သူတို့ကို ရှာပေး
Vol. 2 Ch. 20
ဖုန့်ရှင်းသည် ပုံရိပ်ယောင်ပုစဉ်း၏ အခြေအနေ ကောင်းမွန်ကြောင်း မြင်တွေ့ရသောအခါ “ဖုန်း စံအိမ်” ဟု ရေးသားထားသောအဆောက်အအုံကြီးဆီသို့ ဝင်ရောက်သွားသည်။ စာလုံးများမှာ ရိုးရှင်းသော်လည်း အရှုံးမပေးလိုသည့် အရှိန်အဝါတစ်ခု ပါဝင်နေသည်။
ဤအချက်ကပင် ဖုန့်ရှင်းကို မျက်ခုံးပင့်သွားစေသည်မှာ အရှိန်အဝါ၏ အားကောင်းမှုကြောင့် မဟုတ်ဘဲ ရေးသားသူ၏ စိတ်ဓာတ်ကြောင့် ဖြစ်သည်။ ဇွဲလုံ့လရှိသူ အများစုတွင် မာန်မာနထောင်လွှားသော အရှိန်အဝါပါလာတတ်သော်လည်း ဤတစ်ခုတွင်မူ ထိုသို့ မဟုတ်ပေ။ ‘အမိန့်တော်အဖွဲ့’ တွင်လည်း အလားတူ အရည်အချင်းရှိသူ အနည်းငယ်ကို သူတွေ့ဖူးသည်။
သူတို့တွင် မာနမပါဘဲခိုင်မာသော ဇွဲ၊ စိတ်ဓာတ် ရှိကြသည်။ ထိုဇွဲလုံ့လသည် ပေါ့ပေါ့ပါးပါးနေတတ်ကာ၊ အရာရာကိုစူးစမ်းတတ်၍၊ တာဝန်ယူတတ်ပြီး လွတ်လပ်မှုကို မြတ်နိုးသော သဘာဝတို့နှင့် တွဲဖက်နေတတ်သည်။ သူတို့သည် ‘အမိန့်တော်အဖွဲ့’ အတွင်း၌ပင် ထူးချွန်ထက်မြက်သော ပါရမီရှင်များ ဖြစ်ကြသည်။ ဤကဲ့သို့ ခေါင်ဖျားသော ဂိုဏ်းလေးတစ်ခုတွင် အလားတူ အရည်အချင်းရှိသူ တစ်ဦးကို တွေ့ရလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
သူသည် ဝင်ပေါက်ဆီသို့ သွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။ အဆောက်အဦး၏ ကာကွယ်ရေး အစီအရင်များမှာ ပိတ်ထားပုံရသည်။ တံခါးများ ပွင့်သွားသည်နှင့် ထူထဲသော ခရမ်းရင့်ရောင် မီးခိုးငွေ့များက တံခါးပေါက်မှတစ်ဆင့် အပြင်သို့လျှံကျလာသည်။ ပုံရိပ်ယောင် ပုစဉ်းသည် အဆောက်အဦးထဲမှ ထွက်လာသော ခရမ်းရင့်ရောင် မီးခိုးငွေ့ ပမာဏကို မြင်လိုက်ရသောအခါ ကြောက်ရွံ့စွာဖြင့် အလျင်အမြန် ရှောင်ပြေးသွားတော့သည်။
မီးခိုးငွေ့များသည် နေရာအနှံ့ပြန့်နှံ့သွားပြီး တောင်ထိပ်ရှိ မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အဆောက်အဦးများ၊ အပင်များနှင့် မြစ်ငယ်လေးတို့သည် မကြာမီ မီးခိုးငွေ့များအောက်တွင် နစ်မြုပ်သွားပြီး ထိုဧရိယာတဝိုက်တွင် မြင်ကွင်းတစ်ခုလုံး ဝေဝါးလာသည်။
