ဆန္ဒရှိပါတယ်
Vol. 2 Ch. 18
သက်တံရောင်မြူဖား၏ မျက်နှာပေါ်တွင် ဝေခွဲမရနိုင်သော အရိပ်အယောင်တို့ ခေတ္တမျှ ဖြတ်ပြေးသွားပြီးနောက် သက်ပြင်းတစ်ချက်ချကာ သူပြောမည့်စကားအတွက် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချလိုက်တော့သည်။
"ဒီအခြေအနေကနေ အသက်ရှင်လျက် လွတ်မြောက်ဖို့ဆိုတာ ငါ့အတွက် လမ်းစလုံးဝ မရှိတော့ဘူး။ မင်းနဲ့အတူ သတ်သေဖို့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရင်တောင် ငါ မလှုပ်ရှားနိုင်ခင်မှာတင် မင်းက ငါ့ကို လွယ်လွယ်ကူကူပဲ ရှင်းပစ်လိုက်နိုင်မယ်လို့ ခံစားရတယ်။
ပြီးတော့ ငါ့ရဲ့ အပေါင်းအပါတွေထဲမှာ ငါတစ်ကောင်တည်းကိုပဲ မင်းက ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ဖြေရှင်းနေတာကို ကြည့်ခြင်းအားဖြင့်... ငါ့မှာ တခြားကောင်တွေထက် ပိုမြင့်မားတဲ့ တန်ဖိုးတစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။"
ဘိုလင်း က သူ့ရဲ့ ကောက်ချက်မှန်ကန်မှု ရှိမရှိ ဖုန့်ရှင်း၏ တုံ့ပြန်မှုကို အကဲခတ်ရန် ခေတ္တစကားရပ်လိုက်သည်။
ဖုန့်ရှင်းကမူ တည်ငြိမ်စွာ ပြုံးရုံသာ ပြုံးနေပြီး စကားတစ်ခွန်းမျှ ပြန်မပြောပေ။ ဘိုလင်းက ထိုအချက်ကို သူ့ယူဆချက် မှန်ကန်ကြောင်း ဝန်ခံခြင်းဟုသာ မှတ်ယူလိုက်သည်။
"ဒါဆိုရင် ငါတို့ သဘောတူညီမှုတစ်ခု လုပ်ကြမလား။ ငါမင်းဆီမှာ... ဒါမှမဟုတ် မင်းတို့အဖွဲ့အစည်းဆီမှာ အညံ့ခံပါ့မယ်။ အပြန်အလှန်အနေနဲ့ ငါ့ကို အသက်ရှင်ခွင့် ပေးပါ။ စာချုပ်စည်းကမ်းတွေက ငါ့အတွက် ဘယ်လောက်ပဲ နစ်နာပါစေ... ဝိညာဉ်ချုပ်စာချုပ် မျိုး ချုပ်ဆိုရမယ်ဆိုရင်တောင် ငါလက်ခံပါတယ်။ ငါက ငါ့ရဲ့ သနားစရာအသက်လေးကို ကယ်တင်ချင်ရုံပါပဲ " ဟု ဘိုလင်းက တိုးညှင်းစွာ အသနားခံလိုက်သည်။
ဘိုလင်းက စကားပြောခွင့် တောင်းဆိုကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာကို ဖုန့်ရှင်း မျှော်လင့်ထားပြီးဖြစ်သည်။ သူက သက်ပြင်းသဲ့သဲ့ချကာ ပြန်ပြောလိုက်သည်။
"ကောင်းပြီ... မင်းပြောတာ တစ်ခုတော့ မှန်တယ်။ မင်းက တခြားကောင်တွေထက်စာရင် ပိုပြီး တန်ဖိုးရှိတယ်။ ဒါပေမဲ့ မင်းအထင်မှားနေတာ တစ်ခုရှိတယ်။ မင်းရဲ့ တန်ဖိုးဆိုတာက မင်းရဲ့ စွမ်းဆောင်ရည်တွေ၊ စွမ်းအင်အဆင့်တွေကြောင့် မဟုတ်ဘူး။
မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့်ပဲ။ရှင်းရှင်းလင်းလင်း ပြောရရင် မင်းက ခြေထောက်ပေါက်ပြီး လျှောက်သွားနေတဲ့ ဆေးဖော်စပ်စရာ ပစ္စည်းတစ်ခုပဲ။ မင်းသေသေ ရှင်ရှင် မင်းရဲ့ တန်ဖိုးက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ အတူတူပဲ"
ဖုန့်ရှင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။
သက်တံရောင်မြူဖားအပေါ် သူက ရက်စက်စွာ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ အကယ်၍သူသာအားနည်းနေမည်ဆိုရင် သူတို့နှင့် စကားပြောရန် အခွင့်အရေးတောင်ရှိပါ့မလားဟု ဖုန့်ရှင်း သံသယဝင်မိသည်။
"ငါ့အသက်ကို အာမခံနိုင်မယ့် နည်းလမ်း လုံးဝမရှိတော့ဘူးလား"
ဘိုလင်းက အသနားခံသော မျက်နှာထားဖြင့် မေးလိုက်သည်။ ဖားပြုတ်တစ်ကောင်အနေနှင့် ထိုမျက်နှာထားက အတော်လေး ကြောက်မက်ဖွယ် ကောင်းလှသဖြင့် ဖုန့်ရှင်းပင် အနည်းငယ် တုန်လှုပ်သွားသည်။
"မင်းတကယ်ပဲ အဲဒါကို လိုချင်တာ သေချာလား။ အသက်ရှင်နေရတာက မြန်မြန်ဆန်ဆန် သေဆုံးလိုက်တာထက် မင်းအတွက် ပိုပြီး ရက်စက်တဲ့ ကံကြမ္မာ ဖြစ်လာနိုင်တယ်။ ငါ မင်းကို ခေါ်သွားမယ့် နေရာကျရင် သူတို့က မင်းကို ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လှီးဖြတ်မယ်၊ ပြီးရင် ပြန်ကုပေးမယ်၊ ပြီးရင် ပြန်လှီးဖြတ်ကြလိမ့်မယ်။ မင်းရဲ့ နေ့ရက်တိုင်းက အတောမသတ်တဲ့ နာကျင်မှုတွေနဲ့ ငရဲကျနေလိမ့်မယ်။ အရှင်လတ်လတ် ငရဲကျနေတာက မင်းထင်ထားတာထက် ပိုဆိုးရွားနိုင်တယ်နော်"
ဖုန့်ရှင်းက ဘိုလင်း၏ စိတ်ကို အကဲခတ်ရင်း မေးလိုက်သည်။ ထိုစကားကို ကြားပြီးနောက် ဘိုလင်းမှာ အတွေးများဖြင့် နစ်မြောသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင်တော့ ခိုင်မာသော ဆုံးဖြတ်ချက်တို့ ပြည့်နှက်နေသည်။
"ငါ ဆန္ဒရှိပါတယ်"
ဘိုလင်းက အံကြိတ်ရင်း ပြန်ဖြေလိုက်သည်။ အသက်ရှင်ရမယ်ဆိုရင် ဘယ်လိုဒုက္ခမျိုးကိုမဆို သူသည်းခံကျော်ဖြတ်မည်။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိနေဦးမည် မဟုတ်ပါလား။
ဘိုလင်း စိတ်ပြောင်းမလားဟု အချိန်အတန်ကြာ စိုက်ကြည့်နေသည်။ တုန်လှုပ်ခြင်းမရှိသော အကြည့်ကို မြင်လိုက်ရသောအခါ သူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ကောင်းပြီလေ"
