← Chapters

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၁၁)

Vol. 2 Ch. 11

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၁၁)

Vol. 2 Ch. 11

ယခုအချိန်တွင် ပေါ့ပေါ့ပါးပါးနှင့်ပြောင်ချော်ချော်နေတတ်သူ ယန်ချင်းပင် ဝင်ရောက်မစွက်ဖက်ခဲ့ပေ။ တရားရုံး၏ ဂုဏ်သိက္ခာကို အရာရာတိုင်းထက် ပို၍ ထိန်းသိမ်းရမည်။

ဤသည်မှာ တရားသူကြီးများ၊ စုံစမ်းစစ်ဆေးရေးမှူးများ၊ ရုံးတော်အစောင့်များမှစ၍ တရားရုံးသို့ ရောက်ရှိလာမည့် အမှုထမ်းအားလုံး၏ ခေါင်းထဲသို့ ရိုက်သွင်းထားသော ခံယူချက်ဖြစ်သည်။

"အမ်... တရားသူကြီးမင်း သူ့ကို ခွင့်လွှတ်ပေးလို့ ရမလား။ သူက ငယ်ရွယ်ပြီး လောကအကြောင်း နားမလည်သေးပါဘူး။ အပြင်လောကရဲ့ အန္တရာယ်ကနေ သူ့ကို ကာကွယ်ပေးနိုင်ဖို့ မသေချာလို့ ဂိုဏ်းကနေ အပြင်ကို ဘယ်တော့မှ ပေးမထွက်ခဲ့တာပါ။ အဲဒီရလဒ်ကြောင့် သူကဘာမှ သိပ်မသိနားမလည်ရှာပါဘူး။ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ" ချန်ယွမ်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့်အလျင်အမြန်ပင် တောင်းပန်လိုက်သည်။

မြစိမ်းသစ်ရွက်နွားအပေါ် မကျေနပ်သော်လည်း သူမသည် မြူနွံဂိုဏ်းသားတစ်ဦး ဖြစ်ပြီး ဂိုဏ်းသားအားလုံးမှာ သူ၏စောင့်ရှောက်မှုအောက်တွင် ရှိပေသည်။ ဤသည်မှာ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူ၏ အဓိကတာဝန်ဖြစ်သည်။ ရန်ငြိုးဖွဲ့ခြင်းနှင့် အငြင်းပွားမှုများကို နောက်မှ ရှင်းလို့ရသည်။

ယန်ချင်းနှင့် ကျန်သူများသည် ချန်ယွမ်၏ တောင်းပန်မှုအပေါ် မအံ့သြကြပေ။ ချန်ယွမ်သည် စံပြဂိုဏ်းချုပ်တစ်ဦးဖြစ်ပုံရသည်။ သက်သေထွက်ဆိုချက်များနှင့် ယခုအချိန်တွင် သူ၏တုံ့ပြန်မှုများအရ ဂိုဏ်းချုပ်တစ်ဦး ပိုင်ဆိုင်သင့်သော အရည်အချင်းနှင့် ဂုဏ်ပုဒ်များ ရှိနေသည်။

သူ၏ရုတ်တရက် တောင်းပန်မှုကို အံ့သြသွားသူမှာ ဝမ်ချန် တစ်ဦးတည်းသာ ရှိသည်။ သူမဒုက္ခရောက်နေသည်ကို ချန်ယွမ်က ဝမ်းသာအားရ လှောင်ပြောင်နေလိမ့်မည်ဟု ထင်ထားခဲ့သည်။ သူ၏ တုံ့ပြန်မှုက သူမကို ချန်ယွမ်အပေါ် အမြင်သစ်ဖြင့် ပြန်လည်သုံးသပ်စေခဲ့သည်။

