← Chapters

လှည့်လည်သွားလာသူ၏ မှတ်စုများနှင့် ဒဏ်ရာအတု

Vol. 15 Ch. 150

လှည့်လည်သွားလာသူ၏ မှတ်စုများနှင့် ဒဏ်ရာအတု

Vol. 15 Ch. 150

လုချင်း၏ နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် စာအုပ်စင်ပေါ်ရှိ စာအုပ်များသည် သက်ဆိုင်ရာ အရှိန်အဝါများကို စတင် ထုတ်လွှတ်လာကြတော့သည်။

စာအုပ်အများစုသည် ဖျော့တော့သော အဖြူရောင်အလင်းကို ထုတ်လွှတ်နေကြလေ၏။

တစ်ခါတစ်ရံတွင် အလင်းရောင် ပိုမိုအားကောင်းသော စာအုပ်များကို လုချင်းက ယူကြည့်ပြီး သူ လိုအပ်သည့်အရာ ဟုတ် ၊ မဟုတ် စာမျက်နှာအနည်းငယ် လှန်လှောစစ်ဆေးကြည့်သည်။

သင့်တော်သည်ကို တွေ့ပါက သေချာလေ့လာရန်အတွက် ဝယ်ယူရန် ဖယ်ထားလိုက်သည်။

တစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုပြီးနောက် လုချင်း၏ လက်ထဲတွင် စာအုပ်ထူထူ တစ်ပုံတောင် ရရှိနေခဲ့ပြီပင်။

အများစုမှာ ဤကမ္ဘာ၏ ဒေသန္တရ ဓလေ့ထုံးစံများနှင့် ယဉ်ကျေးမှုဆိုင်ရာ စာအုပ်များဖြစ်ပြီး ကမ္ဘာကြီးကို ပိုမိုနားလည်စေရန် အထောက်အကူ ပြုမည့်အရာများ ဖြစ်ကြပါ၏။

စာအုပ်စင်တစ်ခု၏ အတွင်းဘက်အကျဆုံးနေရာမှ ပြင်းထန်သော အဖြူရောင်အလင်း ထွက်နေသည့် စာအုပ်တစ်အုပ်ကို ယူပြီး ထွက်ခွာတော့မည့်အချိန်တွင် သူ့မျက်လုံးထောင့်စွန်း၌ အနီရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားသည်ကို သတိထားမိလိုက်သဖြင့် လုချင်းလည်း ရပ်တန့်လိုက်တော့သည်။

ထိုအနီရောင်အလင်းနောက်သို့ လိုက်ကြည့်ရာ စာအုပ်စင်၏ အောက်ခြေရှိ ရှုပ်ပွနေသော စာအုပ်ပုံကြားထဲမှ စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။

ဖုန်ထူနေသော စာအုပ်များကို ဖယ်ရှားလိုက်သောအခါ၌ ဖျော့တော့သော အနီရောင်အလင်း ထုတ်လွှတ်နေသည့် စာအုပ်တစ်အုပ် ပေါ်ထွက်လာလေသည်။

လုချင်း အံ့သြသွားသည်။ ဤသည်မှာ စာအုပ်ဆိုင်ထဲတွင် သူ မြင်တွေ့ရသော တစ်အုပ်တည်းသော အနီရောင်အလင်းတန်း ထွက်သည့် စာအုပ်ပင်။

သူသည် ဖုန်တက်နေသော စာအုပ်ကို ကောက်ယူပြီး သန့်စင်လိုက်ရာ မျက်နှာဖုံးတွင် ခေါင်းစဉ်ရော စာရေးသူအမည်ပါ မရှိသည်ကို တွေ့လိုက်ရ၏။

သို့သော် ကိစ္စမရှိပေ။ သူ့နတ်မျက်စိစွမ်းရည်က စာအုပ်နှင့်ပတ်သက်သော အချက်အလက်များကို လျင်မြန်စွာ ဖော်ပြပေးလိုက်လေ၏။

[လှည့်လည်သွားလာသူ၏ မှတ်စုများ - ကျင့်ကြံခြင်းခေတ် ပျောက်ကွယ်သွားခြင်း၏ အမှန်တရားကို ဖော်ထုတ်ရန် ကြိုးပမ်းနေသော သနားစရာ လူတစ်ယောက် ရေးသားထားခြင်း ဖြစ်သည်။]

