အခန်း (၂၅၆)
Vol. 23 Ch. 256
အခြားတစ်ဖက်တွင်လည်း လင်းပိုင်ဖန်သည် စစ်သည်တော် တစ်သန်းကို ဦးဆောင်လာပြီး သိုင်းပညာရှင် များစွာလည်း စစ်ကြောင်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာကြသည်။
နှစ်ဖက်စလုံးသည် ဤတိုက်ပွဲက ကမ္ဘာ့အနာဂတ်ကို အဆုံးအဖြတ် ပေးတော့မည်ဟု ယူဆထားကြသည့်အလား ပြတ်သားသော စိတ်ဓာတ်များ ရှိနေကြသည်။ ငါးရက်အကြာတွင် သူတို့သည် 'မွှေးရနံ့စုံ လွင်ပြင်' ၌ ဆုံကြလေသည်။
ဤလွင်ပြင်သည် အရှေ့မြောက်ပိုင်း ငါးနိုင်ငံကြားတွင် ရှိသော မြေပြန့်လွင်ပြင်ဖြစ်ပြီး အဖြူရောင်နှင့် အဝါရောင် ပန်းခင်းကြီးများ ဖုံးလွှမ်းနေတတ်သည်။ နွေဦးရောက်တိုင်း အလွန်လှပသော နေရာတစ်ခု ဖြစ်သော်လည်း ယနေ့တွင်မူ ဤအေးချမ်းသည့်နေရာမှာ သွေးရောင်လွှမ်းတော့မည် ဖြစ်သည်။
ယခုအခါ နှစ်နိုင်ငံစစ်တပ်မှာ တစ်ဖက်နှင့်တစ်ဖက် ရင်ဆိုင်လျက် အနေအထားတွင် ရှိနေသည်။ စစ်အလံများ တလူလူလွင့်နေပြီး လူပင်လယ်ကြီးသဖွယ် အဆုံးမရှိသော စစ်သည်တော်များ၏ စစ်ရှိန်မှာ ကောင်းကင်သို့ ထိုးတက်နေတော့သည်။ သူတို့အားလုံးသည် အချိန်မရွေး အသက်ပေးတိုက်ပွဲဝင်ရန် အသံတိတ် ပြင်ဆင်ထားကြပုံရသည်။
စစ်သည်များအပြင် အခြားသော အင်အားစုများကလည်း ဤတိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
“မဟာရှနဲ့ မဟာရွှယ်မင်းဆက်က နောက်ဆုံးတော့ စစ်ဖြစ်ကြပြီပဲ”
“ဒီတိုက်ပွဲက နယ်မြေတစ်ဝိုက်ရဲ့ အခြေအနေကို ပြောင်းလဲပစ်တော့မှာ သေချာတယ်”
“မဟာရှအတွက်တော့ နှမြောစရာပဲ၊ တိုးတက်လာတာ နှစ်နှစ်တောင် မပြည့်သေးဘူး၊ မကြာခင်မှာ သမိုင်းအဖြစ် ကျန်ရစ်ရတော့မယ်”
“ဟုတ်တယ်၊ ကောင်းကင်အဆင့် သိုင်းပညာရှင်မရှိတဲ့ နိုင်ငံဆိုတာ အနိုင်ကျင့်ရ လွယ်မှာပဲ”
“ဟို မိုက်မဲတဲ့ ဧကရာဇ်ကတော့ မဟာရွှယ်ကို ရန်စမိတာ နောင်တရနေလောက်ပြီ မဟုတ်လား”
“သိပ်မစဉ်းစားနဲ့၊ နောင်တရစရာ အကြောင်းမရှိဘူး။ မဟာရွှယ် ဧကရာဇ်က ရည်မှန်းချက်ကြီးတဲ့သူဆိုတော့ အဲ့ဒီ မိုက်မဲတဲ့ ဧကရာဇ်က မရန်စရင်တောင်မှ သူက လာတိုက်မှာပဲ။ ဒါက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ”
