လူအုပ်ကြီး တုန်လှုပ်ခြင်း၊ သိုင်းပညာ မဟာသခင်၊ နဂါးပျောက် စာရင်း
Vol. 14 Ch. 138
"ငါ...... ငါ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်။ ဟိုကောင်လေးက အစ်ကိုကြီးကို ဒီအဆင့်ထိ ရောက်အောင် တိုက်နိုင်တာလား။"
"ပေါက်ကွဲအားသုံး လျှို့ဝှက်နည်းလမ်းကို ထုတ်သုံးထားတဲ့ အစ်ကိုကြီးကတောင် အဲ့ကောင်လေးကို မဖိနှိပ်နိုင်ဘူးတဲ့လား။"
"ဒီကောင်လေးက တကယ်ပဲ ကြွက်သားနဲ့အရိုးအဆင့်မှာပဲ ရှိနေသေးတာလားဟေ။"
လုချင်းနှင့် လူကောင်ကြီးတို့၏ တိုက်ပွဲကို ကြည့်ရှုနေကြသော သိုင်းသမားအားလုံးသည် သူတို့၏ အတွင်းစိတ်ထဲမှ တုန်လှုပ်မှုကို ဖုံးကွယ်မထားနိုင်ကြပေ။
ယခုအချိန်တွင် လုချင်း၏ အစွမ်းကုန် ပေါက်ကွဲအားအောက်၌ လုချင်း၏ ကျင့်ကြံမှုအဆင့်သည် ကြွက်သားနှင့်အရိုးအဆင့်မှာသာ ရှိသေးကြောင်း လူတိုင်း မြင်တွေ့နိုင်ကြသည်။
သို့သော် ထိုအချက်ကြောင့်ပင် လူတိုင်း၏ နှလုံးသားများမှာ ပို၍တောင် တုန်လှုပ်သွားကြရပါ၏။
အဘယ်ကြောင့်ဆိုသော် ကြွက်သားနှင့်အရိုးအဆင့် ကျင့်ကြံမှုဖြင့် ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာ မဟာသခင်တစ်ဦးကို အရှုံးမပေးဘဲ မည်သို့ တိုက်ခိုက်နိုင်သနည်းဆိုတာ သူတို့ စဉ်းစား၍ မရသောကြောင့်ပင်။
သူ့ဓားသိုင်းပညာက အဆင့်မြင့်လွန်းသောကြောင့်ပါဟု ပြောမည်ဆိုရင် လုချင်းက ဓားသိုင်းပညာမှာ ထူးကဲသည့် ပါရမီရှိသည့်အတွက် သာမန်ဓားသမားတွေထက် သာလွန်သော နယ်ပယ်တစ်ခုကို ကြိုတင်တက်လှမ်းနိုင်ခဲ့သည်ဟူ၍ ရှင်းပြ၍ ရနိုင်သေးသည်။
သို့သော် ကျင့်ကြံမှုအဆင့်ဆိုသည်မှာ လက်တွေ့ကျပြီး ထိတွေ့ကိုင်တွယ်၍ ရသော အရာဖြစ်ကာ လှည့်စား၍ မရပေ။
သာမန်အားဖြင့် ကြွက်သားနှင့်အရိုးအဆင့် သိုင်းသမားတစ်ယောက် ဘယ်လောက်ပဲ သန်မာပါစေ၊ ကိုယ်တွင်းအင်္ဂါအဆင့် မဟာသခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်အတွက် ပြိုင်ဘက်မဖြစ်နိုင်ပေ။
ကျင့်ကြံမှုအဆင့် ကွာခြားချက်တစ်ခုတည်းနှင့်ပင် သူတို့သည် အဆင့်တူမဟုတ်ကြောင်း ပြသနေလေ၏။
သို့သော် ယခုတွင်တော့ လုချင်းသည် သာမန်အသိကို ချိုးဖောက်ပြီး ကိုယ်တွင်းအင်္ဂါ မဟာသခင်တစ်ဦးကို ကြွက်သားနှင့်အရိုးအဆင့်ကျင့်ကြံမှုဖြင့် သရေကျအောင် တိုက်ခိုက်နေလေသည်။
ယင်းက သိုင်းသမားများစွာကို တုန်လှုပ်စေရုံသာမက နားမလည်နိုင်အောင်လည်း ဖြစ်စေခဲ့သည်။
"တကယ်ကြီး ဓားစိတ်ဝိညာဉ်ရှိနေတာပါလား။ ဓားစိတ်ဝိညာဉ်အရိပ်ယောင်လေးပဲ ရှိသေးတာတောင် ဝမ်ချန်းယီရဲ့ တပည့်ကြီးကို ဖိနှိပ်ထားနိုင်တယ်တဲ့လား။ ဒါပေမဲ့ ဒီကောင်လေးရဲ့ ခန္ဓာကိုယ်က ဘာဖြစ်နေတာလဲ။ အရှိန်တစ်စက်ကလေးတောင် ကျမသွားဘဲနဲ့ ဒီလောက်အကြာကြီး ပေါက်ကွဲအားကို ထုတ်သုံးနိုင်တယ်တဲ့လား။ ဘယ်လိုလုပ် ဒီလောက်ထိတောင် သန်မာနေရတာလဲ။"
ထိုစဉ် မြို့တံခါးပေါ်တွင် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်၏ မျက်လုံးများထဲ၌ ထူးဆန်းသော စွမ်းအင်အရိပ်အယောင်တစ်ခု ပေါ်လာပြီး အောက်ဘက်ရှိ တိုက်ပွဲကို လေ့လာနေလေသည်။
သူ တိတ်တဆိတ် တုန်လှုပ်နေမိသည်။
