← Chapters

ပါရမီအဆင့်အတန်းကွာဟချက်

Vol. 12 Ch. 119

ပါရမီအဆင့်အတန်းကွာဟချက်

Vol. 12 Ch. 119

အင်ပါယာမင်းဆက်ကို ခိုင်မာစေရန်နှင့် ပြည်သူများ၏ယုံကြည်မှုကိုရရှိရန် ဧကရာဇ်ရှန့်ကောင်းယဲ့သည် ဝါဒဖြန့်မှုများစွာ ပြုလုပ်ခဲ့ဖူးသည်။ ဧကရာဇ် မည်မျှဘုန်းတန်ခိုးကြီးကြောင်း၊ မည်သည့်ဝိညာဉ်လက်နက်များကို ကိုင်ဆောင်ကြောင်းနှင့် သူ၏အောင်မြင်မှုများမှာ ယနေ့တိုင်လူပြောများဆဲဖြစ်သည်။

ခရမ်းနေမင်းနဂါးဓားမှာ ထိုအထင်ကရလက်နက်များထဲမှတစ်ခု ဖြစ်သည်။ ဒဏ္ဍာရီများအရ ဧကရာဇ်သည် ဤဓားကိုကိုင်စွဲကာ ကြယ်စင်များနှင့် နေမင်း၏အရှိန်အဝါကို အသုံးချပြီး ရန်သူ့စစ်သည်သောင်းချီကို တစ်ကွက်တည်းဖြင့်ချေမှုန်းခဲ့ဖူးသည်ဆို၏။ လူတိုင်း ရုတ်တရက် တိတ်ဆိတ်သွားပြီး ဂိုဏ်းချုပ်ကျန်းချန်ကို ပြိုင်တူကြည့်လိုက်ကြတော့သည်။

ဒီဓားက ဂိုဏ်းချုပ်လက်ထဲ ဘယ်လိုရောက်နေတာလဲ...

အစ်ကိုကြီး... ခင်ဗျား ချန်ရှင်းမင်းဆက်ကိုလည်း ဖျက်ဆီးပစ်လိုက်တာတော့ မဟုတ်ပါဘူးနော်...

မဖြစ်နိုင်တာ... မဖြစ်နိုင်လောက်ပါဘူး... ချန်ရှင်းမင်းဆက်က ဒီလောက်ကြီးပြီး ဒီလောက်ဝေးတာကို...

သို့သော် ဤအစ်ကိုကြီး၏ အပြင်ထွက်တိုင်း ဂိုဏ်းတစ်ခုခုကိုဖျက်ဆီးလာတတ်သည့်အကျင့်ကို ပြန်တွေးကြည့်လျှင်မူ ၎င်းမှာဖြစ်နိုင်ခြေအလွန်များနေသည်။

"ဟုတ်တယ်... ချန်ရှင်းမင်းဆက်မှာ မျိုးရိုးနာမည်ပြောင်းတော့မယ်"

ဤကဲ့သို့ ကြွားလုံးထုတ်ရမည့်အခွင့်အရေးကို အစ်ကိုကြီးချန်ကလက်လွှတ်မည်မဟုတ်။

"နောင်မှာ ဘယ်မျိုးရိုးနာမည်ဖြစ်မလဲဆိုတာတော့ ငါလည်းမသိဘူး"

ရှန့်မျိုးနွယ်မရှိတော့လျှင်လည်း နောင်တွင် လီမျိုးနွယ် သို့မဟုတ် ကျန်းမျိုးနွယ်များ ရှိလာပေလိမ့်မည်။ ထိုကဲ့သို့ ကျယ်ပြန့်သောနယ်မြေကြီးတွင် အုပ်စိုးသူအသစ်များ ပေါ်လာမြဲပင်။ ကျန်းချန်ကိုယ်တိုင်မှာမူ လူ့လောကကိုအုပ်ချုပ်ရန် စိတ်မဝင်စားပေ။

အင်မော်တယ်အဖြစ်တက်လှမ်းရခြင်းက ပို၍စိတ်လှုပ်ရှားစရာ မကောင်းပေဘူးလား...

"ဘာ..."

"တကယ်ကြီးလား"

"ရူးချင်စရာပဲ... နှစ်ပေါင်းသန်းချီတည်တံ့ခဲ့တဲ့ အင်ပါယာကြီးတစ်ခုက ဒီလိုပဲပြိုလဲသွားပြီလား..."

"ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ... ဒီတိုင်း ဖျက်ဆီးပစ်လိုက်တာလား"

"ဂိုဏ်းချုပ်... ခင်ဗျားနဲ့ ရှန့်မျိုးနွယ်နဲ့ ရန်ငြိုးရှိလို့လား"

သူတို့ လူ့လောကတွင်ရှိစဉ်က အင်ပါယာမိသားစုကို အလွန်အမင်းကြောက်ရွံ့အားကျခဲ့ကြ၏။ သို့သော် ယခုအခါ သူတို့သည် သာမန်ထက်ထူးကဲသောကျင့်ကြံသူများ ဖြစ်နေပြီဖြစ်ရာ ထိုအရာများကို သိပ်ဂရုမစိုက်တော့ဘဲ အံ့ဩတုန်လှုပ်ရုံသာရှိတော့သည်။

"ရန်ငြိုးတော့ မရှိပါဘူး"

ကျန်းချန်က ပုခုံးတွန့်ကာ ပြောလိုက်သည်

"သူတို့က သေတွင်းထဲအတင်းတိုးနေကြတာ။ ငါလည်း ဘာမှမတတ်နိုင်လို့ လက်ကလေးနည်းနည်းလှုပ်လိုက်ရုံပါပဲ"

ဤစကားများသည် ကြွားဝါရန်အတွက် ရည်ရွယ်ပြီးပြောခြင်းဖြစ်သော်လည်း လိမ်ညာနေခြင်းတော့ မဟုတ်ပေ။ လုံယွဲ့မြို့တော်သို့မသွားမီက အမှတ်များရရန် သူစဉ်းစားခဲ့သည်မှာအမှန်ပင်။

သို့သော် ဧကရာဇ်ရှန့်ကောင်းယဲ့၊ နင်ထီ၊ ဆရာကြီးခုနစ်ဦးနှင့် သူတော်စင်နှစ်ဦးတို့သာ သူ့ကိုလာမနှောင့်ယှက်ခဲ့ပါက သူလည်း ဘာမှလုပ်လိမ့်မည်မဟုတ်။ ဘာပဲဖြစ်ဖြစ် သူက ကလဲ့စားချေရန် သွားခဲ့ခြင်းမှမဟုတ်ဘဲ။

နံပါတ်တစ်ဖော်လံဖားဖြစ်သူ ရှန်ထိုက်က ချက်ချင်းရှေ့ထွက်လာသည်။

"ကြည့်စမ်းပါဦး... လက်ကလေးနည်းနည်းလှုပ်လိုက်ရုံတဲ့... ဒါမှ ငါတို့ဂိုဏ်းချုပ်ရဲ့ ခမ်းနားတဲ့အရှိန်အဝါပဲ..."

အခြားသူများကလည်း အစ်ကိုကြီးချန်၏ နံပါတ်တစ်ယုံကြည်ရသူဖြစ်လာရန်အတွက် တစ်ယောက်ထက်တစ်ယောက်သာအောင် မြှောက်ပင့်ကြတော့သည်။

လော့ယွမ်က မှတ်စုစာအုပ်ကိုထုတ်ကာ အပြင်းအထန်ရေးခြစ်နေသည်

"ငါ ဒါကိုအကုန်မှတ်ထားပြီ။ နောင်မှာ ဂိုဏ်းချုပ်ရဲ့ဟန်ပန်ကို လေ့လာရမယ်။ ဆယ်ပုံတစ်ပုံလောက် တတ်မြောက်ရင်တောင် တစ်သက်လုံး သုံးလို့မကုန်တော့ဘူး..."

"ဂိုဏ်းချုပ်အတွက်ကတော့ ဒါက ကိစ္စအသေးအမွှားလေးပါ၊ အပျော့စားပေါ့... အားလုံးပဲ စိတ်အေးအေးထားကြပါ..."

ကန့်ကျိယီက လူအုပ်ကိုကြည့်ကာ ပြုံးရွှင်စွာဖြင့်လက်ဝေ့ယမ်းလိုက်သည်

"ပုံမှန်ပါပဲ... ထိုင်ကြပါ၊ ထိုင်ကြပါ..."

