← Chapters

စာအုပ်ဆိုင်

Vol. 15 Ch. 149

စာအုပ်ဆိုင်

Vol. 15 Ch. 149

မာကူးက ဝေ့ရှင်းဟယ်ကို ဦးညွှတ်နှုတ်ဆက်ကာ ပြောလိုက်သည်။

"ဒါဆို သခင်ကြီးဝေ့... ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦးဗျ။"

ထို့နောက် သူသည် ဝေ့အိမ်တော်၏ အဓိကတံခါးမကြီးဆီသို့ ဦးတည်ထွက်ခွာသွားလေသည်။

သူ့နောက်တွင် ဝေ့မိသားစု၏ အိမ်တော်ထိန်းကြီးက အစေခံတစ်စုကို ဦးဆောင်လျက် ဝေ့မိသားစုမှ ပြင်ဆင်ပေးလိုက်သော လက်ဆောင်ပစ္စည်း အများအပြားကို သယ်ဆောင်လာကြသည်။

အစပိုင်းတွင် မာကူးသည် ဤလက်ဆောင်များကို ငြင်းပယ်ခဲ့သော်လည်း ဝေ့မိသားစု၏ ဇွတ်အတင်း ပေးအပ်မှုကို မလွန်ဆန်နိုင်သဖြင့် လက်ခံလိုက်ရခြင်းပင်။

ဝေ့အိမ်တော်၏ တံခါးမကြီး ပွင့်သွားသည်နှင့် တပြိုင်နက် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော အဖွဲ့အစည်းအသီးသီးမှ သူလျှိုများသည် ချက်ချင်း သတိထားမိလိုက်ကြသည်။

"သူတို့ ထွက်လာကြပြီ... ဝေ့မိသားစုကလူတွေ ထွက်လာကြပြီဟေ့။"

"အဲ့ဒါ ဘယ်သူလဲ... သူ့ကျင့်ကြံမှုအဆင့်က သိပ်မြင့်ပုံမရဘူး၊ ဒါပေမဲ့ ဝေ့မိသားစု အိမ်တော်ထိန်းကြီး ကိုယ်တိုင် လိုက်ပို့နေပါလား။"

"အဲ့ဒါ မနေ့က လျှို့ဝှက်ဆန်းကြယ်တဲ့ မွေးရာပါနယ်ပယ် ပညာရှင်ကြီးရဲ့ ဘေးနားမှာ ရှိနေတဲ့လူလေ။"

"ငါ မှတ်မိပြီ... အဲ့ဒါ မာမိသားစုက မာကူးပဲ။"

"မာကူးက ဘာကိစ္စ ဝေ့အိမ်တော်ထဲကနေ ထွက်လာတာလဲ၊ ပြီးတော့ အိမ်တော်ထိန်းကြီး ကိုယ်တိုင် လိုက်ပို့ရလောက်တဲ့အထိ ဘာတွေ ဖြစ်ခဲ့လို့လဲ။"

"ဘာလို့ သူတစ်ယောက်တည်း ထွက်လာတာလဲ... အိမ်တော်သခင်ကြီး ပြောတဲ့ မွေးရာပါနယ်ပယ် ပညာရှင်နဲ့ ဆန်းကြယ်တဲ့ လူငယ်လေးရော ဘယ်ရောက်သွားလဲ။"

"ပစ္စည်းတွေ အများကြီးပါလား... အိမ်တော်ထိန်းကြီးက အစေခံတွေ အများကြီးနဲ့ ဘယ်သွားမလို့ပါလိမ့်။"

"ကြည့်စမ်း... သူတို့ မြို့တောင်ဘက်ကို ဦးတည်သွားနေကြတယ်၊ အဲ့ဒါ မာမိသားစု ရှိတဲ့နေရာ မဟုတ်ဘူးလား။"

မာကူးကို ဝေ့အိမ်တော်ထိန်းကြီး ကိုယ်တိုင် လိုက်ပို့နေသည်ကို မြင်လိုက်ရသဖြင့် သူလျှိုအားလုံး အံ့သြသွားကြလေသည်။

မာကူးကို မှတ်မိသူများမှာမူ ပို၍ပင် အံ့သြနေကြသည်။

အဖွဲ့အစည်းအသီးသီးမှ အသန်မာဆုံး ပုဂ္ဂိုလ်များသာ မြို့တံခါးဝသို့ ကပ်ရဲခဲ့ကြသဖြင့် ကျန်သူများသည် ယမန်နေ့က တိုက်ပွဲကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရပေ။

ထို့ကြောင့် သူလျှိုအများစုသည် ယမန်နေ့က တိုက်ပွဲနေရာတွင် မာကူး ရှိနေခဲ့သည်ကို မသိကြချေ။