ခန်းမအတွင်း၌မူခြေသံသဲ့သဲ့များသာ ပဲ့တင်ထပ်နေသည်။ ထိုခြေသံပိုင်ရှင်မှာခန်းမထဲသို့ ဝင်ရောက်သွားသော ဖုန့်ရှင်းပင်။
“သက်တံ့ရောင်မြူဖားပြုတ်ကို လွှတ်ပေးပြီး ဒီရှုပ်ပွနေတာတွေကို ရှင်းခိုင်းလိုက်ရမလား။ အာ... မလုပ်တော့ပါဘူး... ငါ့ဘာသာပဲ ရှင်းလိုက်တော့မယ်။ အရသာ ဘယ်လိုနေမလဲ သိချင်မိသား” ဖုန့်ရှင်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
ပုံရိပ်ယောင်ပုစဉ်းမှာမူ ယခုအချိန်တွင် အဆောက်အဦအထက် မီတာရာဂဏန်း အကွာအဝေးသို့ ရောက်ရှိနေပြီး အထက်သို့ လျင်မြန်စွာ ဆက်လက် ပျံတက်နေသည်။
“အလုံးစုံဝါးမြိုခြင်းလမ်းကြောင်း” ဖုန့်ရှင်းတီးတိုးရွတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် ဆံပင်၏ လေးပုံတစ်ပုံခန့် ဖြူဖွေးသွားသည်။အသက်ရှူသွင်းလိုက်သည့် ခဏမှာပင် ကြီးမားသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။ ပြန့်နှံ့နေသော ခရမ်းရင့်ရောင် မီးခိုးငွေ့များ အားလုံးသည် အဆောက်အဦ ဆီသို့ ပြန်လည် ဆွဲယူခြင်း ခံလိုက်ရပြီး ဖုန်ရှင်းက ဝါးမြိုလိုက်တော့သည်။ ၃ မိနစ် မပြည့်ခင်မှာပင် မီးခိုးငွေ့များ အားလုံး ရှင်းလင်းသွားပြီး တောင်ထိပ်သည် ယခင်ကဲ့သို့ ကြည်လင်အေးချမ်းသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
ပုံရိပ်ယောင်ပုစဉ်းသည် ခရမ်းရင့်ရောင် မီးခိုးငွေ့များ ပျောက်ကွယ်သွားပုံကို မြင်လိုက်ရသောအခါ စူးရှစွာ အော်မြည်လိုက်သည်။ ထိုမီးခိုးငွေ့များ အားလုံးကို ဖုန့်ရှင်း ဝါးမြိုလိုက်ခြင်းအား သူ မယုံနိုင်အောင်ပင် ဖြစ်နေသည်။ ခုနက သူ အနည်းငယ် ထိတွေ့လိုက်ရုံဖြင့် မူးဝေသွားခဲ့သော်လည်း ဖုန့်ရှင်းကမူ တောင်ထိပ်တစ်ခုလုံးနီးပါး ဖုံးလွှမ်းသွားသော မီးခိုးတိမ်တိုက်ကြီး တစ်ခုလုံးကို ဝါးမြိုပစ်လိုက်ခြင်း ဖြစ်သည်။
“ဒီလူသားရဲ့ ခန္ဓာကိုယ်ကို ဘာနဲ့လုပ်ထားတာလဲ။ သက်တံ့ရောင်မြူဖားပြုတ် ဘိုလင်းတစ်ကောင်တည်းသာ ဒီလောက်များတဲ့ မီးခိုးငွေ့တွေကို သူရှင်းသလို အလွယ်တကူ ရှင်းနိုင်မှာ” ပုံရိပ်ယောင်ပုစဉ်းက တွေးတောရင်း အောက်သို့ အလျင်အမြန် ဆင်းလာခဲ့သည်။
