အင်မော်တယ်နယ်မြေ
Vol. 12 Ch. 116
"ဒါဆို... နင်ထီကို လွှတ်ပေးလိုက်တာပေါ့"
"တကယ်ပါပဲ အစ်မရယ်... သူမက ငါတို့ကို ဒီလောက်တောင်မုန်းနေတာ။ ငါတို့ဘက်ကကြည့်ရင် ဒါက စူဠလိပ်ကို ရေထဲလွှတ်ပေးလိုက်တာနဲ့အတူတူပဲ မဟုတ်ဘူးလား"
လန်ယီက သူ့ကိုစိတ်ပျက်လက်ပျက်ဖြင့် မျက်စောင်းထိုးလိုက်ပြီး
"ကျွန်မက အဲဒီလောက်အမယ်ထင်နေတာလား"
"ဒါဆို သူမက..."
"ကျွန်မမှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်။ သူမကို လွှတ်ပေးထားရတာက ရှန့်မျိုးနွယ်စုဝင်တွေပဲ လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုရဲ့ အကြီးမားဆုံးသော ယုံကြည်မှုစွမ်းအားကို နှိုးဆွပေးနိုင်လို့ပဲ။ အချိန်တန်ရင် သူမ အလိုလိုပေါ်လာပါလိမ့်မယ်"
ကျန်းချန် အများကြီးစဉ်းစားနေစရာမလိုတော့ပေ။ နင်ထီမှာ လန်ယီ၏ ထိန်းချုပ်မှုအောက်သို့ နောက်တစ်ကြိမ်ရောက်သွားပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူမအတွက် ရုန်းထွက်ရန်အလွန်ခက်ခဲပေလိမ့်မည်။
"ရှင် လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုကို ရထားတယ်မဟုတ်လား"
"အဲဒါ ကျွန်မကိုပေးနိုင်မလား"
လန်ယီက ဟန်ဆောင်ပန်ဆောင်လုပ်မနေဘဲ သူမလိုချင်သည်ကို တိုက်ရိုက်တောင်းဆိုလိုက်သည်။
ယခင်တိုက်ပွဲတွင် ကျန်းချန်က စနစ်၏အကူအညီဖြင့် အခြေအနေအရပ်ရပ်ကို တစ်ဦးတည်း ကိုင်တွယ်နိုင်ခဲ့သည်မှာအမှန်ပင်။
သို့သော် အခြားတစ်ဖက်တွင်မူ သူစနစ်အသုံးမပြုမီအထိ လန်ယီက သူ့ကိုကာကွယ်ပေးခဲ့သည်ကိုလည်း ငြင်းပယ်၍မရပေ။ မည်သို့ပင်ဆိုစေကာမူ ထိုအချိန်က သူတို့နှစ်ဦးမှာ အသင်းဖော်များဖြစ်ခဲ့ကြသည်။
အစ်ကိုကြီးချန်အနေဖြင့် သူကိုယ်တိုင်အသုံးမပြုနိုင်သော ဤဆေးမီးဖိုကြီးကိုပေးရန် ဝန်မလေးပေ။ သို့သော် သူသည် နောက်ဆုံးတစ်ကြိမ် ကြိုးစားကြည့်ချင်သေးသည်။
"မင်းတကယ်ပဲ ငါ့လူမဖြစ်ချင်ဘူးလား"
"ငါက ဒီလောက်ချောတာ၊ ပြီးတော့ ဖေးရှန်ဂိုဏ်းက ရှုခင်းတွေကလည်းလှ၊ လူတွေကလည်း နွေးထွေးကြတယ်။ ဒါ့အပြင် ဂိုဏ်းရဲ့ခံစားခွင့်တွေကလည်း အရမ်းကောင်းတယ်၊ မကြာခဏဆိုသလို လက်ဆောင်တွေလည်း ဝေပေးတတ်သေးတယ်။ ငါ့နောက်လိုက်ရင် မင်းအရှုံးမရှိစေရဘူး..."
လန်ယီက နားထောင်ရင်း မျက်မှောင်ကြုတ်သွားပြီး နောက်ပိုင်းပါလာသည့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းခန်းများကို အလိုအလျောက်ပယ်ထုတ်လိုက်သည်။
ဒီကောင် ဘာကိုဆိုလိုတာလဲ... သူ့ကိုလက်ထပ်ပါလို့ ထပ်ပြောနေတာလား...
