← Chapters

မိုချန်၏ ကျေးဇူးတရား

Vol. 12 Ch. 118

မိုချန်၏ ကျေးဇူးတရား

Vol. 12 Ch. 118

"အိမ်မှာလူကြီးသူမရှိတာ ရတနာတစ်ပါးပဲ" ဟူသည့်စကားမှာ အပိုမဟုတ်ပေ။

ဤအင်မော်တယ်အဘိုးကြီးမိုချန်မှာ အမှန်တကယ်ပင် အသုံးဝင်၏။ ဂိုဏ်းချုပ်ကျန်း အလွန်သဘောကျသွားပြီး သူရရှိထားသော သူတော်စင်အဆင့်ဆေးလုံးကို သတိရသွားသည်။

"အကြီးအကဲမို... ခင်ဗျားရဲ့ကြိုးစားအားထုတ်မှုတွေကို ဒီဂိုဏ်းချုပ်က မြင်လည်းမြင်တယ်၊ စိတ်ထဲမှာလည်းမှတ်ထားပါတယ်"

"ဒါကို ကြည့်လိုက်ပါဦး... ဒီဆေးလုံးက ခင်ဗျားအတွက်အသုံးဝင်မလား"

မိုချန်သည် ဆေးလုံးကိုလှမ်းယူကာ စစ်ဆေးကြည့်လိုက်ရုံဖြင့် လန့်ဖျပ်သွားပြီး ထခုန်မတတ် ဖြစ်သွားတော့သည်။

"ဒါ... ဒါက ကိုးပေါက်ဝိညာဉ်ပြုပြင်ဆေးလုံးပဲ..."

"ဒါက အလိုအပ်ဆုံးဆေးလုံးပဲ..."

"ဒါကိုသာစုပ်ယူလိုက်ရင် ပျက်စီးနေတဲ့ဝိညာဉ်က ပြန်လည်တည်ငြိမ်သွားပြီး အစွမ်းအချို့ကိုတောင် ပြန်ရနိုင်လိမ့်မယ်"

သူသည် ထိုဆေးလုံးကို အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကဲ့သို့ ပိုက်ထွေးထားပြီး ဝမ်းသာလွန်း၍ စကားပင် မပီသတော့ပေ။

"ဂ-ဂိုဏ်းချုပ်... ဒါကို ဘယ်လိုရလာတာလဲ"

သူသည် ကျန်းချန်ကို ကောင်းကင်သားတော်ဟု သတ်မှတ်ထားသဖြင့် တစ်နေ့နေ့တွင် သူ၏ဝိညာဉ်အတွက် သူတော်စင်ဆေးလုံး ရှာပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ဖူးသော်လည်း ၎င်းမှာ အိပ်မက်တစ်ခုသာ။

ဤကဲ့သို့သောဆေးလုံးများသည် အင်မော်တယ်နယ်မြေတွင် အဆန်းမဟုတ်သော်လည်း အောက်လောကတွင်မူ အလွန်ရှားပါး၏။ သူတော်စင်အဆင့် ကျွမ်းကျင်သူများပင် အလွယ်တကူ မရရှိနိုင်ကြချေ။

သူသည် ကျန်းချန်ထံမှ နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ရမည်ဟု ထင်ထားသော်လည်း ရက်ပိုင်းအတွင်းမှာပင် ရရှိခဲ့လေပြီ။ ဂိုဏ်းချုပ်သည် ကမ္ဘာမြေ၏အချစ်ဆုံး ကောင်းကင်သားတော်ဖြစ်ကြောင်း သက်သေပြနေခြင်းပင်။

ကျန်းချန်သည်လည်း ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ သူ၏ဂုဏ်သိက္ခာကို မြှင့်တင်လိုက်သည်။

"အမှန်အတိုင်းပြောရရင် ဒီဆေးလုံးကိုရဖို့အတွက် အန္တရာယ်တွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရတာ။ အဲဒီအကြောင်းတွေကပြောပြရင် ကုန်မှာမဟုတ်ဘူး"

"အကြီးအကဲမိုရဲ့ဒုက္ခကိုတွေးပြီး ဘယ်လိုမှနောက်မဆုတ်နိုင်ခဲ့ဘူး။ အခက်အခဲပေါင်းစုံကိုကျော်ဖြတ်ပြီး နောက်ဆုံးတော့ အောင်မြင်သွားတာပေါ့..."

