← Chapters

အခန်း (၃၀၄၆-၃၀၅၀)

Vol. 132 Ch. 3046-3050

အခန်း (၃၀၄၆-၃၀၅၀)

Vol. 132 Ch. 3046-3050

အပိုင်း (၃၀၄၆)

ဘာသာပြန်သူ_တိမ်တိုက်

ဖုလင်သည် ဆံပင်ကို လက်ညှိုးလေးဖြင့် ဆော့ကစားရင်းမှ ပြန်ပြောလိုက်သည်။ “ငါက ပုံစံပြောင်းမွေးရာပါစွမ်းရည်နဲ့ မွေးလာတဲ့ ခရမ်းရောင်နဂါးတစ်ကောင်လေ… ဒီတော့ ကျောက်တုံးအသွင်ပြောင်းနိုင်တာ ဘာဆန်းလို့လဲ…”

“ပုံစံပြောင်းစွမ်းရည်…” ရန်ကိုင်က အံ့အားသင့်သွားဟန်ဖြင့် “တကယ်ကို မဆိုးဘူးပဲ…”

ရန်ကိုင်သည်သာ စိတ်ပေါက်ပေါက်နှင့် သူ၏ဧကရာဇ်ချီကို ဝရုန်းသုန်းကား ထုတ်လွှတ်ဖြန့်ကျက်ခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် တစ်ခုခုမှားယွင်းနေမှန်း သတိထားမိခဲ့လိမ့်မည်မဟုတ်ချေ။ သို့တိုင် ရန်ကိုင်မှာ သိပ်၍ မသေချာခဲ့။ ထိုအကြောင်းကြောင့်ပင်လျှင် ထွက်သွားချင်ယောင်ဆောင်ပြီး အနီးအနားတစ်နေရာတွင် ပုန်းအောင်းကာ စောင့်ကြည့်နေခြင်း ဖြစ်လေသည်။

ထိုသို့လုပ်လိုက်ခြင်းအားဖြင့် သူ့အနေဖြင့် တစ်ယောက်ယောက်ကို တကယ်ကြီး ဖမ်းမိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုလူမှာလည်း အခြားမဟုတ် ဖုလင်ဖြစ်နေခဲ့သည်။ ဖုချီကြောင့် ရန်ကိုင်မှာ ဖုကလန်တစ်ခုလုံးကို မုန်းတီးနေခဲ့သည်။ ဖုလင်ကိုဆိုလျှင်လည်း သိပ်၍ကြည့်မရချေ။ ဖုလင် မည်ကဲ့သို့သောလူစားမျိုးမှန်း သူသိထားပြီးသည်မှာပင်။ ယခု ဖုလင်မှ သူနှင့် ကျုလဲ့တို့ ပြောနေသည်ကို ခိုးနားထောင်နေသော် ရန်ကိုင်အနေဖြင့် ဖုလင်အား အလွတ်ပေးဖို့ရာ လုံးဝမဖြစ်နိုင်တော့။ ဖုလင်ကိုသာ လွှတ်ပေးလိုက်မည်ဆိုလျှင် ပြဿနာအကြီးကြီး တက်သွားရနိုင်ပေသည်။

နောက်ဆုံးတွင် တစ်ခုခုမှားယွင်းနေမှန်း သတိထားမိသွားသည့်ခါ ဖုလင်သည် အံကိုကြိတ်၍ ဘေးပတ်ဝန်းကျင်အား သတိကြီးကြီးဖြင့် လှည့်ပတ်ကြည့်တော့သည်။

“အကူတွေလာမှာကို စောင့်နေတာလား… အဲ့ဒါဆိုရင်တော့ စောင့်မနေတော့နဲ့… ဘာမှထူးမှာမဟုတ်ဘူး…”

ဖုလင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ရေရွတ်လိုက်လေ၏။ “ဒါက ပုံရိပ်ယောင်အစီအရင်တစ်ခုမဟုတ်ဘူး… ကမ္ဘာငယ်လေးတစ်ခုလား…”

အစောပိုင်းက သူမ၏မြင်ကွင်းတစ်ခုလုံး ပြောင်းလဲသွားချိန် ရန်ကိုင်သည် ပုံရိပ်ယောင်အစီအရင်တစ်ခုကို သုံးကာ သူမအား ချုပ်နှောင်ရန် ကြိုးစားခဲ့သည်ဟု ထင်ခဲ့လေသည်။ ယခုအခါမှသာလျှင် သူမကြောင့် မြင်နေရသည့်အရာများသည် ပုံရိပ်ယောင်အစီအရင်ကြောင့် ဖြစ်လာခြင်းမဟုတ်ဘဲ ကမ္ဘာငယ်လေးတစ်ခုထဲရှိ မြင်ကွင်းများ ဖြစ်နေမှန်း နားလည်သွားရတော့သည်။

ထိုအချက်ကို နားလည်လိုက်သော် ဖုလင် အထိတ်ထိတ်အလန့်လန့် ဖြစ်သွားရတော့လေသည်။ ယခုမှသာလျှင် သူမ၏ကလန်သားများ ဘာကြောင့် ရောက်မလာရသေးသလဲဆိုသည်ကို နားလည်သွားရတော့သည်။ ကမ္ဘာငယ်လေးသည် ကိုယ်ပိုင်နေရာလွတ်ကို ပိုင်ဆိုင်ထားပေသည်။ ကမ္ဘာငယ်လေး၏ ကမ္ဘာ့အတားအဆီးကို ကျော်လွန်၍ သူမကလန်သားများကို လှမ်းအကူအညီတောင်း၍မရပေ။ သူမကလန်သားများ ရောက်လာမည်မဟုတ်တော့သည့်အတွက်ကြောင့် သူမအနေဖြင့် ရန်ကိုင်အား သူမဘာသာသူမ ထိပ်တိုက်တွေ့ရတော့ပေလိမ့်မည်။

“သေပြီ…” အကြောင်းအရင်းကို သိသွားသည့်နောက်တွင် ဖုလင်မှာ ကြောက်လည်းကြောက် ထိတ်လည်းထိတ်လန့်ကာ ချက်ချင်းပဲ ခရမ်းအလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ထွက်ပြေးတော့လေသည်။ လက်ရှိဖုလင်သည် ယခင်ကကဲ့သို့ တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်း မရှိတော့။ ဤကမ္ဘာငယ်လေးသည် မည်ကဲ့သို့သောကမ္ဘာငယ်လေးမျိုး ဖြစ်သလဲ၊ ရန်ကိုင်သည် သူမအား ဤကမ္ဘာငယ်လေးထဲသို့ မည်ကဲ့သို့ ခေါ်လာခဲ့သလဲဆိုသည်ကို ဖုလင်မသိပါသော်ငြား သူမ ပြဿနာအကြီးကြီးတက်ပြီမှန်းတော့ သိနေလေသည်။ ထို့အတွက်ကြောင့် တတ်စွမ်းသမျှ ထွက်ပြေးတော့လေသည်။

ထွက်ပြေးပြီး မကြာခင်မှာပင် ဖုလင်သည် အလန့်တကြား ထအော်လေသည်။ အကြောင်းမှာ အလွန်ကိုမှ ပြင်းထန်သော ဖိအားတို့သည် ဘက်ပေါင်းစုံဆီမှ သူမအပေါ် စုပြုံကျဆင်းလာနေသည့် အတွက်ကြောင့်ပင်။ ထိုဖိအားများကြောင့် ဖုလင်မှာ မရေမတွက်နိုင်သော နံရံများ၏ ပိတ်လှောင်ထားခြင်း ခံရသည့်အလား ခြေတစ်လှမ်းပင် လှမ်း၍မရတော့ပေ။

ထိုအခိုက်အတန့်မှာပင် သူမရှေ့တည့်တည့်ဆီမှ ထူးဆန်းသောစွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး သူမအား လာရောက်ထိမှန်လေရာ သူမနှင့် ရန်ကိုင်ကြားရှိ အကွာအဝေးမှာ နီးကပ်သွားခဲ့ရလေသည်။ ထိုအဖြစ်အပျက်ကြောင့် ဖုလင်မှာ အကြောက်ကြီးကို ကြောက်သွားရတော့လေ၏။

(ကမ္ဘာစွမ်းအား… ဒါ ဒီကမ္ဘာငယ်လေးရဲ့စွမ်းအားလား…) ဖုလင်၏ရင်ထဲ ကြောက်ရွံ့မှုတို့ စတင်၍ ကိန်းအောင်းလာတော့လေသည်။ ရန်ကိုင်မှ ဤကမ္ဘာငယ်လေးအား ထိန်းချုပ်နိုင်ကြောင်းကို သိလိုက်ရပြီးသည့်နောက် သူမရင်ထဲ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ ဤကဲ့သို့သောနေရာမျိုးတွင် သူမအနေဖြင့် ရန်ကိုင်၏ပြိုင်ဘက် လုံးဝ ဖြစ်နိုင်တော့လိမ့်မည်မဟုတ်ချေ။

တစ်ခဏလေးအတွင်းမှာပင် သူမ၏အားထုတ်မှုအားလုံး အချည်းနှီးဖြစ်သွားခဲ့ရပြီး ရန်ကိုင်သည် သူမရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။ လေးဆယ့်ငါးမီတာခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းခန္ဓာကိုယ်ကြီးကိုကြည့်ရင်း ဖုလင်သည် ကြောက်ကြောက်လန့်လန့်ဖြင့် ထအော်လေသည်။ “နင် ငါ့ကို သတ်လို့မရဘူး…”

ရန်ကိုင်ကမူ အနည်းငယ်မျှပင် ဂရုစိုက်မနေခဲ့ဘဲ သူ့လက်ဝါးဖြင့်သာ ဖုလင်တည့်တည့်သို့ ရိုက်ချလိုက်လေသည်။

ထိုအခိုက်အတန့်မှာပင် ဖုလင်က ထအော်လေ၏။ “ငါက ကျုလဲ့ရဲ့အမျိုးသမီးပဲ…”

ရန်ကိုင်၏နဂါးလက်သည်းသည် ဖုလင်၏ခေါင်းနှင့် လက်တစ်ချောင်းစာအကွာတွင် ရပ်တန့်သွားခဲ့လေသည်။ နဂါးလက်သည်းမှာ သူမအား လာရောက်ထိမှန်ခြင်း မရှိပါသော်ငြား နဂါးလက်သည်းတွင် ပါဝင်သော စွမ်းအားအဟုန်၏ ရိုက်ခတ်ခြင်း ခံလိုက်ရလေရာ ဖုလင်သည် မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် ပြုတ်ကျသွားခဲ့လေသည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း အောက်သို့ဆင်းသွားလိုက်ပြီးသည့်နောက် ဖုလင်အား ငုံ့ကြည့်ကာ သူ၏နဂါးလက်သည်းဖြင့် ဖုလင်၏နဖူးတည့်တည့်ကို ချိန်လိုက်လေသည်။ ရန်ကိုင်မှ သူ့နဂါးလက်သည်းအား ရှေ့သို့ နည်းနည်းထပ်တိုးလိုက်ရာ ဖုလင်၏နဖူးဆီမှ သွေးများ စီးကျလာခဲ့လေ၏။ “နောက်တစ်ကြိမ် ထပ်ပြောလိုက်စမ်း…”

