← Chapters

အခန်း (၂၅၅)

Vol. 23 Ch. 255

အခန်း (၂၅၅)

Vol. 23 Ch. 255

“ကောင်းပြီ... အားလုံးပဲ စိုးရိမ်မနေကြနဲ့တော့။ ငါတို့ဆီမှာ ကောင်းကင်အဆင့် သိုင်းပညာရှင် မရှိပေမဲ့ ဒီဘေးဒုက္ခကို ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ဖို့ ငါကိုယ်တော် နည်းဗျူဟာတစ်ခု စဉ်းစားထားပြီးသားပါ” ဟု လင်းပိုင်ဖန်က လက်ကာပြရင်း ပေါ့ပေါ့ပါးပါး ပြုံး၍ ပြောလိုက်သည်။

“အရှင်မင်းကြီးမှာ တကယ်ပဲ နည်းလမ်းရှိလို့လား” အားလုံးက မျှော်လင့်တကြီး မေးလိုက်ကြသည်။

“တကယ်ပေါ့။ ငါကိုယ်တော်ရဲ့ အသက်နဲ့ နိုင်ငံကို ရယ်စရာလုပ်ပါ့မလား” လင်းပိုင်ဖန်က ရယ်မောလိုက်သည်။

လင်းပိုင်ဖန်၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာကို ကြည့်ပြီး အားလုံးမှာ ယုံကြည်ရခက်နေဆဲ ဖြစ်သော်လည်း လက်ရှိတွင် အခြားရွေးချယ်စရာ မရှိသဖြင့် သူ့ကိုသာ အားကိုးတကြီး ယုံကြည်လိုက်ကြရတော့သည်။

“အရှင်မင်းကြီး... အဲဒီနည်းလမ်းက ဘာများလဲ။ ကျွန်မတို့ကို ပြောပြလို့ မရဘူးလား” ပိုင်ဇူက ခဏလောက် တုံ့ဆိုင်းနေပြီးမှ တိုးတိုးလေး မေးလိုက်သည်။

လင်းပိုင်ဖန်က ခေါင်းခါပြကာ - “မရသေးဘူး... အခု ပြောပြလိုက်ရင် စိတ်လှုပ်ရှားဖို့ မကောင်းတော့ဘူးလေ။ စိတ်ရှည်ရှည်နဲ့သာ စောင့်ကြည့်နေပါ၊ တကယ့်ကို အံ့အားသင့်စရာကြီး ဖြစ်လာစေရမယ်လို့ ငါကိုယ်တော် ကတိပေးတယ်”

လင်းပိုင်ဖန်က အသေအချာ နှုတ်ပိတ်နေသဖြင့် အားလုံးမှာ လက်လျှော့လိုက်ကြရသည်။ ထိုစဉ် လင်းပိုင်ဖန်က ခေါင်းကို စောင်းလိုက်ပြီး ရုတ်တရက် အကြောင်းအရာနှင့် မသက်ဆိုင်သော မေးခွန်းတစ်ခုကို မေးလိုက်ပြန်သည်။

“ဒါနဲ့… မောင်မင်းတို့ရော မထင်ဘူးလား၊ မဟာရွှယ်နိုင်ငံဟာ သမိုင်းမှာ သက်တမ်းအတိုဆုံး မင်းဆက်နိုင်ငံတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာလေ”

“ဗျာ...” အားလုံးမှာ ထပ်မံပြီး ဇဝေဇဝါ ဖြစ်သွားကြပြန်သည်။

ထိုအချိန်တွင် ပြင်ပလောကတစ်ခုလုံးက မဟာရှနိုင်ငံ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေကြသည်။ သို့သော် ၎င်းတို့ စိတ်ပျက်သွားရသည်မှာ မဟာရှနိုင်ငံဘက်မှ ဘာတုံ့ပြန်မှုမျှ မရှိဘဲ ဤကိစ္စမှာ ၎င်းတို့နှင့် မဆိုင်သကဲ့သို့ ငြိမ်သက်နေခြင်းဖြစ်သည်။

“မဟာရှနိုင်ငံက ဘာလို့ ဒီလောက် ငြိမ်နေရတာလဲ”

“လက်လျှော့လိုက်ပြီလား”

“ဒါမှမဟုတ် အကွက်ကြီးတစ်ကွက် ပြင်နေတာလား”