[ဤစာအုပ်တွင် ကျင့်ကြံခြင်းခေတ်နှင့် ပတ်သက်သော အချက်အလက်အချို့ ပါဝင်သည်။]

[ကျင့်ကြံခြင်းခေတ် ပျောက်ကွယ်သွားရခြင်း၏ အမှန်တရားနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာ ခန့်မှန်းချက်များ ပါဝင်သည်။]

[သင် ဒေါင်းလုဒ်လုပ်ပြီး လေ့လာလိုပါသလား။]

ကျင့်ကြံခြင်းခေတ်နဲ့ ဆက်စပ်နေတဲ့သော စာအုပ်တစ်အုပ် ဖြစ်နေတာကိုး။

လုချင်း ဝမ်းလည်းဝမ်းသာမိသလို အံ့အားလည်းသင့်မိပါ၏။

သူ စာအုပ်ကို ဖွင့်ပြီး စာမျက်နှာအနည်းငယ် လှန်ကြည့်လိုက်ရာ သူ့အပြုံးများမှာ ပို၍ပင် ပီပြင်လာခဲ့လေ၏။

ခဏမျှ စဉ်းစားပြီးနောက် သူသည် စာအုပ်ကို ယူကာ ဆိုင်ပိုင်ရှင်ထံသို့ လျှောက်သွားလိုက်သည်။

"သူဌေး... ဒီစာအုပ်က ဘယ်က ရတာလဲ။ ဒီလိုစာအုပ်မျိုး နောက်ထပ် ရှိသေးလား။"

ဆိုင်ပိုင်ရှင်သည် လုချင်း လက်ထဲရှိ စာအုပ်အပုံလိုက်ကို မြင်ပြီး ပြုံးဖြီးနေရာမှ စာအုပ်ကို လှမ်းယူကြည့်လိုက်သည်။

သို့သော် မှတ်စုစာအုပ်ကို လှန်လှောကြည့်ပြီးနောက် သူ့မျက်မှောင်များ ကြုတ်သွားလေသည်။

"သခင်လေး... ကျွန်တော်မျိုးရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပါ။ ဒီစာအုပ်ရဲ့ မူလရင်းမြစ်ကို ကျွန်တော် မသိပါဘူး။"

"ခင်ဗျားတောင် မသိဘူးလား" လုချင်းက အံ့သြစွာ မေးလိုက်သည်။

ဆိုင်ပိုင်ရှင်သည် စာအုပ်ဆိုင်အကြောင်း အရာရာ နှံ့စပ်သိရှိမည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။

"အမှန်အတိုင်း ပြောရရင် သခင်လေး... ကျွန်တော်တို့ မိသားစုက ဒီစာအုပ်ဆိုင်ကို ဖွင့်လာတာ မျိုးဆက်သုံးဆက်တောင် ရှိပါပြီ။ စာအုပ်တော်တော်များများကို ကျွန်တော့်အဘိုး လက်ထက်ကတည်းက စုဆောင်းခဲ့တာပါဗျ။ အဲ့ဒါကြောင့်မလို့ စာအုပ်တိုင်းရဲ့ ဇစ်မြစ်ကို ကျွန်တော် မပြောနိုင်ပါဘူး။ နောက်ပြီး ဒီစာအုပ်က နာမည်လည်း မပါတော့ လိုက်ရှာဖို့ ပိုခက်တယ်လေ။ သခင်လေး ဒီစာအုပ်ကို ဘယ်နားက တွေ့တာလဲ ခင်ဗျာ။"

"အတွင်းဘက်အကျဆုံး စင်ရဲ့ အောက်ခြေက တွေ့တာပါ။"