သူ့ထက် ကျင့်ကြံမှုအဆင့်နိမ့်နေသေးသော်လည်း သူ၏ ပါရမီ၊ အရည်အချင်းနှင့် ရုပ်ရည်ကိုကြည့်လျှင် သူမနှင့် အမှန်တကယ်လိုက်ဖက်သူဟု ဆိုနိုင်သည်။
အကယ်၍ သူတို့လက်ထပ်ဖြစ်ခဲ့လျှင် စုန်းမျိုးနွယ်စုအတွက် အလွန်အစွမ်းထက်သောမဟာမိတ်တစ်ဦးကို ရရှိလိုက်သလိုဖြစ်မည်မဟုတ်လော။ ဘာပဲဖြစ်ဖြစ် သူမတွင်ချစ်သူမရှိသဖြင့် သူ့ကိုသဘောတူလိုက်လျှင်လည်း ပြဿနာရှိပုံမရပေ။
သို့သော် ပြီးခဲ့သည့်အကြိမ်က သဘောတူလိုက်စဉ်တွင် သူ၏ဆဲဆိုခြင်းကိုခံခဲ့ရသည်ကို သတိရကာ ဤတစ်ကြိမ်တွင်မူ သူမပို၍သတိထားလိုက်သည်။
"ရှင် တကယ်ပြောတာလား"
ဟင်... အခွင့်အရေးပဲ...
အစ်ကိုကြီးချန်သည် မျက်နှာကိုချက်ချင်းပြင်လိုက်ပြီး တည်ကြည်စွာဖြင့်ပြောလိုက်သည်
"ငါတစ်ခါမှ အခုလောက်အထိ တည်တည်တံ့တံ့မပြောဖူးဘူး"
လန်ယီကို သိမ်းသွင်းနိုင်ဖို့ဆိုလျှင် တစ်ရက်တစ်ညလုံး လူကြီးလူကောင်းပုံစံဖမ်းရမည်ဆိုလျှင်ပင် သူလက်ခံနိုင်သည်။
"နောက်နေတာမဟုတ်ဘူးနော်"
"ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်နောက်ပြောင်မှာလဲ"
"ဟွန်း... ရှင့်စိတ်ထဲမှာ တကယ်ရှိမရှိ ဘယ်သူသိမှာလဲ။ ရှင်ကျွန်မကိုမြင်ဖူးတာ ဘယ်နှစ်ခါရှိသေးလို့ ဒီလိုတွေပြောနေရတာလဲ။ ကျွန်မဆီမှာ ကြိုက်စရာဘာရှိလို့လဲ"
ငါက မင်းရဲ့ ပါရမီနဲ့ ခွန်အားကို ကြိုက်နေတာလေ... အဲဒါက တန်ဖိုးရှိလွန်းလို့ကွ...
စိတ်ထဲကဆိုလိုက်သော်လည်း လက်တွေ့တွင်မူ ထိုသို့ပြော၍မဖြစ်ပေ။
ကျန်းချန်က အမြဲအသုံးဝင်သည့် ဖောရှောအကွက်ကို အသုံးပြုလိုက်သည်....
"ငါက မင်းရဲ့အရာရာတိုင်းကိုကြိုက်တာပါ။ မင်းရဲ့ ရုပ်ရည်၊ ခွန်အား ဒါမှမဟုတ် မင်းရဲ့ စရိုက်... မင်းရဲ့ အားသာချက်ပဲဖြစ်ဖြစ်၊ အားနည်းချက်ပဲဖြစ်ဖြစ် ငါ့မျက်လုံးထဲမှာတော့ အကုန်လုံးက တန်ဖိုးရှိပါတယ်"
ဒီကောင်ကချစ်ရေးဆိုတဲ့အခါ ဒီလောက်တောင်ချိုသာနေတာလား။ လန်ယီမှာ ကြက်သီးထသွားသော်လည်း ဤစကားများကနားဝင်ချိုသည်ကိုတော့ ဝန်ခံရပေမည်။
"ဒါဆိုလည်း... ကောင်းပါပြီ၊ ကျွန်မသဘောတူတယ်"
အစ်ကိုကြီးချန်မှာ အစပိုင်းတွင် ဝမ်းသာသွားသော်လည်း နောက်ပိုင်းတွင် အပြုံးများ ပျောက်ကွယ်သွားသည်။ စနစ်ဆီက ဒင်ဆိုတဲ့အသံ မြည်မလာသေးဘူး...