“သူတို့မှာ ဘာအကွက်ရှိဦးမှာလဲ။ ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်ယောက်ကို မခေါ်နိုင်ရင် ဘာလုပ်လုပ် အလကားပဲ”

“မိုက်မဲတဲ့ ဧကရာဇ်က ထွက်ပြေးဖို့ ပြင်နေတာများလား”

လူအများ အမျိုးမျိုး ခန့်မှန်းနေကြစဉ်မှာပင် မဟာရွှယ်နိုင်ငံသည် မင်းဆက်နိုင်ငံတစ်ခုအဖြစ် အမည်ပြောင်းလဲသည့် ခမ်းနားသော အခမ်းအနားကို ကျင်းပခဲ့သည်။ ထိုနေ့တွင် အရပ်ရပ်မှ ဧည့်သည်တော်များ၊ အင်ပါယာအသီးသီးမှ ကိုယ်စားလှယ်များနှင့် သိုင်းလောကနယ်ပယ်မှ နာမည်ကြီး ဂိုဏ်းများ ရောက်ရှိလာကြပြီး ဤရှားပါးသော အခိုက်အတန့်ကို သက်သေအဖြစ် ပါဝင်ဆင်နွှဲခဲ့ကြသည်။

လူအများ၏ရှေ့တွင် မဟာရွှယ် ဧကရာဇ်က မဟာရွှယ်နိုင်ငံကို ‘မဟာရွှယ်မင်းဆက်’ ဟု အမည် ပြောင်းလဲကြောင်းနှင့် သူသည် ပထမဆုံးသော မင်းဆက်ဧကရာဇ် ဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်သည်။ ထို့နောက် မူဝါဒသစ်များကို ထုတ်ပြန်ကာ ဧည့်သည်တော်များကို ဧည့်ခံကာ ကျွေးမွေးခဲ့သည်။ ဤအခမ်းအနားကြီးကို သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားပြီးဆုံးသည့် နောက်တစ်နေ့ နံနက်တွင် ဝန်ကြီးချုပ်က အမတ်များကို ဦးဆောင်ကာ အလျင်အမြန်ပင် အသနားခံစာ တင်သွင်းတော့သည်။ “အရှင်မင်းကြီး... မဟာရှနိုင်ငံဟာ ကျွန်တော်မျိုးတို့ မဟာရွှယ်ကို အကြိမ်ကြိမ် နှိပ်စက်ခဲ့သလို အရှင်မင်းကြီးကိုလည်း စော်ကားခဲ့ပါတယ်။ ဒီအာဃာတက မေ့ပျောက်လို့ မရနိုင်ပါဘူး။ မဟာရှနိုင်ငံကို စစ်ချီပြီး မိုက်မဲတဲ့ ဧကရာဇ်ကို ဖမ်းဆီးဖို့ အမိန့်တော် ပေးသနားတော်မူပါ”

အမတ်အားလုံးကလည်း တစ်ညီတစ်ညွတ်တည်း ထောက်ခံကြသည်။

“အမတ်မင်းတို့ ပြောတာ မှန်တယ်” မဟာရွှယ် ဧကရာဇ်က စားပွဲကို ဒုန်းကနဲ ရိုက်၍ ဒေါသတကြီး ထရပ်လိုက်သည်။ “မဟာရှနိုင်ငံနဲ့ အဲဒီခွေးဧကရာဇ်က ငါကိုယ်တော်ကို အကြိမ်ကြိမ် စော်ကားခဲ့တယ်။ သူတို့ရဲ့ အပြစ်တွေက ခွင့်လွှတ်လို့ မရဘူး၊ အရင်က ငါကိုယ်တော်ရဲ့ ခွန်အားက မလုံလောက်လို့ သည်းခံခဲ့ရပေမဲ့ အခု ငါကိုယ်တော်ဟာ ကောင်းကင်အဆင့်ကို ရောက်နေပြီ။ မဟာရှနိုင်ငံကို အပြစ်ပေးရမယ့်အချိန် ရောက်ပြီ၊ စစ်တပ်ကို အသင့်ပြင်ကြ၊ ငါကိုယ်တော်ကိုယ်တိုင် ဦးဆောင်မယ်”