မြင်ကွင်းမှာသာယာလှပနေပြီး လူတိုင်းကတက်ကြွနေကြသဖြင့် အစ်ကိုကြီးချန်သည် သူတို့၏တိုးတက်မှုအတွက် အလွန်ကျေနပ်နေ၏။ စနစ်အဆင့်မြင့်သွားပြီးနောက် သူသည် တပည့်များ၏ ပါရမီကို မြှင့်တင်ပေးနိုင်ပြီဖြစ်ကြောင်း သတိရသွားသည်။

သူသည် အရင်ဆုံး ကျိလင်းဟန်ကို စကန်ဖတ်ကြည့်လိုက်သည်။

ပစ်မှတ်- ကျိလင်းဟန်

ပါရမီ- အဆင့် ၃

အဆင့်မြှင့်နိုင်သောအဆင့်- အဆင့် ၂

စနစ်သည် ရိုးရှင်းစွာဖော်ပြထားပြီး သူမတွင် မည်သည့်ပါရမီရှိသည်ကိုပင်မပြဘဲ အဆင့်ကိုသာတိုက်ရိုက်သတ်မှတ်ထားသည်။ ကျိလင်းဟန်ကဲ့သို့ ထူးချွန်သောပါရမီရှင်ပင်လျှင် အဆင့် ၃ သာရှိ၏။ ကျန်းချန်အံ့အားသင့်သွားပြီးနောက် ကုန်ကျမည့်အမှတ်များကိုကြည့်ကာ မှင်သက်သွားရတော့သည်။

ကုန်ကျမည့်အမှတ်- ၁၂၀,၀၀၀,၀၀၀

ကျိလင်းဟန်၏ပါရမီကို တစ်ဆင့်မြှင့်ရန် အမှတ် ၁၂၀ သန်း လိုအပ်တာလား...

ဒါက ရူးသွပ်စရာပဲ။ ထို့နောက် သူသည် လင်းနင်ကို စကန်ဖတ်ကြည့်လိုက်ပြန်သည်။

ပစ်မှတ်- လင်းနင်

ပါရမီ- အဆင့် ၃

အဆင့်မြှင့်နိုင်သောအဆင့်- အဆင့် ၂

ကုန်ကျမည့်မှတ်မှာလည်း သူမတတ်နိုင်သောပမာဏပင်။

လင်းနင်က ကျိလင်းဟန်ထက် ပိုတန်ဖိုးမရှိဘူးလား... ဘာလို့ သူမလည်း အဆင့် ၃ ပဲ ဖြစ်နေရတာလဲ...

ပြီးတော့ နှစ်ယောက်လုံးက အဆင့် ၂ ကို တက်မှာချင်းအတူတူ သူမက ပိုပြီးဈေးကြီးနေသေးသည်။ လူတစ်ဦးချင်းစီ၏ အဆင့်မြှင့်မှုရလဒ်ချင်း မတူညီသောကြောင့်ဖြစ်ပုံရသည်။ ကျိလင်းဟန်၏ အဆင့်မြှင့်မှုက ဝင်ပေါက်ခုနှစ်ခု ထူးကဲခန္ဓာကိုယ်ကြောင့်ဖြစ်နိုင်ပြီး လင်းနင်၏ အဆင့်မြှင့်မှုက ပုန်းကွယ်နေသော ဖီးနစ်သွေးမျိုးဆက်ကြောင့်ဖြစ်နိုင်ပေသည်။

အကယ်၍ သူတို့နှစ်ဦးကိုသာ အဆင့်မြှင့်နိုင်လျှင် ထိုနယ်ပယ်များတွင် အစွမ်းထက်လာမည်မှာ သေချာသည်။

ဤပါရမီရှင်နှစ်ဦးကိုတော့ လောလောဆယ် လက်လျှော့ထားရုံသာ။ ထို့နောက် ယင်းရွှယ်အာကို သူ စကန်ဖတ်ကြည့်သည်။

ပစ်မှတ်- ယင်းရွှယ်အာ

ပါရမီ- အဆင့် ၆

အဆင့်မြှင့်နိုင်သောအဆင့်- အဆင့် ၅

ကုန်ကျမည့်အမှတ်- ၈၀၀

ဒီလောက်ပဲလား... ဒါက အရမ်းမသက်သာလွန်းဘူးလား...

