← Chapters

အခန်း (၃၀၄၁-၃၀၄၅)

Vol. 132 Ch. 3041-3045

အခန်း (၃၀၄၁-၃၀၄၅)

Vol. 132 Ch. 3041-3045

အပိုင်း (၃၀၄၁)

ဘာသာပြန်သူ_တိမ်တိုက်

"နင် နားပင်းနေတာလား၊ နင့်ခြေထောက်ကို ငါ့ကိုယ်ပေါ်ကနေ ဖယ်တော့လေ" သခင်မဟွာက ထအော်လေသည်။

"ခင်ဗျား သောက်ပါးစပ်ကို ပိတ်ထားလိုက်စမ်း" ရန်ကိုင်သည် ဧကရာဇ်ချီကို သုံး၍ သခင်မဟွာ၏ ပါးကို ပိတ်ရိုက်ချလိုက်လေသည်။

ပါးရိုက်ခံလိုက်ရပြီးနောက် သခင်မဟွာ ကြောင်သွားလေ၏။ ရိုက်ခံလိုက်ရသည့် ပါးပြင်တစ်ဖက်လုံးမှာလည်း ဖူးရောင်ကိုင်းတက်လာခဲ့လေသည်။ ရန်ကိုင်ကြောင့် သူမ ဒဏ်ရာရသွားခဲ့သည်မှာ မှန်ပါသော်ငြား ထိုသို့ ဖြစ်ရခြင်းမှာ သူမသည် ရန်ကိုင်၏ ပြိုင်ဘက် မဟုတ်သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ သို့သော်ငြား ယခုကဲ့သို့ ပါးရိုက်ခံလိုက်ရခြင်းမှာ လုံးဝကို အရှက်ကွဲခံလိုက်ရခြင်း ဖြစ်လေ၏။ "နင် ဘယ်လိုလုပ်ပြီး…"

ဖြန်း။

ရန်ကိုင်သည် သူမ၏ အခြားပါးတစ်ဖက်ကို ထပ်ရိုက်ချလိုက်လေသည်။ ထို့နောက် သခင်မဟွာ၏ ပါးနှစ်ဖက်စလုံး ဖူးရောင်ကိုင်းတက်လာရတော့လေ၏။ သွေးများသည်လည်း သူမ၏ ပါးစပ်မှ တရိရိနှင့် စီးကျလာရလေသည်။ ထိုကဲ့သို့ အရိုက်ခံလိုက်ရပြီးနောက်မှသာ သခင်မဟွာမှာ ကိုယ့်အကြောင်းကိုယ် သိသွားကာ ပါးစပ်ပိတ်သွားလေတော့သည်။ လက်ရှိ သူမရှေ့တွင် ရှိနေသည့် လူငယ်လေးသည် အကျိုးသင့်အကြောင်းသင့် သွားပြော၍ရသည့် လူတစ်ဦးမဟုတ်မှန်း သူမ သိသွားလေပြီ။ သူမဘက်က ပိုပြောလေလေ ပို၍ အရိုက်ခံရနိုင်လေပင်။ ထိုအကြောင်းကြောင့် သူမဆီသို့ လာနေသည့် နဂါး ဤနေရာဆီသို့ မြန်မြန်ရောက်ပါစေဟုသာ သူမ စိတ်ထဲ ကြိတ်၍ ဆုတောင်းနေရတော့လေသည်။

ထိုစဉ် အနီရောင် အလင်းတန်းတစ်ခု သူတို့ဆီသို့ အလွန်လျင်မြန်သည့်နှုန်းဖြင့် ရောက်လာခဲ့လေသည်။ ထိုအနီရောင် အလင်းတန်းကို မြင်သော် လျုစန်းနျန်၏ ခန္ဓာကိုယ် တုန်ယင်လာခဲ့ပြီး သူမ၏ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားခဲ့လေ၏။

ထိုနဂါး သူမတို့ဆီသို့ ရောက်လာသော် မည်သို့ ရှင်းပြရမလဲ ဆိုသည်ကိုလည်း ခေါင်းခြောက်လုမတတ် စတင်စဉ်းစားတော့လေသည်။ သို့သော်ငြား ဘာအကြံမှ ထွက်မလာခဲ့ချေ။ ထိုကဲ့သို့သော စိတ်ညစ်စရာ အတွေးများကို တွေးရင်း လျုစန်းနျန်သည် သူမ၏သမီး လျူယုချင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်လေသည်။

သို့သော်ငြား ထိုအနီရောင် အလင်းတန်းသည် လျုစန်းနျန် မျှော်လင့်ထားသကဲ့သို့ သူမတို့ ရှေ့တွင် ရပ်တန့်သွားခြင်း မရှိဘဲ သူမတို့ကို ကျော်ကာ ကျွန်း၏ အခြားတစ်ဖက်ဆီသို့ ဆက်လက် ပျံသန်းသွားလေ၏။ ထိုအဖြစ်အပျက်ကြောင့် လျုစန်းနျန်နှင့် သခင်မဟွာ နှစ်ဦးစလုံး ကြောင်သွားကြလေသည်။ သို့သော်ငြား တစ်ခဏအကြာ၌ သခင်မဟွာ၏မျက်နှာ ဖြူဖျော့သွားခဲ့ပြီး ကြောက်လန့်တကြား လှမ်းအော်လေ၏။ "ဆရာ ကူညီပါဦး"

ထိုနဂါးသည် သူမ အနိုင်ကျင့်ခံနေရသည်ကို မမြင်ဘဲ ကျော်သွားခြင်းဖြစ်သည်ဟု အထင်ရောက်လျက် သခင်မဟွာမှာ အော်ဟစ်ကာ အကူအညီ တောင်းလိုက်ခြင်း ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် အနီရောင် အလင်းတန်းသည် လေထဲတွင် ကောက်ရပ်သွားလေ၏။ "ဟမ်"

ထို့နောက်တွင် အနီရောင် အလင်းသည် အောက်ဘက်သို့ ငုံ့ကြည့်လာခဲ့လေသည်။ သို့သော်ငြား အောက်ဘက်ရှိ မြင်ကွင်းကို မြင်လိုက်သည့်အခိုက် ၎င်း၏ မျက်လုံးများ မှေးစင်းသွားခဲ့လေ၏။

သခင်မဟွာကမူ လည်ချောင်းကွဲလုမတတ် အော်ဟစ်နေခဲ့လေသည်။"ဆရာ ကျွန်မကို ကယ်ပါဦး"

ထိုအနီရောင် အလင်းတန်းသည် ရုတ်တရက်ဆိုသလို လူအသွင်သို့ ပြောင်းသွားခဲ့ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာလျက် ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်လိုက်လေသည်။

နဂါးဆီမှ ဖြာထွက်နေသည့် နဂါးဖိအားကို ခံစားမိလိုက်သည့်အခိုက် လျုစန်းနျန်၏ အမူအရာ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားခဲ့ရလေသည်။ သူမတို့ အသက်ရှင်ဖို့ရာ အခွင့်အရေးမရှိတော့မည်မှန်း သိလိုက်သည့်နောက် ထိုနဂါးအား မသိမသာလေး သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ထိုနဂါးသည် ရန်ကိုင်နှင့် အသက်အရွယ်တူလောက်သာ ရှိသေးကြောင်း တွေ့လိုက်ရလေ၏။ ထိုနဂါး၏ ဆံပင်မှာ သွေးရောင်ပမာ ရဲတောက်နေခဲ့လေသည်။

သူမအား ပို၍ ထိတ်လန့်သွားစေသည့် အချက်မှာတော့ ထိုနဂါးဆီမှ ဖြာထွက်နေသည့် ဖိအားသည် ဖုချီဆီမှ ဖြာထွက်နေသည့် ဖိအားကဲ့သို့ အားကောင်းနေခြင်းသာ ဖြစ်လေသည်။ တစ်နည်းဆိုရသော် ထိုနဂါးမှာ အဆင့်မြင့် နဂါးတစ်ကောင် ဖြစ်လေ၏။

[ငါတို့တော့ သွားပြီ]

"စီနီယာကျူလဲ့ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါဦး" ရန်ကိုင်၏ ခြေထောက်အောက်သို့ ရောက်နေသော သခင်မဟွာသည် တတိယအကြိမ်အဖြစ် ထိုနဂါးအား လှမ်း၍ အကူအညီ တောင်းလိုက်လေသည်။

ထိုအခါ ကျူလဲ့သည် သခင်မဟွာဘက်သို့ လှည့်၍ မေးလိုက်လေသည်။ "ခင်ဗျား ကျုပ်ကို သိတာလား"

နဂါးကျွန်းပေါ်တွင် ရှိနေသော နဂါးများသည် တစ်ဦးနှင့်တစ်ဦး အတူတူ မနေကြဘဲ ကျွန်းတစ်ကျွန်းစီပေါ်တွင် တစ်သီးတစ်ခြား နေလေ့ရှိကြပေသည်။ ထိုအကြောင်းကြောင့် နဂါးတစ်ကောင်နှင့်တစ်ကောင် တွေ့ဖို့ရာမှာ မလွယ်ကူလှချေ။ ထို့ကြောင့်ပင်လျှင် နဂါးကျွန်းတွင် ရှိနေကြသော အမျိုးသမီးများအဖို့ နဂါးကလန်မှ နဂါးများကို သိနေဖို့ရာ လွယ်ကူခြင်းမရှိ။ သို့ရာတွင် ဤအမျိုးသမီးသည် သူ့အား သိနေသည့်အတွက်ကြောင့် သူမ၏ ဇစ်မြစ်မှာ အနည်းငယ်တော့ ထူးခြားရပေလိမ့်မည်။

သခင်မဟွာက အလျင်စလို ပြန်ပြောလိုက်သည်။ "တစ်ခါတုန်းက ဆရာ့ကို အဝေးကနေ လှမ်းမြင်ခဲ့ဖူးပါတယ်၊ အဲဒါကြောင့်မလို့ သိနေရတာပါ ဆရာ"

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ကျူလဲ့က ခေါင်းညိတ်လျက်..."ကျုပ် သိပြီ၊ ခင်ဗျားက ဖုချီရဲ့ အမျိုးသမီးကိုး"

သခင်မဟွာက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်"

"ဘာတွေဖြစ်နေတာလဲ" ကျူလဲ့သည် မျက်မှောင်ကြုတ်၍ ရန်ကိုင်အား လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင်ကို ဤနေရာတွင် လာတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ကျူလဲ့မှာ ခေါင်းကိုက်ချင်သလို ဖြစ်လာခဲ့ရသည်။ [ဒီကောင်က နဂါးကျွန်းဆီကိုတောင် လာရဲတာပဲ၊ တိုက်တိုက်ဆိုင်ဆိုင်ကိုမှ ဖုချီရဲ့ကျွန်းဆီ လာရောက်နေတယ်၊ ဒီကောင်က ဘယ်လိုတွေများ သတင်းရသွားတာလဲ]

ရန်ကိုင် ဖုချီကျွန်းဆီသို့ ရောက်နေသည့်ကိစ္စမှာ သတင်းဆိုးတစ်ရပ် ဖြစ်ပေသည်။ အကြောင်းမှာ ရန်ကိုင် မည်မျှ တဇွတ်ထိုးနိုင်ကြောင်းကို ကျူလဲ့ သိထားသည့်အတွက်ကြောင့်ပင်။ ယခုကိစ္စကိုသာ ကောင်းကောင်း မကိုင်တွယ်ပါက နဂါးကလန်အတွက် ပြဿနာတက်သွားရနိုင်ပေသည်။

သခင်မဟွာက အလျင်စလို ပြောလိုက်လေသည်။ "ဒီလို ဖြစ်သွားတာပါ ဆရာ" သခင်မဟွာသည် သနားစဖွယ် ပုံစံမျိုးလုပ်လျက် တစ်ရှုံ့ရှုံ့ငိုရှိုက်ရင်းမှ ပြန်ပြောလိုက်လေသည်။ "ကျွန်မကို ဆယ်နှစ်မက အဖော်ပြုပေးလာတဲ့ အိမ်မွေးတိရစ္ဆာန်လေးကို အဲဒီလူတွေက ထိခိုက်အောင် လုပ်သွားပါတယ် ဆရာ၊ ကျွန်မလည်း သူတို့ဆီကနေ ရှင်းပြချက်တောင်းဖို့ လာတာပေါ့၊ ဒါပေမဲ့ သူတို့တွေက အကျိုးသင့်အကြောင်းသင့်ကို ပြောလို့မရဘူး၊ သူတို့အမှားတွေကို ဝန်မခံရုံတင်မကဘူး ကျွန်မတို့ကိုပါ တိုက်ခိုက်သေးတယ်၊ သူတို့ရဲ့ ပြိုင်ဘက် မဟုတ်တော့ ကျွန်မတို့ အခုလိုမျိုး ဒုက္ခရောက်ခဲ့ရတာပါ၊ အခုလိုမျိုး ခံနေရတုန်း သူ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါသေးတယ်၊ ဒါပေမဲ့ သူက မခွင့်လွှတ်ပေးတဲ့အပြင် ကျွန်မကိုတောင် သတ်ဖို့ လုပ်နေပါတယ် ဆရာ၊ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါဦး"

ထိုသို့ ပြောပြီးသည့်နောက်တွင် အနိုင်ကျင့်ခံနေရသည့် ကလေးမလေးတစ်ဦးပမာ သနားစဖွယ်ကောင်းစွာ ငိုရှိုက်တော့လေသည်။

ရန်ကိုင်သည် သူ့ခွန်အားကို သုံး၍ အခြားသူများအား လိုက်အနိုင်ကျင့်တတ်သည့် လူစားမျိုးမဟုတ်မှန်း သိထားသည့်အတွက်ကြောင့် ကျူလဲ့မှာ သခင်မဟွာ ပြောသည်ကို ယုံကြည်လိမ့်မည် မဟုတ်ချေ။

ကျူလဲ့၏ အမူအရာကို အကဲခတ်ကြည့်နေရင်းမှ သခင်မဟွာက ဆက်၍ ပြောလိုက်သည်။ "ဆရာ ကြည့်ကြည့်ပါ၊ အခု သူ့ပုံစံက ဆရာ့ကို အလေးမထားတာ အသိသာကြီးပါ၊ ဆရာ့အရှေ့တောင် ကျွန်မကို အခုလိုမျိုး ခြေထောက်နဲ့ နင်းရဲနေသေးတာကို ကြည့်ရင် ဆရာမရှိတဲ့အချိန် သူ ကျွန်မကို ဘယ်လို နှိပ်စက်နေမလဲဆိုတာကို ဆရာ စဉ်းစားကြည့်လို့ရပါတယ်၊ ဒါကြောင့် ဆရာ…" ထိုသို့ ပြောနေရင်းမှ သခင်မဟွာသည် ဆက်၍ ငိုရှိုက်နေတော့လေသည်။

လျုစန်းနျန်သည် ပျာယာခတ်နေသည့် ပုံစံဖြင့် ဝင်ပြောလိုက်လေသည်။ "ဆရာ အဲဒီလိုမျိုး မဟုတ်ပါဘူး"

သခင်မဟွာသည် သူမ မည်ကဲ့သို့ မောက်မာဝင့်ကြွားခဲ့သည့် အကြောင်းကို တစ်ခွန်းမျှပင် မပြောခဲ့ပေ။ ပိုဆိုးသည်မှာ သူမ လုပ်ခဲ့သည့် အပြစ်အားလုံးကို ဖုံးကွယ်၍ ရန်ကိုင်ကိုသာ အပြစ်တင်ခဲ့သည်။ ကျူလဲ့သည် သခင်မဟွာ ပြောသည်ကို ယုံသွားပြီး ရန်ကိုင်အား ဒုက္ခပေးလာမည်ကို လျုစန်းနျန် စိတ်ပူနေရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ယခုအချိန်၌ ရန်ကိုင် ကိုယ်စား ဝင်ပြောပေးလိုက်ခြင်း ဖြစ်လေသည်။

ကျူလဲ့သည် လျုစန်းနျန်ကိုပင် မကြည့်ဘဲ အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေသည်။ "နင် ဒီမှာ စကားပြောပိုင်ခွင့် မရှိဘူး"

ကျူလဲ့မှာ လက်ရှိအချိန်တွင် စိတ်ကောင်းဝင်နေသည်တော့ မဟုတ်။ ထိုအတွက်ကြောင့်ပင်လျှင် ယခုကဲ့သို့ မာန်မဲလိုက်ခြင်း ဖြစ်ပေသည်။ ကျူလဲ့၏ စကားကိုကြားသော် လျုစန်းနျန် သူမ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်လေ၏။

ကျူလဲ့သည် သက်ပြင်းတစ်ချက်ချရင်းမှ ရန်ကိုင်ကို ကြည့်၍ ပြောလိုက်လေသည်။ "မင်း သူ့ကို ခြေထောက်နဲ့ နင်းထားတာ သိပ်မသင့်တော်ဘူးနော်၊ သူ့ကို အရင်ဆုံး လွှတ်ပေးလိုက်၊ မင်း ယောက်ျား မဟုတ်ဘူးလား"

ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် ခေါင်းမော့လျက် ကျူလဲ့အား ပြန်စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်၏ လုပ်ပုံကြောင့် ကျူလဲ့မှာ ဒေါသူပုန်ထသွားရလေသည်။ သူသည် ယခင်ကတည်းက ရန်ကိုင်နှင့် သိပ်၍ အဆီအ‌ငေါ်မတည့်ခြင်း ဖြစ်လေသည်။ ထို့အပြင် ကျူချင်းသည်လည်း ရန်ကိုင်ကြောင့် ဒုက္ခရောက်ခဲ့ရသည်။ ထိုအချက်အားလုံးကို စဉ်းစားလိုက်သော် ကျူလဲ့မှာ ဒေါသူပုန်ထလာပြီး ထအော်လေ၏။ "သူ့ကို လွှတ်ပေးလိုက်တော့"

ထိုအချင်းအရာကို မြင်သော် သခင်မဟွာမှာ ယုံကြည်ချက်ရှိလာခဲ့ပြီး အံကြိတ်၍ ပြောလိုက်လေ၏။ "နဂါးကလန်သား တစ်ယောက်ရှေ့မှာတောင် နင် ဒီလောက်တောင် မောက်မာနေရဲတာလား၊ နင့်ကိုယ်နင် ဘာမှတ်နေတာလဲ၊ နင့်ခြေထောက်စုတ်ကြီးကို ငါ့ပေါ်ကနေ ဖယ်လိုက်စမ်း"

သူမ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ထအော်ညည်းတော့လေသည်။ အကြောင်းမှာ ရန်ကိုင်က သူ့ခြေထောက်ထဲသို့ အားထပ်ထည့်လိုက်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ သခင်မဟွာ၏ မျက်နှာကြီးမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့ပြီး ချွေးသီးချွေးပေါက်တို့မှာလည်း သူမ နဖူးထက် ဝေ့သီနေခဲ့လေသည်။

[နဂါးတစ်ကောင် ရှေ့မှာတောင် သူ ငါ့ကို အခုလိုမျိုး လုပ်ရဲသေးတာလား၊ ဒီကောင် ခေါင်းရော ကောင်းသေးရဲ့လား] နာကျင်နေလင့်ကစား သခင်မဟွာမှာတော့ ဝမ်းသာအားရ ဖြစ်နေခဲ့လေသည်။ အကြောင်းမှာ သူမအား ယခုကဲ့သို့ လုပ်ပြီးသည့်နောက် ရန်ကိုင်အနေဖြင့် ဤပြဿနာမှ လွတ်မြောက်နိုင်တော့လိမ့်မည် မဟုတ်မှန်း သူမ သိနေသည့်အတွက်ကြောင့်ပင်။ သူမသည် ဖုချီ၏ အမျိုးသမီး ဖြစ်လေသည်။ ထိုအတွက်ကြောင့် ကျူလဲ့သည် သူမဘက်မှ ကျိန်းသေ ဝင်ရပ်တည်ပေးလိမ့်မည်။

"အို၊ မင်း ငါ့ကို ပြောနေတာလား" ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် နားစွင့်သည့် ပုံစံမျိုး လုပ်ပြလိုက်လေသည်။

