← Chapters

အခန်း (၂၅၁)

Vol. 23 Ch. 251

အခန်း (၂၅၁)

Vol. 23 Ch. 251

ရက်အနည်းငယ် ကုန်လွန်ပြီးနောက် စုန့်ယွီဖေးသည် သတင်းတစ်ခု ယူဆောင်လာခဲ့ပြန်သည်။

“အဲဒီလူတွေလည်း ပျောက်ကွယ်သွားပြန်ပြီ၊ သူတို့ကို ရှာမတွေ့တာ ကြာလာတာနဲ့အမျှ လူတိုင်းအတွက် အန္တရာယ်ရှိလာနိုင်လို့ ဗုဒ္ဓဘာသာဂိုဏ်းက အတော်လေး ပူပန်နေကြတယ်။ ဒါကြောင့် သူတို့ရဲ့ တည်နေရာကို ရှာဖွေပေးနိုင်တဲ့သူ ဘယ်သူ့ကိုမဆို ဗုဒ္ဓဘာသာဂိုဏ်းက ကျေးဇူးကြွေးတစ်ခု တင်ရှိပါမယ်လို့ ကတိပေးထားတယ်”

လင်းပိုင်ဖန်မှာ စိတ်ဝင်တစားဖြစ်သွားပြီး “တကယ်လား”

“တကယ်ပေါ့” စုန့်ယွီဖေးက ရှင်းပြလိုက်သည် - “အခု ပျောက်သွားတဲ့သူ အရေအတွက်က အရမ်းများနေပြီလေ။ ဆရာတော် ဆန်းချီ အပြင် ကျန်တဲ့သူတွေကလည်း သိုင်းလောကနယ်ပယ်မှာ ထင်ရှားတဲ့ သူတွေချည်းပဲဆိုတော့ ဗုဒ္ဓဘာသာဂိုဏ်းအနေနဲ့ ဖိအားတွေ အများကြီး ရှိနေတယ်”

လင်းပိုင်ဖန် ခေါင်းညိတ်လိုက်သည်။ ၎င်းတို့ပေးမည့် ကျေးဇူးကြွေးမှာ စည်းကမ်းချက်အချို့ ရှိသော်လည်း အလွန်ပင် တန်ဖိုးရှိလှသည်။ အရေးကြီးသော အချိန်များတွင် အားကိုးလို့ ရနိုင်သည်မဟုတ်ပါလား။ ထို့ပြင် ထိုသူများကို သူကိုယ်တိုင် ကယ်တင်ပေးလျှင် ထိုသူများကပါ သူ့အပေါ် ကျေးဇူးကြွေး တင်ရှိသွားမည် ဖြစ်သည်။ သိုင်းလောနယ်ပယ်မှ သူရဲကောင်းများမှာ မျက်နှာကို အသက်ထက် အရေးထားကြသူများဖြစ်ရာ ကျေးဇူးမဆပ်ဘဲ နေကြမည်မဟုတ်ပေ။

ထို့ကြောင့် လင်းပိုင်ဖန်က ဤအပေးအယူမှာ တွက်ခြေကိုက်သည်ဟု ဆုံးဖြတ်လိုက်သည်။ တစ်ရက်အကြာတွင် သူသည် စုန့်ယွီဖေးထံသို့ စိတ်လှုပ်ရှားစွာ သွားရောက်ပြီး - “မိန်းကလေးယွီဖေး၊ နေ့ညမပြတ် ကင်းလှည့်ရှာဖွေခဲ့ပြီးတဲ့နောက်မှာ သူတို့ရှိတဲ့နေရာကို ရှာတွေ့ခဲ့ပြီ၊ အားလုံး ဘေးကင်းကြပါတယ်!” ဟု ပြောလိုက်သည်။

“အရှင်မင်းကြီး၊ ဒါ တကယ်လား” စုန့်ယွီဖေးမှာ အံ့အားသင့်သွားခဲ့သည်။

“တကယ်ပေါ့၊ ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ”

“ဒါဆို သူတို့ အခု ဘယ်မှာလဲ”

“ငါ အခုပဲ လိုက်ပို့ပေးမယ်”