“ငါ လိမ်နေတာမဟုတ်ဘူး… ငါက ကျုလဲ့ရဲ့အမျိုးသမီးပဲ…” ဖုလင်၏ခန္ဓာကိုယ်မှာ ကြောက်ရွံ့မှုကြောင့် ထိန်းမရအောင် တုန်ရီနေခဲ့လေသည်။ ဤသည်မှာ သူမအဖို့ သေမင်းခံတွင်းဝသို့ ပထမဦးဆုံးအကြိမ် နီးနီးကပ်ကပ် ရောက်ဖူးခြင်း ဖြစ်လေသည်။

“ဒီလိုပြောရဲလောက်အောင် ခင်ဗျားက တကယ်ကို ရဲတာပဲ…” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်လေသည်။ နဂါးတစ်ပိုင်းအသွင်ပြောင်းထားသည့်အတွက်ကြောင့် ရန်ကိုင်၏ရယ်နေသည့်မျက်နှာမှာ အတော်လေးကိုမှ ခြောက်ခြားဖွယ်ကောင်းနေလေ၏။

ဖုလင်က အလျင်စလို ပြန်ပြောလိုက်သည်။ “ငါအမှန်တကယ်ကို ပြောနေတာ… အကြီးအကဲတွေအကုန်လုံး ငါတို့မင်္ဂလာပွဲကို သဘောတူထားပြီးသား… ငါကိုယ်တိုင်က သွားတောင်းဆိုလို့လည်း ပါတာပေါ့…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “ခင်ဗျား တကယ်ကြီး ဘာပြောချင်နေတာလဲ…”

“ကျုချင်းက ဖုချီကို လက်ထပ်ရတော့မှာ… ဒီတော့ လျော်ကြေးအနေနဲ့ ဖုကလန်ကတစ်ယောက်ယောက်က ကျုကလန်သားတစ်ယောက်ယောက်နဲ့ ပြန်လက်ထပ်ပေးရမယ်… ငါက ဖုကလန်က သတ်မှတ်ထားတဲ့လူပဲ… ကျုလဲ့က ငါ့ရဲ့ယောက်ျားပဲ…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်၏မျက်နှာကြီး မဲ့သွားခဲ့လေသည်။

“မကြာခင် ငါတို့က တစ်မိသားစုတည်း ဖြစ်တော့မှာ…” ဖုလင်သည် မျက်ရည်ဝဲနေသည့်မျက်လုံးများဖြင့် ရန်ကိုင်အား သနားစဖွယ်စိုက်ကြည့်ရင်းမှ ဆက်ပြောလိုက်လေသည်။ “ခဲအို… ငါပြောတာတွေအကုန်လုံးက အမှန်တွေပဲနော်…”

ရန်ကိုင်က ထူးထူးဆန်းဆန်းအမူအယာဖြင့် ပြန်၍မေးလိုက်လေ၏။ “ကျုလဲ့ရော သဘောတူလား…”

ထိုသတင်းကိုကြားသည့်အခါ ရန်ကိုင်စိတ်ထဲ ရယ်ချင်ပတ်ကျိ ဖြစ်သွားခဲ့လေသည်။ (အဲ့ကောင်ရဲ့အကြိုက်က တယ်ဆန်းပါလား… ဖုလင် ဘယ်လိုမိန်းမလဲဆိုတာကို သူလည်း သိလောက်တယ်… အဲ့ဒါကိုတောင် ဒီလိုမိန်းမပျက်မနဲ့ လက်ထပ်ရဲသေးတယ်ဆိုတော့ သူ့မိန်းမ သူ့အပေါ်ဖောက်ပြန်မှာကို ဒီကောင်မကြောက်တာလား…)

ဖုလင်က အားတင်းပြုံးလျက် “အဲ့ဒါ သူဆုံးဖြတ်ရမှာမဟုတ်ဘူး… အကြီးအကဲတွေအတွက်တော့ နဂါးကလန်ရဲ့သွေးမျိုးဆက်ကို ဆက်ပြီးထိန်းထားနိုင်ဖို့က အရေးကြီးဆုံးအရာပဲ…”

“သနားဖို့ကောင်းလိုက်တဲ့ကောင်ပါလား…” ရန်ကိုင်စိတ်ထဲ ကျုလဲ့အတွက် ကြိတ်၍ သနားမိသွားလေသည်။ (အဲ့ယောက်ဖလေးက တကယ်ကို သနားဖို့ကောင်းတာပဲ… ငါ့သာ သူ့နေရာမှာဆိုရင်တော့ တကယ်ကို ဒေါသူပုန်ထမိမှာ…)

“ခဲအို…” ဖုလင်က လှမ်းအော်ခေါ်လိုက်လေသည်။ “ငါ နင့်လျှို့ဝှက်ချက်ကို တကယ် လျှောက်ပြောဖို့ မရည်ရွယ်ပါဘူးဟာ… ဒီတိုင်းပဲ အဲ့လျှို့ဝှက်ချက်လေးကို ကိုင်ပြီးတော့ ကျုလဲ့ကို ငါနဲ့လက်ထပ်လာအောင် ခြိမ်းခြောက်လိုက်ချင်ရုံပါ… ဖုချီကိစ္စကတော့ ငါလည်းစိတ်မဝင်စားဘူး… ပြီးတော့ ကျုချင်းက အဆင့်ကိုးနဂါးတစ်ကောင်လေ… ဒီတော့ နင့်လိုလူတစ်ယောက်ပဲ သူနဲ့လက်ထပ်ဖို့ သင့်တော်မှာ… ဖုချီက ဘာထင်လို့ နင့်မိန်းမကို လုချင်နေရတာလဲ… အဲ့ကောင် တကယ် သူ့နေရာသူမသိတာ…”

ဖုလင်အနေဖြင့် မည်သူ့ကိုမှ ဤကဲ့သို့ မဖားယားခဲ့ဖူးပေ။ ထို့အတွက်ကြောင့် သူမ၏ စကားအသံနေအထားမှာ သိပ်၍ ပုံမှန်မဟုတ် ဖြစ်နေခဲ့လေသည်။ ရန်ကိုင် မလှုပ်မယှက်သာ ရှိနေသေးသည်ကိုမြင်သော် ဖုလင်မှာ အသက်ရှင်နိုင်ရန်အတွက် ရဲဆေးတင်၍ ရန်ကိုင်၏လက်ချောင်းကို လှမ်းကိုင်ကာ လှုပ်ယမ်းရင်းမှ ဆက်ပြောလိုက်လေသည်။ “ခဲအို… ကျေးဇူးပြုပြီး ငါ့ကိုယုံပေးပါနော်… ငါ နင့်ကို တကယ်မလိမ်ပါဘူး…”

ရန်ကိုင်သည် ဖုလင်အား ငုံ့ကြည့်ရင်းမှ မျက်နှာသေဖြင့် “ကျုပ် ခင်ဗျားကို ယုံယုံမယုံယုံ အရေးမကြီးဘူး…”

ဖုလင်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်မေးလိုက်လေသည်။ “နင် ငါ့ကို တကယ်ကြီး သတ်ချင်နေတာလား…”

ရန်ကိုင်ပြန်မပြောနိုင်သေးခင်မှာပင် ဖုလင်က ဆက်၍ပြောလိုက်သည်။ “ခဲအို… ငါတို့က တစ်မိသားစုတည်း ဖြစ်နေပြီလေ… ဒီတော့ နင်ငါ့ကိုသတ်ချင်ရင်တောင် ငါနင့်ကို အပြစ်မတင်ဘူး… တကယ်တော့ ငါက မမြင်သင့်တာတွေ မကြားသင့်တာတွေ သွားပြီးတော့မှ မြင်မိကြားမိလိုက်တာကို… ဒါပေမယ့် တစ်ခုတော့ရှိတယ်… နင်ငါ့ကိုသတ်မယ်ဆိုရင် ငါသေသွားတဲ့ကိစ္စက နဂါးကျွန်းတစ်ခုလုံးကို ပြန့်သွားမှာနော်… အဲ့အခါကျရင် ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲကိုယ်တိုင် စစ်ဆေးလာမှာ… အဲ့လိုမျိုးသာဖြစ်ပြီဆိုရင်တော့ နင်လည်း ဒီထဲကနေလွတ်မှာမဟုတ်တော့ဘူး… ကျုချင်းကိုကယ်မဲ့ နင့်အစီအစဉ်လည်း ပျက်ပြီပဲ…”

ထိုစကားကိုကြားသော် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ဖုလင်ပြောသည်မှာ ယုတ္တိရှိပေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ ဖုလင်အား သတ်လျှင်ကောင်းမလား မသတ်လျှင်ကောင်းမလား စတင်၍ တွေဝေလာရတော့လေ၏။ ဤကမ္ဘာငယ်လေးထဲတွင် ရန်ကိုင်အဖို့ ဖုလင်ကိုသတ်ရန်မှာ ထမင်းစားရေသောက်ပမာ လွယ်ကူလှပေသည်။ အဓိကပြဿနာမှာ သူမသေသွားပြီးသည့်နောက် ဆက်ဖြစ်လာမည့်ကိစ္စများသာ ဖြစ်လေသည်။

နဂါးကလန်သားအရေအတွက်မှာ သိပ်မရှိလှ။ ထို့အတွက်ကြောင့် နဂါးကလန်သားတစ်ဦးဦးသာ သေသွားခဲ့မည်ဆိုလျှင် နဂါးကျွန်းပေါ်ရှိလူတိုင်း သိသွားနိုင်ပေသည်။ ဖုလင်သည်သာ သေသွားခဲ့မည်ဆိုပါက ရန်ကိုင်အနေဖြင့် ဆက်၍ ပုန်းနေနိုင်တော့လိမ့်မည်မဟုတ်ချေ‌။

ရန်ကိုင်တုံ့ဆိုင်းသွားသည်ကိုမြင်သော် ဖုလင် ဝမ်းသာသွားခဲ့လေသည်။ ကြည့်ရသလောက် ရန်ကိုင်သည် သူမအား သတ်ပြီးသည့်နောက် ကြုံရမည့်အကျိုးဆက်များကို ရင်ဆိုင်ဖို့ရာ တွန့်ဆုတ်နေသည့်ပုံပင်။

ထို့အတွက်ကြောင့် ဖုလင်သည် မျက်နှာကို အတတ်နိုင်ဆုံး သိပ်မွေ့အောင်လုပ်ထားရင်းမှ ဆက်ပြောလိုက်လေ၏။ “နင်သာ ငါ့ကို မသတ်ဘူးဆိုရင် နင်ငါ့ကို လုပ်ခိုင်းချင်တာ လုပ်ခိုင်းလို့ရတယ်…”

