← Chapters

မြူနွံဂိုဏ်းအတွင်း

Vol. 2 Ch. 19

မြူနွံဂိုဏ်းအတွင်း

Vol. 2 Ch. 19

ဖုန့်ရှင်းနှင့်ပုံရိပ်ယောင်ပုစဉ်းတို့သည် တစ်ယောက်နှင့်တစ်ယောက် စကားတစ်ခွန်းမျှ မပြောဘဲ မြူနွံဂိုဏ်း ရှိရာသို့ အလျင်အမြန် ဦးတည်ကာ ပျံသန်းသွားကြသည်။ ပုံရိပ်ယောင်ပုစဉ်းသည် သူ၏ ခွန်အား အနည်းငယ် ပြန်လည်ရရှိလာပြီ ဖြစ်၍ ဖုန့်ရှင်း၏ လှုပ်ရှားမှုကို အမီလိုက်နိုင်နေပြီ ဖြစ်သည်။

သို့သော် ဖုန့်ရှင်းကမူ ပုစဉ်းကိုအလွန်အမင်း မပင်ပန်းစေရန် သူ၏ အရှိန်ကို တမင်တ​ကာပင် လျှော့ချထားခဲ့သည်။ ဖုန့်ရှင်းက ကုသပေးခဲ့သော်လည်း‘ဆောင်းဦးရွက်ကြွေဓားချက်’ ကြောင့် ရရှိခဲ့သော ဒဏ်ရာသည် ပုစဉ်းအပေါ်တွင် ထိခိုက်မှု အနည်းငယ် ရှိနေဆဲဖြစ်သဖြင့်အပြည့်အဝ ပြန်လည်သက်သာရန် အချိန်ယူရဦးမည်။

သူတို့နှစ်ဦးကြားတွင် ကြီးမားသော ကွာဟချက် ရှိနေသည်။ ဖုန့်ရှင်းသည် အမြုတေဖွဲ့စည်းခြင်း အဆင့် ၁၀ သို့မဟုတ် အမြုတေပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ပုံရိပ်ယောင် ပုစဉ်းမှာ အမြုတေဖွဲ့စည်းခြင်း အဆင့် ၄ သို့မဟုတ် အမြူတေသိပ်သည်းခြင်းအဆင့် သာ ရှိသေးသည်။

ကျင့်ကြံခြင်းအဆင့် ကွာခြားမှုသာမက အမြုတေ အရည်အသွေး ကွာခြားမှုလည်း ကြီးမားသည်။ ဖုန့်ရှင်းတွင် ရွှေရောင် အမြုတေ ရှိသော်လည်း ပုစဉ်းမှာမူ သူ၏ ခန့်မှန်းချက်အရ မြစိမ်းသစ်ရွက်နွားကဲ့သို့ လိမ္မော်ရောင် အမြုတေသာ ရှိပုံရသည်။

သူတို့နှစ်ဦးသည် ၁၀ မိနစ်ခန့် ဆက်လက် သွားလာပြီးနောက် ဖုန့်ရှင်းက ရပ်တန့်လိုက်ပြီး ပုစဉ်းကိုလည်း ရပ်တန့်ရန် အချက်ပြလိုက်သည်။ ထိုနေရာတွင် ထူးခြားသောအရာ မရှိဘဲ စိမ့်နွံ၏ အခြားနေရာများနှင့် ဆင်တူနေသည်။ သစ်ပင်များ၊ နွယ်ပင်များ၊ ပေါင်းပင်များနှင့် တိမ်သော ရေငန်အိုင်များသာ ရှိသည်။