တစ်ကြိမ်သာ ဆုံဖူးသော ထိုကောင်လေးတွင် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာပါရမီ ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကြွက်သားနှင့်အရိုးအဆင့်မှာတင် ဓားစိတ်ဝိညာဉ်ကို နားလည်သဘောပေါက်နိုင်ခြင်း၊ ဓားစိတ်ဝိညာဉ်၏ အရိပ်အယောင်မျှသာ ဖြစ်လင့်ကစား ကောင်းကင်ဘုံကို အာခံဖို့ လုံလောက်နေပြီ ဖြစ်သည်။
သူ ပိုပြီး နားမလည်နိုင်တာက လုချင်း၏ ခန္ဓာကိုယ်သည်လည်း မမျှော်လင့်ထားစွာဖြင့် သန်မာနေပြီး၊ သန်မာထွားကျိုင်းသော မဟာသခင်ကို နောက်ကောက်မကျဘဲ အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်ခြင်းပင်။
အလယ်ပိုင်းဒေသရှိ ထိပ်တန်းဂိုဏ်းများမှ တပည့်ရင်းများပင်လျှင် ဤသို့ပြုလုပ်ရန် ခက်ခဲပေလိမ့်မည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော နေရာအနည်းငယ်မှ ဆက်ခံသူများသာလျှင် ဤကဲ့သို့သော သဘာဝလွန်အရာများကို လုပ်ဆောင်နိုင်လိမ့်မည်။
ထို့နောက် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်သည် သူ့အကြည့်ကို ဘေးဘက်သို့ ရွှေ့လိုက်သည်။
ဤအချိန်တွင် ဝမ်ချန်းယီ၏ မျက်နှာမှာ မီးသွေးခဲကဲ့သို့နှယ် မည်းနက်နေပြီး မျက်လုံးများမှာလည်း မှုန်မှိုင်းနေကာ ဘာတွေးလို့ တွေးနေမှန်းတောင် မသိရပေ။
သူ သတိထားလိုက်ပြီး တိတ်တဆိတ် အကာအကွယ်ယူလိုက်သည်။
"သ.......သမားတော်ကြီး..ညီ........ ညီလေးလုချင်းရဲ့ အစွမ်းက ဘယ်တုန်းက ဒီလောက်ထိတောင် သန်မာသွားတာလဲဗျ။"
နွားလှည်းဘေးတွင် မာကူးက ထစ်အစွာ မေးလိုက်သည်။
လုချင်း အလွန်သန်မာကြောင်း၊ သာမန် ကြွက်သားနှင့်အရိုးအဆင့် သိုင်းသမားတစ်ယောက်အဖြစ် မရှုမြင်သင့်ကြောင်း သူ အမြဲ သိထားခဲ့သည်။
အမည်မဲ့တောင်ကြားတုန်းက လုချင်းသည် ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ဓားတစ်ချက်တည်းနှင့် နောက်ဆုတ်သွားအောင်တောင် လုပ်ခဲ့ဖူးသည်။
ဒါပေမဲ့ ထိုအချိန်တုန်းက လုချင်း၏ ဓားသိုင်းပညာက ထူးချွန်လှသည့်အပြင် ပြိုင်ဘက်ကလည်း အငိုက်မိသွားလို့သာ ဖြစ်သည်။
တကယ့်တိုက်ပွဲမှာ ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ ပေါက်ကွဲအားကို ရင်ဆိုင်ရလျှင် သူ ရှောင်ရှားရဦးမှာ ဖြစ်သည်။
ဘယ်လောက်မှ မကြာသေးဘူး၊ ကိုယ်တွင်းအင်္ဂါအဆင့် မဟာသခင်တစ်ယောက်ကိုတောင် ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်နိုင်နေပြီလား။
ဒီလို ခွန်အားတိုးတက်နှုန်းကြီးက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။
"ငါလည်း မသိဘူး။" သမားတော်ကြီးက ခေါင်းခါလိုက်သည်။ "ငါက အားချင်းရဲ့ ကျင့်ကြံမှုကို ဘယ်တော့မှ ဝင်မစွက်ဖက်ဘူး။ သူ့အစွမ်းက ဘယ်အချိန်ကတည်းက ဒီအဆင့်ထိ ရောက်သွားလဲဆိုတာကို ငါလည်း မသိဘူး။"
ဘေးနားရှိ ဝေ့ကျိအန်းနှင့် ဝေ့သခင်မတို့မှာမူ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီပင်။
သာမန်အားဖြင့် နူးညံ့သိမ်မွေ့သော လုချင်းက တိုက်ပွဲတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
အားလုံးက ဤရှားပါးဖြစ်စဉ် တိုက်ပွဲကြီးကို အံ့ဩနေကြစဉ် လုချင်းနှင့် လူကောင်ကြီးတို့၏ တိုက်ပွဲမှာ ထပ်မံ ပြောင်းလဲသွားပြန်၏။
ချလွင်
တိုက်ပွဲဝင်ဓားနှစ်ချောင်းမှာ ထပ်မံ ရိုက်ခတ်သွားကြပြန်သည်။
သို့သော် ဒီတစ်ကြိမ်တွင် ဒဏ်ရာအပြည့်နှင့် ဓားများသည် သူတို့နှစ်ဦး၏ စွမ်းအားကို မခံနိုင်တော့ဘဲ ကျိုးပဲ့ကုန်ကြတော့၏။