ကြည့်ရှုနေသူများထဲတွင် ဖုန်တတောတောနှင့် အပြေးအလွှား ရောက်လာသော စုန့်ယွီဖေးလည်း ပါဝင်နေသည်။ သူမသည် တာအိုဂိုဏ်းဝင်တစ်ဦး ဖြစ်သဖြင့် လောကီရေးရာများတွင် ကြားနေရမည်ဖြစ်ပြီး မိမိတို့ဂိုဏ်းက ထောက်ခံထားသည့် ဧကရာဇ်မဟုတ်လျှင် ဝင်ရောက်ပတ်သက်ခွင့်မရှိပေ။ ထို့ကြောင့် သူမသည် အမှောင်ထဲတွင် ပုန်းကွယ်နေရင်း အဆုံးစွန်သော အချိန်ရောက်မှ လင်းပိုင်ဖန်ကို ကယ်ထုတ်ရန် အသင့်ပြင်ထားသည်။
‘အရှင်မင်းကြီး... တောင့်ခံထားပါ…’
လူအုပ်ထဲတွင် ယောင်ယောင်နှင့် သူမ၏ လှပသော ဆရာမလည်း ရှိနေသည်။ သူတို့က တောင်ထိပ်တစ်ခုပေါ်မှ လှမ်းကြည့်နေကြခြင်းဖြစ်သည်။
ယောင်ယောင်က ဆရာမ၏ လက်မောင်းကို လှုပ်ယမ်းကာ - “ဆရာ... သူတို့တွေ စတိုက်တော့မယ်။ မြန်မြန်လုပ်ပါ၊ ဟို မဟာရွှယ်ခွေးဧကရာဇ်ကိုသွားကျိုးအောင် သွားရိုက်ပေးပါဦး”
အလွန်တရာလှပသော ဆရာမက ခေါင်းခါလျက် - “ယောင်ယောင်... အချိန်မတန်သေးဘူး”
“အခုက အကောင်းဆုံးအချိန်ပဲလေ ဆရာ၊ မဟုတ်ရင် ဟို ကောင်းကင်အဆင့် သိုင်းပညာရှင် စလှုပ်ရှားလိုက်တာနဲ့ အားလုံး ပြီးသွားမှာပေါ့။ ဘယ်သူမှ တားနိုင်မှာ မဟုတ်တော့ဘူး”
ဆရာမက သူမ၏ တပည့်မလေး ပူပန်နေသည်ကို ကြည့်ကာ ချစ်စနိုးဖြင့် ခေါင်းကို ပုတ်လိုက်ကာ - “စိတ်မပူပါနဲ့၊ မင်းရဲ့ ချစ်သူလေးကို ဆရာ သေချာပေါက် ကာကွယ်ပေးမှာပါ။ ဒါပေမဲ့ အဲဒီ ဧကရာဇ်မိုက်လေးမှာ ဘာအရည်အချင်းတွေ ရှိသေးလဲဆိုတာ ဆရာ အရင် ကြည့်ချင်သေးတယ်”
သူမသည် လင်းပိုင်ဖန်၏ လုပ်ဆောင်ချက်များကို ကောင်းကောင်း သိထားသူဖြစ်သည်။ သူမအမြင်တွင် လင်းပိုင်ဖန်ဆိုသည်မှာ အကွက်ချတတ်ပြီး အရှုံးပေးမည့် တိုက်ပွဲကို ဘယ်တော့မှ မတိုက်မည့်သူ ဖြစ်သည်။ ယခု သူ့အနေဖြင့် စစ်တပ်ကို ဦးဆောင်လာသည်မှာ တစ်ခုခု ပြင်ဆင်ထား၍သာ ဖြစ်ရမည်။ ထို့ကြောင့် သူ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို သူမ ကြည့်လိုခြင်း ဖြစ်သည်။
“ဆရာကလည်း... သူက ကျွန်မချစ်သူ မဟုတ်ပါဘူးနော်” ယောင်ယောင်က ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲလိုက်သော်လည်း သူမ၏ မျက်ဝန်းများက စိုးရိမ်စိတ်တို့ဖြင့် စစ်မြေပြင်ဆီသို့သာ ရောက်နေသည်။
