ထဲကို ဘယ်လို ဝင်ကြမလဲ။"

မနေ့ညနေက လုချင်းနှင့် အဖွဲ့သည် ကျိုးလီရွာမှ ထွက်ခွာလာခဲ့ကြသည်။ နွားလှည်းက နှေးကွေးပြီး မိုင်တစ်ရာကျော် ခရီးက နီးလှသည် မဟုတ်ပေ။

တစ်နေ့တာလုံး ခရီးနှင်ပြီးနောက် ညတာကလည်း မဖိတ်ခေါ်ဘဲနှင့်တောင် ရောက်ရှိလာတော့သည်။

ညဘက် ခရီးသွားရန် ခက်ခဲသလို ခရိုင်မြို့ကလည်း ညဘက်ဆိုလျှင် မြို့တံခါး ပိတ်တတ်လေ၏။

ထို့ကြောင့် ညရောက်သောအခါ၌ လုချင်းနှင့် အဖွဲ့သည် စွန့်ပစ်ထားသော မီးဖိုတစ်ခုတွင် ညအိပ် ရပ်နားခဲ့ကြရသည်။ မိုးလင်းမှသာ ခရီးဆက်ခဲ့ကြရပါ၏။

"ဒီအတိုင်းပဲ ဝင်သွားကြတာပေါ့။ မြို့ထဲ ရောက်သွားတာနဲ့ အရာအားလုံး စိတ်ချရပြီ။" သမားတော်ကြီးက ပြောလိုက်သည်။

လုချင်း ခေါင်းညိတ်လိုက်သည်။

သူ့ဆရာက မွေးရာပါနယ်ပယ် သိုင်းပညာရှင် တစ်ယောက်လေ။ သူတို့ မြို့ထဲ ဝင်နိုင်သရွေ့ ဝမ်ချန်းယီ သတိထားမိရင်တောင် သူတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။

သူ အရာအားလုံးကို စွန့်စားပြီး မြို့ထဲမှာ တိုက်ပွဲစဖို့ ဆန္ဒမရှိရင်ပေါ့။

ထို့ကြောင့် လုချင်းနှင့် အဖွဲ့သည် သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ထားကြပြီး ဓားများကို နွားလှည်းပေါ်တွင် ဝှက်ထားကာ မြို့ဈေးသို့ သွားမည့် လယ်သမားများအဖြစ် ဟန်ဆောင်ရင်း တခြားသူများနှင့်အတူ ရောနှောလိုက်ပါသွားကြသည်။

ဝေ့သခင်မနှင့် ဝေ့ကျိအန်းတို့သည် သာမန် လယ်သမားသားအမိပုံပေါက်စေရန် သူတို့၏ ဖြူဖွေးသော မျက်နှာများကို ဖုန်မှုန့်များ သုတ်လိမ်းထားကြ၏။

သမားတော်ကြီးသည်လည်း မျက်နှာကို ဖုံးကွယ်ရန် ဝါးခမောက်တစ်လုံး ဆောင်းထားသည်။

ဈေးသွားမည့်သူများနောက်မှ လိုက်ပါရင်း သူတို့၏ နွားလှည်းသည် ဖြည်းညှင်းစွာဖြင့် ရှေ့သို့ ရွေ့လျားသွားလေသည်။

ခရိုင်မြို့နှင့် နီးလာလေလေ၊ လူတိုင်း၏ ရင်ခုန်သံများမှာလည်း မြန်လာလေလေပင်။

အထူးသဖြင့် ဝေ့သခင်မ၏ ရင်ဘတ်ထဲတွင် တဒိန်းဒိန်း ခုန်နေလေသည်။ သူမသည် ရှောင်ယန်ကို တင်းကျပ်စွာ ဖက်ထားပြီး စိတ်ကို ငြိမ်အောင်ထားကာ မည်သည့် အားနည်းချက်မျှ မပေါ်စေရန် ကြိုးစားနေလေ၏။

မီတာသုံးဆယ်မြင့်ပြီး သပ်ရပ်စွာ တည်ဆောက်ထားသော မြို့ရိုးကြီးကို ကြည့်ရင်း၊ ညဘက် မြို့ထဲသို့ ခိုးဝင်ရန် မာကူး ဘာကြောင့် အကြံမပေးခဲ့သလဲဆိုတာ လုချင်း နားလည်သွားတော့သည်။

