အခန်း (၂၅၂)
Vol. 23 Ch. 252
လင်းပိုင်ဖန်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး - “ဆရာတော် ဆန်းချီ... စကားကို ဆင်ခြင်ပါ။ ဆရာတော် ပြောချင်တာက ငါကိုယ်တော်ဟာ မိုက်မဲပြီး အရည်အချင်း မရှိတဲ့ မင်းဆိုးမင်းညစ် ဖြစ်နေလို့ ပြည်သူတွေမှာ ဆင်းရဲဒုက္ခ ရောက်နေကြရတယ်လို့ ဆိုလိုတာလား”
ဘုန်းကြီးအိုကြီးမှာ ထိတ်လန့်သွားကာ - “အရှင်မင်းကြီး... ကိုယ်တော် ဆိုလိုတာ အဲဒီလို မဟုတ်ပါဘူး။ ကိုယ်တော် ဆိုလိုတာက ဒီလောကကြီး တစ်ခုလုံးဟာ ကျယ်ပြောလှတဲ့ ဒုက္ခပင်လယ်ကြီးဖြစ်ပြီး သတ္တဝါတွေ အားလုံးဟာ အဲဒီထဲမှာ နစ်မွန်းနေကြတယ်လို့ ဆိုလိုတာပါ။ ဒုက္ခဆိုတာ ရှောင်လွှဲလို့မရပါဘူး။ ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ပြီး စိတ်ထဲမှာ ဗုဒ္ဓကို ကိန်းဝပ်စေမှသာ ဒီဒုက္ခပင်လယ်ကို ဖြတ်ကျော်ပြီး လွတ်မြောက်ခြင်းဆီ ရောက်နိုင်မှာပါ”
လင်းပိုင်ဖန်၏ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားပြီး - “ဆရာတော်... ငါတို့ရဲ့ ခင်မင်မှုကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ အပြစ်မယူတော့ဘူး။ ငါကိုယ်တော်ရဲ့ နိုင်ငံမှာ တရားလာဖြန့်ချင်တယ်ဆိုတော့ ဆရာတော်ကို မေးခွန်းတစ်ခု မေးမယ်။ ‘ဗုဒ္ဓ’ ဆိုတာ ဘာလဲ”
ဆရာတော်က လက်အုပ်ချီလျက် - “ဗုဒ္ဓဆိုတာ စိတ်ထဲက ယုံကြည်မှုပါ၊ ခိုင်မာတဲ့ သက်ဝင်ယုံကြည်မှုပဲ။ လမ်းပျောက်နေသူအတွက် လမ်းပြမီးအိမ်၊ ချမ်းပြီး အေးနေတဲ့ သူအတွက် နွေးထွေးတဲ့ လေပြေ၊ ဆာလောင်သူအတွက် အသက်ကယ်မယ့် ရိက္ခာ၊ အားနည်းသူအတွက် အသက်စမ်းရေတွင်းပဲ။ အနှစ်ချုပ်ပြောရရင် ဗုဒ္ဓဆိုတာ မေတ္တာ၊ ကရုဏာနဲ့ ကောင်းမြတ်ခြင်းတွေရဲ့ စုစည်းမှုပဲ”
လင်းပိုင်ဖန် ခေါင်းညိတ်လိုက်သည်။ တကယ့် ဗုဒ္ဓဘာသာဂိုက်းရဲ့ အကြီးအကဲ ဘုန်းကြီးပီပီ ဗုဒ္ဓအကြောင်းကို ရိုးရိုးရှင်းရှင်းနှင့် ငြင်းချက် ထုတ်မရအောင် ရှင်းပြနိုင်ပေသည်။ ဘုရားကို နတ်ဘုရားလိုလို ဘာလိုလိုနှင့် လျှောက်ပြောနေသည့် လူလိမ်လူညာများထက် အများကြီး သာလွန်သည်။
“နောက်မေးခွန်းတစ်ခုက ‘ဗုဒ္ဓ’ ကို ဘယ်လို ရှာရမလဲ”
“နေ့စဉ်ဘဝမှာ ဗုဒ္ဓကို သက်ဝင်ကိုးကွယ်ပါ၊ စိတ်ထဲမှာ အမြဲ ရှိနေပါစေ၊ ဗုဒ္ဓရဲ့ အတွေးအခေါ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းပါ၊ ကောင်းတာလုပ်ပါ၊ ကုသိုလ်တွေ စုဆောင်းပါ၊ သူတစ်ပါးကို ကူညီကယ်တင်ပါ၊ ဒါဆိုရင် ဗုဒ္ဓက စောင့်ရှောက်ပါလိမ့်မယ်”
