ဘိုလင်
Vol. 2 Ch. 17
သစ်ရွက်နှစ်ရွက်သည် မတူညီသော နေရာနှစ်ခုဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြ၏။ သစ်ရွက်တစ်ရွက်က သက်တံ့ရောင်မြူခိုးဖားပြုတ်ကို ပစ်မှတ်ထားနေပြီး ကျန်တစ်ရွက်ကမူ ဘာကိုမှ ပစ်မှတ်ထားပုံမရဘဲ နေရာလွတ်တစ်ခုဆီသို့ ဦးတည်သွားသည်။ ထိုသစ်ရွက် ဦးတည်သွားသော နေရာတွင် မည်သည့် သတ္တဝါမျှ ရှိမနေသည့်ဟန်ပင်။
သစ်ရွက်များသည် သက်တံ့ရောင်မြူခိုးဖားပြုတ် ရှိရာသို့ ရောက်လုနီးပါး အချိန်တွင် ၎င်းသည် သက်တံ့ရောင်စဉ်များ ပါဝင်သော ထူထဲသည့် မြူခိုးများကို မှုတ်ထုတ်လိုက်ပြီး ဖြစ်၏။ ဖားပြုတ်သည် ထိုမြူခိုးများကြားတွင် လုံးဝ ရောနှောပျောက်ကွယ်သွားသည်။
အခြားသော အမြူတေဖွဲ့စည်းခြင်းအဆင့် သတ္တဝါများနှင့် မတူဘဲ သက်တံ့ရောင် မြူခိုးဖားပြုတ်သည် လက်ဖဝါး အရွယ်အစားခန့်သာ ရှိသည်။ သို့သော် ၎င်း၏ သေးငယ်သော အရွယ်အစားကြောင့် အထင်သေး၍ မရပေ။
၎င်း၏ ထူးခြားသော စွမ်းရည်ဖြစ်သည့် သက်တံ့ရောင် မြူခိုးများသည် အဆိပ်အမျိုးအစား ပေါင်းစုံကို ရောစပ်ထားခြင်းဖြစ်ပြီး အရောင်တစ်ခုချင်းစီတွင် မတူညီသော အဆိပ်ဂုဏ်သတ္တိများ ပါရှိသည်။ အကယ်၍ အမြူတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးသည် ထိုမြူခိုးများကြားတွင် အငိုက်မိသွားပါက မိနစ်ပိုင်းအတွင်း အဆိပ်သင့်၍ သေဆုံးသွားနိုင်သည်။ ထို့အပြင် ထိုမြူခိုးများသည် ဖားပြုတ်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များ၊ အထူးသဖြင့် လျင်မြန်ဖျတ်လတ်မှုနှင့် ပြန်လည်ကုစားနိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်သည်။ သက်တံ့ရောင် မြူခိုးဖားပြုတ်ကို ပစ်မှတ်ထားသော သစ်ရွက်သည် မကြာမီမှာပင် ၎င်းဖန်တီးထားသော မြူခိုးများကြားတွင် ဝါးမျိုခံလိုက်ရလေသည်။
ပစ်မှတ်ရှိပုံမရသော အခြားသစ်ရွက်တစ်ရွက်သည် နေရာတစ်ခုသို့ ရောက်ရှိသွားသည်နှင့် မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းတစ်ခု ကျရောက်လာပြီး သစ်ရွက်ကို လေးပိုင်း တိတိကျကျ ပိုင်းဖြတ်လိုက်သည်။ အပိုင်းအစ လေးခုစလုံးသည် အချွန်အတက် ပုံသဏ္ဍာန် ရှိကြသည်။
