← Chapters

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၁၃)

Vol. 2 Ch. 13

ရွှေအမြူတေအဆင့် တရားသူကြီးတစ်ယောက်အဖြစ် နောက်ဆုံးရက်သတ္တပတ် (၁၃)

Vol. 2 Ch. 13

“ကြည့်ရတာ သူချီဖောက်ပြန်တော့မယ့်ပုံပဲ။ သူ့ရဲ့ စိတ်စွမ်းအားကိုအရင်ကထက် ပိုပြီး လေ့ကျင့်ဖို့ လိုအပ်မယ်။ မဟုတ်ရင် ဒီလို စိတ်အခြေအနေမျိုးနဲ့ အမြူတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ဖို့ မလွယ်ဘူး၊ နန်းတော်အဆင့်ဆိုတာ ဝေလာဝေးပဲ” ယန်ချင်းက ပြောဆိုရင်း သူ၏ စင်မြင့်ထက်မှ ဝမ်ချန်ရှိရာသို့ လျှောက်လှမ်းသွားသည်။

ဝမ်ချန်၏ ပတ်ပတ်လည်ရှိ ချီစွမ်းအင် လှုပ်ခတ်မှုမှာ တစ်စထက်တစ်စ ပိုမိုကြမ်းတမ်းလာသည်။ သူမ၏ ခန္ဓာကိုယ်အနှံ့တွင် သွေးကြောများ ဖောင်းကြွလာပြီး မျက်ဝန်းမှ သွေးများ စီးကျလာကာ ခန္ဓာကိုယ်ပေါ်တွင်လည်း ပွန်းပဲ့ပြတ်ရှရာများ အလိုအလျောက် ပေါ်ပေါက်လာသည်။ ဤအခိုက်အတန့်တွင် သူမ၏ မျက်လုံးအိမ်မှာ တစ်ပြင်လုံး ဖြူဖွေးနေပြီး သူငယ်အိမ်ကိုပင် မမြင်ရတော့ပေ။

ယန်ချင်းသည် သူမနှင့် စင်တီမီတာ အနည်းငယ်အကွာတွင် ရပ်လိုက်သော်လည်း ဝမ်ချန်၏ ကြမ်းတမ်းလှသော ချီစွမ်းအင်ရိုက်ခတ်မှုများက သူ၏အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိပေ။ ထိုစွမ်းအင်များ သူ့အနားသို့ ရောက်လာတိုင်း မူလကတည်းက မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားကြသည်။ သူ၏ပတ်ပတ်လည်တွင် အရာအားလုံးကို ဟန့်တားထားနိုင်သော မမြင်ရသည့် အင်အားတစ်ခု ရှိနေပုံရသည်။

သူသည် ညာဘက်လက်ဝါးကို မြှောက်ကာ ဝမ်ချန်၏ ဧရာမခန္ဓာကိုယ်ဆီသို့ ညွှန်လိုက်ရင်း တိုးညှင်းစွာ ရွတ်ဆိုလိုက်သည်။

“ထာဝရညဥ့် စိမ်းလန်းပိုးအိမ်”

သူ၏ လက်ဝါးမှ နက်မှောင်သော အစိမ်းရောင် ရေလုံးတစ်ခု ထွက်ပေါ်လာပြီး ဝမ်ချန်ကို လွှမ်းခြုံသွားကာ သူမ၏ ကြမ်းတမ်းနေသော ချီစွမ်းအင်များကို ထိန်းညှိပေးလိုက်သည်။ မကြာမီ သူမသည် အစိမ်းရောင် ရေလုံးကြီးအတွင်းသို့ လုံးဝ နစ်မြုပ်သွားသည်။ ရေလုံးအတွင်းသို့ ရောက်ရှိသွားသည်နှင့် သူမ၏ စွမ်းအင်များ ငြိမ်သက်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများလည်း ပျောက်ကွယ်သွားတော့သည်။

အရာအားလုံး ငြိမ်သက်သွားပြီးနောက် ရေလုံးကြီးမှာ အရောင်ပြောင်းလဲသွားသည်။ အစိမ်းရောင်မှ ကြယ်ရောင်မရှိသည့် မှောင်မည်းနေသော ညကောင်းကင်ယံကဲ့သို့ အမည်းရောင်လုံးကြီး ဖြစ်သွားသည်။