ရန်ကိုင် လုပ်ပြနေသည့် ပုံစံကို မြင်လိုက်သော် လျုစန်းနျန်နှင့် သခင်မဟွာတို့ နှစ်ဦးစလုံး ကြောင်သွားကြကုန်လေ၏။ ရန်ကိုင် တဇွတ်ထိုးနိုင်မှန်း သိကြပါသော်ငြား ဤမျှ ရမ်းကားရဲလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ နဂါးတစ်ကောင်ကို ဤကဲ့သို့ သွားပြောနေသည်မှာ ရန်ကိုင်သည် အသက်ရှင်ရသည့်အပေါ် ငြီးငွေ့နေခြင်းများ ဖြစ်နေသလော။

နဂါးကလန် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ရန်ကိုင် နားမလည်မည် စိုးသည့်အတွက်ကြောင့် လျုစန်းနျန်သည် ရန်ကိုင်အား လှမ်း၍ မျက်စပစ်ပြနေခဲ့လေသည်။ နဂါးကလန်သည် နတ်သားရဲများ၏ အရှင်သခင်ဖြစ်သလို သူတို့အရှေ့တွင် ရှိနေသည့် နဂါးမှာလည်း အဆင့်ရှစ် နဂါးတစ်ကောင် ဖြစ်ပေသည်။ ထိုအဆင့်ရှစ် နဂါးတစ်ကောင်သည် ရန်ကိုင်အား အားမစိုက်ထုတ်ဘဲ အသာအယာ သတ်ပစ်နိုင်လေ၏။

ရန်ကိုင်၏ လုပ်ပုံသည် သူသေတွင်း သူတူးခြင်း ဖြစ်နေသည်ဟု လျုစန်းနျန် ခံစားနေရလေသည်။ ထို့ကြောင့်ပင်လျှင် သူမ ရင်ထဲ အတော်လေးကိုမှ စိတ်ပူနေလင့်ကစား ကျူလဲ့မှာ ချက်ချင်း ထမတိုက်ခိုက်သေးဘဲ အေးအေးဆေးဆေး မတ်တပ်ရပ်နေသည့်အတွက်ကြောင့် လျုစန်းနျန်ရင်ထဲ အနည်းငယ်တော့ အံ့အားသင့်သွားရလေသည်။

ကျူလဲ့က ပြန်၍ မေးလိုက်လေသည်။ "မင်း ဘာလိုချင်နေတာလဲ"

"ဘာမှ မလိုချင်ဘူး၊ ငါ ဒီအတိုင်းပဲ တရားမျှတမှုလေး ပြန်ရှာချင်ရုံပဲ" ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်သည်။

သခင်မဟွာကို တစ်ချက် လှမ်းကြည့်လိုက်ပြီးသည့်နောက် ကျူလဲ့က ပြောလိုက်လေ၏။ "သူက ဖုချီရဲ့ အမျိုးသမီးပဲ၊ ဖုချီက အဆင့်ရှစ် နဂါးတစ်ကောင်နော်၊ မင်း သူ့ကို သတ်လိုက်ရင် သူ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

"သူ လာရဲရင် လာခိုင်းလိုက်လေ"

ကျူလဲ့က ပြန်ပြောလိုက်လေ၏။ "မင်း တကယ်ကို မောက်မာလွန်းနေတာပဲ"

ရန်ကိုင်၏ အမူအရာ ရုတ်ချည်း အေးစက်သွားခဲ့လေ၏။ "မင်း စကားကို ကြည့်ပြော၊ မဟုတ်ရင် ငါလည်း မင်းကိုတီးမှာ"

[သူ၊သူက ဒီနဂါးကို တီးချင်တာ] လျုစန်းနျန် မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။

သခင်မဟွာကလည်း ထအော်လိုက်လေ၏။ "ဆရာ၊ အဲဒီကောင်နဲ့ လေကုန်ခံမနေတော့နဲ့၊ ဒီကောင်က နဂါးကလန်ကို လုံးဝ အရေးစိုက်တာ မဟုတ်ဘူး၊ ကျေးဇူးပြုပြီး သူ့ကို သတ်ပဲသတ်ပစ်လိုက်ပါတော့"

ကျူလဲ့မှာ မျက်နှာကြီးကို မဲ့လျက် သခင်မဟွာအား အရူးတစ်ယောက်ကို ကြည့်နေသည့်နှယ် ကြည့်နေခဲ့လေသည်။ အခြားတစ်ယောက်သာ ဆိုလျှင်တော့ ကျူလဲ့ အစောကြီးကတည်းက လှုပ်ရှားလိုက်လေပြီ။ နဂါးကလန်အား တစ်ယောက်ယောက်မှ လာစော်ကားသည်ကို သူ့အနေဖြင့် လုံးဝ ရပ်ကြည့်မနေနိုင်ပေ။ သို့သော်ငြား လက်ရှိ သူ ကြုံနေရသည့်လူမှာ ရန်ကိုင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း ဘာမျှ မတတ်နိုင်တော့ပေ။

သူသည် ရန်ကိုင်၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်းကို လက်ရှိ ပြိုင်ပွဲများကတည်းက သိသွားခဲ့ရလေသည်။ နဂါးကျောင်းတော်ဆီသို့ သွားပြီး ကျောင်းတော်၏ ကောင်းချီးကို ဦးစွာ ရယူပြီးမှသာလျှင် ရန်ကိုင်နှင့် ရင်ဆိုင်နိုင်ပေလိမ့်မည်။ သို့သော်ငြား သူ့တွင် ထိုသို့လုပ်ရန် အချိန်ရှိမနေပေ။ ထို့အပြင် သူ့စိတ်ထဲ ရန်ကိုင်ဘက်သို့ အလိုလို ဘက်လိုက်ချင်နေမိလေ၏။

သူ့အနေဖြင့် ရန်ကိုင်ကို သိပ်ကြည့်မရပါသော်ငြား သခင်မဟွာသည် သူ့အမြင်တွင် သေးနုပ်သည့် ပုရွက်ဆိတ်လေးတစ်ကောင်နှင့် မခြားချေ။ သူ့အနေဖြင့် ရန်ကိုင်အား သခင်မဟွာကို လွှတ်ပေးရန် ဖျောင်းဖျနေရခြင်းမှာ ယခုပြဿနာကို ပိုကြီးမလာလိုစေသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ သူကိုယ်တိုင် ရန်ကိုင်အား အနိုင်တိုက်၍ သခင်မဟွာအား ကယ်ဖို့ရာမှာလည်း ဖြစ်မှမဖြစ်နိုင်လေဘဲ။

လျုစန်းနျန်သည် စိုးရိမ်တကြီးဖြင့် ရန်ကိုင်အား လှမ်းကြည့်နေခဲ့လေသည်။ ရန်ကိုင်သည် နဂါးတစ်ကောင်နှင့် ရင်ဆိုင်တိုက်နေရသည့်တိုင် ယခုကဲ့သို့ လုပ်ပြနေလိမ့်ဦးမည်ဟု လုံးဝမျှော်လင့်ထားခြင်း မရှိပေ။ သူမ ပို၍ နားမလည်နိုင် ဖြစ်ရသည့်အရာမှာ နဂါးတစ်ကောင်ဖြစ်သည့် ကျူလဲ့ ကိုယ်တိုင်ကလည်း ရန်ကိုင်အား မတိုက်ခိုက်လာခြင်းပင်။ [နဂါးတွေက ဘယ်တုန်းကများ ဒီလောက်အထိ ယဉ်ကျေးသွားရတာလဲ၊ ရန်ကိုင် သူ့ကို ဒီလောက် ထပ်တလဲလဲ ရန်စနေတာတောင် ဘာဖြစ်လို့ ဘာမှမလုပ်ဘဲ ဒီအတိုင်း ရပ်ကြည့်နေရတာလဲ]

ကျူလဲ့၏ ပုံစံသည် နဂါးကလန်အပေါ် လျုစန်းနျန်၏ နားလည်မှုကို လုံးဝ ပြောင်းလဲသွားစေခဲ့လေသည်။ လျုစန်းနျန် သိထားသလောက် နဂါးကလန်သားများသည် သွေးဆူနေသည့် လူသားများ ဖြစ်ကြကာ ရန်စခံလိုက်ရသည်နှင့် ထစ်ခနဲ ထတိုက်ခိုက်ကြသည့် လူများ ဖြစ်ကြပေသည်။

ရုတ်တရက် ကျူလဲ့သည် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်၍ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ "ဖုချီ လာနေတယ်"

"ဆရာ လာနေတာလား" ထိုစကားကို ကြားသော် သခင်မဟွာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ သူမ၏ ကျင့်ကြံခြင်းမှာ ဧကရာဇ် ပထမအဆင့်သာ ရှိသေးသလို နဂါးသွေးကြောကိုလည်း ပိုင်ဆိုင်ထားခြင်း မရှိသည့်အတွက်ကြောင့် ဖုချီ လာနေသည်ကို အာရုံခံ၍ မရခဲ့ပေ။ သို့ရာတွင် ကျုလဲ့မှ ဖုချီ လာနေသည့်ဟု ပြောနေလေရာ ဖုချီ တကယ် လာနေသည့်အတွက်ကြောင့်သာ ထိုသို့ ပြောလိုက်ခြင်း ဖြစ်ရပေလိမ့်မည်။

ကျူလဲ့က ပြောလိုက်သည်။ "ငါ ဒီရောက်နေတာကို သူ စိတ်ပူနေတာနဲ့ တူတယ်၊ အဲဒါကြောင့်ပဲ ဒီကို လာနေတာ"

ထိုစကားကို ကြားသော် ရန်ကိုင်က မေးလိုက်လေသည်။ "မင်းတို့နှစ်ယောက်ကြားမှာ ရန်ငြိုးရှိလို့လား"

ကျူလဲ့သည် အဝေးသို့ လှမ်းကြည့်လိုက်ရင်းမှ ပြန်ပြောလိုက်သည်။ "မရှိပါဘူး၊ ဒါပေမဲ့ မင်းနဲ့ သူကတော့ အနှေးနဲ့အမြန်ဆိုသလို ပြဿနာဖြစ်တော့မှာ"

ထိုသို့ ပြောပြီးသွားသည်နှင့် ရန်ကိုင် ခြေထောက်အောက်တွင် ရှိနေသော အမျိုးသမီးအား လှမ်းကြည့်လိုက်လေသည်။

လက်ရှိအချိန်တွင် သခင်မဟွာမှာ ပြန်လည်၍ မောက်မာလာခဲ့လေသည်။ ကျူလဲ့ သူမဘက်မှ ဝင်မကူပေးခဲ့သည့်အပေါ် သူမ စိတ်ထဲ မပျော်မရွှင် ဖြစ်ရပါသော်ငြား သူမအနေဖြင့် လုပ်နိုင်သည့်အရာ ဘာမျှ မရှိချေ။ သို့သော်ငြား ယခုအချိန်တွင်တော့ ဖုချီ ပြန်လာနေပြီ ဖြစ်သည့်အတွက် သူမ ကြောက်နေသည့်အရာ ဘာမျှမရှိတော့။ ဤနေရာတွင် ဘာတွေ ဖြစ်သွားသလဲ ဆိုသည်ကို ဖုချီအား ပြောလိုက်ရုံပင်။ ထို့နောက်တွင် ရန်ကိုင်၊ လျုစန်းနျန်နှင့် သူမသမီးတို့သည် နောက်တစ်နေ့ နေထွက်သည်ကို မြင်ရနိုင်တော့လိမ့်မည် မဟုတ်ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၄၂)

ဘာသာပြန်သူ_တိမ်တိုက်

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ကျွန်း၏ အခြားတစ်ဖက်ခြမ်းဆီမှ နဂါးဖိအားတို့ ဖြာထွက်လာခဲ့လေသည်။ ကျုလဲ့ပြောသကဲ့သို့ပင် ဖုချီ အမှန်တကယ်လာနေလေပြီ။

ရင်းနှီးနေသည့်အရှိန်အဝါကို ခံစားမိလိုက်သော် သခင်မဟွာသည် ပို၍ ယုံကြည်ချက်ရှိလာပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။

“ဘေးဖယ်နေ…” ကျုလဲ့သည် ရုတ်တရက် ရန်ကိုင်အား တွန်းဖယ်လိုက်လေသည်။

ရန်ကိုင်လည်း ခြေဆောင့်၍ အခြားတစ်ဖက်သို့ ခုန်ထွက်လိုက်လေ၏။

ထိုအခိုက်အတန့်မှာပင် ရန်ကိုင်၊ လျူစန်းနျန်နှင့် သူမသမီးအား မည်ကဲ့သို့နှိပ်စက်လျှင် ကောင်းမလဲ ဆိုသည်နှင့် ပတ်သက်၍ အတွေးများနေရသော သခင်မဟွာမှာ ရုတ်တရက် သွေးအပွက်ပွက်အန်ထွက်တော့လေ၏။ သူမ၏အရိုးများ ကျိုးကုန်ပြီး သူမတစ်ကိုယ်လုံးမှာလည်း အတိုင်းမသိအောင် ပြင်းထန်လှသော နာကျင်မှုတို့ဖြင့် ပြည့်နှက်လာရလေသည်။ အသက်စွမ်းအင် တဖြည်းဖြည်း ယုတ်လျော့လာသည်ကို ခံစားမိလိုက်သည့်အခိုက် ကျုလဲ့ဘက်သို့ ခက်ခက်ခဲခဲဖြင့် လှမ်းကြည့်၍ မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်လေ၏။ “ဆရာ… ရှင်…”

ဤကဲ့သို့ ခေါင်းကို အခြားတစ်ဖက်သို့ လှည့်ပြီးရုံပင်ရှိသေး သူမ၏ အသက်စွမ်းအင်အရှိန်အဝါအားလုံးမှာ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရလေပြီ။ သေသွားသည့်အချိန်ထိတိုင် သခင်မဟွာမှာ မျက်လုံးပြူးကာ ကျန်နေရစ်ခဲ့ရသည်။ သူမဘဝ၏ နောက်ဆုံးအခိုက်အတန့်တွင် ကျုလဲ့ ဘာကြောင့် သူမအား သတ်ပစ်ရန် ရွေးချယ်ခဲ့သလဲဆိုသည်ကို လုံးဝနားမလည်နိုင် ဖြစ်ခဲ့ရသည့်ပုံပင်။

လျူစန်းနျန်မှာလည်း ဘာတွေဖြစ်လို့ဖြစ်နေမှန်းကို နားမလည်ချေ။ ကျုလဲ့မှ သခင်မဟွာအား သတ်လိုက်သည်ကိုမြင်သော် မယုံကြည်နိုင် ဖြစ်နေသည့်အလား သူမမျက်လုံးများကိုပွတ်၍ နောက်တစ်ကြိမ် သေချာပြန်ထပ်ကြည့်လေသည်။ (မတော်တဆ လူမှားပြီးတော့များ သတ်လိုက်မိတာလား… မဖြစ်နိုင်ဘူး… သူက အဆင့်ရှစ်နဂါးတစ်ကောင်ပဲကို… လူမှားပြီးသတ်စရာအကြောင်းမရှိဘူး…)

သူမစိတ်ထဲ သင်္ကာမကင်း ဖြစ်နေစဉ်မှာပင် ကျုလဲ့သည် သူ၏လက်ဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ သခင်မဟွာနှင့်အတူ ပါလာသော အမျိုးသမီးနှစ်ဦးမှာလည်း အသက်ပျောက်သွားခဲ့ကြရလေသည်။ သွေးများသည် ထိုလူများ၏ ဒွါရခုနှစ်ပေါက်မှ ဒရဟောစီးကျနေလေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း လျူစန်းနျန်၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ ယခုအချိန်တွင်တော့ ကျုလဲ့ လူမှားသတ်လိုက်ခြင်းမဟုတ်မှန်း သူမ လုံးဝ သေချာသွားခဲ့လေပြီ။ ကျုလဲ့သည် ဖုချီ၏ အမျိုးသမီးသုံးဦးစလုံးကို တမင်တကာ သတ်ပစ်လိုက်ခြင်းသာ ဖြစ်လေသည်။ (ဘာတွေဖြစ်နေတာလဲ… သူ ရန်ကိုင်ကိုသတ်ရမှာမဟုတ်ဘူးလား… ဘာဖြစ်လို့ သခင်မဟွာနဲ့ သူ့လူတွေကို သွားသတ်ရတာလဲ…)

လျူစန်းနျန်မှာ လက်ရှိအဖြစ်အပျက်အပေါ် လုံးဝနားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။ ထိုစဉ် ကျုလဲ့သည် လျူစန်းနျန်နှင့် သူမသမီးဘက်သို့လှည့်ကြည့်လာခဲ့လေသည်။ သတ်ဖြတ်လိုစိတ်တို့ ပြည့်နေသည့် ကျုလဲ့၏မျက်ဝန်းအစုံကို ကြည့်ရင်း လျူစန်းနျန်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူမသမီးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမိလိုက်လေသည်။ ထိုအခိုက်အတန့်မှာပင် လူတစ်ဦး သူမရှေ့၌ ရုတ်တရက် ပေါ်လာခဲ့လေ၏။ ရန်ကိုင်သည် လျူစန်းနျန်ရှေ့တွင် ရပ်နေရင်းမှ ပြောလိုက်သည်။ “မင်း သူတို့ကို သတ်လို့မရဘူး…”

ကျုလဲ့က ပြန်ပြောလိုက်သည်။ “လိုရမယ်ရ အကုန်သတ်ပစ်ရမှာပဲ…”

ရန်ကိုင်က ခေါင်းခါပြနေသည်ကိုမြင်သော် ကျုလဲ့က ဒေါမာန်တကြီးဖြင့် “ဘာပဲဖြစ်ဖြစ် မင်းအကြောင်းနဲ့ မင်းကံပဲ… ဒီကကိစ္စတွေသာ ပေါက်ကြားသွားရင် ပြဿနာတက်မှာက မင်းနော်…”

ထိုသို့ပြောပြီးသည်နှင့် ယွမ်ဝူဘက်သို့ လှမ်း၍ ကြည့်လိုက်လေသည်။ ယွမ်ဝူသည် ရန်ကိုင်၏တိုက်ကွက်စာ မိပြီးတည်းက မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေခဲ့ခြင်း ဖြစ်လေသည်။ လက်ရှိအချိန်တွင်တော့ သူ့ခန္ဓာကိုယ်မှာ ထိန်းမရအောင် တုန်ရီနေလေ၏။

တကယ်တော့ သူသည် ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော နဂါးနွယ်ဖွားတစ်ဦး ဖြစ်သည် မဟုတ်လေလော။ အစောပိုင်းက ရန်ကိုင်သည် သူ့လက်ဝါးချက်ထဲ အားသိပ်မထည့်ခဲ့သည့်အတွက်ကြောင့် ယွမ်ဝူအနေဖြင့် ရန်ကိုင်၏လက်ဝါးချက်စာ မိပြီးသည့်နောက် သတိလစ်သွားစရာအကြောင်း မရှိပေ။ သခင်မဟွာကိစ္စထဲ ဝင်မပါလိုသည့်အတွက်ကြောင့်သာ သတိလစ်ချင်ယောင် ဆောင်နေခြင်း ဖြစ်လေသည်။ သူသတိလစ်သွားပြီးသည့်နောက် ကြုံခဲ့ရသည့်အဖြစ်အပျက်များကို ကြည့်နေရင်း ယွမ်ဝူမှာ ရင်တဒုန်းဒုန်းကို ခုန်လာရတော့လေသည်။

ကျုလဲ့မှ သခင်မဟွာနှင့် သူမ၏လက်အောက်ငယ်သားအမျိုးသမီးနှစ်ယောက်အား သတ်ပစ်လိုက်သည့်မြင်ကွင်းသည် ယွမ်ဝူအား အကြီးအကျယ်ကို တုန်လှုပ်သွားစေခဲ့လေသည်။ ယခုဆိုလျှင်တော့ ကျုလဲ့သည် ရန်ကိုင်နှင့် တစ်ဖက်တည်းမှန်း ယွမ်ဝူသိသွားခဲ့လေပြီ။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်ကိုကူညီပြီး မျက်မြင်သက်သေအားလုံးကို ဖုချီရောက်မလာခင် ရှင်းပစ်ခဲ့လိမ့်မည်မဟုတ်ချေ။ ထိုအကြောင်းကြောင့် ကျုလဲ့သည် သူ့ကိုပါ သတ်ရန် ကြိုးစားလာလိမ့်မည်မှန်း ယွမ်ဝူသိနေခဲ့လေသည်။

ကျုလဲ့ သူ့ဘက်သို့ လှည့်ကြည့်လာသည်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ယွမ်ဝူမှာ ခဏတာမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ချက်ချင်း ထွက်ပြေးတော့လေ၏။ ဖုချီဘက်သို့ ထွက်ပြေးနေရင်းမှ တစ်ချိန်တည်းတွင်လည်း အော်ပြောလိုက်လေသည်။ “ဆရာ… ကျုပ်ကိုကယ်ပါဦး…”

