အောက်ခြေရောက်ရန် ရူးသွပ်စွာယှဉ်ပြိုင်ခြင်း.
Vol. 12 Ch. 120
ခေါင်းကိုသာသာလေးပွတ်သပ်လိုက်သော်လည်း ဘာမျှ ထူခြားမလာပေ။ ကျန်းချန်က နောက်တစ်ကြိမ် ထပ်မံပွတ်သပ်ကြည့်သော်လည်း ရလဒ်မှာအတူတူပင်။
ဤပါရမီမြှင့်တင်ရေးစွမ်းရည်မှာ မည်သည့် သိသာထင်ရှားသော အလင်းတန်း သို့မဟုတ် အာနိသင်မှ ပြသခြင်းမရှိသည်ကို သူမသိသေးပေ။
အခြားတပည့်များမှာလည်း အံ့အားသင့်နေကြသည်။ လော့ယွမ်မှာ အဆင့်ကြီးတစ်ဆင့် တိုးတက်သွားခြင်းမရှိသကဲ့သို့ မည်သည့်ပြောင်းလဲမှုမှရှိပုံမရချေ။
ဂိုဏ်းချုပ်၏ပြကွက်များမှာ အမြဲတမ်းစုံလင်လှပနေကျဖြစ်ရာ ဤတစ်ကြိမ်တွင်မူ ဂိုဏ်းချုပ် လက်ချော်သွားလေသလားဟု တွေးမိကြသည်။
ပညာရှိပြီးဘုန်းတန်ခိုးကြီးတဲ့ ဂိုဏ်းချုပ်ကြီးကတော့ အမှားလုပ်မှာမဟုတ်ပါဘူးနော်...
လူတိုင်း ဘယ်လိုမျက်နှာထားမျိုး လုပ်ရမှန်းမသိဘဲ အနေရခက်သော အခြေအနေတစ်ခု ပျံ့နှံ့သွားသည်။ ရှန်ထိုက်က တုံ့ပြန်မှုအမြန်ဆုံးဖြစ်သည်။
သူက ချက်ချင်းရှေ့ထွက်ကာ ကျန်းချန်၏ဂုဏ်သိက္ခာကို ဆယ်ပေးလိုက်သည်။
"ဟားဟား... ဘာမှမဟုတ်ပါဘူး။ ငါတို့ ဂိုဏ်းချုပ်က ငါတို့ကို နောက်နေတာ"
အခြားသူများကလည်းရိပ်မိသွားပြီး အခြေအနေကို ဝိုင်းထိန်းကြတော့သည်။
"ဟုတ်ပ... ဟုတ်ပ... ဂိုဏ်းချုပ်က အစ်ကိုကြီးလော့ကို စနောက်လိုက်တာပဲ"
"ကြည့်စမ်း... အစ်ကိုကြီးလော့ကတော့ တကယ်ကြီးမှတ်နေရှာတာ"
သို့သော် နောက်တစ်စက္ကန့်တွင် လော့ယွမ်သည် ရုတ်တရက်ခုန်ပေါက်သွားတော့သည်။
"ငါ... ငါ့ရဲ့ပါရမီတွေ တိုးတက်လာပြီ..."
သူသည် မိမိကိုယ်ကိုယ် အသေအချာစစ်ဆေးကြည့်ရင်း မယုံနိုင်စွာရေရွတ်နေသည်။
"တကယ်ပဲ... အခုဆိုရင် ဝိညာဉ်စွမ်းအားတစ်ပတ်ပြည့်အောင်လှည့်ပတ်တဲ့အရှိန်က အရင်ထက်နှစ်ဆလောက်ပိုမြန်နေပြီ..."
"အမှားမရှိဘူး..."
"ဂိုဏ်းချုပ်က ငါ့ရဲ့ပါရမီကို အဆင့်မြှင့်ပေးလိုက်တာပဲ..."
"ဟားဟားဟား... ငါ တကယ့်ပါရမီရှင်တစ်ယောက် ဖြစ်သွားပြီဟေ့..."