ကွဲထွက်သွားသော အစိတ်အပိုင်းများသည် မြောက်၊ အရှေ့၊ တောင် နှင့် အနောက် အရပ်အသီးသီးသို့ ရွေ့လျားသွားကြသည်။ ၎င်းတို့ လုံလောက်သော အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားသောအခါ ဖုန်ရှင်း၏အသံ ထွက်ပေါ်လာသည်။
"အရပ်လေးမျက်နှာ ချုပ်နှောင်ခြင်း"
အပိုင်းအစ လေးခုမှ မျက်စိကျိန်းမတတ် ဖြူဖွေးသော မြူခိုးများ ထွက်ပေါ်လာပြီး အပိုင်းအစများနှင့်အတူ အပေါ်သို့ ဖြည်းညှင်းစွာ မြင့်တက်လာကာ အလယ်မှတ် တစ်နေရာအရောက်တွင် ရပ်တန့်သွားကြသည်။ ထို့နောက် ဆွဲငင်အားတစ်ခုခုကြောင့် ဆွဲယူခံလိုက်ရသကဲ့သို့ တစ်ခုနှင့်တစ်ခု နီးကပ်ရာသို့ ရွေ့လျားလာကြသည်။ ထိုသို့ လျင်မြန်စွာ ရွေ့လျားလာစဉ် မမြင်ရသော အတားအဆီးတစ်ခုနှင့် တိုက်မိပြီး ချက်ချင်းပင်ရပ်တန့်သွားသည်။
တိုက်မိပြီး မကြာမီတွင် အပိုင်းအစ လေးခုအောက်ရှိ အရာအားလုံးသည် ရေခဲတုံးကြီးအတွင်း ခဲသွားတော့သည်။ ပုံရိပ်ယောင်တစ်ခုသည် ရေခဲတုံး၏ အလယ်တွင် ထိုအပိုင်းအစလေးခု၏ ချုပ်နှောင်ခြင်းကို ခံထားရကာ ပေါ်လိုက် ပျောက်လိုက် ဖြစ်ပေါ်နေသည်။
ခဏအကြာတွင်မူထိုပုံရိပ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ၎င်းသည် ပေ ၂၀ ခန့် ရှည်လျားပြီး ရွှေရောင်သမ်းသော အဝါရောင် ကိုယ်ထည်ရှိသည့် ပုစဉ်းကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏နောက်ကျောဘက်တွင် အလင်းဖောက်နိုင်သော အတောင်ပံနှစ်စုံပါရှိပြီး လေထုကို ပိုင်းဖြတ်နိုင်လောက်အောင် လျင်မြန်စွာ ခတ်နေသည်။ အတောင်ပံ တစ်ချက်ခတ်လိုက်တိုင်းတွင် ခန္ဓာကိုယ်မှ အတောင်ပံများဆီသို့ ရွှေရောင်အလင်းတန်းများ ပေးပို့ကာ မှေးမှိန်သော ပုံရိပ်ယောင် တစ်ခု ပေါ်လာတတ်သည်။
ထိုပုံရိပ်ယောင်သည် အပိုင်းအစများနှင့် ၎င်းတို့ကို ဝန်းရံထားသော အေးစက်သည့် မြူခိုးများနှင့် ထိတွေ့လိုက်တိုင်း ပျောက်ကွယ်သွားသည်။ ဤသည်မှာ ကိုယ်ရောင်ဖျောက် စွမ်းရည်နှင့် ကောင်းကင်အဆင့် လက်နက်များကဲ့သို့ ထက်ရှသော အတောင်ပံများကြောင့် ကျော်ကြားလှသည့် 'ပုံရိပ်ယောင်ပုစဉ်း' ပင်ဖြစ်သည်။