စနစ်က အသိအမှတ်မပြုသေးဘူးဆိုလျှင် သူမသည် သူ၏လူ တကယ်မဖြစ်သေးဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော် ဤအမျိုးသမီးက လိမ်နေပုံလည်းမရပေ။
သူမ၏ အမူအရာ၊ မျက်ဝန်းနှင့် လေသံများမှာ အစစ်အမှန်အတိုင်းပင်။ သူမက ဒီလောက်အထိ သရုပ်ဆောင်ကောင်းလိမ့်မည်ဟု ကျန်းချန်မထင်ထားခဲ့သဖြင့် ဤတစ်ကြိမ်တွင်မူ သူအနည်းငယ် ဝမ်းနည်းသွားရသည်။
ငါ မင်းအပေါ်ကို မျှော်လင့်ချက်တွေ အများကြီးထားခဲ့တာပါ။ ဒီကမ္ဘာကို ရောက်လာကတည်းက ဘယ်သူ့ကိုမှ ဒီလောက်အထိ အတင်းအကျပ်မစည်းရုံးခဲ့ဖူးဘူး၊ အခုတော့ အယောင်ပြလှည့်စားမှုနှစ်ခုနဲ့ပဲ ကြုံလိုက်ရတယ်။
သူ သက်ပြင်းချလိုက်ပြီး ဆေးမီးဖိုကိုထုတ်ကာ သူမဆီသို့ပစ်ပေးလိုက်သည်။
"ယူလိုက်တော့"
ထားလိုက်ပါတော့... ငါ အတင်းအကျပ် မလုပ်တော့ပါဘူး။
လန်ယီကလည်း ၎င်းကို အမြန်လှမ်းဖမ်းလိုက်၏။ သူမ၏အမြင်တွင် ကျန်းချန်က ဤဆေးမီးဖိုကိုပေးခြင်းမှာ သူမ၏လက်ထပ်ခွင့်ကို လက်ခံလိုက်သည့်တုံ့ပြန်မှုဟု ထင်နေသည်။ ဤဆေးမီးဖိုမှာ စေ့စပ်ကြောင်းလမ်းသည့် လက်ဆောင်ကဲ့သို့ ဖြစ်နေသဖြင့် သူမ အနည်းငယ် ရှက်သွေးဖြန်းသွားရသည်။
"ဒီဆေးမီးဖိုကို ဘာအတွက်သုံးမှာလဲဆိုတာ မမေးတော့ဘူးလား... "
မူလက သူမသည် ဆေးမီးဖိုရလျှင် ထွက်သွားရန်စဉ်းစားခဲ့သော်လည်း ယခုအခါ ကျန်းချန်ကို သူမ၏စေ့စပ်ထားသူအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ရာ သူတို့မှာ မိသားစုဝင်များ ဖြစ်သွားကြပြီဖြစ်သည်။ ထို့ကြောင့် စိတ်ကူးများက အလိုအလျောက်ပြောင်းလဲသွား၏။
ကျန်းချန်မှာ စူးစမ်းချင်စိတ်ရှိသော်လည်း ယခုအချိန်တွင်မူ စိတ်မပါသဖြင့် ဝတ္တရားအရသာ မေးလိုက်သည်
"ဪ... ဘာအတွက်သုံးမှာလဲ"
"အင်... မော်... တာယ်... နယ်... မြေ... ထဲ... ကို... ဝင်... ဖို့..."