ဖုလင်သည် မြေကြီးပေါ် ဒူးထောက်နေခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့ဒူးထောက်နေစဉ် သူမ၏ရင်ဘတ်မှာ အနည်းငယ် ဟ နေခဲ့သည့်အတွက်ကြောင့် သူမ၏ရင်အစုံမှာ ရန်ကိုင်၏မြင်ကွင်းထဲ ကွက်ကွက်ကွင်းကွင်းကို ပေါ်နေခဲ့လေသည်။

ဖုလင်၏စကားအဓိပ္ပာယ်ကို နားလည်သည့်အလား ရန်ကိုင်သည် ဖုလင်၏ရင်ဘတ်ဆီသို့ လှမ်းကြည့်လိုက်လေသည်။

ထို့နောက်တွင် ဖုလင်သည် ယဲ့ယဲ့လေးပြုံးရင်းမှ သူမ၏ဝတ်ရုံလေးကို မဆိုစလောက်ကလေး မြှောက်တင်ပေးလိုက်ကာ သူမ၏ခန္ဓာကိုယ်လေးကို လှစ်ဟာပြပေးလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း သူမစိတ်ထဲ ဝမ်းသာအားရ ဖြစ်နေလေ၏။ (ငါ့လို နဂါးကလန်သားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို သူ့လိုလူတစ်ယောက်က လွန်ဆန်နိုင်စရာလား… ဒီလူသားမှာ ဘိုးဘေးနဂါးအမြုတေ ရထားတာဆိုတော့ ငါသာ သူနဲ့လုပ်လိုက်နိုင်လို့ရှိရင် ကျိန်းသေကို အဆင့်ခုနှစ်ရောက်သွားမှာ… ကံကောင်းရင် အဆင့်ရှစ်တောင် တတ်နိုင်သေးတယ်… ကျုချင်းတောင် လုပ်နိုင်သေးတာ… ငါကရော ဘာလို့ မလုပ်နိုင်ရမှာလဲ…”

ထိုအကြောင်းကိုတွေးရင်း ဖုလင်မှာ အလွန်ကိုမှ ဝမ်းသာလာခဲ့လေသည်။

ထိုအခိုက်အတန့်မှာပင် တဂျွတ်ဂျွတ်မြည်သံများနှင့်အတူ ရန်ကိုင်သည် လူအသွင်သို့ ပြန်ပြောင်းလိုက်လေသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်၍ ဖုလင်၏လည်ပင်းကို ဆွဲညှစ်လိုက်လေ၏။

“ခဲအို…” ဖုလင်မှာ သူမကိုယ်သူမ အတတ်နိုင်ဆုံး နှစ်လိုဖွယ်ကောင်း‌အောင် လုပ်ထားရင်းမှ ရှက်သွေးဖြာနေသည့်ပုံစံမျိုးဖြင့် ရန်ကိုင်အား လှမ်းခေါ်လိုက်လေသည်။

“ခင်ဗျားရဲ့အသိစိတ်ပင်လယ်ကို ဖွင့်လိုက်…” ရန်ကိုင်က ပြောလိုက်သည်။

ဖုလင်မျက်နှာထက်ရှိ ရှက်ရွံ့နေသည့်အရိပ်အယောင်တို့ ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်အား အထိတ်အလန့်ဖြင့် ပြန်ကြည့်လာခဲ့လေသည်။

“ကျုပ်ကို နောက်တစ်ခွန်းထပ်ပြောရအောင် လုပ်မလာနဲ့နော်…” ရန်ကိုင်၏လေသံမှာ အေးစက်နေခဲ့လေသည်။ “ခင်ဗျား သေချင်တယ်ဆိုရင်လည်း ကျုပ်ဘက်က သတ်ပေးဖို့ ဝန်လေးနေမှာမဟုတ်ဘူး…”

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ဖုလင်သည် အားတင်းပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ခဲအို… ကြမ်းကြမ်းတမ်းတမ်းတော့ မလုပ်နဲ့နော်… ဒါ ငါ့ရဲ့ ပထမဦးဆုံးအကြိမ်မလို့…”

ထိုသို့ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် သူမ၏ အသိစိတ်ပင်လယ်အတားအဆီးများကို ဖယ်ပေးလိုက်လေသည်။ ထိုသို့လုပ်ပြီးသွားသည်နှင့်တစ်ပြိုင်နက် သူမခန္ဓာကိုယ်ထဲသို့ စိတ်စွမ်းအင်တစ်ရပ် စီးဝင်လာသည်ကို ခံစားမိလိုက်လေ၏။

ထိုသို့ဖြစ်ပြီးပြီးချင်းမှာပင် ဖုလင်မှာ ခေါင်းတစ်ခုလုံး လေးလံလာရတော့လေသည်။ ဤသည်မှာ သူမအဖို့ သူမအသိစိတ်ပင်လယ်ထဲကို အခြားလူတစ်ဦးအား ပထမဦးဆုံးအကြိမ်အဖြစ် ဝင်ခွင့်ပြုလိုက်ခြင်း ဖြစ်ပေသည်။ ယခုအချိန်တွင် သူမ၏လုပ်ရပ်နှင့်ပတ်သက်၍ အလွန်ကိုမှ နောင်တရနေခဲ့လေပြီ။ (အခုလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် ကျုလဲ့နောက် လိုက်မလာခဲ့ပါဘူး…)

တစ်ချိန်တည်းတွင်လည်း ကျုလဲ့အား ကြိတ်ကာ ကျိန်ဆဲနေခဲ့လေသည်။

ဖုလင်သည် နာမ်ဝိဉာဉ်ပုံစံဖြင့် သူမ၏အသိစိတ်ပင်လယ်ထဲ ပြန်ပေါ်လာခဲ့လေသည်။ ထိုနေရာသို့ရောက်သည်နှင့် နာမ်ဝိဉာဉ်ပုံစံဖြင့် ရှိနေသော ရန်ကိုင်ကို တွေ့လိုက်ရသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် အလေးအနက်အမူအယာဖြင့် လက်ကွက်များကို ထုတ်ဖော်နေခဲ့လေသည်။ ရန်ကိုင် ဘာလုပ်ရန် ကြိုးစားနေသလဲဆိုသည်ကို သိနေသည့်တိုင် ဖုလင်မှာတော့ ရန်ကိုင်အား သွား၍ မတားနိုင်ခဲ့ပေ။

တစ်ခဏအကြာ၌ ရန်ကိုင်၏လက်ဝါးထဲ ချိတ်စည်းတစ်ခု ပေါ်လာခဲ့ပြီး ဖုလင်၏ အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။ ချက်ချင်းဆိုသလို ဖုလင်၏ အသိစိတ်ပင်လယ်တစ်ခုလုံး လှိုင်းထန်လာခဲ့ပြီး ဖုလင်ကိုယ်တိုင်မှာလည်း နာကျင်စွာ အော်ငြီးတော့လေ၏။

အချိန်တစ်ခဏ ကြာသွားသည့်အခါမှသာ ဖုလင် ပြန်လည်သက်သာသွားခဲ့လေသည်။ ထို့နောက် ခေါင်းမော့၍ကြည့်လိုက်ရာ ရန်ကိုင်အား မည်သည့်နေရာတွင်မှ မတွေ့ရတော့ကြောင်း တွေ့လိုက်ရသည်။ ရန်ကိုင် သူမ၏ အသိစိတ်ပင်လယ်ထဲမှ ထွက်သွားပြီး ဖြစ်သည့်ပုံပင်။

သူမ၏အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ဝိဉာဉ်အမှတ်အသားကိုကြည့်ရင်း ဖုလင်မှာ လုံးဝကို ကူကယ်ရာမဲ့နေခဲ့လေသည်။ အစကမူ ရန်ကိုင်ခတ်နှိပ်ထားသော ဝိဉာဉ်အမှတ်အသားကို သူမ၏စိတ်စွမ်းအင်ဖြင့် ဖျက်ဆီးရန် ရည်ရွယ်ထားပေသေးသည်။ သို့သော်ငြား ထိုဝိဉာဉ်အမှတ်အသားကို ကိုယ်တိုင်ကိုယ်ကျ မြင်ပြီးသည့်နောက် ထိုအရာကို ဖျက်ဆီးဖို့ရာ လွယ်ကူလိမ့်မည်မဟုတ်မှန်း သိလိုက်ရလေ၏။ သူမ၏အသိစိတ် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာပြီးသည့်နောက် ဖုလင်သည် ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။ “ခဲအို… နင် ငါ့ကို ဘာလုပ်စေချင်သေးလဲ…”

ရန်ကိုင်၏ဝိဉာဉ်အမှတ်အသားသည် သူမ၏အသိစိတ်ပင်လယ်ထဲတွင် ရှိနေပြီဖြစ်သည့်အတွက်ကြောင့် သူမ၏သေခြင်းရှင်ခြင်းကို ရန်ကိုင်မှ ထိန်းချုပ်သွားခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်၏ရှေ့တွင် နေချင်သလိုနေ၍မရတော့ဘဲ သတိထားနေမှသာ တော်ရာကျပေတော့မည်။

“ကျုပ်အစီအစဉ်တွေကို လာမပျက်စီးစေနဲ့… ကျုပ် ဒီကနေ တစ်လအတွင်းထွက်သွားမှာ… အဲ့အချိန်ကျရင် ခင်ဗျားကို ပြန်လွှတ်ပေးမယ်…”

“ကောင်းပြီ…” ဖုလင်က ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၄၇)

ဘာသာပြန်သူ_တိမ်တိုက်

နေဝန်းနီနီသည် အရှေ့အရပ်မှ ထွက်ပြူလာခဲ့လေပြီ။ အရုဏ်တက်ချိန်သို့ရောက်သော် ရန်ကိုင်သည် ဖုချီနေသည့်ကျွန်းဆီသို့ ပြန်လာခဲ့လေ၏။

တစ်ညလုံးမှာ အလှည့်အပြောင်းများစွာဖြင့် ပြည့်နေခဲ့ရသည်။ ကျုချင်း နောက်တစ်လအတွင်း လက်ထပ်တော့မည့်အကြောင်းကို သိခဲ့ရရုံမက ဖုလင်ကိုပါ ဖမ်းဆီးပြီး သူမ၏အသိစိတ်ပင်လယ်ထဲ ဝိဉာဉ်အမှတ်အသားကို ခတ်နှိပ်နိုင်ခဲ့သည့်အတွက်ကြောင့် သူမ၏ သေခြင်ရှင်းခြင်းကိုပါ ထိန်းချုပ်နိုင်ခဲ့ရသည်။ ယခုချိန်မှ ဒေါသထွက်နေ၍လည်း အပိုမှန်း သိထားသည့်အလျောက် ရန်ကိုင်သည် စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်ထားရင်းမှ နောက်တစ်လတွင် ကျင်းပတော့မည့် လက်ထပ်ပွဲ၌ ကျုချင်းအား မည်ကဲ့သို့ ကယ်ဆယ်မလဲဆိုသည်ကို သေချာစတင်စဉ်းစားရတော့သည်။