သူသည် ဝမ်းသာအားရ ကခုန်နေတော့သည်။ ကျင့်ကြံသူတိုင်းမှာ ပါရမီရှင်ဖြစ်ချင်သည့်အိပ်မက် ရှိကြသည်မဟုတ်ပါလား။ သို့သော် ပါရမီဆိုသည်မှာ ကောင်းကင်က သတ်မှတ်ပေးထားသည့်အရာဖြစ်ရာ ပြောင်းလဲရန်မှာ မဖြစ်နိုင်သလောက်ပင်။
ကျန်းချန်၏ တည်ငြိမ်သောအကြည့်ကို မြင်သောအခါ လော့ယွမ်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။
"မှန်တယ်..."
ကျန်းချန်က ခေါင်းညိတ်ပြရင်း
"ဒီဂိုဏ်းချုပ်က အင်မော်တယ်မှော်ပညာနည်းနည်းလေး သုံးလိုက်တာပါ။ အခုကစပြီး မင်းရဲ့ကျင့်ကြံမှုနှုန်းက ပိုမြန်လာလိမ့်မယ်"
ကျန်းချန်သည် ရင်ထဲမှ ချွေးများကို တိတ်တဆိတ်သုတ်လိုက်ရ၏။
တော်သေးသည်... စနစ်က စိတ်ချရသဖြင့် သူမျက်နှာမပျက်ခဲ့ပေ။ သူသည် စနစ်ထဲမှ လော့ယွမ်ကို ပြန်ကြည့်လိုက်ရာ တန်ဖိုးမှာ အမှန်တကယ်တက်လာသည်ကို တွေ့ရသည်။
မူလက ဝိညာဉ်အခြေတည်အဆင့်တွင် အဆင့်ငယ်တစ်ခု တက်လျှင် အမှတ် ၅၀၀ သာ ရသော်လည်း ယခု အမှတ် ၂,၂၀၀ ရရှိမည်ဖြစ်သည်။ ဆယ်ဆလောက် မဟုတ်သော်လည်း အားရစရာကောင်းလှသည်။ အကယ်၍ နောင်တွင် လော့ယွမ်ကို အဆင့် ၄ အထိ မြှင့်တင်ပေးနိုင်ပါက အဆင့်တက်တိုင်း အမှတ် ၇,၀၀၀ သို့မဟုတ် ၈,၀၀၀ ခန့် ရနိုင်မည်ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ကျေးဇူးတင်ပါတယ်... ဂိုဏ်းချုပ် တကယ်ကိုပင်ပန်းသွားပါပြီ..."
လော့ယွမ်မှာ မျက်ရည်များဝိုင်းကာ အလွန်အမင်း ကျေးဇူးတင်နေတော့သည်။ သူ၏ စိတ်ဖိအားများမှာ အလွန်ကြီးမားခဲ့သည်။
ယခင်ဖေးရှန်ဂိုဏ်းတွင် အပြင်စည်းတပည့်၊ အတွင်းစည်းတပည့်များစွာရှိစဉ်က သူသည် ထိပ်တန်းတပည့်တစ်ဦးဖြစ်ခဲ့သော်လည်း အခုမူ ဂိုဏ်း၏အနိမ့်ဆုံးအဆင့်မှာ အစစ်အမှန်တပည့်များ ဖြစ်နေကြလေပြီ။
ထို့အပြင် တတိယမျိုးဆက်ထဲမှ လင်းနင်နှင့် ထန်ရုကဲ့သို့ ပါရမီရှင်များက သူ့ကိုကျော်တက်သွားကြသဖြင့် အကြီးအကဲတစ်ဦးအနေဖြင့် မျက်နှာပျက်နေရခြင်းဖြစ်သည်။ ယခုမူ သူ၏ပါရမီမှာ ပါယွန်းခန်းမမှလင်ယီနှင့် တန်းတူဖြစ်သွားပြီဖြစ်ရာ မည်သို့ စိတ်မလှုပ်ရှားဘဲနေနိုင်မည်နည်း။