ကျုလဲ့ သူတို့အားလုံးအား ဘာကြောင့်သတ်ချင်နေသလဲဆိုသည်ကို သူနားမလည်ပါသော်ငြား ကျုလဲ့ သူ့အား အလွတ်ပေးလိမ့်မည်မဟုတ်မှန်းတော့ သိနေခဲ့လေသည်။ ထို့အတွက်ကြောင့် ယခုနေမှ အသက်ချမ်းသာပေးရန် သွားတောင်းဆိုနေ၍လည်း အလကားပင်။ သူ့အနေဖြင့် အသက်ရှင်လိုပါက ဖုချီကိုအားကိုးရုံသာ ရှိပေတော့သည်။ ထိုသို့ဆိုလျှင်ပင် အသက်ရှင်နိုင်ချေအခွင့်အလမ်းမှာ အလွန်ကိုမှ နည်းပါးလှပါသော်ငြား မျှော်လင့်ချက်မရှိသည်နှင့်စာလျှင်တော့ တော်ပေသေးသည်။

ထွက်ပြေးနေသည့်ယွမ်ဝူကို အေးစက်စက်အမူအယာဖြင့် ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် ကျုလဲ့သည် သူ့လက်ကိုမြှောက်၍ မီးတောက်များဖြင့် မီးနဂါးတစ်ကောင်ကို ဖန်တီးလိုက်လေသည်။

ထွက်ပြေးနေရင်းမှ အပူဓာတ်ကို ခံစားမိလိုက်သည့်အတွက်ကြောင့် နောက်သို့လှည့်ကြည့်လိုက်ရာ သူ့ဆီသို့ ပြေးလိုက်လာနေသည့် မီးနဂါးကို မြင်ပြီးသည့်နောက် ယွမ်ဝူမှာ လိပ်ပြာလွင့်လုမတတ် ကြောက်လန့်သွားခဲ့ပြီး အလန့်တကြား ထအော်တော့လေ၏။ “မဟုတ်ဘူး…”

မျက်တောင်တစ်ခတ်အတွင်း မီးနဂါးသည် ယွမ်ဝူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။ သွေးသန့်နဂါးတစ်ကောင်မှ ဖန်တီးထားသည့် မီးတောက်ဖြစ်သည့်အလျောက် ယွမ်ဝူမှာ ထိုမီးတောက်အား အနည်းငယ်မျှပင် ခုခံနိုင်ခဲ့ခြင်းမရှိပေ။ မီးနဂါး သူ့အား လွှမ်းခြုံသွားသည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး မီးစွဲလောင်ကာ မြေပြင်ပေါ်တွင် အဆက်မပြတ် လူးလိမ့်ရင်း အော်ဟစ်နေတော့လေ၏။ ခဏအကြာ၌ အသည်းအသန်ရုန်းကန်နေသော ယွမ်ဝူ၏ခန္ဓာကိုယ် မလှုပ်မယှက် ဖြစ်သွားတော့လေသည်။ သူ့တစ်ကိုယ်လုံးမှာ မီးကျွမ်းထားသည့် မီးသွေးတုံးတစ်တုံးပမာ မဲတူးနေခဲ့လေသည်။

နောက်ဆုံးတွင် ဖုချီ ရောက်လာခဲ့လေသည်။ ဖုချီသည် တုတ်ခိုင်ထွားကြိုင်းထားသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော အသက်သုံးဆယ်အရွယ်လောက်ရှိမည့် လူတစ်ဦး ဖြစ်ပေသည်။ လက်ရှိအချိန်တွင်တော့ ဖြိုးဖြိုးဖြက်ဖြက် မြည်သံများနှင့်အတူ ဖုချီ၏ခန္ဓာကိုယ်တစ်ဝိုက်ကို လျှပ်ပန်းလျှပ်နွယ်များက ရစ်သိုင်းထားခဲ့လေ၏။

ရောက်လာပြီးသည်နှင့်တစ်ပြိုင်နက် ဖုချီမှာ သုန်သုန်မှုန်မှုန်ဖြင့် ကျုလဲ့အား စိုက်ကြည့်လိုက်လေသည်။ ကြည့်ရသလောက် သူနှင့်ကျုလဲ့ကြား ရန်ငြိုးရန်စတို့ ရှိသည့်ပုံပင်။ ထို့နောက် ရန်ကိုင်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် ချက်ချင်း အကြည့်လွှဲသွားခဲ့လေသည်။ လူသားတစ်ဦးကို သူ့စိတ်ထဲ အလေးမထားသည့်အလား။ သို့ရာတွင် လျူစန်းနျန်ကိုမြင်သည့်အခိုက် ဖုချီ မျက်မှောင်ကျုံ့သွားခဲ့သည်။

ကြည့်ရသလောက် ဖုချီသည် လျူစန်းနျန်ကို မှတ်မိနေသေးသည့်ပုံစံပင်။ ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့မဟုတ်။ လျူစန်းနျန်ကို သူကိုယ်တိုင် ဖမ်းဆီးလာခဲ့ပြီး ဤကျွန်းပေါ်တွင် နှစ်ပေါင်းနှစ်ရာကျော် သုံးရာနီးပါး အကျဉ်းချထားခဲ့သည်မဟုတ်ပေလော။ လွန်ခဲ့သောဆယ်နှစ်ကျော်လောက်ခန့်ကမှ လျူစန်းနျန်အား ဤကျွန်းပေါ်မှ နှင်ထုတ်ခဲ့ခြင်းဖြစ်လေရာ လျူစန်းနျန်ကို သူမှတ်မိနေသည်မှာ အဆန်းတော့မဟုတ်ပေ။

လျူစန်းနျန်မှာ‌တော့ ဖုချီအား သွားကြည့်ရဲသည့်သတ္တိ မရှိခဲ့ပေ။ ဖုချီရောက်လာသည်ကို ခံစားမိလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏မျက်နှာတစ်ပြင်လုံးမှာ စက္ကူဖြူတစ်ရွက်ပမာ ဖြူလျော်သွားခဲ့ပြီး လျူယုချင်းရှေ့တွင် ကတုန်ကယင်ဖြင့် မတ်တပ်ရပ်နေခဲ့လေသည်။ ကံကောင်းစွာဖြင့် ဖုချီမှာ သူမအား အရေးမစိုက်ခဲ့ဘဲ တစ်ချက်လောက်သာကြည့်ပြီး အကြည့်ပြန်လွှဲသွားခဲ့သည်။

ထို့နောက် အခြားသောမြင်ကွင်းတစ်ခုကို မြင်လိုက်သည့်အခိုက် ဖုချီမှာ ဒေါသူပုန်ထသွားခဲ့ပြီး အံကြိတ်ကာ ပြောလိုက်လေ၏။ “ကျုလဲ့… မင်း ဘာတွေလုပ်လိုက်တာလဲ…”

လက်ရှိအခိုက်အတန့်တွင် သူ၏အချစ်ရဆုံးသောအမျိုးသမီးသည် ကမ်းခြေပေါ်တွင် မလှုပ်မယှက်လှဲလျောင်းနေခဲ့လေသည်။ သူမ၏မျက်လုံးများမှာ ပြူးကျယ်နေခဲ့ပြီး သွေးများသည် ပွင့်နေသည့်ပါးစပ်ထဲမှ စီးကျနေလေ၏။ သူမ၏အလောင်းတစ်ဝိုက်တွင် နဂါးစွမ်းအင်အဆီအနှစ်တို့ ရစ်သိုင်းနေသည့်အတွက်ကြောင့် သူမအား နဂါးတစ်ကောင်မှ သတ်သွားသည်မှာ အသိသာကြီးပင်။

လက်ရှိအချိန်တွင် ဤကျွန်းပေါ်၌ သူမှလွဲ၍ အခြားသောနဂါးတစ်ကောင်သာ ရှိပေသည်။ ထို့အတွက်ကြောင့် လက်သည်တရားခံ မည်သူဖြစ်သလဲဆိုသည်ကို မေးနေစရာပင်မလိုခဲ့။ သူမအား သတ်သွားသည့်လူသည် ကျုလဲ့ဖြစ်သည်မှာ လယ်ပြင်ထဲ ဆင်ပြေးနေသလို အထင်းသားကြီး ထွက်ပေါ်နေခဲ့လေပြီ။

ဤကျွန်းပေါ်တွင် ကျုလဲ့မှ ယခုကဲ့သို့ ပိုင်စိုးပိုင်နင်း လာလုပ်နေသည့်အပေါ် ဖုချီမှာ အလွန်ကိုမှ ဒေါသူပုန်ထသွားရလေသည်။ ဤနေရာသည် သူ့ပိုင်နက်ဖြစ်သည်။ ထို့အတွက်ကြောင့် ကျုလဲ့မှ သူ့ပိုင်နက်ထဲ လာရောက်သောင်းကျန်းနေသည်ကို သူ့အနေဖြင့် မည်သို့များ သည်းခံနိုင်ပါမည်နည်း။

ဖုချီဒေါသူပုန်ထနေစဉ် ကျုလဲ့က ပြန်၍ပြောလိုက်လေ၏။ “ကိုယ့်ကိုယ်ကို အရမ်းမောက်မာလွန်းနေတဲ့ မိန်းမတစ်ယောက်ကို မင်းကိုယ်စား ကူသတ်ပေးလိုက်ရုံပဲ…”

ဖုချီက သုန်သုန်မှုန်မှုန်ဖြင့် ပြန်မေးလိုက်သည်။ “မင်းဘာပြောချင်နေတာလဲ…”

ဤနေရာတွင် ဘာတွေဖြစ်လို့ဖြစ်သွားမှန်း သူမသိ။ ဤနေရာတွင် သူနေရာအရပ်နှင့် သိပ်မဝေးပါသော်ငြား သူ့တွင် ဤနေရာတစ်ခုလုံးကို စောင့်ကြည့်နေဖို့ရာ အချိန်မရှိပေ။ ယခု ဖုချီ ဤနေရာသို့ ရောက်လာရခြင်းမှာ ကျုလဲ့၏အရှိန်အဝါကို ခံစားမိလိုက်သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ သို့သော်ငြား ဤနေရာသို့ရောက်ရောက်ခြင်း ယခုကဲ့သို့မြင်ကွင်းမှ သူ့အား စောင့်ကြိုနေလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိခဲ့ပေ။

“ငါဘာပြောနေတယ်လို့ မင်းထင်လဲ… သူ့လိုဘာမှမဟုတ်တဲ့လူက ငါ့ကိုလာပြီးတော့ ရန်စရဲတယ်…” ကျုလဲ့က နှာခေါင်းရှုံ့လိုက်လေသည်။

“သူ မင်းကို ရန်စတယ်…” ဖုချီ အံ့အားသင့်သွားသလို မယုံသင်္ကာလည်း ဖြစ်မိသွားခဲ့လေသည်။ သခင်မဟွာ ဤကျွန်းပေါ်တွင် နေနေသည်မှာ နှစ်ပေါင်းရာနှင့်ချီနေလေပြီ။ ထို့အတွက်ကြောင့် နဂါးကလန်သားတစ်ဦးကို မဆင်မခြင် သွားရန်စဖို့ရာမှာ မဖြစ်နိုင်ပေ။ ထို့အပြင် သူသိသလောက် သခင်မဟွာသည် ကျုလဲ့ကို ယခင်က တွေ့ခဲ့ဖူးပေသည်။ ထိုအကြောင်းကြောင့် ကျုလဲ့ မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို သိနေရပေလိမ့်မည်။

နဂါးကလန်ထဲတွင် နဂါးကလန်သားများမှာ များများစားစားမရှိလှ။ အလွန်သန့်စင်သည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် နဂါးများမှာ ပို၍ပင် ရှားပေသေးသည်။ သခင်မဟွာသည် ကျုလဲ့အား မြင်ခဲ့ဖူးသည့်အတွက်ကြောင့် ကျုလဲ့အား သွားရန်စခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာဖြစ်မှန်း သိခဲ့ရပေလိမ့်မည်။

(ဘာတွေဖြစ်နေတာလဲ…)

“ဘာဖြစ်လို့လဲ… မင်း သူသေတာကို ဝမ်းနည်းနေလို့လား…” ကျုလဲ့က လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

ဖုချီသည် ကျုလဲ့အား အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “ဘာဝမ်းနည်းစရာရှိလို့လဲ… သူတို့တွေက ကစားစရာသက်သက်ပဲကို…”

သူပြောသကဲ့သို့ပင် ထိုအမျိုးသမီးများသည် သူ့အတွက် ထိုမျှအရေးမကြီးပေ။ ထို့အတွက်ကြောင့် သခင်မဟွာ သေသေမသေသေ ကိစ္စမရှိ။ သူဂရုစိုက်သည်မှာ သူ့ဂုဏ်သိက္ခာသာ ဖြစ်လေသည်။ ကျုလဲ့သည် သူ့ပိုင်နက်ထဲတွင် သူ့လူများကို လာသတ်ဖြတ်သွားခဲ့သည်။ ဤသည်မှာ သူ၏အခွင့်အာဏာကို စိန်ခေါ်လိုက်ခြင်းသာ ဖြစ်ပေသည်။ သို့သော်ငြား လက်ရှိအခြေအနေမှာ အနည်းငယ် လုပ်ရကိုင်ရ အခက်ဖြစ်နေသည့် အချိန်မျိုး ဖြစ်နေသည့်အတွက်ကြောင့် ကျုလဲ့နှင့် သွား၍ ပြဿနာမတက်လိုပေ။ မဟုတ်လျှင် အဖွဲ့နှစ်ဖွဲ့ကြား ပဋိပက္ခ ဖြစ်သွားရနိုင်ပေသည်။ ထိုအကြောင်းကြောင့် အကြောင်းပြချက်ရှာ၍ ပြန်ပြောလိုက်လေ၏။ “သူ မင်းကို ရန်စတယ်ဆိုမှတော့ သူသေတာ ဘာမှဝမ်းနည်းနေစရာမလိုဘူး…”

“မင်းနားလည်တာကောင်းတယ်…” ကျုလဲ့က နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက်တွင် ဖုချီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “မင်း ဘာလို့ ဒီကိုရောက်နေတာလဲ…”

ကျုလဲ့က ပြန်ပြောလိုက်သည်။ “နန်းတော်ဆောက်နေတာကို လာစစ်ဆေးကြည့်တာ…”

“အဲ့ဒါပဲလား…” ဖုချီ မျက်မှောင်ကျုံ့သွားလေ၏။

ကျုလဲ့က သုန်သုန်မှုန်မှုန်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ဒါက အရေးကြီးတဲ့ကိစ္စကွ…”

ဖုချီက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ဒါက တကယ်အရေးကြီးတဲ့ကိစ္စ… မင်းရောက်နေပြီဆိုမှတော့ ငါတို့ တစ်ချက်လောက် အတူတူသွားကြည့်ကြတာပေါ့… နန်းတော်ဆောက်နေတာ ဘယ်လောက်ထိ ပြီးသွားပြီလဲမသိဘူး… ခုနတုန်းကတော့ တစ်ချက်လောက်တော့ ကြည့်လိုက်ပါသေးတယ်… အဲ့တုန်းကတော့ တော်တော်လေးအဆင်ပြေနေတာပဲ… ဒီအဆင့်နိမ့်ကောင်တွေက တကယ်ကို အသုံးဝင်တာပဲကွ…”

ကျုလဲ့သည် အေးစက်စက်အမူအယာဖြင့် နန်းတော်ဆောက်နေရာအရပ်ဆီသို့ ပျံသန်းသွားလေသည်။ မျက်တောင်တစ်ခတ်အတွင်း ကျုလဲ့သည် ရန်ကိုင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ကျုလဲ့ သူ့အပေါ် မလေးမစားလုပ်နေသည်ကိုကြည့်ရင်း ဖုချီ၏မျက်နှာကြီးမှာတော့ ဒယ်အိုးဖင်နှယ် မည်းမှောင်နေခဲ့လေသည်။ သူ့ဘက်မှ ပြဿနာမဖြစ်လိုသည့်အတွက်ကြောင့် နှိမ့်နှိမ့်ချချဖြင့် ပြောဆိုနေသည့်တိုင် ကျုလဲ့မှာ သူ့အပေါ် လုံးဝကို မလေးမစားလုပ်နေလေ၏။ ဤသည်မှာတော့ ဖုချီအတွက် ခံပြင်းစရာပင်။

သို့သော်ငြား နှစ်ဦးစလုံး၏ သွေးမျိုးဆက်မှာ အဆင့်တူတွင် ဖြစ်နေသည့်အတွက်ကြောင့် ဖုချီမှာ အခြားသူများကို အနိုင်ကျင့်သကဲ့သို့ ကျုလဲ့အား သွား၍ ရန်စ၍မဖြစ်ပေ။ ထို့အပြင် သူ့အနေဖြင့် တစ်လလောက်သတိထားရုံသာ ရှိပေသည်။ တစ်လကြာပြီးသွားသည်နှင့် ကျုလဲ့အား ဂရုစိုက်နေစရာမလိုတော့။ တစ်လကြာပြီးသည့်နောက်ပိုင်း သူ့အနေဖြင့် လက်စားပြန်ချေလိုလျှင်ပင် စိတ်ရှိသလောက် လက်စားပြန်ချေလို့ ရပေသည်။

ယခုဆိုလျှင် ကျွန်းပေါ်၌ အလောင်းများနှင့်တကွ ရန်ကိုင်နှင့် လျူစန်းနျန်တို့သားအမိနှစ်ဦးသာ ကျန်ရစ်တော့လေသည်။ ဤနေရာသို့ရောက်လာပြီးသည့်နောက်တွင် ဖုချီသည် လျူစန်းနျန်တို့သားအမိကို လုံးဝ အရေးမစိုက်ခဲ့ပေ။ တစ်ချက်လောက်ကြည့်လိုက်ရုံမှလွဲ၍ ဘာဆိုဘာမှ မပြောခဲ့။ သူ့အတွက်မူ ထိုနှစ်ဦးသည် လုံးဝကို အဖိုးမတန်သည့်အရာများ ဖြစ်သည့်အလား။

ထိုအကြောင်းကိုတွေးရင်း လျူစန်းနျန်မှာတော့ စိတ်ဓာတ်ကျသွားရလေသည်။ သူမအတွက်ကြောင့်တော့မဟုတ်။ သူမသမီးအတွက်ကြောင့်သာ ဖြစ်လေသည်။ တကယ်တော့ ဖုချီသည် လျူယုချင်း၏အဖေ ဖြစ်နေသေးသည်မဟုတ်ပေလော။ သို့သော်ငြား အဖေပင်ဖြစ်လင့်ကစား ဖုချီမှာ သူ့သမီးအပေါ် အလွန်ကိုမှ အေးစက်နေခဲ့သည်။ အနည်းငယ်မျှပင်လျှင် ကြင်နာပြခြင်းမရှိ။ ထို့အတွက်ကြောင့် လျူစန်းနျန်မှာ သူမသမီးအတွက်တွေးရင်း သူမစိတ်ထဲ ဝမ်းနည်းလာရတော့လေသည်။

မည်သို့ပင်ဖြစ်လင့်ကစား လက်ရှိအဖြစ်အပျက်ကြောင့် လျူစန်းနျန်မှာ အတော်လေး ထိတ်လန့်သွားခဲ့ရပြီး ရန်ကိုင်အား ကြည့်ရင်းမှ ပြောလိုက်လေ၏။ “မောင်လေးရန် သူက…”

ရန်ကိုင်က ချက်ချင်းပြန်ပြောလိုက်သည်။ “ဒီနေ့ဖြစ်သွားတာတွေကို ဘယ်သူမှ လျှောက်မပြောနဲ့…”

လျူစန်းနျန်က အလေးအနက်အမူအယာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်မ နားလည်ပါပြီ… ဒီကိစ္စအကြောင်းကို ဘယ်သူ့ကိုမှ လျှောက်မပြောပါဘူးလို့ ကျွန်မနဲ့ ကျွန်မသမီးတို့နှစ်ယောက်လုံး ကျိန်ဆိုပါတယ်… ကျေးဇူးပြုပြီး စိတ်ချထားလိုက်ပါ မောင်လေးရန်…”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး နန်းတော်ရှိရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ ကျုလဲ့ အချိန်ကိုက်ရောက်လာသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ယခုကိစ္စသည် ဤမျှလွယ်လွယ်နှင့် အဆုံးသတ်သွားလိမ့်မည်မဟုတ်။ အထူးသဖြင့် ဖုချီရောက်လာသည့်အခါတွင်ပင်။