အကြီးအကဲများအပါအဝင် နဂါးကလန်သားအားလုံး ဖုချီ၏မင်္ဂလာပွဲသို့ တက်ရောက်ကြပေလိမ့်မည်။ ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့သည် မဟာဧကရာဇ်တစ်ပါးကဲ့သို့ အားကောင်းလှသည့်အတွက်ကြောင့် ထိုလူများ၏အကြည့်အောက်၌ ကျုချင်းကို သူ့အနေဖြင့် ကယ်ဆယ်နိုင်မည်လား။

ပထမအကြီးအကဲကိုသာ သူ့ဘက်ပါအောင် မစည်းရုံးနိုင်ပါက အောင်မြင်နိုင်ချေမှာ အလွန်နည်းပေသည်။ ပထမအကြီးအကဲသည်သာ ဒုတိယအကြီးအကဲကို အချိန်ဆွဲထားပေးမည်ဆိုလျှင် ကျုချင်းကို ကယ်နိုင်မည့် အခွင့်အရေး ရှိပေသေးသည်။

ရန်ကိုင်သည် တွေးမိတွေးရာကို လျှောက်တွေးနေခြင်းမဟုတ်ဘဲ တကယ်ဖြစ်နိုင်ချေကိုသာ စဉ်းစားပြီး တွေးတောနေခြင်း ဖြစ်လေသည်။ ကျုလဲ့၏ပြောပုံအရ ပထမအကြီးအကဲသည် စိတ်သဘောထားသိမ်မွေ့သူတစ်ဦးဖြစ်ပြီး ဒုတိယအကြီးအကဲမှာတော့ စည်းကမ်းအလွန်တင်းကြပ်သည့်လူတစ်ဦး ဖြစ်ပေသည်။ ရှင်းရှင်းပြောရသော် ပထမအကြီးအကဲသည်လည်း ဤမင်္ဂလာပွဲကို သိပ်၍ သဘောမတွေ့ပေ။ သို့သော်ငြား နဂါးကလန်၏ စည်းမျဉ်းစည်းကမ်းများကြောင့် တိတ်နေခဲ့ရသည်။

(ပထမအကြီးအကဲကို ငါ့ဘက်ပါလာအောင် ဘယ်လိုလုပ်ရမလဲ… နဂါးကျွန်းတံဆိပ်ပြားက အသုံးဝင်နိုင်တယ်ဆိုပေမယ့် အဲ့ဒါကြီးကိုပဲ အားကိုးနေလို့ မဖြစ်သေးဘူး…)

ယခု ရန်ကိုင် မျှော်လင့်သည်မှာတော့ ဖုလင်ဆီမှ အသုံးဝင်သည့် သတင်းအချက်အလက်အချို့ ရရှိရန်သာ ဖြစ်လေသည်။ ထိုသို့သာမဟုတ်ပါက နောက်တစ်လအတွင်း သူ့အနေဖြင့် ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်တော့လိမ့်မည် မဟုတ်ချေ။

ဖုလင်အား ဖမ်းဆီးလိုက်နိုင်ခြင်းသည် ဖုကလန်ထဲ သူလျှိုတစ်ယောက် ထည့်ထားနိုင်မည့် ဖြစ်သည့်အတွက်ကြောင့် အမှန်တကယ်ကို ကောင်းမွန်သွားသည်ဟု ပြော၍ရပေသည်။ ဖုလင်အနေဖြင့် အသုံးမဝင်လျှင်ပင် ကိစ္စမရှိ။ အသုံးဝင်ခဲ့လျှင်တော့ ရန်ကိုင်မျှော်လင့်ထားသည့်ရလဒ်မျိုးကို ဆောင်ကြည်းပေးလာနိုင်ပေလိမ့်မည်။

ဖုချီနေသည့်ကျွန်းဆီသို့ ပြန်သွားရင်းမှ ရန်ကိုင်သည် ထိုကိစ္စကို အကြာကြီး စဉ်းစားနေခဲ့လေသည်။ ကျွန်းဆီသို့ ပြန်ရောက်လာချိန်တွင် လျူစန်းနျန်နှင့် သူမသမီးမှာ သူ့အား ကျွန်းပေါ်တွင်ရပ်စောင့်နေကြောင်း တွေ့လိုက်ရလေသည်။

ရန်ကိုင်ပြန်လာသည်ကိုမြင်သည့်အခါ လျူစန်းနျန်သည် ရန်ကိုင်အနားသို့ ကပ်လာ၍ “မောင်လေးရန် ပြန်လာပြီပေါ့…” ဟု စိုးရိမ်တကြီးအမူအယာဖြင့် ပြောလိုက်လေ၏။ ရန်ကိုင် ဘာကြောင့် ထွက်သွားရသလဲဆိုသည်ကို သူမ မသိပါသော်ငြား တစ်ခုခုဖြစ်သွားသည်မှန်းတော့ ရိပ်မိပေသည်။ ရန်ကိုင်၏မှုန်ကုပ်နေသည့်အမူအယာကို မြင်လိုက်သည့်နောက်တွင် လျူစန်းနျန်မှာ စကားတစ်ခွန်းပင် ထပ်မပြောရဲတော့ချေ။

လျူယုချင်းမှာတော့ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသည့် ကလေးငယ်လေးတစ်ဦးပီပီ လူပေါင်းများစွာ သူမရှေ့တည့်တည့်တွင် သေသွားသည့် ထိတ်လန့်မှုအောက်မှ ရုန်းမထွက်နိုင်သေးဘဲ ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် သူမအမေအနား ကပ်တွယ်နေရှာလေသည်။

ရန်ကိုင်သည် စိတ်ကို တည်ငြိမ်အောင်ထားရင်း သေသေချာချာကို ပြန်လည်စဉ်းစားတော့လေ၏။ သူ့အနေဖြင့် နောက်တစ်လတွင်ကျင်းပမည့် မင်္ဂလာပွဲ၌ ကျုချင်းနှင့်တွေ့အောင် လုပ်ရပေလိမ့်မည်။ ကျုချင်းကိုသာ မတွေ့ရလျှင် သူမအား မည်ကဲ့သို့ ကယ်ဆယ်ပါမည်နည်း။

အကြံတစ်ခုကို စဉ်းစားမိပြီးသည့်နောက်တွင် အသက်ကို ပြင်းပြင်းရှူသွင်းလျက် လျူစန်းနျန်ဘက်သို့လှည့်ကာ ပြောလိုက်လေသည်။ “ယွမ်ဝူရဲ့သိုလှောင်လက်စွပ် ဘယ်မှာလဲ…”

“ဒီမှာပါ…” လျူစန်းနျန်သည် သိုလှောင်လက်စွပ်အချို့ကို အလျင်စလို ထုတ်ပေးလိုက်လေသည်။ “သခင်မဟွာနဲ့ အခြားသူတွေရဲ့ သိုလှောင်လက်စွပ်တွေလည်း ဒီမှာပါပဲ…”

သူမနှင့် လျူယုချင်းသည် ယွမ်ဝူနှင့် အခြားသူများကို မြေမြှုပ်ပေးနေစဉ်အတောအတွင်း သူတို့၏သိုလှောင်လက်စွပ်များကို ချွတ်ယူထားခဲ့လေသည်။ ထိုသိုလှောင်လက်စွပ်များကို သူမဘာသာသူမ သိမ်းထားရန် မစဉ်းစားခဲ့။ ထို့အတွက်ကြောင့် ရန်ကိုင်မှတောင်းလာသည့်အခါတွင် ချက်ချင်း ထုတ်ပေးခဲ့သည်။

စုစုပေါင်း သိုလှောင်လက်စွပ်ငါးကွင်းရှိနေပြီး လေးကွင်းမှာ သေသွားသူများ၏ သိုလှောင်လက်စွပ်များ ဖြစ်ကြကာ ကျန်တစ်ကွင်းမှာတော့ ဖုချီမှ ယွမ်ဝူအား ပေးထားသည့် နန်းတော်ဆောက်လုပ်ရန်လိုအပ်သော ပစ္စည်းများ ထည့်ထားသည့် သိုလှောင်လက်စွပ်သာ ဖြစ်လေသည်။

သိုလှောင်လက်စွပ်ထဲရှိပစ္စည်းများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ရှားပါးပစ္စည်းများပါဝင်နေသော သိုလှောင်လက်စွပ်ကိုယူ၍ ကျန်သိုလှောင်လက်စွပ်များကို လျူစန်းနျန်ဆီသို့ ပြန်ပေးလိုက်လေသည်။

“ဒါက…” လျူစန်းနျန်မှာ တုံ့ဆိုင်းနေလေ၏။

“သိမ်းထားလိုက်…” ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် လေထဲသို့ခုန်၍ နန်းတော်ရှိရာဆီသို့ ပျံသန်းသွားလေသည်။

လက်ရှိအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလွန်ကိုမှ စည်ကားနေခဲ့လေသည်။ ရက်အနည်းငယ်အတွင်း နန်းတော်၏ အခြေခံအုတ်မြစ်ကို ချထားနိုင်ခဲ့ကြလေရာ နန်းတော်ဆောက်လုပ်ရေးတွင် ကြီးကြီးမားမား အလားအလာရှိသည်ဟု ပြော၍ရပေသည်။

လူနှစ်ရာစလုံးမှာ အတူတကွ အလုပ်လုပ်နေကြပြီး မည်သူမျှ အချောင်မခိုရဲကြပေ။ တကယ်တော့ ဤတာဝန်ကိုပေးအပ်လာသူမှာ နဂါးကလန်မဟုတ်လေလော။ အဆင့်ရှစ်နဂါးတစ်ကောင်သည်လည်း ဤကျွန်းပေါ်တွင် နေနေသည့်အတွက်ကြောင့် သူတို့သည်သာ အချောင်ခိုနေမည်ဆိုပါက ထိုနဂါးမှ သူတို့အား သတိထားမိမသွားနိုင်ပါဟု မည်သူမျှ မပြောနိုင်ပေ။

အကုန်လုံးမှာ မနားတမ်းကို အလုပ်လုပ်နေခဲ့ကြပြီး မောပန်းနွမ်းနွယ်လာပါက ဆေးလုံးများသောက်၍ အားပြန်ဖြည့်ကြလေသည်။ အားပြန်ပြည့်သည်နှင့်တစ်ပြိုင်နက် အလုပ်ပြန်စကြလေ၏။

“ညီလေးရန်… မတွေ့ရတာတောင် ကြာပြီပဲကွ… မင်း ဘာလို့ ဒီကိုရောက်လာတာလဲ…” ရင်းနှီးနေသည့်အသံတစ်သံနှင့်အတူ ဝူချန်း ရန်ကိုင်၏မြင်ကွင်းထဲ ပေါ်လာခဲ့လေသည်။

