အခန်း (၂၅၇)
Vol. 23 Ch. 257
စစ်မြေပြင်အပြင်ဘက်တွင် ယောင်ယောင်သည် သူမ၏လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး စိတ်လှုပ်ရှားစွာဖြင့် - " ဓားအဖိုးအိုရေ... လုပ်လိုက်စမ်းပါ၊ အဲဒီအတိုင်းပဲ... ဟို မဟာရွှယ်ရဲ့ ခွေးဧကရာဇ်ကို အလဲထိုးပစ်လိုက်" ဟု အော်ဟစ်ကာ အားပေးနေသည်။
ဘေးနားရှိ လှပလွန်းသော အမျိုးသမီးမှာမူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ယောင်ယောင်က နားမလည်နိုင်ဘဲ - "ဆရာ... ဘာလို့ သက်ပြင်းချတာလဲ" ဟု မေးလိုက်ရာ ဆရာက ထက်ရှသော အကြည့်ဖြင့် - "ဓားအဖိုးအို ရှုံးတော့မယ်" ဟု ဆိုလိုက်သည်။
ယောင်ယောင်က ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကာ - "ဆရာ ကြည့်ပါဦး... ဓားအဖိုးအိုက ကောင်းကောင်း ယှဥ်တိုက်နိုင်နေတာပဲကို၊ ဘယ်လိုလုပ် ရှုံးမှာလဲ"
ဆရာက ရှင်းပြလိုက်သည် - "သူက ကောင်းကောင်း ယှဥ်တိုက်နေတာ မှန်တယ်၊ သူ့အစွမ်းနဲ့ ဒီလောက်ကြာအောင် တောင့်ခံထားနိုင်တာက တကယ်ပဲ ချီးကျူးဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ကောင်းကင်အဆင့်ရဲ့အောက်မှာတော့ အားလုံးက ပုရွက်ဆိတ်တွေပဲ။ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အဆုံးမှာတော့ ကောင်းကင်အဆင့်ကို မယှဉ်နိုင်ဘူး။ ဒါဟာ ကောင်းကင်နဲ့ မြေကြီးကြားက ကွာခြားချက်လိုပဲ"
"ကောင်းကင်အဆင့်ရဲ့ စွမ်းအားဆိုတာ အစစ်အမှန်ချီ၊ သိုင်းပညာနဲ့ ခန္ဓာကိုယ် ခွန်အားတင်မကဘူး၊ သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုကလည်း အများကြီး သာလွန်တယ်။ ဓားအဖိုးအိုရဲ့ သိုင်းကွက်ကို သူ ကောင်းကောင်း မြင်သွားတာနဲ့ အနိုင်အရှုံးက ပေါ်လာတော့မှာ။ နောက်ထပ် အကွက် ၃၀ အတွင်းမှာ အဖြေပေါ်လိမ့်မယ်လို့ ဆရာ ခန့်မှန်းတယ်"
"အမ်... အဲဒီလိုလား" ယောင်ယောင်မှာ စိုးရိမ်သွားသည်။
သိုင်းပညာရှင်ချင်း တိုက်ပွဲတွင် အကွက် ၃၀ ဆိုသည်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားတတ်သည်။ သူမ၏ဆရာ ခန့်မှန်းထားသည့်အတိုင်းပင် ၂၈ ကွက်မြောက်တွင် ဓားအဖိုးအို ရှုံးနိမ့်သွားပြီး မဟာရွှယ် ဧကရာဇ်၏ လက်သီးချက်ကြောင့် မြေပြင်ပေါ်သို့ လွင့်စင်ကျသွားသည်။ ဓားအဖိုးအိုသည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး နတ်ဓားကို ဆွဲကာ တိုက်ပွဲထဲသို့ နောက်တစ်ကြိမ် တိုးဝင်သွားပြန်သည်။ သို့သော် ၃ ကွက်အကြာတွင် သူသည် ထပ်မံ လွင့်စင်သွားပြန်သည်။
ယခင်က အခြေအနေမှာ တန်းတူရှိနေသယောင် ထင်ရသော်လည်း ယခုမူ မဟာရွှယ်ဧကရာဇ်၏ အရှိန်အဝါမှာ များစွာ လွှမ်းမိုးထားနေပြီး ၃ ကွက်ပင် မပြည့်ခင်မှာပင် ဓားအဖိုးအိုကို အလဲထိုးနိုင်နေပြီ ဖြစ်သည်။ ဓားအဖိုးအိုမှာ သွေးများ အန်နေပြီး မျက်နှာမှာလည်း ဖြူလျော်နေကာ အားအင်များ ဆုတ်ယုတ်လာခဲ့သည်။ ထိုနတ်ဓားသာ မရှိလျှင် သူ တောင့်ခံထားနိုင်မည် မဟုတ်ကြောင်း အားလုံး သိကြသည်။