ယန်ချင်းသည် ဂိုဏ်းချုပ်ချန်ယွမ်ကို ကြည့်ရင်း သဘောကျစွာ ပြုံးလိုက်သည်။

"မြစိမ်းသစ်ရွက်နွားနဲ့ သူ့ရဲ့ တိုက်ပွဲက ဘာလို့သရေကျသွားလဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ အစတုန်းကတော့ ဝမ်ချန်ရဲ့ အမြုတေက ပိုသာလွန်လို့ ထင်ခဲ့ပေမယ့် ဂိုဏ်းချုပ်ဆီကရတဲ့ အားနည်းတဲ့ ချီစွမ်းအင်အတက်အကျကို ကြည့်ရင် သူ့ရဲ့ အမြုတေ အရည်အသွေးက မြစိမ်းသစ်ရွက်နွားနဲ့ သိပ်မကွာပါဘူး။ သူတို့နှစ်ယောက်စလုံး လိမ္မော်ရောင် အမြုတေ ရှိကြပုံရတယ်...”

“ဒါကြောင့်မို့လို့ကိုး... သူက တော်တော်လေး စိတ်ထားနူးညံ့တာပဲ" ယန်ချင်းက သူ့ဘာသာ တိတ်တဆိတ် တွေးလိုက်သည်။

ယခုအချိန်တွင် ယီကျဲသည် ဝမ်ချန်အပေါ် မှဖိအားကို ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ သူမ ပြန်ထနိုင်ပြီ ဖြစ်သော်လည်း ခြေထောက်များမှာတုန်ရီနေဆဲပင်။ အတင်းအဓမ္မ ဖိချခံရ၍ ရသော ဒဏ်ရာကြောင့်လား၊ တခြားအကြောင်းကြောင့်လား ဆိုတာတော့ မပြောတတ်ပေ။

"ကျေးဇူးတင်ပါတယ် စုံစမ်းစစ်ဆေးရေးမှူး" ဂိုဏ်းချုပ်ချန်ယွမ်က ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ယီကျဲသည် ဂိုဏ်းချုပ်ကို ခဏမျှ စိုက်ကြည့်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။

"ခင်ဗျားအတွက် တော်တော်ခက်ခဲမှာပဲ" သူသည် ယန်ချင်းကို ဘေးတိုက်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် အဓိပ္ပာယ်ပါပါ အရိပ်အမြွက်ပြလိုက်သည်။ ယန်ချင်းကမူ ထို အကြည့်ကို လုံးဝ မမြင်ချင်ယောင်ဆောင်နေလိုက်သည်။

ချန်ယွမ်သည် ယီကျဲ ဘာကို ဆိုလိုချင်မှန်း သေချာနားမလည်သော်လည်း လွန်ခဲ့သော စက္ကန့်ပိုင်းအလိုက လူသတ်လက်နက်ကြီးသဖွယ် ဖြစ်ခဲ့သော စုံစမ်းစစ်ဆေးရေးမှူး၏ လေသံထဲတွင် ဖုံးကွယ်မထားသော စာနာမှုကို ခံစားလိုက်ရသည်။ ဘဝတူချင်းမို့ နားလည်ပေးသလိုမျိုးပင်။

"ကဲ... ဝမ်ချန်... ခုနက မေးခွန်းကို ဆက်ဖြေပေးလို့ ရမလား" ယန်ချင်းက ဂိုဏ်းဘဏ္ဍာတိုက်ထဲသို့ သူမကို ခေါ်သွားခဲ့သော အကြီးအကဲများ၏ အမည်ကိုဆက်ပြောရန် ဝမ်ချန်အား ညွှန်ပြလိုက်သည်။