အမှတ်သန်းချီကုန်မည့်အရေးကြောင့် စိတ်ညစ်နေသော အစ်ကိုကြီးချန်သည် သူ့မျက်လုံးကိုယ်သူပင် မယုံနိုင်တော့ပေ။ သုံးဆင့်လောက်ပဲကွာတာကို ဈေးနှုန်းက ဒီလောက်တောင်ကွာရသလား... ဒါဆိုရင်တော့ စဉ်းစားလို့ရသည်။

သူသည် လော့ယွမ်၊ ရှန်ထိုက်နှင့် အခြားတပည့်များကိုပါ စကန်ဖတ်ကြည့်လိုက်ရာ ထိုသူအများစုမှာ အဆင့် ၆ ဖြစ်ကြပြီး အဆင့်မြှင့်ရန် အမှတ် ၂,၀၀၀ အောက်သာ ကုန်ကျမည်ဖြစ်သည်။

တပည့်များထဲတွင် တတိယမျိုးဆက်မှ ထန်ရုနှင့် လူဖန်းတို့မှာ အဆင့် ၅ သို့ ရောက်နေကြသည်။ ထိုသူနှစ်ဦးကို အဆင့် ၄ သို့ မြှင့်ရန်မှာ အမှတ် ၁ သိန်းခွဲနှင့် ၁ သိန်း ၁ သောင်း အသီးသီး ကုန်ကျမည်ဖြစ်၏။ သန်းကြွယ်သူဌေး ဂိုဏ်းချုပ်ကျန်းအတွက်မူ ဤပမာဏမှာ လက်ခံနိုင်သော အတိုင်းအတာအတွင်း ရှိနေဆဲပင်။

နောက်ဆုံးတွင် သူသည် အင်မော်တယ်မိုချန်ကိုလည်း ကြည့်လိုက်သည်။ ရလဒ်မှာ သူ ထင်ထားသည်ထက် များစွာကွာခြားနေသည်။

ပစ်မှတ်- မိုချန်

ပါရမီ- အဆင့် ၄

အဆင့်မြှင့်နိုင်သောအဆင့်- အဆင့် ၃

ကုန်ကျမည့်အမှတ်- ၁,၈၈၀,၀၀၀

ဤအဘိုးကြီးက အင်မော်တယ်ဖြစ်တာတောင် ပါရမီက အဆင့် ၄ ပဲ ရှိတာလား...

တစ်နည်းအားဖြင့် အဆင့် ၄ ပါရမီရှိရုံဖြင့် အင်မော်တယ်အဆင့်အထိ တက်လှမ်းနိုင်သည်ဟု ဆိုလိုခြင်းလော...

ဒါဆိုလျှင် အဆင့် ၃ ပါရမီရှိသော လင်းနင်နှင့် ကျိလင်းဟန်တို့သာ အင်မော်တယ်နယ်မြေသို့ရောက်သွားပါက မည်မျှအထိထူးချွန်လာမည်နည်း...

သူ ရုတ်တရက် နားလည်သွားသည်။ ပါရမီကောင်းခြင်းနှင့် အောင်မြင်မှုရရှိခြင်းမှာ ကွဲပြားခြားနားသော အရာနှစ်ခုဖြစ်သည်။

ကျင့်ကြံခြင်းလောကသည် အလွန်ပင် ဘေးအန္တရာယ်များလှပြီး အချိန်ကြာလာသည်နှင့်အမျှ မထင်မှတ်ထားသည်များ ဖြစ်လာတတ်သည်။

ပါရမီ မည်မျှကောင်းပါစေ အသက်ရှည်ရှည်နေနိုင်ခြင်းကို မယှဉ်နိုင်ပေ။ ထိုကဲ့သို့ ထူးချွန်သောပါရမီရှင်များ လမ်းခုလတ်တွင် သေဆုံးသွားရသည်မှာ ထက်ဝက်မကရှိပေလိမ့်မည်။

ထို့ပြင် အချို့မှာ ကျိလင်းဟန်ကဲ့သို့ပင် ဂိုဏ်းငယ်လေးများတွင် ပိတ်မိနေကြသည်။ သူတို့တွင် ကောင်းကင်ကံကြမ္မာအဆင့်သို့တက်ရန် နည်းစနစ်များမရှိသကဲ့သို့ ဝိညာဉ်သွေးကြောများ၊ ဆေးလုံးများနှင့် အခြားသောအရင်းအမြစ်များလည်း မရှိကြချေ။

ထိုသို့ဖြင့် ပါရမီရှင်များစွာမှာ လူမသိဘဲပျောက်ကွယ်သွားကြရသည်။ ထို့အပြင် လက်ရှိအောက်လောကတွင် အင်မော်တယ်အဖြစ် တက်လှမ်း၍မရခြင်းက လူတိုင်း၏လမ်းကြောင်းကို ပိတ်ဆို့ထားသကဲ့သို့ဖြစ်နေသည်။

ကျိလင်းဟန်နှင့် လင်းနင်တို့မှာ ဈေးကြီးလွန်းသဖြင့် သူခေတ္တလက်လျှော့လိုက်ရသော်လည်း အခြားတပည့်များကိုမူ သူမြှင့်တင်ပေးနိုင်သည်။ မည်သို့ဆိုစေ အမှတ်အများကြီးမကုန်ပေ။