လန်ယီက ကျန်းချန်၏မျက်နှာကိုစိုက်ကြည့်ရင်း တစ်လုံးချင်းပြောလိုက်သည်။
"ဘာ... အင်မော်တယ်နယ်မြေလား"
စိတ်ပျက်နေသောကျန်းချန်သည် ဤစကားလုံးများကြောင့် ချက်ချင်းပင်စိတ်ဝင်စားသွားတော့သည်။
"အင်မော်တယ်နယ်မြေကိုဝင်ဖို့ဆိုရင် သူတော်စင်အဆင့်ရဲ့ အထွတ်အထိပ်ကိုရောက်မှ တက်လှမ်းလို့ရတာ မဟုတ်ဘူးလား"
"ဒီလေးမျက်နှာကမ္ဘာဦးဆေးမီးဖိုတစ်ခုတည်းနဲ့ မင်းက အင်မော်တယ်ဖြစ်သွားမှာလား"
"ငါ့ကို နောက်နေတာလား"
လန်ယီက ခေါင်းခါပြသည်။
"အင်မော်တယ်အဖြစ်တက်လှမ်းတာက အတိတ်ကကိစ္စပါ"
"လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သန်းအတွင်းမှာ အောက်လောကက သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်မှ အောင်အောင်မြင်မြင် မတက်လှမ်းနိုင်ခဲ့ကြဘူး"
"သူတို့ရဲ့ပါရမီက ဘယ်လောက်ပဲထူးချွန်ပါစေ၊ သူတို့ရဲ့ဂိုဏ်းတွေက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ သူတို့ အင်မော်တယ်မဖြစ်နိုင်ကြတော့ဘူး"
အစ်ကိုကြီးချန် မှင်သက်သွားရသည်။ သူသည် နောင်တွင် အင်မော်တယ်ဖြစ်လာရန်မှာ လွယ်ကူသောကိစ္စဟု အမြဲတွေးထားခဲ့ခြင်းဖြစ်သည်။
ကောင်းကင်ဘုံ ဖျက်စီးခြင်းရဲ့ မဖျက်စီးနိုင်သော ခန္ဓာကိုယ်ရှိနေပြီး စနစ်ကလည်း ကာကွယ်ပေးထားရာ သူအင်မော်တယ်မဖြစ်လျှင်သာ ထူးဆန်းပေလိမ့်မည်။ သို့သော် ထိုသေချာမှုမှာ မသေချာသလိုဖြစ်လာလေပြီ...
"ဘာလို့လဲ"
လန်ယီက တိုးညှင်းသောလေသံဖြင့် ပြောလိုက်သည်
"ဟင်းလင်းပြင် အင်မော်တယ်နယ်မြေ ပေါ်ပေါက်လာလို့ပဲ"
"ဟင်းလင်းပြင်အင်မော်တယ်နယ်မြေဆိုတာဘာလဲ"
"ဟင်းလင်းပြင်အင်မော်တယ်နယ်မြေဆိုတာ အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စုရဲ့ အင်မော်တယ်ဘိုးဘေးကိုးပါး အရင်ဆုံးပေါ်လာတဲ့နေရာပဲ။ သူတို့က အင်မော်တယ်နယ်မြေကနေ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေထဲကို ကျလာပြီး၊ အဲဒီကနေမှတစ်ဆင့် အောက်လောကကို ရောက်လာကြတာ"
"မင်းပြောချင်တာက ဟင်းလင်းပြင်အင်မော်တယ်နယ်မြေက အဲဒီအချိန်မှာပေါ်လာတာပေါ့"
"ဟုတ်တယ်"
လန်ယီက ခေါင်းညိတ်ပြရင်းဆက်ပြောသည်
"လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သန်းမှာ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေက အင်မော်တယ်နယ်မြေနဲ့ အောက်လောကကြားထဲမှာ ရုတ်တရက်ပိတ်ဆို့သွားခဲ့တယ်။ အဲဒါကြောင့် ကောင်းကင်နဲ့ မြေကြီးရဲ့ မူလနိယာမတွေ ပျက်စီးသွားပြီး အင်မော်တယ်ဖြစ်မယ့်လမ်းကြောင်း ပိတ်ဆို့သွားခဲ့တာ"
"ရှင်သိလား... အရင်တုန်းက တာအိုနန်းတော်အဆင့်ကနေ သူတော်စင်အဆင့်ကို ကူးပြောင်းဖို့ မခက်ခဲဘူး။ ဒါပေမဲ့ အခုတော့ အဲဒီအတားအဆီးကိုဖြတ်ကျော်တဲ့အခါ မိုးကြိုးဘေးဒုက္ခတွေ ပေါ်လာတယ်။ အဲဒါတင်မကဘူး၊ သူတော်စင်အဆင့်ရဲ့ အဆင့်တိုင်းမှာ မိုးကြိုးဘေးဒုက္ခတွေ ရှိနေတယ်။ ဒါဟာ ကမ္ဘာကြီးရဲ့နိယာမတွေ ပြောင်းလဲသွားတဲ့ အကြောင်းရင်းပဲ"
"တစ်ဖက်မှာလည်း ရှေးခေတ်တုန်းက သူတော်စင်ကျင့်ကြံသူတွေ အင်မော်တယ်ဖြစ်ဖို့ တက်လှမ်းတဲ့အခါ ကြုံတွေ့ရတဲ့ မိုးကြိုးဘေးဒုက္ခတွေက အခုတော့ပျောက်ကွယ်သွားပြီ..."