ပုံရိပ်ယောင်ပုစဉ်းက ခန်းမကြီးထဲသို့ ပြန်ရောက်သောအခါ ဖုန့်ရှင်းသည် ခန်းမအလယ်တွင် ရပ်နေပြီး သူ၏ပတ်ဝန်းကျင်ရှိ ကြမ်းပြင်ပေါ်တွင်လူပေါင်းများစွာ လဲလျောင်းနေကြသည်ကို တွေ့လိုက်ရသည်။ သူ့ခန့်မှန်းချက်အရ လူပေါင်း ထောင်ချီ ရှိမည်။ လူငယ်၊ လူလတ်ပိုင်းနှင့် သက်ကြီးပိုင်း အရွယ်စုံ လူများသည် သေဆုံးနေသလား၊ သတိလစ်နေသလား မသေချာသော အနေအထားဖြင့် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြသည်။
သူသည် တိတ်ဆိတ်စွာဖြင့် ဖုန့်ရှင်း၏ ဘေးသို့ ပျံသန်းသွားသည်။ ဖုန့်ရှင်း၏ ခန္ဓာကိုယ်သည် ယခုအခါ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ ဖြစ်သည်။ ဖုန်ရှင်းသည် အဆောက်အဦတစ်ခုလုံးကို သူ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးရင်း ခေတ္တမျှ ငြိမ်သက်နေပြီးမှ မျက်နှာထားမှာလျော့သွားသည်။
“သြော်... ဂိုဏ်းသားတွေ ဒီရောက်နေကြတာကိုး။ ကံကောင်းလို့ မသေကြသေးဘူး။ သတိလစ်နေကြရုံလောက်ပဲ” ဖုန့်ရှင်းက သက်ပြင်းချရင်း ပြောလိုက်သည်။
“အကြီးအကဲဖုန်းနဲ့ ကျန်တဲ့လူတွေ ဖော်စပ်ထားတဲ့ ဆေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းသားပဲ။ မီးခိုးငွေ့က လူကို သတိလစ်စေပြီး စွမ်းအင်စီးဆင်းမှုကို ရပ်တန့်စေတဲ့ အာနိသင် ရှိပုံရတယ်။ ဒါက ဆေးအာနိသင် ပိုကြာရှည်ခံအောင် လုပ်ထားတာပဲ။ အာနိသင်ကလည်း တော်တော်ပြင်းထန်တယ်၊ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတိလစ်အောင် မလုပ်နိုင်ရင်တောင် ခဏလောက် အာရုံ ထွေပြားသွားအောင် လုပ်ဖို့ လုံလောက်တယ်။
အခြေတည်အဆင့်လောက်ပဲ ရှိတဲ့လူတွေက ဒါတွေအားလုံး လုပ်နိုင်ခဲ့တယ်ဆိုတာ မယုံနိုင်စရာပဲ။ မြူနွံဂိုဏ်းရဲ့ အဂ္ဂိရတ် ဂုဏ်သတင်းက အလကားတော့ မဟုတ်ဘူးပဲ။ သူတို့မှာ ဒီနယ်ပယ်နဲ့ ပတ်သက်ရင် တက်သစ်စပါရမီရှင်တချို့ ရှိနေတာပဲ။ လောလောဆယ် ဒီလူတွေကို ဒီမှာပဲ ထားခဲ့လိုက်ဦးမယ်။
ချက်ချင်းကြီး အန္တရာယ်ဖြစ်မယ့် အနေအထားတော့ မရှိပါဘူး။ ဒါပေမဲ့ စိတ်ချရအောင် ပုံရိပ်ယောင်ပုစဉ်းကို ဒီမှာပဲ စောင့်ခိုင်းထားလိုက်မယ်” ဖုန့်ရှင်း တိတ်တဆိတ် တွေးလိုက်ပြီးနောက် ပုံရိပ်ယောင် ပုစဉ်းဘက်သို့ လှည့်ကာ မြူနွံဂိုဏ်းသားများကို စောင့်ရှောက်ထားရန် အမိန့်ပေးလိုက်သည်။ သူကတော့ ဂိုဏ်းချုပ်၏ နေအိမ်နှင့် မြူနွယ်ပင် ရှိရာ ဗဟိုတောင်ထိပ်သို့ ဆက်သွားမည် ဖြစ်သည်။
