အခန်း (၂၅၀)
Vol. 23 Ch. 250
ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်ပီပီ နတ်ခွေးစုံထောက်သည် ကျင်းထဲပြုတ်ကျသွားရာမှ ဖြစ်ပေါ်လာသော ဖုန်မှုန့်များကြားမှ မကြာမီပင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
သူ့ကို မယုံကြည်နိုင်သလို စိုက်ကြည့်နေသော ဘုန်းကြီးတစ်အုပ်ကို မြင်သောအခါ သူက ဖုန်များကိုခါရင်း ရှက်ကိုးရှက်ကန်း ပြုံးပြကာ - “ဒါက မတော်တဆဖြစ်တာပါ! ခုနက အပေါက်ဝကို ရောက်တော့မယ့်အချိန်မှာ ထူးဆန်းတဲ့အသံတစ်ခုကြားလို့ အာရုံလွင့်သွားပြီး ပြုတ်ကျလာတာ။ နောက်တစ်ခါ လုံးဝမဖြစ်စေရဘူး၊ စိတ်ရှည်ရှည်သာစောင့်၊ ခဏလေးနဲ့ ပြန်လာခဲ့မယ်”
သူသည် စကားအဆုံးတွင် ကိုယ်ဖော့သိုင်းကွက်ဖြင့် အထက်သို့ တစ်ဖန် ခုန်တက်သွားပြန်သည်။
သို့သော် ထိုအချိန်မှာပင် ထိုထူးဆန်းသောအသံကို ထပ်မံကြားလိုက်ရသဖြင့် သူ၏စိတ်များ တုန်လှုပ်သွားခဲ့ပြန်သည်။ သူ သတိပြန်ဝင်လာချိန်တွင်တော့ နောက်ကျသွားပြီဖြစ်ချေသည်။ အပေါ်မှ အလွန်ကြီးမားသော ကျောက်တုံးကြီးတစ်တုံးသည် သူ၏ နဖူးတည့်တည့်သို့ ပြုတ်ကျလာခဲ့သည်။
နတ်ခွေးစုံထောက်၏ ကြောက်မက်ဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။
“အား.....”
ထို့နောက် လူနှင့်ကျောက်တုံးသည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားသည်။ နတ်ခွေးစုံထောက်က အောက်သို့ အရင်ကျပြီး ကျောက်တုံးကြီးမှာ သူ၏ နဖူးပေါ်သို့ ထပ်မံဆင့်၍ ကျလာပြန်သည်။ ထို့ကြောင့် နတ်ခွေးစုံထောက်မှာ ဒုတိယအကြိမ် နာကျင်စွာ အော်ဟစ်ရပြန်သည်။
“အု.....”
ဘုန်းကြီးများ - “...”
ခဏအကြာတွင် နတ်ခွေးစုံထောက်သည် အလွန် အရှက်ရနေသော အမူအရာဖြင့် ကျင်းထဲမှ ပြန်လည်ထွက်လာခဲ့ပြီး - “ဒါက နောက်ထပ် မတော်တဆတစ်ခုပါပဲ၊ ဒီတစ်ခါတော့ ငါ့နားတွေကို ဆံပင်နဲ့ ပိတ်ထားလိုက်မယ်၊ ဒါဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်တော့ဘူး”
သူ၏ဆံပင်များဖြင့် နားကိုပိတ်လိုက်ပြီးနောက် နတ်ခွေးစုံထောက်သည် အထက်သို့ တစ်ဖန် ခုန်တက်သွားပြန်သည်။ သို့သော် ခဏချင်းမှာပင် သူသည် ခန့်ခန့်ထည်ထည်ကြီးဖြင့် ပြန်လည်ပြုတ်ကျလာခဲ့ပြန်သည်။
“ဝုန်း….”
“အား…”
ဘုန်းကြီးများ - “...”