သူတို့လက်ထဲတွင် ဓားသွားအနည်းငယ်သာ ကျန်ရှိသော ဓားရိုးများသာ ကျန်ရစ်တော့သည်။
"မဖြစ်တော့ဘူး"
မာကူးမှာ လန့်သွားပြီး သူ့ဓားရှည်ကို ပစ်ပေးရန် ပြင်လိုက်သည်။
သို့သော် လုချင်းနှင့် လူကောင်ကြီးသည် တိတ်တဆိတ် နားလည်မှုဖြင့် သူတို့၏ ဓားရိုးများကို လွှင့်ပစ်လိုက်ကြတော့၏။
ထို့နောက်တွင်တော့ လက်ဗလာဖြင့် တစ်ယောက်နှင့်တစ်ယောက် ဝင်လုံးကြတော့သည်။
"လာစမ်း"
"ငါ့အကြိုက်ပဲ"
နှစ်ဦးစလုံး စိတ်လှုပ်ရှားလွန်းနေသဖြင့် လက်သီးနှင့် ခြေထောက်ကို သုံးပြီး ထပ်မံ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
ဝုန်း
ဒီတစ်ခါတော့ ဦးဆောင်တိုက်ခိုက်သူမှာ လုချင်းပင်။
သူသည် နဂါးတစ်ကောင်၊ ကျားတစ်ကောင်ကဲ့သို့ ရွေ့လျားလိုက်ရာ ခြေလှမ်းတိုင်းက မြေကြီးကို တုန်ခါသွားစေလေ၏။
ထို့နောက် သူ့ချီနှင့်သွေးများပင် ဆူပွက်လာခဲ့ရာ သူ့ခန္ဓာကိုယ်မှ ကျားဟိန်းသံသဲ့သဲ့ ထွက်ပေါ်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်း သူသည် လူကောင်ကြီးထံသို့ ရောက်ရှိသွားပြီး လက်သီးဖြင့် ထိုးလိုက်တော့၏။
ထိုလက်သီးချက်ကြောင့် ပတ်ဝန်းကျင်လေထုသည် လုံးဝကို ကမောက်ကမဖြစ်သွားပြီး လေတိုးသံများ ထွက်ပေါ်လာသည်။
လက်သီးပေါ်မှ လေထုသည် အရှိန်ပြင်းလွန်းလှသဖြင့် အချိန်မီ မကွဲလွင့်နိုင်ဘဲ ပေါက်ကွဲအားပါသော လေထုထည်တစ်ခုအဖြစ် စုစည်းသွားကာ အလွန်အားကောင်းသော စွမ်းအားကို သယ်ဆောင်လျက် လူကောင်ကြီးထံသို့ ပစ်လွှတ်လိုက်တော့လေ၏။
ဒီလောက်တောင် ကြမ်းတာလား
လုချင်း၏ ကြမ်းတမ်းသော လက်သီးချက်ကို မြင်လိုက်ရသောအခါ၌ လူကောင်ကြီး၏ မျက်ခွံများမှာ လှုပ်ခတ်သွားချေပြီပင်။
အစကတော့ ဓားမရှိတော့လျှင် လက်ဗလာဖြစ်သွားမည့် လုချင်းက သူ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဟု သူ ထင်ထားခဲ့ပါ၏။
ဘာပဲပြောပြော သူက ဂိုဏ်းမှာ လေ့ကျင့်လာတာ နှစ်ပေါင်းများစွာ ကြာပြီလေ။
သူ ဂုဏ်အယူရဆုံး ဓားသိုင်းပညာအပြင်၊ လက်သီးနှင့် ခြေထောက်စွမ်းရည်တွေကလည်း တော်တော်လေးကို ကောင်းမွန်လှပါ၏။
သူ့ဆရာတူ ညီလေး ၃ ကတောင် သူ့ကို ကျော်တက်နိုင်ချင်မှ ကျော်တက်နိုင်မှာ။
လုချင်းက လူငယ်တစ်ယောက်အနေနဲ့ ဓားသိုင်းပညာမှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှိလို့ မဟာသခင်အဆင့် ဓားနယ်ပယ်ကို ကြိုပြီးနားလည်ထားပေမဲ့လည်း သူ့ရဲ့ လက်သီးနဲ့ ခြေထောက်စွမ်းရည်တွေကတော့ ကောင်းမနေလောက်ဘူးလေ။
သို့သော်ငြား ယခု လုချင်း၏ လက်သီးအရှိန်အဟုန်ကို ခံစားလိုက်ရသည့်အခိုက်တွင်တော့ သူ့အတွေးတွေ အကြီးအကျယ် မှားသွားပြီဆိုတာကို လူကောင်ကြီး နားလည်သွားတော့၏။
လုချင်းရဲ့ လက်သီးသိုင်းက သူ့ထက် အများကြီး သာလွန်နေတာပဲ။
သို့သော် ထိုသည်ကို သဘောပေါက်ဖို့ အချိန်နှောင်းသွားပြီပင်။
တစ်ခဏအတွင်းမှာပင် လုချင်း၏ လက်သီးက သူ့ထံ ရောက်လာခဲ့၏။
ဤလက်သီးချက်ကနေ နောက်ဆုတ်လို့မရဘူးဆိုတာကို လူကောင်ကြီးမှာ အလိုလိုခံစားမိလိုက်သည်။
သူသာ နောက်ဆုတ်လိုက်လျှင် ဦးဆောင်နိုင်ခွင့်က လုချင်းလက်ထဲ ချက်ချင်းကို ရောက်သွားလိမ့်မည်ပင်။
လုချင်း၏ လက်သီးသိုင်းကျွမ်းကျင်မှုနှင့် လက်ရှိတွေ့ကြုံနေရသော တားဆီးမရသည့် အရှိန်အဟုန်အရဆိုလျှင်..................