ဖုန့်ရှင်းက သူ့ရဲ့ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ဝါညိုရောင် ကျူရိုးများဖြင့် ယှက်လုပ်ထားသော ဝါးစိမ်းရောင် အိုးတစ်လုံး ဖြစ်သည်။ အိုးဖုံးပေါ်တွင် ဆိတ်သားရေဟောင်းဖြင့် ပြုလုပ်ထားပုံရသော စာရွက်ပိုင်းတစ်ခု ကပ်ထားပြီး ထိုစာရွက်ပေါ်တွင် ရှေးဟောင်းအင်းကွက် စာလုံးများ ရေးသားထားသည်။
ဖုန့်ရှင်းက အိုးဖုံးကို ဖွင့်လိုက်သည်နှင့် သက်တံရောင် မြူခိုးများအားလုံးမှာ စက္ကန့်ပိုင်းအတွင်း အိုးထဲသို့ ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရသည်။
"ဝင်လိုက်တော့" ဖုန့်ရှင်းက ဝါးစိမ်းရောင်အိုးကို ညွှန်ပြရင်း ပြောလိုက်သည်။
ဘိုလင်း၏ မျက်နှာပေါ်တွင် တွေဝေသည့် အရိပ်အယောင်များ ပေါ်လာသည်။ ထိုအိုးငယ်လေးက အန္တရာယ်ရှိသည့် အငွေ့အသက်များကို ပေးစွမ်းနေသည်။ စာရွက်ပေါ်မှ စာလုံးအနည်းငယ်ကို ကြည့်လိုက်ရုံဖြင့် သူ၏ဝိညာဉ်တစ်ခုလုံး ချိပ်ပိတ်ခံလိုက်ရသလို ခံစားနေရသည်။
ထိုအမူအရာကို ဖုန့်ရှင်း သတိပြုမိသွားပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့... အိုးထဲဝင်လိုက်တာနဲ့ မင်းမသေပါဘူး။ ဒီအိုးကို 'ဆောင်းခိုဝိညာဉ်ချည်နှောင်အိုး' လို့ ခေါ်တယ်။ အိုးထဲ ရောက်သွားရင် မင်းက ယာယီ ခေတ္တနားနေရတဲ့ အခြေအနေမျိုးကို ရောက်သွားလိမ့်မယ်။ သေခြင်းတရားကျင့်ကြံခြင်းအဆင့်မှာ နေနေရသလိုမျိုးပေါ့။ ပြင်ပကမ္ဘာနဲ့ မင်းရဲ့ အာရုံခံစားမှုတွေ အားလုံး ပြတ်တောက်သွားလိမ့်မယ်။
မင်းက တန်ဖိုးကြီးလွန်းတော့ ငါ မင်းကို ဒီအတိုင်းခေါ်သွားလို့ မဖြစ်ဘူး။ သက်ရှိတွေကို သိုလှောင်လက်စွပ်ထဲ ထည့်လို့မရတာကြောင့် မင်းကို တိုက်ရိုက် သိမ်းထားလို့လည်း မရဘူးလေ။ ဒါပေမဲ့ ဒီအိုးကတော့ ခြွင်းချက်ပဲ။
ဒီအိုးက သူ့အတွင်းထဲက အရာအားလုံးကို သိုလှောင်လက်စွပ်လိုမျိုး သီးခြားနယ်ပယ်တစ်ခု အပါအဝင် ပြင်ပကမ္ဘာနဲ့ လုံးဝ အဆက်အသွယ်ပြတ်သွားအောင် လုပ်ပေးနိုင်တယ်။ ငါတို့ 'အမိန့်တော်အဖွဲ့'ကို ရောက်တာနဲ့ ငါ မင်းကို ပြန်ထုတ်ပေးမယ်။ စိတ်မပူစရာမလိုဘူး၊ အထဲမှာ နေရတာက မင်းအတွက် ဘာဆိုးကျိုးမှ မဖြစ်ဘူး။ အာရုံထွေပြားတာတွေ မရှိဘဲ ကျင့်ကြံနိုင်လို့ မင်းအတွက် အကျိုးတောင် ရှိဦးမယ်"
ဖုန့်ရှင်းက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