“ဗုဒ္ဓကို ရှာရင် ဘာရမှာလဲ”
“သံသရာဒုက္ခကနေ လွတ်မြောက်ပြီး အနောက်ဘက် သုခဘုံကို အမြန်ဆုံး ရောက်နိုင်မယ်။ အဲဒီမှာ ငတ်မွတ်တာ၊ ဆင်းရဲတာ၊ ဖျားနာတာ၊ သေခြင်းတရားနဲ့ ပြန်လည်မွေးဖွားခြင်းတွေ မရှိတော့ဘူး။ ငြိမ်းချမ်းခြင်းနဲ့ သုခအစစ်အမှန်ကို ရလိမ့်မယ်” ဘုန်းကြီးအိုကြီးက သုခဘုံကို မြင်နေရသကဲ့သို့ ပြုံးလျက် ဆိုလိုက်သည်။
“ငါကိုယ်တော် အခုချက်ချင်း သံသရာက လွတ်မြောက်ပြီး သုခဘုံကို သွားချင်တယ်၊ ရမလား”
ဘုန်းကြီးအိုကြီးက အလန့်တကြားဖြင့် - “အရှင်မင်းကြီး... ဒီဘဝမှာတော့ မရပါဘူး၊ နောက်ဘဝမှ ရမှာပါ။ လူသားခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး စစ်မှန်တဲ့ ဗုဒ္ဓကို တွေ့မှသာ သုခကို ခံစားရမှာပါ”
“ဘာလို့ ဒီဘဝမှာ မရဘဲ နောက်ဘဝကျမှ ရမှာလဲ” လင်းပိုင်ဖန်က ပြုံးလျက် မေးလိုက်သည် - “ဆရာတော်တို့ မလုပ်နိုင်လို့လား၊ ဒါမှမဟုတ် ဒါဟာ သက်သက် လိမ်ညာနေတာလား”
ဆရာတော်က စိတ်မသက်မသာဖြင့် - “ဘုန်းကြီးတို့ မည်သည် မုသားမဆိုပါ၊ ဒါက ဘယ်လိုလုပ် လိမ်ညာတာ ဖြစ်မှာလဲ”
လင်းပိုင်ဖန်က ပြန်ချေပလိုက်သည် - “ကောင်းပြီ။ ဗုဒ္ဓကို ကိုးကွယ်ရင် နောက်ဘဝမှာ သုခခံစားရမယ်လို့ ဆိုရအောင်... ဒါကို ဆရာတော် ဘယ်လို သက်သေပြမလဲ။ ကောင်းတာလုပ်လို့ နောက်ဘဝမှာ တကယ် ပျော်ရွှင်နေရတဲ့ သူတွေကို ဒီကိုခေါ်လာပြီး ငါကိုယ်တော်ကို ကိုယ်တိုင် ပြောပြခိုင်းလို့ ရမလား”
“အဲဒါက...” ဘုန်းကြီးအိုကြီးမှာ စကားထောက်သွားသည်။
“ဒါမှမဟုတ် ဗုဒ္ဓကိုကိုယ်တိုင် ငါကိုယ်တော်ရှေ့ကို ဖိတ်ခေါ်ပေးနိုင်မလား”
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လင်းပိုင်ဖန်က ရယ်မောလျက် - “ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကိုယ်တိုင်မြင်မှ ယုံနိုင်မှာပေါ့။ မဟုတ်ရင် ဒါတွေက ယုံကြည်စရာ မရှိတဲ့ စကားတွေပဲ။ ကလေးတောင် ဒီလောက်တော့ နားလည်တယ်။ ဆရာတော်သာ ဗုဒ္ဓကိုဖြစ်ဖြစ်၊ နောက်ဘဝကနေ ပြန်လာသူကိုဖြစ်ဖြစ် ခေါ်ပြနိုင်ရင် ငါကိုယ်တော် ဗုဒ္ဓဘာသာကို အပြည့်အဝ ထောက်ခံပေးမယ်၊ ကတုံးတုံးပြီး ဘုန်းကြီးဝတ် ဆိုရင်တောင် ဝတ်ပေးမယ်”
ဘုန်းကြီးအိုကြီးမှာ ဘာပြန်ပြောရမှန်းမသိဘဲ နှုတ်ဆိတ်သွားတော့သည်။ လင်းပိုင်ဖန်က - “ဆရာတော်က နောက်ဘဝနဲ့ ဗုဒ္ဓရှိကြောင်းကိုတောင် သက်သေမပြနိုင်ဘဲ ငါကိုယ်တော်ကို ဘယ်လိုယုံခိုင်းနေတာလဲ။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်”