၎င်းသည် ပုံရိပ်ယောင် စွမ်းရည်ကို အသုံးပြုရန် ကြိုးစားသော်လည်း အကြိမ်ကြိမ် ပျက်ပြယ်သွားသည်။ စွမ်းရည်အသုံးပြုလိုက်တိုင်း အာနိသင်သက်ရောက်ချိန်က ပို၍တိုတောင်းလာပြီး နောက်ဆုံးတွင် လုံးဝ အသုံးမပြုနိုင်တော့ပေ။
ပုံရိပ်ယောင်စွမ်းရည် ပျက်ပြားသွားသောအခါ ၎င်း၏ အတောင်ပံများကို အသုံးပြု၍ အောက်ဘက်ရှိ ရေခဲတုံးကို ခွဲထုတ်ရန် ကြိုးစားပြန်သည်။ သို့သော် ရိုက်ခတ်လိုက်တိုင်း အတောင်ပံများ ပိုမိုလေးလံလာပြီး နောက်ဆုံးတွင် မမြှောက်နိုင်တော့သည်အထိ ဖြစ်သွားသည်။
သစ်ရွက် အပိုင်းအစ လေးခုသည် ၎င်း၏ ရင်အုပ်နှင့် ဝမ်းဗိုက် ဆက်ထားသော နေရာကို စိုက်ဝင်နေသည်။ ဝမ်းဗိုက်အောက်ပိုင်း တစ်ခုလုံးသည် လုံးဝ အေးခဲနေပြီဖြစ်သည်။ ပုံရိပ်ယောင် ပုစဉ်းသည် အပေါ်သို့ ရုန်းထွက်ရန် အစွမ်းကုန် ကြိုးစားသော်လည်း ရေခဲတုံးကြီးက ၎င်းကို မြေကြီးနှင့် ကပ်အောင် ချုပ်နှောင်ထားသည်။
ရေခဲတုံးမှ လွတ်မြောက်ရန် ကြိုးစားလေလေ၊ ဝမ်းဗိုက်နှင့် ကိုယ်ထည် ပြတ်ထွက်သွားနိုင်မည့် အန္တရာယ် ပိုများလေလေ ဖြစ်သည်။ အကယ်၍ ထိုသို့ဖြစ်သွားပါက နာကျင်စွာ သေဆုံးရုံသာ ရှိပေမည်။
ကြောက်ရွံ့မှုနှင့် လက်မလျော့နိုင်မှုတို့ကြောင့် စူးရှစွာ အော်မြည်နေပြီး ကျန်ရှိနေသော ခြေလက်နှစ်ချောင်းဖြင့် ရေခဲတုံးကို ရိုက်ခွဲရန် ကြိုးစားသော်လည်း ကျရှုံးမှုကသာ ၎င်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေသည်။ ရေခဲတုံးသည် ၎င်း၏ စွမ်းအင်များကို တဖြည်းဖြည်း စုပ်ယူနေပြီး ရုန်းကန်လှုပ်ရှားမှုများမှာ အချိန်နှင့်အမျှ လျော့နည်းလာကာ နောက်ဆုံးတွင် ရေခဲတုံးပေါ်သို့ လုံးဝ ခွေကျသွားတော့သည်။
"ကောင်းပြီ... သူအေးခဲပြီး မသေခင် မိနစ်အနည်းငယ်လောက်တော့ ခံနိုင်ရည် ရှိမှာပါ။ အဲ့ဒီအချိန်က ကျန်တာတွေကို ရှင်းပစ်ဖို့ လုံလောက်ပါတယ်။ ဟဲဟဲဟဲ... သနားစရာ ပုံရိပ်ယောင်ပုစဉ်းလေး... ဒါက မင်းအတွက် သင်ခန်းစာတစ်ခုပဲ။ မင်းရဲ့ ပုံရိပ်ယောင် စွမ်းရည်နဲ့ သားကောင်ကို အလစ်အငိုက် ဖမ်းနိုင်ခဲ့လို့ သွေးနားထင် ရောက်မနေနဲ့။