ဘိုလင်းမှာ ကြောက်ရွံ့နေဆဲ ဖြစ်သော်လည်း အံကိုကြိတ်ကာ ခေါင်းညိတ်လိုက်ပြီး အိုးဆီသို့ လျှောက်သွားလိုက်သည်။ အိုးထဲသို့ သူ အလုံးစုံ ဝင်ရောက်လုနီးပါးတွင် ဖုန်ရှင်း ပြောလိုက်သော စကားကို ကြားလိုက်ရသည်။
"အခြေအနေတွေက ငါစောစောက ပြောသလိုမျိုး အရမ်းကြီး ဆိုးချင်မှလည်း ဆိုးမှာပါ။ အမိန့်တော်အဖွဲ့ ရောက်ရင် မင်းကံကြမ္မာ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ဘယ်သူကသိမှာလဲ။ ပုံရိပ်ယောင် ပုစဉ်း လိုပဲ ကံကောင်းပြီး ဆေးဖော်စပ်ပစ္စည်း ဘဝမရောက်ဘဲ လွတ်မြောက်သွားနိုင်တယ်။ ဒါပေမဲ့ အာမခံချက်တော့ မရှိဘူးပေါ့။ ငါက မင်းကို ငါ့အထက်လူကြီးဆီ အပ်လိုက်မယ်။ ပြီးရင် ဘာဆက်လုပ်မလဲဆိုတာ သူပဲ ဆုံးဖြတ်လိမ့်မယ်"
"ကျေးဇူးပဲ" ဘိုလင်းက ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။ သူ၏ အသံတွင် မျှော်လင့်ချက် ရောင်ခြည်သန်းနေပြီး အိုးထဲသို့ လုံးဝ ဝင်ရောက်သွားတော့သည်။အိုးဖုံးကို ပိတ်လိုက်သည်နှင့် အင်းစာရွက်မှ မြေနီရောင် အလင်းတန်းများ တောက်ပလာပြီး ရေးခြစ်ထားသော စာလုံးများက အိုးတစ်လုံးလုံးကို လွှမ်းခြုံသွားကာ ပျောက်ကွယ်သွားလေသည်။
အလင်းရောင် ပျောက်ကွယ်သွားသည်နှင့် အိုးကို သိုလှောင်လက်စွပ်ထဲ သိမ်းလိုက်ပြီး ကျန်ရှိနေသေးသော သတ္တဝါတစ်ကောင်ဖြစ်သည့် 'အစိမ်းရောင်တောဝက်ကြီး' ဆီသို့ အကြည့်လွှဲလိုက်သည်။ တောင်ကုန်းငယ်ပမာ အရွယ်အစားရှိသော ထိုသတ္တဝါကြီးမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေရပြီး ၎င်း၏ ပါးစပ်ကြီးထဲမှ နာကျင်စွာ ညည်းတွားသံများ ထွက်ပေါ်နေသည်။
တောဝက်ကြီးမှာ မီးခိုးရောင်အရေခွံနှင့် ကြေးညိုရောင် အစွယ်လေးချောင်း ပါရှိသည့် ဘီလူးသတ္တဝါကြီး ဖြစ်သည်။ အစွယ်တစ်ခုစီသည် ဖုန်ရှင်း၏ ဓားထက်ပင် ပိုရှည်ပြီး ပိုတုတ်ခိုင်သည်။ ၎င်း၏ ဦးခေါင်းထိပ်တွင် နေကြာပန်း ပုံသဏ္ဌာန်ရှိသော ပန်းစိမ်းကြီးတစ်ပွင့် ရှိသည်။ ထိုပန်းပွင့်မှ အဝါရောင် အလင်းဖျော့ဖျော့များ ထွက်ပေါ်နေပြီး တောဝက်ကြီး၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသည်။