မြင့်မားပြီး ချောမွတ်နေသော မြို့ရိုးသည် ကြွက်သားနှင့်အရိုးအဆင့် သိုင်းသမားများအတွက်ပင် မည်သူမျှ သတိမထားမိအောင် ကျော်တက်ဖို့ ခက်ခဲပေလိမ့်မည်။

ထို့ပြင် သူတို့နှင့်အတူ ဝေ့သခင်မနှင့် ကလေးလည်း ပါနေသေးသည်။

မြို့ရိုးနှင့် နီးလာလေလေ အဖွဲ့သားများအကြား စိုးရိမ်စိတ်များ တိုးပွားလာလေလေ ဖြစ်သည်။

သို့သော်လည်း မြို့တံခါးနှင့် မီတာတစ်ရာခန့် အလိုတွင် သမားတော်ကြီးက နွားလှည်းကို ရုတ်တရက် ရပ်လိုက်သည်။

လုချင်း၏ ကျောပိုးအိတ်ထဲမှလည်း အနည်းငယ် လှုပ်ရှားသွားသည်။

"ဆရာ" လုချင်း လန့်သွားသည်။

"ဟူး...... ငါတို့ ဖုံးကွယ်လို့ မရတော့ဘူးပဲ။" သမားတော်ကြီးက သက်ပြင်းချလိုက်သည်။

မာကူးနှင့် အခြားသူများ ထိတ်လန့်သွားကြပြီး မေးခွန်းမေးရန် ပြင်လိုက်စဉ်မှာပင် မြို့တံခါးဝမှ ကျယ်လောင်သော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ထို့နောက်၌ ရုပ်သွင်တစ်ခုသည် မြို့ရိုးပေါ်တွင် ရုတ်တရက် ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် လူအများအပြား မြို့ထဲမှ ထွက်လာကြပြီး လူအုပ်ကြီးကို မောင်းထုတ်ကာ မြို့တံခါးကို ပိတ်ဆို့လိုက်ကြတော့သည်။

ထိုအခိုက်၌ မြို့ထဲသို့ ဝင်ရန် ရည်ရွယ်ထားသူများမှာ အော်ဟစ်ပြီး ထွက်ပြေးကြတော့လေ၏။ နှေးကွေးနေသည့်သူများဆိုလျှင် ရိုက်နှက်ခံရသဖြင့် အညိုအမဲပင်စွဲကာ သူတို့သယ်လာသောပစ္စည်းများမှာလည်း နေရာအနှံ့ ပြန့်ကျဲကုန်တော့သည်။

ကံကောင်းသည်မှာ ခရိုင်မြို့ဖြစ်သဖြင့် ထိုလူများ အနည်းငယ် ထိန်းသိမ်းမှု ရှိကြပြီး မည်သူမျှ အသတ်မခံရပေ။

ထိုမြင်ကွင်းကို ကြည့်ရင်း လုချင်း၏ မျက်လုံးများမှာ အေးစက်သွားသည်။

"လွန်လွန်းတယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ လူတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဒီလူတွေကို ဒီအတိုင်း သောင်းကျန်းခွင့်ပေးထားကြတာလား။"

မာကူးပင်လျှင် ဒေါသထွက်နေလေသည်။

ဝေ့သခင်မနှင့် သူမ၏သားမှာမူ ပို၍ပင် နာကြည်းမိရင်း ခံပြင်းနေကြသည်။

ဒီလူတွေက သိပ်ကို မောက်မာလွန်းသည်။ ဒီရက်ပိုင်းအတွင်း သူတို့၏အိမ်တော်မှာ ဘယ်လောက်တောင် အနိုင်ကျင့်ခံခဲ့ရသလဲဆိုတာ သူတို့ တွေးပင် မတွေးကြည့်ရဲပေ။

မကြာမီမှာပဲ မြို့ထဲသို့ ဝင်ချင်သော လူအုပ်ကြီးမှာ ကွဲသွားကြပြီး လုချင်း၏ နွားလှည်းသာ တစ်စီးတည်း ကျန်ရစ်ခဲ့တော့သည်။