ကျုလဲ့သည်လည်း ထိုအချက်ကို သတိထားမိပေလိမ့်မည်။ ထို့အတွက်ကြောင့် သခင်မဟွာ၊ သူမ၏လက်အောက်ငယ်သားအမျိုးသမီးနှစ်ဦးနှင့် ယွမ်ဝူကိုပါ တစ်ပါတည်း သတ်ပစ်လိုက်ခြင်း ဖြစ်ပေသည်။ ရန်ကိုင်သာ ကျုလဲ့အား မတားခဲ့လျှင် ကျုလဲ့သည် လျူစန်းနျန်နှင့် သူ့သမီးကိုပါ ကျိန်းသေ သတ်ပစ်ပေလိမ့်မည်။

သို့သော်ငြား ရန်ကိုင်ကိုယ်တိုင်မှာမူ အရမ်းကြီးစိတ်ပူနေခြင်းမရှိ။ လက်ရှိအခြေအနေသည် သူထိန်းချုပ်နိုင်သည့်ဘောင်အပြင်ဘက်သို့ ကျော်လွန်သွားပြီဆိုလျှင်ပင် သူ့အနေဖြင့် ဖုချီနှင့် တိုက်ခိုက်လိုက်ရုံသာ ရှိပေလိမ့်မည်။ ဖုချီကဲ့သို့သော အဆင့်ရှစ်နဂါးတစ်ကောင်ကို သူ့အနေဖြင့် ဂရုစိုက်စရာလိုမည်လား။

ထိုသို့ပင်ပြောလင့်ကစား လက်ရှိအခြေအနေနှင့်ပတ်သက်၍ ရန်ကိုင်မှာတော့ အတော်လေး ကျေနပ်မိနေပေသည်။ သူ နားမလည်နိုင်သည့် တစ်ခုတည်းသောအချက်ဆို၍ ဖုချီမှာ ဘာကြောင့်များ ကျုလဲ့အပေါ် သတိထားနေရသလဲဆိုသည်ကိုပင်။

နှစ်ဦးလုံးမှာ အဆင့်ရှစ်နဂါးများ ဖြစ်ကြသည့်အတွက်ကြောင့် တစ်ဦးကိုတစ်ဦး ကြောက်မနေသင့်ပေ။ မည်သို့ပင်ဖြစ်နေစေကာမူ ယနေ့ ဖုချီ၏သဘောထားမှာ အတော်လေးကိုမှ ဇဝေဇဝါဖြစ်စရာကောင်းလှသည်။ ဘာတွေများ ဖြစ်နေသည့်အတွက်ကြောင့် ဖုချီမှာ ကျုလဲ့မှ သူ့အပေါ် မလေးမစားလုပ်နေသည်ကို ဤအတိုင်းအတာထိ သည်းခံနေရလေသနည်း။ သို့သော်ငြား လက်ရှိအချိန်တွင် ကျုလဲ့အား သွားရှာ၍ အဆင်မပြေသေးသည့်အတွက်ကြောင့် ရန်ကိုင်လည်း စိတ်ရှည်ရှည်ဖြင့် စောင့်နေရုံသာ တတ်နိုင်ပေသည်။

ကျုလဲ့သည် ရန်ကိုင် ဘာကြောင့် နဂါးကျွန်းသို့ ရောက်လာသလဲဆိုသည်ကို နားလည်ထားပြီးရပေလိမ့်မည်။ ထိုအချက်ကို နားလည်ပြီးသည့်တိုင် ရန်ကိုင် မည်သူမည်ဝါဖြစ်ကြောင်းကို ကူညီ၍ ဖုံးကွယ်ပေးထားသည့်အတွက်ကြောင့် သူ့တွင်လည်း သူ့အကြောင်းနှင့်သူ ရှိနေရပေလိမ့်မည်။

ခဏအကြာတွင် အနီရောင်အလင်းတန်းတစ်ခုသည် နန်းတော်ဆီမှ ပျံထွက်လာခဲ့ပြီး တစ်ခုသောဘက်ဆီသို့ ဦးတည်သွားလေသည်။ ထိုအနီရောင်အလင်းတန်းသည် ရန်ကိုင်ခေါင်းပေါ်မှ ဖြတ်ကျော်သွားခဲ့ပြီး ပင်လယ်ပြင်ထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။

ဖုချီသည် ကမ်းခြေပေါ်တွင် ရပ်နေရင်းမှ ထွက်သွားသည့်ကျုလဲ့အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ တစ်ခဏအကြာ၌ လှောင်ပြုံးပြုံးလျက် လှည့်ထွက်သွားခဲ့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၄၃)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်သည် ကမ်းခြေပေါ်တွင် အတန်ကြာအောင် ရပ်နေခဲ့လေသည်။

လျူစန်းနျန်နှင့် သူမသမီးမှာတော့ မြေကျွင်းများတူးကာ အလောင်းများကို မြေမြှုပ်ပေးနေခဲ့လေသည်။ သူမသည် အမှန်တကယ်ကို စိတ်ထားကြင်နာသည့် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သခင်မဟွာသည် သူမအား နှိပ်စက်အရှက်ခွဲခဲ့သလို သူမနှင့် သူမသမီးကိုပင် သတ်ပစ်ရန် ကြိုးစားခဲ့ပါသော်ငြား လျူစန်းနျန်မှာမူ ထိုလူအား ကောင်းကောင်းမွန်မွန် မြေမြှုပ်ပေးနေခဲ့လေ၏။

ဘာကြောင့်မှန်းမသိ သူမစိတ်ထဲ ထိုအလောင်းများကို ဤကျွန်းပေါ်တွင် ဤအတိုင်း ထားပစ်ခဲ့ဖို့ရာ မလုပ်နိုင် ဖြစ်နေခဲ့ရသည်။ သူမသည် ထိုလူများနှင့် နှစ်ပေါင်း ရာပေါင်းများစွာကြာအောင် အတူနေခဲ့သည်။ သူမတို့နှစ်ဦးမှာ မိတ်ဆွေများဖြစ်သည်ဟု ပြော၍မရပါသော်ငြား အသိအကျွမ်းများဖြစ်သည်ဟုတော့ ပြော၍ရပေသေးသည်။ ထိုအကြောင်းကြောင့်ပင်လျှင် အလောင်းများကို ကမ်းခြေပေါ်တွင် ဤအတိုင်း ပစ်မထားရက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ယွမ်ဝူအလောင်းကိုလည်း သေသေချာချာ မြေမြှုပ်ပေးလိုက်လေသည်။

နောက်ဆုံး နေဝင်ရီတရောအချိန်သို့ ရောက်လာသည့်အခါမှသာလျှင် အားလုံးပြီးသွားခဲ့သည်။ ထို့နောက်တွင် လျူစန်းနျန်သည် ဖြူဖတ်ဖြူလျော်ဖြစ်နေသည့် လျူယုချင်းကို လက်ချင်းတွဲရင်းမှ ရန်ကိုင်ဆီသို့ လျှောက်လာလေ၏။ ရန်ကိုင်ရှေ့သို့ရောက်လာသော် လျူစန်းနျန်မှာ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားရတော့လေသည်။

လီကျောက်ကို နဂါးသွေးပန်းများ ပျိုးထောင်ပေးရန်အတွက် ခေါ်သွားလေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုအားကိုးရုံသာ ရှိတော့လေ၏။ သို့သော်ငြား ရန်ကိုင်နှင့်လည်း သိပ်၍မရင်းနှီးလှ။ ဤမနက်တွင်ဖြစ်သွားခဲ့သည့်ကိစ္စများ ပြီးသည့်နောက်တွင် လျူစန်းနျန်မှာ ဤလူငယ်လေးအား သာမန်လူတစ်ဦးအဖြစ် မမြင်နိုင်တော့ပေ။

သခင်မဟွာနှင့် ရင်ဆိုင်တွေ့စဉ် ရန်ကိုင်မှာ မောက်မာဝံ့ကြွားခဲ့သည်။ နဂါးကလန်မှ နဂါးတစ်ကောင်ကိုပင်လျှင် မျက်နှာချင်းဆိုင်ကာ ပြန်ပြောရဲခဲ့သည်။ ရန်ကိုင်လုပ်ပုံသည် သူ့ကိုယ်သူ အန္တရာယ်များသည့်အခြေအနေထဲသို့ တွန်းပို့နေသည့်ပုံ ပေါက်နေပါသော်ငြား အဆုံးတွင်တော့ ဘာဆိုဘာမှမဖြစ်ပဲ ထိုအန္တရာယ်တွင်းထဲမှ လွတ်မြောက်လာနိုင်ခဲ့လေသည်။

လက်ရှိအချိန်တွင် လျူစန်းနျန်မှာ ဘာပြောလျှင်ကောင်းမလဲဆိုသည်ကို တွေးရင်း ရန်ကိုင်နှင့် သုံးမီတာခန့်အကွာတွင် ရပ်နေခဲ့လေသည်။ ယနေ့မနက် အဖြစ်အပျက်သည် ရန်ကိုင်နှင့် သူမကြား ကွာခြားချက် ကြီးကြီးမားမား ရှိနေသည်ဟူသောအချက်ကို လျူစန်းနျန်အား နားလည်သွားစေခဲ့လေရာ လျူစန်းနျန်မှာ ရန်ကိုင်အပေါ် သာမန်လူတစ်ဦးအား ဆက်ဆံသလို ဆက်ဆံ၍ ရတော့လိမ့်မည်မဟုတ်မှန်းလည်း သိနေခဲ့လေသည်။

ထိုစဉ် ရေပွက်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ပင်လယ်ပြင်ထဲမှ ရေလှိုင်းများ ထွက်ပေါ်လာခဲ့ပြီး ပင်လယ်မွန်းစတားသားရဲကြီးတစ်ကောင် ထွက်လာခဲ့လေ၏။

ရန်ကိုင်သည် ထိုပင်လယ်မွန်းစတားသားရဲကြီးကို လှမ်းကြည့်ရင်းမှ လျူစန်းနျန်အား ပြောလိုက်လေ၏။ “အစ်မလျူ… ကျုပ် အခု သွားစရာရှိသေးတယ်… ဒါပေမယ့် မကြာပါဘူး… ပြန်လာခဲ့မယ်… အဲ့အချိန်အတွင်း ဘယ်မှလျှောက်မသွားနဲ့နော်…”

“အော်… အင်း… အင်း…” လျူစန်းနျန်သည် မသိလိုက်မသိဘာသာဖြင့် ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင် သူမအား ယခုကဲ့သို့ ဂရုစိုက်ပေးနေရခြင်းမှာ လီကျောက်ကြောင့်ဖြစ်မှန်း စဉ်းစားမိလိုက်သော် သူမစိတ်ထဲ ယခုကဲ့သို့ မိတ်ဆွေကောင်းတစ်ဦးအပေါ် ပိုင်ဆိုင်ထားနိုင်သော လီကျောက်အား ကျေးဇူးတင်မိသွားလေသည်။

လီကျောက်အကြောင်းတွေးရင်း လျူစန်းနျန်မှာ စိတ်ဓာတ်ကျချင်သလို ဖြစ်သွားခဲ့လေသည်။ အတိတ်ဖြစ်ရပ်များကို ပြန်ပြင်လို့မရသည့်အတွက်‌ကြောင့် ယခင်က ပျော်ရွှင်ဖွယ်ရာ အတိတ်အကြောင်းအရာများကို ပြန်လည်စဉ်းစား စမြုံ့ပြန်ရုံသာ ရှိတော့လေသည်။

လျူစန်းနျန်အသိပြန်ဝင်လာသည့်အချိန်တွင် ရန်ကိုင်သည် ပင်လယ်ထဲသို့ ခုန်ဆင်းသွားခဲ့လေပြီ။ ထို့နောက်တွင် ရေပွက်သံနှင့်အတူ ရန်ကိုင်သည် အစောပိုင်းကပေါ်လာသော ပင်လယ်မွန်းစတားသားရဲကိုစီး၍ အခြားတစ်နေရာဆီသို့ ထွက်သွားလေ၏။

တစ်နာရီခန့်ကြာပြီးသည့်နောက် ကျွန်းတစ်ကျွန်း ရန်ကိုင်၏မြင်ကွင်းထဲ ပေါ်လာခဲ့လေသည်။ ပင်လယ်မွန်းစတားသားရဲကြီးသည် ထိုကျွန်းဆီသို့ ရောက်သည့်အခါ ရပ်သွားခဲ့လေ၏။

ပင်လယ်မွန်းစတားသားရဲ၏ရည်ရွယ်ချက်ကို နားလည်သည့်အလား ရန်ကိုင်သည် ခြေဆောင့်၍ ကျွန်းပေါ်ကို ခုန်တက်လိုက်သည်။ ထို့နောက်တွင် ပင်လယ်မွန်းစတားသားရဲကြီးသည် ပင်လယ်ရေထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။

ကျွန်းတစ်ခုလုံးကို ကောင်းကင်စိတ်အာရုံဖြင့် လွှမ်းခြုံကြည့်ပြီးသည့်နောက် ဦးတည်ရာနေရာကို ရှာတွေ့သွားကာ ရန်ကိုင်သည် လေဟာနယ်ပညာရပ်ကို အသက်သွင်း၍ တောင်တစ်လုံးပေါ်သို့ တည်နေရာခုန်ကူးသွားလေ၏။

ထိုနေရာတွင် ကျုလဲ့သည် ရန်ကိုင်အား ရပ်စောင့်နေခဲ့လေသည်။ ရန်ကိုင်ရောက်လာသည်ကိုမြင်သော် မျက်မှောင်ကျုံ့၍ လှည့်မေးလိုက်လေ၏။ “မင်း ဘာလို့ နဂါးကျွန်းဆီ ရောက်နေတာလဲ…”

ရန်ကိုင်သည် ကျုလဲ့ဆီသို့ ပြေးဝင်သွားပြီး ကျုလဲ့၏ အင်္ကျီကော်လံကို ဆွဲကိုင်၍ မေးလိုက်လေသည်။ “ငါ ဘာလို့ ရောက်နေတယ်ထင်လဲ ယောက်ဖလေး…”

“ငါ့ကိုလွှတ်…” ကျုလဲ့သည် သူ့အင်္ကျီကော်လံအား ငုံ့ကြည့်ရင်းမှ ပြန်အော်ပြောလိုက်လေသည်။

“ငါ အခု တော်တော်လေး စိတ်ရှည်ထားတာနော်…” ရန်ကိုင်သည် ကျုလဲ့အား မလွှတ်သေးဘဲ ကျုလဲ့ကို မမှိတ်မသုန် စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “ကျုချင်း မြောက်ဘက်နယ်မြေဆီ ဘာလို့ ပြန်မလာလဲ ငါသိသွားပြီ… သူ မင်းနဲ့အတူ နဂါးကျွန်းဆီ ပြန်လိုက်သွားတာ… အဲ့ဒါ မင်းကြောင့်ပဲမလား…. မင်းသာ ချင်းအာကို ပြန်ဖို့မပြောခဲ့လို့ရှိရင် သူ ငါ့ကို ထက်ကောင်းကင်နန်းတော်မှာ ပြန်စောင့်နေမှာ…”

ကျုလဲ့က အေးစက်စက်အမူအယာဖြင့် “နဂါးကျွန်းဆိုတာ နဂါးကလန်သားတွေ တစ်သက်လုံးနေလာတဲ့နေရာပဲ… ဒီနေရာကလွဲပြီးတော့ သူက အခြားဘယ်နေရာဆီ သွားနေရဦးမှာလဲ…”

“ဟေ့ကောင်… လာပြီးငြင်းမနေနဲ့… ငါ မင်းကို ဘာမှမလုပ်ရဲဘူး ထင်နေတာလား…”

“ဟေ့ကောင်… စည်းမလွန်လာနဲ့နော်… ဒါက ထက်ကောင်းကင်နန်းတော်မဟုတ်ဘူး… နဂါးကျွန်းကွ…”

“ငါ့ကိုလာအော်နေလည်း အပိုပဲ… ငါ ဒီနေရာက နဂါးကျွန်းက မသိဘဲနေမယ်ထင်လား… ဒါပေမယ့် မင်းရဲ့ယောက်ဖအနေနဲ့ ငါ့မှာ မင်းကို သင်ခန်းစာပေးပိုင်ခွင့်ရှိတယ်ကွ… ဘယ်နေရာပဲရောက်ရောက်… ကျုချင်း ဒီမှာရှိနေတယ်ဆိုရင်တောင် ငါမင်းကို သင်ခန်းစာပေးဦးမှာ… သူ ဘယ်သူ့ဘက်ပါမလဲ ကြည့်ကြည့်ပေါ့…”

ကျုလဲ့က အံကြိတ်၍ ပြန်ပြောလိုက်သည်။ “မင်း စကားကို ကောင်းကောင်းကန်းကန်းပြောလို့မရဘူးလား…”

ရန်ကိုင်က လှောင်ပြုံးပြုံး၍ “မင်းလို ညစ်တီးညစ်ပတ်လုပ်သွားတဲ့ကောင်ကို ကောင်းကောင်းကန်းကန်းပြောနေစရာ လိုလို့လား…”

ကျုလဲ့က ပြန်အော်ပြောလိုက်သည်။ “ငါ ဘယ်တုန်းက မင်းအပေါ် ညစ်တီးညစ်ပတ်လုပ်ခဲ့လို့လဲ… ငါ့ကိုလာစွပ်စွဲမနေနဲ့…”

“ဒါဆို ချင်းအာ နဂါးကျွန်းဆီ တိတ်တိတ်လေး ပြန်သွားရတာလဲ… ဘာဖြစ်လို့ ငါ့ကိုတောင် အဲ့အကြောင်းမပြောရတာလဲ… အဲ့ဒါ မင်းနဲ့ဘာမှမဆိုင်ဘူးလို့ မင်းငြင်းချင်သေးတာလဲ…”

“သူ ဘာလို့အဲ့လိုပြန်သွားလဲ ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ… မင်းကို ငြီးငွေ့သွားလို့ ပြန်သွားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့… မင်းကိုယ်မင်း သိပ်အထင်ကြီးလွန်းမနေနဲ့… မင်းက လူသားတစ်ယောက်ပဲ… မင်းလိုကောင်မျိုးက ငါတို့နဂါးကလန်အတွက် ဘာမှမဟုတ်ဘူး…”

ရန်ကိုင်သည် အရူးတစ်ပိုင်းနှယ် ရယ်မောရင်းမှ ပြန်ပြောလိုက်လေသည်။ “ကောင်းပြီလေ… ကြည့်ရတာ ဒီနေ့ မင်းကို သင်ခန်းစာမပေးလို့ မရတော့ဘူးနဲ့တူတယ်… မင်းကိုယ်မင်း ဘယ်လောက်ကြီးမြတ်လဲဆိုတာ သိသွားအောင် ပြပေးရသေးတာပေါ့…”

“ဟေ့ကောင်… မင်း သိပ်လွန်မလာနဲ့နော်…”

“မင်းကသာ စီနီယာတွေကို လုံးဝမလေးစားတတ်တာ…”

တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ငြင်းခုံနေပြီးသည့်နောက် ရုတ်တရက် နှစ်ဦးစလုံး ပါးစပ်ပိတ်သွားကြပြီး တစ်ဦးကိုတစ်ဦးသာ စိုက်ကြည့်နေတော့လေသည်။ ခဏအကြာ၌ ရန်ကိုင်သည် ကျုလဲ့၏အင်္ကျီကော်လံကို လွှတ်ပေးလိုက်ပြီး နှာခေါင်းရှုံ့လိုက်လေသည်။

စိတ်ထဲ မကျေမနပ် ဖြစ်နေလင့်ကစား ကျုလဲ့မှာ ရန်ကိုင်အား ထပ်၍ပြဿနာရှာမနေဘဲ အင်္ကျီကော်လံကိုသာ သပ်ရပ်သွားအောင် ပြန်လုပ်လိုက်လေသည်။

ထို့နောက် ပင်လယ်ပြင်ဆီသို့ စိုက်ကြည့်နေရင်းမှ ရန်ကိုင်က‌ မေးလိုက်သည်။ “အခု ကျုချင်းဘယ်မှာလဲ…”