“ဒါဆို အရှင်မင်းကြီးက ဗုဒ္ဓဘာသာအပေါ် ဘယ်လို မြင်ပါသလဲ”
“ငါကိုယ်တော် တည့်တည့်ပဲ ပြောမယ်။ ငါကိုယ်တော် ဗုဒ္ဓကို မယုံသလို ငါ့ပြည်သူတွေကိုလည်း ယုံခွင့်မပြုဘူး။ ဗုဒ္ဓ ရှိတယ်ဆိုရင် အဲဒါ ငါပဲ ဖြစ်ရမယ်။ ဒါကြောင့် ဆရာတော် ပြန်နိုင်ပါပြီ” လင်းပိုင်ဖန်က လက်ကာပြလိုက်သည်။
ဘုန်းကြီးအိုကြီးမှာ စိတ်ပျက်စွာဖြင့် ထွက်သွားပြီးနောက် စုန့်ယွီဖေး ရောက်လာပြီး - “အရှင်မင်းကြီးက ဗုဒ္ဓဘာသာကို တကယ် မကြည်ဖြူတာပဲနော်” ဟု ဆိုလိုက်သည်။
“ဟုတ်တယ်၊ ဆရာတော် ဆန်းချီက တရားတော်တွေပဲ ဟောကြားပြသမယ်လို့ ပြောပေမယ့် ဗုဒ္ဓဘာသာဂိုဏ်းက သိုင်းလောကနယ်ပယ်မှာ အင်အားစု တစ်ခုပဲ။ သူတို့ ဒီမှာ အခြေစိုက်ရင် ငါ့အကျိုးစီးပွားကို ထိခိုက်စေမှာပဲ။ ဒါကြောင့် ငါကိုယ်တော် ခွင့်မပြုတာ။ နောက်ပြီး သူတို့ရဲ့ အယူအဆက ‘ဒီဘဝမှာ ဒုက္ခခံ၊ နောက်ဘဝမှ သုခရမယ်’ ဆိုတော့ လူတွေကို ရှိတာနဲ့ ရောင့်ရဲစေပြီး မပြောင်းလဲချင်အောင် လုပ်နေသလို ဖြစ်နေတယ်။ အဲဒါက လူ့အသိုင်းအဝိုင်းရဲ့ တိုးတက်မှုကို ဟန့်တားနေတာပဲ။ ငါက ရှင်သန်တက်ကြွနေတဲ့ နိုင်ငံကိုပဲ လိုချင်တယ်၊ ဒီလို အယူအဆတွေကို လက်မခံနိုင်ဘူး”
“နောက်ပြီး... ဗုဒ္ဓတရားတော်တွေကက စင်ကြယ်ရင်တောင်မှ ကိုးကွယ်တဲ့လူတွေက စင်ကြယ်နိုင်ပါ့မလား။ ဘုန်းကြီးကျောင်းတွေကို စီမံနေတာက လူတွေပဲ။ လူဆိုတာ လောဘ၊ ဒေါသ၊ မောဟဆိုတာ ရှိစမြဲပဲ။ သမိုင်းတစ်လျှောက်မှာ ဗုဒ္ဓရဲ့ နာမည်ကို သုံးပြီး ကိုယ်ကျိုးရှာနေတဲ့သူတွေ အများကြီးပဲ။ ပုပ်နေတဲ့ ပန်းသီးတစ်လုံးကြောင့် အရက်တစ်အိုးလုံး ပျက်စီးရတာမျိုး အဖြစ်မခံနိုင်ဘူး”
စုန့်ယွီဖေးက အလေးအနက် မေးပြန်သည် - “ဒါဆို တာအိုဂိုဏ်းအပေါ်ရော ဘယ်လို မြင်ပါသလဲ”
“တာအိုဂိုဏ်းကိုလည်း ငါ သိပ်မကြိုက်ဘူး။ သူတို့က ‘သဘာဝအတိုင်း ထားပါ၊ ဘာမှမလုပ်နဲ့’ ဆိုတဲ့ အယူအဆက အရမ်းကို အေးစက်လွန်းတယ်။ ငါကတော့ ရှေ့သို့ တိုးတက်ဖို့နဲ့ သဘာဝတရားကို အောင်နိုင်ဖို့ပဲ လိုချင်တယ်”
စုန့်ယွီဖေးက တာအိုဂိုဏ်းသည် ပြည်သူတွေအတွက် မင်းကောင်းမင်းမြတ် ရှာဖွေပေးတတ်ကြောင်းကို ဖျောင်းဖျခဲ့သော်လည်း လင်းပိုင်ဖန်က ရယ်မောလျက် - “လောကီရေးရာတွေနဲ့ ကင်းအောင် နေပြီး၊ တာအိုနဲ့ မသေမျိုးလမ်းစဥ်ကို လိုက်စားနေတဲ့သူတွေက ဘယ်သူက မင်းကောင်း၊ ဘယ်သူက မင်းဆိုးလဲဆိုတာ လာဆုံးဖြတ်နေတာက ရယ်စရာမကောင်းဘူးလား။ အဆုံးမှာတော့ သူတို့အကျိုးစီးပွားကို ဘယ်သူက ပိုပေးနိုင်သလဲဆိုတာပေါ်မှာပဲ မူတည်နေတာပဲ။ သူတို့က ဘယ်လိုလုပ် ပြည်သူတွေရဲ့ ဆန္ဒကို သိမှာလဲ”