"ဒါဆိုရင်တော့ ရှင်းသွားပါပြီ။ အဲ့ဒီနားက စာအုပ်အများစုက စာရေးသူ အမည်မသိ၊ ဇစ်မြစ်မသိတဲ့ စာအုပ်တွေ များပါတယ်ဗျ။ ဘယ်သူမှလည်း ဖတ်လေ့မရှိဘူးလေ။ ကျွန်တော့်အဘိုး ဘယ်ကနေ စုဆောင်းလာမှန်းတောင် မသိရပါဘူး။ တချို့ဆို ဆယ်စုနှစ်နဲ့ချီ၊ နှစ်တစ်ရာနီးပါးလောက်တောင် ရှိနေပါပြီ။ ကျွန်တော်သာ ရံဖန်ရံခါ နေထုတ်မလှန်း ၊ ပြန်မပြုပြင်ရင် ဆွေးမြည့်နေလောက်ပြီလေ။ ဒီစာအုပ်ရဲ့ အရင်းအမြစ်ကို ရှာဖို့ဆိုတာ ခက်လိမ့်မယ်ဗျ။"

ဆိုင်ပိုင်ရှင်၏ ရှင်းပြချက်ကို ကြားပြီးနောက် လှည့်လည်သွားလာသူ၏ အခြားလက်ရာများကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်သလောက် ရှိနေကြောင်း လုချင်း နားလည်လိုက်သည်။

သူ အနည်းငယ် စိတ်ပျက်သွားသော်လည်း တတ်နိုင်သည့်အရာ မရှိသဖြင့် ရွေးချယ်ထားသော စာအုပ်များအားလုံးကို ကောင်တာပေါ်သို့ တင်လိုက်သည်။

"ထားလိုက်ပါတော့ သူဌေးရာ... ကျွန်တော် ဒီစာအုပ်တွေ အကုန်ယူမယ်။ ညီမလေး... ရှောင်လီ... လိုချင်တဲ့ စာအုပ်တွေ ရွေးပြီးပြီလား။"

"ပြီးပြီ ကိုကို" ဟု ပြောရင်း ရှောင်ယန်က စာအုပ်အနည်းငယ်ကို ပွေ့ပိုက်လျက် ပြေးလာလေ၏။

"ဒါတွေက သမီးနဲ့ ရှောင်လီ ဝယ်ချင်တဲ့ စာအုပ်တွေလေ။"

"ကောင်းပြီ... သူဌေး၊ ဒါတွေပါ ပေါင်းလိုက်ဗျာ။"

"ဟုတ်ကဲ့ပါ သခင်လေး... ခဏလောက် စောင့်ပေးပါခင်ဗျာ။"

ဆိုင်ပိုင်ရှင်၏ အပြုံးက ပို၍ပင် တောက်ပလာတော့လျက် ပေသီးဖြင့် ချက်ချင်းပင် စာရင်းတွက်လိုက်လေ၏။

မကြာမီ သူက မော့ကြည့်ရင်း ပြောလိုက်သည်။

"အားလုံး ပေါင်းပြီးပါပြီ သခင်လေး... စုစုပေါင်း..."

ပမာဏကို ကြားလိုက်ရသော်လည်း လုချင်းမှာ မအံ့သြဘဲ ခေါင်းညိတ်လိုက်သည်။

ဒီကမ္ဘာတွင် စာအုပ်တွေက ယေဘုယျအားဖြင့် ဈေးကြီးသည်။ အသေးစိတ်ရေးသားထားပြီး လှပသေသပ်စွာ ချုပ်လုပ်ထားသော စာအုပ်အချို့ဆိုလျှင် ငွေ ၁၀ ကျပ်အထက်ပင် ကျသင့်တတ်ပါ၏။

ယင်းနှင့် နှိုင်းယှဉ်လျှင် ဆိုင်ပိုင်ရှင် ပြောသော ဈေးနှုန်းမှာ အတော်လေး သင့်တင့်နေသည်ပင်။

"ကျွန်တော့်မှာ ငွေသား အဲ့ဒီလောက် မပါဘူးဗျ။ ရွှေဒင်္ဂါးကော လက်ခံလား။"

"လက်ခံပါတယ်... လက်ခံပါတယ်ခင်ဗျာ" ဆိုင်ပိုင်ရှင်က အလျင်အမြန် ဖြေလိုက်သည်။

ရွှေသည် ငွေလောက် လည်ပတ်သုံးစွဲရန် မလွယ်ကူသော်လည်း တန်ဖိုးကတော့ အမြဲတမ်း ပိုမြင့်မားသည်ပင်။

"ကဲ... ဒါဆိုရင် ရော့ဗျာ သူဌေး။"

လုချင်းသည် ဝေ့သခင်မ ပေးလိုက်သော ငွေအိတ်ထဲမှ ရွှေဒင်္ဂါး နှစ်ပြားကို ထုတ်ယူကာ ပေးလိုက်သည်။