ထိုစကားကိုကြားသော် အခြားသောကျင့်ကြံသူများသည် ရန်ကိုင်အား မကျေမနပ်ဖြင့် ကြည့်လာကြလေသည်။ သူတို့အနေဖြင့် ရန်ကိုင်ကို မကျေနပ်သည်မှာလည်း အဆန်းတော့မဟုတ်။ ဤနေရာတွင်ရှိသည့်လူအသီးသီးအား ယွမ်ဝူမှ အလုပ်များပေးထားခဲ့လေသည်။ လျူစန်းနျန်နှင့် သူမ၏သမီးတို့သည်ပင်လျှင် ပင်လယ်ထဲသို့သွားကာ ညလင်းပုလဲများကို လိုက်ရှာကြရသည်။

သို့သော်ငြား ရန်ကိုင်တစ်ဦးမှာတော့ အားအားယားယားကို ရှိနေလေ၏။ ထို့အတွက်ကြောင့် အခြားသူများ သူ့အပေါ် မနာလိုအားကျဖြစ်နေရခြင်းပင်။ သို့ရာတွင် ရန်ကိုင်သည် ယွမ်ဝူကိုပင်လျှင် အနိုင်ယူထားသည့်လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် အခြားလူများမှာ ရန်ကိုင်အား မကျေမနပ်ဖြစ်ကြသည့်တိုင် သူ့အား သွားပြဿနာမရှာရဲကြပေ။ ထိုအကြောင်းကြောင့်ပင် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီးသည့်နောက် သူတို့အလုပ်သူတို့ ဆက်လုပ်နေကြလေ၏။

“မင်္ဂလာပါ ရောင်းရင်းဝူ…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။

ဝူချန်းသည် မျက်မှောင်ကျုံ့၍ ရန်ကိုင်နားသို့ ကပ်လာပြီး မေးလိုက်လေသည်။ “ရောင်းရင်းရန်… မင်း ဆရာယွမ်ကို တွေ့မိသေးလား… ငါကြားတာတော့ သူ မင်းကို သွားရှာတယ်ဆို… သူ ဘာဖြစ်လို့ အခု ပြန်မရောက်လာသေးတာလဲ…”

“ယွမ်ဝူသေသွားပြီ…”

ဝူချန်း ကြောင်သွားခဲ့လေသည်။ အခြားသောကျင့်ကြံသူများမှာလည်း ရန်ကိုင်အား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် လှည့်ကြည့်လာကြသည်။

ဝူချန်းက နှုတ်ခမ်းကြီးမဲ့လျက် ခါးသက်သက်လေသံဖြင့် ပြန်မေးလိုက်လေသည်။ “သူသေသွားပြီ… ဘယ်လိုသေသွားတာလဲ…”

“နဂါးတစ်ကောင်ကို သွားရန်စမိလိုက်လို့ အသတ်ခံလိုက်ရတာ…”

ထိုစကားကိုကြားသော် လူတိုင်း သက်ပြင်းရှိုက်လိုက်ကြလေသည်။ ယွမ်ဝူသည် ဤဆောက်လုပ်ရေးလုပ်ငန်းခွင်၏ ခေါင်းဆောင်ရာထူးကို ပေးအပ်ထားခြင်း ခံရသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူသည် နဂါးများ၏ မျက်နှာသာပေးခြင်းကို ခံရသည်ဟု လူတိုင်း ထင်နေခဲ့ကြသည်။ သို့သော်ငြား ရက်အနည်းငယ်လေးအတွင်းမှာပင် ယွမ်ဝူသည် နဂါးတစ်ကောင်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။

ရှင်းရှင်းပြောရသော် နဂါးကလန်သားများသည် သူတို့ကဲ့သို့သောလူများကို လုံးဝ အရေးစိုက်သူများ မဟုတ်ကြ။ ထို့အတွက်ကြောင့် ကျင့်ကြံသူများမှာ အမှားမလုပ်မိစေရန် ကိုယ့်ကိုယ်ကို သတိပေးနေကြရလေသည်။ မဟုတ်လျှင် သူတို့ အသက်အား ဆုံးရှုံးသွားရနိုင်ပေ၏။

တစ်ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက် ဝူချန်းသည် ဝမ်းနည်းနေသည့်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဒါဆို ငါတို့ဘာလုပ်ကြမှာလဲ… ဒီနေရာကိုကြီးကြပ်မဲ့ဆရာယွမ်က သေသွားပြီဆိုတော့ ဒီနန်းတော်က…”

“အဲ့ဒါဆို ခင်ဗျားပဲ တာဝန်ယူလိုက်လေ…” ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် သိုလှောင်လက်စွပ်ကို ဝူချန်းဆီသို့ ပစ်ပေးလိုက်လေသည်။

“ငါလား…” ဝူချန်း ကြောင်သွားပြီး ရန်ကိုင်ပေးလာသည့် သိုလှောင်လက်စွပ်ကို ကမန်းကတမ်း ဖမ်းယူ၍ အားတင်းပြုံးကာ ပြန်ပြောလိုက်လေသည်။ “မနောက်ပါနဲ့ ရောင်းရင်းရန်ရာ… ငါက အဲ့လိုလုပ်ဖို့ အရည်အချင်း…”

“ဒီနေရာကို တာဝန်ယူမဲ့လူရှိမှ အဆင်ပြေမှာ… ဒီတော့ ခင်ဗျားလည်း ငြင်းမနေနဲ့… ကျုပ်က နဂါးကလန်က ပြောခိုင်းတဲ့စကားကို လာပြောပေးရုံပဲ… တစ်ယောက်ယောက် ခင်ဗျားစကားကို မနာခံဘူးဆိုရင် ကျုပ်ကို တိုက်ရိုက်လာပြောလိုက်… အဲ့လူကို နဂါးကလန်က အပြစ်ပေးလိမ့်မယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အခြားသောကျင့်ကြံသူများအား စူးရဲစွာ စိုက်ကြည့်လိုက်ရာ ထိုကျင့်ကြံသူများ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။

ဝူချန်းက လေသံတိုးတိုးဖြင့် ပြန်မေးလိုက်လေသည်။ “ရောင်းရင်းရန်… မင်း နဂါးကလန်နဲ့ အဆက်အသွယ်ရှိတာလား…”

“ခင်ဗျားတာဝန်က ဒီကကိစ္စတွေအကုန်လုံးကို ကိုင်တွယ်ပေးဖို့ပဲ… ဒီနန်းတော်ကို နောက်ဆုံးရက်မတိုင်ခင် အပြီးဆောက်ရမှာ… မဟုတ်ရင် ခင်ဗျားတို့အားလုံး သေရလိမ့်မယ်…” ရန်ကိုင်သည် ဝူချန်း၏အမေးကို တိုက်ရိုက်ပြန်မဖြေဘဲ မရေမရာသာ ပြန်ပြောလိုက်လေသည်။

တကယ်တော့ ရန်ကိုင် လိမ်နေခြင်းမဟုတ်။ ရန်ကိုင်သည် ကျုလဲ့နှင့် အချိန်မရွေး ဆက်သွယ်နိုင်ပေသည်။ ဖုလင်ကိုလည်း အနိုင်ယူပြီးသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် တစ်ယောက်ယောက်သည်သာ သူ့အမိန့်အား မနာခံပါက သူ့အနေဖြင့် ဖုလင်းကိုထုတ်၍ ထိုလူများကို အပြစ်ပေးလိုက်ရုံပင်။

ဝူချန်းသည် အလေးအနက်အမူအယာဖြင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “ငါနားလည်တယ် ရောင်းရင်းရန်… စိတ်ချ… ဘာအမှားမှ မရှိစေရဘူး…”

“ကောင်းပြီ…” ရန်ကိုင်သည် ဝူချန်း၏ပုခုံးကိုပုတ်၍ ထွက်သွားရန် ပြင်လိုက်လေသည်။

သူ့အနေဖြင့် ကျုချင်းကိုတွေ့လိုပါက နန်းတော်အား သတ်မှတ်ရက်မတိုင်မီ အပြီးဆောက်မှ အဆင်ပြေလိမ့်မည်။ နန်းတော်ကိုသာ မင်္ဂလာပွဲမတိုင်မီ ဆောက်၍မပြီးသေးလျှင် မင်္ဂလာပွဲကို ကျင်းပနိုင်လိမ့်မည်မဟုတ်သလို သူသည်လည်း ကျုချင်းအား တွေ့နိုင်လိမ့်မည်မဟုတ်ပေ။

ရန်ကိုင်ကိုယ်တိုင်ကမူ နန်းတော်ဆောက်လုပ်ရေးအား ကိုယ်တိုင်ကိုယ်ကျ မကြီးကြပ်ချင်ပေ။ မည်သည့်ယောက်ျားမှ ကိုယ်ချစ်ရသည့်အမျိုးသမီး အခြားယောက်ျားတစ်ဦးနှင့် လက်ထပ်ဖို့ရာအတွက် တကူးတကကြီး နန်းတော်လိုက်ဆောက်ပေးနေရသည်ကို လုပ်ချင်လိမ့်မည်မဟုတ်ပေ။ ရန်ကိုင်ကိုယ်တိုင်သည်သာ ဤနန်းတော်ဆောက်ရမည့်တာဝန်ကို ကြီးကြပ်ရမည်ဆိုပါက သူ့အနေဖြင့် နန်းတော်ကိုပင်လျှင် မဆောက်နိုင်ဘဲ နန်းတော်တစ်ခုလုံးကိုသာ ဖျက်ဆီးပစ်မိပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် နန်းတော်ဆောက်သည့် တာဝန်ကို ဝူချန်းဆီသို့ တိုက်ရိုက်လွှဲပေးလိုက်ခြင်းသာ ဖြစ်လေသည်။

အားလပ်ချိန်များစွာ ရှိနေပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် စတင်ကျင့်ကြံရပေလိမ့်မည်။ သူသည်သာ နောက်တစ်ဆင့်သို့ ချိုးဖြတ်နိုင်မည်ဆိုလျှင် ကျုချင်းအား ကယ်ဆယ်နိုင်ချေ ပို၍မြင့်မားလာပေလိမ့်မည်။

ထိုအတွေးဖြင့် ရန်ကိုင်သည် ကမ်းခြေသို့ပြန်လာပြီး လျူစန်းနျန်အား နည်းနည်းပါးပါး စကားပြောပြီးသည့်နောက် ပင်လယ်ထဲသို့ ထွက်လာခဲ့လေသည်။ တစ်နာရီအတွင်းမှာပင် ရန်ကိုင်သည် ရေလယ်ခေါင်ဆီသို့ ရောက်လာခဲ့လေသည်။ ရန်ကိုင်၏ဘေးပတ်ပတ်လည်၌ မည်သည့်ကျွန်းမှ မရှိ။ အဆုံးမဲ့ပင်လယ်ပြင်ကြီးသာ ရှိနေခဲ့လေသည်။

ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် အနီးအနားတွင် မည်သူမျှမရှိကြောင်း အတည်ပြုပြီးသည့်အခါ ရန်ကိုင်သည် ရေထဲသို့ ထိုးဆင်းသွားခဲ့လေသည်။ မီတာတစ်ထောင်အနက်သို့ ရောက်လာပြီးသည့်နောက်တွင် လောကဓာတ်လုံးကို ဆင့်ခေါ်၍ လောကဓာတ်လုံးထဲသို့ ဝင်လာလိုက်သည်။ ထိုသို့ဖြင့် လောကဓာတ်လုံးမှာလည်း ပင်လယ်အောက်ခြေသို့ ကျသွားရလေ၏။