အလင်းရောင် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဒဏ်ရာများမှာ တဖြည်းဖြည်း ပြန်လည် ကုစားပြီး ကျက်သွားသော်လည်း ဒဏ်ရာ အရေအတွက်နှင့် ပြင်းထန်မှုကြောင့် အကျိုးသက်ရောက်မှုက မပြောပလောက်ပေ။ အချို့ဒဏ်ရာများမှာ နက်ရှိုင်းလွန်းသဖြင့် အလင်းရောင်က ထိရောက်စွာ မကုစားနိုင်ချေ။
ပန်းစိမ်းရောင် တောဝက်ကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် နက်ရှိုင်းသော ပြတ်ရှဒဏ်ရာများ ဖုံးလွှမ်းနေပြီး အချို့နေရာများတွင် ဖန်သားသစ်ရွက်များ၏ အအေးဓာတ်ကြောင့် ခရမ်းရောင် သန်းနေသည်။ ၎င်း၏ ခြေထောက်နှစ်ဖက် ပြတ်တောက်နေသောကြောင့် မြေပြင်ပေါ်တွင် ဘေးတစ်စောင်း လဲကျနေခြင်း ဖြစ်သည်။
ဘယ်ဘက် ရှေ့ခြေထောက်နှင့် နောက်ခြေထောက် နှစ်ဖက်စလုံးမှာ ဒူးဆစ်နေရာမှ တိတိပပ ပြတ်တောက်နေသည်။ ဖြတ်သားများ၏ ချောမွေ့မှုနှင့် တူညီမှုကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ကို တူညီသော လက်နက်တစ်ခုတည်းဖြင့် တစ်ပြိုင်နက်တည်း ဖြတ်တောက်လိုက်ခြင်း ဖြစ်ပုံရသည်။
တောဝက်ကြီးမှာ အတင်းကုန်းထရန် ကြိုးစားနေသော်လည်း ကျန်ရှိသော ခြေထောက်နှစ်ချောင်းတည်းဖြင့် ၎င်း၏ ကြီးမားလေးလံသော ခန္ဓာကိုယ်ကြီးကို မထောက်ပံ့နိုင်ပေ။ ထို့အပြင် ခန္ဓာကိုယ်အနှံ့မှ ပြင်းထန်သော ဒဏ်ရာများကလည်း ၎င်းကို ပိုမို ပင်ပန်းနွမ်းနယ်စေသည်။
"တကယ့်ကို ကြောက်စရာကောင်းတဲ့ ရှင်သန်နိုင်စွမ်းပဲ။ ဒီလောက် ဒဏ်ရာတွေ ရထားတာတောင် ရုန်းကန်နိုင်တဲ့ အားအင် ရှိနေသေးတယ်" ဖုန့်ရှင်းက ဖြည်းညှင်းစွာ လျှောက်သွားရင်း ထိုဝိညာဉ်သတ္တဝါ၏ ဇွဲကို မချီးကျူးဘဲ မနေနိုင်ဖြစ်သွားသည်။
တောဝက်ကြီးက ဖုန့်ရှင်းကို ဒေါသတကြီး စိုက်ကြည့်ရင်း ဟိန်းသံကြီး ပေးလိုက်ရာ မြူနွံတော၏ မိုင်ပေါင်းများစွာ အကွာအဝေးအထိ ပဲ့တင်ထပ်သွားသည်။ ဟိန်းသံက ရပ်မသွားဘဲ ပိုမိုကျယ်လောင် လေးနက်လာသည်။ တောဝက်ကြီးက နောက်ဆုံးအင်အားကို ထုတ်သုံးလိုက်ပုံရသည်။
ဟိန်းသံနှင့်အတူ ခေါင်းပေါ်ရှိ ပန်းစိမ်းကြီးက ပိုမိုကြီးထွားလာသည်။ ပန်းပွင့်မှ ထွက်နေသော အလင်းရောင်သည် အဝါရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး အရောင်ပိုရင့်လာသည်။ သို့သော် ယခုတစ်ကြိမ် အလင်းရောင်သည် တောဝက်ကြီး၏ ဒဏ်ရာများဆီသို့ မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ အပင်များဆီသို့ ဦးတည်သွားသည်။