ဆိုင်ပိုင်ရှင်သည် ရွှေဒင်္ဂါးများကို သေချာ စစ်ဆေးကြည့်လိုက်သည်။ အောက်ခြေရှိ သေးငယ်သော 'ဝေ့' တံဆိပ်ကို မြင်လိုက်ရသောအခါတွင်တော့ သူ လန့်ဖျပ်သွားတော့လေ၏။

ဤရွှေဒင်္ဂါးများမှာ ဝေ့မိသားစုမှ လာကြောင်း သိလိုက်ရသဖြင့် ဤလူများသည် ဝေ့အိမ်တော်၏ ဧည့်သည်များ ဖြစ်ကြောင်း သူ နားလည်လိုက်သည်။

ထိုအခါ၌ သူ့အမူအရာသည် ပို၍ပင် ရိုသေလေးစားလာပြီး ရွှေဒင်္ဂါးများကို တွက်ချက်လိုက်ရင်း ငွေသားအချို့ကို လုချင်းထံ ပြန်အမ်းလိုက်သည်။

"သခင်လေး... ဒါက ပြန်အမ်းငွေပါ။ စာအုပ်တွေကို ကျွန်တော် အခုပဲ ထုပ်ပိုးပေးပါ့မယ်ဗျ။"

"ကောင်းပြီ... အဆင်ပြေသလိုသာ လုပ်ပါ။ ကျွန်တော်တို့ မလျင်ပါဘူး။"

စာအုပ်ဆိုင်မှ ထွက်လာပြီးနောက် အချိန်စောသေးသည်ကို တွေ့ရသဖြင့် လုချင်းသည် မပြန်မီ အနည်းငယ် ထပ်ပြီး လျှောက်လည်ရန် ဆုံးဖြတ်လိုက်တော့၏။

ဤတစ်ကြိမ်တွင်တော့ သူသည် ပို၍ လွတ်လပ်ပေါ့ပါးစွာ လျှောက်သွားလိုက်သည်။

ရှောင်ယန်နှင့် ရှောင်လီ အဖော်ပါလာသဖြင့် စည်ကားသည့် နေရာတိုင်းသို့ သွားရောက်ကာ ကလေးနှစ်ယောက်၏ စပ်စုချင်စိတ်ကို ဖြည့်ဆည်းပေးလိုက်သည်။

ဈေးထဲမှ လူများသည် လုချင်းနှင့် ရှောင်ယန်၏ ဝတ်စားဆင်ယင်မှု၊ ပုခုံးပေါ်မှ ထူးဆန်းသော သတ္တဝါငယ်လေးတို့ကို မြင်သောအခါ အလိုအလျောက် လမ်းဖယ်ပေးကြပြီး တိုးဝှေ့ခြင်း မပြုရဲကြပေ။

ဤကဲ့သို့ ဝတ်ဆင်ထားသူများသည် ချမ်းသာသူ သို့မဟုတ် အထက်တန်းလွှာများ ဖြစ်ကြပြီး သာမန်ပြည်သူများ ပြစ်မှားနိုင်သည့် လူတန်းစားများ မဟုတ်ကြပေ။

ထို့ကြောင့် ဈေးထဲတွင် လူများပြားနေသော်လည်း လုချင်းနှင့် ရှောင်ယန်တို့ သက်သောင့်သက်သာ လျှောက်လည်နိုင်ခဲ့ကြသည်။

လျှောက်သွားရင်း လူအုပ်စုဝေးနေသော နေရာတစ်ခုသို့ ရောက်ရှိလာပြီး အတွင်းမှ ရန်ဖြစ်သံများကို ကြားလိုက်ရသည်။

လုပ်စရာ ဘာမှမရှိသဖြင့် လုချင်းသည် ရှောင်ယန်ကို ပွေ့ချီကာ သွားပြီးကြည့်လိုက်၏။

သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် လူအုပ်ကြား တိုးဝင်သွားပြီးနောက် မျောက်မျက်နှာနှင့် နှုတ်ခမ်းမွေးပါရှိသော ပိန်ပါးသည့်အမျိုးသားတစ်ဦးက အဘိုးအိုတစ်ဦး၏ လက်မောင်းကို ဆွဲကာ အသံကျယ်ကျယ်ဖြင့် စွပ်စွဲပြောဆိုနေသည်ကို တွေ့လိုက်ရသည်။