ဘေးမှ ကြည့်နေသူများကလည်း နှမြောတသစွာ ရေရွတ်လိုက်ကြသည် -
"ဓားအဖိုးအို ရှုံးတော့မယ်"
"ကောင်းကင်အဆင့်ကတော့ တကယ်ကို ပြိုင်ဘက်ကင်းတာပဲ၊ ဒီလောက်ကြာအောင် ယှဉ်နိုင်တာတောင် အံ့သြဖို့ကောင်းလှနေပြီ"
နောက်ထပ် ၃ ကွက်အကြာတွင် ဓားအဖိုးအို ထပ်မံ လွင့်စင်သွားပြီး ယခုတစ်ကြိမ်တွင်မူ သူ ပြန်မထနိုင်တော့ပေ။ တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာများဖြင့် ဗရပွဖြစ်နေပြီး အင်အားများ ကုန်ခမ်းသွားပြီဖြစ်သည်။ သူ ကိုင်ထားသော နတ်ဓားပင်လျှင် လက်ထဲမှ လွတ်ထွက်သွားတော့သည်။
မဟာရွှယ်ဧကရာဇ်မှာ လွင့်စင်သွားသော နတ်ဓားကို ကြည့်ပြီး မျက်လုံးများ တောက်ပလာပြီး - "တကယ့် ဓားကောင်းပဲ၊ ဒီနေ့ကစပြီး ဒီဓားက ငါ့အပိုင်ပဲ... ဟားဟား…" သူသည် ဓားကို အရယူရန် လက်လှမ်းလိုက်သော်လည်း ထိုစဉ် ဓားထံမှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ပေ ၅၀၀ ကျော် အကွာတွင် ရှိသော လင်းပိုင်ဖန်၏ လက်ထဲသို့ ပျံသွားလေသည်။
လင်းပိုင်ဖန်က နတ်ဓားကို အသာအယာ ပွတ်သပ်ရင်း - "ဒါက ငါ့ဓားပဲ။ မင်းကို မပေးနိုင်သလို ယူခွင့်လည်း မပြုနိုင်ဘူး" ဟု အေးဆေးစွာ ဆိုလိုက်သည်။
မဟာရွှယ် ဧကရာဇ်၏ မျက်နှာ အုံ့မှိုင်းသွားပြီး - "ငါသာ မင်းကို သတ်လိုက်ရင် ဓားက ငါ့ဆီ ရောက်လာမှာပဲ"
"မင်းမှာ အဲဒီလို အရည်အချင်း ရှိလို့လား"
"မင်းကို မသတ်ခင် ဒီဓားအဖိုးအိုကြီးကို အရင်သတ်ပြမယ်" မဟာရွှယ်ဧကရာဇ်က မြေပြင်ပေါ်တွင် အသက်ငင်နေသော ဓားအဖိုးအိုကို အားကုန်သုံး၍ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ "ငါ့ကို အကွက်တစ်ရာကျော် ယှဉ်နိုင်ခဲ့တဲ့အတွက် မင်း ဂုဏ်ယူသင့်တယ်။ အခုတော့ သေပေတော့"
ထိုအချိန်တွင် လူရိပ်တစ်ခုက လျင်မြန်စွာ ပျံဝင်လာပြီး ဓားအဖိုးအိုကို ဆွဲမကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ သူတို့ ပြန်ပေါ်လာချိန်တွင် လင်းပိုင်ဖန်၏ ဘေး၌ ရောက်နေပြီဖြစ်သည်။ ထိုသူမှာ အမှောင်ထဲမှ စောင့်ကြည့်နေသော 'လက်ဗလာဆရာကြီး' ပင် ဖြစ်သည်။
ဓားအဖိုးအိုမှာ အရိုးများ အကုန်ကျိုးကြေနေပြီး ချီစွမ်းအားများလည်း ဆုတ်ယုတ်နေပြီဖြစ်သည်။ သို့သော် သူ၏ စိတ်မှာ လင်းပိုင်ဖန် ထံမှာပင် ရှိနေသေးသည် - "ဆရာ... တပည့်ဖြစ်သူက ဆရာ့ကို အပြည့်အဝ မကာကွယ်နိုင်ခဲ့ဘူး၊ ကျွန်တော် အရင်သွားနှင့်ပါပြီ..." သူသည် အသက်တစ်ရာကျော် နေခဲ့ရသဖြင့် သေခြင်းတရားကို မကြောက်သော်လည်း နောင်တနှစ်ခုတော့ ရှိနေသေးသည်။ ပထမမှာ ကောင်းကင် အဆင့်သို့ မရောက်ခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယမှာ လင်းပိုင်ဖန် ကို မကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လင်းပိုင်ဖန်က ဓားအဖိုးအိုကို မထူလိုက်ပြီး တိုးညှင်းစွာ ဆိုလိုက်သည် - "တပည့်ကောင်းလေး... မင်း တကယ် ကောင်းကောင်း လုပ်ခဲ့ပါတယ်။ အခု အနားယူတော့။ 'မပျက်စီးဘဲ အသစ်မဖြစ်နိုင်ဘူး' ဆိုသလိုပဲ၊ သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ကြောက်စရာတွေ ရှိသလို ကြီးမားတဲ့ ကံကောင်းမှုတွေလည်း ရှိနေတယ်။ ဒီကြာစေ့ကို စားလိုက်ပါ၊ အားလုံး ပြန်ကောင်းလာလိမ့်မယ်။ မင်းရဲ့ လမ်းစဟာ မျှော်လင့်ချက်တွေနဲ့ ပြည့်လာလိမ့်မယ်"