ထိုအချိန်တွင် ဝင့်ကြွားလှတဲ့ နဂါးဝတ်ရုံကို ဆင်မြန်းထားသည့် မဟာရွှယ်ဧကရာဇ်သည် ခမ်းနားလှသော စစ်ရထားပေါ်တွင် ထိုင်လျက် အဝေးမှ လင်းပိုင်ဖန်ကို လှမ်းကြည့်နေသည်။ ဤသည်မှာ သူ လင်းပိုင်ဖန်ကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ မိမိပြိုင်ဘက်သည်လည်း ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး မိမိထက်ပင် ပို၍ ခမ်းနားသော စစ်ရထားပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှ မရှိပေ။
မဟာရွှယ်ဧကရာဇ်မှာ အံ့သြသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည် - “တကယ် အံ့သြဖို့ကောင်းတယ်၊ သာမန် ဧကရာဇ်တွေဆိုရင် ငါ စစ်ချီလာတာကို သိတာနဲ့ အသက်လုပြီး ထွက်ပြေးကြမှာပဲ။ မိုက်မဲတယ်လို့ နာမည်ကြီးတဲ့ ဧကရာဇ်ဖြစ်တဲ့ မင်းကတော့ စစ်တပ်ကို ဦးဆောင်ပြီး ရင်ဆိုင်ရဲသေးတယ်ပေါ့။ ဒါလေးနဲ့တင် မင်းဟာ တခြားသူတွေထက် အများကြီး သာနေပြီ။ ငါ တကယ် ချီးကျူးမိတယ်၊ ဒါပေမဲ့ အရည်အချင်းမရှိဘဲနဲ့ သတ္တိရှိနေတာဟာ ကောင်းတဲ့ အကျင့်တော့ မဟုတ်ဘူး။ ဟားဟား…”
လင်းပိုင်ဖန်ကလည်း ပြန်လည်ရယ်မောလိုက်သည် - “မဟာရွှယ်ဧကရာဇ်... ငါလည်း မင်းရဲ့သတ္တိကို ချီးကျူးတယ်။ မင်းက ကောင်းကင်အဆင့်ကို အခုမှ ရောက်ကာစ၊ ဘဝရဲ့ ထိပ်ဆုံးကို ရောက်နေတုန်းမှာ မဟာရှကို လာတိုက်ရဲတယ်ပေါ့။ သေမင်းနဲ့တွေ့ဖို့ အဲလောက်တောင် အလောတကြီး ဖြစ်နေတာလား။ ကောင်းကင်အဆင့် ဖြစ်တိုင်း ပြိုင်ဘက်ကင်းတယ်လို့ မင်း ထင်မနေနဲ့ဦး”
မဟာရွှယ်ဧကရာဇ်၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီး မျက်နှာ အုံ့မှိုင်းသွားကာ - “စကားကြီး စကားကျယ်တွေ။ ကောင်းကင်အဆင့်က ပြိုင်ဘက်ကင်းချင်မှ ကင်းမယ်၊ ဒါပေမဲ့ မင်းလို ဧကရာဇ်မိုက်ကို သတ်ဖို့ကတော့ လက်တစ်ဖက် လှန်ရသလောက် လွယ်တယ်။ ငါ မင်းအသက်ကို ယူဖို့ မစောင့်နိုင်တော့ဘူး”
ပြောပြောဆိုဆိုနှင့် သူသည် ပလ္လင်ပေါ်မှနေ၍ ကောင်းကင်သို့ ပျံတက်လိုက်သည်။ မိုးကြိုးသကဲ့သို့ ပြင်းထန်သော အရှိန်အဝါဖြင့် လင်းပိုင်ဖန် ရှိရာသို့ ဦးတည်ကာ တိုးဝင်လာခဲ့သည်။
မဟာရှ စစ်သည်တော်များ ထိတ်လန့်သွားကြပြီး - “ဧကရာဇ်ကို ကာကွယ်ကြ၊ မြန်မြန်... အရှင်မင်းကြီးကို ကာကွယ်ကြ” ဟု အော်ဟစ်ကာ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များက လင်းပိုင်ဖန်၏ ရှေ့တွင် ပိတ်ဆို့လိုက်ကြသည်။