အကယ်၍ သူသာ အသာစီးရနေမှုကို လက်လွတ်ဆုံးရှုံးလိုက်ရပါက ပြန်လည်ရယူရန် အလွန်ခက်ခဲသွားပေလိမ့်မည်။
သူ ရှုံးနိမ့်သွားသည့်အချိန်အထိ အခြေအနေကို ပြောင်းပြန်ပြန်လှန်နိုင်တော့မည် မဟုတ်ပေ။
အသာစီးရမှုကို ထိန်းထားနိုင်ရန်အတွက်ဆိုလျှင် သူသည် ထိပ်တိုက်ရင်ဆိုင်ရပေမည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူကောင်ကြီးသည် ဆုံးဖြတ်ချက်ချလိုက်တော့၏။
လုချင်း၏ခွန်အားသည် သူနှင့်ယှဉ်လျှင် အနည်းငယ်မျှ နိမ့်ပါးနေသေး၏။
သူသာ ဒီတိုက်ခိုက်မှုကို တောင့်ခံနိုင်လိုက်ပါက လုချင်း၏ အရှိန်အဝါကျဆင်းသွားချိန်တွင် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးရရှိလာပေလိမ့်မည်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် လူကောင်ကြီးသည် မြင်းစီးသိုင်းကွက်ပုံစံ ခွရပ်လိုက်ပြီး နေရာတွင် အခိုင်အမာရပ်တန့်ကာ လုချင်း၏လက်သီးကို ကာကွယ်ဖို့အတွက် လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံယှက်လိုက်လေသည်။
ဝုန်း
သိုင်းပညာရှင်များ၏ စောင့်ကြည့်နေမှုအောက်တွင် လုချင်း၏ ကျားဟိန်းသံပါသော လက်သီးချက်သည် မည်သည့်လှည့်ကွက်မျှမပါဘဲ လူကောင်ကြီး၏ ယှက်ထားသောလက်မောင်းများထက်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့လေ၏။
ကြီးမားသောခွန်အားများ ချက်ချင်းပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်လေထုကို လိမ်ရှုပ်သွားစေကာ တိုက်ခိုက်နေသူနှစ်ဦး၏ ပုံရိပ်များကိုပင် ဝေဝါးသွားစေခဲ့သည်။
လူအုပ်ကြီးသည် လုချင်း၏လက်သီးချက်အောက်တွင် လူကောင်ကြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်ကိုသာ ဝိုးတဝါးမြင်လိုက်ကြရ၏။
သို့သော် သူ၏ဟန်ချက်မှာ ပျက်မသွားဘဲ မြဲမြံစွာ ရပ်တည်နေဆဲပင်။
သို့သော် ဤမျှနှင့် မပြီးဆုံးသေးပေ။
လူကောင်ကြီး နောက်ဆုတ်သွားသည်ကို မြင်သောအခါ လုချင်းသည် ရှေ့သို့တက်ကာ ဖိအားပေးလိုက်ရာ သူ၏ဖိနပ်များပင် ချက်ချင်းစုတ်ပြဲသွားပြီး ခြေအောက်မှမြေကြီးမှာလည်း မုန့်နှစ်ကဲ့သို့ တွန့်လိမ်သွားတော့သည်။
မြေကြီးဆီမှ ခွန်အားကိုယူကာ ကျားဟိန်းသံနှင့်အတူ လုချင်းသည် နောက်ထပ်တစ်ကြိမ် လက်သီးဖြင့် ထိုးနှက်လိုက်ပြန်လေ၏။
လူကောင်ကြီးမှာလည်း ထပ်မံကာကွယ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။
ဝုန်း
ထိုလက်သီးချက် ထိမှန်သွားပြီးနောက်၌ ခွန်အားများ ပေါက်ကွဲထွက်လာရာ လူကောင်ကြီးမှာ နောက်ထပ်ခြေတစ်လှမ်း ဆုတ်ခွာသွားရပြန်သည်။
လုချင်းကလည်း မဆိုင်းမတွဖြင့် ရှေ့သို့ထပ်တက်လာပြီး ထပ်မံထိုးနှက်လိုက်ပြန်၏။
ဝုန်း……ဝုန်း….ဝုန်း…….
ဤကဲ့သို့ပင် လူကောင်ကြီး နောက်ဆုတ်လိုက်သည့် ခြေလှမ်းတိုင်းတွင် လုချင်းကလည်း လက်သီးတစ်ချက်ဖြင့် ရှေ့တက်လာခဲ့လေသည်။
နောက်ဆုံး ကိုးချက်မြောက်လက်သီးတွင် လုချင်းသည် ရပ်တန့်လိုက်ပြီး ဆက်လက်မတိုက်ခိုက်တော့ပေ။
လူကောင်ကြီးမှာလည်း သူ၏ကာကွယ်ရေးပုံစံကို ဆက်လက်ထိန်းသိမ်းရင်း ငြိမ်သက်ရပ်တန့်နေတော့၏။
ဤအချိန်တွင် လုချင်းနှင့် လူကောင်ကြီးနှစ်ဦးစလုံး၏ ကိုယ်ပေါ်မှ အဖြူရောင်အခိုးအငွေ့များ လှည့်ပတ်ထွက်ပေါ်နေကြသည်။
၎င်းမှာ သူတို့၏ အားကောင်းသော ချီနှင့်သွေးတို့မှ ထွက်ပေါ်လာသည့် အပူရှိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်လာသော ချွေးများ အငွေ့ပျံခြင်းပင် ဖြစ်လေသည်။