အမှန်တကယ်တော့ ဆေးလုံးမှာ (၁၀) ကြိမ်ဆက်တိုက် မဲနှိုက်ရာမှ ရလာခြင်းဖြစ်သော်လည်း ကံစမ်းမဲခလုတ်ကို နှိပ်လိုက်ခြင်းမှာလည်း အားထုတ်မှုတစ်ခုပင် မဟုတ်ပါလား... သူကတော့ ထိုသို့ပင် ယုတ္တိရှိရှိတွေးလိုက်သည်။

"ဂိုဏ်းချုပ်..."

နှစ်သန်းပေါင်းများစွာအသက်ရှင်ခဲ့သော အင်မော်တယ်မိုချန်သည် ဤမျှလောက်အထိ တစ်ခါမှစိတ်မလှုပ်ရှားခဲ့ဖူးပေ။ ဤကဲ့သို့သော ကိုယ်ကျိုးစွန့်သည့်စေတနာမျိုးမှာ အလွန်ရှားပါးလှသည်။

လက်အောက်ငယ်သားတစ်ဦးအတွက် အသက်စွန့်ပြီးရှာဖွေပေးမည့် ခေါင်းဆောင်မျိုးမှာ ကမ္ဘာပေါ်တွင် မရှိသလောက်ပင်။ သူသည် ခေါင်းဆောင်ကောင်းကို တကယ်ရွေးချယ်မိလေပြီ။

"ယောက်ျားကောင်းတစ်ယောက်ဟာ သူ့တန်ဖိုးကိုသိတဲ့သူအတွက် အသက်ပေးဝံ့ရမယ်..."

"ဒါကို ဘယ်လိုကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး..."

မိုချန်၏ ကျေးဇူးတင်စကားများကအားကြီးလွန်းသဖြင့် ကျန်းချန်ပင် အနည်းငယ်မျက်နှာပူသွားရသည်။

"အကြီးအကဲမို... အဲဒီလောက်လည်း မဟုတ်ပါဘူး။ ဒါက ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ"

ထိုအချိန်တွင် အခြားတပည့်များကဝိုင်းအုံလာကြပြီး ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ကြသည်။

"ဂိုဏ်းချုပ်... ပြန်လာတာ မြန်လှချည်လား..."

"ဟုတ်ပ... ကျွန်တော်တို့ကတော့ အကြာကြီးနေမယ်ထင်နေတာ"

ကျန်းချန်က မျက်နှာကို တင်းထားဟန်ဆောင်ကာ

"ဘာလဲ... ငါ့ကိုမမြင်ချင်ကြဘူးလား"

"မဟုတ်ပါဘူး ဂိုဏ်းချုပ်ရယ်... နေ့ရောညပါ လွမ်းနေတာပါ"

"ဂိုဏ်းချုပ်မရှိတော့ ကျွန်မထမင်းတောင်စားမဝင်ဘူး..."

ဒုတိယမျိုးဆက်အကြီးအကဲ ကန့်ကျိယီက ရယ်မောရင်း ဝင်ပြောသည်

"ချန်ရှင်းမင်းဆက်က အရမ်းဝေးတာကိုး၊ ပြီးတော့ မင်းသမီးနင်ထီကဖိတ်တာဆိုတော့ အားလုံးက ဂိုဏ်းချုပ်အဲဒီမှာ လနဲ့ချီပြီးနေမယ်လို့ ထင်နေကြတာ"

ကျန်းချန်က ကြောင်တောင်တောင်ဖြင့်

"ငါက ခဏသွားကြည့်တာလေ၊ ဘာလို့ အဲဒီမှာသွားနေရမှာလဲ"

ချင်းချန်က လူအုပ်ကြားထဲကတိုးထွက်လာပြီး ကျန်းချန်အနားကပ်ပြောသည်

"မင်းသမီးနင်ထီက အရမ်းချောတာကိုး။ ဂိုဏ်းချုပ်အနေနဲ့ သူမရဲ့နွေးထွေးတဲ့ရင်ခွင်ထဲမှာ လမ်းပျောက်နေမယ်လို့ ဘယ်သူကမထင်ဘဲနေမလဲ"

ကန့်ကျိယီက ဆက်ပြောသည်

"ကျွန်တော်တို့တောင် ဂိုဏ်းချုပ် ဘယ်လောက်ကြာကြာနေမလဲဆိုတာ လောင်းကြေးထပ်ထားကြသေးတယ်"

ကျန်းချန်ရပ်လိုက်ပြီး လူအုပ်ကို တည်ကြည်စွာကြည့်လိုက်သည်။

"အဓိပ္ပာယ်မရှိတာ..."