"ဟုတ်... ဟုတ်... ဟုတ်ကဲ့ပါ... အကြီးအကဲတွေ... ဟုတ်ပါတယ် အဲဒီအကြီးအကဲတွေထဲက တစ်ယောက်က ကျွန်မ သွေးမျိုးဆက် နိုးထလာပြီး ကျင့်ကြံစကတည်းက ကျွန်မကို တာဝန်ယူ စောင့်ရှောက်ပေးခဲ့တဲ့ အကြီးအကဲဖုန်းကျန်းပါ။ ကျန်တဲ့လူတွေကတော့ အကြီးအကဲဂွီပင်းဝမ်၊ အကြီးအကဲကျာထင်ဖုန်း၊ အကြီးအကဲဟောင်ယဲ့ နဲ့ နောက်ဆုံးတစ်ယောက်က အကြီးအကဲတုန်းယန်လင်တို့ပါ" ဝမ်ချန်သည် ခုနက ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးမျိုး ထပ်ဖြစ်မှာကို ကြောက်ရွံ့သဖြင့် အလျင်အမြန် ဖြေလိုက်သည်။

ထိုအမည်များကို ကြားလိုက်ရသောအခါ ချန်ယွမ်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာသည်။ ဒေါသ၊ နာကြည်းမှု၊ ဝမ်းနည်းမှု၊ မယုံကြည်နိုင်မှု၊ ရှုပ်ထွေးမှုနှင့် စိုးရိမ်ပူပန်မှုတို့ ရောပြွမ်းနေသည်။

"သူတို့ ဖြစ်နေတာကိုး။ ငါ့ရဲ့ လုပ်ပုံကိုင်ပုံတွေကို မကျေနပ်လို့ ငါနဲ့ ဂိုဏ်းကို ပြန်တိုက်ခိုက်ဖို့ ကြံစည်ကြတာလား" ချန်ယွမ်က နွမ်းနယ်နေသော အမူအရာဖြင့် မျက်နှာကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ခင်ဗျားနဲ့ သူတို့ကြားမှာ အတိတ်က ဇာတ်လမ်းတချို့ ရှိခဲ့ပုံပဲ။ သူတို့ သစ္စာဖောက်တာကို ခင်ဗျား သိပ်မအံ့သြဘူးလား" ယန်ချင်းက ယဉ်ကျေးစွာ မေးလိုက်သည်။

ဂိုဏ်းချုပ်ချန်ယွမ်က သက်ပြင်းချရင်း ပြန်ဖြေသည်။ "ကျွန်တော်တို့ကြားမှာ ဖြစ်ရပ်တချို့တော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါတွေက သူတို့ကို ကျွန်တော်နဲ့ ဂိုဏ်းအပေါ် ပြန်တိုက်ခိုက်လာလောက်အောင် တွန်းပို့လိမ့်မယ်လို့ ထင်ခဲ့လားဆိုရင်တော့... မထင်ခဲ့ပါဘူး။ နှစ်သန်းချီ ကြာရင်တောင် ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ပါဘူး"

"ဟေ့... ချန်ယွမ်... ဂိုဏ်းကို ပြန်တိုက်ခိုက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အကြီးအကဲဖုန်းနဲ့ ကျန်တဲ့လူတွေ လုပ်နေတာက ဂိုဏ်းကောင်းကျိုးအတွက် မဟုတ်ဘူးလား။ နင့်ရဲ့ လိမ်ညာမှုတွေနဲ့ သစ္စာဖောက်မှုတွေကို ဖော်ထုတ်တာလေ" ဝမ်ချန်က ချန်ယွမ်စကားများကို နားမလည်နိုင်ဘဲ ဝင်မေးလိုက်သည်။

သူမ သိထားသော အကြီးအကဲဖုန်းသည် တရားမျှတပြီး ကြင်နာတတ်သူ၊ ဂိုဏ်းအကျိုးကို အမြဲရှေးရှုသူ ဖြစ်သည်။ ဂိုဏ်းကို ထိခိုက်စေမည့် ကိစ္စများနှင့် မည်သို့ ပတ်သက်နိုင်မည်နည်း။

ချန်ယွမ်သည် ဝမ်ချန်ကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးပြပြီးနောက် အိုစာသွားသကဲ့သို့သော အသံဖြင့် ပြန်ဖြေလိုက်သည်။