ပုံရိပ်ယောင်ပုစဉ်းသည် ခေါင်းကို စောင်းလိုက်ပြီး အဘယ်ကြောင့် ဤနေရာတွင် ရပ်တန့်လိုက်ရသနည်းဟု မေးခွန်းထုတ်နေသကဲ့သို့ နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။ အနီးအနားတွင် ရန်သူ ရှိသည်ဟု သူအာရုံမခံမိပေ။ ဖုန့်ရှင်းသည် ဘာမှ ပြန်မပြောဘဲ ညာဘက်လက်ကို ရှေ့သို့ ဆန့်တန်းလိုက်ပြီး လက်ချောင်းများကို ကွေးကာ တစ်စုံတစ်ခုကို ဆွဲဖြဲလိုက်သကဲ့သို့ အောက်သို့ ဆွဲချလိုက်သည်။

သူ၏ လက်အောက်သို့ ဆွဲချလိုက်သည်နှင့် သစ်ပင်များ၊ နွယ်ပင်များနှင့် စိမ့်နွံတော၏ မြင်ကွင်းများ စတင် ပြောင်းလဲသွားသည်။ ဖု့န်ရှင်းလက်ကို အောက်သို့ အဆုံးထိ ချလိုက်ချိန်တွင် သူတို့ရှေ့မှ မြင်ကွင်းသည် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ သာမန် စိမ့်နွံတောအသွင်အပြင် နေရာတွင် အလယ်၌ လက်ရာမြောက်သော မြူနွယ်ပင်တံဆိပ် ထွင်းထုထားသည့် မြင့်မားလှသော အစိမ်းရောင် သစ်သားတံခါးကြီးတစ်ခု အစားထိုး ဝင်ရောက်လာသည်။

ထွင်းထုထားသော သစ်ပင်တံဆိပ်အောက်တွင် ရွှေရောင် လက်ရေးလှစာလုံးများဖြင့် “မြူနွံဂိုဏ်း” ဟု ရေးသားထားသည်။ ထိုစာလုံးတွင် သက်ရှိစွမ်းအား တစ်မျိုး ပါဝင်နေပြီး ဖိအားအနည်းငယ်ကို ပေးစွမ်းနေသည်။ ထိုဖိအားသည် ဖုန့်ရှင်းနှင့်ပုံရိပ်ယောင်ပုစဉ်းအပေါ် သက်ရောက်မှု မရှိသော်လည်း အခြေတည်အဆင့် သို့မဟုတ် အမြုတေဖွဲ့စည်းခြင်း အဆင့် ၁ ကျင့်ကြံသူများအတွက်မူ ထိုစာလုံးများရှေ့တွင် ပုံမှန်အတိုင်း ရပ်တည်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ပုံရိပ်ယောင် ပုစဉ်းသည် မြင်ကွင်းပြောင်းလဲသွားသဖြင့် အံ့သြသွားလေသည်။ ဤနေရာတွင် မည်သည့် အစီအရင် သို့မဟုတ် စွမ်းအင်အတက်အကျကိုမျှ သူ သတိမထားမိခဲ့ပေ။ ဂိုဏ်းကို ကျွမ်းကျင်သော အစီအရင်ပညာရှင်တစ်ဦးမှ ထင်ယောင်ထင်မှား အစီအရင် ဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်သည်။

ထိုပညာရှင်၏ နားလည်သဘောပေါက်နိုင်စွမ်းနှင့် စွမ်းရည်သည် ပုံရိပ်ယောင် ပုစဉ်းထက်များစွာ မြင့်မားနေပုံရသည်။ သို့သော် ဖုန့်ရှင်း၏ ရှေ့မှောက်တွင်မူ အရာအားလုံးက ကွဲပြားသွားသည်။

ဖုန့်ရှင်းသည် နက်နက်နဲနဲ စဉ်းစားနေသကဲ့သို့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“ထူးဆန်းတယ်... ဂိုဏ်းထဲမှာ ဘယ်သူ့ လှုပ်ရှားမှုကိုမှ အာရုံမခံမိဘူး။ သွေးနံ့ ဒါမှမဟုတ် တိုက်ပွဲဖြစ်ထားတဲ့ ချီစွမ်းအင် အတက်အကျတွေလည်း မရှိဘူး” တိတ်တဆိတ် တွေးလိုက်ပြီး မြူနွံဂိုဏ်း၏ ဂိတ်တံခါးကို တွန်းဖွင့်လိုက်သည်။