မင်းရဲ့ စွမ်းရည်တွေက တိမ်မြိုစွန်ရဲ နဲ့ ယှဉ်ရင် အများကြီး လိုပါသေးတယ်။ ငါ့ရဲ့ ဝိညာဉ်အာရုံထဲကို ဒီလောက်နီးနီးကပ်ကပ် ရောက်လာမှတော့ မင်းက နေမင်းကြီးလို ထင်းနေတာပေါ့။ အခုတော့ အနားယူလိုက်ဦး... ငါ နောက်မှ ပြန်လာခဲ့မယ်။ မင်းက ဟိုဘက်က ကောင်တွေထက်စာရင် ကံကောင်းပါသေးတယ်... အယ်လီ သာ မင်းကို မစားဘူးဆိုရင် မင်းဘဝကိုပြောင်းလဲနိုင်မယ့် အခွင့်အရေးတစ်ခု ရနိုင်သေးတယ်"
ဖုန်ရှင်း ပြောလိုက်သော စကားအဆုံးသတ်ကို ကြားလိုက်ရသောအခါ ပုစဥ်း၏ကိုယ် မှာအနည်းငယ်တုန်ရီသွားသည်။
ဖုန်ရှင်းသည် ပုံရိပ်ယောင် ပုစဉ်းထံမှ ခေါင်းလှည့်လိုက်ပြီး သက်တံ့ရောင်မြူခိုးဖားပြုတ် ရှိရာသို့ အပြုံးလေးဖြင့် ကြည့်လိုက်သည်။
"ဒီကောင်လေးက ပါရမီပါသားပဲ... ဆောင်းဦးရွက်ကြွေဓားချက်ကိုတောင် ဒဏ်ရာနည်းနည်းပဲရပြီး ရှောင်နိုင်ခဲ့တယ်။ ဒီကောင်က ကုသိုလ်မှတ် တွေ အများကြီးရမယ့်ကောင်ဆိုတော့ ဒဏ်ရာထပ်ရလို့ မဖြစ်ဘူး"
ထိုသို့ပြောပြီးနောက် ဖုန့်ရှင်းသည် 'ဝိညာဉ်အရိပ်ခြေလှမ်း' ကို အသုံးပြုကာ သက်တံ့ရောင် မြူခိုးများရှိရာသို့ ချက်ချင်း ရောက်ရှိသွားသည်။
ဖုန်ရှင်း မြူခိုးဖားပြုတ်ဆီ သွားနေချိန်တွင် ဝါဂွမ်းဖြူလျှပ်စီးမြွေ သည် ပဉ္စမမြောက် ကျရှုံးသူ ဖြစ်လာခဲ့သည်။ ထိုမြွေသည် အစိမ်းရောင် အကွက်များ ပါရှိသည့် မီးခိုးရင့်ရောင် ကိုယ်ထည်ရှိသည်။ အမြူတေဖွဲ့စည်းခြင်း အဆင့်ရှိသော သတ္တဝါတစ်ကောင်အတွက်မူ ခန္ဓာကိုယ်လုံးပတ် အနည်းငယ် သေးငယ်နေသည်။
မြူနွံဂိုဏ်း ၏ ပတ်ဝန်းကျင် အနေအထားကြောင့် ဤနေရာရှိ သတ္တဝါများသည် ပြင်ပကမ္ဘာရှိ သတ္တဝါများနှင့် ယှဉ်လျှင် အရွယ်အစား ပိုသေးငယ်ကြသည်။ မြူထူထပ်ပြီး စိုစွတ်သော နွံတော ပတ်ဝန်းကျင်တွင် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ရသဖြင့် အများစုသည် ကြမ်းတမ်းသော ခွန်အားထက် အမြန်နှုန်းကိုသာ အဓိကထား၍ ပြောင်းလဲလာကြခြင်း ဖြစ်သည်။
ဝါဂွမ်းဖြူလျှပ်စီးမြွေသည် လျှင်မြန်သော တုံ့ပြန်မှုနှင့် တိုက်ခိုက်နိုင်စွမ်း ရှိပြီး အားကောင်းသော မေးရိုးများကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ အမြန်နှုန်းနှင့် မေးရိုးစွမ်းအားကို ပေါင်းစပ်လိုက်လျှင် တစ်ချက်တည်းဖြင့် လူတစ်ယောက်၏ ခြေလက်များကို ဆွဲဖြတ်ပစ်နိုင်သည်။