လောကဓာတ်လုံးထဲသို့ရောက်လာသော် ရန်ကိုင်သည် ဆေးဥယျာဉ်ဆီသို့ လျှောက်သွားလိုက်ပြီးသည့်နောက် ထိုနေရာတွင် တင်ပလင်ခွေထိုင်ကာ စိတ်ကို တည်ငြိမ်သွားအောင် လုပ်လိုက်လေသည်။

လေးနာရီခန့်ကြာပြီးသည့်နောက် ရန်ကိုင်မှာ သူ့စိတ်အစုံကို အကြွင်းမဲ့တည်ငြိမ်သွားအောင် လုပ်နိုင်ခဲ့ပြီး မလိုလားအပ်သောအတွေးများကိုလည်း ခေါင်းထဲမှ ဖယ်ရှားလိုက်နိုင်ခဲ့လေသည်။ ထို့နောက်တွင် ကျောက်စိမ်းနက်ဆေးမီးဖိုကိုထုတ်ကာ ဆေးစတင်ဖော်စပ်တော့လေသည်။

ချက်ချင်းဆိုသလို သွေးနီရောင်အဆင်းရှိနေသော ပန်းပွင့်သုံးပွင့်ကိုလည်း ထုတ်ယူလိုက်လေသည်။ ထိုပန်းပွင့်များမှာ အခြားမဟုတ်ကြ။ နဂါးကျွန်းပေါ်တွင်သာ တွေ့ရနိုင်သော နဂါးသွေးပန်းများသာ ဖြစ်ကြလေသည်။

ဤနဂါးသွေးပန်းများသည် လီကျောက်၏နဂါးသွေးပန်းနှင့် တူပါသော်ငြား အရည်အသွေးမှာ အများကြီးပိုကောင်းပေသည်။ အရွယ်အစားလည်း ပို၍ကြီးလေ၏။

ဤနဂါးသွေးပန်းများကို နဂါးကျွန်းပေါ်တွင် နဂါးများ၏သွေးဖြင့် ပျိုးထောင်ထားခြင်း ဖြစ်သည့်အတွက်ကြောင့် လီကျောက်၏ ကံကောင်းထောက်မစွာဖြင့် ရရှိလာသော နဂါးသွေးပန်းထက် အများကြီးပိုကောင်းသည်မှာ အထူးအဆန်းတော့မဟုတ်ပေ။

လက်ရှိအချိန်တွင် ရန်ကိုင်၌ နဂါးသွေးပန်းသုံးပွင့်သာ ရှိပေသည်။ ဤနဂါးသွေးပန်းသုံးပွင့်ကိုပင်လျှင် ဖုလင်ဆီမှ လုယူလာခြင်း ဖြစ်ပေသည်။ ရန်ကိုင်မှ သူမ၏နဂါးသွေးပန်းများကို လုယူသွားစဉ် ဖုလင်၏မျက်နှာတစ်ခုလုံးမှာ ဒယ်အိုးဖင်နှယ် မည်းမှောင်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှာ သူမ၏အသိစိတ်ပင်လယ်ထဲ ဝိဉာဉ်အမှတ်အသား ခတ်နှိပ်ထားသည့်အတွက်ကြောင့် သူမအနေဖြင့် မပေးချင်လျှင်ပင် ပေးလိုက်ရလေသည်။

နဂါးကလန်သားများသည် နှစ်စဉ်နှစ်တိုင်း နဂါးသွေးပန်းများကို ရရှိနိုင်ကြပါသော်ငြား သူတို့ရရှိနိုင်သည့်ပမာဏမှာ အကန့်အသတ်နှင့် ရှိပေသည်။ ဖုလင်ကဲ့သို့သော အဆင့်ခြောက်နဂါးတစ်ကောင်အတွက် သူမ ရရှိနိုင်သည့် နဂါးသွေးပန်းအရေအတွက်မှာ တစ်နှစ်လျှင် အများဆုံး အပွင့်နှစ်ဆယ်သာ ဖြစ်လေသည်။ ထို့အပြင် သူမ ရရှိနိုင်သည့် နဂါးသွေးပန်းများ၏ အရည်အတွက်မှာလည်း ကံပေါ် မူတည်နေပေသေးသည်။ ကံသာမကောင်းသာလျှင် အပွင့်နှစ်ဆယ်ပင် မရနိုင်ဘဲ ဆယ်ပွင့်လောက်သာ ရသွားနိုင်၏။

အလွန်တရာကိုမှ သက်တမ်းရှည်လျားလွန်းလှသည့်အတွက်ကြောင့် နဂါးကလန်သားများသည် လူသားများကဲ့သို့ ကျင့်ကြံခြင်းမရှိကြချေ။ ထို့အပြင် အသက်ကြီးလာသည်နှင့်အမျှ နဂါးများ၏သွေးမျိုးဆက်မှာ သန့်စင်လာလေ့ရှိပေသည်။ ထိုအကြောင်းကြောင့် သူတို့၏ခွန်အားမှာလည်း တိုးတက်လာရသည်။ ထိုသို့သောတိုးတက်သည့်နည်းလမ်းမှာ နောက်ဆုံး သူတို့၏သွေးမျိုးဆက်မှ ထောက်ပံ့ပေးနိုင်သော သန့်စင်သည့် အဆင့်သို့ ရောက်သည့်အခါမှသာလျှင် ရပ်တန့်သွားလေ့ရှိပေသည်။

ထိုသို့ဖြစ်လာသည့်အခါ ဆက်လက်တိုးတက်လိုပါက နဂါးသွေးပန်းများကို အားကိုးရုံသာ ရှိတော့လေသည်။

ဖုလင်သည် ယခုနှစ်အတွက် ရရှိမည့် နဂါးသွေးပန်းများ၏ခွဲတမ်းကို မရရှိသေးပေ။ ယခု သူမ၌ရှိနေသော နဂါးသွေးပန်းများမှာ ယခင်နှစ်ကကျန်ခဲ့သော နဂါးသွေးပန်းများသာ ဖြစ်ကြပေသည်။ ယခင်နှစ်က နဂါးသွေးပန်း ဆယ်ပွင့်ကျော်ရရှိခဲ့ပါသော်ငြား တဖြည်းဖြည်း သုံးစွဲလာသည့်အလျောက် နောက်ဆုံးတွင် သူမ၌ နဂါးသွေးပန်းသုံးပွင့်သာ ကျန်ရစ်တော့လေသည်။ ယခုမူ ထိုသုံးပွင့်စလုံးမှာ ရန်ကိုင်မှ ယူသွားခဲ့လေပြီ။

ရန်ကိုင်ယူသွားသည့်နဂါးသွေးပန်းများကိုကြည့်ရင်း ဖုလင်မှာ ထိုပန်းများကို ကုန်အောင် မသုံးလိုက်ရလေကောင်းလားဟု နောင်တရနေမိပေသည်။ ရန်ကိုင်ကို ပေးပစ်ရမည်မှန်းသာ ကြိုသိခဲ့လျှင် မည်သို့ပင်ဖြစ်နေစေကာမူ ထိုနဂါးသွေးပန်းကို သူမဘာသာသူမ စားပစ်ခဲ့ပေမည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၄၈)

ဘာသာပြန်သူ_တိမ်တိုက်

နဂါးသွေးပန်းများကို အဆင့်နိမ့်အဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်ဟူ၍ ခွဲခြားထားပေသည်။ အမြင့်ဆုံးအဆင့်မှာ ထိပ်တန်းအဆင့်ဖြစ်ပါသော်ငြား ထိပ်တန်းအဆင့်နဂါးသွေးပန်းများကို နဂါးကျွန်းပေါ်တွင်ပင် တွေ့ရခဲလှပေသည်။ အကြောင်းမှာ ထိပ်တန်းအဆင့်နဂါးသွေးပန်းများအား အဆင့်ခွဲခြားသတ်မှတ်ရာတွင် ဆေးပင်၏အာနိသင်တစ်ခုတည်းကိုသာလျှင်မဟုတ်ဘဲ အခြားသောအကြောင်းအရာများကိုလည်း ထည့်သွင်းစဉ်းစားသည့်အတွက်ကြောင့်ပင်။

ဖုလင်ဆီမှ ရလာခဲ့သော နဂါးသွေးပန်းသုံးပွင့်အနက် နှစ်ပွင့်မှာ အဆင့်နိမ့်အဆင့်ဖြစ်ပြီး ကျန်တစ်ပွင့်မှာတော့ အလယ်အလတ်အဆင့်ဖြစ်ပေသည်။ နဂါးသွေးပန်းများကို အဆင့်ခွဲခြားပုံအရ လီကျောက်၏နဂါးသွေးပန်းသည် အဆင့်နိမ့်အဆင့်ဟုပင် သတ်မှတ်၍မရသည့် အရည်အသွေးမပြည့်မီသော နဂါးသွေးပန်းတစ်ပွင့် ဖြစ်လေသည်။

လီကျောက်၏နဂါးသွေးပန်းကို ကျိယင်သည် နဂါးသွေးဆေးလုံးအဖြစ် ဖော်စပ်ခဲ့လေသည်။ ထိုဆေးလုံးကို သောက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို တိုးတက်အောင် လုပ်နိုင်ခဲ့လေ၏။

ယခု ပို၍အဆင့်မြင့်သည့် နဂါးသွေးပန်းသုံးပွင့်ရလာသော် ရန်ကိုင်သည် ထိုပန်းပွင့်များကို နဂါးသွေးဆေးလုံးများအဖြစ် ဖော်စပ်ကာ သူ့ကိုယ်ထဲရှိ ရွှေနဂါးအမြုတေစွမ်းအားကို လှုံ့ဆော်ရန် ဆုံးဖြတ်လိုက်လေသည်။

နဂါးကလန်နှင့် ရင်ဆိုင်ဖို့ရာ အကောင်းဆုံးသောနည်းလမ်းသည် သွေးမျိုးဆက်ဖြစ်နေခြင်းသာ ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် လက်ရှိရန်ကိုင်၏ခွန်အားအရ သူ့အနေဖြင့် နဂါးကလန်ကို ရင်ဆိုင်ဖို့ရာ အဆင်သင့်မဖြစ်သေးပေ။

ရန်ကိုင်သည် နဂါးသွေးဆေးလုံးများကို တစ်ခါမှ ဖော်စပ်ဖူးခြင်း မရှိပါသော်ငြား ကျိယင်ဆီမှတစ်ဆင့် နဂါးသွေးဆေးလုံးများအား ဖော်စပ်သည့် နည်းလမ်းများအကြောင်းကို သိခဲ့ရသလို ဆေးညွှန်းကိုလည်း သိခဲ့ရပေသည်။