တံခါးကို အတင်းဖွင့်ရန် ကြိုးစားလိုက်သည်နှင့် သတ်ဖြတ်ခြင်း အစီအရင် တစ်ခု ပွင့်လာသော်လည်း ချက်ချင်းပင် အေးခဲသွားပြီး ပြန်လည်မတုံ့ပြန်နိုင်မီမှာပင် ဖုန့်ရှင်းက ဝင်ပေါက်တံခါးကြီးကို တွန်းဖွင့်လိုက်သည်။

သူတို့ကို ကြိုဆိုနေသည်မှာ အပ်ကျသံကိုပင် ကြားနိုင်လောက်သည့်အထိ တိတ်ဆိတ်နေသော ဝန်းကြီးတစ်ခု ဖြစ်သည်။ ဂိုဏ်းအတွင်းရှိ တစ်ခုတည်းသော အသံမှာ ကြွေကျလာသော သစ်ရွက်သံများနှင့် လေတိုက်ခတ်၍ ယိမ်းနွဲ့နေသော သစ်ပင်များ၏ အသံသာ ရှိသည်။

ဂိုဏ်း၏ အတွင်းပိုင်းသည် အပြင်ဘက်မှ မှောင်မိုက်အုံ့မှိုင်းနေသော အခြေအနေနှင့်ယှဥ်ပါက လုံးဝ ကွဲပြားခြားနားပေသည်။ ဂိုဏ်းအတွင်းတွင် မြစိမ်းရောင်မြူ အနည်းငယ်သာရှိသည်။ တွဲလောင်းကျနေသော နွယ်ပင်များ၊ ရေငန်အိုင်များ သို့မဟုတ် ဂိုဏ်းအပြင်ဘက်တွင် တွေ့ရလေ့ရှိသော အင်းဆက်ပိုးမွှားများ လုံးဝ မရှိပေ။

ဂိုဏ်းသည် ဆေးဖက်ဝင်အပင်များ စိုက်ပျိုးရာ တောင်ကြားတစ်ခုကဲ့သို့ ဖြစ်နေသည်။ ကျောက်ခင်းလမ်းဘေးတစ်ဖက်တစ်ချက်တွင် ပန်းမျိုးစုံ စိုက်ပျိုးထားသည်။ လမ်းများကို အနီရောင် ကျောက်သားတစ်မျိုးဖြင့် ခင်းထားပုံရသည်။ ၎င်းတို့သည် ညီညာချောမွေ့ပြီး ဘေးပတ်ဝန်းကျင်ရှိ အပင်များနှင့် လိုက်ဖက်ညီစွာ ပနံသင့်လျက်ရှိသည်။

ဂိုဏ်းနယ်မြေသည် အတွင်းပိုင်းသို့ ဝင်ရောက်လေ အထက်သို့မြင့်တက်လေ ဖြစ်သည်။ ဂိုဏ်းအတွင်းတွင် တောင်ထိပ် (၅) ခု ရှိသည်။ ဖုန့်ရှင်းနှင့်ပုံရိပ်ယောင်ပုစဉ်းတို့သည် ဂိုဏ်းအတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်သွားကြသည်။ သူတို့သည် အစုလိုက် တည်ဆောက်ထားသော အဆောက်အဦးငယ်များ ဘေးမှ ဖြတ်သန်းသွားကြသည်။