……

နှစ်ရက်အကြာတွင် သူတို့သည် ကျင်းကြီးရှိရာသို့ ရောက်ရှိလာကြသည်။ အမှောင်အတိကျနေသော ကျင်းကြီးကို လက်ညှိုးညွှန်ပြလျက် လင်းပိုင်ဖန်က ပြုံး၍ - “မိန်းကလေးယွီဖေး၊ သူတို့အားလုံး ဒီကျင်းထဲမှာပဲ ရှိနေကြတာ။ ဒီကျင်းက တကယ်ကို ထူးဆန်းတယ်၊ တစ်ခုခုက သူတို့ကို အထဲမှာ ပိတ်မိနေအောင် လုပ်ထားသလိုပဲ၊ ဘယ်လိုမှ တက်လို့မရကြဘူး”

စုန့်ယွီဖေးက အနီးကပ်ကြည့်ရန် ရှေ့သို့လှမ်းအလုပ်တွင် လင်းပိုင်ဖန်က သူမကို လှမ်းဆွဲကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး - “မိန်းကလေးယွီဖေး၊ သတိထားဦး”

စုန့်ယွီဖေး ဇဝေဇဝါဖြစ်သွားကာ “အရှင်မင်းကြီး၊ ဘာဖြစ်လို့လဲ” ဟု မေးရာ လင်းပိုင်ဖန်က အပြစ်တင်သလို အမူအရာဖြင့် - “ငါ ခုနကပဲ သတိပေးထားတယ်လေ။ ဒီကျင်းမှာ ထူးဆန်းတဲ့ အစွမ်းတစ်ခုရှိတယ်၊ ဆင်းလို့ပဲ ရတယ်၊ တက်လို့မရဘူး။ သိုင်းပညာ အစွမ်းကြီးလေလေ အဲဒီဒဏ်ကို ပိုခံရလေလေပဲ။ မင်း ကျင်းထဲပြုတ်ကျသွားမှာ စိုးလို့ပါ”

“အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့... ကျွန်မကို လွှတ်ပေးလို့ ရမလားရှင်”

“အဟမ်း... ငါ ခုနက စိုးရိမ်စိတ်လွန်သွားလို့ပါ၊ စိတ်ထဲမထားပါနဲ့ မိန်းကလေးယွီဖေး” လင်းပိုင်ဖန်က တောင်းပန်သော မျက်နှာထားဖြင့် ချက်ချင်း လွှတ်ပေးလိုက်သည်။ စုန့်ယွီဖေး၏ မျက်နှာမှာလည်း ရဲတက်သွားသည်။ အမျိုးသားတစ်ဦးနှင့် ဤမျှ နီးကပ်စွာနေရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ထို့နောက် စုန့်ယွီဖေးသည် ကျင်းဝနှင့် သုံးမီတာခန့်အကွာမှ ရပ်လျက် အောက်ရှိလူများနှင့် စကားပြောကြည့်ရာ လူအားလုံး စုံစုံလင်လင် ရှိနေကြောင်း သိလိုက်ရသည်။ အချို့မှာ ဒဏ်ရာရထားသော်လည်း စိုးရိမ်စရာ မရှိပေ။

“အခု အရေးကြီးဆုံးက သူတို့ကို ဘယ်လို ကယ်မလဲဆိုတာပဲ။ ဒီကျင်းက ပြန်တက်လို့မရအောင် တားဆီးထားတယ်ဆိုတော့ သာမန်နည်းလမ်းတွေက အလုပ်ဖြစ်မှာမဟုတ်ဘူး”

လင်းပိုင်ဖန်က ယုံကြည်ချက်အပြည့်ဖြင့် - “မိန်းကလေးယွီဖေး စိတ်အေးအေးထားပါ၊ ငါ့မှာ နည်းလမ်းရှိပြီးသားပါ” ဟု ဆိုကာ စစ်သားများကို မြေကြီးများ လှည်းနှင့်တိုက်၍ ယူလာခိုင်းလိုက်သည်။