ဘေးတွင် ပြုံးလျက်ကြည့်နေသော မိုချန်မှာမူ ဆက်ပြီးတည်ငြိမ်မနေနိုင်တော့ပေ။ သူသည် အင်မော်တယ်တစ်ဦးအနေဖြင့် လောကအမြင်ကျယ်သော်လည်း ဤမြင်ကွင်းကိုမြင်သောအခါ သူ၏တည်ငြိမ်မှုများ ပျောက်ဆုံးသွား၏။
သူ၏ အင်မော်တယ်ဝိညာဉ်ဖြင့်စစ်ဆေးကြည့်ရာ လော့ယွမ်၏ပါရမီမှာ အမှန်တကယ် ပြောင်းလဲသွားကြောင်း အတည်ပြုနိုင်ခဲ့သည်။ ၎င်းမှာ လှည့်ကွက် သို့မဟုတ် မျက်လှည့် မဟုတ်ပေ။
"ဂ-ဂိုဏ်းချုပ်... ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
သူသည် ထိတ်လန့်တုန်လှုပ်နေသည်။ သူ၏ မျက်စိရှေ့တွင်ပင် ဖြစ်ပျက်သွားခြင်းဖြစ်ရာ မယုံ၍မရပေ။
"ငါ ပြောပြီးပြီပဲ... အင်မော်တယ် မှော်ပညာလို့"
မိုချန် မှင်သက်သွားရသည်
"ဒါပေမဲ့... ဒီလိုမျိုး ပါရမီကိုပြောင်းလဲနိုင်တဲ့ အင်မော်တယ်ပညာမျိုး တစ်ခါမှမကြားဖူးဘူး..."
ဒါ့အပြင် ဂိုဏ်းချုပ်က အင်မော်တယ်တောင် မဟုတ်သေးဘူးလေ...
ကျန်းချန်က သူ့ပုခုံးကို ပုတ်ကာ
"အဘိုးကြီးမို... မှတ်ထားစမ်းပါ။ ကောင်းကင်ထက်မှာ ကောင်းကင်ရှိသလို လူ့ထက်မှာလည်း လူရှိသေးတယ်။ မင်းက အင်မော်တယ်ပညာအကုန်လုံးကို သိနေတာမှမဟုတ်တာ"
မိုချန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ အင်မော်တယ်နယ်မြေတွင်ပင် ပါရမီကို ဤသို့လွယ်လွယ်ကူကူ ပြောင်းလဲနိုင်သည့် ပညာရပ်မျိုးကို သူမကြားဖူးခဲ့ပေ။
ကောင်းကင်သားတော်များပင်လျှင် ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲစေနိုင်သော အဖိုးတန်ရတနာများရမှသာ ဤသို့လုပ်နိုင်၏။ သို့သော် ထိုကဲ့သို့ ရတနာမျိုးမှာ အလွန်ရှားပါးလှသည်။ ကျန်းချန်ကဲ့သို့ လက်တစ်ချက်ဝေ့ရုံဖြင့်လုပ်နိုင်ခြင်းမှာ လုံးဝအဓိပ္ပာယ်မရှိသောကိစ္စပင်။
အခြားတပည့်များမှာမူ ဆွံ့အကုန်ကြလေပြီ။ အကယ်၍ ၎င်းမှာ ကျင့်ကြံမှုအဆင့် တိုးတက်ခြင်းသာဆိုပါက ကြိုးစားလျှင်မှီနိုင်သေးသည်ဟု ကိုယ့်ကိုယ်ကိုယ် အားပေးနိုင်သော်လည်း၊ ပါရမီဆိုသည်မှာ ကြိုးစားရုံနှင့် ပြောင်းလဲ၍မရသောအရာဖြစ်သည်။
"ဂိုဏ်းချုပ်ရဲ့ အင်မော်တယ်ပညာက တကယ့်ကိုအံ့ဩစရာပဲ..."
"ကြည့်ရတာ ဂိုဏ်းချုပ်က အကြီးအကဲမိုထက်တောင် အများကြီးပိုစွမ်းပုံရတယ်..."