“သူတို့ထဲက တစ်ယောက်ကိုမှ စားဖို့ မကြိုးစားနဲ့နော်၊ ဒီမှာ ရှိတဲ့လူတိုင်းကို ငါမှတ်မိတယ်။ တစ်ယောက်ယောက် ပျောက်သွားတာနဲ့...” ဖုန့်ရှင်းက ပုံရိပ်ယောင်ပုစဉ်းကို အန္တရာယ်ရှိသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်ပြီးနောက် တုန်ရီနေသောပုစဉ်းကို ထားရစ်ခဲ့ကာ ဗဟိုတောင်ထိပ်သို့ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ဖုန့်ရှင်းသည် ဗဟိုတောင်ထိပ်သို့ လျင်မြန်စွာဖြင့် ရောက်ရှိသွားသည်။ ထိုနေရာတွင်လည်း သူလာခဲ့သော နေရာကဲ့သို့ပင် ကွေ့ကောက်သော လှေကားထစ်များ ရှိသည်။ ပုံရိပ်ယောင်ပုစဉ်းအတွက် စောင့်ပေးစရာ မလိုတော့သဖြင့် မိနစ်အနည်းငယ် အတွင်းမှာပင် တောင်ထိပ်ပေါ်သို့ ရောက်ရှိသွားသည်။
ဖုန့်ရှင်း၏ ရှေ့မှမြင်ကွင်းသည် အမှန်တကယ့်ပင် လှပသည်။ ဧရိယာသည် ပြန့်ပြူးနေပြီး ဖုန်းခန်းမတည်ရှိရာ ဧရိယာထက် ၃ ဆခန့်မျှ ပိုကြီးသည်။ ချီစွမ်းအင် သည်လည်း ပိုမို ကြွယ်ဝသန့်ရှင်းပေသည်။ ထိုနေရာတွင် အဆောက်အဦတစ်ခုတည်းသာ ရှိပြီး ခမ်းနားထည်ဝါခြင်း မရှိသော်လည်းဖြောင့်မတ်သော အရှိန်အဝါတစ်ခု ရှိနေသည်။
ကျန်သော မြေနေရာများတွင် အရည်အသွေး၊ အမျိုးအစားစုံလင်လှသော ဆေးဖက်ဝင်အပင် ရာပေါင်းများစွာ စိုက်ပျိုးထားသည်။ ဆေးပင်များ ရှိရာ ဧရိယာကို ဝန်းရံလျက် မြစ်တစ်စင်းကဲ့သို့ ဖြည်းညင်းစွာ စီးဆင်းလျက်ရှိသည်။ မြစ်သည် ဆေးပင်များကဲ့သို့ပင် စွမ်းအင်များ ပြည့်ဝနေသည်။ ဤအချက်ကပင် ပိုမို သက်ဝင်လှုပ်ရှားစေသည်။
ဖုန့်ရှင်းသည် ဆေးပင်များကို တစ်ချက်မျှ မကြည့်ဘဲ အဆောက်အဦဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ရှေ့တွင် “ဂိုဏ်းချုပ်စံအိမ်” ဟု ရေးသားထားသော ဆိုင်းဘုတ်ဟောင်းတစ်ခု ရှိသည်။ ဘေးဘက်ရှိ ဆိုင်းဘုတ်ငယ်လေးတွင် အမည် ၃ ခု ရေးသားထားသည်။ ထိုအမည် ၃ ခုမှာ -အနိုင်မခံအရှိုးမပေးလိုသည့်စိတ်ဆန္ဒရှိသော အရှိန်အဝါ ပါသည့် “လျောင်ဟန်”၊ တောင်ကျစမ်းချောင်း၏ သက်ဝင်လှုပ်ရှားမှု အရှိန်အဝါ ပါသည့် “ထန်ရှန်းယွမ်” နှင့် တည်ကြည်ခိုင်မာသော အရှိန်အဝါ ပါရှိသည့် နောက်ဆုံးအမည် “ချန်ယွမ်” တို့ ဖြစ်ကြသည်။ ဤသည်မှာ မြူနွံဂိုဏ်း၏ အတိတ်နှင့် လက်ရှိကာလရှိ ဂိုဏ်းချုပ်များ၏ အမည်များပင် ဖြစ်သည်။