“မင်း အသက်ဆက်လက်ရှင်သန်နိုင်ဖို့ ငါ မျှော်လင့်ပါတယ်” ယန်ချင်းက တိုးညှင်းစွာ ရေရွတ်ရင်း သူ၏ စင်မြင့်ဆီသို့ ပြန်လာခဲ့သည်။

ဤအချိန်တွင် ဂိုဏ်းချုပ်ချန်ယွမ်မှာမူ ရင်ဘတ်ထဲမှနှလုံးခုန်သံမှာ အပြင်သို့ ထွက်လာမတတ် ပြင်းထန်နေသည်။ သူ၏ ဒူးများ ခွေယိုင်နေပြီး သွားများလည်း တုန်ရီနေကာ အသက်ရှူရန်ပင် ခက်ခဲနေသည်။ အဘယ်ကြောင့်ဆိုသော် ယန်ချင်း နည်းစနစ်ကို အသုံးပြုလိုက်သည့် ခဏတာအတွင်း သူသည် အခြားကမ္ဘာတစ်ခုထဲသို့ ရောက်သွားသလို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ထိုကမ္ဘာမှာ မှောင်မည်းနေသော ကြယ်ရောင်မဲ့ညတစ်ည ဖြစ်ပြီး သူသည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော ရေပြင်ကြီးအလယ်တွင် တစ်ယောက်တည်း ရှိနေသည်။ ထိုစဉ် ရေပြင်ကျယ်ကြီးမှာ လူတစ်ယောက်အဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး ထိုသူမှာ အလွန်တရာ မြင့်မားလှသဖြင့် သူ၏ ပခုံးနှင့် ခေါင်းကိုပင် မမြင်ရပေ။ ချန်ယွမ်သည် ထိုသူ၏ ကျောဘက်တွင် ရောက်နေခြင်းဖြစ်ပြီး သေချာကြည့်လေလေ တရားသူကြီးယန်ချင်းနှင့် ပိုတူလေလေပင်။ ထိုသူက ရုတ်တရက် လှည့်ကြည့်လိုက်ရာ ပြင်းထန်လှသော လေမုန်တိုင်းကြီးတစ်ခု ပေါ်ပေါက်လာသည်။

ချန်ယွမ်သည် ထိုသူ၏ မျက်နှာကို မမြင်ရသေးသော်လည်း သူ့ကို တုန်လှုပ်ခြောက်ခြားစေသည့် အရာတစ်ခုကို မြင်လိုက်ရသည်။ ထိုသူ၏ မျက်လုံးများမှာ လပြည့်ဝန်း နှစ်စင်းကဲ့သို့ ဖြစ်နေသည်။ ထိုအကြည့်က သူ့အပေါ် ကျရောက်လာသည်နှင့် သူ၏ အသက်ရှူသံအပါအဝင် အရာအားလုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

လက်တစ်ချောင်းပင် မလှုပ်နိုင်တော့ပေ။ ထိုသူက သူ့ကို လက်ညှိုးဖြင့် ညွှန်လိုက်ရာ ပြင်းထန်လှသော ဖိအားကြောင့် သူ၏ သွေးကြောများ၊ အသားများနှင့် အရိုးများမှာ ပေါက်ကွဲထွက်သွားတော့သည်။ သူသတိမလစ်ခင် ထိုသူ၏ ပါးစပ်က တစ်စုံတစ်ခုကို ပြောလိုက်သည်ကို မြင်လိုက်ရသော်လည်း ဘာပြောသည်ကိုမူ သူ မကြားလိုက်ရပေ။

ဖြူဖျော့နေသော သူ၏လက်များပေါ်တွင် ပေါ်လာသည့် ခရမ်းရောင်သွေးကြောများက ခုနက သူကြုံတွေ့ခဲ့ရသည်မှာ စိတ်ကူးယဉ်မဟုတ်ကြောင်း သက်သေပြနေသည်။ တရားရုံးတွင် ပေါ့ပေါ့ပါးပါး အနေဆုံးဟု သူထင်ထားသည့်လူမှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ချန်ယွမ် မယုံနိုင်အောင် ဖြစ်နေရသည်။ ချန်ယွမ်အတွက်မူ ယခုကြုံတွေ့လိုက်ရသည့် ခဏတာမှာ ယခင်က ယီကျဲ ပေးခဲ့သော ဖိအားထက် အဆတစ်ရာမက ပို၍ ကြောက်စရာကောင်းနေသည်။