အရွယ်အစားအရ လူတစ်ယောက်တည်း နေထိုင်ရန် ရည်ရွယ်ထားပုံရသည်။ သေးငယ်သော်လည်း လှပသောလက်ရာများ ရှိသည်။ အဝါရောင် အမိုးခုံးများနှင့်အတူ ဂိုဏ်းပတ်ဝန်းကျင်ရှိ ကျောက်ခင်းလမ်းများနှင့် လိုက်ဖက်သော အနီရောင် နံရံများလည်း ရှိသည်။ အဆောက်အဦးများ၏ ဝင်ပေါက်အထက်တွင် ဆိုင်းဘုတ်တစ်ခု ရှိသည်။ ထိုဆိုင်းဘုတ်ပေါ်တွင် “ပြင်ပဂိုဏ်းအိပ်ဆောင်များ” ဟု လက်ရေးလှစာလုံးများဖြင့် ရေးသားထားသည်။

ရှေ့သို့ဆက်သွားလေလေ သူတို့ ဖြတ်သန်းသွားသော အဆောက်အဦးများ၏ အရည်အသွေးနှင့် အရွယ်အစားမှာ ပိုမို ခမ်းနားကြီးကျယ်လာလေလေ ဖြစ်သည်။

စာသင်ခန်းမများ၊ စားသောက်ဆိုင်များ၊ တိုက်ခိုက်ရေးကွင်းများနှင့် လှပသော ခြံဝင်းများ ရှိသည်။ ဤခြံဝန်းများသည် အတွင်းဂိုဏ်းသားများနှင့် အမာခံတပည့်များ နေထိုင်ရာ နေရာများ ဖြစ်ပုံရသည်။ ၎င်းတို့သည် ပိုမိုကြီးမားပြီး တစ်ခုနှင့်တစ်ခု အကွာအဝေး ပိုကျယ်သည်။

ဖုန့်ရှင်းနှင့်ပုံရိပ်ယောင်ပုစဉ်းတို့ ပုံမှန်နှုန်းဖြင့် ရှေ့ဆက်သွားနေကြသော်လည်း လူအရိပ်အယောင် တစ်ယောက်မျှ မတွေ့ရပေ။ ဖုန့်ရှင်းသည် တစ်စက္ကန့်မျှ ရပ်တန့်ခြင်းမရှိဘဲ ဗဟိုတောင်ထိပ်ဆီသို့ ဆက်လက် ဦးတည်သွားသည်။

နီးကပ်လာလေလေ ထိုဧရိယာရှိ ချီစွမ်းအင်အရည်အသွေးမှာ ပိုမိုကြွယ်ဝပြီး မြင့်မားလာလေ ဖြစ်သည်။ ဤသည်မှာ အပင်များနှင့် ပြုလုပ်ထားသောစွမ်းအင်စုဆောင်းရေး အစီအရင်များကြောင့် ဖြစ်နိုင်သည်။

မြင့်တက်လာလေ အဆောက်အဦး အရေအတွက် နည်းပါးလာလေ ဖြစ်သည်။ သို့သော် နည်းပါးသော်လည်း ယခင် ဖြတ်သန်းလာခဲ့သော အဆောက်အဦးများထက် ပိုမို ခမ်းနားထည်ဝါသည်။ အထူးသဖြင့် ထင်ရှားသော အဆောက်အဦးအချို့ ရှိသည်။ တစ်ခုမှာ ဆေးဖက်ဝင်အပင် ရနံ့များ ထွက်ပေါ်နေသော အစိမ်းရောင် ရှေ့ဟောင်းစေတီရှိပြီး အပြင်ဘက် တံခါးတွင် “အဂ္ဂိရတ်ဌာန” ဟု ရေးသားထားသည်။ အခြားအဆောက်အဦးများမှာ စေတီပုံစံများ မဟုတ်ဘဲ အမိုးခုံးပုံစံ အဆောက်အဦးကြီးများ ဖြစ်သည်။ တစ်ခုစီမှာ မတူညီသော ဌာနများ ဖြစ်ကြသည် - “အစီအရင်ဌာန”၊ “ပန်းပဲဌာန”၊ “စာကြည့်တိုက်ခန်းမ”၊ “စည်းကမ်းထိန်းသိမ်းရေးခန်းမ”၊ “တာဝန်ခန်းမ” နှင့် နောက်ဆုံးတွင် “ထောက်ပံ့ရေးခန်းမ” တို့ ဖြစ်ကြသည်။