ကျုလဲ့သည် ရန်ကိုင်၏အမေးကို ပြန်မဖြေခဲ့ဘဲ မေးခွန်းဖြင့်သာ တုံ့ပြန်လိုက်လေသည်။ “မင်း ဒီကျွန်းဆီကို ဘယ်လိုရောက်တာလဲ…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ငါက လေဟာနယ်တာအိုကို ကျွမ်းကျင်တယ်ဆိုတာကို မင်းမေ့နေတာလား… ဒီကျွန်းဆီရောက်ဖို့ ဘယ်လောက်ခက်မှာမို့လို့လဲ…”

ကျုလဲ့ ခေါင်းခါလျက် “အရင်တုန်းကတော့ ဖြစ်ရင် ဖြစ်နိုင်ပေမယ့် အခုတော့ မရတော့ဘူး… နဂါးကျွန်းရဲ့ဝင်ပေါက်မှာ အကြီးအကဲတွေ ထောင်ချောက်တစ်ခု ပြင်ထားတယ်… တစ်ယောက်ယောက်သာ ကျူးကျော်လာမယ်ဆိုရင် အဲ့ထောင်ချောက်က သူ့အလိုလို အသက်ဝင်ပြီးတော့ ဟင်းလင်းပြင်ဝင်္ကပါတစ်ခုအဖြစ် ပြောင်းသွားမှာ… ဒီတော့ မင်း အထဲကို ဝင်လာလို့ ရတော့မှာမဟုတ်ဘူး…”

ရန်ကိုင်က ခေါင်းခါလျက် “ဟုတ်တယ်… ဟင်းလင်းပြင်ဝင်္ကပါတစ်ခု အဲ့မှာရှိနေတယ်… ဒါပေမယ့် အဲ့ဒါက ငါ့ကို တားနိုင်မှာလား…”

ကျုချင်း မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို သိချင်စိတ် ပြင်းပြနေသည့်အတွက်ကြောင့် ရန်ကိုင်သည် ဟင်းလင်းပြင်ဝင်္ကပါထဲ သူကြုံခဲ့ရသည့်အရာများကို ကျုလဲ့အား ရှင်းပြမနေရန် ဆုံးဖြတ်လိုက်လေသည်။ ထိုသို့သာမဟုတ်ပါက မလိုလားအပ်သော ပြဿနာများ ဖြစ်လာရနိုင်လေ၏။

“အဲ့ဒါဆိုရင်တော့ မင်း ကံကောင်းသွားတာပဲ ဖြစ်ရလိမ့်မယ်…” ကျုလဲ့ သက်ပြင်းချလိုက်လေသည်။ ဟင်းလင်းပြင်ဝင်္ကပါသည် မဟာဧကရာဇ်တစ်ပါးကိုပင်လျှင် အတန်ကြာအောင် ပိတ်လှောင်ထားနိုင်သည်ဟု အကြီးအကဲများ ပြောသည်ကို သူကြားခဲ့ရသည်။ တစ်ယောက်ယောက်သည်သာ ဟင်းလင်းပြင်ဝင်္ကပါထဲမှ ထွက်လာနိုင်မည်ဆိုပါက အကြီးအကဲများ သိသွားရပေလိမ့်မည်။ သူ့အနေဖြင့် နဂါးကျွန်း၏ဝင်ပေါက်ရှေ့တွင် ထိုကဲ့သို့သော ဟင်းလင်းပြင်ဝင်္ကပါကို ဆင်ထားရခြင်းမှာ သူတို့မသိဘဲ နဂါးကျွန်းထဲသို့ တစ်စုံတစ်ဦး ဝင်လာမည်ကို တားဆီးလိုသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ထိုဟင်းလင်းပြင်ဝင်္ကပါ၏တာဝန်မှာ ကျူးကျော်ဝင်ရောက်လာသည့်လူကို ပိတ်လှောင်ထားရန်မဟုတ်။ ထိုလူ နဂါးကျွန်းထဲသို့ ဝင်ရောက်လာသည့်အခါ အကြီးအကဲများအား အသိပေးရန်သာ ဖြစ်လေသည်။

ထို့အတွက်ကြောင့် ရန်ကိုင် ဟင်းလင်းပြင်ဝင်္ကပါထဲမှ မည်သူမျှမသိအောင် ထွက်လာနိုင်သည်မှာ ကံကောင်းသွားသည်ဟု ကျုလဲ့ တွေးမိလိုက်ခြင်းပင်။

“အခု ပြန်သွားပေတော့…” ကျုလဲ့က သက်ပြင်းချလျက် “မင်း ဒီကိုမလာသင့်ဘူး…”

ရန်ကိုင်သည် ကျုလဲ့အား စောင်းကြည့်ရင်းမှ “ငါ့လာရင်းရည်ရွယ်ချက် မပြီးသေးသရွေ့ ပြန်သွားမှာမဟုတ်ဘူး… ငါ မင်းအစ်မကို တွေ့ချင်တယ်…”

ကျုလဲ့က ခေါင်းခါလိုက်လေသည်။ “မင်း သူ့ကို တွေ့လို့မရဘူး…”

ရန်ကိုင်၏အမူအယာ အေးစက်သွားခဲ့သည်။ “မင်း ငါ့ကို မကူညီချင်တာလား… ဒွိလောကကမ္ဘာကြီးထဲကနေ မင်းကို ဘယ်သူ ကယ်ထုတ်လာပေးလဲဆိုတာကို မမေ့နဲ့နော်… မင်း ငါ့ကို ကျေးဇူးမတင်ရင်တော့ ရတယ်… ဒါပေမယ့် ကိုယ့်အပေါ် ကျေးဇူးရှိတဲ့လူတစ်ယောက်ကို အနည်းဆုံးတော့ ဘယ်လိုပြန်ပြောရမလဲ သိသင့်တယ်…”

ထိုသို့ပင်ဖြစ်လင့်ကစား ကျုလဲ့ကမူ ခေါင်းသာခါပြနေခဲ့သည်။

ရန်ကိုင်မှာ စိတ်သိပ်မရှည်လာတော့လေရာ စတင်၍ ခြိမ်းခြောက်တော့လေသည်။ “ငါ မင်းကို တကယ်တီးတော့မှာနော်…”

ကျုလဲ့က ပြန်ရှင်းပြလိုက်သည်။ “ငါ မင်းကို မကူညီချင်တာမဟုတ်ဘူး… ဒါပေမယ့် ငါကူညီမယ်ဆိုရင်တောင် ဘာမှအသုံးမဝင်ဘူး…”

“ဘာဖြစ်လို့လဲ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားလေ၏။

ကျုလဲ့ တိတ်ကျသွားခဲ့လေသည်။ တစ်ခဏအကြာ၌ ရန်ကိုင်ဘက်သို့လှည့်၍ ပြန်ပြောလိုက်သည်။ “ငါ့အစ်မအတွက် မင်း ဘယ်လောက်အနစ်နာခံနိုင်လဲ…”

ရန်ကိုင်မှာ ယခုမှသာလျှင် ကျုလဲ့မှ ကျုချင်းအား သူ့အစ်မဟု ခေါ်ဝေါ်သုံးစွဲသည်ကို ပထမဦးဆုံးအကြိမ် ကြားဖူးလိုက်ရခြင်း ဖြစ်လေသည်။ ကျုလဲ့၏ လေသံပြောင်းသွားသည့်ပုံစံနှင့်ပတ်သက်၍ တစ်ခုခုထူးခြားနေပြီမှန်း သတိထားမိလိုက်သော် ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “သူ အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရလို့လား…”

“ငါမေးတာကိုပဲ အရင်ဖြေ…”

ရန်ကိုင်က ခေါင်းခါလျက် “မင်းအစ်မနဲ့ ငါ့ကြားမှာ မင်း ဘာမှ လာပြောနေစရာမလိုဘူး… ငါတို့ကိစ္စမှာလည်း ဝင်စွက်ဖက်နေစရာမလိုဘူး… ဒါပေမယ့် တစ်ယောက်ယောက် ငါ့ကိုလာတားရဲတယ်ဆိုရင်တော့ ငါ့ရန်သူပဲ… မင်းတို့နဂါးကလန်တောင် ခြွင်းချက်မဟုတ်ဘူး…”

“မင်းအသက်သေနိုင်တယ်ဆိုရင်ရော…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ဒီလောကကြီးထဲမှာ ဘယ်သူမှ ငါ့အသက်ကို ငါ့ဆီကနေ မယူနိုင်ဘူးကွ…”

ကျုလဲ့က ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ပြောလိုက်သည်။ “ကြည့်ရတာ ကျုချင်း လူမှန်ကို ရှာတွေ့သွားတယ်နဲ့တူတယ်… မင်းအခုပြောတဲ့စကားကို လုံးဝမမေ့ဖို့ ငါမျှော်လင့်တယ်…”

ရန်ကိုင်ကမူ စိတ်မရှည်သည့်ပုံစံဖြင့်သာ ပြန်မေးလိုက်လေသည်။ “သူ အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရလို့လား…”

ကျုလဲ့က ပြန်ပြောလိုက်သည်။ “အန္တရာယ်နဲ့ကြုံနေရတာတော့ မဟုတ်ဘူး… အကျဉ်းချခံထားရတာ…”

ရန်ကိုင်က မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်မေးလိုက်သည်။ “ငါ့ကြောင့်လား…”

ကျုလဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… သူ့ကို နဂါးကျွန်းဆီပြန်သွားအောင်လို့ ငါပြောခဲ့တယ်လို့ မင်းပြောခဲ့တယ်နော်… ဟုတ်တယ်… အဲ့ဒါအမှန်ပဲ… ငါ သူ့ကို အဲ့လိုမျိုးပြောခဲ့တယ်… ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်ချရတဲ့လူက သူလေ… သူသာမလိုက်ချင်ရင် ငါကလည်း ဘာတတ်နိုင်မှာလဲ… ဒါပေမယ့် ငါမမျှော်လင့်ထားတာက သူ နဂါးကျွန်းဆီပြန်ချင်တဲ့အကြောင်းအရင်းက မင်းနဲ့သူ့ကိစ္စအကြောင်းကို အကြီးအကဲတွေဆီ ပြောချင်တာကြောင့်ဆိုတာကိုပဲ…”

ထို့နောက်တွင် ရန်ကိုင်ဘက်သို့လှည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။ “သူက မင်းနဲ့လက်ထပ်နိုင်ဖို့ကို အကြီးအကဲတွေဆီကနေ ခွင့်ပြုချက်လိုချင်နေတာ…”

ထိုစကားကိုကြားကြားချင်း ရန်ကိုင် ကြောင်သွားခဲ့ပါသော်ငြား ချက်ချင်း ဒေါသူပုန်ထသွားခဲ့လေသည်။ “အဲ့ကိစ္စလေးအတွက်နဲ့ နဂါးကျွန်းက ဘယ်လိုလုပ်ပြီး သူ့ကို အကျဉ်းချထားရတာလဲ…”

ကျုလဲ့က ပြန်ထအော်လေသည်။ “လူသားတစ်ဦးနဲ့လက်ထပ်တာကို နဂါးကလန်က ဘယ်လိုမှ ခွင့်မပြုဘူးကွ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “သောက်ပိုတွေ… မင်းတို့နဂါးတွေ ဘာတွေစဉ်းစားလို့ စဉ်းစားနေမှန်း ငါ နားကိုမလည်တော့ဘူး… မင်း အခု ကြည့်ကြည့်ကွာ… နဂါးကျွန်းပေါ်မှာ နဂါးထီးတွေရော နဂါးမတွေရော လူတွေ မွန်းစတားတွေကို အကျဉ်းချပြီး အဲ့မှာ ပျော်ပါးနေလိုက်ကြတာ… အဲ့လူတွေကျတော့ ဘာလို့ သွားပြီးတော့ အကျဉ်းချမထားတာလဲ…”

ကျုလဲ့က ပြန်ပြောလိုက်သည်။ “အဲ့လူတွေက သူတို့ရဲ့ ကစားစရာသက်သက်ပဲလေ… အခု မင်းနဲ့ကျုချင်းကိစ္စလိုမှမဟုတ်တာ… ကျုချင်းသာ မင်းနဲ့လက်ထပ်သွားလို့ရှိရင် နဂါးကျွန်းဆီကနေ ထွက်သွားရမှာ… အကြီးအကဲတွေက အဲ့လို ဘယ်လိုမှအဖြစ်ခံမှာမဟုတ်ဘူး…”

“နဂါးကျွန်းဆီကနေ ထွက်သွားရမယ်…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ကျုချင်း ထိုကဲ့သို့ ဆုံးဖြတ်ချက်ချလိမ့်မည်ဟု မထင်ထားခဲ့ချေ‌။ နဂါးကလန်၏ စည်းမျဉ်းစည်းကမ်းများကို ရန်ကိုင်မသိပါသော်ငြား ထိုအကြောင်းကို ကြားလိုက်ရပြီးသည့်နောက် အကြီးအကဲများ မည်မျှ ဒေါသူပုန်ထနေကြောင်းကို ရန်ကိုင် မြင်ယောင်မိပေသည်။

ကျုချင်းသည်သာ သာမန်နဂါးတစ်ကောင် ဖြစ်နေမည်ဆိုလျှင် ကိစ္စ သိပ်ရှိလိမ့်မည်မဟုတ်။ သို့သော်ငြား လက်ရှိကျုချင်းသည် အဆင့်ကိုးနဂါးတစ်ကောင် ဖြစ်နေလေပြီ။ အကြီးအကဲများသည် သူမအား နဂါးကလန်မှ လုံးဝ ထွက်သွားခွင့်ပေးလိမ့်မည်မဟုတ်ချေ။

ကျုလဲ့က သက်ပြင်းချလျက် ဆက်ပြောလိုက်သည်။ “အခုလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် ငါ သူ့ကို ပြန်လာဖို့ မပြောခဲ့ဘူး… အခုတော့ ဟူး…” ကျုလဲ့ သက်ပြင်း ထပ်၍ချလိုက်လေ၏။

ရန်ကိုင်က မျက်မှောင်ကျုံ့၍ မေးလိုက်လေသည်။ “သူထွက်ပြေးဖို့ကြိုးစားလို့လား…”

ကျုလဲ့သည် ရန်ကိုင်အား အရူးတစ်ယောက်ပမာ စိုက်ကြည့်နေရင်းမှ “သူ့နဂါးသွေးကြောက ချိတ်ပိတ်ထားခံလိုက်ရပြီ… ကျင့်ကြံခြင်းလည်း ဖိနှိပ်ထားခံလိုက်ရပြီ… အခု သူ့ခွန်အားကိုတောင် ထုတ်သုံးလို့မရတော့ဘူး… ဒီတော့ ဘယ်လိုလုပ်ပြီး ထွက်ပြေးမှာလဲ…”

“သူ အခုဘယ်မှာလဲ… ငါ့ကို သူ့ဆီခေါ်သွားပေး…” ရန်ကိုင် စိုးရိမ်လာခဲ့လေသည်။

“မင်း အခုနေသွားလဲ ဘာမှထူးမှာမဟုတ်ဘူး… သူ့ကိုချိတ်ပိတ်ထားတဲ့နေရာကို မင်းဖောက်ဝင်နိုင်မှာမဟုတ်ဘူး… မင်းဖောက်ဝင်နိုင်မယ်ဆိုရင်တောင် မင်းပဲ ပြဿနာတက်မှာ…”

“မကြိုးစားရသေးပဲနဲ့ ဘယ်လိုလုပ်ပြီးသိမှာလဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“မင်း လေဟာနယ်တာအိုကိုကျွမ်းကျင်ထားမှန်း ငါသိပြီးသား… ဒါပေမယ့် အသုံးမဝင်ဘူး… ဒုတိယအကြီးအကဲက သူနေတဲ့ကျွန်းမှာ ကျုချင်းကို အကျဉ်းချထားတာ… ဒီတော့ အဲ့ကျွန်းပေါ် ဖောက်ဝင်လာတဲ့ ဘယ်သူ့ကိုမဆို သူအာရုံခံလို့ရတယ်…”

“ဒုတိယအကြီးအကဲက အရမ်းအားကောင်းတာလား…”

“မဟာဧကရာဇ်တစ်ပါးလောက်ကို အားကောင်းတယ်…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင် သက်ပြင်းရှိုက်သွားလေသည်။ ထိုသို့သာဖြစ်မည်ဆိုလျှင်တော့ သူ့အနေဖြင့် ကြိုးစားနေစရာပင်မလိုတော့။ ကျွန်းနားသို့ မရောက်သေးခင်မှာပင် ဒုတိယအကြီးအကဲသည် သူ့အား ကျိန်းသေ ရှာတွေ့သွားပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၄၄)

ဘာသာပြန်သူ_တိမ်တိုက်

ထိုအခိုက်အတန့်မှာပင် ရန်ကိုင်သည် တစ်ခုခုအား စဉ်းစားမိသွားခဲ့လေသည်။ နဂါးကလန်၏ ဒုတိယအကြီးအကဲသည် မဟာဧကရာဇ်တစ်ပါးကဲ့သို့ အားကောင်းနေမည်ဆိုပါက ပထမအကြီးအကဲရော မည်သို့များ နေပါမည်နည်း။ ပထမအကြီးအကဲသည် ဒုတိယအကြီးအကဲထက် ပို၍ အားကောင်းရပေလိမ့်မည်။

တစ်နည်းဆိုရသော် နဂါးကျွန်းပေါ်တွင် မဟာဧကရာဇ်နှင့် အဆင့်တူသော ပညာရှင်နှစ်ဦး ရှိသည်ဟု ပြောလိုက်ခြင်းပင် ဖြစ်လေသည်။

ယခင်က နဂါးကျွန်း မည်မျှ အံ့ဩဖွယ်ကောင်းကြောင်း၊ အားကောင်းကြောင်းကို အခြားသူများ ပြောခဲ့သည်ကို ရန်ကိုင် ကြားခဲ့ရဖူးသည်။ သို့သော်ငြား နဂါးကျွန်း မည်မျှ အားကောင်းသလဲ ဆိုသည်ကိုတော့ သေချာ မသိခဲ့ရပေ။ ယခုမှသာလျှင် နဂါးကျွန်း မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ရန်ကိုင် သေချာ နားလည်သွားရတော့လေသည်။ မဟာဧကရာဇ်နှင့် အဆင့်တူ ပညာရှင်နှစ်ဦးမှ ကြီးကြပ်ကွပ်ကဲနေသည့် နဂါးကျွန်းသည် ကြယ်တာရာ အစုအဝေးထဲရှိ မည်သည့် အင်အားစုထက်မဆို ပို၍ အားကောင်းပေသည်။

"ဒီကိစ္စမှာ ပထမအကြီးအကဲက ဘာပြောလဲ" ရန်ကိုင်က မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။ ဒုတိယအကြီးအကဲသည် ကျူချင်းအား သူမနေသည့် ကျွန်းတွင် အကျဉ်းချထားသည့်အတွက်ကြောင့် မည်သည့်နည်းနှင့်မျှ ကျူချင်းအား လွှတ်ပေးစရာ အကြောင်းမရှိပေ။ ရန်ကိုင်သည် ကျူချင်းအား ကယ်ဆယ်လိုပါက ပထမအကြီးအကဲနှင့် စတင်ရပေလိမ့်မည်။

ကျူလဲ့က ပြန်ပြောလိုက်သည်။ "ပထမအကြီးအကဲရဲ့ နာမည်က ကျူယန်၊ ဒုတိယအကြီးအကဲရဲ့ နာမည်က ဖုကျွင်း၊ မင်း သိပြီလား"

ရန်ကိုင်က မျက်ခုံးပင့်လျက်..."ဒုတိယအကြီးအကဲက ဖုကလန်ကလား"

"ကျူကလန်နဲ့ ဖုကလန်က နဂါးကလန်တွေ ဆိုပေမဲ့ ငါတို့ကလန်နှစ်ခုက သိပ်ပြီးတော့ တည့်ကြတာ မဟုတ်ဘူး"

ရန်ကိုင်မှာ ကျူယန်နှင့် တစ်ခါမျှ မတွေ့ဖူးပါသော်ငြား ထိုသက်ကြားအိုကြီးအား အကြောင်းအရင်းမရှိ စတင်၍ မကျေမနပ် ဖြစ်လာရတော့လေသည်။ [အဲဒီ သက်ကြားအိုကြီးက တကယ်ကို အသုံးမဝင်တာပဲကွ၊ ကိုယ့်ကလန်သား ဒုက္ခရောက်နေတာကိုတောင် အေးအေးဆေးဆေး ရပ်ကြည့်နေတယ်၊ အဲဒါနဲ့များ ပထမအကြီးအကဲရာထူး ယူထားချင်နေသေးတယ်၊ အခြားတစ်ယောက်ကို ပေးပစ်လိုက်ပါလား၊ ဘာမှ မလုပ်နိုင်ရင်လည်း ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး သွားနေလိုက်၊ ပထမအကြီးအကဲ ရာထူးကို ယူမနေနဲ့တော့]