ယခု မာကူးသည် ဝေ့အိမ်တော်မှ အခမ်းအနားဖြင့် ထွက်လာပြီး အိမ်တော်ထိန်းကြီး ကိုယ်တိုင် လိုက်ပို့ကာ လက်ဆောင်ပစ္စည်းများ တန်းစီသယ်ဆောင်လာသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး ကြောင်အမ်းသွားကြတော့၏။

မာကူး မြို့တောင်ဘက်သို့ ဦးတည်သွားသည်ကို မြင်သောအခါ သူလျှိုများသည် အလျင်အမြန်ပင် နောက်ယောင်ခံ လိုက်ပါသွားကြလေသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် ဤမြင်ကွင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ သတင်းပို့လိုက်ကြသည်။

အဖွဲ့အစည်းအသီးသီးမှ လူများ ဂယောက်ဂယက် ဖြစ်နေကြချိန်တွင် လုချင်း၊ ရှောင်ယန်နှင့် ရှောင်လီတို့သည် မြို့နယ်၏ အစည်ကားဆုံးနေရာသို့ ရောက်ရှိနေကြပြီပင်။

ရှေ့မှလမ်းမကြီးသည် ကျယ်ဝန်းသန့်ရှင်းပြီး လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ဆိုင်ခန်းများနှင့် ဈေးသည်များဖြင့် ပြည့်နှက်နေလေ၏။

လမ်းမပေါ်တွင် လူများဖြင့် စည်ကားသိုက်မြိုက်နေပြီး ဈေးသည်များက ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေကြသည်။

လေထုထဲတွင် အစားအသောက်နံ့များ သင်းပျံ့နေပြီး သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခုကို ဖန်တီးထားလေသည်။

"ဝါး..."

ရှောင်ယန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ၌ ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။

ဒါက သူမ အိပ်မက်ထဲတွင်ပင် မမက်ဖူးသော မြင်ကွင်းမျိုးဖြစ်သဖြင့် သူမ၏ နှလုံးသားလေးမှာ လုံးဝကို စိတ်လှုပ်ရှားသွားတော့သည်။

လုချင်း၏ ပုခုံးပေါ်တွင် ရှိနေသော ရှောင်လီသည်လည်း မျက်လုံးများ ပြူးကျယ်နေလေသည်။

မှတ်မိတတ်စ အရွယ်ကတည်းက တောနက်ထဲတွင်သာ နေထိုင်ခဲ့ရသဖြင့် ဤကဲ့သို့ စည်ကားသော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

လုချင်းတစ်ယောက်သာ တည်ငြိမ်နေသော်လည်း သူ့မျက်ဝန်းထဲတွင် အံ့သြရိပ်အချို့ ဖြတ်သန်းသွားသည်ကို တွေ့ရသည်။

ခရိုင်မြို့လေးတစ်မြို့၏ စီးပွားရေးဇုန်လမ်းမကြီးက ဤမျှ စည်ကားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့မိပေ။

ဒါဆိုရင် ပိုပြီးကြီးတဲ့ ပြည်နယ်မြို့ကြီးတွေနဲ့ မြို့တော်ဆိုရင် ဘယ်လောက်တောင် ခမ်းနားလိုက်မလဲ။

လုချင်းက ရယ်မောကာ ပြောလိုက်သည်။

"ကဲ... ပါးစပ်အဟောင်းသားနဲ့ ငေးမနေကြနဲ့တော့၊ ဝင်ကြည့်ရအောင်။"

ရှောင်ယန်နှင့် ရှောင်လီတို့ မျက်လုံးပြူးကာ ငေးကြည့်နေဆဲဖြစ်သည်ကို မြင်သဖြင့် လုချင်းက ကလေးနှစ်ယောက်၏ ခေါင်းကို ပွတ်သပ်ပေးရင်း လမ်းမထဲသို့ ခေါ်ဆောင်သွားလိုက်သည်။

လုချင်းသည် ရှောင်လီကို ကိုယ်ဖျောက်ခိုင်းထားခြင်း မရှိပေ။

သူ့လက်ရှိ အင်အားအရ မွေးရာပါနယ်ပယ်အဆင့်မှလွဲ၍ ကြောက်စရာ မရှိသလောက်ပင်။

ထို့ကြောင့် ယခင်ကကဲ့သို့ ရှောင်လီကို အချိန်တိုင်း ကိုယ်ဖျောက်ခိုင်းထားရန် မလိုအပ်တော့ချေ။

ဒီနေ့တော့ သူရော ရှောင်ယန်ပါ လူ့လောကကြီး၏ စည်ကားမှုကို ခံစားစေချင်သည်။

ဈေးလမ်းမထဲသို့ ရောက်သည်နှင့် လုချင်းသည် ကလေးများအတွက် မုန့်အချို့ကို ဦးဆုံး ဝယ်ပေးလိုက်သည်။