"ဒီဂိုဏ်းချုပ်မှာ လုပ်စရာတွေအများကြီးရှိတယ်။ အလှအပလေးတစ်ခုတည်းနဲ့ ငါ့ကိုဘယ်လိုလုပ်ဆွဲဆောင်နိုင်မှာလဲ"

ဒုတိယမျိုးဆက်အကြီးအကဲများက စိတ်ထဲမှကြိတ်ပြီးပြောလိုက်ကြသည်

ဂိုဏ်းသားသစ်ခေါ်တုန်းက အချောအလှလေးတွေ အများကြီးပါအောင် စံနှုန်းတွေလျှော့ခိုင်းတာ ဘယ်သူလဲ...

သို့သော် မည်သူမှ ထုတ်မပြောဝံ့ကြပေ။

တပည့်မလေးများကမူ သက်ပြင်းချနိုင်သွားကြသည်။ ဂိုဏ်းချုပ်၏ လူပျိုဘဝ (ဂုဏ်သိက္ခာ) မှာ မပျက်စီးသေးပေ။

ယင်းရွှယ်အာက အခြားသူများကိုပင် ငေါက်လိုက်သေးသည်

"မောင်လေးကန့်နဲ့ ချင်းချန်... ဂိုဏ်းချုပ်က ဘယ်လိုလူလဲဆိုတာသိရက်သားနဲ့ ကွယ်ရာမှာအတင်းမပြောနဲ့လေ..."

ထိုသူနှစ်ဦးမှာ မျက်နှာပျက်သွားကြသည်။

မနေ့က ဂိုဏ်းချုပ်က နင်ထီကိုကြိုက်သွားပြီလားဆိုပြီး အစည်းအဝေးခေါ်တာ နင်ပဲမဟုတ်လား...

"ကဲ... ငါမရှိတုန်း မင်းတို့တွေ ကြိုးကြိုးစားစားကျင့်ကြံကြလို့ အဆင့်တွေအများကြီးတက်လာတာကို ငါတွေ့ရတယ်။ ဒါကြောင့် ငါအရမ်းဝမ်းသာတယ်"

"ငါ ကတိပေးထားတဲ့အတိုင်း အတော်ဆုံးသူတွေကိုဆုချမယ်"

ဆု ဟူသည့်စကားလုံး ထွက်လာသည်နှင့် လူတိုင်း၏မျက်လုံးများ အရောင်တောက်သွားကြသည်။ ဂိုဏ်းချုပ်ပေးသည့်အရာမှန်သမျှမှာ ထိပ်တန်းပစ္စည်းများသာ... အနည်းဆုံးတော့ အဆင့် ၈ ဝိညာဉ်လက်နက် ဖြစ်ပေလိမ့်မည်။

"ထန်ရု... မင်းက လင်းနင်ပြီးရင် တတိယမျိုးဆက်တပည့်တွေထဲမှာကို ဒုတိယမြောက်ရောက်တဲ့သူပဲ။ ဒါကြောင့် မင်းကိုချီးကျူးထိုက်တယ်"

"ငါမင်းကို ဒီ ခရမ်းနေမင်းနဂါးဓားကို ဆုအဖြစ်ပေးမယ်။ ဆက်ပြီးကြိုးစားပါ"

ကျန်းချန်၏လက်စွပ်ထဲမှ ခန့်ညားထည်ဝါသောဓားတစ်လက် ပေါ်ထွက်လာသည်။ ၎င်း၏ ပြင်းထန်သောအရှိန်အဝါမှာ ထန်ရု၏နူးညံ့သောပုံစံနှင့် မလိုက်ဖက်သော်လည်း ၎င်း၏အဆင့်မှာ ငြင်းမရပေ။

ထန်ရုသည် ဓားကိုကိုင်ကြည့်ပြီးနောက် အစွမ်းကိုစမ်းသပ်ကြည့်ရာ တုန်လှုပ်သွားတော့သည်။

"ဂ-ဂိုဏ်းချုပ်... ဒီဓားက ဘယ်အဆင့်လဲဟင်"

ကျန်းချန်က ခပ်အေးအေးပင်

"အဆင့် ၉ ပဲ ရှိပါသေးတယ်"

သူ့အနေဖြင့် ရတနာလက်နက်များစွာ ပိုင်ဆိုင်ထားပြီဖြစ်ရာ သာမန်ဝိညာဉ်လက်နက်များကို စိတ်မဝင်စားတော့ပေ။ သို့သော် တပည့်များကိုကြွားလုံးထုတ်ပြီး အားတက်အောင် လုပ်ရန်အတွက်မူ ဤသည်မှာ အလွန်တန်ဖိုးရှိသည်။

"ဘာ..."