ကျူလဲ့က ရှင်းပြလိုက်သည်။ "ကျူချင်းရဲ့ လုပ်ရပ်က နဂါးကလန်ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်လိုက်တာရယ်၊ နဂါးကလန်ကို အရှက်ခွဲလိုက်သလို ဖြစ်သွားစေတာရယ်ကြောင့် ပထမအကြီးအကဲ ဘာမှ ဝင်ကူညီပေးလို့မရတာ”

ထိုသို့ ပြောပြီးသည့်နောက် ကျူလဲ့သည် စိတ်ထဲမှနေ၍ ရန်ကိုင်အား ကြိတ်ကာ အပြစ်တင်တော့လေသည်။ [မင်းကြောင့်သာ မဟုတ်ရင် ကျူချင်းလည်း အခုလိုမျိုး အကျဉ်းချထားခံရမှာ မဟုတ်ဘူး၊ သူကများ သူများ သွားအပြစ်တင်ချင်နေသေးတယ်]

ယခုကဲ့သို့သော အလားတူ ဖြစ်ရပ်မျိုး လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ဖြစ်သွားခဲ့ဖူးသည်။ သို့သော်ငြား ထိုစဉ်က အဖြစ်အပျက်ကို ဖြစ်စေခဲ့သူမှာ ကျူကလန်မဟုတ်ဘဲ ဖုကလန်သား တစ်ဦး ဖြစ်လေသည်။

ထိုစဉ်က ဖုကလန်သားသည် လူသားတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီး ကလေးတစ်ဦး မွေးဖွားခဲ့သည်။ နဂါးကျွန်းမှ ထိုသတင်းကို ရလိုက်ချိန် ဒုတိယအကြီးအကဲဖြစ်သော ဖုကျွင်းသည် အလွန်တရာကိုမှ ဒေါသူပုန်ထသွားကာ ထိုဖုကလန်သားကို ကိုယ်တိုင်ကိုယ်ကျ နဂါးကျွန်းဆီသို့ ပြန်ခေါ်လာခဲ့သည်။ ထို့နောက်တွင် အခြားသော နဂါးကလန်သားများ၏ တောင်းဆို‌ဖျောင်းဖျမှုများကို လျစ်လျူရှုလျက် ထိုဖုကလန်သားအား နဂါးသင်္ချိုင်းထဲတွင် အကျဉ်းချထားခဲ့လိုက်လေ၏။

သေခါနီး နဂါးကလန်သားများသည်သာ နဂါးသင်္ချိုင်းထဲသို့ ဝင်နိုင်ကြသလို နဂါးသင်္ချိုင်းသည် နဂါးကလန်၏ တားမြစ်နေရာ တစ်ခုလည်း ဖြစ်ပေသည်။ ထိုနေရာထဲသို့ ဝင်လိုက်ခြင်းသည် သေမိန့်ချခံလိုက်ရခြင်းနှင့် အတူတူသာ ဖြစ်ပေသည်။

ထိုစဉ်က နဂါးကလန်၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့သည့် ဖုကလန်သားသည် ဖုကျွင်း၏ အချစ်ရဆုံးသော ကလန်သားတစ်ဦးလည်း ဖြစ်ခဲ့သည်။ ဖုကျွင်းကိုယ်တိုင် ထိုဖုကလန်သားအား သားသမီးအရင်းအချာသဖွယ် ပျိုးထောင်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်လာသော် ဖုကျွင်းမှာ အလွန်ကိုမှ လက်ပေါက်ကပ်လှသည်ဟု ပြော၍ရသည်။ ထိုလူအား သူမ၏ သားသမီးသဖွယ် ချစ်မြတ်နိုးရသည့်တိုင် နဂါးကလန်၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့သည့်အတွက်ကြောင့် အသည်းမာမာနှင့်ပင် ထိုလူအား နဂါးသင်္ချိုင်းတွင် အကျဉ်းချပစ်ခဲ့လေသည်။

ထိုစဉ်က အဖြစ်အပျက်ကို ကျူလဲ့ သေသေချာချာ မှတ်မိနေသေးသည်။ ထိုစဉ်က ပထမအကြီးအကဲကိုယ်တိုင် ဒုတိယအကြီးအကဲကို ထိုသို့ မလုပ်ရန် ဖျောင်းဖျခဲ့ပါသော်ငြား ဒုတိယအကြီးအကဲကမူ ခေါင်းမာမာနှင့်သာ သူမ ဆုံးဖြတ်ထားသည့်အတိုင်း အပြစ်ပေးခဲ့လေသည်။

ထိုအဖြစ်အပျက် ဖြစ်သွားခဲ့သည်မှာ ၁၀ နှစ်ကျော် ကြာပြီ ဖြစ်ပါသော်ငြား ကျူလဲ့ကမူ သေသေချာချာ မှတ်မိနေဆဲ။

ထိုစဉ်က အဖြစ်အပျက်နှင့် ယှဉ်လိုက်သော် ကျူချင်းအနေဖြင့် နဂါးသင်္ချိုင်းထဲသို့ ရောက်မသွားသည်မှာ ကံကောင်းသည်ဟု ပြော၍ရပေသည်။ ထိုအတွက်ကြောင့် သူမအနေဖြင့် ဘာမျှထပ်၍ တောင်းဆိုမနေသင့်တော့။ လွန်ခဲ့သော ၁၀ နှစ်ခန့်က အဖြစ်အပျက်ကြောင့်သာလျှင် ပထမအကြီးအကဲမှာလည်း ကျူချင်းဘက်မှ ဝင်ရောက် မပြောဆိုခဲ့ခြင်း ဖြစ်လေသည်။

ဒုတိယအကြီးအကဲသည် သူမ အလွန်ကိုမှ ချစ်မြတ်နိုးရသည့် သူမ၏ ကလန်သားကိုပင်လျှင် သွေးအေးအေးနှင့် နဂါးသင်္ချိုင်းထဲ အကျဉ်းချခဲ့လေရာ အခြား ကလန်သားတစ်ဦး ဖြစ်သော ကျူချင်းအပေါ် ဘာကြောင့်များ ညှာတာနေရပါဦးမည်နည်း။ ပထမအကြီးအကဲသည်သာ ကျူချင်းအား ခေါင်းမာမာနှင့် ကာကွယ်ပေးနေမည်ဆိုပါက နဂါးကလန်ထဲ ပဋိပက္ခများ ဖြစ်ပေါ်လာရနိုင်ပေသည်။

ယခု ကျူချင်းအနေဖြင့် နဂါးသင်္ချိုင်းထဲ၌ အကျဉ်းချမခံခဲ့ရသည်မှာ သူမ ကိုယ်ဝန် မရသွားသည့်အတွက်ကြောင့်လည်း ပါပေသည်။ ထိုသို့သာ မဟုတ်လျှင်တော့ ယခုကဲ့သို့ ဒုတိယအကြီးအကဲ၏ ကျွန်းတွင်သာ အကျဉ်းချထားခံရတော့လိမ့်မည် မဟုတ်ဘဲ နဂါးသင်္ချိုင်းထဲတွင် ပိတ်လှောင်ခံရပေလိမ့်မည်။

နဂါးကလန်သည် နဂါးမများနှင့် ပတ်သက်လာလျှင် နဂါးထီးများဘက်သို့ ပို၍ ဘက်လိုက်သည်ဟု ပြော၍ရပေသည်။ နဂါးထီးများအနေဖြင့် အခြားသော မွန်းစတားများ၊ လူသားများနှင့် ပေါင်းဖက်၍ သားသမီးများ ထွန်းကားနိုင်ကြသည်။ သို့သော်ငြား နဂါးမများမှာမူ အခြားသော မျိုးနွယ်များနှင့် ပေါင်းဖက်၍ သားသမီး ထွန်းကား၍ မဖြစ်ပေ။

ထိုသို့ ဖြစ်ရသည့် အကြောင်းမှာ နဂါးမနှင့် နဂါးထီး အရေအတွက်မှာ အလွန်ကိုမှ အချိုးအစား မမျှတသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ နဂါးမ အရေအတွက်မှာ နဂါးထီး အရေအတွက်နှင့် ယှဉ်လိုက်သော် သိသိသာသာကို နည်းပါးလှသည်။ ထို့အတွက်ကြောင့် နဂါးမတစ်ကောင်ချင်းစီသည် နဂါးကလန်၏ သွေးမျိုးဆက်ကို ဆက်လက် တည်တံ့အောင် လုပ်ပေးနိုင်မည့် မျှော်လင့်ချက် ဖြစ်လေရာ အခြားသော မျိုးနွယ်စုများနှင့် ပေါင်းဖက်ခွင့် မရကြချေ။

ရန်ကိုင်က မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြန်မေးလိုက်လေသည်။ "ဒုတိယအကြီးအကဲရဲ့ သွေးမျိုးဆက်ကို ငါ ဖိနှိပ်နိုင်မယ်လို့ မင်း ထင်လား"

ကျူလဲ့က မျက်နှာကြီး မဲ့လျက် ပြန်ပြောလိုက်သည်။ "စဉ်းတောင် မစဉ်းစားနဲ့"

"အဆင့်ရှစ် သွေးမျိုးဆက်ကို ဖိနှိပ်နိုင်တယ် ဆိုပေမဲ့ အဆင့်ကိုးကတော့ တစ်ခါမှ စမ်းမကြည့်ဖူးသေးဘူး၊ ဒုတိယအကြီးအကဲရဲ့ သွေးမျိုးဆက်က အများဆုံးမှ အဆင့်တစ်ဆယ်ပေါ့၊ ဒီတော့ ဘာမှလည်း သိပ်ကွာမှာ မဟုတ်လောက်ပါဘူး၊ ဟုတ်တယ်မလား"

ကျူလဲ့က ခေါင်းခါလျက် ပြန်ရှင်းပြလိုက်လေသည်။ "မင်း ဘာတွေးနေလဲ ငါ သိပြီးသား၊ ဒါပေမဲ့ အဲဒီလိုမျိုး မလုပ်ဖို့ ငါ ပြောလိုက်မယ်။ ဒုတိယအကြီးအကဲရဲ့ ကျင့်ကြံခြင်းက အရမ်းမြင့်တယ်၊ မင်းရဲ့ အခုခွန်အားနဲ့ သူ့ရဲ့ သွေးမျိုးဆက်ကို ဘယ်လိုမှ ဖိနှိပ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ဒီကျွန်းမှာဆိုရင် ငါသာ သေချာ ပြင်ဆင်ထားမယ်ဆိုရင် မင်းတောင် ငါ့သွေးမျိုးဆက်ကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး"

"မင်း ဘာပြောချင်တာလဲ" ရန်ကိုင် မျက်မှောင်ကြုတ်သွားလေသည်။

ကျူလဲ့က ပြန်ရှင်းပြလိုက်သည်။ "နဂါးကျောင်းတော်ထဲမှာ ဘိုးဘေးတွေရဲ့ စွမ်းအားတွေ ရှိတယ်၊ ငါသာ အဲဒီအထဲကနေ ပညာရပ် တစ်ခုခုကို ရသွားမယ်ဆိုရင် မင်းရဲ့ သွေးမျိုးဆက်နဲ့ ငါ့ကို လာဖိနှိပ်မှာကို တားလို့ရတယ်၊ မင်း အရင်တစ်ကြိမ်ကလည်း ကြုံပြီးသွားပြီပဲ မဟုတ်ဘူးလား"

ထိုစကားကို ကြားပြီးသည့်နောက် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ယခင်တစ်ကြိမ် ကျူလဲ့နှင့် တွေ့စဉ်က ရန်ကိုင်သည် သူ၏ သွေးမျိုးဆက်ကို သုံး၍ ကျူလဲ့အား ဖိနှိပ်ရန် ကြိုးစားခဲ့ပါသော်ငြား မအောင်မြင်ခဲ့ပေ။ နောက်ဆုံး နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ် အဆင့်တက်သွားခဲ့သည့်အခါမှသာလျှင် ကျူလဲ့ဆီမှ ထူးဆန်းသည့် နဂါးအကြေးခွံတစ်ခုကို ခွာထုတ်နိုင်ခဲ့ပြီး ကျူလဲ့ကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုနဂါးအကြေးခွံသည် နဂါးကျောင်းတော်မှ လာသည့် ပညာရပ် တစ်မျိုးမျိုး ဖြစ်ဟန်တူပေသည်။

"ဒုတိယအကြီးအကဲလို ပညာရှင်မျိုးကို ဖိနှိပ်ချင်တယ်ဆိုရင်တော့ မင်းကိုယ်ထဲမှာရှိတဲ့ နဂါးအမြုတေ စွမ်းအားတွေ အကုန်လုံးကို မင်းခန္ဓာကိုယ်နဲ့ အပြည့်အဝ ပေါင်းစပ်ပစ်လိုက်မှပဲ ရလိမ့်မယ်၊ အဲဒီလိုဆိုရင်တောင် အခွင့်အရေးက သိပ်မရှိသေးဘူး၊ ဒုတိယအကြီးအကဲက နဂါးတစ်ကောင် အပြင်ကိုမှ မဟာဧကရာဇ်တစ်ပါးနဲ့ ယှဉ်နိုင်တဲ့ ခွန်အား ရှိသေးတယ် ဆိုတာကိုလည်း မမေ့နဲ့ဦး”

"နဂါးအမြုတေနဲ့ကတော့ လုံးဝ အပြည့်အဝ ပေါင်းစပ်လို့ အဆင်မပြေဘူး" ရန်ကိုင် ခေါင်းခါလိုက်လေသည်။ သူ့အနေဖြင့် နဂါးအသွင် ပြောင်းလဲခြင်း ကျင့်စဉ်ကို ကျင့်ကြံနေသည်မှာ အတော်လေးကိုမှ ကြာနေပြီ ဖြစ်လေသည်။ ထိုအချိန် အတောအတွင်း သူ့ကိုယ်ထဲရှိ ရွှေနဂါးဘုရင် အမြုတေနှင့် အတော်လေးကိုမှ ပေါင်းစပ်လာနိုင်ခဲ့ပါသော်ငြား အမြုတေတစ်ခုလုံးနှင့် ယှဉ်လိုက်သော် သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်သည့် ပမာဏမှာ အနည်းအကျဉ်းလေးသာ ရှိပေသေးသည်။ သူ့အနေဖြင့် ထိုအမြုတေ တစ်ခုလုံးနှင့် ပေါင်းစပ်လိုသော် အနည်းဆုံး နှစ်တစ်ရာမက အချိန်ယူရနိုင်ပေသည်။

"အဲဒါဆိုရင်တော့ ဒုတိယအကြီးအကဲကို စိန်ခေါ်ဖို့ စဉ်းတောင် မစဉ်းစားနဲ့"

"ပထမအကြီးအကဲက လုံးဝ မကူညီပေးနိုင်တာလား" ရန်ကိုင်က ပြန်မေးလိုက်သည်။ နဂါးကျွန်းပေါ်တွင် ဒုတိယအကြီးအကဲအား စိန်ခေါ်နိုင်သည့် လူဆို၍ ပထမအကြီးအကဲသာ ရှိပေလိမ့်မည်။ ပထမအကြီးအကဲသည်သာ သူ့အား ကူညီပေးမည်ဆိုလျှင် ကျူချင်းကို ကယ်ဆယ်နိုင်ရန်အတွက် မျှော်လင့်ချက် ရှိသည်ဟု ပြော၍ရသည်။

"အဲဒီအကြောင်းကို စဉ်းတောင် မစဉ်းစားနဲ့၊ ပထမအကြီးအကဲက နဂါးကလန်ရဲ့ ခေါင်းဆောင်ပဲ၊ ဒီတော့ စည်းမျဉ်းစည်းကမ်းတွေကို သူကိုယ်တိုင် သွားဖောက်ဖျက်မှာ မဟုတ်ဘူး"

ရန်ကိုင် ဒေါသူပုန်ထသွားလေ၏။ "ဒီတော့ ဘာအဖြေမှ မရှိတော့တာလား၊ ကျူချင်း ဒုက္ခရောက်နေတာကို ငါက ဒီအတိုင်း ထိုင်ကြည့်နေရမှာလား"

ပြောနေရင်းမှ တစ်ခုခုအား စဉ်းစားမိသွားပြီး စိတ်လှုပ်ရှားနေသည့် လေသံဖြင့်..."ဒါနဲ့ ငါ့မှာ နဂါးကျွန်း တံဆိပ်ပြား ရှိတယ်၊ နဂါးကျွန်း တံဆိပ်ပြားကို သုံးပြီးတော့ မင်းရဲ့အစ်မကို ကယ်လို့ရလား" ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် နဂါးကျွန်း တံဆိပ်ပြားကို ထုတ်ပြလိုက်လေသည်။

ကျူလဲ့၏ အကြည့် အနည်းငယ် ဝင်းလက်သွားခဲ့သည်။ သို့သော်ငြား ချက်ချင်းပင် မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြန်ပြောလိုက်လေ၏။ "အခြားကိစ္စ တစ်ခုသာ ဆိုရင်တော့ အကြီးအကဲတွေက မင်းဆန္ဒကို ဖြည့်ဆည်းပေးရင် ပေးဦးမှာ၊ ဒါပေမဲ့ ကျူချင်းကို လွှတ်ပေးဖို့ကိုတော့ သူတို့ သဘောတူမှာ မဟုတ်ဘူး"

ရန်ကိုင်က ပြန်အော်ပြောလိုက်လေသည်။ "ဘာလဲ မင်းတို့ နဂါးကလန်က ကိုယ့်ကတိကိုယ် မတည်တာလား၊ ဒီနဂါးကျွန်း တံဆိပ်ပြား ရှိတယ်ဆိုရင် ငါတို့ တောင်းဆိုတဲ့ ဘယ်ဆန္ဒကိုမဆို ဖြည့်ဆည်းပေးမယ်လို့ မင်းတို့ပဲ ပြောထားတာလေ၊ ငါ့ဆန္ဒက မင်းအစ်မနဲ့ ဒီအတိုင်းပဲ ထွက်သွားချင်ရုံပဲကို"

"တောင်းဆိုလာတာတွေကို ဖြည့်ဆည်းပေးမယ် ဆိုတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ ငါတို့ နဂါးကလန် တတ်နိုင်တဲ့ ဘောင်ကို ကျော်လို့ မရသလို ငါတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်လို့လဲ မရဘူး၊ ပြီးတော့ မင်းရဲ့ဆန္ဒက ငါတို့ နဂါးကလန်ကို ထိခိုက်စေလို့လည်း မရဘူး၊ မင်းကိုသာ ကျူချင်းနဲ့ ထွက်သွားခွင့် ပြုလိုက်မယ်ဆိုရင် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်သွားသလို ဖြစ်သွားလိမ့်မယ်"

ထိုစကားကို ကြားပြီးသည့်နောက် ရန်ကိုင်သည် တိတ်ဆိတ်သွားခဲ့လေ၏။ သူ၏ စိတ်ထဲ ဤကဲ့သို့ ကူကယ်ရာမဲ့သလို မခံစားရသည်မှာ အလွန်ကိုမှ ကြာနေလေပြီ။

ကျူလဲ့သည် အနည်းငယ် တုံ့ဆိုင်းနေသည့် အမူအရာဖြင့် ပြောလိုက်လေ၏။ "နောက်တစ်လ ဆိုရင်တော့ မင်းမှာ အခွင့်အရေး ရှိလောက်တယ်"

ရန်ကိုင် ချက်ချင်းပင် ကျူလဲ့အား လှမ်းကြည့်လိုက်သည်။

ကျူလဲ့သည် ရန်ကိုင်ကို ကြည့်၍ ရှင်းပြလိုက်လေသည်။ "နောက်လကျရင် ကျူချင်း ဒုတိယအကြီးအကဲကျွန်းကနေ ထွက်လာလိမ့်မယ်၊ အဲဒါက မင်း သူ့ကို ကယ်နိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ"

"နောက်လမှာ ဘာဖြစ်မယ်ဆိုတာကို မင်း ဘယ်လိုလုပ်ပြီး ကြိုသိနေရတာလဲ" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