သို့သော် ယခုအချိန်တွင်မူ ဝါဂွမ်းဖြူလျှပ်စီးမြွေသည် မေးရိုးအဆုံးမှ အမြီးထိတိုင်အောင် တိတိကျကျ ပိုင်းဖြတ်ခံထားရပြီး မေးရိုးအောက်ပိုင်းမှာ တွဲလောင်းကျကာ ပါးစပ်မှ သွေးများ ဖြာကျနေသည်။ ၎င်း၏ အသက်ဓာတ်မှာ တဖြည်းဖြည်း ချုပ်ငြိမ်းလုနီးပါး ဖြစ်နေပြီး နောက်ဆုံးထွက်သက် မတိုင်ခင် တွန့်လိမ်နေရှာသည်။
ဖုန်ရှင်းသည် ရောင်စုံမြူခိုးများဆီသို့ ရောက်ရှိလာပြီး ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအနည်းငယ် ရထားသော သက်တံ့ရောင် အစင်းကြား ဖားပြုတ်လေးကို စိုက်ကြည့်လိုက်သည်။ ၎င်းကို တိုက်ခိုက်ခဲ့သော သစ်ရွက်မှာ ဖုန်ရှင်း၏ လက်မနှင့် လက်ညှိုးကြားတွင် ရောက်ရှိနေပြီ ဖြစ်သည်။
သစ်ရွက်၏ ဘေးဘက်တွင် အက်ရာအနည်းငယ်နှင့် အစိမ်းရောင် အစွန်းအထင်း အနည်းငယ် ရှိနေသော်လည်း ဖုန်ရှင်းလက်ထဲသို့ ရောက်သည်နှင့် အစွန်းအထင်းများ ပျောက်ကွယ်သွားပြီး ဖန်သားပြင်ကဲ့သို့ ဖြူဖွေးတောက်ပသော အရောင် ပြန်လည် ရရှိသွားသည်။
"စိတ်မရှိပါနဲ့ ... ခင်ဗျား ကျွန်တော်နဲ့ လိုက်ခဲ့ရမယ်။ ခင်ဗျားလို သတ္တဝါမျိုးကို စိတ်ဝင်စားတဲ့ လူတချို့နဲ့ ကျွန်တော် သိထားတယ်" ဖုန်ရှင်းက စနောက်လိုသော အမူအရာဖြင့် ပြောလိုက်သည်။
သက်တံ့ရောင်မြူခိုးဖားပြုတ်၏ မျက်နှာသည် လူသာဆိုလျှင် ကြောက်ရွံ့ထိတ်လန့်မှု အပြည့်ဖြင့် ဖြစ်နေပေလိမ့်မည်။ ဖုန်ရှင်းနှင့် ဤမျှ နီးကပ်စွာ ရှိနေချိန်တွင် ၎င်း၏ကိုယ်မှ ကြောက်မက်ဖွယ် ကောင်းလှသော ဖိအားကို ခံစားနေရသည်။
ဧရာမနှင်းတောင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။ မြူခိုးဖားပြုတ်သည် မျှော်လင့်ချက်မဲ့နေသော မျက်နှာထားဖြင့် မော့ကြည့်လိုက်ပြီး ရှောင်လွှဲမရနိုင်သော သေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကာ မိမိကိုယ်ကို အလွန်သေးနုပ်သည်ဟု ခံစားနေရသည်။ ဤမျှလောက် အန္တရာယ်ကြီးသည့် ခံစားချက်မျိုး နောက်ဆုံး ဘယ်တုန်းက ခံစားခဲ့ရဖူးသလဲဟု တွေးတောမိလိုက်သည်။