အစိမ်းရောင် အလင်းတန်း ထိတွေ့လိုက်သော အပင်တိုင်းသည် ခြောက်သွေ့ညှိုးနွမ်းသွားကြပြီး အစိမ်းရောင်အလင်းက ပိုမို တောက်ပလာကာ တောဝက်ခေါင်းပေါ်ရှိ ပန်းပွင့်ကြီးမှာလည်း ပိုမို ကြီးထွားလာသည်။ အစပိုင်းတွင် ပုံမှန် နေကြာပန်း အရွယ်အစားသာ ရှိသော်လည်း ပတ်ဝန်းကျင် အပင်များ၏ အသက်ဓာတ်ကို စုပ်ယူလိုက်သည့်အခါ ချုံငယ်တစ်ခု အရွယ်အစားအထိ ကြီးထွားလာလေသည်။
"စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည်ပဲ။ တခြားအပင်တွေရဲ့ အသက်ဓာတ်ကို စုပ်ယူပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်ကာ ဒဏ်ရာတွေကို အမြန်ဆုံး ကုစားနေတာကိုး။ တကယ့် အသက်ကယ် စွမ်းရည်ကောင်းတစ်ခုပဲ။ ဒါပေမဲ့...မင်း… အရမ်း နောက်ကျသွားပြီ"
ဖုန့်ရှင်းက ပြောလိုက်ပြီး 'ဝိညာဉ်အရိပ်ခြေလှမ်း' ကို အသုံးပြုကာ တောဝက်ကြီး အနားသို့ ညင်သာစွာ ဆင်းသက်လိုက်သည်။
တောဝက်ကြီးမှာ ဘာဖြစ်သွားမှန်း မသိလိုက်ခင်မှာပင် သူ၏ မြင်ကွင်းက လေထဲ၌ ဘေးတိုက် လည်ထွက်သွားသည်ကို ခံစားလိုက်ရသည်။ မြင်ကွင်း နိမ့်ဆင်းသွားသည့်အခါ ခေါင်းပြတ်နေသော သူ၏ ခန္ဓာကိုယ်ကြီးကို သူပြန်မြင်လိုက်ရသည်။ မျက်လုံးပြူးကြီးနှင့် ခေါင်းပြတ်ကြီးမှာ ကြမ်းပြင်ပေါ် လိမ့်ဆင်းသွားလေသည်။
"မင်းအဲ့လောက် ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်ပြီးမှ မင်းရဲ့ ဝှက်ဖဲကို ထုတ်သုံးခွင့် ပေးလိုက်မယ်ဆိုရင် ငါက အရူးဖြစ်သွားမှာပေါ့"
ဖုန့်ရှင်းက ပြောရင်း သူ၏ ဓားကို အိမ်ထဲသို့ ပြန်သွင်းလိုက်သည်။ ပန်းစိမ်းရောင် တောဝက်ကြီး၏ လည်ပင်းကို ဖြတ်လိုက်သော်လည်း ဓားသွားပေါ်တွင် သွေးတစ်စက်မျှ စွန်းထင်းခြင်း မရှိဘဲ ဖြူစင်တောက်ပနေဆဲပင်။
"ဒီအရွယ်အစားက... အနီးကပ်ကြည့်လိုက်တော့ ပိုတောင် ကြီးသေးတယ်။ ဝက်သားထမင်းကြော်နဲ့ ဝက်သားပြားကြော် စားရဖို့ကို မစောင့်နိုင်တော့ဘူး။ ဒီအသားက ခေါင်းပေါ်က ပန်းပွင့်ရဲ့ အာနိသင်ကြောင့် ပိုပြီး အရသာရှိမယ့်ပုံပဲ။ အဲ့ဒီ ပန်းပွင့်ကရော စားလို့ရမလား မသိဘူး။ အရင်ဆုံး သိမ်းထားတာပိုကောင်းမယ်။
သေသေချာချာ ခုတ်ထစ်ပြီး ဘယ်အစိတ်အပိုင်းမှ အလဟဿ မဖြစ်အောင် လုပ်ဖို့ နောက်မှ အချိန်အများကြီး ရမှာပဲလေ။ ဟို လျှပ်စီးမြွေပွေးကတော့ ကံကောင်းသွားတယ်။ သူကမျက်လုံးတစ်ဖက်ပဲ ဒဏ်ရာရသွားတော့ လအနည်းငယ်လောက် ကောင်းကောင်း လှုပ်ရှားနိုင်အုံးမယ် မထင်ဘူး"