ရှောင်ယန်က သကြားကပ် ဇီးသီးယိုတစ်တန်း ရလိုက်ပြီး ရှောင်လီက ငါးကြော်တစ်ထုပ် ရလိုက်လေသည်။

ထို့နောက် ကလေးနှစ်ယောက်မှာ ပျော်ရွှင်စွာဖြင့် မုန့်စားနေကြတော့၏။

စပ်စုချင်စိတ် ပြေပျောက်သည်အထိ လမ်းမတစ်လျှောက် လျှောက်သွားပြီးနောက် လုချင်းသည် စာအုပ်ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။

ဒါက ဒီနေ့ သူ အပြင်ထွက်လာရခြင်း၏ အဓိက အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

ဒီကမ္ဘာကြီးအကြောင်း သူ့နားလည်မှုက နည်းပါးလွန်းနေသေးသည်။

သူ့အင်အား တိုးတက်လာသည်နှင့်အမျှ အဆင့်မြင့်သော အသိုင်းအဝိုင်းများနှင့် မလွဲမသွေ ဆက်ဆံရတော့မည် ဖြစ်သည်။

ကြိုတင်ပြင်ဆင်မှု မရှိထားပါက တစ်နေ့တွင် သူ အကြီးအကျယ် နစ်နာသွားနိုင်သည်။

စာအုပ်များက ကမ္ဘာတစ်ခုကို နားလည်ရန် အကောင်းဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

ဒီစာအုပ်ဆိုင်မှာ သူလိုချင်တဲ့ အချက်အလက်တွေ ရှိမရှိတော့ သူ မသိပေ။

ရှောင်ယန်က စာအုပ်ဆိုင်ရှေ့တွင် ရပ်နေသော လုချင်းကို မေးလိုက်သည်။

"ကိုကို... စာအုပ်ဝယ်မလို့လား။"

"ဟုတ်တယ် ညီမလေး... ကိုကို ပြောဖူးတယ်လေ၊ မြို့ပေါ်မှာ စိတ်ဝင်စားစရာ ပုံပြင်စာအုပ်တွေ အများကြီး ရှိတယ်ဆိုတာ၊ ညီမလေး ကြိုက်တာ ရွေးလို့ရတယ်နော်။"

"တကယ်လား။"

ရှောင်ယန်လေးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားလေ၏။

ယခုဆိုလျှင် သူမသည် စာလုံးများစွာကို သိနေပြီဖြစ်ပြီး ရိုးရှင်းသော စာပုဒ်အချို့ကို ဖတ်နိုင်နေပြီ ဖြစ်သည်။

ရှောင်လီ၏ မျက်လုံးများလည်း အရောင်တောက်သွားပြီး လုချင်း၏ အင်္ကျီလက်စကို သူ့လက်သည်းဖြင့် လှမ်းဆွဲလိုက်၏။

လုချင်းက လှည့်ကြည့်လိုက်ရာ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော မျက်လုံးများကို တွေ့လိုက်ရသဖြင့် ပြောလိုက်သည်။

"ရှောင်လီလည်း ရွေးလို့ရတယ်နော်... ကြိုက်တာ ရွေး။"

ရှောင်လီ စာသင်ချင်ရသည့် အကြောင်းရင်းမှာ ပုံပြင်စာအုပ်များကို ကိုယ်တိုင် ဖတ်ချင်သောကြောင့် ဖြစ်သည်ကို သူ မေ့လုနီးပါးပင် ဖြစ်သွားသည်။

ထိုကတိကို ကြားလိုက်ရသောအခါ၌ ရှောင်လီ၏ မျက်လုံးလေးများက ကျေနပ်ပီတိဖြင့် မှေးစင်းသွားတော့လေသည်။

စာအုပ်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ရှောင်ယန်က အံ့သြစွာ ရေရွတ်လိုက်သည်။

"ကိုကို... ဒီမှာ စာအုပ်တွေ အများကြီးပဲ။"

လုချင်းနှင့် ရှောင်ယန်ကို စောင့်ကြည့်နေသော စာအုပ်ဆိုင်ပိုင်ရှင်က ခေါင်းညိတ်အရိုအသေပေးရင်း အလျင်အမြန် လျှောက်လာကာ မေးလိုက်သည်။

"သခင်လေး၊ သခင်မလေး... စာအုပ် လာဝယ်ကြတာလားဗျ။"

သူ ထိုသို့ မဆက်ဆံ၍ မရပေ။ လုချင်းနှင့် ရှောင်ယန် ဝတ်ဆင်ထားသော အဝတ်အစားများမှာ ဝေ့သခင်မက အထူးစီစဉ်ပေးထားခြင်းဖြစ်ပြီး ချမ်းသာသော မိသားစုများသာ တတ်နိုင်သည့် အကောင်းစား ပိတ်စများ ဖြစ်သည်။