“ဒီကျင်းမှာ ထူးဆန်းတဲ့ အစွမ်းရှိလို့ ပြန်တက်လို့ မရဘူးဆိုပေမဲ့ ငါတို့က ဒီကျင်းကြီးကို မြေကြီးတွေနဲ့ ဖို့လိုက်ရင်တော့ အဲဒီအစွမ်းက ဘယ်လောက်ကြီးကြီး အလုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ မဟုတ်ဘူးလား”

စုန့်ယွီဖေး၏ မျက်လုံးများ တောက်ပသွားကာ “အရှင်မင်းကြီးက တကယ်ကို ပညာရှိပါပဲ” ဟု ချီးကျူးလိုက်သည်။

လင်းပိုင်ဖန်၏ အမိန့်အရ စစ်သားများသည် မြေကြီးများကို ကျင်းထဲသို့ စတင်လောင်းထည့်ကြသည်။ အောက်ရှိလူများက အပေါ်မှကျလာသော မြေကြီးများကို ရှောင်ရင်း၊ ပြုတ်ကျလာသော မြေသားများကို ခြေဖြင့် နင်းနယ်သိပ်သည်းစေရင်း တဖြည်းဖြည်းနှင့် အပေါ်သို့ တက်လာခဲ့ကြသည်။ နာရီဝက်ခန့်အကြာတွင် ကျင်းကြီးမှာ ပြည့်လုနီးပါးဖြစ်သွားပြီး လူအားလုံး အပြင်သို့ ပြေးထွက်လာနိုင်ကြသည်။

“ဟားဟား…. နောက်ဆုံးတော့ ဒီထောင်ချောက်ထဲကနေ လွတ်လာပြီဟေ့”

“တစ်သက်လုံး ပြန်မထွက်ရတော့ဘူးလို့တောင် ထင်နေတာ”

“တကယ်ပဲ ကောင်းကင်က စောင့်ရှောက်တာပဲ”

အားလုံး စိတ်လှုပ်ရှားမှုများ ပြေလျော့သွားသောအခါ လင်းပိုင်ဖန်ထံ သွားရောက်ကာ - “အရှင်မင်းကြီးရဲ့ ကူညီမှုကို အထူးကျေးဇူးတင်ပါတယ်” ဟု တစ်ညီတစ်ညွတ်တည်း ပြောလိုက်ကြသည်။

လင်းပိုင်ဖန်က “အားနာမနေကြပါနဲ့” ဟု ရိုးရိုးသားသား ဆိုလိုက်သော်လည်း နတ်ခွေးစုံထောက်က “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်မျိုးတို့ ဒုက္ခရောက်နေချိန်မှာ ကူညီပေးတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးကြွေး တင်ရှိသွားပါပြီ။ တစ်ခုခု လိုအပ်တာရှိရင် အချိန်မရွေး လှမ်းခေါ်လိုက်ပါ၊ သိုင်းလောကစည်းကမ်းနဲ့ မညီညွတ်တာကလွဲလို့ ကျန်တာ အကုန်ကူညီပါ့မယ်” ဟု ကတိပေးလိုက်သည်။

စုံထောက် ကော်ကျန်းလုံကလည်း “ကျွန်တော်မျိုးလည်း တူတူပါပဲ၊ အရှင်မင်းကြီး တစ်ခုခု လိုအပ်ရင် ပြောပါ၊ အလကား ကူညီပေးပါ့မယ်” ဟု စိတ်အားထက်သန်စွာ ဆိုလိုက်သည်။

လင်းပိုင်ဖန်မှာ ပြုံးလိုက်မိသည်။ မိမိကို ပြန်ရောင်းစားသွားမှန်း မသိဘဲ သူတစ်ပါးအတွက် ပိုက်ဆံ လိုက်ရေပေးနေသည့် ဤအရိုးခံ အူကြောင်ကြောင်လေးများကို သူ သဘောကျလှသည်။

“သူရဲကောင်းတို့... ငါကိုယ်တော် ရေပူပြင်ခိုင်းထားသလို မောင်မင်းတို့ကို ကြိုဆိုတဲ့ အနေနဲ့ စားသောက်ပွဲကြီးလည်း ပြင်ထားခိုင်းပါတယ်။ လိုက်ခဲ့ကြပါဦး”