သူတို့ပတ်ဝန်းကျင်ရှိ မြေပြင်မှာလည်း ညီညာခြင်းမရှိတော့ဘဲ ချိုင်းခွက်များနှင့် ရှုပ်ပွနေတော့သည်။
ရုတ်တရက် လူကောင်ကြီးက မေးလိုက်သည်။ "ဒါ ဘာလက်သီးသိုင်းလဲ။"
လုချင်းက ပြန်ဖြေလိုက်သည်။ "ကျားရိုင်းလက်သီးသိုင်း။"
"ကျားရိုင်းလက်သီးသိုင်းတဲ့လား၊ နာမည်နဲ့လိုက်အောင် ကမ္ဘာမြေကိုတောင် လွှမ်းမိုးမယ့် ကျားတစ်ကောင်လို ကြမ်းတမ်းပါတယ်။ မဟာသခင်အဆင့် လက်သီးသိုင်းတစ်ခု ဖြစ်ရတာနဲ့ တန်ပါတယ်။"
"ဒီလိုလက်သီးသိုင်းပညာရှင်တစ်ယောက်ရဲ့လက်ချက်နဲ့ ရှုံးနိမ့်ရတာ ငါ့မှာ ပြောစရာမရှိပါဘူး။"
လူကောင်ကြီးမှာ ထိုစကားဆုံးသည်နှင့် နောက်ထပ်မထိန်းချုပ်နိုင်တော့ဘဲ သွေးများအန်လိုက်မိတော့သည်။ ထို့နောက်တွင်တော့ သူ့ခန္ဓာကိုယ်သည် နောက်သို့ လဲကျသွားတော့လေ၏။
လုချင်း၏ ဆက်တိုက်ထိုးနှက်မှုအောက်တွင် သူ၏ ချီနှင့်သွေးများမှာ ကစဉ့်ကလျား ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။
သူ၏ ကိုယ်တွင်းအင်္ဂါများမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားတာကြောင့် ဆက်လက်မတိုက်ခိုက်နိုင်တော့ချေ။
လုချင်းသည် လဲကျသွားသော လူကောင်ကြီးကို ကြည့်ကာ လှည့်ထွက်လာခဲ့လိုက်သည်။
နောက်ဆုံးလက်သီးချက်ဖြင့် အဆုံးသတ်လိုက်ချင်စိတ်မရှိတာမဟုတ်သော်လည်း ဤကဲ့သို့ ပြင်းထန်သောတိုက်ပွဲအပြီးတွင် သူ၏ခွန်အားများလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေပြီပင်။
ထို့ပြင် လူကောင်ကြီး ရှုံးနိမ့်သွားသည့်အချိန်၌ သူ့ဘေးပတ်လည်တွင် သိမ်မွေ့သော သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခု ဝဲပျံနေသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်၏။
၎င်းမှာ ဝမ်ချန်းယီထံမှ သတိပေးချက်ပင် ဖြစ်လေသည်။
အကယ်၍ သူသာ လူကောင်ကြီးကို သတ်ဖြတ်ရန် ကြိုးစားခဲ့ပါက ဝမ်ချန်းယီသည်လည်း တွန့်ဆုတ်မနေဘဲ သူ့အား တိုက်ခိုက်လိမ့်မည်ဆိုတာ သေချာပါ၏။
ထိုအချိန်ကျလျှင် သူ လူကောင်ကြီးကို သတ်နိုင် ၊ မသတ်နိုင် မသိသော်လည်း ဖြစ်ပေါ်လာမည့်အခြေအနေအား ထိန်းချုပ်၍ မရနိုင်တော့သည်မှာ အသေအချာပင်။
စိတ်ဖောက်ပြန်နေသော မွေးရာပါနယ်ပယ် မဟာသခင်တစ်ယောက် ဘာလုပ်မလဲဆိုတာ မည်သူမျှ မသိနိုင်ပေ။
ဘုရားရေ………
လူကောင်ကြီး လဲကျသွားပြီး လုချင်းလှည့်ထွက်လာသည်ကို မြင်လိုက်ရသောအခါ၌ စောင့်ကြည့်နေကြသော သိုင်းပညာရှင်များသည် သူတို့၏ ထိတ်လန့်မှုကို မထိန်းချုပ်နိုင်ကြတော့ဘဲ ဆူညံပွက်လောရိုက်သွားတော့၏။
"ငါ အိပ်မက်မက်နေတာများလား၊ အဲ့ဒီကောင်လေးက မဟာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို တကယ်ကြီး အနိုင်ယူလိုက်တာလား"
"ကြွက်သားနဲ့အရိုးအဆင့်က ကိုယ်တွင်းအင်္ဂါအဆင့် ပြီးပြည့်စုံခြင်းအဆင့်ကို အနိုင်ယူလိုက်တာတဲ့လား၊ ဒီလိုကိစ္စမျိုးက တကယ်ဖြစ်နိုင်လို့လား"
"ဒီကောင်လေးရဲ့ လက်သီးသိုင်းကလည်း ဒီလောက်တောင် ကြောက်စရာကောင်းတာလား"
သိုင်းပညာရှင်များသည် သူတို့မျက်လုံးသူတို့ပင် မယုံနိုင်ဖြစ်နေကြပြီး အိပ်မက်မက်နေသလားဟု တွေးတောနေမိကြသည်။
ထျန်းချန်းဂိုဏ်းမှ တပည့်များမှာမူ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေကြကာ မယုံနိုင်ဖြစ်နေကြလျက် စိတ်ဓာတ်ကျနေကြတော့၏။ "ဆရာတူအစ်ကိုကြီး...... ရှုံးသွားပြီလား"
"ဒီကောင်လေး…ဒီကောင်လေးက…."