စုန့်ယွီဖေးမှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူမ အမြင်တွင် လင်းပိုင်ဖန်သည် မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်သော်လည်း သူ၏ လုပ်ရပ်များမှာ တာအိုဂိုဏ်း၏ အကျိုးစီးပွားကို ထိခိုက်စေပါက၊ အစစ်အမှန် မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်နေရင်တောင်မှ သူမတို့ဂိုဏ်းက သူ့ကို ထောက်ခံမည် မဟုတ်သည်မှာ သေချာနေသည်။
“မိန်းကလေးယွီဖေး... တကယ့် မင်းကောင်းမင်းမြတ်ကို ဘယ်သူက ရွေးချယ်သလဲ သိလား။ အဲဒါ မျိုးနွယ်စုကြီးတွေ ဒါမှမဟုတ် ဂိုဏ်းဂဏတွေက ရွေးတာမဟုတ်ဘူး၊ ပြည်သူတွေက သူတို့ရဲ့ ခြေလှမ်းတွေနဲ့ပဲ ဆုံးဖြတ်ကြတာ။ မင်းသာ ကောင်းကောင်း အုပ်ချုပ်ရင် ပြည်သူတွေက မင်းဆီကို လာနေကြလိမ့်မယ်။ မင်းသာ ညံ့ဖျင်းရင် သူတို့ ထွက်သွားကြလိမ့်မယ်။ ဘုရင်တစ်ပါး ကောင်းမွန်ကြောင်း သိချင်ရင် သူ့နိုင်ငံရဲ့ လူဦးရေကို ကြည့်လိုက်ပါ။ လူဦးရေ တိုးတက်နေရင် သူဟာ အနည်းဆုံးတော့ အရည်အချင်းရှိတဲ့ ဧကရာဇ်ပဲ”
စုန့်ယွီဖေးမှာ ခေါင်းညိတ်ကာ ထောက်ခံလိုက်မိသည်။ မဟာရှနိုင်ငံ၏ လူဦးရေမှာ နှစ်နှစ်အတွင်း သန်း ၂၀ နီးပါး တိုးတက်လာခဲ့သည်။ ပြည်သူများမှာ ငြိမ်းချမ်းစွာ နေထိုင်နေကြရသော်လည်း လင်းပိုင်ဖန်မှာမူ ‘မိုက်မဲတဲ့ဧကရာဇ်’ ဟု ဆဲဆိုခံနေရဆဲပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ လုပ်ရပ်များသည် ဂိုဏ်းဂဏကြီးများနှင့် မျိုးနွယ်စုကြီးများ၏ အကျိုးစီးပွားကို ဆန့်ကျင်နေသောကြောင့် ဖြစ်သည်။
( ဘာသာပြန်သူမှတ်ချက် - ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီအခန်းနဲ့ ပတ်သတ်ပြီး ဘယ်လိုမှ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်၊ မဟာယာနဗုဒ္ဓဘာသာ ဆိုပေမယ့် အခြေခံ တရားတော်တွေကတော့ တူညီကြပါတယ်၊ ကျွန်တော်တို့ နိုင်ငံကတော့ ထေရဝါဒဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြတာကို အားလုံးအသိပါ၊ တရုတ်တို့၊ တိဗက် တို့မှာတော့ မဟာယာနကို အများဆုံး ကိုးကွယ်ကြတာပါ။ ဒါကြောင့် အလေးအနက်ကြီး မထားဖို့ တောင်းဆိုပါတယ်)