နောက်ပိုင်းအချိန်များတွင် နတ်ခွေးစုံထောက်သည် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သော်လည်း ဇွဲမလျှော့ဘဲ ဆက်လက်ကာ ကြိုးစားနေခဲ့သည်။ သူသည် ဘုန်းကြီးအိုကြီး လျှောက်ခဲ့သော လမ်းစဉ်အတိုင်း တစ်ထပ်တည်း လိုက်လျှောက်နေမိခြင်းပင် ဖြစ်သည်။ အဆုံးတွင် သူသည် ဒဏ်ရာအပြည့်နှင့် ဖြစ်လာခဲ့သည်။
ဘုန်းကြီးအိုကြီးမှာ ဆက်၍မကြည့်ရက်တော့ဘဲ - “ အောမီထောဖော ဒကာ နတ်ခွေး၊ လက်လျှော့လိုက်ပါတော့၊ ဒကာ အပေါ်ကို တက်လို့မရနိုင်ပါဘူး၊ ဆက်ပြီး ရုန်းကန်နေရင် ဒကာရဲ့ အဖိုးတန် အသက်ပဲ ဆုံးရှုံးသွားလိမ့်မယ်”
နတ်ခွေးစုံထောက်မှာ မျက်နှာတွင် သွေးများပေကျံလျက် ဒေါသတကြီးဖြင့် - “ငါ မယုံဘူး၊ ဒီလောက် ကျင်းလေးတစ်ခုက ငါ့ကို မတားဆီးနိုင်ဘူး၊ ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ ရှိတယ်၊ ကောင်းကင်က ဆုံးဖြတ်တာ မဟုတ်ဘူး”
သူသည် ကိုယ်ဖော့သိုင်းကွက်ကို တစ်ဖန်ဖော်ထုတ်ကာ အထက်သို့ လှပစွာ ခုန်တက်သွားပြန်သည်။ ထို့နောက် ယခင်အတိုင်းပင် မြေပြင်ပေါ်သို့ ပြန်လည် ကျဆင်းလာပြန်သည်။
“အား”
ဘုန်းကြီးများ - “...”
သုံးရက်အကြာတွင် လင်းပိုင်ဖန်သည် စုန့်ယွီဖေးထံမှ သတင်းစကားတစ်ခု ရရှိခဲ့သည်။
“နတ်ခွေးစုံထောက်လည်း ပျောက်ကွယ်သွားပြီ၊ သူ တစ်ခုခုနဲ့ ကြုံနေရပြီ ထင်တယ်၊ သူက ဆရာတော် ဆန်းချီကို ရှာရင်းနဲ့ ပျောက်သွားတာဆိုတော့ အခြေအနေက တကယ်ကို စိုးရိမ်စရာပဲ။ ဗုဒ္ဓဘာသာဂိုဏ်းက ဒါကို အလေးအနက်ထားပြီး နောက်ထပ် နာမည်ကြီးစုံထောက်တစ်ယောက်ကို ထပ်ခေါ်လိုက်ပြီ”
လင်းပိုင်ဖန်က တည်ငြိမ်စွာ လက်ဖက်ရည်သောက်ရင်း - “အဲဒီစုံထောက်ရဲ့ နာမည်က ဘယ်သူလဲ၊ သူက ဘာတွေ တတ်မြောက်ထားလို့လဲ” ဟု မေးလိုက်သည်။
စုန့်ယွီဖေးက - “သူ့နာမည်က ကော်ကျန်းလုံတဲ့၊ ရာဇဝတ်သားတွေကို နောက်ယောင်ခံလိုက်တဲ့နေရာမှာ အလွန်တော်တယ်။ ဒါ့အပြင် သူက သိုင်းပညာမှာလည်း အလွန်ထူးချွန်လို့ အရှင်မင်းကြီးရဲ့ လက်အောက်ငယ်သား ‘လက်ဗလာဆရာကြီး’ နဲ့တောင် ယှဉ်နိုင်တယ်လို့ ဆိုကြတယ်။ သူက နတ်ခွေးစုံထောက်ရဲ့ ခြေရာကို ရှာတွေ့ထားပြီလို့ သိရတယ်၊ မကြာခင် သတင်းထူး ရလာလိမ့်မယ်”