"ဘယ်က မွေးရာပါနယ်ပယ် မိတ်ဆွေကများ ဒီလောက်တောင် သဘောကောင်းကောင်းနဲ့ ဝေ့ရှင်းဟယ်ရဲ့ ဇနီးနဲ့ သားကို ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးရတာလဲ။ ဒီက ကျွန်တော် ဝမ်ချန်းယီက တကယ်ပဲ ကျေးဇူးတင်မိပါတယ်ဗျာ။"

ထိုစကားသံကြောင့် မြို့တစ်မြို့လုံး တုန်လှုပ်သွားကြသည်။

မူလက ထျန်းချန်းဂိုဏ်း၏ မြို့တံခါး ပိတ်ဆို့ထားမှုကပင် မြို့တွင်း အင်အားစုများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပြီးဖြစ်ရာ ကျူးကျော်လာသော နဂါးက ဘာလုပ်ချင်နေသလဲဆိုတာ သိချင်နေကြသည်။

အခု ဝမ်ချန်းယီ၏ အသံကို ကြားလိုက်ရချိန်၌တော့............

ဝေ့မိသားစုရဲ့ သခင်မနဲ့ သခင်လေးဝေ့တို့ ပြန်ရောက်လာပြီတဲ့လား။

ပြီးတော့ နောက်ထပ် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပါ ပါဝင်ပတ်သက်နေတယ်ပေါ့လေ။

ချက်ချင်းပင် မြို့တွင်းရှိ အင်အားစုအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး သူတို့၏ ကျွမ်းကျင်သူများကို မြို့တံခါးဝသို့ စေလွှတ်လိုက်ကြသည်။

"နောက်ထပ် မွေးရာပါနယ်ပယ် တစ်ယောက်"

ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်။

စစ်တုရင် ကစားနေသော ခရိုင်အုပ်ချုပ်ရေးမှူးသည် ဝမ်ချန်းယီ၏ အသံကို ကြားလိုက်ရသောအခါ၌ ကြောင်အမ်းသွားလေသည်။

သူ့ရဲ့ ဝေးလံခေါင်ဖျားတဲ့ မြို့လေးက မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာရအောင် ဘယ်တုန်းကများ ဒီလောက်တောင် ရေပန်းစားသွားတာပါလိမ့်။

"သွားကြည့်ရအောင်။"

သူ့တစ်ဖက်ရှိ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်က တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်သည်။

"ကျိယွဲ့...... မင်း တစ်ခုခု သိထားတာလား။"

ခရိုင်အုပ်ချုပ်ရေးမှူးက သူ့သူငယ်ချင်းကို အလျင်အမြန် မေးလိုက်သည်။ မနေ့တုံးက ကျိယွဲ့ အချိန်ခဏလောက် ပျောက်သွားခဲ့တာကို သူ ပြန်သတိရလိုက်မိသည်။

သို့သော် ရိုးရှင်းစွာ ဝတ်ဆင်ထားသော လူငယ်သည် သူ့မေးခွန်းကို လျစ်လျူရှုပြီး အပြင်သို့သာ ထွက်သွားလေသည်။

"ဟေး...... ကျိယွဲ့...... ငါ့ကို စောင့်ဦးလေ"

ခရိုင်အုပ်ချုပ်ရေးမှူးကလည်း သူ့နောက်သို့ အလျင်အမြန် လိုက်သွားသည်။

........

ဝေ့အိမ်တော်အတွင်းရှိ သီးခြားခြံဝင်းတစ်ခုတွင်။

"နဉ်ယန်နဲ့ အန်းအာ ပြန်ရောက်လာပြီ"

ဝေ့ရှင်းဟယ်သည် မြို့ထဲတွင် ပဲ့တင်ထပ်သွားသော အသံကို ကြားလိုက်ရသောအခါ၌ ပထမတွင် ဝမ်းသာသွားပြီးနောက် နောက်တစ်ခဏတွင်တော့ သူ့မျက်နှာထားမှာ ပြောင်းလဲသွားတော့သည်။

"နောက်ထပ် မွေးရာပါနယ်ပယ် တစ်ယောက်လား၊ ဘယ်သူလဲ။ နဉ်ယန်နဲ့ အန်းအာက သူ့လက်ထဲ ရောက်သွားတာလား။"