"ဝမ်ချန်... ကြည့်ရတာ ငါတို့ အကြီးအကဲဖုန်းနဲ့ အပေါင်းအပါတွေရဲ့ လှည့်စားတာကို ခံလိုက်ရပြီ ထင်တယ်"

"ဟင်... လှည့်စားခံရတယ်... လှည့်စားခံရတယ် ဟုတ်လား... ဘယ်လိုလုပ်ပြီးတော့လဲ" ဝမ်ချန်က အာမေဋိတ်သံဖြင့် အော်လိုက်မိသည်။

"ပထမဆုံးအနေနဲ့ ဂိုဏ်းဘဏ္ဍာတိုက်ထဲက ရတနာတွေအကြောင်း စပြောကြတာပေါ့။ ငါလွန်ခဲ့တဲ့ ရက်အနည်းငယ်က အဲဒီကို ရောက်ခဲ့တယ်။ မှတ်တမ်းတင်ထားတဲ့ ပမာဏက အထက်တန်းစား မြေကမ္ဘာအဆင့် ဆေးပင် ၁၀၀ နဲ့ အဆင့်နိမ့် ကောင်းကင်အဆင့် ဆေးပင် ၆ ပင်ပဲ ရှိတယ်။ နင် ပြလိုက်တဲ့ ပုံရိပ်တွေထဲမှာတော့ အထက်တန်းစား မြေကမ္ဘာအဆင့် ၂၄၀ နဲ့ ကောင်းကင်အဆင့် ၇ ပင် ဖြစ်နေတယ်။

နင် ကိုယ်တိုင် ရောက်ခဲ့တာဆိုတော့ အဲဒီကောင်းကင်အဆင့်ဆေးပင်တွေထဲမှာ စွမ်းအင်သန့်စင်မှု အားအကောင်းဆုံး ဆေးပင်တစ်ပင် ပါနေတာကို သတိထားမိမှာပါ။ အဲဒါက နှစ် ၃၀၀၀ သက်တမ်းရှိတဲ့ တောက်ပကြယ်ပွင့်ပန်းပဲ။ အဲဒါက အကြီးအကဲဖုန်းအဆုံးမဲ့ရတနာပင်လယ်မှာ အသက်နဲ့ရင်းပြီး ရယူခဲ့တဲ့ အကြီးမားဆုံး ရတနာလေ။ အဲဒီဆေးပင်က သူ့အတွက် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့ အသက်သွေးကြော ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကြောင့် သူက အဲဒါကို ဂိုဏ်းကို ဒီအတိုင်း ပေးလိုက်မှာ မဟုတ်ဘူး။အခြေတည်အဆင့် အထွတ်အထိပ်မှာပဲ ထာဝရ နေတော့မယ်လို့သူဆုံးဖြတ်ထားရင်တော့ တစ်မျိုးပေါ့။

ဒါက ဖြစ်နိုင်ချေ ရှိတယ်လို့ နင် ထင်လား။

နောက်ပြီး ပိုနေတဲ့ အထက်တန်းစား မြေကမ္ဘာအဆင့် ဆေးပင်တချို့က နင်ပြောခဲ့တဲ့ အကြီးအကဲတွေရဲ့ ကိုယ်ပိုင်စုဆောင်းမှုတွေထဲက ဖြစ်ပုံရတယ်။ ငါနားမလည်တာက သူတို့ရဲ့ စုဆောင်းမှုက ဂိုဏ်းပိုင် ပစ္စည်းပမာဏနဲ့ ဘယ်လိုလုပ် ညီမျှနေရတာလဲ ဆိုတာပဲ။

သူတို့ တခြားအင်အားစုတစ်ခုခုနဲ့ ပူးပေါင်းကြံစည်နေတာ ဒါမှမဟုတ် လျှို့ဝှက်နယ်မြေ အမွေအနှစ် တစ်ခုခုကို ရှာတွေ့ပြီး ကိုယ်ကျိုးအတွက် သိမ်းထားတာ ဖြစ်နိုင်တယ်။ သူတို့ရဲ့ အခြေတည်အဆင့် ခွန်အားနဲ့ဆိုရင်တော့ ပထမအချက်က ပိုဖြစ်နိုင်ချေ ရှိတယ်။