အနံ့အသက်မကောင်းဖြစ်နေသော ထိုသူများအတွက် ရေပူနှင့် စားသောက်ပွဲမှာ အကောင်းဆုံး လက်ဆောင်ပင် ဖြစ်သည်။ တစ်နာရီအကြာတွင် လူတိုင်း ရေချိုးပြီး၍ လန်းဆန်းသွားကာ လင်းပိုင်ဖန် ပြင်ဆင်ထားသော အရက်နှင့် အစားအသောက်များကို မြိန်ယှက်စွာ သုံးဆောင်ကြလေတော့သည်။

ထိုပွဲတွင် လင်းပိုင်ဖန်က အခွင့်အရေးကို အသုံးချ၍ သိုင်းပညာရှင်များကို စည်းရုံးခဲ့ရာ နတ်ခွေးစုံထောက်မှာ လင်းပိုင်ဖန်၏ စိတ်သဘောထားကို ကြည်ညိုသွားသဖြင့် မဟာရှနိုင်ငံ၏ လက်အောက်တွင် အမှုထမ်းရန် သဘောတူလိုက်သည်။ ထို့ကြောင့် မဟာရှနိုင်ငံ၏ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အရေအတွက်မှာ ၂၀ အထိ ရောက်ရှိသွားတော့သည်။

နောက်တစ်နေ့တွင် လူတိုင်း နှုတ်ဆက်ကာ ထွက်ခွာသွားကြသော်လည်း ဆရာတော် ဆန်းချီမှာမူ ကျန်ရစ်ခဲ့သည်။

“အောမီထောဖော၊ ကိုယ်တော်ရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် အရှင်မင်းကြီးကို အထူး ကျေးဇူးတင်ရှိပါတယ်။ နောင်တစ်ချိန်မှာ ဒီကျေးဇူးကို အသေအချာ ပြန်ဆပ်ပါ့မယ်”

လင်းပိုင်ဖန်က “ကျေးဇူးတင်စရာ မလိုပါဘူး။ ဆရာတော်က မဟာရှနိုင်ငံမှာ ပျောက်ဆုံးသွားတာဆိုတော့ ငါကိုယ်တော်မှာလည်း တာဝန်ရှိပါတယ်။ ပြီးတော့ ဗုဒ္ဓဘာသာဂိုဏ်းကလည်း ကျေးဇူးကြွေးတစ်ခု ပေးထားပြီးသားဆိုတော့ ငါကိုယ်တော်တို့ကြားမှာ ကျေသွားပါပြီ” ဟု ဆိုလိုက်သည်။

သို့သော် ဆရာတော် ဆန်းချီက လက်အုပ်ချီလျက် - “ကိစ္စတစ်ခုချင်းစီက သီးခြားစီပါပဲ။ ဗုဒ္ဓဘာသာဂိုဏ်းက တင်ရှိတဲ့ ကျေးဇူးနဲ့ ကိုယ်တော်ကိုယ်တိုင်ရဲ့ အသက်ကယ်ကျေးဇူးက မတူပါဘူး” ဟု ဆိုလိုက်သည်။

“ကောင်းပါပြီ၊ ဆရာတော်က အဲဒီလောက်အထိ တောင်းဆိုနေမှတော့ ငါကိုယ်တော်ကလည်း လက်ခံရမှာပေါ့။ ဒါနဲ့ ဆရာတော်မှာ တခြား ပြောစရာရှိသေးလို့လား”

“မှန်လှပါ၊ ကိုယ်တော် ဒီကိုလာရတဲ့ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်”

“ဘာများလဲ”

“အောမီထောဖော” ဘုန်းကြီးအိုကြီးက ဝမ်းနည်းသော အမူအရာဖြင့် - “ကိုယ်တော် ခရီးလှည့်လည်ရင်း သတ္တဝါတွေ ဒုက္ခရောက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သူတို့ကို ဒုက္ခထဲက ကယ်တင်ဖို့ ဒီနေရာမှာ ဗုဒ္ဓတရားတော်တွေကို ဖြန့်ဝေချင်ပါတယ်။ အရှင်မင်းကြီးအနေနဲ့ ခွင့်ပြုပေးဖို့နဲ့ ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု တောင်းဆိုလိုက်သည်။

All Chapters