ထို့အပြင် အပြန်အလှန်အားဖြင့် သူရရှိမည့် အမှတ်များမှာ ဆယ်ဆ၊ အဆတစ်ရာ တိုးလာပေလိမ့်မည်။ ဤစွမ်းရည်၏ ပြန်လည်အသုံးပြုနိုင်သည့်ကြာချိန်မှာ တစ်ရက်သာဖြစ်သဖြင့် လအနည်းငယ်အတွင်း တပည့် ၇၀ ကျော်လုံးကို အဆင့် ၄ ရောက်အောင် သူလုပ်ပေးနိုင်သည်။

ထိုသို့တွေးရင်း သူကပြုံးကာလက်ဝေ့ယမ်းလိုက်သည်။

"လော့ယွမ်... ဒီကို လာခဲ့ဦး"

"ဗျာ... ဂိုဏ်းချုပ်... ကျွန်တော့်ကိုခေါ်တာလား"

လော့ယွမ်အမြန်ပြေးလာသည်။ အခြားသူများမှာ မနာလိုဖြစ်သွားကြပြီး အချို့မှာ စိတ်ထဲမှပင် ကျိန်ဆဲနေကြသည်။

ဂိုဏ်းချုပ်က တစ်စုံတစ်ဦးကိုခေါ်ပြီဆိုလျှင် ကောင်းသောအရာတစ်ခုခုပေးတော့မည်မှာ သေချာသောကြောင့်ဖြစ်သည်။

ဒီကောင်လည်း ဆုရတော့မှာလား... ဘာလို့ သူ ဖြစ်နေရတာလဲ...

"ခုနက မှတ်စုစာအုပ်နဲ့လေ့လာနေတဲ့ မင်းရဲ့စိတ်ဓာတ်ကို ငါချီးကျူးတယ်။ ဒါကြောင့် ဒီဂိုဏ်းချုပ်က မင်းကိုထူးရှယ်တစ်ခုပေးဖို့ ဆုံးဖြတ်လိုက်တယ်"

ထူးရှယ်ဆိုတာဘာမှန်း လော့ယွမ်မသိသော်လည်း သူ အလွန်ဝမ်းသာသွားသည်။ ကန့်ကျိယီ၊ ဝေမြောင်နှင့် အခြားသူများကလည်း ချက်ချင်းဝိုင်းလာကြ၏။

"ဂိုဏ်းချုပ်... ကျွန်တော်လည်း ခုနကအရမ်းကြိုးစားပြီး လေ့လာနေတာပါ..."

"ကျွန်တော်လည်းပါတယ်... ကျွန်တော်ပြန်သွားရင် ဂိုဏ်းချုပ်ရဲ့စကားတွေကို လက်မောင်းမှာ တက်တူးထိုးထားပါ့မယ်..."

"ဟေ့ကောင်... မင်းကတော့ အရမ်းလွန်သွားပြီ..."

ကျန်းချန်က နှုတ်ခမ်းမဲ့လိုက်သည်။

ဤကောင်တွေက တကယ်ပဲ သူတို့ရဲ့ဖော်လံဖားစကားတွေကြောင့် ဆုပေးတယ်လို့ ထင်နေကြတာလား...

သူက ရန်ငြိုးမှတ်ထားတတ်သူဖြစ်သည်။ ယခင်က သူအသွင်ပြောင်းစဉ်က ဤကောင်များအားလုံး သူ့ကို ဝိုင်းနှိပ်စက်ခဲ့ကြသည်။ ထိုစဉ်က လော့ယွမ်မှာ ရွှမ်ကျီပုံရိပ်ထဲတွင်ရှိနေသဖြင့် မပါဝင်ခဲ့ပေ။ ဤအကြောင်းပြချက်လေးကပင် သူ့ကိုပထမဆုံးဆုရသူ ဖြစ်စေခဲ့ခြင်းဖြစ်သည်။

"ကဲ... ကဲ... နောက်တစ်ခါကျရင် မင်းတို့အလှည့်လာမှာပါ"

ထိုသို့ပြောရင်း သူသည် လော့ယွမ်၏ခေါင်းကို ပွတ်သပ်ဟန်ဆောင်ကာ စနစ်မှ ပါရမီအဆင့်မြှင့်တင်ရေးခလုတ်ကို နှိပ်လိုက်တော့သည်။

All Chapters