လင်းပိုင်ဖန်က တည်ငြိမ်စွာ လက်ကာပြလိုက်ကာ - “အားလုံး နောက်ဆုတ်ကြပါ။ သူ ငါကိုယ်တော်ကို မထိခိုက်စေနိုင်ဘူး”
ထိုအချိန်တွင် လင်းပိုင်ဖန် အနား၌ မျက်စိမှိတ် တရားထိုင်နေသော ဓားအဖိုးအိုသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ ဓားကဲ့သို့ စူးရှနေသည်။ သူသည် ဟိန်းဟောက်ကာ ရှေ့သို့ ခုန်ထွက်လိုက်ပြီး မဟာရှ စစ်တပ်၏ ရှေ့တွင် ရပ်လိုက်သည်။ ကျောပေါ်မှ 'ရွှမ်ရှောင်'နတ်ဓားမှာ အလိုအလျောက် ပျံထွက်လာပြီး သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
“ငါ့ဆရာကို ထိချင်ရင် ငါ့ကို အရင်ကျော်သွားဦး”
ဓားအဖိုးအိုက ဓားဖြင့် လွှဲယမ်းလိုက်ရာ နီရဲသော မီးလျှံများနှင့်အတူ ပြင်းထန်သော ဓားချီများက အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားသည်။ ကောင်းကင်တစ်ခုလုံး မီးတိမ်တိုက်များ ဖုံးလွှမ်းသွားသကဲ့သို့ပင်။ ပေ တစ်ထောင်ကျော် အကွာအဝေးမှပင် ပူပြင်းသော အရှိန်အဝါကို ခံစားရသဖြင့် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
“တကယ့်ကို ကြောက်စရာကောင်းတဲ့ ဓားအဖိုးအိုပဲ၊ ဒီဓားချက်ရဲ့ စွမ်းအားက ကောင်းကင်အဆင့်ကို မှီနေပြီ”
“ဓားအဖိုးအိုက ပိုပြီး အစွမ်းထက်လာတာပဲ၊ အချိန်နည်းနည်း ထပ်ရရင် သူလည်း ကောင်းကင်အဆင့် ဖြစ်လာတော့မှာ”
မဟာရွှယ်ဧကရာဇ်သည်လည်း ဤဓားချက်ကို ဂရုမစိုက်ဝံ့ဘဲ လက်ဝါးဖြင့် ပြန်လည် ရိုက်ထုတ်လိုက်သည်။ ဤလက်ဝါးချက်မှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သော်လည်း ဓားအဖိုးအို၏ ဓားချီနှင့် မီးလျှံများကို ပူပေါင်းတစ်ခုကို အပ်နှင့်ထိုးလိုက်သကဲ့သို့ လွယ်ကူစွာပင် ဖျက်ဆီးပစ်လိုက်သည်။
‘ဒါ ကောင်းကင်အဆင့်ရဲ့ စွမ်းအားလား...’ ဓားအဖိုးအို၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် သက်တမ်း တစ်ရာကျော် ရှိပြီဖြစ်သော်လည်း ကောင်းကင်အဆင့်နှင့် တစ်ခါမျှ မယှဉ်ပြိုင်ဖူးပေ။ ယခုမှပင် ကြားထဲက ကွာဟချက်မှာ အလွန် ကြီးမားကြောင်း သိလိုက်ရသည်။ သူသည် အားကုန်တိုက်ရန် ပြင်ဆင်လိုက်ပြီး နတ်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