"ဖုချီရဲ့ ကျွန်းမှာ နဂါးကလန်က ဘာဖြစ်လို့ နန်းတော်တစ်လုံး ရုတ်တရက်ကြီး ဆောက်ချင်နေတာလဲဆိုတာ မင်း သိလား"

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ "ဖုချီရဲ့ မင်္ဂလာပွဲကြောင့် မဟုတ်ဘူးလား"

ထိုအကြောင်းကို ယနေ့မနက် သခင်မဟွာဆီမှ ကြားခဲ့ပါသော်ငြား ရန်ကိုင်ကမူ သိပ်၍ အရေးမစိုက်ခဲ့ပေ။ နဂါးကလန်၏ မင်္ဂလာပွဲသည် သူနှင့် ဘာမျှ မသက်ဆိုင်။ သူ၏ စိတ်ထဲတွင် ရှိနေသည့် အကြောင်းအရာမှာ ကျူချင်းအား မည်ကဲ့သို့ ကယ်ဆယ်ရမလဲ ဆိုသည်သာ ဖြစ်လေသည်။

"ရှင်းရှင်းပြောရရင် အဲဒါက ကျူချင်းနဲ့ ဖုချီရဲ့ မင်္ဂလာပွဲပဲ"

ရုတ်တရက် ဆိုသလို ဟင်းလင်းပြင် တစ်ခုလုံးမှာ အေးခဲသွားသည့်အလား ကြီးစွာသော ဖိအားတစ်ရပ်သည် ဘက်ပေါင်းစုံဆီမှ ရန်ကိုင်တို့ ရပ်နေသည့် တောင်ကုန်းလေး အပေါ်သို့ ကျဆင်းလာခဲ့လေသည်။ အပူချိန်မှာလည်း ရုတ်ချည်းဆိုသလို ထိုးကျသွားခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ လေပွေမုန်တိုင်းကဲ့သို့ ကျရောက်သွားသည့်အလား ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်၏ မျက်လုံးများ မှေးစင်းသွားခဲ့ပြီး သူ၏ ဧကရာဇ်ချီသည် ရန်ကိုင်၏ ထိန်းချုပ်မှုဘောင်အပြင်ဘက်သို့ ရောက်ရှိသွားတော့လေသည်။ ထို့နောက် ကျူလဲ့အား ဖြည်းဖြည်းချင်း မေးလိုက်လေသည်။ "နောက်တစ်ကြိမ် ထပ်ပြောလိုက်စမ်း၊ ငါ သေချာ မကြားလိုက်ရလို့"

ကျူလဲ့က သက်ပြင်းမောကြီး ချလျက် ပြန်ပြောလိုက်သည်။ "ကျူချင်းက နဂါးသင်္ချိုင်းထဲကို သွားရမဲ့ အပြစ်ကနေ လွတ်သွားတယ်၊ ဒါပေမဲ့ တစ်ခုရှိတာက သူ့အနေနဲ့ နဂါးကလန်ရဲ့ သွေးမျိုးဆက်ကို ဆက်ပြီး ထိန်းထားနိုင်ဖို့ ဖုချီနဲ့ လက်ထပ်ရလိမ့်မယ်"

ဝုန်း။

ရုတ်ချည်း ဆိုသလို ဒေါသတရားတို့သည် ရန်ကိုင်၏ ငယ်ထိပ်သို့ ဆောင့်တက်လာခဲ့လေသည်။ လက်သီးကို တင်းတင်း ဆုပ်ထားလိုက်ရာ သူ့လက်သီးဆီမှ တစ်‌ဖျောက်ဖျောက် မြည်သံများပင် ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်အနေဖြင့် ဤမျှ ဒေါသမထွက်ဖူးသည်မှာ အလွန်ကိုမှ ကြာသွားခဲ့လေပြီ။

သူ့စိတ်ထဲ ဖုချီဆိုသည့်ကောင်အား သတ်ပစ်ချင်စိတ်များသာ ရှိနေတော့လေသည်။ ချက်ချင်းပင် ဖုချီ နေသည့် ကျွန်းဆီသို့ ပြန်သွားပြီး ဖုချီကို ရှာကာ သတ်ပစ်ချင်စိတ်များ ဖြစ်လာရသည်။ ထိုသို့သာ မဟုတ်ပါက သူ့အနေဖြင့် ဒေါသတရားများကို မည်သည့်နည်းနှင့်မျှ ဖြေသိပ်နိုင်တော့လိမ့်မည် မဟုတ်ချေ။

[ခွေးသူတောင်းစား၊ ငါ့မိန်းမကို လုရဲတယ်ပေါ့] ရန်ကိုင်မှာ သခင်မဟွာ၏ လုပ်ရပ်ကြောင့် ဖြစ်စေ လျုစန်းနျန် ကြုံခဲ့ရသည့် အဖြစ်အပျက်ကြောင့် ဖြစ်စေ ဖုချီကို အစကတည်းက သိပ်၍ ကြည့်မရပေ။ ယခု ကျူလဲ့ ပြောသည့်အကြောင်းကို ကြားပြီးသည့်နောက် သူ့စိတ်ထဲ ဖုချီအား ခါးခါးသီးသီးကိုမှ မုန်းတီးသွားတော့လေ၏။

ဖုချီသည် လျုစန်းနျန်ကို ထိခိုက်အောင် လုပ်ရုံသာလျှင် မဟုတ်၊ သူ့မိန်းမကိုပင်လျှင် လုယူရဲလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ကျူချင်းကတော့ ငြင်းတာပဲ၊ ဒါပေမဲ့ အကြီးအကဲတွေ အကုန်လုံးက သဘောတူတယ်ဆိုတော့ သူလည်း ဘာမှ မတတ်နိုင်ဘူးလေ၊ အဲဒါကြောင့်သာ မဟုတ်ရင် သူ့ရဲ့ နဂါးသွေးကြော ဖိနှိပ်ခံရမှာ မဟုတ်သလို သူ့ရဲ့ ကျင့်ကြံခြင်းလည်း ချိတ်ပိတ်ထားခံရမှာ မဟုတ်ဘူး"

ထိုအကြောင်းကို ကြားသည့်အခါ ရန်ကိုင်၏ စိတ်အခြေအနေ ပိုမို ဆိုးရွားသွားရတော့လေသည်။ ကျူချင်းအတွက် သူ၏ စိတ်ထဲလည်း စိတ်မကောင်း ဖြစ်မိရသည်။ သူ မရှိချိန် အတောအတွင်း ကျူချင်းသည် အကြီးအကဲများ၏ ဖိအားကို မည်ကဲ့သို့ ခုခံခဲ့ရမလဲ အကြီးအကဲများ၏ ဖိအားအောက်ဝယ် သူ မည်မျှပင် ကူကယ်ရာမဲ့ခဲ့ရမလဲ သူ့စိတ်ထဲ မြင်ယောင်မိနေလေပြီ။

ထိုအကြောင်းများကို တွေးရင်းမှ သူ့ခေါင်းထဲ ဖုချီ၏ မျက်နှာ ဖြတ်ပြေးသွားခဲ့လေသည်။ ထိုအခါ ရန်ကိုင် ပို၍ပင် ဒေါသူပုန်ထသွားရလေသည်။ [ဒီကောင်က သူ့ကိုယ်သူ ဘာမှတ်နေတာလဲကွ]

ကျူလဲ့သည် ရန်ကိုင်အား ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ "မင်္ဂလာပွဲက နောက်လပဲ၊ အဲ့အချိန်ကျရင် ကျူချင်း ဖုချီရဲ့ ကျွန်းဆီ သွားရမယ်၊ အဲဒါက မင်းကျူချင်းကို ကယ်ဆယ်နိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ၊ အဲဒီ အခွင့်အရေးကလွဲပြီး မင်းမှာ အခြား အခွင့်အရေး ရှိမှာ မဟုတ်ဘူး"

ရန်ကိုင်က ခါးသက်သက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ဒီတော့ ငါ ဒီမှာ တစ်လလုံးလုံး နေနေရမှာပေါ့"

"မနေချင်ဘူးဆိုရင်လည်း ဒုတိယအကြီးအကဲရဲ့ ကျွန်းဆီ သွားပြီးတော့ ကျူချင်းကို သွားကယ်ဖို့ စဉ်းစားကြည့်လေ၊ ဒါပေမဲ့ မင်းအတွက် အခွင့်အလမ်းကတော့ မရှိသလောက်ပဲ"

ရန်ကိုင်သည် ကျူလဲ့အား အတန်ကြာမျှ စိုက်ကြည့်နေပြီးသည့်နောက် သက်ပြင်းအမောကြီး ချလိုက်လေသည်။

"အခုနေ ထွက်သွားလို့လည်း နောက်မကျသေးဘူးနော်" ကျူလဲ့သည် ရန်ကိုင်အား ကြည့်ရင်းမှ... "မင်း ဒီကို လာနိုင်တယ် ဆိုမှတော့ ပြန်ထွက်သွားဖို့လည်း ကိစ္စ မရှိလောက်ဘူး၊ မင်း ဒီမှာ ဆက်နေရင် နောက်တစ်လအတွင်း မင်းရဲ့အသက်ကို ဆုံးရှုံးသွားရနိုင်တယ်"

ရန်ကိုင်သည် သွေးဆူတတ်သည့် လူတစ်ဦး ဖြစ်ပါသော်ငြား ခေါင်းမရှိသည့် လူတစ်ဦးတော့ မဟုတ်ပေ။ သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းရင်းမှ ပြန်ပြောလိုက်လေသည်။ "အဲဒီနေ့ကျ ဘယ်သူသေမလဲ ကြည့်ရတာပေါ့ကွာ”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၄၅)

ဘာသာပြန်သူ_တိမ်တိုက်

ပြောစရာရှိသည်များကို ပြောပြီးသည့်နောက်တွင် ကျူလဲ့သည် သူနေသည့်နေရာဆီသို့ ပြန်သွားလေသည်။ ယခု ကျွန်းပေါ်တွင် ရန်ကိုင်တစ်ဦးတည်းသာ ကျန်ရစ်တော့လေသည်။ ရန်ကိုင်သည် သူ့ဘာသာသူ အတွေးရေယာဉ်ကြောထဲ နစ်မြောနေရင်းမှ ဒေါသမီးတောက်တို့သည် သူ့ရင်ထဲ တလိပ်လိပ် တက်လာနေခဲ့သည်။

[နောက်လဆိုရင် ကျူချင်းရဲ့ မင်္ဂလာပွဲပဲ] ရုတ်တရက် ဆိုသလို ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်ပြီး အရူးတစ်ပိုင်းနှယ် အော်ရယ်မောတော့လေသည်။ ဧကရာဇ်ဖိအားတို့ ဖြာထွက်လာခဲ့ပြီး ကျွန်းတစ်ခုလုံးကို ရန်ကိုင်၏ ဧကရာဇ်ချီများမှ လွှမ်းခြုံသွားခဲ့သည်။

မြေငလျင်လှုပ်နေသည့်အလား သစ်ပင်များ ယိမ်းထိုးလာခဲ့ပြီး မြေပြင်တစ်ခုလုံးမှာလည်း တသိမ့်သိမ့် တုန်ခါလာခဲ့သည်။ နောက်ဆုံး အရယ်ရပ်သွားပြီးသည့်နောက် ရန်ကိုင်သည် တစ်ခုသောဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်သည်။ ရန်ကိုင် ကြည့်နေရာ အရပ်တွင် ပင်လယ်ရှိနေပြီး ထိုပင်လယ်ရှိရာဆီ၌ ခရမ်းရောင် သန္တာလေးများ ရှိနေလေသည်။ သန္တာလေးများမှာ အလွန်ကိုမှ လှပလှကာ မသိလျှင် သလင်းကျောက်လေးများ အလားပင်။

ရန်ကိုင်သည် ခြေတစ်ချက် ဆောင့်လျက် ကောင်းကင်ယံသို့ ပျံတက်ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါမှသာလျှင် ကျွန်းတစ်ခုလုံးမှာလည်း ပြန်လည် ငြိမ်သက်သွားတော့လေသည်။

ရန်ကိုင် ထွက်သွားပြီး အတန်ကြာသည့်အခါ ခရမ်းရောင် သန္တာလေးများသည် တွန့်လိမ်လာပြီး ခရမ်းရောင် အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင် ထွက်သွားသည့်ဘက်ဆီသို့ ကြည့်ရင်း ထိုအမျိုးသမီးသည် နှုတ်ခမ်းလေးကို ကွေးလျက် ပြောလိုက်လေသည်။ "ကြည့်ရတာ ငါတော့ လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာတွေ့သွားပြီနဲ့ တူတယ်၊ ကျူလဲ့ နင် ဒီတစ်ကြိမ်တော့ မလွတ်တော့ဘူး၊ ငါ့ကို အထင်သေးတဲ့အတွက် နင် သေပြီးသာမှတ်ပေတော့"

ထိုသို့ ပြောပြီးသည့်နောက်တွင် တခစ်ခစ် ရယ်မောလျက် ထွက်သွားရန် ပြင်လိုက်၏။

သို့သော်ငြား ထိုအခိုက်အတန့်မှာပင် အမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ပြီး သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။ အကြောင်းမှာ အစောပိုင်းက ထွက်သွားပြီဖြစ်သော ရန်ကိုင်သည် သူမနှင့် မလှမ်းမကမ်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသည့်အတွက်ကြောင့်ပင်။ လက်ရှိအချိန်၌ ရန်ကိုင်သည် သွေးရောင်တောက်နေသည့် မျက်လုံးများဖြင့် သူမအား စိုက်ကြည့်နေခဲ့သည်။

"နင်" ဖုလင်မှာ ပြာယာခတ်သွားခဲ့ပြီး ကမန်းကတန်း နောက်သို့ ဆုတ်သွားခဲ့လေသည်။

ကျူလဲ့နှင့် ရန်ကိုင်တို့ ပြောသည့်စကားကို သူမကိုယ်တိုင် ကြားသိခဲ့ရသည်။ ထိုအတွက်ကြောင့် ဤလူသားမှာ မည်သူမှန်း သူမ သိပေသည်။ ထို့အတွက်ကြောင့် ထိုလူသားကို မြင်လိုက်သည်နှင့် သူမခေါင်းထဲ ပထမဦးဆုံး ပေါ်လာသည့်အတွေးမှာ ထွက်ပြေးရန်သာ ဖြစ်လေသည်။

ဖုလင်သည် နဂါးတစ်ကောင် ဖြစ်သည့်အလျောက် ဤမျှ သွေးကြောင်လေ့ မရှိပေ။ သူတို့သည် လောကကြီးထဲတွင် အားအကောင်းဆုံး သက်ရှိများ ဖြစ်ကြသလို နတ်သားရဲများ၏ ခေါင်းဆောင်များလည်း ဖြစ်ကြသည့်အတွက်ကြောင့် အလွန်ကိုမှ အားကောင်းလှသည်ဟု ပြော၍ရသည်။ ရန်ကိုင်ကို မြင်လိုက်သည်နှင့် သူမအနေဖြင့် ဤကဲ့သို့ တုံ့ပြန်နေရခြင်းမှာ ရန်ကိုင် မည်မျှ အားကောင်းသလဲဆိုသည်ကို သိထားသည့်အတွက်ကြောင့်ပင်။ ရန်ကိုင်သည် ကျူလဲ့နှင့် ကျူချင်းကဲ့သို့သော အဆင့်ရှစ် နဂါးများကိုပင်လျှင် အနိုင်ယူခဲ့သူတစ်ဦး ဖြစ်လေရာ သူမကဲ့သို့ အဆင့်ခြောက် နဂါး တစ်ကောင်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ချက်ချင်းပင် ဖုလင်သည် အရှိန်ကုန်ထုတ်ကာ ခရမ်းရောင်နဂါး အသွင်သို့ ပြောင်းလျက် ပြေးထွက်သွားလေသည်။ လက်ရှိ ရန်ကိုင်သည် ခန္ဓာကိုယ်အား တစ်ချက်ကလေးမျှပင် မလှုပ်ဘဲ ဖုလင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင် ရှိနေသည့်နေရာသည် အမြဲတမ်းလိုလို ဖုလင်နှင့် ခြေသုံးလှမ်းအကွာတွင် ရှိနေလေ၏။ သူ့ခန္ဓာကိုယ်ကို တစ်ချက်မျှပင် မလှုပ်ရှားဘဲနေလင့်ကစား ရန်ကိုင် ရှိနေသည့်နေရာသည် ထွက်ပြေးနေသည့် ဖုလင်နှင့် အမြဲဆိုသလို ခြေသုံးလှမ်းသာ ကွာနေလေသည်။

ထိုအချက်ကို တွေ့ရှိသွားလိုက်သည့်အခိုက် ဖုလင်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး နဂါးစွမ်းအင်ကို အသည်းအသန် လှည့်ပတ်၍ အကူအညီ လှမ်းခေါ်ရန် ကြိုးစားတော့လေသည်။ ထိုသို့လုပ်ခြင်းသည် လက်ရှိအခြေအနေအား မဖြေရှင်းနိုင်ပါသော်ငြား အနည်းဆုံးတော့ ရန်ကိုင်အား ကြောက်သွားအောင် လုပ်နိုင်ပေလိမ့်မည်။

"ငါ့ကို ကြည့်လိုက်စမ်း" ရန်ကိုင်၏အသံသည် ဖုလင်၏ နားစည်များကို သွားရောက် ရိုက်ခတ်လေသည်။

ဖုလင်လည်း အလိုလို ခေါင်းမော့ကြည့်လိုက်ရာ ရန်ကိုင်သည် လေးဆယ့်ငါးမီတာခန့် အမြင့်ရှိသော နဂါးတစ်ပိုင်း အသွင်သို့ ပြောင်းလဲထားကြောင်း တွေ့လိုက်ရသည်။ တောင်ကုန်းလေး တစ်လုံးနှယ် ကြီးမားလှသော ရန်ကိုင်၏ ခန္ဓာကိုယ်ကြီးသည် သူမအား အထက်စီးမှ စီးမိုးနေခဲ့လေသည်။ ရန်ကိုင်ဆီမှ ဖြာထွက်လာနေသည့် နဂါးဖိအားအောက်ဝယ် ဖုလင်မှာ အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ဘဲ သူမရင်တစ်ခုလုံး မွန်းကျပ်လာခဲ့ရလေသည်။

ဖုလင်အား ပို၍ ကြောက်ရွံ့သွားစေသည်မှာ လက်ရှိ ရန်ကိုင်၏ မျက်လုံးများမှာ ရွှေရောင်တောက်နေခြင်းပင်။ ထိုရွှေရောင်တောက်နေသည့် မျက်လုံးများကိုကြည့်ရင်း သူမ၏ စိတ်အခြေအနေမှာ မတည်မငြိမ် ဖြစ်လာပြီး ဝိညာဉ်မှာလည်း ယိမ်းထိုးလာရလေသည်။ ထို့နောက်တွင် လက်သည်းကြီးတစ်ဖက် သူမဆီသို့ တိုးဝင်လာလေ၏။

ထိုလက်သည်းကြီးကို မြင်လိုက်သည့်အခါ ဖုလင်မှာ ပြာယာခတ်သွားခဲ့ပြီး ပျာယီးပျာယာဖြင့် အကူအညီတောင်းခံရန် ကြိုးစားလိုက်ပါသော်ငြား သူမ၏ပါးစပ်မှ စကားတစ်ခွန်းပင် မထွက်နိုင်ခဲ့ပေ။ ထို့နောက်တွင် သူမခန္ဓာကိုယ်တစ်ခုလုံး ...တစ်ခုထဲသို့ ကျဆင်းသွားရသည့်အလား ဘာမှန်းမသိသော အရာတစ်ခုထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။ သူမ၏ ဘေးပတ်ပတ်လည်တွင် ရှိနေသော ပင်လယ်နှင့် ကျွန်းများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး သူမကိုယ်သူမ မြေသားတစ်ခုကြီးပေါ်တွင် မှော်ဆန်ဆန် ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။ သူမ၏ ဘေးပတ်ဝန်းကျင်ရှိ ရှုခင်းများမှာလည်း ယခင်နှင့်မတူဘဲ လုံးဝ ပြောင်းလဲနေလေသည်။