လင်းပိုင်ဖန်က သူ ပြင်ဆင်ထားသည့် 'ကြာစေ့' တစ်စေ့ကို ဓားအဖိုးအို၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ဓားအဖိုးအိုက တုန်ယင်နေသော လက်ဖြင့် မဟာရွှယ် ဧကရာဇ်ကို ညွှန်ပြနေစဉ် လင်းပိုင်ဖန်က - "စိတ်မပူနဲ့၊ ကျန်တာကို ဆရာ့ကိုပဲ လွှဲထားလိုက်" ဟု နှစ်သိမ့်လိုက်သည်။
ယခုအချိန်တွင် မဟာရွှယ် ဧကရာဇ်၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးနေခဲ့သည်။ လိုချင်သည့်ဓားလည်း မရ၊ သတ်ချင်သည့်သူလည်း အသတ်မခံရသဖြင့် သူ၏ သိက္ခာများ ကျဆင်းသွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် ခဏအကြာတွင် သူ ပြန်လည် တည်ငြိမ်သွားခဲ့သည် - " မိုက်မဲတဲ့ ဧကရာဇ်လေး... မင်းမှာ ဘာလက်ကျန် ရှိသေးလဲ၊ အကုန်ထုတ်လိုက်စမ်း"
"ဘာလက်ကျန်မှ မရှိတော့ဘူး။ ဒီနေ့ မင်းကို ငါကိုယ်တိုင် သတ်ပေးမယ်" လင်းပိုင်ဖန်က နတ်ဓားကို ကိုင်ပြီး ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
"မင်းကလား….?"
မဟာရွှယ်ဧကရာဇ်မှာ ခဏလောက် အံ့သြသွားပြီးနောက် ဟားတိုက် ရယ်မောလေတော့သည် - "သိုင်းပညာ မရှိတဲ့ မင်းက ငါ့ကို သတ်မယ် ဟုတ်လား။ မင်း စိတ်ဖောက်ပြန်နေတာလား၊ ဒါမှမဟုတ် ဘာလို့ ဒီလောက် ရယ်စရာကောင်းတဲ့ စကားကို ပြောနေတာလဲ"
"ငါ့မှာ သိုင်းပညာ မရှိပေမဲ့ မင်းရဲ့ခေါင်းကိုတော့ ဖြတ်နိုင်ပါသေးတယ်" လင်းပိုင်ဖန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ကြည့်နေသူများကလည်း မိုက်မဲလှတဲ့ ဧကရာဇ်လေးမှာ စိတ်လွတ်သွားပြီဟု ထင်မှတ်ကာ ရယ်မောနေကြသည်။ ဓားအဖိုးအိုတောင် မလုပ်နိုင်တာကို သူက ဘယ်လိုလုပ်မှာလဲ။ ယောင်ယောင်မှာတော့ စိုးရိမ်တကြီးဖြင့် သူမ၏ ဆရာမကို အတင်းပူဆာနေသော်လည်း ဆရာကမူ - "မင်းရဲ့ ချစ်သူလေး ဘာမှမဖြစ်စေရဘူး၊ ခဏ စောင့်ကြည့်ပါဦး" ဟု ဆိုကာ တားထားသည်။
မဟာရွှယ်ဧကရာဇ်က မာန်တက်စွာဖြင့် လက်ကို ကျောနောက်ပစ်လျက် - "ကောင်းပြီ! မင်း ငါ့ကို သတ်ချင်တယ်ဆိုတော့လည်း ငါ ဒီမှာပဲ ရပ်နေပေးမယ်၊ မင်း ဘယ်လိုသတ်မလဲ ကြည့်ရသေးတာပေါ့" ဟု စိန်ခေါ်လိုက်သည်။
လင်းပိုင်ဖန်က ခေါင်းငုံ့ကာ ဓားအဖိုးအိုကို ပြောလိုက်သည် - "ပြီးခဲ့တဲ့ တစ်နှစ်လုံး ဆရာ မင်းကို ဘာမှ အများကြီး မသင်ပေးခဲ့ရဘူး။ ဒါပေမဲ့ ဒီနေ့တော့ ဆရာ မင်းကို အရာတစ်ခု သင်ပေးမယ်။ အဲဒါကတော့... 'ပုရွက်ဆိတ်တစ်ကောင်ကလည်း ကောင်းကင်ကြီးကို တုန်ခါအောင် လုပ်နိုင်တယ်' ဆိုတာပဲ"