"ဘယ်လိုလုပ်ကြမလဲ သခင်ကြီး။ ဘိုးဘေးကလည်း ထွက်မလာသေးဘူး ၊ သူ့ကို အသိပေးလိုက်ရမလား။"

ဝေ့မိသားစု၏ အိမ်တော်ထိန်းက စိုးရိမ်တကြီး မေးလိုက်သည်။

"မလိုတော့ဘူး၊ ငါ ကြားပြီးပြီ။" ဝေ့ရှန်ဟိုင်သည် ခြံဝင်းထဲတွင် ပေါ်လာလေသည်။

"ဘိုးဘေး" ဝေ့ရှင်းဟယ်နှင့် အိမ်တော်ထိန်းတို့ ဝမ်းသာသွားကြသည်။ "ဘိုးဘေးရဲ့ ဒဏ်ရာက ဘယ်လိုနေသေးလဲ။"

"မထူးခြားပါဘူးကွာ။" ဝေ့ရှန်ဟိုင်က ခေါင်းခါလိုက်ပြီး စိတ်ပျက်စရာ အဖြေတစ်ခုကို ပေးလိုက်သည်။ "ငါ တရားမှတ်နေတာ ရက်တော်တော်ကြာပြီ၊ ဘာမှ တိုးတက်မှု မရှိဘူး။"

သို့သော် ဝေ့ရှင်းဟယ်က အလျင်အမြန်ပင် အားတက်သွားသည်။ "ဘိုးဘေး...... ဝမ်ချန်းယီ ပြောတာ နဉ်ယန်နဲ့ အန်းအာ ပြန်ရောက်လာပြီတဲ့၊ တခြား မွေးရာပါနယ်ပယ် တစ်ယောက်ရဲ့ လက်ထဲမှာတဲ့။"

"သူတို့ရဲ့ သွေးနဲ့ချီက အရမ်း အားနည်းနေတယ်၊ သိပ်ဝေးလွန်းတော့ ငါ သေချာ မပြောနိုင်ဘူး။ ဒါပေမဲ့ မြို့ပြင်မှာ မရင်းနှီးတဲ့ မွေးရာပါနယ်ပယ် အရှိန်အဝါတစ်ခု ရှိနေတာတော့ အမှန်ပဲ။"

ဝေ့ရှန်ဟိုင်၏ မျက်နှာက တည်ကြည်နေသည်။

ချန်းခရိုင်မြို့လေးက တတိယမြောက် မွေးရာပါနယ်ပယ် တစ်ယောက်ကို ဘယ်လိုများ ဆွဲဆောင်နိုင်ခဲ့သလဲဆိုတာ သူ စဉ်းစားလို့ မရပေ။

အသစ်ရောက်လာတဲ့သူက မိတ်ဆွေလား ရန်သူလား၊ လမ်းကြုံဝင်လာတာလား၊ ဝမ်ချန်းယီရဲ့ အစွမ်းထက်တဲ့ မဟာမိတ်လား။

ခဏတာတော့ တည်ငြိမ်သော ဝေ့ရှန်ဟိုင်ပင်လျှင် စိတ်မအေးဖြစ်သွားမိသည်။

သို့သော် ဘာပဲဖြစ်ဖြစ် သူ ထွက်သွားပြီး ဒီကိစ္စကို ဖြေရှင်းရမည်မှန်း သူ သိလေသည်။

မြို့ထဲတွင် ဝမ်ချန်းယီ၏ စကားကြောင့် အင်အားစုအားလုံး ရှုပ်ထွေးနေကြသည်။

မြို့ပြင်တွင်တော့ လုချင်းသည် မြို့ရိုးပေါ်မှ ရုပ်သွင်ကို မော့ကြည့်လိုက်သည်။

ထိုအခိုက်၌ မြို့ရိုးပေါ်မှ ရုပ်သွင်သည် သူ့အမြင်အာရုံထဲတွင် ရွှေရောင်အလင်းဖျော့ဖျော့လေး လင်းလက်နေလေသည်။