"ဟူး... ငါအမြူတေဖွဲ့စည်းခြင်း အဆင့်တုန်းက ကြုံခဲ့ရတဲ့ မိကျောင်းရဲ့ အကြည့်လိုပါပဲလား... အခုထိ အဲ့ဒီအကြည့်ကို မမေ့နိုင်သေးဘူး။ ဒီလူသားကလည်း အဲဒီလောက်ကို ကြောက်စရာ ကောင်းတာပဲ။ ဒီလောက် စွမ်းအားကြီးမှန်း သိခဲ့ရင် လီလွန်းရဲ့ အစီအစဉ်ကို လက်ခံခဲ့မိမှာ မဟုတ်ဘူး... မိတ်ဆွေကြီး... မင်း ငါ့ကို ဒုက္ခတောထဲပို့လိုက်တာပဲ"
သက်တံ့ရောင်မြူခိုးဖားပြုတ်သည် လျှပ်စီးမြွေပွေး ရှိရာသို့ လှမ်းကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။
ဖားပြုတ်သည် စက္ကန့်အနည်းငယ်ခန့် တွေဝေငေးမောနေပြီးနောက် မျက်လုံးထဲတွင် မျှော်လင့်ချက် ရောင်ခြည်အချို့ ပြန်လည် ဝင်ရောက်လာကာ ဖုန်ရှင်းကို စကားပြောချင်သလို အသံပြုလိုက်သည်။ ဖုန်ရှင်းက ဖားပြုတ်၏ အမူအရာကို မြင်သောအခါ ညာဘက်လက်ညှိုးရှိ အဖြူရောင် လက်စွပ်လေးထဲမှ တစ်စုံတစ်ခုကို ထုတ်လိုက်သည်။
ထိုလက်စွပ်မှာ သိုလှောင်လက်စွပ် ဖြစ်သည်။ လက်စွပ်ထဲမှ ထွက်လာသော အရာမှာ နို့နှစ်ရောင် ပုတီးစေ့လေး တစ်ခုသာဖြစ်သည်။
သူသည် ပုတီးစေ့ကို ဖားပြုတ်ထံ ပစ်ပေးလိုက်ရာ ဖားပြုတ်က လျင်မြန်စွာ ဖမ်းယူလိုက်ပြီး ကျေးဇူးတင်သည့်အနေဖြင့် လူသားတစ်ယောက်ကဲ့သို့ ဦးညွှတ်လိုက်သည်။
"စွမ်းအားကြီးမားပြီး ကြီးကျယ်မြင့်မြတ်တဲ့ သခင်ကြီးရဲ့ နာမည်ကို သိခွင့်ရမလားခင်ဗျာ"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အသံက နို့နှစ်ရောင် ပုတီးစေ့ထဲမှ ထွက်ပေါ်လာသည်။ ဤသည်မှာ 'အသံပေးပို့သည့် ပုတီးစေ့' ပင် ဖြစ်သည်။ အသံအရည်အသွေးကို နားထောင်ကြည့်ခြင်းအားဖြင့် တရားခွင်တွင် ဝမ်ချန် အသုံးပြုခဲ့သည့် အရာနှင့် တန်းတူလောက်ရှိမည့် အရည်အသွေးမြင့် ပစ္စည်းတစ်ခု ဖြစ်ပုံရသည်။
"ငါ့နာမည် ဖုန့်ရှင်း ။ 'အမိန့်တော်အဖွဲ့' က စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်။ ခင်ဗျား ကြားဖူးလားတော့ မသိဘူး"
"တောင်းပန်ပါတယ်... ကျွန်တော်က ဒီနွံတောထဲမှာပဲ တစ်ချိန်လုံး နေခဲ့တာဆိုတော့ မကြားဖူးပါဘူး... ဟိုဗျိုင်း၂ ကောင်ကတော့ အပြင်လောကကို မကြာခဏ သွားလေ့ရှိလို့ သိကောင်းသိပါလိမ့်မယ်... ဒါပေမဲ့ သူတို့ရဲ့ အော်ရာတွေ ပျောက်ကွယ်သွားတာကိုတော့ ခံစားမိတယ်...