ဖုန့်ရှင်းသည် အဆောက်အဦးကို ကျော်လွန်ပြီး နောက်ဘက်သို့ သွားလိုက်သည်။ နောက်ဘက်ရှိ မြေနေရာတွင် ရှေ့ဘက်လောက်ဆေးပင် မများသော်လည်း အရည်အသွေးပိုကောင်းသည်။ ထိုနေရာတွင် မြေကမ္ဘာအဆင့် ဆေးပင် အနည်းငယ် ပေါက်ရောက်နေပြီး အဖူးထွက်စပြုနေသော ကောင်းကင်အဆင့် ဆေးပင်တစ်ပင်လည်း ရှိသည်။ ထိုနေရာကို လွှမ်းခြုံထားသော လေထုမှာ အေးမြလန်းဆန်းနေသဖြင့် အသက်ပြင်းပြင်း မရှူဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
“ကြည့်ရတာ မြူနွယ်ပင်က ရှားပါးတဲ့ထူးဆန်းမှုတစ်ခုပဲ။ ဒီနေရာရဲ့ တည်ငြိမ်မှုနဲ့ ချီကြွယ်ဝမှုက ထိပ်တန်းအဆင့် ဧကရာဇ်အဆင့် ဆေးပင်တွေနဲ့ ရတနာတွေရဲ့ အာနိသင်ကိုတောင်ယှဉ်နိုင်တယ်။ သူဖန်တီးပေးထားတဲ့ ပတ်ဝန်းကျင်က လူတစ်ယောက်ကို ကျင့်ကြံတဲ့ အခြေအနေ ကို အမြန် ရောက်စေနိုင်တယ်” ဖုန့်ရှင်းတိတ်တဆိတ် တွေးလိုက်ပြီး ဗဟိုဧရိယာဆီသို့ ရှေ့ဆက်သွားလိုက်သည်။
ဗဟိုဧရိယာဝန်းကျင် ၂ ကီလိုမီတာ အတွင်းတွင် အပင်တစ်ပင်မျှ မရှိပေ။ ထိုနေရာသည် မြင့်မြတ်ပြီး တော်ဝင်ဆန်သည့် နေရာတစ်ခုကဲ့သို့ ဖြစ်နေသည်။ ဖုန့်ရှင်းသွားကြည့်လိုက်သောအခါ မီတာ ရာပေါင်းများစွာ နက်သော ကြီးမားသည့် တွင်းကြီးတစ်ခုနှင့် ပတ်ဝန်းကျင်တွင် ဖြန့်ကျက်ထားသော အခြား မြောင်းများကို တွေ့လိုက်ရသည်။
လိမ္မော်ရောင် မြေစာပုံများလည်း ရှိနေသည်။ ဖုန့်ရှင်းသည် မြောင်းတစ်ခုဆီသို့ သွားပြီး ငုံ့ကာ သစ်ရွက်သေးသေးလေး တစ်ရွက်ကို ကောက်ယူလိုက်သည်။ ထိုသစ်ရွက်သည် အစပထမတွင် ထူးခြားသော အရည်အသွေး မရှိပေ။
သာမန် သစ်ရွက်တစ်ရွက်ကဲ့သို့ ထင်ရသော်လည်း ရုတ်တရက် အရောင်ပြောင်းသွားသည်။ အစိမ်းရောင်မှ လိမ္မော်ရောင်သို့ ပြောင်းသွားသည်။ စက္ကန့်အနည်းငယ် ကြာသောအခါ လိမ္မော်ရောင်မှ အနီရောင်သို့ ထပ်မံ ပြောင်းလဲသွားပြီး နောက်ပိုင်းတွင် အစိမ်းရောင်သို့ ပြန်ပြောင်းကာ ထိုသံသရာအတိုင်း ထပ်ခါတလဲလဲ ဖြစ်နေသည်။