ဤအချိန်တွင် ယီကျဲနှင့် မော့ယွင်ရုတို့မှာ တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါဖြင့် ကြည့်နေကြသည်။ ဤလုပ်ရပ်မှာ ယန်ချင်း၏ မူလပုံစံနှင့် လုံးဝ ကွဲလွဲနေသည်။ သူတို့ သိရသလောက် ယန်ချင်းသည် သူ၏ ကျင့်ကြံခြင်း အရှိန်အဝါကို ပြင်ပသို့ ထုတ်လွှတ်ခဲသည်။ နည်းစနစ်များ သုံးလျှင်ပင် ချီစွမ်းအင် ယိုစိမ့်မှု မရှိအောင် သေချာ ဂရုတစိုက်ထိန်းချုပ်ထားတတ်သူ ဖြစ်သည်။

ယန်ချင်း အဘယ်ကြောင့် ယခုကဲ့သို့ မူမမှန် ဖြစ်ရသနည်းဟု သူတို့ စဉ်းစားနေကြသော်လည်း အဖြေမထွက်ပေ။ ယီကျဲကမူ ယန်ချင်းသည် သူ၏ နောက်ဆုံးရက်သတ္တပတ်အတွက် အထက်လူကြီး လဲ့ဝေယွမ်က ဘာတွေ ပြင်ဆင်ထားမလဲဆိုသည်ကို တွေးပြီး စိတ်ရှုပ်နေတာကြောင့်လားဟု သံသယဝင်မိသော်လည်း ထိုအတွေးကို ချက်ချင်းပင် ပယ်ဖျက်လိုက်သည်။

ယန်ချင်းသည် နှစ်များတစ်လျှောက် သူလုပ်ခဲ့သည့် ကိစ္စများကြောင့် ရရှိခဲ့သော အပြစ်ပေးမှုများအပေါ် နေသားကျနေသူ ဖြစ်သည်။ ယီကျဲသည် တစ်ခါတစ်ရံတွင် အထက်လူကြီးနှင့် ယန်ချင်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ဘယ်သူက ပိုနှိမ်နိုင်မလဲဆိုပြီး ပြိုင်ပွဲဝင်နေကြသလားဟုပင် ထင်မိသည်။ အေးစက်တည်ကြည်လှသော လဲ့ဝေယွမ်သည် ယန်ချင်း တစ်ခုခု လုပ်လိုက်တိုင်း သူ၏ မျက်ဝန်းများထဲတွင် ထူးခြားသော ခံစားချက်နှင့် ကျီစယ်လိုသည့် အမူအရာများ ပေါ်လာတတ်သည်ကို ယီကျဲ သတိပြုမိသည်။ ယန်ချင်းကမူ မည်မျှပင် ဒုက္ခရောက်ပါစေ လက်မလျှော့ဘဲ လဲ့ဝေယွမ်ကို ပြန်နှိမ်နိုင်မည့် နည်းလမ်းကိုသာ အမြဲ ရှာဖွေနေတတ်သည်။

ယခုအခါတွင်မူ ယန်ချင်းမှာ သူ၏ ခုံတွင် ပြန်ထိုင်နေပြီး ပုံမှန်အတိုင်း ပေါ့ပါးသော အပြုံးကို ပြန်လည် ဆင်မြန်းထားသည်။ သူက တခြားသူများ၏ အာရုံကို ပြန်လည်ရရှိရန် ချောင်းတစ်ချက် ဟန့်လိုက်သည်။

“ဂိုဏ်းချုပ်ချန်ယွမ်... ဝမ်ချန်အတွက် စိတ်မပူပါနဲ့။ သူက အဲဒီပိုးအိမ်ထဲမှာရုပ်ပိုင်းဆိုင်ရာအရ လုံခြုံပါတယ်။” သူ၏ အမူအရာမှာ ရုတ်တရက် တည်ကြည်သွားသည်။