မိုချန်မှာ သူအင်မော်တယ်ဖြစ်ကြောင်း ပြန်ပြောချင်သော်လည်း ချေပရန်စကားလုံးရှာမရ ဖြစ်နေသည်။
"ငါ့ရဲ့ပါရမီသာ အစ်မကြီးကျိတို့လိုဖြစ်သွားရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲ"
"အစ်ကိုကြီးလော့ကတော့ တောက်ပတော့မှာပဲ"
"ဂိုဏ်းချုပ်... ဒါကို ဘယ်လိုလုပ်တာလဲဆိုတာ ပြောပြပါဦး"
ယင်းရွှယ်အာက ပို၍ဆိုးသည်။ သူမသည် ကျန်းချန်၏လက်မောင်းကိုဆွဲကာ
"ဂိုဏ်းချုပ်က အစ်ကိုကြီးလော့ကိုပဲ မျက်နှာသာပေးတာပဲ။ ကျွန်မကိုလည်း ကြည့်ပါဦး"
ကျိလင်းဟန်နှင့် လင်းနင်တို့ပင်လျှင် တည်ငြိမ်မနေနိုင်တော့ပေ။
"ဂိုဏ်းချုပ်... ကျွန်မကို မေ့နေတာလား"
"ဟုတ်ပ... ဂိုဏ်းချုပ်က ကျွန်မရဲ့အဆင့်ကိုကော ပါရမီကိုကော တစ်ခါမှမြှင့်မပေးဖူးဘူး..."
သူတို့၏ ဝမ်းနည်းနေသောမျက်ဝန်းများကို မြင်သောအခါ ကျန်းချန်အခက်တွေ့သွားရသည်။
မင်းတို့ နှစ်ယောက်က အစကတည်းက ပါရမီကအမြင့်ကြီးဖြစ်နေတော့ အဆင့်မြှင့်ဖို့ ငါ့မှာ အမှတ်မလုံလောက်သေးလို့ပါကွာ...
သူသည် လူအများကိုချော့မော့ရန် လိမ်ညာပြောလိုက်ရသည်
"ငါ့ရဲ့ အင်မော်တယ်ပညာမှာ ကန့်သတ်ချက်ရှိတယ်။ ပါရမီက အစကတည်းကမြင့်နေရင် ဘာအာနိသင်မှမရှိတော့ဘူး"
ရှန်ထိုက်နှင့် ကန့်ကျိယီတို့က ချက်ချင်း ရှေ့တိုးလာကြသည်။
"ဂိုဏ်းချုပ်... ကျွန်တော့်ပါရမီကအညံ့ဆုံးပါ... အမှိုက်ပုံလိုပဲ... ကျွန်တော့်ကိုမြှင့်ပေးပါဦး..."
"ဟုတ်တယ်... ကျွန်တော်က ဂိုဏ်းရဲ့အောက်ခြေမှာ ကပ်နေတာပါ... ဂိုဏ်းချုပ်ရဲ့ ပြုစုပျိုးထောင်မှုကို အရေးပေါ် လိုအပ်နေပါတယ်..."
"မဟုတ်တာ... ငါကမှ ဂိုဏ်းရဲ့ အဆင့်အတန်းကို ဆွဲချနေတဲ့သူပါ... ငါ့လောက် ဘယ်သူမှမညံ့ဘူး..."