[ဝမ်ချန်းယီ - မြောက်ပိုင်းနယ်စပ်ရှိ ထျန်းချန်းဂိုဏ်း၏ အတွင်းစည်းအကြီးအကဲ၊ ဟန်ဆောင်ကောင်းပြီး သံသယများတတ်သည်၊ ရုပ်ဖျက်ကောင်းသည်၊ အလွန် အကာအကွယ်ပေးတတ်သည်။]

[ကျင့်ကြံမှုအဆင့် - မွေးရာပါနယ်ပယ် အစောပိုင်းအဆင့်ထိပ်ဆုံး၊ ရွှေဓာတ်သဘာဝ ချီစစ်။]

[မွေးရာပါနယ်ပယ် လျှို့ဝှက်နည်းလမ်းများစွာ ပိုင်ဆိုင်ထားပြီး၊ အထူးသဖြင့် ဓားသိုင်းပညာတွင် ကျွမ်းကျင်သည်။]

[ငယ်စဉ်က ဝေ့ရှန်ဟိုင်နှင့် ခရီးအတူသွားဖူးပြီး ရင်းနှီးသော မိတ်ဆွေများ ဖြစ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရတနာခွဲဝေမှု မညီမျှသဖြင့် လမ်းခွဲခဲ့ကြသည်။]

သူ့အမြင်အာရုံထဲတွင် ပေါ်လာသော အချက်အလက်များကို ကြည့်ပြီး လုချင်း သက်ပြင်းချလိုက်မိသည်။

ကံကောင်းစွာဖြင့် ဝမ်ချန်းယီ၏ ကျင့်ကြံမှုသည် မွေးရာပါနယ်ပယ် အစောပိုင်းအဆင့်ထိပ်ဆုံးမှာသာ ရှိပြီး သူ့ဆရာထက် သိပ်မသာပေ။

သူတို့ လုံးဝ အရေးနိမ့်နေသည့် အနေအထားတော့ မဟုတ်ပေ။

သို့သော်လည်း ဝမ်ချန်းယီနှင့် ဝေ့မိသားစုဘိုးဘေးတို့က တစ်ချိန်က မိတ်ဆွေများ ဖြစ်ခဲ့ဖူးသည်ကို သိလိုက်ရ၍ သူ အံ့ဩသွားမိသည်။

ဒါက ဝေးလံခေါင်ဖျားသော မြောက်ပိုင်းနယ်စပ်မှ ထျန်းချန်းဂိုဏ်းက ဒီအစွန်အဖျား မြို့လေးမှ ဝေ့မိသားစုအကြောင်းကို ဘယ်လိုသိပြီး ရတနာလာလုသလဲဆိုတာကို ရှင်းပြလိုက်သလိုပင်။

"ဆရာ...... သူ ကျွန်တော်တို့ကို ဘယ်လို ရှာတွေ့သွားတာလဲ။" လုချင်းက မေးလိုက်သည်။

"ငါတို့ ကံဆိုးတာပါကွာ။ ဒီ မွေးရာပါနယ်ပယ် သိုင်းပညာရှင်က မြို့တံခါးနားမှာ စောင့်နေပုံရတယ်၊ ငါတို့ အနားရောက်တာနဲ့ ငါ့ရဲ့ မွေးရာပါနယ်ပယ် အရှိန်အဝါကို သူ အာရုံခံမိသွားတာ။"

သမားတော်ကြီးက ပျက်ယွင်းနေသောမျက်နှာဟန်ထားဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့ ကံဆိုးတာ မဟုတ်လောက်ဘူး၊ သူက ဒီအနီးအနားကနေ ဘယ်မှမသွားဘဲ ဝေ့မိသားစုဘိုးဘေးကို အမြဲ စောင့်ကြည့်နေတာ ဖြစ်မယ်။" လုချင်းက မဲ့ပြုံးပြုံးလိုက်သည်။

သူ ရရှိထားသော သတင်းအချက်အလက်များအရဆိုလျှင် ဤဝမ်ချန်းယီဆိုသူက ဟန်ဆောင်ကောင်းသူထဲတွင် စံပြဟုပင် ပြောရမည့်လူတစ်ဦးဖြစ်သည်။

ထိုကဲ့သို့သောလူမျိုးတွေက သူတို့၏ရည်မှန်းချက် အောင်မြင်ဖို့အတွက်ဆိုရင် ဇွဲမလျှော့တတ်ကြပေ။