“စိတ်ပိုင်းဆိုင်ရာအရဆိုရင် မတူညီတဲ့ကိစ္စတစ်ခုဖြစ်သွားပြီ။ ကျွန်တော် သူ့ကို သတိလစ်သွားအောင် လုပ်လို့ရပေမဲ့ အဲဒါက ကောင်းကျိုးထက် ဆိုးကျိုး ပိုများနိုင်တယ်။ ဒီပိုးအိမ်က သူ့ရဲ့ သွေးကြောတွေကို ကာကွယ်ပေးပြီး စွမ်းအင်စီးဆင်းမှုကို ထိန်းညှိပေးပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာကတော့ သူကိုယ်တိုင်ပဲ ကြိုးစားရမှာ။ အကယ်၍ သူသာ ဒီစိတ်ဒဏ်ရာကို ကျော်လွှားနိုင်မယ်ဆိုရင် သူ့ရဲ့ ကျင့်ကြံခြင်း လမ်းစဉ်မှာ ပိုပြီး တောက်ပတဲ့ အနာဂတ် ရှိလာလိမ့်မယ်။

ဒါပေမဲ့ သူမကျော်လွှားနိုင်ခဲ့ရင်တော့... အကောင်းဆုံး အခြေအနေက သူ့ရဲ့အသိစိတ်နဲ့ ဝိညာဉ်အာရုံကို ထိန်းထားနိုင်ဦးမှာ ဖြစ်ပေမဲ့ အမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ် ဒါမှမဟုတ် နန်းတော်အဆင့်ကိုတော့ ဘယ်တော့မှ တက်လှမ်းနိုင်တော့မှာ မဟုတ်ဘူး။ ခင်ဗျား ဘယ်လောက်ပဲ အရင်းအမြစ်တွေ ပုံအောပေးပေး၊ သွေးမျိုးဆက် ပါရမီကို နိုးထအောင် လုပ်ပေးလဲ မရတော့ဘူး။

အဆိုးဆုံး အခြေအနေကတော့ သူ့ကိုယ်သူ လုံးဝ ဆုံးရှုံးသွားပြီး ခွန်အားအနည်းငယ်ရှိတဲ့ သားရဲတစ်ကောင်အဖြစ်ပဲ ကျန်ရစ်တော့မှာ။ သူဟာ စူးရှတဲ့ အာရုံခံစားမှုတွေနဲ့ပဲ လှုပ်ရှားတတ်တဲ့ တောရိုင်းဝိညာဉ်သားရဲအဖြစ် ပြန်ပြောင်းသွားလိမ့်မယ်။ အမြုတေဖွဲ့စည်းခြင်းအဆင့် ခွန်အားရှိပေမဲ့ ပါရမီ မနိုးထခင်ကလို ပုံစံမျိုး ဖြစ်သွားမှာ။ ခင်ဗျားကလွဲလို့ ဂိုဏ်းမှာ အမြုတေအဆင့် ကျင့်ကြံသူ မရှိတော့တဲ့အတွက် သူဂိုဏ်းထဲမှာ သောင်းကျန်းမနေအောင် ခင်ဗျားကိုယ်တိုင် အမြဲ စောင့်ကြည့်နေရလိမ့်မယ်။

ဒီအဆင့်ထိ ရောက်လာဖို့ ရခဲ့လှတဲ့ ကံကောင်းမှုတွေနဲ့ ကြိုးစားမှုတွေကို အလဟဿ မဖြစ်ရအောင် သူ အောင်မြင်ပါစေလို့ပဲ ကျွန်တော် ဆုတောင်းပေးပါတယ်”

ယန်ချင်း၏ စကားကို ကြားလိုက်ရသောအခါ ဂိုဏ်းချုပ်ချန်ယွမ်၏ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး အနက်ရောင် ပိုးအိမ်ကြီးကို စိုးရိမ်တကြီး စိုက်ကြည့်နေမိသည်။

“ဝမ်ချန်... နင်အသက်ရှင်ရမယ်။ မဟုတ်ရင် ဒီအရာတွေအားလုံးက...” ချန်ယွမ်သည် သူ၏ ခံစားချက်များကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားရင်း လက်သီးကို တင်းတင်းဆုပ်ကာ တွေးနေမိသည်။