ကျန်းချန်က အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်
"မိုးကြိုးဘေးဒုက္ခမရှိတာက ကောင်းတဲ့အချက်မဟုတ်ဘူးလား"
မိုးကြိုးဘေးဒုက္ခကို မကျော်ဖြတ်နိုင်ဘဲ သေဆုံးသွားရတဲ့ ကျင့်ကြံသူတွေ အများကြီးရှိတာကို သူသိသည်မဟုတ်ပါလား။
လန်ယီက သူ့ကို ထူးဆန်းသလိုကြည့်လိုက်သည်။
"တစ်ခါတလေကျရင် ရှင်က ကျင့်ကြံခြင်းမှာ လူသစ်တစ်ယောက်လားလို့ တကယ်တွေးမိတယ်"
"မိုးကြိုးဘေးဒုက္ခတွေက ကြောက်စရာကောင်းပေမဲ့၊ အဲဒီ ဆေးကြောသန့်စင်မှုမရှိဘဲနဲ့ သူတော်စင်အဆင့် ကျင့်ကြံသူတွေဟာ ရှေ့ဆက်ပြီးအဆင့်တက်လို့မရတော့ဘူး။ အဲဒီတော့ သူတို့တွေက အောက်လောကမှာပဲ ထာဝရပိတ်မိနေတော့တာပေါ့"
ကျန်းချန် ချက်ချင်းနားလည်သွားသည်။
"ဒါပေမဲ့ မင်းတို့မျိုးနွယ်စုရဲ့ အင်မော်တယ်ကိုးပါးက အင်မော်တယ်နယ်မြေကို ပြန်သွားနိုင်ခဲ့တယ်ဆိုတော့၊ ချွင်းချက်ရှိနေသေးတာကို ပြနေတာပဲ"
"သူတို့က မူလကတည်းက အင်မော်တယ်တွေလေ။ သူတို့ရဲ့ ခွန်အားက အောက်လောကရဲ့ ကန့်သတ်ချက်ကို အများကြီးကျော်လွန်နေပြီ။ သူတို့က ပြန်မသွားချင်ဘူးဆိုရင်တောင်၊ ကမ္ဘာကြီးရဲ့နိယာမတွေက သူတို့ပြန်သွားအောင် အတင်းအကျပ်ဖိအားပေးမှာပဲ။"
"နားလည်ပြီ"
ကျန်းချန်က ထပ်မေးလိုက်သည်
"ဒါဆိုရင် ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကနေ အင်မော်တယ်နယ်မြေကို သွားလို့ရတယ်ဆိုတာ မင်း ဘယ်လိုသိလဲ... လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာမှာ ဝင်ဖူးတဲ့သူရှိလို့လား"
"မရှိဘူး။ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကိုဝင်ဖို့က မလွယ်ဘူး။ ဒါပေမဲ့ အင်မော်တယ်ဘိုးဘေးကိုးပါးက အဲဒီကနေဆင်းလာတာမို့လို့ အင်မော်တယ်နယ်မြေကို ဆက်သွယ်ထားတဲ့လမ်းကြောင်းရှိလိမ့်မယ်လို့ ယူဆထားတာ"
"ဒါဆို ယူဆချက်သက်သက်ပဲပေါ့..."
"အဲဒါက အင်မော်တယ်ဖြစ်လာဖို့ တစ်ခုတည်းသောမျှော်လင့်ချက်ပဲလေ။ မျှော်လင့်ချက်နည်းနည်းပဲရှိရင်တောင် စမ်းကြည့်သင့်တာပဲမဟုတ်လား"
ကျန်းချန်လည်း သူမပြောသည်မှာမှန်ကန်ကြောင်း ဝန်ခံလိုက်ရသည်။ သို့သော် သူက ထူးဆန်းစွာ ထပ်မေးလိုက်ပြန်သည်။
"ဟင်းလင်းပြင်အင်မော်တယ်နယ်မြေရှိနေတာ နှစ်သန်းချီနေပြီဆိုတော့၊ လူတွေအများကြီး စမ်းကြည့်ဖူးမှာပေါ့... အဲဒါကို အောင်မြင်လား မအောင်မြင်လား ဘာလို့မသိနိုင်ရသေးတာလဲ"
လန်ယီက ခေါင်းခါယမ်းလိုက်သည်။
"မဟုတ်ဘူး"
"ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကိုဝင်ဖို့က ရှင်ထင်သလောက် မလွယ်ကူလို့ပဲ"