ဤအဆောက်အဦးများသည် ဂိုဏ်းအတွက် အရေးကြီးကြောင်း ထင်ရှားသော်လည်း လူအရိပ်အယောင်ကို လုံးဝမတွေ့ရပေ။ တစ်နေရာလုံး ထူးဆန်းသော လေထုတစ်ခု လွှမ်းခြုံနေလျက်ရှိသည်။ ဗဟိုတောင်ထိပ်သို့ သွားရာလမ်းတွင် ဖုန့်ရှင်းသည် ဗဟိုတောင်ထိပ်၏ ဘယ်ဘက်ရှိ တောင်ထိပ်တစ်ခုပေါ်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ခရမ်းရင့်ရောင် မီးခိုးငွေ့များကို လှမ်းမြင်လိုက်ရသည်။

သူ၏ နှာခေါင်း အနည်းငယ် ရှုံ့သွားပြီး ခရမ်းရင့်ရောင် မီးခိုးငွေ့များ ရှိရာ တောင်ထိပ်ဘက်သို့ လမ်းကြောင်း ပြောင်းလိုက်သည်။ မိနစ်အနည်းငယ်အတွင်း ဖုန်ရှင်းနှင့် ပုံရိပ်ယောင်ပုစဉ်းတို့တောင်ခြေသို့ ရောက်ရှိသွားကြသည်။

တောင်ပေါ်သို့ တက်ရန် ကွေ့ကောက်နေသော လှေကားထစ်များ ရှိပြီး သူတို့နှစ်ဦး အလျင်အမြန် တက်လိုက်ကြသည်။ ဤနေရာရှိ ချီစွမ်းအင်သည် သူတို့ ဖြတ်သန်းလာခဲ့သော နေရာများထက် ၄ ဆ ပိုမို သိပ်သည်းသည်။ “ဒီတောင်ထိပ်ပိုင်ရှင်က ဂိုဏ်းမှာ ရာထူးကြီးမယ့်ပုံပဲ” ဟု ဖုန့်ရှင်း တွေးလိုက်သည်။

ပုံရိပ်ယောင် ပုစဉ်းသည် ချီစွမ်းအင် သိပ်သည်းမှုအောက် နစ်မြုပ်သွားပြီး စွမ်းအင်များကို လောဘတကြီး စုပ်ယူနေတော့သည်။ ရေငတ်ပြီး အစာငတ်နေသူ တစ်ဦးအား ရေအေးအေးတစ်ခွက်နှင့် ပူပူနွေးနွေး အစားအစာ ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ ဖုန့်ရှင်းသည် ပုစဉ်း၏ ငတ်ကြီးကျနေသော ပုံစံကို လျစ်လျူရှုကာ မကြာမီ တောင်ထိပ်သို့ ရောက်ရှိသွားကြသည်။ တောင်ထိပ်ဧရိယာသည် လွင်ပြင်ကဲ့သို့ လုံးဝ ပြန့်ပြူးနေသည်။ အရွယ်အစားမှာ ဂိုဏ်းတစ်ခုလုံး၏ လေးပုံတစ်ပုံခန့် ရှိသည်။ ဤအချက်က တောင်ထိပ်ပိုင်ရှင်၏ အရေးပါမှုကို ပိုမို ထင်ရှားစေသည်။