"ဟေ့လူကြီး... ခင်ဗျား ကျုပ်ရဲ့ ရှေးဟောင်းပန်းအိုးကို ခွဲလိုက်တာနော်။ ဒီနေ့ လျော်ကြေးမပေးရင် ဒီနေရာကနေ ထွက်မသွားရဘူး။"

ဖာထေးထားသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အဘိုးအိုသည် ကြောက်လန့်တကြား ဖြစ်နေပြီး မည်းနက်နေသော မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြစ်နေသည်။

"ကျွန်တော် မထိမိပါဘူးဗျာ... သူ့ဘာသာ ပြုတ်ကျတာပါ။"

"ပေါက်ကရ မပြောနဲ့ ကျုပ်ပန်းအိုးက အကောင်းအတိုင်းကြီး ရှိနေတာ။ ဘယ်လိုလုပ် သူ့ဘာသာ ပြုတ်ကျမှာလဲ။ ခင်ဗျား တိုက်မိလို့ နေမှာပေါ့။"

နှုတ်ခမ်းမွေးနှင့်လူက အဘိုးအို၏ လက်မောင်းကို ဆုပ်ကိုင်ထားပြီး ရက်စက်စွာ အော်ဟစ်နေသည်။

"ကျွန်တော် တကယ် မထိမိပါဘူး။ ကျွန်တော် ဖြတ်သွားတုန်းက ခင်ဗျားဆိုင်နဲ့ ပေအတော်များများ ဝေးနေပါသေးတယ်။ ဘယ်လိုလုပ် တိုက်မိမှာလဲဗျာ" အဘိုးအိုက အားမပါသော အသံဖြင့် ငြင်းရှာသည်။

"ကျုပ် ဂရုမစိုက်ဘူး။ ခင်ဗျား ကျုပ်ဆိုင်ရှေ့က ဖြတ်သွားတာ ကျုပ် မြင်လိုက်တယ်၊ ပြီးတော့ ကျုပ်ပန်းအိုး ပြုတ်ကျကွဲသွားတယ်။ ခင်ဗျား လက်ချက်ပဲ ဖြစ်ရမယ်။ လျော်ကြေးပေးရင်ပေး၊ မပေးရင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို သွားကြမယ်။"

အာဏာပိုင်များထံ သွားမည်ဟူသော အသံကြားရသည်နှင့် အဘိုးအိုမှာ ပို၍ပင် ထိတ်လန့်သွားတော့သည်။ သာမန်ပြည်သူများ အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်သွားပါက အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နှိပ်စက်ညှဉ်းပန်း ခံရတတ်သည်ဟု သူ ကြားဖူးထားပါ၏။

သူသည် ပန်းအိုးကို မထိမိကြောင်း၊ သူ့အလိုလို ပြုတ်ကျသွားခြင်းဖြစ်ကြောင်း သက်သေခံပေးမည့်သူ ရှိမလားဟု မျှော်လင့်ချက်ဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ သို့သော် ပွဲကြည့်ပရိသတ်များသာ ရှိပြီး မည်သူမျှ ဝင်မပြောရဲကြပေ။

နှုတ်ခမ်းမွေးနှင့်လူ၏ ရက်စက်သော အမူအရာနှင့် သူ့နောက်မှ လူကောင်ကြီးကြီး လက်ထောက်နှစ်ဦးကို မြင်လိုက်ရသောအခါ အဘိုးအိုသည် လျော်ကြေးပေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိကြောင်း သိလိုက်သည်။

"ကောင်းပါပြီ... ကျွန်တော် လျော်ပါ့မယ်။ ပန်းအိုးက ဘယ်လောက်လဲ။"

အဘိုးအိုက စိတ်ပျက်လက်ပျက် မေးလိုက်သည်။

"ဒါက ရှေးဟောင်းပန်းအိုးကွ... လျှော့ဈေးနဲ့တောင် ငွေဒင်္ဂါး ၂၀ကျပ် တန်တယ်။"