ဝေ့မိသားစုကို တိုက်ခိုက်ခြင်းအစီအစဉ် ကျရှုံးသွားပြီးနောက်၌ ဝမ်ချန်းယီသည် မြို့ကို စောင့်ကြပ်နေပြီး ဝေ့မိသားစုမှ ဝင်ထွက်သွားလာသူ မည်သူ့ကိုမဆို အာရုံခံနေခဲ့ခြင်း ဖြစ်မည်ဟု လုချင်း ခန့်မှန်းလိုက်သည်။

"ဆရာ...... ဝမ်ချန်းယီကို နိုင်အောင် တိုက်နိုင်လောက်လားဗျ။" လုချင်း တိုးတိုးလေး မေးလိုက်သည်။

"မနိုင်လောက်ဘူး၊" သမားတော်ကြီးက ခေါင်းခါလိုက်သည်။ "ဒီ မွေးရာပါနယ်ပယ် သိုင်းပညာရှင်ရဲ့ အရှိန်အဝါက အားကောင်းတယ်၊ ငါက တိုက်ခိုက်တာ မကျွမ်းကျင်ဘူးလေ။ တကယ်တိုက်ရရင် ငါက သူ့ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး။"

"လီချန်ပေ့ ချန်ထားခဲ့တဲ့ နည်းလမ်းတွေနဲ့တောင် မရဘူးလား။"

"ခက်မယ်။ မင်းဆရာက ဉာဏ်ထိုင်းတယ်ကွ။ လီချန်ပေ့ရဲ့ နည်းလမ်းတွေထဲက နှစ်ခုပဲ လေ့ကျင့်ရသေးတာ၊ အဲ့ဒါတောင် သုံးပုံလေးပုံလောက်ပဲ သဘောပေါက်သေးတယ်။ ဒီ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူအစစ်တွေနဲ့ ယှဉ်လို့မရသေးဘူး။"

"ဒါဆိုရင် ဝေ့မိသားစုဘိုးဘေး ထွက်မလာခင်အထိ ကျွန်တော်တို့ အချိန်ဆွဲထားရမယ်။"

လုချင်း စိတ်ရှုပ်သွားသည်။

ဒါပေမဲ့ ဝမ်ချန်းယီက မဆင်မခြင် လုပ်လိမ့်မည် မဟုတ်ဟု သူ ယုံကြည်သည်။

ဘာပဲဖြစ်ဖြစ် သူ့ဆရာက တိုက်ခိုက်တာ မကျွမ်းကျင်ဘူးဆိုတာ သူမှ မသိတာ။

ဝေ့မိသားစုဘက်မှာ နောက်ထပ် မွေးရာပါနယ်ပယ် တစ်ယောက် ရှိနေတာကြောင့် နောက်ထပ် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်နှင့်တော့ ပဋိပက္ခ အလွယ်တကူ ဖြစ်ချင်မှာ မဟုတ်ချေ။

မာကူးနှင့် အခြားသူများသည် ဆရာတပည့် စကားပြောနေသည်ကို ကြားလိုက်ရချိန်၌ ကြောင်အမ်းသွားကြသည်။

"သသသ..............သမားတော်ကြီး ၊ သမားတော်ကြီးက မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်လား။"

မာကူးခင်ဗျာ စကားတွေတောင် ထစ်ကုန်ရှာလေပြီ။

"ကံကောင်းလို့ မွေးရာပါနယ်ပယ်ကို ရောက်သွားရုံပါပဲကွာ၊ ကျွမ်းကျင်သူတော့ မဟုတ်ပါဘူး။" သမားတော်ကြီးက ခေါင်းခါလိုက်သည်။

မာကူးတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရလေ၏။

ကြင်နာတတ်ပြီး ဖော်ရွေသော သမားတော်ကြီးက ဒဏ္ဍာရီလာ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။

သမားတော်ကြီးက ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းသမားတစ်ယောက်မှန်း သူ သိထားသော်လည်း တိတ်တဆိတ် မွေးရာပါနယ်ပယ်အဆင့်သို့ ရောက်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

ဝေ့သခင်မနှင့် သူမ၏သားမှာလည်း လှည်းမောင်းလာသော အဘိုးအိုက ဒဏ္ဍာရီလာ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသည်ကို မယုံကြည်နိုင်ဖြစ်နေကြလေ၏။