တောင်ထိပ်ဧရိယာတဝိုက်ရှိ လေထုမှာ အေးချမ်းသာယာလျက်ရှိသည်။ လာရာလမ်းတစ်လျှောက် တွေ့ခဲ့ရသော ခန်းမများနှင့် အဆောက်အဦးများ၏ အသေးစားပုံစံများ ရှိသည်။ စာကြည့်တိုက်၊ အဂ္ဂိရတ်ခန်းမ၊ ပန်းပဲခန်းမနှင့် အလွန်ကြီးမားသော ဆေးဖက်ဝင်အပင် စိုက်ခင်းတစ်ခု ရှိသည်။ တံတားငယ်လေးများဖြင့် ဖြတ်သန်းစီးဆင်းနေသော မြစ်ငယ်လေး တစ်စင်းလည်း ရှိသည်။

လိမ္မော်ရောင်အမိုးကြွပ်များမိုးထားသော အလွန်ကြီးမားသည့် အဆောက်အအုံကြီးတစ်ခု ရှိသည်။ ခရမ်းရင့်ရောင် မီးခိုးငွေ့များသည် ထိုနေရာမှ ထွက်ပေါ်လာပုံရပြီး အကြွင်းအကျန်အချို့ကို အေးမြသောလေပြေလေညှင်းများက သယ်ဆောင်သွားကြသည်။

ဖုန်ရှင်းသည် ထိုနေရာသို့ အလျင်အမြန် သွားရောက်လိုက်သည်။ ပုံရိပ်ယောင်ပုစဉ်းကမူ နောက်မှ လိုက်ရင်း ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို လောဘတကြီး စုပ်ယူနေဆဲပင်။

“မင်း သတိလစ် မသွားချင်ဘူးဆိုရင် ဒီနေရာက ချီစွမ်းအင်တွေကို ဆက်မစုပ်ယူဖို့ အကြံပေးချင်တယ်” ဖုန့်ရှင်းကပုစဉ်းကို ဘေးတိုက်ကြည့်ရင်း ပြောလိုက်သည်။

ပုံရိပ်ယောင် ပုစဉ်းသည် အစပိုင်းတွင် နားမလည်နိုင် ဖြစ်သွားသော်လည်း မကြာမီ မူးဝေသော ခံစားချက်တစ်ခု ဝင်ရောက်လာသဖြင့် ခေါင်းကို ခါရမ်းကာ ထိုခံစားချက်ကို ဖျောက်ဖျက်ရန် ကြိုးစားလိုက်သည်။ အဆင်မပြေဖြစ်လာသောအခါ အတောင်ပံများကို လျင်မြန်စွာ ခတ်လိုက်ရာ သတ္တုချင်း ရိုက်ခတ်သံကဲ့သို့ တုန်ခါသံများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှ ရွှေရောင် ဖုန်မှုန့်များနှင့် နှင်းစက်များ ထွက်လာသည်။ မကြာမီ ခရမ်းရင့်ရောင် အရည်များ ခန္ဓာကိုယ်မှ ထွက်လာပြီး အတောင်ပံ ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အပူချိန်ကြောင့် အငွေ့ပျံသွားသည်။

ခရမ်းရင့်ရောင် အရည်များ ကုန်သွားသည်အထိ ဆက်လက် ရိုက်ခတ်ပြီးနောက် အတောင်ပံခတ်ခြင်းကို ရပ်တန့်လိုက်သည်။ ယခုအခါ ပုစဉ်းသည် ယခင်ကလို ခပ်ပေါ့ပေါ့မနေရဲ ဘဲ ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေတော့သည်။ ယခင်ကဖုန့်ရှင်း ရှိနေသဖြင့် သတိလက်လွတ် နေခဲ့မိသည်။

ဖုန်ရှင်း၏ စွမ်းအားကြီးမားမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသဖြင့် မမျှော်လင့်ထားသော ကိစ္စများ ဖြစ်လာလျှင်ပင် သူ ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။ ဖုန့်ရှင်းရှိနေခြင်းကပုစဥ်းကောင်အားမြစိမ်းရောင်မြူတောဒေသ နှင့် စိမ့်နွံ၏ အဓိက အန္တရာယ်ဖြစ်သော “အဆိပ်” ကို မေ့သွားစေခဲ့သည်။