နှုတ်ခမ်းမွေးနှင့်လူက မဲ့ပြုံးပြုံးလိုက်သည်။

"ဘယ်... ဘယ်လောက်တောင်" အဘိုးအိုမှာ ထိတ်လန့်တကြားဖြင့်ပင်လ။

"တစ်ပြားမှ မလျော့နိုင်ဘူး... ငွေဒင်္ဂါး ၂၀ကျပ် ပဲ" နှုတ်ခမ်းမွေးနှင့်လူက အခိုင်အမာ ပြောလိုက်သည်။

"ဘာလဲ... မလျော်ချင်ဘူးလား။ ဒါဆိုလည်း အုပ်ချုပ်ရေးမှူးရုံးကို သွားကြတာပေါ့။"

သူ့လက်ထောက်နှစ်ဦးက ခြိမ်းခြောက်သည့်ပုံစံဖြင့် ရှေ့တိုးလာကြသည်။

အဘိုးအိုမှာ တုန်လှုပ်သွားပြီး "ဒါပေမဲ့ ကျွန်တော့်မှာ အဲ့ဒီလောက် ပိုက်ဆံ မရှိဘူးဗျ။"

"ခင်ဗျားမှာ ဘယ်လောက်ရှိလဲ။"

အဘိုးအိုသည် အိတ်ကပ်များကို စမ်းရှာလိုက်သည်။

ခဏကြာတော့ ဟောင်းနွမ်းနေသော ပိုက်ဆံအိတ်လေးတစ်ခုကို ထုတ်လိုက်ပြီး "ကျွန်တော့်မှာ ငွေ ငွေဒင်္ဂါး ၃ကျပ်ပဲ ပါတာ။"

လုချင်းသည် တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး အဘိုးအို လိမ်လည်လှည့်ဖြားခံနေရကြောင်း ရိပ်မိလိုက်သည်။

သို့သော် အဖြစ်အပျက် အစအဆုံးကို မသိရသေးခြင်း၊ ဘေးလူများကလည်း ပွဲကြည့်သလိုသာ ကြည့်နေခြင်းတို့ကြောင့် သူ ချက်ချင်း ဝင်မပါသေးပေ။

ထိုအစား သူသည် အခြေအနေကို သုံးသပ်ရန် သူ့နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်တော့၏။

ပထမဦးစွာ မြေပြင်ပေါ်ရှိ ကွဲနေသော ပန်းအိုးကို ကြည့်လိုက်သည်။

ဖျော့တော့သော မီးခိုးရောင်အလင်း ပေါ်လာသည်။

[ကွဲနေသော ပန်းအိုး - အသစ်စက်စက် ပြုလုပ်ထားသော ကြွေပန်းအိုးဖြစ်ပြီး ရိုက်ခွဲခံထားရသည်။]

ထင်တဲ့အတိုင်းပဲ။

လုချင်း၏ မျက်လုံးများတွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် နှုတ်ခမ်းမွေးနှင့်လူကို ကြည့်လိုက်သည်။

ဖျော့တော့သော အဖြူရောင်အလင်း ပေါ်လာသည်။

[ချမ်စုန့်ချင်း - 'မြေခွေး' ဟု အမည်ပြောင် ရထားပြီး ဈေးကွက်ထဲတွင် နာမည်ကြီးသော လိမ်လည်လှည့်ဖြားသူ ဖြစ်သည်။]

[မျက်စိလျင်ပြီး လူကဲခတ် ကျွမ်းကျင်သည်။ တောသူတောင်သားများနှင့် နိုင်ငံခြားကုန်သည်များကို ခြိမ်းခြောက်ငွေညှစ်ရသည်ကို နှစ်သက်သည်။]

ယခုဆိုလျှင် လုချင်းတစ်ယောက် အခြေအနေကို အပြည့်အဝ နားလည်သွားပြီပင်။

သူ့နတ်မျက်စိစွမ်းရည်ကို ပြန်ရုတ်သိမ်းလိုက်မည့်အချိန်တွင် သူ့အကြည့်က အဘိုးအို၏ ပိုက်ဆံအိတ်ပေါ်သို့ ကျရောက်သွားလေ၏။

ထိုစဉ် ရုတ်တရက် သူ တုန်လှုပ်သွားရပြီး မျက်လုံးများပင် ပြူးကျယ်သွားတော့လေသည်။

All Chapters