မော့ယွင်ရုသည်လည်း အနက်ရောင်ပိုးအိမ်ကို စိုးရိမ်တကြီး ကြည့်နေမိသည်။ ယီကျဲမှာမူ တည်ငြိမ်သော မျက်နှာပေးဖြင့်ပင် တိတ်တဆိတ် ကြည့်နေသော်လည်း သူ ဘာတွေးနေသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ ရှေ့ဆက်ကြရအောင်။ ဝမ်ချန်ရဲ့ ကိစ္စကတော့ စောင့်ကြည့်ရုံပဲ ရှိပါတော့တယ်၊ နောက်ထပ် ဘာဖြစ်လာမလဲဆိုတာ သူကိုယ်တိုင်ပဲ ဆုံးဖြတ်နိုင်ပါလိမ့်မယ်” ယန်ချင်းက နူးညံ့စွာ ပြောလိုက်သည်။

“ကောင်းပါပြီ” ဂိုဏ်းချုပ်က ခေါင်းမော့လိုက်ပြီး အက်ရှရှအသံဖြင့် ပြန်ဖြေသည်။ သူသည် အရင်ကထက်ပင် ပို၍ နွမ်းနယ်အိုစာသွားပုံရသည်။

“ကောင်းပြီ။ ကံကောင်းထောက်မစွာပဲ ခင်ဗျားတို့ နှစ်ယောက်လုံးရဲ့ ပြောဆိုချက်တွေနဲ့ တင်ပြချက်တွေအရ စီရင်ချက်ချဖို့ လိုအပ်တာတွေ အားလုံးကို ရရှိထားပါပြီ။ ကျွန်တော့်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ခင်ဗျားတို့ ဂိုဏ်းရဲ့ အကြီးအကဲ အကြီးအကဲဖုန်းဟာ ဒီကိစ္စအားလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့သူပဲ။ သူ ဘယ်လောက်ကြာကြာ ကြံစည်နေခဲ့သလဲဆိုတာကတော့ ဘယ်သူမှ မသိနိုင်ဘူး။ခုမှလား၊ ဒါမှမဟုတ် ခင်ဗျားတို့ဆရာ ရှိနေကတည်းကလား ဆိုတာကိုပေါ့။

သူက ခင်ဗျားနဲ့ ဝမ်ချန်ကြားမှာ သွေးကွဲအောင် သေချာစနစ်တကျ လုပ်ဆောင်ခဲ့တာ။ ဒုတိယဂိုဏ်းချုပ် အာဏာကို သုံးပြီး ခင်ဗျားအပေါ် မကျေနပ်တာ ကြာပြီဖြစ်တဲ့ တခြားအကြီးအကဲတွေကို စည်းရုံးဖို့က သူ့အတွက် လွယ်ကူမှာပဲ။

ဒုတိယဂိုဏ်းချုပ်အဖြစ်နဲ့ ဆရာတူ ညီအစ်ကိုတွေ ဖြစ်လာခဲ့တာ ကြာပြီဆိုတော့ ခင်ဗျားရဲ့ အချိန်ဇယားကိုတောင် သူ ကောင်းကောင်း သိမှာပဲ။ ဘယ်နေ့တွေမှာ ခင်ဗျား ဘဏ္ဍာတိုက်ကို မသွားဘူးလဲဆိုတာ သိပြီး အဲဒီနေ့ကျမှ ဝမ်ချန်ကို ခေါ်သွားပြခဲ့တာ။

များပြားလှတဲ့ ဆေးပင်တွေရဲ့ အရင်းအမြစ်ကတော့ ခင်ဗျားထင်ထားတာနဲ့ မတူဘဲ အဲဒီ အကြီးအကဲ ‘တုန်း’ ကနေတစ်ဆင့် ရလာတာ ဖြစ်နိုင်တယ်။ သူ့မှာ ဖုံးကွယ်ထားတာတွေ ရှိနိုင်သလို၊ သားရဲယဉ်ပါးဂိုဏ်းတွေကလည်း ဒီကိစ္စမှာ ပါဝင်နေနိုင်တယ်။ မြစိမ်းသစ်ရွက်နွားရဲ့ သွေးမျိုးဆက်ဆိုတာ ဘယ်လိုပဲ အားနည်းပါစေ သားရဲယဉ်ပါးဂိုဏ်းတွေအတွက်တော့ အလွန် ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းမှုပဲလေ။

သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ကိုတော့ ကျွန်တော်ခန့်မှန်းကြည့်လို့ရပါတယ်။ အဲဒီမတိုင်ခင် တစ်ခုလောက် အတည်ပြုချင်လို့ပါ။ အကြီးအကဲဖုန်းက ခင်ဗျားရဲ့ အမြုတေအဆင့်အတန်းအမှန်ကို သိသလား”

ယန်ချင်း၏ မေးခွန်းကြောင့် ချန်ယွမ် အံ့သြသွားသော်လည်း ချက်ချင်းပင် စိတ်ကို ထိန်းကာ ပြန်ဖြေသည်။

“ကျွန်တော်သူ့ကို အတိအကျ တစ်ခါမှမပြောခဲ့ဖူးပါဘူး”

“ကဲဒါဆို ရှင်းသွားပြီ။ သူက ခင်ဗျားနဲ့ ဝမ်ချန်ရဲ့ အဆင့်က တူညီနေမှန်း မသိတဲ့အတွက် ခင်ဗျားရဲ့ အမြုတေအဆင့်က ပိုနိမ့်တယ်လို့ ယူဆပြီး ဝမ်ချန်နဲ့ တိုက်ခိုက်ရင် နှစ်ယောက်လုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလိမ့်မယ်လို့ တွေးခဲ့တာပဲ။ အဲဒီရလဒ်က သူ့အတွက် ခင်ဗျားတို့ကို အနိုင်ယူဖို့ အကောင်းဆုံး အခွင့်အရေးပေါ့။ ခင်ဗျားတို့ နှစ်ယောက်လုံးကို ရှင်းပစ်လို့ ရသလို၊ ဝမ်ချန်ကို သားရဲယဉ်ပါးဂိုဏ်းတွေဆီ ရောင်းစားပြီး ဂိုဏ်းကို အလွယ်တကူ သိမ်းပိုက်လို့ ရတာပေါ့။

ဒါပေမဲ့ ခင်ဗျားရဲ့ အဆင့်ကို သူအထင်သေးခဲ့မိလို့ အစီအစဉ်က လွဲချော်သွားတယ်။ ခင်ဗျားက ဝမ်ချန်အတွက် ငဲ့ညှာပြီး သရေကျအောင် တမင် လုပ်ခဲ့တာဆိုပေမဲ့ သူကတော့ ဝမ်ချန်က ခင်ဗျားကို အနိုင်မတိုက်နိုင်တာကို တွေ့လိုက်ရတယ်။

အဲဒီအစီအစဉ် ပျက်သွားပြီးနောက်မှာ ဒီပြဿနာကို တရားရုံးမှာ ဖြေရှင်းဖို့ သူပဲ အကြံပေးခဲ့တာ မဟုတ်လား... ဂိုဏ်းသားတွေကြား သွေးမကွဲအောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့... ဟုတ်တယ်မလား” ယန်ချင်းက ချန်ယွမ်ကို ထပ်မံ မေးမြန်းလိုက်သည်။ ချန်ယွမ်သည် ဝမ်ချန်၏ အခြေအနေကြောင့် တုန်လှုပ်နေသော်လည်း ယန်ချင်း၏ ခန့်မှန်းချက်များကို နားထောင်နေရင်း တည်ငြိမ်သော အမူအရာကို ထိန်းထားသည်။

“ဟုတ်ပါတယ်။ ဂိုဏ်းထဲမှာ ဖြေရှင်းရင် အက်ကြောင်းထင်နိုင်လို့ တရားရုံးမှာ လာဖြေရှင်းဖို့ သူပဲ အကြံပေးခဲ့တာပါ။ ကျွန်တော်တို့ နှစ်ယောက်လုံး သူ့ကို ယုံကြည်လေးစားကြတဲ့အတွက် သဘောတူခဲ့ကြတာပါ။ သူကပဲ ကျွန်တော်တို့ နှစ်ယောက်လုံးကို စည်းရုံးနိုင်တဲ့ တစ်ဦးတည်းသော လူပါ” ချန်ယွမ်က ငိုင်တိငိုင်တိုင် အသံဖြင့် ဖြေကြားလိုက်သည်။