မာကူးနှင့် အခြားသူများ တုန်လှုပ်နေစဉ်တွင် ဝမ်ချန်းယီကမူ မကျေမနပ် ဖြစ်နေလေသည်။

သူ၏ စေတနာကို လျစ်လျူရှုခံလိုက်ရပြီးနောက် သူ့ကို အရေးမလုပ်သလို ဖြစ်နေသည်ကို သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း မြို့ထဲရှိ ဝေ့ရှန်ဟိုင်ကို တွေးမိပြီး ဒေါသကို မြိုသိပ်လိုက်သည်။

"မိတ်ဆွေ...... ကျုပ်ရဲ့ အဆိုပြုချက်ကို ဘယ်လို သဘောရလဲ။ ဝေ့မိသားစု သားအမိကို လက်လွှဲပေးမယ်ဆိုရင် ကျုပ်ရဲ့ ထျန်းချန်းဂိုဏ်းက ခင်ဗျားကို ဆုကြီးကြီး ချပါ့မယ်။"

ဒါက ဝမ်ချန်းယီ သူ့ဂိုဏ်းနာမည်ကို လူသိရှင်ကြား ပထမဆုံးအကြိမ် ထုတ်ပြောခြင်းပင်။

သို့သော် သူသည် လျှို့ဝှက်ဆန်းကြယ်သော မွေးရာပါနယ်ပယ် သိုင်းပညာရှင်ကို သတိထားနေပြီး ဂိုဏ်းနာမည်ဖြင့် ခြိမ်းခြောက်ချင်နေခြင်းမှာ ထင်ရှားလှပါ၏။

ကံမကောင်းစွာဖြင့် သမားတော်ကြီးက ထျန်းချန်းဂိုဏ်းဆိုတာ ဘာမှန်းတောင် မသိပေ။

သူက ခေါင်းခါလိုက်ပြီး "ခွင့်လွှတ်ပါကွာ၊ ငါ လက်မခံနိုင်ဘူး။ မင်းမှာ သတ်ဖြတ်ချင်တဲ့စိတ် ရှိနေတယ်။ ဒီကလေးနှစ်ယောက် မင်းလက်ထဲ ရောက်သွားရင် ကောင်းကောင်း အဆုံးသတ်ရမှာ မဟုတ်ဘူး။"

"ဒါဆို ခင်ဗျားက ဝေ့မိသားစုကို ကူညီဖို့ ဆုံးဖြတ်ထားတယ်ပေါ့လေ။"

ဝမ်ချန်းယီ၏ မျက်လုံးများ အေးစက်သွားပြီး သူ့အရှိန်အဝါကလည်း မြင့်တက်လာသည်။

သမားတော်ကြီးနှင့် အဖွဲ့က ဝေ့မိသားစုကို ကူညီနေတာ သေချာပြီဟု သူ အတည်ပြုလိုက်၏။

သူ့တပည့် သုံးယောက် သေဆုံးခဲ့ရသည်ကို ပြန်သတိရလိုက်ပြီးနောက် သူ့မျက်လုံးများမှာ ပို၍ပင် အေးစက်သွားတော့သည်။

ထို့နောက်တွင်တော့ သူ့လေသံက ယဉ်ကျေးမနေတော့ပေ။ "အဘိုးကြီး......ငါ့တပည့်တွေကို သတ်လိုက်တာ ခင်ဗျားလား။"

ဝမ်ချန်းယီ၏ မြင့်တက်လာသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် လုချင်း၏ နှလုံးသားပင် တုန်လှုပ်သွားရတော့သည်။

ထို့နောက် သူ ရှေ့တိုးလိုက်ပြီး အော်ပြောလိုက်သည်။

"ခင်ဗျားက မြင့်မြတ်သောတောင်တော်ရဲ့ တားမြစ်ချက်ကို ဖောက်ဖျက်ပြီး ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်နေတာလား။"

"ရောင့်တက်လိုက်တာ"