အခြားတစ်ဖက်ရှိ မဟာရွှယ်ဧကရာဇ်သည်လည်း မျက်နှာပျက်သွားလေသည်။ ဓားအဖိုးအို၏ အစွမ်းမှာ သူ ထင်ထားသည်ထက် ပို၍ အားကောင်းနေသည်။ ခုနက ဓားချက်ကို ခုခံရန် သူ၏ စွမ်းအား ၅၀ ရာခိုင်နှုန်းကို သုံးခဲ့ရသည်။
‘ဒီလူက ကောင်းကင်အဆင့်ရဲ့ အနားကို ရောက်နေပြီပဲ။ သူ့ကို အခုမှ မသတ်ရင် နောက်ပိုင်း ဒုက္ခတွေ ပေးလိမ့်မယ်’ မဟာရွှယ်ဧကရာဇ်က သတ်ဖြတ်လိုစိတ်များဖြင့် အော်လိုက်သည် - “မင်းကို သတ်ပြီးရင် အဲ့ဒီ ခွေးဧကရာဇ်ဆီ ငါ လာခဲ့မယ်”
“လာလေ... ငါကလည်း ကောင်းကင်အဆင့်နဲ့ ယှဉ်ကြည့်ချင်နေတာ” ဓားအဖိုးအိုက ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး တိုက်ပွဲမှာ ပိုမို ပြင်းထန်လာတော့သည်။
သူတို့နှစ်ဦး၏ လှုပ်ရှားမှုတိုင်းမှာ တောင်များကို ပြိုလဲစေပြီး ပင်လယ်ကို ခွဲနိုင်စွမ်းရှိသော နတ်ဘုရားများ တိုက်ခိုက်နေသည့်အလားပင်။ ပေ ၂၀၀ အတွင်းရှိ မြေပြင်မှာ သုသာန်တစပြင်ကဲ့သို့ ပျက်စီးသွားသဖြင့် စစ်တပ်ကြီး နှစ်ဖက်စလုံးမှာ နောက်သို့ ပေ ၅၀၀ ခန့် ဆုတ်ပေးလိုက်ကြရသည်။
အပြင်မှ ကြည့်နေသူများမှာလည်း မှင်သက်နေကြသည် - “ဒါ ကောင်းကင်အဆင့်တွေရဲ့ တိုက်ပွဲလား။ တကယ့်ကို နတ်ဘုရားတွေလိုပဲ။ ချီဖွဲ့တည်ခြင်းအဆင့် ရာပေါင်းများစွာ ရှိရင်တောင် သူတို့ကို ယှဉ်ဖို့ မဖြစ်နိုင်ဘူး”
ထိုစဉ် လင်းပိုင်ဖန်က အမိန့်ပေးလိုက်သည် - “စည်တီးကြ၊ ဓားအဖိုးအိုကို အားပေးကြမယ်”
မဟာရှ စစ်တပ်အတွင်းမှ မိုးခြိမ်းသံကဲ့သို့သော စည်သံကြီးများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ မဟာရွှယ် ဧကရာဇ်က ထိုအသံကို အထင်သေးသလို ကြည့်လိုက်သည်။ စည်တီးခြင်းက စစ်သားတွေကို အားပေးနိုင်ပေမဲ့ ကောင်းကင်အဆင့်တွေအတွက်တော့ ဘာမှ အသုံးမဝင်ဟု သူ ယူဆနေမိသည်။ သူသည် ဓားအဖိုးအိုကို အမြန်ဆုံး သတ်ရန် တိုက်စစ်ကို မြှင့်လိုက်သည်။
စုန့်ယွီဖေးမှာမူ ဓားအဖိုးအိုက ကောင်းကင်အဆင့်ကို တောင့်ခံထားနိုင်သည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ဓားအဖိုးအိုသာ ရှိနေလျှင် အရှင်မင်းကြီး ဘေးကင်းနိုင်လိမ့်မည်ဟု သူမ တွေးနေမိခဲ့သည်။