“ခင်ဗျားရဲ့ ဆရာတူအစ်ကိုက တော်တော်လေး လည်တာပဲ။ ပထမအစီအစဉ် ပျက်သွားတော့ ခင်ဗျားတို့ နှစ်ယောက်လုံးကို ဂိုဏ်းကနေ တစ်ပြိုင်တည်း ထွက်သွားအောင် လုပ်ဖို့ ‘အမိန့်တော်အဖွဲ့’ ကို ဆွဲထည့်လိုက်တာပေါ့။ ခင်ဗျားတို့ ဒီကို ရောက်နေတဲ့ အချိန်အတွင်း သူလိုချင်တာ လုပ်ဖို့ အချိန်အလုံအလောက် ရသွားတာပေါ့။

ကျွန်တော် ထင်တာကတော့ ဂျုပလိုပင်နဲ့ ဂိုဏ်းဘဏ္ဍာတိုက်ကို သူ သိမ်းကျုံးယူသွားလိမ့်မယ်။ အဲဒါတွေကို သုံးပြီး အမြုတေအဆင့်ကို တက်လှမ်းဖို့ ကြိုးစားတာ ဒါမှမဟုတ် ပိုကြီးတဲ့ ဂိုဏ်းတစ်ခုကို ဝင်ဖို့အတွက် လက်ဆောင်အဖြစ် သုံးတာမျိုး ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ဂိုဏ်းကတော့ အခုလောက်ဆို ပြောင်သလင်းခါနေလောက်ပြီ။ သူက ‘အမိန့်တော်အဖွဲ့’ ကိုတောင် သူရဲ့အစီအစဉ်မှာ သုံးရဲတာကိုတော့ သူ့ရဲ့သတ္တိကို ကျွန်တော် ချီးကျူးမိပါတယ်။

သူနောက်ထပ် ဘာဆက်လုပ်မလဲဆိုတာ ကျွန်တော် တော်တော် စိတ်ဝင်စားတယ်။ သူက ဒီလောက် စေ့စပ်သေချာတဲ့လူဆိုရင် တရားရုံးရဲ့ လက်တံက ဘယ်လောက်အထိ ရောက်နိုင်လဲဆိုတာ သိမှာပဲ။ ဒါကို သိရက်နဲ့ လုပ်တယ်ဆိုတော့ ကျွန်တော်တို့ရဲ့ ပစ်မှတ် ဖြစ်လာတော့မှာပဲလေ။ ဒါကို ကျွန်တော်တို့က ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး...

ကဲ... ဖုန့်ရှင်းက အပြစ်ရှိသူတွေကို ဖမ်းလာတဲ့အထိ စောင့်ကြည့်ရမှာပေါ့။အခုလောက်ဆို ခင်ဗျားတို့ ဂိုဏ်းကို သူရောက်လောက်ပြီ။ တကယ့်ကို စိတ်ဝင်စားစရာပဲ” ယန်ချင်းက လက်ညှိုးဖြင့် စင်မြင့်ကို တတောက်တောက် ခေါက်ရင်း စဉ်းစားခန်း ဝင်နေကာ မျက်နှာတွင် စိတ်ဝင်စားဟန် အနည်းငယ် ပေါ်လာသည်။

“ဒါနဲ့ ဂိုဏ်းချုပ်ချန်ယွမ်... နောက်ဆုံးတစ်ခုလောက် မေးပါရစေ။ ခုနက ခင်ဗျားပြောတာ ခင်ဗျားနဲ့ အကြီးအကဲဖုန်းက တစ်ယောက်နဲ့တစ်ယောက် အသက်ကို ကယ်ခဲ့ဖူးတယ်ဆိုတာ... ဂိုဏ်းချုပ်အဖြစ် ရွေးချယ်ခံရခင်ကလား၊ နောက်မှလား”

“နှစ်ခုစလုံးပါ” ချန်ယွမ်က တိုးညှင်းစွာ ပြန်ဖြေသည်။

ယန်ချင်းသည် ထိုစကားကို ကြားပြီးနောက် ပိုမို လေးနက်သော စဉ်းစားခန်းထဲသို့ ရောက်သွားတော့သည်။ သူဘာတွေ တွေးနေသလဲ ဆိုတာကိုတော့ မည်သူမျှ မသိနိုင်ပေ။

All Chapters