"ဂျူနီယာမောင်လေးလူ... ပြီးခဲ့တဲ့အပတ်က အကြီးအကဲမိုရဲ့တရားပွဲမှာ နင်ကဉာဏ်အလင်းပွင့်ပြီး အဆင့်တက်သွားတာလေ။ နင့်ရဲ့နားလည်နိုင်စွမ်းက ငါတို့ထက်သာပါတယ်။ နင်ကဘာလို့ ဒီထဲလာပါနေရတာလဲ"
"အဓိပ္ပာယ်မရှိတာ... အဲဒါကကံကောင်းလို့ပါဗျာ။ စီနီယာအစ်မလူ... အစ်မက ကျွန်တော်နဲ့အတူတူဝင်လာတာတောင် ကျွန်တော့်ထက်အဆင့်တစ်ဆင့်သာနေတာလေ။ အစ်မကမှ ပါရမီရှင်မဟုတ်ဘူးလား"
ယခုအခါ ဖေးရှန်ဂိုဏ်းတွင် ထူးဆန်းသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ လူတိုင်းမှာ မိမိကိုယ်ကိုယ် မည်မျှညံ့ဖျင်းကြောင်း၊ အမှိုက်ဖြစ်ကြောင်းကို အပြိုင်အဆိုင်ပြောနေကြတော့သည်။
အခြားသောဂိုဏ်းများတွင် တပည့်များက အကြီးအကဲများ၏မျက်နှာသာရရန် ပါရမီရှင်ဖြစ်ကြောင်း ကြွားကြသော်လည်း၊ ဤနေရာတွင်မူ လူတိုင်းမှာ သမိုင်းတွင်အကြီးကျယ်ဆုံးအမှိုက်ဘွဲ့ကိုရရန် ကြိုးစားနေကြသည်။
ကျန်းချန် ရယ်ရမလား ငိုရမလား မသိတော့ပေ။
"ကဲ... တော်ကြတော့။ ရှောင်ဟန်... နင်အစီအစဉ်ဆွဲလိုက်။ မနက်ဖြန်ကစပြီး တစ်ရက်တစ်ယောက်နှုန်းတန်းစီကြ"
ကျိလင်းဟန်သည် အကြီးဆုံးစီနီယာအစ်မကြီးဖြစ်သကဲ့သို့ သူမကိုယ်တိုင်မှာလည်း ဤစာရင်းတွင်မပါဝင်သဖြင့် အားလုံးအတွက် တရားမျှတအောင်လုပ်ပေးနိုင်ပေလိမ့်မည်။ ထိုသို့ပြောပြီးမှသာ ကျန်းချန် အသက်ဝဝရှူနိုင်တော့သည်။
အခြားတစ်ဖက်တွင်မူ ကျိလင်းဟန်မှာ ဝိုင်းအုံခြင်းခံလိုက်ရပြန်သည်။
"စီနီယာအစ်မကျိ... ကျွန်တော့်ကို အရင်ထည့်ပေးပါ..."
"စီနီယာအစ်မကျိ... ဂိုဏ်းထဲမှာ အစ်မနဲ့ ဘယ်သူအရင်းနှီးဆုံးလဲဆိုတာ စဉ်းစားပေးပါဦး..."
"အစ်မကြီး... ကျွန်တော်ရှန်ထိုက်ကို အစ်မမေ့မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်..."
"ဆရာမ... ကျွန်တော်က ဆရာမရဲ့တိုက်ရိုက်တပည့်လေ..."
လူအုပ်ကြီးက ကျိလင်းဟန်ကိုဝိုင်းအုံနေစဉ် မိုချန်မှာမူ ထပ်မံထိတ်လန့်သွားရပြန်သည်။ ဂိုဏ်းချုပ်ပြောသွားသည့်စကား၏အဓိပ္ပာယ်ကို သူတို့တစ်ယောက်မှသတိမထားမိကြဘူးလား...
တစ်ရက်တစ်ယောက်... လူတိုင်းအလှည့်ရမယ်။
ဤကဲ့သို့ ကောင်းကင်ကိုဆန့်ကျင်သော အင်မော်တယ်ပညာကို နေ့တိုင်းအခမဲ့သုံးနိုင်သည်လား... ဤသည်မှာ မည်မျှ ကြောက်စရာကောင်းလိုက်သနည်း။
သူသည် ကောင်းကင်သားတော်မှာ အမှန်တကယ်ပင်ကြောက်စရာကောင်းကြောင်း နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရ၏။ ဤသူနှင့် နေ့တိုင်းအတူနေရသည်မှာ သူသိထားသမျှ အင်မော်တယ်နယ်မြေ၏ အခြေခံအသိတရားများပင် ပျက်စီးကုန်တော့မည်ဖြစ်သည်။