သူတို့ ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတော့... ရတနာတွေကို ဘဏ္ဍာတိုက်ထဲ လျှို့ဝှက်ထည့်ပြီး နင့်ကို ပြတယ်ဆိုကတည်းက ရည်ရွယ်ချက်က ရှင်းနေပါပြီ ဝမ်ချန်။ ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး လူနှစ်ယောက်ကြားမှာ သွေးကွဲအောင် လုပ်တာပဲ။

ဘယ်အတိုင်းအတာထိ ရည်ရွယ်ထားသလဲ ဆိုရင်တော့... သူတို့က ဂိုဏ်းကို တစ်ဦးတည်း အုပ်ချုပ်ချင်တဲ့ အာဏာကို မက်မောနေတာ ဖြစ်နိုင်သလို၊ ဒီထက် ပိုဆိုးတဲ့ ကိစ္စတစ်ခုခု ဖြစ်မှာကိုလည်း ငါစိုးရိမ်မိတယ်။ ဘာလို့လဲဆိုတော့ အကြီးအကဲဖုန်းက ဒုတိယဂိုဏ်းချုပ် ဖြစ်ပြီးသားလေ။

ကျန်တဲ့ အကြီးအကဲတွေကလည်း ဂိုဏ်းရဲ့ အရေးပါတဲ့ နေရာတွေမှာ တာဝန်ယူထားကြသူတွေပဲ။ ငါ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အကောင်အထည်ဖော်ခဲ့တဲ့ စီမံကိန်းတွေကြောင့် သူတို့ရဲ့ အာဏာက အရင်ကလောက် မကြီးမားတော့ပေမယ့် သူတို့အားလုံးက ဂိုဏ်းရဲ့ အရေးကြီးတဲ့နေရာတွေကို တာဝန်ယူထားရတဲ့သူတွေလေ"

"နေပါဦး... ဒါ အဓိပ္ပာယ်မရှိဘူး" ဝမ်ချန်က ရုတ်တရက် ဖြတ်ပြောလိုက်သည်။

"အကြီးအကဲဖုန်းနဲ့ ကျန်တဲ့လူတွေ ဒီလိုလုပ်မှာ မဟုတ်ဘူး။ ထားပါတော့... ဘဏ္ဍာတိုက်ထဲမှာ ဆေးပင်တွေ လာထည့်ထားတယ်ဆိုတဲ့ နင့်စကားကို ငါယုံလိုက်ပြီပဲ ထားဦး၊ နင့်ဝန်ခံချက်အရ ဂိုဏ်းမှာ အထက်တန်းစား မြေကမ္ဘာအဆင့် ဆေးပင် ၁၀၀ ကျော်နဲ့ ကောင်းကင်အဆင့် ဆေးပင် ၆ ပင် ရှိတယ်ဆိုတဲ့ အချက်က ပြောင်းလဲမသွားဘူးလေ။

အဲဒီပမာဏက ငါ့ကျင့်ကြံမှု ရပ်တန့်နေတဲ့အချိန်မှာ ကူညီပေးဖို့ လုံလောက်တာထက်တောင် ပိုနေပါသေးတယ်။ ဒါပေမဲ့ နင်က တစ်ပင်မှ ထုတ်မပေးခဲ့ဘူး။ ငါရခဲ့သမျှက အလယ်အလတ်တန်းစား မြေကမ္ဘာအဆင့် ဆေးပင်တွေချည်းပဲ။ ဒါကို နင် ဘယ်လို ရှင်းပြမလဲ။ ဒါကိုတော့ အကြီးအကဲဖုန်းတို့အပေါ် လွှဲချလို့ မရဘူးနော်"

All Chapters