ဖုန့်ရှင်းသည် သစ်ရွက်ကို သေချာစွာ စိစစ်ကြည့်ပြီးနောက် သူ၏ သိုလှောင်လက်စွပ် ထဲမှ အဆောင် ၃ ခုကိုထုတ်ယူလိုက်သည်။ သူသည် သစ်ရွက်ကို ၃ ပိုင်း ခွဲလိုက်ပြီးနောက် အဆောင်များကို မီးရှို့လိုက်ရာ လေစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အစိမ်းရောင်ပျံလွှားငှက် ၃ ကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့သည် ဖုန့်ရှင်း၏ ခေါင်းအထက်တွင် သာယာစွာ တေးဆိုရင်း ပျံဝဲနေကြသည်။
၎င်းတို့ကို တိတ်ဆိတ်စွာ စိုက်ကြည့်ရင်း တွေးနေမိသည်။ “ယန်ချင်းမှာ တကယ်ကို ထူးဆန်းတဲ့ စွမ်းရည်တွေ ရှိတာပဲ။ ဒီငှက်တွေကို ကြည့်ရင် သစ်ပင်ပဲ့တင်သံ ရှာဖွေရေး ပျံလွှားငှက် နည်းစနစ်ရဲ့ အစိတ်အပိုင်း မဟုတ်ဘဲ တကယ့် သက်ရှိငှက်တွေလို့ ထင်သွားနိုင်တယ်”
အပြာရောင် မူလကမ္ဘာ တွင် အဆောင်များကို ကျွမ်းကျင်သူတစ်ဦး၏ ကျင့်ကြံခြင်း စာလုံးများနှင့် လှုပ်ရှားမှုများကို သိုလှောင်ရန် အသုံးပြုနိုင်သည်။ အဆောင်ပြုလုပ်ရာတွင် အသုံးပြုသော ပါဝင်ပစ္စည်းများ အရည်အသွေး ကောင်းလေလေ စွမ်းအား ပိုမို ထုတ်လွှတ်နိုင်လေလေ ဖြစ်သည်။ အဆင့်နိမ့် အဆောင်များသည် မူလပိုင်ရှင်၏ စွမ်းရည် ၁၀% အထိသာ ထုတ်လွှတ်နိုင်သည်။ အလယ်အလတ်အဆင့်သည် ၅၀-၆၀% ထိ ထုတ်လွှတ်နိုင်ပြီး အဆင့်မြင့်သည် အများဆုံး ၇၀-၈၀% အထိ ထုတ်လွှတ်နိုင်သည်။
ထိုထက်ပိုပါက ထုတ်လုပ်နေစဉ်မှာပင် အဆောင်က ပျက်စီးသွားနိုင်သည်။ သို့သော် ဂိုဏ်းအများစုနှင့် အဖွဲ့အစည်းများသည် ၁၀၀% ထုတ်လွှတ်နိုင်ရန် နည်းလမ်းများကို သုတေသန ပြုလုပ်နေကြဆဲ ဖြစ်သည်။
အဆောင်များသည် အသက်ကယ်ဆေးဖြစ်သော်လည်း ကန့်သတ်ချက်များ ရှိသည်။ ဥပမာ - ဖုန့်ရှင်းအနေဖြင့် နယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားဖြင့် ပြုလုပ်ထားသော အဆောင်ကို အသက်သွင်းရန် မဖြစ်နိုင်ပေ။အန္တရာယ်ကင်းကင်းဖြင့်အသက်သွင်းနိုင်သော အမြင့်ဆုံးအဆင့်မှာ နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အဆောင်ဖြစ်ပြီး ၎င်းသည်လည်း အစောပိုင်းအဆင့် ကျွမ်းကျင်သူ၏ အဆောင်သာ ဖြစ်ရမည်။