လင်းပိုင်ဖန်က ခေါင်းညိတ်ကာ - “ကော်ကျန်းလုံလား၊ သူက တကယ့်ကို ထူးချွန်တဲ့ စုံထောက်တစ်ယောက်ပဲ၊ ငါ သူ့ကို လေးစားမိတယ်”
အဘယ်ကြောင့်ဆိုသော် ကော်ကျန်းလုံသည် ထိုကျင်းကြီးကို ရှာတွေ့သွားပြီ ဖြစ်သောကြောင့် ဖြစ်ပေသည်။ သူသည် ကျင်းဝတွင် ဝပ်လျက် အောက်သို့ ကျယ်လောင်စွာ လှမ်းအော်လိုက်သည် - “အောက်မှာ ဘယ်သူရှိလဲ၊ နတ်ခွေး၊ ငါ မင်းနောက်ကို လိုက်လာတာ။ အသက်ရှင်သေးရင် ပြန်ထူးစမ်း”
“ငါ... ငါ ဒီမှာ! ဆရာတော် ဆန်းချီလည်း... ဒီမှာပဲ၊ အားလုံးပဲ...” ကျင်းအောက်ခြေမှ အားနည်းလှသော အသံတစ်ခု ထွက်ပေါ်လာသည်။
အသံမှာ အားနည်းပြတ်တောက်နေသော်လည်း ကော်ကျန်းလုံက ထိုအသံသည် နတ်ခွေး၏အသံမှန်း သိလိုက်သည်။ သူတို့နှစ်ဦးမှာ မိတ်ဆွေလည်းဖြစ်၊ ပြိုင်ဘက်လည်း ဖြစ်သဖြင့် တစ်ဦးကိုတစ်ဦး အလွန်ရင်းနှီးကြသည်။
ထို့ကြောင့် ကော်ကျန်းလုံသည် အလွန်ဝမ်းသာသွားကာ - “မင်းတို့ ရှိနေတာ သိရလို့ တော်သေးတာပေါ့၊ ငါ အခုပဲ ဆင်းကယ်မယ်”
အောက်မှ အသံမှာ စိုးရိမ်တကြီး ဖြစ်သွားပြီး - “မဆင်းလာနဲ့၊ လုံးဝ မဆင်းလာနဲ့”
ကော်ကျန်းလုံမှာ အလွန်ဇဝေဇဝါ ဖြစ်သွားပြီး - “ဘာလို့ မဆင်းလာရမှာလဲ”
“ဘာလို့လဲဆိုတော့ မင်း ဆင်းလာရင် ပြန်တက်လို့ မရတော့လို့ပဲ”
“ဘာ…၊ မင်းက ငါ့ကို ဒီလောက်တောင် အထင်သေးရလား” ကော်ကျန်းလုံသည် သူ၏ဘဝတွင် အကြီးမားဆုံးသော စော်ကားမှုကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ကို သိသူတိုင်းက သူ၏ ဂုဏ်ယူရဆုံးစွမ်းရည်မှာ ကိုယ်ဖော့သိုင်းပညာဖြစ်ကြောင်း သိကြသည်။ မည်မျှပင် ခက်ခဲကြမ်းတမ်းသော နယ်မြေဖြစ်ပါစေ သူကတော့ မြေပြန့်သကဲ့သို့ သွားလာနိုင်သည်။ သူ ဖြတ်မကျော်နိုင်သော မြစ်၊ သူ မတက်နိုင်သော တောင် ဟူ၍ မရှိပေ။
ယခင်က ကမ္ဘာ့နံပါတ်တစ် သူခိုး ‘လက်ဗလာဆရာကြီး’ ကို တစ်လကျော်ကြာ လိုက်လံဖမ်းဆီးရာတွင် ထိုသူခိုးက နည်းမျိုးစုံသုံးသော်လည်း သူ့လက်မှ မလွတ်မြောက်နိုင်ခဲ့သဖြင့် သူ၏ကျော်ကြားမှုမှာ ပို၍ကြီးမားခဲ့သည်။ ယခုတွင်မူ ဒီခွေးကောင်က ဤကျင်းလေးက သူ့ကို ပြန်မတတ်နိုင်သည်ဟု ပြောနေသလော…?