ဖုလင်သည် မြေပြင်ပေါ်တွင် ဒူးထောက်ရင်းမှ ချောင်းတဟွတ်ဟွတ် ဆိုးကာ အသက်ကို အမောတကော ရှူသွင်းနေခဲ့လေသည်။ သူမ၏မျက်နှာမှာတော့ စက္ကူဖြူတစ်ရွက်နှယ် ဖြူဆွတ်နေခဲ့ပြီး တစ်ကိုယ်လုံးမှာ ချွေးများဖြင့် စိုရွှဲနေသည့်အတွက်ကြောင့် အင်္ကျီသည်ပင်လျှင် အသားများနှင့် ကပ်နေခဲ့လေသည်။

ရုတ်တရက် ဆိုသလို ဧရာမခြေတစ်စုံ သူမမြင်ကွင်းထဲ ပေါ်လာခဲ့သည်။

ဖုလင်မှာ ခက်ခက်ခဲခဲဖြင့် ခေါင်းမော့ကြည့်လိုက်ရာ အစောပိုင်းက သူမအနောက်သို့ လိုက်လာသော နဂါးတစ်ပိုင်း အသွင်သို့ ပြောင်းထားသည့် ရန်ကိုင်ကို တွေ့လိုက်ရလေသည်။ ထိုနဂါးတစ်ပိုင်း အသွင်သို့ ပြောင်းထားသည့် ရန်ကိုင်ကို မြင်လိုက်သည့်အခိုက် ဖုလင်တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်ရီလာတော့လေသည်။

ရန်ကိုင် အားကောင်းမှန်း သိထားပါသော်ငြား ဤမျှ အားကောင်းလိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။ သူမ၏ ခွန်အားအကုန်အစင်ကို သုံး၍ ထွက်ပြေးရန် ကြိုးစားခဲ့သည့်တိုင် ရန်ကိုင်၏ လက်မှ မလွတ်မြောက်နိုင်ခဲ့။ [ဘာတွေဖြစ်နေတာလဲ၊ သူဘာဖြစ်လို့ ကျူလဲ့ ပြောထားတာထက်ကို ပိုပြီး ကြောက်ဖို့ကောင်းနေရတာလဲ]

ကျူလဲ့နှင့် ကျူချင်းတို့ နဂါးကျွန်းဆီသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် အကြီးအကဲများနှင့် သွားတွေ့လေသည်။ ထိုသို့ တွေ့ပြီးသည့်နောက်တွင် ကျူချင်း အကျဉ်းချခံလိုက်ရခြင်း ဖြစ်ပေသည်။ ထို့နောက် ကျူချင်းသည် ဖုချီနှင့် လက်ထပ်တော့မည်ဟု သတင်းတစ်ခု ထွက်လာခဲ့ရာ နဂါးကျွန်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိလိုက်သည့်အတွက်ကြောင့် စပ်စုလိုစိတ်များသည့် လူများမှာ စတင်၍ သတင်းလိုက်လံ စုဆောင်းကြတော့လေသည်။ ဖုလင်သည်လည်း အတူတူပင်။ အမျိုးသမီးများသည် မွေးရာပါ အတင်းပြောရသည်ကို နှစ်သက်ကြသူများ ဖြစ်ကြပေသည်။ နဂါးမများသည်လည်း ချွင်းချက်မဟုတ်။ နည်းနည်းပါးပါး ကြိုးစားပမ်းစား စုံစမ်းကြည့်ပြီးသည့်နောက်တွင် အသုံးဝင်သည့် သတင်းအချို့ကို ရရှိခဲ့ရသည်။

ပြောကြသည်မှာတော့ ကျူချင်းသည် နဂါးကျွန်းမှ ထွက်သွားပြီးသည့်နောက် လူသားတစ်ဦးနှင့် ချစ်ကြိုက်ခဲ့သည် ဟူ၍ပင်။ ဤအတိုင်းပင်လျှင် အဆင်ပြေသေးသည်။ သို့သော်ငြား ကျူချင်းသည် နဂါးကျွန်းမှ ထွက်ကာ ထိုလူနှင့် လက်ထပ်ပေါင်းသင်းလိုခြင်း ဖြစ်ပေသည်။ သူမအနေဖြင့် ယခုတစ်ကြိမ် နဂါးကျွန်းဆီသို့ ပြန်လာရခြင်းမှာ အကြီးအကဲများ၏ ခွင့်ပြုချက်ကို တောင်းဆိုလိုသည့်အတွက်ကြောင့် ဖြစ်ပေသည်။

သူမနှင့် ချစ်ကြိုက်ခဲ့သည့် လူသားမှာတော့ ရန်ကိုင်ဟု ပြောပေသည်။ ပြောကြသည်မှာတော့ ရန်ကိုင်သည် ဘိုးဘေးနဂါးအမြုတေကို ရရှိထားသည်ဟူ၍ပင်။

မည်သို့ပင် ဖြစ်နေစေကာမူ ထိုလူသည် လူသားတစ်ဦးသာ ဖြစ်နေဆဲပင်။ ထိုအတွက်ကြောင့် အကြီးအကဲများမှာ ကျူချင်း၏ တောင်းဆိုချက်ကို လုံးဝ လက်မခံနိုင်။ အလားတူ ဖြစ်ရပ်မျိုးသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က ဖြစ်သွားခဲ့ဖူးပေသည်။ သို့သော်ငြား ထိုစဉ်က အမျိုးသမီးသည် နဂါးသင်္ချိုင်းထဲသို့ ရောက်သွားခဲ့ပြီး ယခုအချိန်အထိ ပြန်ထွက်မလာနိုင်ခဲ့လေရာ သူမ၏အဖြစ်မှာ ကျူချင်းထက် ပိုဆိုးသည်ဟု ပြော၍ရပေသည်။

ယခုဆိုလျှင် ကျူချင်းမှာ ဒုတိယအကြီးအကဲ၏ ကျွန်းတွင် ပိတ်လှောင်ထားခံရပြီး နောက်တစ်လတွင် ဖုချီနှင့် လက်ထပ်ရတော့ပေမည်။ လူသားအား အကြီးအကဲများ မည်ကဲ့သို့ ကိုင်တွယ်မလဲ ဆိုသည်ကို ဖုလင် မသိပါသော်ငြား ထိုလူ၏ အနာဂတ်မှာတော့ လုံးဝကို ဆိုးရွားပေလိမ့်မည်။

ဖုချီနှင့် ကျူချင်းတို့၏ မင်္ဂလာပွဲ ပြီးသွားသည်နှင့် တစ်ပြိုင်နက် နဂါးကလန်သည် ထိုလူကို လိုက်လံရှင်းပစ်ပေလိမ့်မည်။ နဂါးကလန်၏ ဘိုးဘေးနဂါးအမြုတေ လူသားတစ်ဦး၏ လက်ထဲသို့ ရောက်သွားသည့် ကိစ္စအား ထိုလူများ မည်သည့်နည်းနှင့်မျှ သည်းခံနေလိမ့်မည် မဟုတ်ချေ။

ဖုလင်မှာ ထိုအကြောင်းအရာများမှတစ်ဆင့် ရန်ကိုင်အကြောင်း တစ်စွန်းတစ်စ သိခဲ့ရသည်။ သို့သော်ငြား ရန်ကိုင်သည် နဂါးကျွန်းထဲသို့ ဖောက်ဝင်လာရဲသည့်အထိ ရဲတင်းလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ချေ။ ကျူလဲ့အား အမှတ်မထင် တွေ့ခဲ့ပြီး ကျူလဲ့ အနောက်သို့ ခိုးကြောင်ခိုးဝှက် လိုက်လာခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင် နဂါးကျွန်းထဲသို့ ရောက်နေခြင်းကို သူမ လုံးဝ သိခဲ့ရလိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ယခုမူ ထိုကဲ့သို့ လုပ်ဆောင်မိခဲ့သည့်အပေါ် နောင်တရနေရလေပြီ။ သူမသည် ရန်ကိုင်၏ ပြိုင်ဘက် မဟုတ်ခဲ့။ သို့ဖြစ်လေရာ သူမ၏ အဆုံးသတ်မှာ မည်သို့များ ဖြစ်သွားတော့လေမည်နည်း။ သူမစိတ်ထဲ ကိစ္စများနှင့် ပတ်သက်၍ အတွေးများနေစဉ်မှာပင် ရုတ်တရက် လေပေါ်သို့ ခုန်တက်သွားလေသည်။

ထို့နောက် လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် သူမအနောက်သို့ လိုက်မလာဘဲ မြေကြီးပေါ်တွင်သာ မလှုပ်မယှက် ရပ်၍ သူမအား စိုက်ကြည့်နေကြောင်းကို တွေ့လိုက်ရသော် ဖုလင် ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ ကြည့်ရသလောက် ရန်ကိုင် သူမအား လိုက်ဖမ်းမည့်ပုံမပေါ်။

ဖုလင်သည် တုံ့ဆိုင်းမနေတော့ဘဲ ခရမ်းရောင်နဂါး အသွင်သို့ ပြောင်း၍ ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။ ထို့နောက် တိမ်ဆိုင်တိမ်တိုက်များ အထက်တွင် ဝဲနေလိုက်လေသည်။

"နင်တော့ သေပြီးသာမှတ်၊ ငါ့ကလန်သားတွေ လာနေပြီ၊ နင် အခုချက်ချင်း ငါ့ကို ဒူးထောက် တောင်းပန်မယ်ဆိုရင် ငါ နင့်အသက်ကို ချမ်းသာပေးရင် ပေးမှာနော်" ဖုလင်သည် ဆက်၍ ပြေးမနေတော့ဘဲ ယဲ့ယဲ့လေး ပြုံးရင်းမှ ရန်ကိုင်အား စိုက်ကြည့်နေလေသည်။

သူမ အစောပိုင်းက ထုတ်သုံးသွားသည့် ပညာရပ်မှာ သူမ ကလန်သားများအား လှမ်း၍ အကူအညီတောင်းသည့် ပညာရပ် ဖြစ်လေသည်။ ယခုအချိန်လောက်ဆိုလျှင် နဂါးကျွန်းပေါ်တွင် ရှိနေသော နဂါးကလန်သားများ သူမအား ကူညီရန်အတွက် အပြေးလာနေလောက်ပေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်အား ကြောက်ရွံ့နေခြင်း မရှိတော့ချေ။ ယုံကြည်ချက်တို့ ပြန်ရလာပြီ ဖြစ်သည့်အတွက်ကြောင့် သူမ စိတ်အေးလက်အေး ဖြစ်သွားကာ လူအသွင်သို့ ပြန်ပြောင်းလိုက်လေသည်။

ရန်ကိုင်ကမူ စကားတစ်ခွန်းမျှပင် ပြန်မပြောခဲ့ဘဲ ဖုလင်ကိုသာ လှောင်ပြောင်လိုသည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူ့မျက်နှာထက် စိုးရိမ်နေသည့် အရိပ်အယောင်တို့ စိုးစဉ်မျှပင် ရှိမနေခဲ့ပေ။

ဖုလင်သည် ရန်ကိုင်၏ ပုံစံကို မြင်ပြီးသည့်နောက် အံ့အားသင့်သွားခဲ့ပြီး ပြန်၍ မေးလိုက်လေသည်။ "နင် မကြောက်ဘူးလား"

"ကျုပ်က ဘာလို့ ကြောက်ရမှာလဲ" ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်သည်။

ဖုလင်က ခေါင်းညိတ်လိုက်လေ၏။ "နင်က တကယ်ကို ရဲတင်းတာပဲ" ထို့နောက် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်၍ နှစ်လိုဖွယ်ကောင်းစွာပြုံးလျက် ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ နင် ဒီလိုမျိုး ရဲရုံလောက်နဲ့တော့ ကျူချင်း နင့်ကို ကြိုက်သွားစရာ အကြောင်းမရှိဘူး၊ နင့်မှာ အခြား ဘာအရည်အချင်းတွေ ရှိနေသေးတာလဲ၊ နင့်အတွက်နဲ့ ကျူချင်းက နဂါးကျွန်းကတောင် ထွက်သွားမယ်လို့ ငါ တကယ် မယုံနိုင်ဘူး"

သူမ ယခုကဲ့သို့ ရန်ကိုင်နှင့် စကားပြောနေရခြင်းမှာ အချိန်ဆွဲလိုသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူမ၏ ကလန်သားများ ရောက်လာသည်နှင့် ရန်ကိုင်အဖို့ သူမအား လုံးဝ ဒုက္ခရောက်အောင် လုပ်နိုင်တော့လိမ့်မည် မဟုတ်ချေ။ ထိုသို့ ဖြစ်လာသည့်အခါ ရန်ကိုင် မည်မျှပင် အားကောင်းနေစေကာမူ ကိစ္စ မရှိတော့ချေ။ ရုတ်တရက် ဖုလင်သည် သူမ၏ ပါးစပ်လေးကို အုပ်လျက် တခစ်ခစ် ရယ်သွမ်းသွေးကာ ပြောလိုက်လေသည်။ "ဘာလဲ၊ ဖြစ်နိုင်တာက နင်က အိပ်ရာထဲမှာ စွမ်းဆောင်ရည် မြင့်လို့လား၊ အဲဒါကြောင့်ပဲ ကျူချင်း နင့်ကို ကြိုက်သွားတာလား၊ အင်း ဟုတ်တယ်နော် အဲဒီလိုပဲ ဖြစ်ရမယ်၊ ကျူချင်းက တကယ်တော့ အတွေ့အကြုံမရှိတဲ့ ကောင်မလေး တစ်ယောက်ပဲလေ"

ဖုလင် ယခုကဲ့သို့ ပြောလာသည့်အပေါ် ရန်ကိုင်အနေဖြင့် အနည်းငယ်မျှပင် အံ့အားသင့်ခဲ့ခြင်း မရှိပေ။ ဖုလင် မည်ကဲ့သို့သော လူစားမျိုး ဖြစ်သလဲ ဆိုသည်ကို သူကိုယ်တိုင် မြင်ခဲ့ဖူးသည် မဟုတ်ပေလော။

"ဘယ်သူ သိမှာလဲ" ရန်ကိုင်သည် ပခုံးတွန့်ပြလျက် မလှုပ်မယှက်သာ ဆက်၍ ရပ်နေလေသည်။

ဖုလင်သည် နှုတ်ခမ်းလေးကို လျှာဖြင့်သပ်ရင်းမှ ခေါင်းလေးကို ငုံ့လျက် ပြောလိုက်လေသည်။ "ငါ ကြားတာတော့ နင့်ကြောင့် ကျူချင်းက အဆင့်ကိုး နဂါးတစ်ကောင် ဖြစ်လာနိုင်တာဆို"

ဤသည်မှာ နဂါးကျွန်းပေါ်တွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။ ကျူချင်း နဂါးကျွန်းဆီသို့ ပြန်ရောက်လာပြီးသည့်နောက် သူမ အဆင့်ကိုး နဂါးတစ်ကောင် ဖြစ်နေပြီဟူသော သတင်း ထွက်ပေါ်လာခဲ့လေသည်။

ထိုအကြောင်းကို ကြားလိုက်ရချိန် လူတိုင်း ထိတ်လန့်သွားခဲ့ရသည်။ ပုံမှန်အားဖြင့် နဂါးများအဖို့ နဂါးသွေးကြောကို တိုးတက်အောင် လုပ်ရန်မှာ အလွန်ကိုမှ ခက်ခဲလှပေသည်။ နဂါးသွေးပန်းများကို နှစ်ပေါင်းတစ်သောင်းကျော်တိုင်တိုင် တောက်လျှောက် စားသုံးနေမည် ဆိုလျှင်ပင် နောက်တစ်ဆင့်သို့ ချိုးဖျက်ဖို့ရာမှာ မလွယ်ကူလှ။

ကျူချင်းအနေဖြင့် အဆင့်ရှစ် နဂါးတစ်ကောင် ဖြစ်လာခဲ့သည်မှာ အတော်လေးကိုမှ ကြာနေလေပြီ။ သို့သော်ငြား အဆင့်ကိုးသို့ မတက်နိုင်ခဲ့။ သို့ရာတွင် နဂါးကျွန်းဆီသို့ ပြန်လာပြီးသည့်နောက် အဆင့်ကိုး နဂါးတစ်ကောင် ဖြစ်နေခဲ့လေသည်။ ဘာကြောင့် ထိုသို့ ဖြစ်ရသလဲဆိုသည်ကို ကျူချင်း မပြောခဲ့ပါသော်ငြား သူမ လာရောက်တောင်းဆိုသည့် တောင်းဆိုချက်ကို ကြားသိပြီးသည့်နောက် ဘာကြောင့် ဖြစ်ရသလဲဆိုသည်ကို အကြီးအကဲများ သဘောပေါက်သွားကြရလေသည်။

သူမနှင့် ချစ်ကြိုက်နေသည့် လူသားတွင် ဘိုးဘေးနဂါးအမြုတေ ရှိနေပေသည်။ ထိုအတွက်ကြောင့် သူတို့နှစ်ဦး အတူတကွ ပေါင်းစည်းသွားပြီးသည့်နောက်တွင် ကျူချင်းသည် ဘိုးဘေးနဂါးအမြုတေဆီမှ အကျိုးအမြတ်များစွာရကာ အဆင့်ကိုး နဂါးတစ်ကောင် ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ဖုလင်သည် အဆင့်ခြောက် နဂါးတစ်ကောင်သာ ဖြစ်လေသည်။ ထိုအတွက်ကြောင့် သူမသည်သာ ရန်ကိုင်နှင့်အတူ အိပ်နိုင်မည် ဆိုပါက အဆင့်ခုနစ် နဂါးတစ်ကောင် အလွယ်လေး ဖြစ်လာနိုင်ပေလိမ့်မည်။ ကံကောင်းလျှင် အဆင့်ရှစ် နဂါးတစ်ကောင်ပင် ဖြစ်လာနိုင်ပေသေးသည်။ ထိုကဲ့သို့ တွေးမိလိုက်သည့်အခိုက် ဖုလင်၏ ခန္ဓာကိုယ် စိတ်လှုပ်ရှားမှုတို့ကြောင့် တုန်ရီလာခဲ့လေ၏။

"ငါ တကယ် စမ်းကြည့်ချင်လှပြီ" ဖုလင်၏ အသံထဲ ကလူတူတူ ညူတူတူ အရိပ်အယောင်တို့ပင် ပါဝင်လာခဲ့လေသည်။

သူမ ရန်ကိုင်နှင့် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို အနည်းငယ်မျှပင် ဖုံးကွယ်လိုသည့် အရိပ်အယောင်မပြ။ သူမ အခြားသော ယောကျ်ားများနှင့် ပျော်ပါးနေသည်ကို ရန်ကိုင် မြင်သွားခဲ့ဖူးမှန်း ဖုလင် သိနေလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူမ လုပ်ချင်နေသည်ကို ဘာမျှ ဖုံးကွယ်နေစရာ မလိုတော့ပေ။

"အားတော့နာပါရဲ့၊ ခင်ဗျားလို ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဖိနပ်အဟောင်းတွေကို မစီးဘူး" ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။

ဖုလင်၏မျက်နှာ တစ်မုဟုတ်ချည်း အေးစက်သွားခဲ့ပြီး သူမ၏အကြည့်မှာလည်း ဓားသွားတမျှ စူးရှသွားခဲ့လေသည်။ ထို့နောက်တွင် အံကို တင်းတင်းကြိတ်ကာ အော်ပြောလိုက်လေ၏။ "လူသား၊ ငါ့ကို အခုလိုမျိုး လာအထင်သေးတဲ့အတွက် နင် သေပြီးသာ မှတ်ထားပေတော့၊ အကြီးအကဲတွေ ဖမ်းမိသွားတဲ့တစ်နေ့ ငါ နင့်ကို ငါ့အိမ် ပြန်ခေါ်သွားပြီးတော့ နင်နဲ့ ကောင်းကောင်းကြီး ပျော်ပါးပစ်ပြမယ်၊ အဲဒီအချိန်ကျရင်တော့ နင် သက်လုံကောင်းပါစေလို့ ဆုတောင်းနေပေတော့"

"ခင်ဗျား အခွင့်အရေး ရရင်တော့ အဲဒီအကြောင်း ပြောကြတာပေါ့" ရန်ကိုင်ကမူ မျက်နှာသေ အမူအရာဖြင့် ခေါင်းစဉ် ပြောင်းလိုက်လေသည်။ "ဒါပေမဲ့ ကျုပ် သိချင်နေတာ ခင်ဗျား ကျုပ်နဲ့ ကျူလဲ့တောင် သတိမထားမိဘဲ ဘယ်လိုရအောင် ပုန်းနေတာလဲ”

All Chapters