အကယ်၍ နောက်ပိုင်းအဆင့် ကျွမ်းကျင်သူ၏ အဆောင် ဖြစ်နေပါက အသက်သွင်းနိုင်ရန် သူ၏ သက်စောင့်အားကို လောင်ကျွမ်းစေရလိမ့်မည်။ ရန်သူသာ ထိုအဆောင်၏ တိုက်ခိုက်မှုမှ လွတ်မြောက်သွားပါက သူသည် လုံးဝ ခုခံကာကွယ်နိုင်စွမ်း မရှိသော အကာအကွယ်မဲ့အခြေအနေနှင့် ကြုံရနိုင်သည်။ ထို့ကြောင့် ‘အမိန့်တော်အဖွဲ့’ က အဖွဲ့ဝင်များအတွက် တရားဝင်လမ်းညွှန်ချက် တစ်ခုကို ထုတ်ပြန်ထားသည်။
စစ်ဆေးမေးမြန်းသူများ အသုံးပြုသော အဆောင်များသည် သူတို့ တာဝန်ကျသော တရားသူကြီး၏ စွမ်းအားအဆင့်အပေါ် အခြေခံသည် ဟူ၍ပင်။ ဤသည်မှာ အခြေအနေ အများစုတွင် သူတို့၏ အသက်လုံခြုံရေးကို အာမခံရန် လုံလောက်သည်။
ထို့ကြောင့် လက်ရှိတွင် ဖုန့်ရှင်းနှင့် ယန်ချင်း၏ လက်အောက်ရှိ အခြားသူများသည် ယန်ချင်း၏ စွမ်းရည်များဖြင့် ပြုလုပ်ထားသော အဆောင်များကို သုံးနိုင်သလို နန်းတော်အဆင့် အစောပိုင်း တခြားတရားသူကြီး တစ်ဦးဦး၏ စွမ်းအားကို အခြေခံထားသော အဆောင်များကိုလည်း သုံးနိုင်သည်။
ဖုန့်ရှင်းသည် သစ်ရွက် ၃ ပိုင်းကို အစိမ်းရောင် ပျံလွှားငှက် ၃ ကောင်အား ကျွေးလိုက်သည်။
“ဒီသစ်ရွက်ပိုင်ရှင်ကို အမြန်ဆုံး ရှာပေးပါ” ဖုန့်ရှင်းက အစိမ်းရောင် ပျံလွှားငှက်များကို ပြောလိုက်သည်။ ပျံလွှားငှက်များသည် နောက်တစ်ကြိမ် တေးဆိုလိုက်ပြီး လေမုန်တိုင်းများ ဖြစ်ပေါ်စေလောက်သော အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာသွားကြသည်။ ဖုန့်ရှင်းကမူ ခေါင်မိုးပေါ်မှနေ၍ သူတို့၏ အချက်ပြမှုကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
သူသည် တည်ငြိမ်စွာ ထိုင်ချလိုက်ပြီး အစိမ်းရောင် ပျံလွှားငှက် ၃ ကောင်ထံမှ ရလဒ်ကို စောင့်ဆိုင်းရင်း ကျင့်ကြံနေလိုက်သည်။ အကြီးအကဲဖုန်းနှင့် ကျန်လူများ သိပ်ဝေးဝေး ရောက်နိုင်မည် မဟုတ်ပေ။
ပျံလွှားငှက်များ၏ အမြန်နှုန်းနဲ့ အာရုံခံနိုင်စွမ်းကြောင့် မည်သို့ ပုန်းနေပါစေ မကြာခင် တွေ့သွားမှာ ဖြစ်သည်။ အဆောင်၏ အာနိသင်မှာအများဆုံး ၃ နာရီအထိ ခံပြီး ထိုအချိန်သည် သူတို့ကို ခြေရာခံပြီး ဖမ်းဆီးရန် လုံလောက်သော အချိန်ဖြစ်သည်။