သူ စိတ်ထဲမှ ဒေါသထွက်သွားကာ သူ၏ သိုင်းစွမ်းရည်မှာ မည်မျှအဆင့်ရှိကြောင်း တစ်ဖက်လူကို သိစေချင်လာခဲ့သည်။ သို့သော် သူသည် သဘာဝအတိုင်း အလွန်ကို သတိကြီးသူဖြစ်သည်။ ပထမဦးစွာ ကျင်းပတ်ပတ်လည်ကို စစ်ဆေးပြီး ဘာပြဿနာမှ မရှိသည်ကို တွေ့ရသောအခါမှသာ အောက်သို့ ခုန်ချလိုက်သည်။
“နတ်ခွေးနဲ့ ဆရာတော် ဆန်းချီ၊ ငါ ကော်ကျန်းလုံ မင်းတို့ကို ကယ်ဖို့ လာပြီ”
နတ်ခွေးစုံထောက်မှာ ထိတ်လန့်တကြား - “မင်း… ဘာလို့ ဆင်းလာတာလဲ၊ မလာပါနဲ့လို့ ငါပြောထားတယ် မဟုတ်လား”
ကော်ကျန်းလုံက မတုန်မလှုပ်ဘဲ - “ငါ မဆင်းလာရင် မင်းတို့ကို ဘယ်လိုကယ်မှာလဲ”
ဘုန်းကြီးအိုကြီး၏ မျက်နှာမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားပြီး - “သွားပြီ၊ သွားပြီ၊ နောက်တစ်ယောက် တိုးလာပြန်ပြီ၊ အောမီထောဖော… ”
“အောမီထောဖော..” အခြား ဘုန်းကြီးငယ်များ အားလုံးမှာလည်း မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာများ ဖြစ်သွားကြသည်။ ကော်ကျန်းလုံမှာ အလွန်ကို စိတ်မကျေမနပ် ဖြစ်သွားပြီး -
“ဘာလို့ အားလုံးက စိတ်ပျက်နေသလို ဖြစ်နေကြတာလဲ၊ ငါ့ကို မယုံတာလား”
‘ဒါက ကျင်းလေးတစ်ခုပဲ မဟုတ်လား၊ ဒါက ငါ ကော်ကျန်းလုံကို တကယ်ပဲ ပိတ်မိအောင် လုပ်နိုင်မယ် ထင်နေကြတာလား…’
ကော်ကျန်းလုံသည် သူ၏ရင်ဘတ်ကို ပုတ်ကာ ကျယ်လောင်စွာ ကြွေးကြော်လိုက်သည် - “စိတ်ချပါ၊ ငါ့ရဲ့ သိုင်းပညာက ထူးခြားပြောင်မြောက်တယ်၊ မင်းတို့ကို ဒီဒုက္ခကနေ ငါ သေချာပေါက် ကယ်ထုတ်ပေးမယ်”
သူက စကားပြောရင်း ခါးကို အနည်းငယ်ကိုင်းလိုက်ကာ - “ဆရာတော် ဆန်းချီ၊ ဆရာတော်ကို ကျွန်တော် အရင်ဆုံး ပိုးပြီး တက်ပါ့မယ်”
ဆရာတော် ဆန်းချီသည် ကောင်းကင်မှ အပေါက်လေးကို မော့ကြည့်လိုက်ရာ သူခံစားခဲ့ရသော မမေ့နိုင်သည့် နာကျင်ဖွယ် အတိတ်ဆိုးများက ခေါင်းထဲသို့ ပြန်လည်ဝင်ရောက်လာသဖြင့် ကြောက်စိတ်များ ဝင်လာပြီး သူက ချက်ချင်းပင် ခေါင်းခါလိုက်ကာ - “ ဒကာ ကော်ကျန်းလုံ၊ ကိုယ်တော် နေလို့မကောင်းလို့ပါ၊ တခြားတစ်ယောက်ကိုပဲ အရင်ခေါ်သွားလိုက်ပါ”
“ကောင်းပြီလေ ဘုန်းကြီးငယ်လေး…”
ဘုန်းကြီးငယ်ကလည်း လျင်မြန်စွာ ခေါင်းခါလိုက်ကာ - “ဒကာကြီး တခြားတစ်ယောက်ကိုသာ ရှာပါ၊ ကိုယ်တော်က အမြင့်ကြောက်တတ်လို့ပါ”
“ကောင်းပြီ၊ တခြားတစ်ယောက်ကို ရှာမယ်”