"အဆင့် ၉ တဲ့လား..."

လူတိုင်း ရူးမတတ်ဖြစ်သွားကြသည်။ ချန်ရှင်းမင်းဆက်၏ အိမ်ရှေ့စံရှန့်ပါးပင်လျှင် အဆင့် ၈ ဝိညာဉ်လက်နက်ကိုသာ ကိုင်ဆောင်နိုင်၏။ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် တပည့်လေးတစ်ဦးကို အဆင့် ၉ လက်နက် ပေးလိုက်ခြင်းမှာ လွန်ကဲလှသည်။

"ဒါ... ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်... ကျွန်မ..."

ထန်ရုက ငြင်းချင်သော်လည်း သူမ၏လက်များကမူ ဓားကိုမြဲမြဲကိုင်ထားပြီး မလွှတ်ချင်တော့ပေ။ ဤဓားရှိပါက သူမသည် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်တစ်ခုလုံးတွင် အသာစီးရနိုင်ပေလိမ့်မည်။

အခြားသူများမှာမူ မနာလိုစိတ်ဖြင့် မျက်လုံးများစိမ်းနေကြလေပြီ။

"ဂိုဏ်းချုပ်... ကျွန်တော်လည်း မြန်မြန်တိုးတက်လာတာပါ..."

"ကျွန်တော် တစ်ရက်ကို ၂၅ နာရီ ကျင့်ကြံတာပါ ဂိုဏ်းချုပ်..."

"မင်းကလည်း တစ်ရက်မှာ ၂၄ နာရီပဲ ရှိတာကို... ဂိုဏ်းချုပ် ကျွန်တော့်ကိုကြည့်ပါဦး..."

"ဂိုဏ်းချုပ်က ရတနာသိုက်ကြီးတူးမိလာတာလား... ဘယ်လိုလုပ် ဒီလိုရတနာတွေကို ဒီတိုင်းပေးပစ်နေရတာလဲ"

"မမေ့နဲ့လေ... သူကအင်မော်တယ်လေ..."

မိုချန်တစ်ဦးတည်းသာ တည်ငြိမ်နေသည်။ အင်မော်တယ်နယ်မြေတွင် သူတော်စင်လက်နက်များစွာကို သူမြင်ဖူးခဲ့သည်။ သို့သော် ကျန်းချန်သည် ကောင်းကင်သားတော်ဖြစ်ရာ သူဘာတွေပဲထုတ်ပေးထုတ်ပေး မိုချန်အတွက်အံ့ဩစရာမရှိတော့ပေ။

"နေဦး... ခရမ်းနေမင်းနဂါးဓားတဲ့လား... အဲဒီနာမည်က တစ်နေရာရာမှာကြားဖူးသလိုပဲ"

လော့ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ယင်းရွှယ်အာက ခေါင်းညိတ်ပြီး

"ငါလည်း အဲဒီလိုပဲစဉ်းစားနေတာ... အရမ်းရင်းနှီးနေတယ်"

ရှန်ထိုက်က သူ့ပေါင်သူ ပုတ်လိုက်ပြီး

"မှတ်မိပြီ... အဲဒါ ချန်ရှင်းမင်းဆက် ဧကရာဇ်မင်းမြတ်ကိုယ်တိုင်ကိုင်ဆောင်တဲ့လက်နက် မဟုတ်လား"

ထိုစကားကြောင့် လူတိုင်းမှတ်မိသွားကြသည်။ သူတို့အားလုံးသည် လူ့လောကမှလာသူများဖြစ်ရာ ချန်ရှင်းမင်းဆက်ဧကရာဇ်၏ နာမည်ကျော်လက်နက်အကြောင်းကို ကြားဖူးနားဝရှိကြသည်မဟုတ်ပါလား။

All Chapters