"ဒါပေမဲ့ အတော်လေး ဉာဏ်များတဲ့ကောင်ပဲ။ ထွက်ပြေးလွတ်မြောက်အောင် လုပ်နိုင်ခဲ့တယ်။ သူတစ်ကောင်တည်းပဲ ပြန်တိုက်ဖို့ မကြိုးစားဘဲ ထွက်ပြေးသွားတာ။ တကယ့် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်မှုပဲ... မြူနွံဂိုဏ်း အနေနဲ့ သတိထားမှ ရမယ်"တိုးတိုးလေး ရေရွတ်ရင်း တောဝက်ကြီး၏ ကိုယ်ထည်နှင့် ခေါင်းပြတ်၊ ဝါဂွမ်းဖြူလျှပ်စီးမြွေ၊ နှင့် သံလုံးပစ်ဖားပြုတ် တို့၏ အလောင်းများကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် သစ်ပင်တွင် ရိုက်ကပ်ခံထားရပြီး သေလုမျောပါး ဖြစ်နေသော အဆိပ်စားဗျိုင်းဆီသို့ လျှောက်သွားလိုက်သည်။
"ဒီကောင်ကရော စားလို့ရပါ့မလား။ ငါနဲ့ အဆိပ်ခုခံနိုင်စွမ်း တူညီတဲ့ ယန်ချင်းကိုပဲ မြည်းစမ်းခိုင်းကြည့်ရမယ်။ ဒါပေမဲ့ ဒီကောင်ကို ဘယ်လို ချက်ပြုတ်ရမလဲဆိုတာ သိမှာမဟုတ်ဘူး။ စားဖိုမှူးတွေကရော ငါ့ကို သင်ပေးချင်ပါ့မလား မသိဘူး"
ဖုန့်ရှင်းက ခေါင်းငိုက်စိုက်ကျနေသော ဗျိုင်းကြီးကို ကြည့်ရင်း မေးစေ့ကို ပွတ်ကာ စဉ်းစားနေသည်။
ထို့နောက် သူ၏ လက်ချောင်းမှ ဓားချီ ကို ထုတ်လွှတ်ကာ အဆိပ်စားဗျိုင်း၏ ခေါင်းကို ဖောက်ထွင်းလိုက်ပြီးနောက် ချက်ချင်းပင် သိမ်းဆည်းလိုက်သည်။ ပြီးနောက် ရေခဲနှုတ်သီးဗျိုင်း ရှိရာသို့ သွားကာ ကြီးမားသော ရေခဲတုံးကြီးပေါ်တွင် ညာဘက်လက်ဝါးကို တင်လိုက်သည်။
ရေခဲတုံးကြီးမှာ အဖြူရောင် မြူခိုးများအဖြစ် ပျော်ဝင်သွားပြီး ရေခဲနှုတ်သီးဗျိုင်း မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ ဖုန်ရှင်းက ၎င်းကိုလည်း သိမ်းဆည်းလိုက်ပြီးနောက် နောက်ဆုံး ကျန်ရှိနေသေးသော သက်ရှိဖြစ်သည့် 'ပုံရိပ်ယောင် ပုစဉ်း' ဆီသို့ သွားလိုက်သည်။
ပုံရိပ်ယောင် ပုစဉ်း ရှိရာသို့ ရောက်သောအခါ သူက ရေခဲတုံးကြီးပေါ် လက်တင်လိုက်ရာ ယခင်အတိုင်းပင် ဖြစ်ပျက်သွားသည်။ သစ်ရွက်စများ အပါအဝင် ဖုံးအုပ်ထားသော ရေခဲများက မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ပုံရိပ်ယောင် ပုစဉ်းမှာ အတောင်ပံ ခတ်နိုင်စွမ်းပင် မရှိတော့ဘဲ အားနည်းစွာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ဖုန်ရှင်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပုစဉ်းကြီးအပေါ် လက်ဝါးတင်လိုက်သည်။ သူ၏ လက်ဝါးများက ပုံရိပ်ယောင် ပုစဉ်းဆီမှ အဖြူရောင် မြူခိုးများကို စုပ်ယူလိုက်သကဲ့သို့ ဖြစ်သွားသည်။ ပုစဉ်း၏ အတောင်ပံအချို့ တဖျပ်ဖျပ် လှုပ်ရှားလာပြီး အင်အားများ ပြန်လည် ပြည့်ဝလာသည်။ ဝိညာဉ်သတ္တဝါများသည် သူတို့၏ ခွန်အားနှင့် ရှင်သန်နိုင်စွမ်းကြောင့် ကျော်ကြားသည် မဟုတ်ပါလား။
မကြာမီ ပုံရိပ်ယောင် ပုစဉ်းမှာ မတ်တပ်ရပ်နိုင်လာပြီး ၎င်း၏ ကြီးမားသော မျက်လုံးပေါင်းစုံဖြင့် ဖုန်ရှင်းကို စိုက်ကြည့်နေသည်။ မီတာ ၂၀ အမြင့်ရှိသော ပုံရိပ်ယောင် ပုစဉ်းနှင့် ယှဉ်လိုက်လျှင် ဖုန်ရှင်းမှာ ပုရွက်ဆိတ်လေး တစ်ကောင်အလား သေးငယ်လှသည်။ သို့သော် ထိုပုရွက်ဆိတ်လေးက ဘီလူးသဘက်ကြီး ဖြစ်ပြီး မိမိသာလျှင် ပုရွက်ဆိတ် ဖြစ်ကြောင်း ပုံရိပ်ယောင် ပုစဉ်းကြီး ကောင်းကောင်း သိနားလည်လိုက်သည်။
"ငါစောစောက ပြောတာ မင်းကြားတယ်မလား...မင်းရော ငါနဲ့ လိုက်ခဲ့ချင်လား" ဖုန်ရှင်းက မတ်တပ်ရပ်ရင်း ညင်သာစွာ မေးလိုက်သည်။
ပုံရိပ်ယောင် ပုစဉ်းက ခေါင်းကို လျင်မြန်စွာ ညိတ်ပြလိုက်သဖြင့် ဖုန်ရှင်းပင် အံ့သြသွားရသည်။ ၎င်းက တွေဝေခြင်းမရှိဘဲ ခေါင်းကို ပြင်းပြင်းထန်ထန် ဆက်တိုက်ညိတ်ပြနေသဖြင့် ခေါင်းပြုတ်ထွက်သွားမည်ကိုပင် ဖုန်ရှင်းစိုးရိမ်မိသည်။
"ကောင်းပြီ... ကောင်းပြီ... အဲ့လောက်ထိ လုပ်ပြစရာ မလိုပါဘူး။ ငါအခု ဒီမြူနွံတောရဲ့ အနောက်ဘက်ခြမ်းကို သွားမလို့။ခု ငါ အလျင်လိုနေတယ်၊ မင်း ငါ့နောက်က မီအောင်လိုက်ခဲ့နိုင်မယ်လို့ မျှော်လင့်တယ်"
ဖုန့်ရှင်းက ပြောပြီးနောက် မြူနွံဂိုဏ်း ရှိရာဘက်သို့ လျင်မြန်စွာ ခရီးဆက်လိုက်တော့သည်။
သူက ပုံရိပ်ယောင် ပုစဉ်းကို စီးနင်းသွားရန် စဉ်းစားခဲ့သော်လည်း ၎င်း၏ပုံစံကို ကြည့်ပြီး လက်လျော့လိုက်သည်။ ကိုယ့်အားကိုယ်ကိုးပြီး သွားတာက ပိုကောင်းလိမ့်မည်၊ သို့မဟုတ်ပါက နောက်ကျသွားနိုင်သည်။
ဖုန့်ရှင်းက ရှေ့သို့ ဒုန်းစိုင်းပြေးထွက်သွားရာ ကြောင်အမ်းအမ်း ဖြစ်နေသော ပုံရိပ်ယောင်ပုစဉ်းကြီးမှာ ယောင်နနဖြင့် ကျန်ရစ်ခဲ့သည်။ ခေါင်းကို အတင်းညိတ်လိုက်သဖြင့် ခေါင်းမူးသွားခြင်း ဖြစ်ဟန်တူသည်။ သို့သော် မကြာမီပင် အသိပြန်ဝင်လာပြီးနောက် အလျင်အမြန် လိုက်ပါသွားလေတော့သည်။