စိမ့်နွံထဲတွင် ကြောက်စရာအကောင်းဆုံးမှာ ခွန်အားမဟုတ်ဘဲ အဆိပ်ပင် ဖြစ်သည်။ အဆိပ်သည် စိမ့်နွံ၏ ဘုရင်ဖြစ်သည်။ ဒေသတွင်းရှိ သတ္တဝါနှင့် အပင်ထက်ဝက်ခန့်သည် သဘာဝအလျောက် အဆိပ်ရှိကြပြီး ကျန်တစ်ဝက်မှာ သတိရှိမှုနှင့် လျင်မြန်မှုတွင် ကျွမ်းကျင်ကြသည်။ အချို့မှာမူ နှစ်မျိုးလုံး ကျွမ်းကျင်ကြသည်။

ဥပမာ - လျှပ်စီးမြွေပွေးသည် အဆိပ်၊ အမြန်နှုန်းနှင့်ရှောင်တိမ်းမှုတို့တွင် ကြောက်စရာကောင်းလောက်အောင် ကျွမ်းကျင်သည်။ ၎င်းသည် စိမ့်နွံ၏ တောင်ဘက်ပိုင်းရှိ ဘုရင်အတု ၃ ကောင်အနက် တစ်ကောင်ဖြစ်သည်။

အစိမ်းရောင်ပန်းပွင့်ဝက်သိုးမှာမူ စိမ့်နွံထဲတွင် ထူးခြားသော သတ္တဝါဖြစ်သည်။ ခန္ဓာကိုယ်ကြီးမားပြီးမမြန်ဆန်ပေ၊ ခွန်အားကိုသာ အားကိုးပြီး အဆိပ်စွမ်းရည် လုံးဝ မရှိပေ။ သို့သော် အမြန်နှုန်းနှင့် အဆိပ် မရှိသော်လည်း ထိပ်တန်းအဆင့်တွင် ရပ်တည်နိုင်စေသော စွမ်းရည်အချို့ ရှိသည်။ တစ်ခုမှာ ခေါင်းပေါ်ရှိ အစိမ်းရောင်ပန်းပွင့် ဖြစ်ပြီး ဒဏ်ရာများနှင့် အဆိပ်သင့်မှုများကို လျင်မြန်စွာ ကုသပေးနိုင်သည်။

အဆိပ် မည်မျှ ပြင်းထန်ပါစေ ပတ်ဝန်းကျင်တွင် အပင်များ ရှိနေသရွေ့ ၎င်းတို့၏ အနှစ်သာရကို စုပ်ယူပြီး မိမိ၏ သက်စောင့်အားနှင့် ကုသနိုင်စွမ်းကို မြှင့်တင်နိုင်သည်။ ထိုစွမ်းရည်တစ်ခုတည်းဖြင့်ပင် ဖုန့်ရှင်း မရောက်လာမီအထိ ၎င်းကို အနိုင်ယူနိုင်သူ မရှိသလောက်ပင်။ ထို့အပြင် မာကျောသော အရေပြားကြောင့် အမြန်နှုန်းကို အားကိုးသော သတ္တဝါများအနေဖြင့် ထိုးဖောက်ရန် ခက်ခဲသည်။

ဖုန့်ရှင်းသာ မရှိခဲ့လျှင် အချိန်ကြာလာသည်နှင့်အမျှ တောင်ဘက်ပိုင်း၏ ဘုရင်အတု စာရင်းဝင် ဖြစ်လာနိုင်ဖွယ် ရှိသည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ “အကယ်၍” ဆိုသည်မှာ မရှိခဲ့ပေ။ ၎င်း၏ ကံကြမ္မာသည် ဘုရင်အတု ဖြစ်လာမည့်အစား ဘုရင်အဆင့် ဟင်းပွဲတစ်ပွဲ ဖြစ်သွားခဲ့ရလေသည်။

All Chapters