ဒီနွံတောရဲ့ နေရာတချို့မှာ ဘုရင်တစ်ဆူ ဖြစ်ခဲ့ကြတဲ့ ကျွန်တော်တို့အားလုံး လူတစ်ယောက်တည်းရဲ့ လက်ချက်နဲ့ မိနစ်ပိုင်းအတွင်း ကျဆုံးကုန်ကြပြီ ဆိုတာက တကယ်ကို မယုံနိုင်စရာပဲ... အပြင်လောကက လူသားတွေအားလုံး ခင်ဗျားလိုပဲ စွမ်းအားကြီးကြလား"
သက်တံ့ရောင်မြူခိုးဖားပြုတ်၏ အသံတွင် ကြောက်ရွံ့မှုနှင့် စူးစမ်းလိုစိတ်တို့ ရောပြွမ်းနေသည်။ မိနစ်ပိုင်းအတွင်း ကြုံတွေ့လိုက်ရသော အဖြစ်အပျက်က သူ၏ လောကအမြင်တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်စေခဲ့သည်။
"ခဏလေး သည်းခံလိုက်အုံး..." ဖုန့်ရှင်းက ရုတ်တရက် ပြောလိုက်ပြီး တစ်ဖက်သို့ လှမ်းကြည့်ကာ လက်ထဲရှိ ဖန်သားပြင်ကဲ့သို့ သစ်ရွက်ကို ဓားပျံတစ်လက်ကဲ့သို့ ပစ်လွှတ်လိုက်သည်။ သစ်ရွက်ကို ပြင်းထန်သော အားဖြင့် ပစ်လွှတ်လိုက်ခြင်း ဖြစ်သောကြောင့် မြူခိုးအချို့ပင် ချက်ချင်း လွင့်စင်သွားသည်။ မကြာမီတွင် နာကျင်စွာ အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။
သက်တံ့ရောင် မြူခိုးဖားပြုတ်သည် ထိုနာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသောအခါ ကိုယ်ချင်းစာစိတ်ဖြင့် မျက်နှာရှုံ့မဲ့သွားသည်။ "အဲ့ဒီအသံက 'ဝက်'ဆီကပဲ... သူ့အရေပြားက ထူပေမယ့် ဒီလူသားရှေ့မှာတော့ စက္ကူကျားသာသာပဲရှိပါလား" ဖားပြုတ်သည် ကိုယ်ပေါ်ရှိ ဒဏ်ရာများကြားမှ ချွေးများထွက်ကာ တိတ်တဆိတ် တွေးလိုက်မိသည်။
"ဆောရီး... မိတ်ဆွေတစ်ယောက်က နှုတ်မဆက်ဘဲ ထွက်သွားမလို့ လုပ်နေတာနဲ့ လှမ်းတားလိုက်ရတာ။ ဘယ်ရောက်သွားပါလိမ့်... အော် ဟုတ်ပြီ... အပြင်လောကမှာ ငါ့လောက် စွမ်းအားကြီးတဲ့ လူတွေ ရှိလား ဆိုတာလား... ရှိတာပေါ့... မရှားပါဘူး။ ငါအလုပ်လုပ်တဲ့ နေရာမှာတင် 'ဝပ်နေသော ကျား၊ ပုန်းအောင်းနေတဲ့ နဂါးတွေ' အများကြီးပဲ။