ထို့အပြင် လုချင်း၏ ထူးခြားသော ကိုယ်နေဟန်ထား၊ ရှောင်ယန်၏ ချစ်စဖွယ်ကောင်းမှုနှင့် ထူးဆန်းသော သတ္တဝါငယ်လေး ပါလာခြင်းတို့ကြောင့် မည်သည့် အထက်တန်းလွှာ မိသားစုကမှန်း မသိရသော်လည်း ဆိုင်ပိုင်ရှင်မှာ ပေါ့ပေါ့ဆဆ မဆက်ဆံရဲပေ။

လုချင်းက မေးလိုက်သည်။

"ပုံပြင်စာအုပ်တွေ ရှိလား။"

ဆိုင်ပိုင်ရှင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ရှိပါတယ်ဗျ... ရှိပါတယ်။ ဒီဘက်က စာအုပ်တွေ အကုန်လုံးက ပုံပြင်စာအုပ်တွေပါပဲ၊ သခင်လေး ဘယ်လိုအမျိုးအစား လိုချင်တာလဲဗျ။"

"ရိုးရှင်းပြီး နားလည်လွယ်တာမျိုး၊ ပညာပေးလည်းဖြစ်မယ့် ဇာတ်လမ်းမျိုးပေါ့။ ညီမလေးကို စာဖတ်သင်ပေးဖို့ ဝယ်ချင်လို့ပါ။"

လုချင်းက သူ့လိုအပ်ချက်ကို ပြောပြလိုက်သည်။

ဆိုင်ပိုင်ရှင်သည် ခေါင်းကုတ်လိုက်မိသည်။ ဤလိုအပ်ချက်များကြောင့် သူ အနည်းငယ် အခက်တွေ့သွားပုံရ၏။

သို့သော် ဤမျှကြီးမားသော စာအုပ်ဆိုင်ကို ဖွင့်လှစ်ထားနိုင်သူပီပီ မကြာမီမှာပင် စာအုပ်အပုံလိုက်ကြီးကို သယ်ဆောင်လာခဲ့လေ၏။

"ဒီပုံပြင်စာအုပ်တွေက သခင်လေး လိုချင်တဲ့ ပုံစံနဲ့ ကိုက်ညီပါလိမ့်မယ်။"

လုချင်းက စာအုပ်နှစ်အုပ်ကို ကောက်ယူပြီး လှန်လှောကြည့်လိုက်သည်။ ရိုးရှင်းသော ဇာတ်လမ်းတိုများဖြစ်ပြီး နားလည်လွယ်သော ဝါကျများ ပါဝင်သဖြင့် အားလပ်ချိန်များသော ပညာရှင်တစ်ဦးက ရေးသားထားပုံရသည်။

လုချင်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"မဆိုးဘူး... ရှောင်ယန်၊ ရှောင်လီ... မင်းတို့ ကြိုက်တာ ရွေးကြတော့။"

ကလေးနှစ်ယောက်သည် စိတ်အားထက်သန်စွာဖြင့် ပုံပြင်စာအုပ်များကို သေသေချာချာ စတင် ရွေးချယ်ကြတော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဆိုင်ပိုင်ရှင်မှာ ကြောင်အမ်းနေမိသည်။

ရှောင်ယန်မှာ ငယ်ရွယ်သေးသော်လည်း ချမ်းသာသော မိသားစုများတွင် ကလေးများကို စောစီးစွာ စာသင်ပေးလေ့ရှိသဖြင့် မထူးဆန်းပေ။

သို့သော် သတ္တဝါငယ်လေးတစ်ကောင်က စာအုပ်များကို လေးလေးနက်နက် လှန်လှောကြည့်ရှုနေသည်ကိုမူ သူ တစ်ခါမျှ မမြင်ဖူး၊ မကြားဖူးခဲ့ပေ။

လုချင်းကမူ ဆိုင်ပိုင်ရှင်၏ တုံ့ပြန်မှုကို ဂရုမစိုက်ပေ။ ကလေးများ ပုံပြင်စာအုပ် ရွေးချယ်ရာတွင် စိတ်ဝင်စားနေသည်ကို တွေ့ရသဖြင့် သူသည် မိမိလိုချင်သော စာအုပ်များကို ရှာဖွေရန် အခြား စာအုပ်စင်တစ်ခုဘက်သို့ ထွက်လာခဲ့လိုက်တော့၏။

ဤတစ်ကြိမ်တွင် သူသည် စာအုပ်စင်များကို ရှာဖွေရန် သူ၏နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်တော့လေသည်။

All Chapters