ဤသို့ဖြင့် မဟာရွှယ်မင်းဆက်၏ ပထမဆုံးသော အမိန့်တော်မှာ မဟာရှနိုင်ငံကို တိုက်ခိုက်ရန် ဖြစ်လာတော့သည်။ တစ်နိုင်ငံလုံး စစ်အင်အား စုဆောင်းခြင်း၊ ရိက္ခာများ ပြင်ဆင်ခြင်းတို့ဖြင့် အလုပ်ရှုပ်သွားခဲ့ကြသည်။ အင်အားအလုံးအရင်းနှင့် ပြင်ဆင်နေခြင်းဖြစ်ရာ ဤကိစ္စကို ဖုံးကွယ်ထား၍ မရချေ။

“မဟာရွှယ်မင်းဆက်က စစ်တပ်တွေ ပြင်နေပြီ၊ ဘယ်သူ့ကို တိုက်မလို့လဲ”

“သိသာနေတာပဲ မဟုတ်လား။ မဟာရှနိုင်ငံကလွဲရင် ဘယ်သူ ရှိဦးမှာလဲ”

“မဟာရှနိုင်ငံက မဟာရွှယ်ကို အကြီးအကျယ် ရန်စထားတာဆိုတော့ အခု ကလဲ့စားချေခံရတော့မှာပဲ”

“မဟာရွှယ် ဧကရာဇ်က အညှိုးကြီးတဲ့သူပဲ။ အရင်က ခွန်အားမရှိလို့သာ အောင့်အည်းသည်းခံနေရပေမဲ့ အခုတော့ သူ ဘယ်နှောင့်နှေးပါ့မလဲ။ သေချာပေါက် တိုက်မှာပဲ”

“မဟာရှနိုင်ငံတော့ ဒီတစ်ခါ တကယ် သွားပြီပဲ”

လူတိုင်းက မဟာရှနိုင်ငံအပေါ် အဆိုးမြင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်အဆင့် သိုင်းပညာရှင်ဆိုသည်မှာ အလွန်ပင် အစွမ်းထက်လွန်းသောကြောင့် ဖြစ်သည်။ မဟာရှနိုင်ငံ တစ်နိုင်ငံလုံးတွင် သူ့ကို ယှဉ်နိုင်သူဟူ၍ ဓားအဖိုးအိုတစ်ဦးသာ ရှိသော်လည်း ၎င်းသည်ပင်လျှင် နတ်ဓားကို သုံး၍ ခဏမျှ ခုခံနိုင်ရုံသာ ရှိမည်ဖြစ်ပြီး အနိုင်ရရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ဤအဆင့်အတန်း ကွာခြားချက်မှာ မကျော်ဖြတ်နိုင်သော အရာပင် ဖြစ်သည်။

ထိုအချိန်တွင် မဟာရှနိုင်ငံဘက်မှလည်း စစ်တပ်နှင့် ရိက္ခာများ စတင်ပြင်ဆင်လာခဲ့သော်လည်း ကောင်းကင်အဆင့် တစ်ဦးနှင့် ရင်ဆိုင်ရလျှင် စစ်တပ်ကြီးမှာ မည်မျှပင် များပြားပါစေ အချည်းနှီးသာ ဖြစ်သည်။

စုန့်ယွီဖေးသည် သတင်းကို ကြားရသောအခါ မဟာရှနိုင်ငံဘက်သို့ စိုးရိမ်တကြီး ကြည့်လိုက်မိသည်။ သူမ၏ ခွန်အားဖြင့် မဟာရွှယ် ဧကရာဇ်ကို အနိုင်မယူနိုင်သော်လည်း သူမ၏ နောက်ခံအရှိန်အဝါက အရေးကြီးသော အချိန်တွင် လင်းပိုင်ဖန်၏ အသက်ကို ကယ်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။

“အရှင်မင်းကြီး... ဘာမှ မဖြစ်ပါစေနဲ့”