သာမန် ကြွက်သားနှင့်အရိုးအဆင့် သိုင်းသမားလေးတစ်ယောက်က သူ့ကို အော်ရဲသည်ကို မြင်လိုက်ရသဖြင့် ဝမ်ချန်းယီ၏ မျက်လုံးများတွင် ရက်စက်မှုများ လက်ခနဲ ပေါ်လာပြီး သူ့၏ စွမ်းအားကြီးသော အရှိန်အဝါဖြင့် လုချင်းကို ဖိချလိုက်သည်။

နွားလှည်းပေါ်ရှိ လူအားလုံး အပါအဝင်ပေါ့။

မွေးရာပါနယ်ပယ် သိုင်းပညာရှင်၏ စွမ်းအားသည် သာမန်မဟုတ်ပေ။ သူ့အရှိန်အဝါ၏ အစွန်းအဖျားလောက်နှင့် ထိတာတောင်မှ ဝေ့သခင်မနှင့် အခြားသူများမှာ မသက်မသာ ခံစားလိုက်ရပြီး သတိလစ်မတတ် ဖြစ်သွားကြရလေ၏။

ကံကောင်းစွာဖြင့် သမားတော်ကြီးက လက်ဝှေ့ယမ်းလိုက်ရာ နူးညံ့သော အရှိန်အဝါတစ်ခုက သူတို့ကို လွှမ်းခြုံသွားပြီး ဝမ်ချန်းယီ၏ ဖိအားကို တားဆီးပေးလိုက်သည်။

သို့တိုင်အောင် ဝေ့သခင်မနှင့် အခြားသူများမှာ ကျယ်လောင်စွာ ချောင်းဆိုးလိုက်ကြသည်။

ကြွက်သားနှင့်အရိုးအဆင့် ရှိသော မာကူးပင်လျှင် မျက်နှာနီရဲသွားပြီး ကြောက်လန့်နေလေ၏။

မွေးရာပါနယ်ပယ် သိုင်းပညာရှင်၏ စွမ်းအားကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်ပြီး တကယ်ကို ကြောက်စရာ ကောင်းလှသည်ပင်။

"အဒေါ်...... အဆင်ပြေရဲ့လား။"

ရှောင်ယန်က စိုးရိမ်တကြီးဖြင့် အဒေါ်ဖြစ်သူ အသက်ရှူရလွယ်ကူစေရန် ကျောကို ပုတ်ပေးလိုက်သည်။

"အဒေါ် အဆင်ပြေပါတယ်......" ဝေ့သခင်မက ခေါင်းခါလိုက်သော်လည်း မကြာမီ တစ်ခုခု မှားနေသည်ကို ခံစားလိုက်ရသည်။ "ရှောင်ယန်...... သမီး နေရခက်မနေဘူးလား။"

ရှောင်ယန်က စိတ်ပူနေပုံရသော်လည်း ဘာမှမဖြစ်ဘဲ ပုံမှန်အတိုင်း ရှိနေသည်ကို မြင်လိုက်ရချိန်၌ ဝေ့သခင်မ ကြောင်အမ်းသွားသည်။

"ဟင့်အင်း...... ဒါပေမဲ့ ဟိုဘက်က ဦးဦးကြီးက ကြောက်စရာကြီး။ ရှောင်ယန် သူ့ကို မကြိုက်ဘူး။"

ရှောင်ယန်က ခေါင်းခါရင်း မကြိုက်သလို မျက်မှောင်ကြုတ်လိုက်သည်။

ဤအခိုက်၌ ဝေ့သခင်မခင်ဗျာ ဆွံ့အသွားရှာတော့၏။

"ဟမ်"

ဝမ်ချန်းယီသည် သူ့အရှိန်အဝါကို သမားတော်ကြီးက အလွယ်တကူ ချေဖျက်လိုက်သည်ကို မြင်ပြီး အံ့ဩသွားလေသည်။

သူ့ကို ပိုပြီး အံ့ဩသွားစေတာကတော့ သူ့အရှိန်အဝါ၏ ဒဏ်ကို တိုက်ရိုက်ခံလိုက်ရသော လုချင်းက ဘာမှမဖြစ်သလို တည်ငြိမ်စွာ ရပ်နေခြင်းပင်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထိုသည်ကို မြင်လိုက်ရသော သိုင်းသမားအားလုံး အံ့အားသင့်သွားကြတော့သည်။

All Chapters