မြို့ရိုးပေါ်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးသည် လုချင်း၏ပုံရိပ်ကိုကြည့်ကာ တစ်ခုခုပြောချင်နေမိသည်။
သို့သော် သူ၏ပါးစပ်မှာ အချိန်အတော်ကြာသည်အထိ တုန်ရီနေပြီး သူ၏ထိတ်လန့်မှုကို ဖော်ပြရန် စကားလုံးပင် ရှာမတွေ့တော့ချေ။
ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော လူငယ်လေးသည်ပင် ပါးစပ်အနည်းငယ်ဟသွားမိကာ တည်ငြိမ်မှု ပျက်ပြားသွားရသည်။
ခဏအကြာတွင် သူသည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်လေ၏။
သူက ရေရွတ်လိုက်သည်။ "လူငယ်တွေထဲကနေ သူရဲကောင်းထွက်ပေါ်လာတယ်ဆိုတာ တကယ်ပါပဲလား။ ဒီကောင်လေးက လျှို့ဝှက်နဂါးစာရင်းဝင်ဖို့ အရည်အချင်းပြည့်မီလောက်တယ်။"
ခရိုင်အုပ်ချုပ်ရေးမှူးက တုန်လှုပ်စွာဖြင့် မေးလိုက်သည်။ "ဘာ...... ကျိယွဲ့၊ မင်းပြောတာ သူက လျှို့ဝှက်နဂါးစာရင်းထဲ ဝင်နိုင်တယ် ဟုတ်လား။"
ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော လူငယ်က ပြန်ပြောလိုက်သည်။ "ဘာလဲ…. မင်းက သူ အရည်အချင်းမရှိဘူးလို့ ထင်လို့လား။"
ခရိုင်အုပ်ချုပ်ရေးမှူးသည် လဲကျနေသော လူကောင်ကြီးကိုကြည့်ကာ သဘောပေါက်သွားတော့သည်။
"ဟုတ်သားပဲ၊ ကြွက်သားနဲ့အရိုးအဆင့် ကျင့်ကြံခြင်းနဲ့ ကိုယ်တွင်းအင်္ဂါအဆင့် မဟာသခင်တစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်အနိုင်ယူနိုင်ခဲ့တဲ့ မှတ်တမ်းမျိုးကသာ လျှို့ဝှက်နဂါးစာရင်း မဝင်ဘူးဆိုရင် ရယ်စရာကြီး ဖြစ်နေမှာပေါ့။"
ဘေးနားတွင်ရှိနေသော ဝမ်ချန်းယီမှာ မျက်နှာပျက်ယွင်းနေပြီး သူတို့၏ စကားဝိုင်းကိုကြားလိုက်သောအခါ၌ ပို၍ပင် ကြည့်ရဆိုးလာတော့သည်။
"ဘာ….. ကျိယွဲ့၊ မင်းက ဒီကောင့်ကို လျှို့ဝှက်နဂါးစာရင်းထဲ ထည့်ချင်နေတာလား။"
ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော လူငယ်က ပြုံးကာ ပြောလိုက်သည်။ "သူ လျှို့ဝှက်နဂါးစာရင်းဝင်နိုင် ၊ မဝင်နိုင်ဆိုတာ ကျွန်တော် ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတိုက်ပွဲအကြောင်းကိုတော့ ထျန်းကျီမျှော်စင် ဌာနချုပ်ဆီ ကျွန်တော် အမှန်အတိုင်း သတင်းပို့ရလိမ့်မယ်။ ဒီကောင်လေး အရည်အချင်းမီ ၊ မမီ ဆိုတာကတော့ ဌာနချုပ်ကပဲ ဆုံးဖြတ်ပါလိမ့်မယ်။"
သို့သော် ထိုစကားကိုကြားလျှင် ဝမ်ချန်းယီ၏မျက်နှာထားမှာ ပို၍ပင် ဆိုးရွားလာတော့သည်။
ထိုလူငယ်လေးကသာ ဤတိုက်ပွဲအကြောင်းကို ထျန်းကျီမျှော်စင်သို့ သတင်းပို့လိုက်ပါက သူ့တပည့်သည် နာမည်မရှိသော ကြွက်သားနှင့်အရိုးအဆင့် ကောင်လေးတစ်ယောက်၏လက်ချက်ဖြင့် ရှုံးနိမ့်သွားကြောင်းကို တစ်လောကလုံး သိသွားကြပေလိမ့်မည်။
ပြဿနာက အကယ်၍ ထိုကောင်လေးသာ လျှို့ဝှက်နဂါးစာရင်းဝင်သွားပါက အင်အားကြီးဂိုဏ်းအများအပြားသည် သူ့ထံသို့ ကမ်းလှမ်းမှုများ ပြုလုပ်လာကြပေမည်။
ထိုအချိန်ကျလျှင် သူ၏ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူရန် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
ထိုအခါ၌ ဝမ်ချန်းယီ၏ သတ်ဖြတ်လိုစိတ်များ ပြန်လည်နိုးထလာခဲ့သည်။
သို့သော် လူငယ်လေး၏ တည်ငြိမ်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ သူသည် အောင့်အီးသည်းခံလိုက်ရတော့၏။
သို့သော် ဝေမိသားစု၏ ရတနာကို လိုချင်စိတ်ကတော့ သူ့ရင်ထဲတွင် ပိုပြင်းထန်လာခဲ့သည်။
အကယ်၍ သူသာ ထိုရတနာကိုရရှိပြီး အနာဂတ်တွင် ပိုမြင့်သော အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့လျှင် ထိုထျန်းကျီမျှော်စင်သေးသေးလေးလောက်ကို ကြောက်ရွံ့ပြီး ဒီလိုအရှက်ကွဲမှုကို သည်းခံနေစရာ ဘာအကြောင်းရှိတော့မည်နည်း။
သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသော မည်သည့်အရာကိုမဆို သတ်ပစ်ရုံသာ။
ထျန်းကျီမျှော်စင်၏ သာမန်တပည့်ရင်းလေးတစ်ယောက်ကို မပြောနှင့် ၊ ထျန်းကျီမျှော်စင်သခင်ကိုတောင် နင်းခြေသတ်ဖြတ်ပစ်နိုင်ပေလိမ့်မည်။
ဤသည်ကို တွေးမိရင်း ဝေမိသားစု၏ရတနာကို မည်သည့်ဈေးနှင့်မဆို ရယူရန် ဝမ်ချန်းယီ၏ ဆုံးဖြတ်ချက်မှာ ပို၍ခိုင်မာလာတော့သည်။
"ဆရာတူအစ်ကိုကြီး...... ဆရာတူအစ်ကိုကြီး......"