လူတိုင်းကို လိုက်မေးသော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ အပေါ်သို့ တက်ရန် မဝံ့ရဲကြပေ။ ကော်ကျန်းလုံမှာ ဒေါသထွက်လာပြီး - “ငါက စေတနာကောင်းနဲ့ လာကယ်တာကို မင်းတို့ထဲက တစ်ယောက်မှ မတက်ရဲဘူးလား၊ ငါ ဘာမှ မပြောတော့ဘူး။ နတ်ခွေး၊ မင်း အရင်လိုက်ခဲ့၊ မင်း ငြင်းရင် ငါ ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ထားလိုက်”
လူအများ၏ စိုက်ကြည့်နေမှုအောက်တွင် နတ်ခွေးစုံထောက်သည် ခဏလောက် တွန့်ဆုတ်နေသော်လည်း မငြင်းဆန်တော့ပေ။ အဆုံးတွင် သူသည်လည်း ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် တစ်ဦးနှင့် ကမ္ဘာကျော် စုံထောက်တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။ အကယ်၍ သူသာ ထပ်မကြိုးစားဘဲ နေမည်ဆိုပါက သူတစ်ပါး၏ လှောင်ပြောင်ခြင်းကို ခံရပေလိမ့်မည်။
“ကောင်းပြီ၊ ငါ အရင်လိုက်မယ်၊ ဒါပေမဲ့ မင်း တကယ်ကို သတိထားရမယ်နော်”
“လာပါ၊ အချိန်ဆွဲမနေနဲ့”
ကော်ကျန်းလုံသည် ဒဏ်ရာရထားသော နတ်ခွေးကို ကျောပေါ်သို့ ပိုးလိုက်ပြီးနောက် ဟိန်းဟောက်ကာ ကျင်းဝဆီသို့ အရှိန်ဖြင့် ပြေးတက်သွားသည်။ သူ၏ လှုပ်ရှားမှုမှာ ကောင်းကင်ဘုံသို့ လှေကားထောင်၍ တက်နေသကဲ့သို့ပင်။
အောက်ရှိ ဘုန်းကြီးများမှာ အံ့သြချီးကျူးနေကြသည်။
“ဒကာ ကော်ကျန်းလုံရဲ့ သိုင်းပညာက တကယ်ကို အံ့မခန်းပါပဲ”
“ဟုတ်တယ်၊ လူတစ်ယောက်ကို ကျောပိုးထားတာတောင် မြေပြန့်မှာ ပြေးနေသလိုပဲ၊ လေးစားစရာပဲ”
“ဒီတစ်ခါတော့ တကယ် အောင်မြင်တော့မယ် ထင်တယ်”
သို့သော် ထိုစကားများ ပြောလို့ မဆုံးသေးမှာပင် ကော်ကျန်းလုံနှင့် နတ်ခွေးတို့သည် နာကျင်စွာ အော်ဟစ်လျက် ပြန်လည် ပြုတ်ကျလာကြတော့သည်။
“အား…”
“အား…”
ထို့နောက် ကျောက်တုံးကြီးမှာ သူတို့အပေါ်သို့ ထပ်မံ ကျလာပြန်သည်။ သူတို့မှာ နာကျင်စွာဖြင့် နောက်တစ်ကြိမ် အော်ဟစ်ရပြန်သည် - “အား…”
ဘုန်းကြီးများ - “...”
သွေးများပေကျံနေသော လူနှစ်ယောက်ကို ကြည့်ရင်း ဘုန်းကြီးများမှာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ဘုန်းကြီးအိုကြီး၏ မှုန်ဝါးနေသော မျက်လုံးများက ကံကြမ္မာကို မြင်လိုက်ရသကဲ့သို့ ရှိနေသည်။ သူက လက်အုပ်ချီလျက် - “ကောင်းကင်ရဲ့ အလိုကို ဘယ်သူမှ ဆန့်ကျင်လို့ မရဘူး။ ငါတို့ရဲ့ ကံကြမ္မာကို လက်ခံကြရအောင်၊ အောမီထောဖော… ”
……
နှစ်ရက်အကြာတွင် စုန့်ယွီဖေးသည် လင်းပိုင်ဖန်ထံသို့ မကောင်းသော သတင်းတစ်ခု ယူဆောင်လာခဲ့သည်။
“စုံထောက် ကော်ကျန်းလုံလည်း လျှို့ဝှက်စွာ ပျောက်ကွယ်သွားပြန်ပြီ”
“ကော်ကျန်းလုံပါ ပျောက်သွားပြန်ပြီလား၊ ဒါဆိုရင် ပျောက်သွားတဲ့ စုံထောက်က နှစ်ယောက်တောင် ရှိပြီပေါ့၊ ဒီကိစ္စက သေးသေးမွှားမွှားတော့ မဟုတ်တော့ဘူး...”