ငါ၁၀ မိနစ်လောက်တောင် တောင့်မခံနိုင်တဲ့ ဘီလူးသတ္တဝါကြီးတွေ ရှိသလို၊ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် လှုပ်မရအောင် လုပ်နိုင်တဲ့ သူတွေလည်း ရှိတယ်။ ငါက အဲ့ဒီအပြင်လောကမှာ ဘာကောင်မှ မဟုတ်ပါဘူး... စားသောက်ရတာ ဝါသနာပါတဲ့ သာမန်လူတစ်ယောက်ပါပဲ... ဒါပေမဲ့ ငါနဲ့ အဆင့်တူတွေနဲ့ ယှဉ်ရင်တော့ မဆိုးပါဘူး။ ဒီနေ့ ခင်ဗျားတို့ ရှုံးနိမ့်တာကို ရှက်စရာမလိုဘူး" ဖုန့်ရှင်းက ပေါ့ပါးစွာ ဖြေလိုက်သည်။
ဖုန့်ရှင်း၏ ပေါ့ပါးသော အမူအရာနှင့် ဆန့်ကျင်ဘက်တွင် သက်တံ့ရောင် မြူခိုးဖားပြုတ်မှာမူ ရေခဲရိုက်ထားသကဲ့သို့ ဖြစ်နေသည်။ ဖုန့်ရှင်း ပြောနေသည်များကို သူ မယုံနိုင်အောင် ဖြစ်နေသည်။ သူတို့ကို မိနစ်ပိုင်းအတွင်း စာကလေး၊ ပုစဉ်းများသဖွယ် သဘောထားပြီး ရှင်းလင်းပစ်လိုက်သူထက် ပိုစွမ်းအားကြီးသူများ ရှိနေသည်တဲ့လား။
ဖုန့်ရှင်း ဘယ်လောက်ကြောက်စရာကောင်းကြောင်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ သူတို့ကို ရှင်းလင်းရာတွင် ချွေးတစ်စက်ပင် မထွက်ခဲ့ပေ။ သို့သော် ဤမျှ စွမ်းအားကြီးသော ဖုန့်ရှင်းက သူ့ထက် အားနည်းသော သတ္တဝါတစ်ကောင်ကို ဘာကြောင့် လိမ်ညာနေရမည်နည်း။
အဖြေက မယုံနိုင်စရာ ကောင်းလောက်အောင် ကြမ်းတမ်းနေသော်လည်း ယုံကြည်ရုံမှတစ်ပါး အခြားမရှိပေ။ ဖားပြုတ်သည် သူ့ကိုယ်သူ အလွန်သေးနုပ်သည်ဟု ခံစားလိုက်ရပြီး မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်သွားကာ ဖုန့်ရှင်းနှင့် ဘာကြောင့် စကားပြောချင်ခဲ့သည်ကိုပင် မေ့သွားတော့သည်။
"ခင်ဗျား နာမည်က ဘယ်လိုခေါ်လဲ။ သက်တံ့ရောင်မြူခိုးဖားပြုတ်လို့ ခေါ်နေရတာ တစ်မျိုးကြီးပဲ... ကိုယ့်နာမည် ကိုယ်ပေးထားတာ ရှိတယ်မလား" ဖုန့်ရှင်း၏ မေးခွန်းကြောင့် ဖားပြုတ် အသိပြန်ဝင်လာသည်။
"တောင်းပန်ပါတယ်... ကျွန်တော့်နာမည် ဘိုလင် ပါ... ဘိုလင် လို့ပဲ ခေါ်ပါတယ်" ဖားပြုတ်က ကပျာကသီ ပြန်ဖြေလိုက်သည်။
"ကောင်းပြီ ဘိုလင်... ငါ့ကို ပြောစရာရှိတယ်ဆိုတာ ဘာကိစ္စလဲ။ ငါ အချိန်သိပ်မရဘူး... ခင်ဗျားသူငယ်ချင်း တစ်ကောင်က ပိုက်ကွန်ထဲကနေ လွတ်သွားမလို ဖြစ်နေပြီ"
လွတ်မြောက်သွားသော ဝိညာဉ်သားရဲနှင့် ပတ်သက်၍ ဖုန့်ရှင်း၏ လေသံတွင် စိုးရိမ်ပူပန်မှု အလျဉ်းမရှိပေ။