ထျန်းချန်းဂိုဏ်းမှ တပည့်များသည် လူကောင်ကြီးထံသို့ ပြေးသွားပြီး ဒဏ်ရာများကို စစ်ဆေးလိုက်ကြသည်။
သို့သော် လူကောင်ကြီးမှာတော့ ကောင်းကင်ကိုသာ မော့ကြည့်နေမိတော့၏။
သူ မှားသွားခဲ့သည်။ လုချင်း၏တိုက်ခိုက်မှုကိုသာ တောင့်ခံနိုင်လျှင် တန်ပြန်တိုက်စစ်ဆင်ရန် ဟာကွက်တွေ့မည်ဟု ထင်ခဲ့မိပါ၏။
သို့သော် လုချင်း၏ ခံနိုင်ရည်စွမ်းအားက ဤမျှကြာရှည်ခံမည်ဟုတော့ သူ မထင်ထားခဲ့မိပေ။
နောက်ဆုံးတွင် လုချင်းက ခွန်အားကုန်ခမ်းသွားခြင်း မဟုတ်ဘဲ သူ၏လျှို့ဝှက်နည်းစနစ်ကသာ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ကာ သူ့သွေးနှင့်ချီများပင် ကစဉ့်ကလျား ဖြစ်သွားခဲ့လေ၏။
ဒီကောင်လေးက ဘယ်လိုတောင် ဆန်းကြယ်လှတဲ့ မကောင်းဆိုးဝါးမျိုးလဲ၊
ကြွက်သားနှင့်အရိုးအဆင့် ဖြစ်ပါလျက်နှင့် ခံနိုင်ရည်စွမ်းအားက ကိုယ်တွင်းအင်္ဂါအဆင့် ပြီးပြည့်စုံခြင်းအဆင့်ဖြစ်သည့် သူ့ထက်တောင် ပို၍လွန်ကဲနေသေးသည်။
ထျန်းချန်းဂိုဏ်းတပည့်တစ်ဦးက လူကောင်ကြီး ပြန်မဖြေသည်ကို မြင်သောအခါ ငိုလုမတတ် ဖြစ်နေရှာသည်။ "ဆရာတူအစ်ကိုကြီး၊ အဆင်ပြေရဲ့လားဟင်၊ ကျွန်တော်တို့ကို မခြောက်ပါနဲ့ဗျာ။"
လူကောင်ကြီးက အားနည်းစွာဖြင့် ရုတ်တရက် ပြောလိုက်သည်။ "ငါ ဘာမှမဖြစ်ပါဘူး၊ ငါ့ကို တွဲပြီး ပြန်ခေါ်သွားပေးကြပါ။"
ချက်ချင်းပင် တပည့်တစ်ဦးက ရှေ့တက်လာကာ သူ့ကို တွဲထူလိုက်လေသည်။
သူတို့ မြို့တံခါးဝသို့ ပြန်ရောက်သည်နှင့် ကျောက်စိမ်းပုလင်းတစ်လုံးသည် လူကောင်ကြီးရှေ့သို့ ကျလာခဲ့သည်။
ထို့အတူ အေးစက်သော အသံတစ်ခုက အပေါ်မှ ထွက်ပေါ်လာ၏။ "အသုံးမကျတဲ့ကောင်...... ယူလိုက်။"
လူကောင်ကြီးသည် ကျောက်စိမ်းပုလင်းကို ကိုင်ထားရင်း ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။ "ဆရာ......"
ထျန်းချန်းဂိုဏ်းတပည့်များမှာမူ ဒုတိယအကြီးအကဲ၏ အေးစက်သောအသံကို ကြားလိုက်ရသဖြင့် ကြောက်လန့်တုန်ရီကာ စကားပင် မပြောရဲကြတော့ချေ။
"ကိုကို......"
စိတ်ဓာတ်ကျနေသော ထျန်းချန်းဂိုဏ်းတပည့်များနှင့်မတူဘဲ လှည်းယာဉ်တန်းဘက်တွင်မူ လုချင်းသည် သူရဲကောင်းတစ်ဦးကဲ့သို့ ကြိုဆိုခြင်းကို ခံလိုက်ရသည်။
ရှောင်ယန်က လုချင်းပြန်လာသည်ကို မြင်သည်နှင့် ကိုယ်ပေါ်သို့ ချက်ချင်း ခုန်တက်လိုက်တော့သည်။
လုချင်းက သူ့ညီမလေးကို ပွေ့ဖက်ထားရင်း ပြုံးကာ ပြောလိုက်သည်။ "ဘယ်လိုလဲ၊ ကိုကိုက သိပ်တော်တာပဲမဟုတ်လား။"
ရှောင်ယန်က ကြက်ကလေးတစ်ကောင်လို ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း မျက်လုံးများအရောင်တောက်ကာ ပြောလိုက်သည်။ "တော်တယ်၊ အရမ်းတော်တယ်၊ ကိုကိုက အတော်ဆုံးပဲ။"
ဝေ့ကျိအန်းကလည်း လေးစားအားကျစွာဖြင့် လုချင်းကို ကြည့်နေသည်။ "သမားတော်လေးလု၊ ခင်ဗျားက တကယ်တော်တာပဲဗျာ။"
မာကူးမှာတော့ စိတ်လှုပ်ရှားလွန်းသဖြင့် ပါးစပ်ပင် တုန်ရီနေသည်။ "ညီလေးလုချင်း၊ မင်း......မင်းက မဟာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်ကိုတောင် အနိုင်ယူလိုက်တာလား။"
ဝေ့သခင်မကြီးလည်း စိတ်သက်သာရာရကာ ပျော်ရွှင်နေတော့၏။ "ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရင်ပဲ တော်ပါပြီရှင်၊ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာရင်ကိုပဲ ကျေနပ်ပါပြီ။"
သမားတော်ကြီးချန်က မေးလိုက်သည်။ "အားချင်း၊ ဒဏ်ရာရလာသေးလား။"
လုချင်းက ပြန်ဖြေလိုက်သည်။ "မရပါဘူး ဆရာ၊ ဒါပေမဲ့ ကျွန်တော့်ခွန်အားတွေကတော့ ကုန်ခမ်းလုနီးပါးပဲဗျ။ နောက်ပိုင်းကိစ္စတွေကိုတော့ ဆရာ့ကိုပဲ အားကိုးရတော့မယ်။"