လင်းပိုင်ဖန်၏ အမူအရာမှာ လေးနက်သွားပြီး - “မင်း ဘယ်လို ထင်လဲ”
“သူတို့တွေ တစ်ခုခုနဲ့ ကြုံနေရပြီ ထင်တယ်” စုန့်ယွီဖေး၏ အမူအရာမှာလည်း လေးနက်နေသည်။ “ဗုဒ္ဓဘာသာဂိုဏ်းက ဒါဟာ မိစ္ဆာဂိုဏ်းရဲ့ လက်ချက်လို့ သံသယရှိနေတယ်။ သူတို့လောက်ပဲ ဒီလို ရဲရဲတင်းတင်း လုပ်ရဲတဲ့ အရည်အချင်းရှိတာလေ”
လင်းပိုင်ဖန်ကလည်း ခိုင်မာစွာ ထောက်ခံလိုက်ပြီး - “ဟုတ်တယ်၊ ငါလည်း အဲဒီအတိုင်းပဲ ထင်တယ်”
ထိုအချိန်တွင် တစ်နေရာရာ၌ လှည့်လည်သွားလာနေသော ယောင်ယောင် ရုတ်တရက် နှာချေလိုက်သည်။
စုန့်ယွီဖေးက - “ဒါကြောင့် ဗုဒ္ဓဘာသာဂိုဏ်းက ပိုပြီး ထူးချွန်တဲ့ ပညာရှင်တွေကို စေလွှတ်ပြီး ရှာဖွေဖို့ ပြင်ဆင်နေကြတယ်”
လင်းပိုင်ဖန်က အရက်တစ်ခွက်ကို မြှောက်ကာ ဂုဏ်ပြုလိုက်သည် - “သူတို့တွေ အောင်မြင်ပါစေ၊ ပြီးတော့ ပျောက်နေတဲ့သူတွေနဲ့လည်း မြန်မြန် ပြန်ဆုံနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
………
လင်းပိုင်ဖန်၏ ဆုတောင်းစကားအတိုင်းပင် ပညာရှင်များစွာ ထွက်ခွာလာကြပြီး သူတို့ကလည်း စိတ်မပျက်စေခဲ့ဘဲ ထိုကျင်းကြီးကို တစ်ယောက်ပြီး တစ်ယောက် ရှာတွေ့သွားကြသည်။
ထို့နောက် ဘာမှမထူးခြားဘဲ အားလုံး ကျင်းထဲသို့ ပြုတ်ကျကာ ပြန်ထွက်မရ ဖြစ်ကုန်ကြသည်။ ရလဒ်အနေဖြင့် ကျင်းအောက်ခြေတွင် လူအရေအတွက်မှာ ပို၍ များပြားလာပြီး မာဂျောင်ဝိုင်း ဆယ်ဝိုင်းကျော်ပင် ဖွဲ့နိုင်နေပြီ ဖြစ်သည်။
သူတို့သည် အပေါ်မှ အပေါက်လေးကို မော့ကြည့်ရင်း အလွန် စိတ်ပျက်နေကြသည်။
“ဒီကျင်းက တကယ်ကို ကျိန်စာသင့်နေတာပဲ၊ ဆင်းလို့ပဲ ရတယ်၊ တက်လို့ မရဘူး”
“မင်း အပေါ်ကို တက်ဖို့ ကြိုးစားတိုင်း တစ်ခုခုက မင်းကို တားဆီးနေတယ်”
“ငါ တစ်ကမ္ဘာလုံးကို လှည့်ပတ်ခဲ့ဖူးပြီး ထူးဆန်းတာတွေ အများကြီး မြင်ဖူးပေမဲ့ ဒီလို ထူးဆန်းတာမျိုးတော့ တစ်ခါမှ မကြုံဖူးဘူး”
“ငါ ချန်ထားခဲ့တဲ့ ခြေရာလက်ရာတွေအတိုင်း ဗုဒ္ဓဘာသာဂိုဏ်းက လူတွေ ဒီနေရာကို ရှာတွေ့ပါစေလို့ပဲ ဆုတောင်းရမယ်”
“တခြားသူတွေကို အားမကိုးနဲ့တော့၊ သူတို့လာရင်လည်း ငါတို့လိုပဲ ဖြစ်မှာပဲ၊ ငါတို့ဘာသာ ငါတို့ လွတ်အောင် ထွက်နိုင်မယ့်နည်းကိုပဲ စဉ်းစားကြရအောင်”
“မင်းပြောတာ မှန်တယ်”