……

ယောင်ယောင်မှာလည်း လှုပ်ရှားနေသည်။ အမည်မသိ တောင်ထိပ်တစ်ခုပေါ်တွင် -

ယောင်ယောင်သည် ရှေ့က အလွန်လှပသော အမျိုးသမီး၏ လက်မောင်းကို အတင်းလှုပ်ယမ်းကာ တိုးလျှိုးတောင်းပန်နေသည် - “ဆရာ... မဟာရွှယ် ဧကရာဇ်က အနိုင်ကျင့်တော့မလို့လေ။ ဆရာသာ မကူညီရင် ဟို ငတုံးဧကရာဇ်လေးတော့ သွားပြီ။ သူသာ သေသွားရင် ကျွန်မတို့ မိစ္ဆာဂိုဏ်းရဲ့ လုပ်ငန်းကြီးလည်း ပျက်စီးသွားမှာပေါ့။ ဒါကြောင့် ဆရာ ကြည့်မနေပါနဲ့နော်”

အမျိုးသမီးက သူမ၏ တပည့်မလေးကို ကြည့်ကာ ရယ်ချင်သွားသည်။ ဧကရာဇ်မိုက်လေး ဒုက္ခရောက်နေသည်ဟု ကြားသည်နှင့် အိမ်မှုကိစ္စ ခိုင်းစဉ်ကထက်ပင် ပို၍ အားတက်သရော ဖြစ်နေရှာသည်။

“ကောင်းပါပြီ... ငါက မကယ်ဘူးလို့ ပြောလို့လား”

ယောင်ယောင်မှာ ဝမ်းသာသွားကာ - “ဆရာ တကယ် ကယ်မှာလား”

အမျိုးသမီးက ပြုံးလျက် ထရပ်လိုက်သည် - “ဒါပေါ့... အဲဒီ စိတ်ဝင်စားဖို့ကောင်းတဲ့ ဧကရာဇ်မိုက်လေးနဲ့ တွေ့ရမယ့် အချိန်လည်း ရောက်ပြီပဲ။ တပည့်မလေး... သွားကြရအောင်”

“ဟုတ်ကဲ့ ဆရာ” ယောင်ယောင်မှာ ပျော်ပျော်ရွှင်ရွှင်ဖြင့် လိုက်ပါလာခဲ့သည်။

ထိုအတောအတွင်း အင်အားစု အသီးသီးကလည်း ဤစစ်ပွဲကြီးကို စောင့်ကြည့်နေကြသည်။ သုံးရက်အကြာတွင် မဟာရွှယ်မင်းဆက်နိုင်ငံမှာ အဆင်သင့် ဖြစ်နေပြီ ဖြစ်သဖြင့် ဧကရာဇ်ကိုယ်တိုင် ဦးဆောင်ကာ စစ်သည်တော် တစ်သန်းဖြင့် ခမ်းနားထည်ဝါစွာ ချီတက်လာတော့သည်။

စစ်တပ်ကြီးမှာ လူဦးရေများသဖြင့် နှေးကွေးသော်လည်း မဟာရွှယ် ဧကရာဇ်မှာမူ အလျင်မလိုဘဲ ဤဖြစ်စဉ်ကို သဘောကျနေသည်။ မိမိ၏ ခွန်အားဖြင့် ဧကန်မုချ အနိုင်ရမည်ဟု သူ အပြည့်အဝ ယုံကြည်နေခြင်းဖြစ်သည်။

သူသည် စိတ်ကူးယဉ်နေမိခဲ့သည် - မဟာရှနိုင်ငံကို သိမ်းပိုက်နိုင်လျှင် သူ၏ အာဃာတကို ချေဖျက်နိုင်ရုံသာမက မိမိနိုင်ငံ၏ အင်အားမှာလည်း တခြားသော အင်အားကြီး မင်းဆက်နိုင်ငံကြီးများနှင့် ရင်ဘောင်တန်းနိုင်တော့မည် မဟုတ်ပါလေ

“အဲဒီ မိုက်မဲတဲ့ဧကရာဇ်က မဟာရှနိုင်ငံကို အတော်လေး ကောင်းကောင်း အုပ်ချုပ်ထားတာပဲ။ သတ်ပစ်ဖို့တောင် နှမြောဖို့ ကောင်းတယ်... ဟားဟား..။ ဒါပေမဲ့ ငါ့ကို ရန်စတဲ့သူကတော့ သေရမှာပဲ။ ဘယ်သူ့ကိုမှ အလွတ်မပေးနိုင်ဘူး”

“ဘာလို့လဲဆိုတော့ ကောင်းကင်အဆင့် သိုင်းပညာရှင်ကို စော်ကားလို့ မရဘူး….!!!”

All Chapters