သမားတော်ကြီးက သူ့တပည့်၏တိုက်ပွဲကြောင့် စိတ်ဓာတ်တက်ကြွနေပုံရပြီး ပြောလိုက်သည်။ "ရပါတယ်ကွာ၊ မင်းသာ အနားယူလိုက်ပါ။ ငါက မတိုက်ခိုက်နိုင်ပေမဲ့ မင်းတို့အားလုံးကိုတော့ ကာကွယ်ပေးနိုင်ပါသေးတယ်။"
"ဒါဆိုရင် ဆရာ့ကိုပဲ အားကိုးရတော့မယ်။"
လုချင်းက ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပုလင်းကို ထုတ်ကာ သွေးအားဖြည့်ချီအားတိုးဆေးလုံးတစ်လုံးကို လက်ဖဝါးပေါ် လောင်းထည့်လိုက်ပြီးနောက်၌ ခွန်အားပြန်လည်ပြည့်စေရန် မျိုချလိုက်တော့သည်။
မြို့ရိုးပေါ်တွင်တော့ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော လူငယ်က လှမ်းမေးလိုက်သည်။ "ဝမ်ချမ်ပေ့၊ ခင်ဗျား ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ၊ အခုထိ လက်မလျှော့ချင်သေးဘူးလား။"
ဝမ်ချန်းယီက ရယ်မောလိုက်သည်။ "လက်လျှော့ရမယ် ဟုတ်လား၊ ဟားဟား...... ဝမ်ချန်းယီရဲ့ အဘိဓာန်မှာ လက်လျှော့တယ်ဆိုတဲ့ စကားလုံး မရှိဘူးကွ။ ကျိယွဲ့၊ မင်း ငါ့ကို လက်လျှော့စေချင်ရင် ဝေ့ရှန်ဟိုင်ကိုသာ သွားဖျောင်းဖျလိုက်စမ်းပါ။ သူသာ ပစ္စည်းကို လက်လွှဲပေးချင်စိတ်ရှိရင် ငါကလည်း ဒီအတိုင်းထွက်သွားပေးမှာပါကွ။"
"ဒါဆို ဝမ်ချန်ပေ့က လုံးဝလက်မလျှော့ဘူးဆိုတဲ့ သဘောပေါ့။"
"ငါက ဘာလို့ လက်လျှော့ရမှာလဲ။ ငါ့မှာ တပည့်တွေ ဒါဇင်နဲ့ချီ ကျန်သေးတယ်၊ ပြီးတော့ အဲ့ဒီကောင်လေးကလည်း ခွန်အားကုန်နေပြီ။ ငါသာ အမိန့်ပေးလိုက်ရင် ဘယ်သူက ငါတို့ကို တားဆီးနိုင်မှာလဲ။"
ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော လူငယ်မှာ ပြောစရာစကားမဲ့သွားတော့သည်။
တကယ်တော့ ဒါက သူ၏ စိုးရိမ်ပူပန်မှုပင် ဖြစ်သည်။
အကယ်၍ ဝမ်ချန်းယီသာ အရှက်မဲ့စွာဖြင့် လုချင်းနှင့်အခြားသူများကို သူ့တပည့်များအား ဝိုင်းဝန်းတိုက်ခိုက်ခိုင်းပါက သမားတော်ကြီးချန် ဝင်ပါရပေလိမ့်မည်။
သို့သော် ထိုသို့လုပ်လိုက်ခြင်းက ဝမ်ချန်းယီအတွက် ဝင်ရောက်စွက်ဖက်ရန် အကြောင်းပြချက် ပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
ဤနေရာသည် မြို့တွင်းမဟုတ်သည့်အတွက် ကန့်သတ်ချက်များမှာ များစွာလျော့နည်းလေသည်။
သာမန်သိုင်းပညာရှင်များကို တမင်သက်သက် သတ်ဖြတ်ခြင်းမပြုသရွေ့ ဝမ်ချန်းယီက မွေးရာပါနယ်ပယ်အဆင့်တိုက်ပွဲကို စတင်လိုက်လျှင်ပင် မြင့်မြတ်သောတောင်တော်အနေဖြင့် သူ့ကို အရေးယူရန် ခက်ခဲပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဤကမ္ဘာတွင် အင်အားကြီးသူကသာ အရာရာကို လွှမ်းမိုးထားဆဲပင်။
မြင့်မြတ်သောတောင်တော်သည်လည်း သေးငယ်သောကိစ္စလေးတစ်ခုအတွက် မွေးရာပါနယ်ပယ် မဟာသခင်တစ်ဦးကို အပြစ်ပေးလိမ့်မည် မဟုတ်ချေ။
ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော လူငယ် စိုးရိမ်တကြီး တွေးတောနေစဉ် ရုတ်တရက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မြို့ပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။
ဘေးနားရှိ ဝမ်ချန်းယီ၏မျက်နှာတွင်မူ ပျော်ရွှင်မှုများ ဖြာထွက်လာတော့သည်။
"ဟားဟား...... ဝေ့ရှန်ဟိုင်၊ မင်း မြို့ပြင်ထွက်ရဲပြီပေါ့လေ။"
စကားမဆုံးခင်မှာပင် ဝမ်ချန်းယီ၏ ပုံရိပ်သည် မြို့တံခါးဝမှ ပျောက်ကွယ်သွားတော့သည်။
နောက်တစ်ခဏ၌ ကြောက်မက်ဖွယ်ကောင်းသော မွေးရာပါနယ်ပယ်အရှိန်အဝါဖိအားသည် သိုင်းပညာရှင်များအပေါ်သို့ ကျရောက်လာခဲ့လေ၏။