လက်ရှိရန်ကိုင်၏ဆေးစွမ်းရည်အရ နဂါးသွေးဆေးလုံးကို ဖော်စပ်၍ ကိစ္စမရှိလောက်ပေ။ အကုန်လုံးအဆင့်သင့်ဖြစ်သည့်နောက်တွင် ရန်ကိုင်သည် လက်ကွက်များကို ထုတ်ဖော်၍ ကျောက်စိမ်းနက်ဆေးမီးဖိုထဲ မီးတောက်တစ်ခုကို စတင်လောင်မြိုက်စေလိုက်လေသည်။

လိုအပ်သည့်ဆေးပင်များကို ပစ်ထည့်လိုက်ပြီး အစီအရင်များကို ခင်းကျင်းလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် အပူချိန်ကို သေချာစောင့်ကြည့်တော့လေသည်။ ခဏအကြာတွင် ဆေးပင်များထဲမှ ဆေးရည်များကို စတင်ထုတ်ယူတော့လေသည်။ ထို့နောက် ဖျော့တော့တော့ဆေးသင်းရနံ့သည်လည်း ကျောက်စိမ်းနက်ဆေးမီးဖိုမှ ပျံ့လွင့်လာခဲ့လေ၏။

သူ့ခွန်အားတိုးလာသည့်အလျောက် ရန်ကိုင်မှာ ယခင်ကထက်ပို၍ လွယ်ကူစွာ ဆေးဖော်စပ်လာနိုင်ခဲ့လေသည်။ ရန်ကိုင်အနေဖြင့် ဆေးမဖော်စပ်သည်မှာ အတော်လေးကြာနေပြီဖြစ်ပါသော်ငြား ရန်ကိုင်၏လှုပ်ရှားမှုများမှာ ချောချောမွေ့မွေ့သာဖြစ်နေပြီး အနည်းငယ်မျှပင် ပျာယာခတ်နေခြင်း မရှိခဲ့ပေ။ ရေလကြယ်ပေါ်၌ မဟာဆေးတာအို၏ပဲ့တင်သံကို အသက်ဝင်လာအောင် လုပ်ပြီးသည့်နောက် ရန်ကိုင်သည် ဆေးဖော်စပ်ခြင်းနှင့်ပတ်သက်လာလျှင် ပို၍ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်လာလေသည်။

အဆင့်နိမ့်နဂါးသွေးပန်းတစ်ပွင့်ကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်ပြီးသည့်နောက် ဆေးမီးဖိုထဲမှ ထွက်ပေါ်လာနေသည့် ဆေးသင်းရနံ့မှာ ပို၍ အားကောင်းလာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် အလေးအနက်အမူအယာဖြင့် တစ်ဆင့်ချင်းစီတိုင်းကို သေချာ အသေးစိတ်လုပ်ဆောင်တော့လေသည်။

နေ့ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် မဟာဆေးတာအိုမှတစ်ဆင့် လေ့လာသိရှိခဲ့ရသော ကောင်းကင်လမ်းစဉ်သိုင်းတာအိုနှင့် ပြီးပြည့်စုံစွာ သဟဇာတဖြစ်သော ဘုံကိုးသွယ်ဆေးလုံးသိပ်သည်းခြင်းနည်းစနစ်ကို စတင်ထုတ်သုံးတော့လေသည်။

ထိုအခိုက်အတန့်တွင် ရန်ကိုင်၏စိတ်ထဲ အမျိုးမျိုးသော ပုံရိပ်ပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ဆေးမီးဖိုတွင်းမှလည်း ဆေးလုံးနှင့် ဆေးမီးဖိုချင်း ရိုက်ခတ်နေသည့်အသံများ ထွက်ပေါ်လာခဲ့လေသည်။ မီးငြိမ်းသွားပြီးသည့်နောက် ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆေးမီးဖိုအဖုံးကိုဖွင့်ကာ ဆေးလုံးကို ရိုက်ချလိုက်လေသည်။ ချက်ချင်းဆိုသလို အနီရောင်ဆေးလုံးနှစ်လုံး ဆေးမီးဖိုအတွင်းမှ ပျံသန်းထွက်လာလေ၏။ ရန်ကိုင်သည် အသင့်ပြင်ထားသည့် ကျောက်စိမ်းပုလင်းထဲသို့ ထိုဆေးလုံးနှစ်လုံးကို ချက်ချင်း ကောက်ထည့်လိုက်လေသည်။ ဆေးပုလင်းထဲရှိဆေးလုံးများကို စစ်ဆေးပြီးသည့်နောက် ရန်ကိုင်မျက်နှာ အနည်းငယ်မဲ့သွားခဲ့သည်။

ယခုတစ်ကြိမ်တွင် နဂါးသွေးဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပါသော်ငြား ဆေးလုံး၏ အရည်အသွေးမှာတော့ ကောင်းမွန်ခြင်းမရှိခဲ့ဘဲ ကျိယင်ဖော်စပ်ခဲ့သည့် ဆေးလုံးထက် အနည်းငယ်သာရုံလေးသာ ရှိပေသည်။

တစ်ချက်သတိပြုရမည်မှာ ကျိယင်ဖော်စပ်ခဲ့သည့်ဆေးလုံးများသည် လီကျောက်၏နဂါးသွေးပန်းကို သုံး၍ ဖော်စပ်ခဲ့ခြင်း ဖြစ်လေသည်။ ထိုနဂါးသွေးပန်းမှာ အဆင့်နိမ့်နဂါးသွေးပန်းဖြစ်ဖို့ရာပင် အဆင့်မမီသည့် ပန်းတစ်ပွင့်ဖြစ်သည်။ ရန်ကိုင်အသုံးပြုခဲ့သည့် နဂါးသွေးပန်းများမှာမူ အဆင့်နိမ့်နဂါးသွေးပန်းများ ဖြစ်သည့်အလျောက် သူဖော်စပ်သည့်ဆေးလုံးသည် ကျိယင်ဖော်စပ်သည့်ဆေးလုံးထက် အများကြီး ပိုမိုကောင်းမွန်သင့်ပေသည်။ ထို့အတွက်ကြောင့် သေသေချာချာယှဉ်ကြည့်မည်ဆိုလျှင် ရန်ကိုင်၏ဆေးလုံးများသည် ကျိယင်ဖော်စပ်သည့်ဆေးလုံးများထက် ပို၍ပင်ဆိုးသည်ဟု ပြော၍ရသည်။

အရေအတွက်မှာလည်း မကောင်းပြန်သေးပေ။ စုစုပေါင်းမှ ဆေးလုံးနှစ်လုံးသာ ဖော်စပ်နိုင်လေ၏။ ဆေးသွေးကြော၊ ဆေးတိမ်တိုက်ပါသည့် ဆေးလုံးများကိုမူ လုံးဝမတွေ့ရပေ။ ထိုသို့သာပြောရပါသော်ငြား မည်သည့်ဧကရာဇ်အဆင့်ဆေးပညာရှင်မဆို ဤကဲ့သို့ နဂါးသွေးပန်းကို ဆေးလုံးအဖြစ် အောင်မြင်စွာ ဖော်စပ်နိုင်လျှင်ပင် အတော်လေး ဝမ်းသာနေကြပေလိမ့်မည်။

တကယ်တော့ ဧကရာဇ်အဆင့်ဆေးပညာရှင်များသည် ဧကရာဇ်အဆင့်ဆေးလုံးများကို ဖော်စပ်နိုင်ကြပါသော်ငြား တစ်ရာရာခိုင်နှုန်း အောင်မြင်စွာ ဖော်စပ်နိုင်ကြသည်တော့ မဟုတ်ချေ။ ထို့အပြင် နဂါးသွေးဆေးလုံးများမှာ ဖော်စပ်ရခက်သည့်ဆေးလုံးများထဲ ပါပေသေးသည်။

ရန်ကိုင်သည် ယခုမှသာလျှင် နဂါးသွေးပန်းများကို နဂါးသွေးဆေးလုံးအဖြစ် ပထမဦးဆုံးအကြိမ် ဖော်စပ်ခဲ့ခြင်း ဖြစ်ပါသော်ငြား ဆေးလုံးနှစ်လုံးကိုပင်လျှင် အောင်မြင်စွာ ဖော်စပ်နိုင်သည်ကိုကြည့်လျှင် အတော်လေးကိုမှ ထူးချွန်သည်ဟု ပြော၍ရပေသည်။

သို့သော်ငြား ရန်ကိုင်ကိုယ်တိုင်ကမူ ပျော်မနေခဲ့ပေ။ သူ့အနေဖြင့် နောက်တစ်လအတွင်း ကျုချင်းကိုကယ်ဆယ်ရန်အတွက် နဂါးသွေးဆေးလုံးများကို လိုအပ်နေပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် အဆင့်နိမ့်နဂါးသွေးဆေးလုံးများကို မလိုချင်ဘဲ အဆင့်မြင့်နဂါးသွေးဆေးလုံးများကိုသာ လိုချင်နေပေသည်။

သူ့စိတ်သူတည်ငြိမ်သွားအောင် ပြန်လုပ်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် နောက်တစ်ကြိမ် ချက်ချင်း ဆေးမဖော်စပ်သေးဘဲ ဆေးသောက်ကာ အားပြန်ဖြည့်နေလေ၏။ တစ်နာရီခန့် ကြာပြီးသည့်အခါမှသာလျှင် နောက်တစ်ကြိမ် ဆေးပြန်ဖော်စပ်လေသည်။ ယခုတစ်ကြိမ်တွင်လည်း အဆင့်နိမ့်နဂါးသွေးပန်းကိုသာ အသုံးပြုခဲ့သည်။

နေ့ဝက်ကြာပြီးသည့်နောက် ရန်ကိုင်သည် ဆေးမီးဖိုအဖုံးကိုဖွင့်ကာ ဆေးမီးဖိုကိုရိုက်လိုက်သည်။ ချက်ချင်းဆိုသလို ဆေးမီးဖိုအတွင်းမှ အနီရောင်ဆေးလုံးလေးလုံး ပျံသန်းထွက်လာခဲ့ပြီး ရန်ကိုင်သည် အသင့်ဆောင်ထားသည့် ကျောက်စိမ်းပုလင်းထဲသို့ ထိုဆေးလုံးလေးလုံးကို တန်းထည့်လိုက်လေသည်။

ယခုတစ်ကြိမ်ဖော်စပ်သည့် နဂါးသွေးဆေးလုံးများမှာတော့ ပထမတစ်ကြိမ်က ဆေးလုံးများနှင့်စာလျှင် အရောင်အသွေးပိုကောင်းကြပေသည်။ ထိုအကြောင်းကြောင့် ဆေးအာနိသင်မှာလည်း ပို၍ ကောင်းမွန်ကြပေလိမ့်မည်။

ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်သည် ပထမတစ်ကြိမ်ကကဲ့သို့ အနားမယူတော့ဘဲ နောက်တစ်ကြိမ် ချက်ချင်း ထပ်ဖော်စပ်လေသည်။ နေ့ဝက်ခန့်ကြာပြီးသည့်နောက်တွင် နဂါးသွေးဆေးလုံး တတိယအသုတ် ဆေးမီးဖိုထဲမှ ပျံသန်းထွက်လာလေသည်။ ယခုတစ်ကြိမ်တွင်လည်း ဆေးလုံးလေးလုံးသာ ပါပေသည်။ သို့သော်ငြား အရည်အသွေးမှာတော့ သိသိသာသာကို တိုးတက်လာခဲ့လေသည်။

ဤသို့ဖြစ်ရခြင်းမှာ နဂါးသွေးဆေးလုံး ဖော်စပ်ရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကိုင်မှာ ပို၍ ရင်းနှီးကျွမ်းဝင်မှု ရှိလာသည့်အတွက်ကြောင့်ဟု ပြော၍ရပါသော်ငြား အဓိကအကြောင်းအရင်းမှာတော့ ရန်ကိုင်သုံးလိုက်သည့်နဂါးသွေးပန်းမှာ အလယ်အလတ်အဆင့်နဂါးသွေးပန်း ဖြစ်နေသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ ဆေးဖော်စပ်ရာတွင် ဆေးပညာရှင်တစ်ဦး၏ ဆေးစွမ်းရည်သည်သာ အရေးကြီးခြင်းမဟုတ်။ ဖော်စပ်ရာတွင်အသုံးပြုသည့် ဆေးအမယ်များမှာလည်း အလွန်ကိုမှ အရေးကြီးပေသည်။ ဆေးပညာအရည်အချင်းသာ တူမည်ဆိုလျှင် ပိုမိုကောင်းမွန်သည့်ဆေးအမယ်များကို အသုံးပြုသော ဆေးပညာရှင်သည် အရည်အသွေးပိုမြင့်သည့်ဆေးလုံးကို ဖော်စပ်နိုင်ပေလိမ့်မည်။

သုံးကြိမ်သုံးခါဖော်စပ်ရာတွင် စုစုပေါင်း ဆေးလုံးဆယ်လုံး ရရှိခဲ့ပေသည်။ ဤရလဒ်မှာ အမှန်တကယ်ကို မဆိုးလှ။ တကယ်တော့ ဧကရာဇ်အဆင့်ဆေးပညာရှင်သည်ပင်လျှင် ဆေးဖော်စပ်ရာ၌ တစ်ရာရာခိုင်နှုန်းအောင်မြင်လိမ့်မည်ဟု အာမခံချက်မှ မရှိလေဘဲ။ ကျိယင်သည်ပင်လျှင် ခြွင်းချက်မဟုတ်။ မဟာဆေးဧကရာဇ်သည်သာ ဤကဲ့သို့သောဆေးလုံးများကို တစ်ရာရာခိုင်နှုန်းအောင်မြင်အောင် ဖော်စပ်ကောင်း ဖော်စပ်နိုင်ပေလိမ့်မည်။

အကုန်လုံး အဆင်သင့်ပြင်ပြီးသည့်နောက်တွင် ရန်ကိုင်သည် စတင်ကျင့်ကြံတော့လေသည်။ ကမ္ဘာငယ်လေးထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ဘာကိုမှ စိတ်ပူစရာမလို။ ရန်ကိုင်ဘက်မှ မည်မျှ အသံဗလံများ ပြုနေပါစေ အပြင်ဘက်ရှိအခြားသူများ သတိထားမိကြလိမ့်မည်မဟုတ်ပေ။

“နဂါးအသွင်ပြောင်းလဲခြင်း…” ရန်ကိုင်က မာန်သွင်း၍ အော်ဟစ်လိုက်သည်။ ရန်ကိုင်၏ခန္ဓာကိုယ်မှာ ရုတ်တရက်ဆိုသလို တဂျွတ်ဂျွတ်မြည်သံများနှင့်အတူ အရွယ်အစား ကြီးမားလာခဲ့လေသည်။ ခန္ဓာကိုယ်တစ်ခုလုံး နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး သူ့နဖူးထိပ်တွင် အဖုလေးနှစ်ဖု မို့တက်လာခဲ့လေသည်။ ရန်ကိုင်၏လက်များမှာလည်း နဂါးလက်သည်းအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့ခြေထောက်များသည်ပင်လျှင် ပုံစံပြောင်းသွားခဲ့လေသည်။

လေးဆယ့်ငါးမီတာခန့်အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းလဲပြီးသည့်နောက် အားကောင်းလှသည့်နဂါးဖိအားတို့သည် ဘေးပတ်ပတ်လည်အနှံ့ ဖြာထွက်လာခဲ့လေသည်။ တင်ပလင်ခွေထိုင်နေပါသော်ငြား ရန်ကိုင်၏ပုံရိပ်မှာတော့ မိုးထိမတတ် မြင့်မားနေပေသေး၏။

နဂါးသွေးဆေးလုံးများ ထည့်ထားသည့် ကျောက်စိမ်းပုလင်းလေးသည် ရန်ကိုင်၏ခန္ဓာကိုယ်ကြီးနှင့်ယှဉ်လိုက်သော် အလွန်တရာကိုမှ သေးငယ်နေလေသည်။ ရန်ကိုင်သည် နဂါးသွေးဆေးလုံးတစ်လုံးကိုထုတ်၍ သောက်ချလိုက်လေ၏။ ဆေးလုံး သူ့ဝမ်းဗိုက်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်မျိုချလိုက်သည့်အရာမှာ နဂါးသွေးဆေးလုံးမဟုတ်ဘဲ ချော်ရည်တုံးတစ်ခု ဖြစ်နေသည့်အလား သူ့ဝမ်းဗိုက်တစ်ခုလုံးမှာ မီးလောင်နေသည့်အလား ပူတက်လာခဲ့ရလေသည်။

ထို့နောက်တွင် ရန်ကိုင်သည် မျက်လုံးကိုပိတ်၍ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို စတင်လှည့်ပတ်တော့လေသည်။

နဂါးသွေးဆေးလုံးသည် သူ့ဝမ်းဗိုက်ထဲ ပျော်ဝင်သွားပြီးသည့်နောက် ဆေးအာနိသင်များအသွင်သို့ ပြောင်းကာ သူ့ခန္ဓာကိုယ်အနှံ့ စီးထွက်သွားခဲ့လေသည်။ ရန်ကိုင်၏ကိုယ်ထဲတွင်ရှိနေသော ရွှေနဂါးအမြုတေမှာလည်း စွမ်းအားတစ်ရပ်ရပ်၏ အသက်သွင်းခြင်း ခံလိုက်ရသည့်အလား ရွှေရောင်အလင်းတစ်ခုအသွင်သို့ ပြောင်းကာ ရန်ကိုင်၏သွေးကြောများတစ်လျှောက် စီးဆင်းရင်း ရန်ကိုင်၏ ဧကရာဇ်ချီနှင့် စတင်ပေါင်းစပ်တော့လေသည်။

ရေဆာနေသည့် ခရီးသွားများပမာ ရန်ကိုင်၏သွေးကြောများသည် ဖြတ်သန်းစီးဆင်းသွားနေသည့် ရွှေနဂါးအမြုတေစွမ်းအားကို စတင်စုပ်ယူတော့လေသည်။

“ခရက်…”

အရိုးများ အက်ကွဲလာခဲ့ရာ ရန်ကိုင်တစ်ကိုယ်လုံးမှာ အလွန်ကိုမှ နာကျင်လာရတော့လေ၏။ သူ့ဝမ်းဗိုက်နေရာတွင် လောင်ကျွမ်းနေသည့် အပူစွမ်းအင်ကိုပါ ထပ်ပေါင်းလိုက်သော် ရန်ကိုင်မှာ ငရဲခန်းထဲသို့ ရောက်နေသလိုပင် ခံစားနေရတော့လေသည်။

သို့ရာတွင် ရန်ကိုင်သည် သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထား၍ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ဆက်လက်လှည့်ပတ်ထားခဲ့သည်။

“ခရက်…”

တဂျွတ်ဂျွတ်မြည်သံများနှင့်အတူ ရန်ကိုင်၏အရိုးများ ကျိုးကြေကုန်ပြီး အသစ်တစ်ဖန် ပြန်လည်ဖြစ်ပေါ်လာကြလေသည်။ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ် အဆင့်တက်တိုင်း တက်တိုင်းတွင် ရန်ကိုင်သည် အရိုးအစားထိုးခြင်းဖြစ်စဉ်ကို ကြုံရလေသည်။ ထိုမခံမရပ်နိုင်အောင် ပြင်းထန်လှသည့် နာကျင်မှုကို တောင့်ခံနိုင်မှသာလျှင် ရန်ကိုင်အနေဖြင့် လူသစ်ကိုယ်သစ်ဖြင့် ပြန်လည်မွေးဖွားလာနိုင်ပေလိမ့်မည်။

အတော်လေးကိုမှ နာကျင်နေသည့်တိုင် ရန်ကိုင်စိတ်ထဲတွင်တော့ ကြိတ်၍ပျော်နေခဲ့လေသည်။ ကျုချင်း၏ အပျိုစင်ယင်ကြောင့် သူ့ခွန်အား တိုးလာပြီးသည့်နောက်ပိုင်း နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်သည် အဆင့်တက်မည့်အရိပ်အယောင် လုံးဝမပြတော့ချေ။ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ် အနည်းငယ်တိုးတက်လာခဲ့ပါသော်ငြား ထိုတိုးတက်မှုမှာ သိသာခြင်းမရှိ။

တကယ်တော့ ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့မဟုတ်။ ရန်ကိုင်သည် သာမန်လူသားတစ်ဦးသာလျှင် မဟုတ်ပေလော။ ရွှေနဂါးအမြုတေကို အမှတ်မထင်ရရှိလိုက်ခြင်းဖြစ်ပြီး ထိုအရာနှင့်အတူ နှစ်ပေါင်းများစွာအတူရှိခဲ့သည်။ သူသည် ရွှေနဂါးအမြုတေကို သူ့ခန္ဓာကိုယ်နှင့် အပြည့်အဝပေါင်းစပ်သွားစေလိုပါက တန်ရာတန်ကြေးတစ်ခုတော့ ပေးဆပ်ရပေလိမ့်မည်။

မည်သည့်ပြင်ပအကူအညီမှ မရှိဘဲနှင့် ရွှေနဂါးအမြုတေနှင့် အပြည့်အဝ ပေါင်းစပ်ဖို့ရာ နှစ်တစ်ရာ တစ်ထောင်မက ကြာနိုင်ပေသည်။ သို့သော်ငြား နဂါးသွေးဆေးလုံးများသည် ရန်ကိုင်လိုအပ်နေသည့်အချိန်ကာလကို သိသိသာသာ လျှော့ချပေးနိုင်လေ၏။ ထိုဆေးလုံးများဖြင့်သာ ကျင့်ကြံမည်ဆိုပါက ရန်ကိုင်အနေဖြင့် ရွှေနဂါးအမြုတေနှင့် အချိန်တစ်ခဏလေးအတွင်း ပေါင်းစပ်သွားနိုင်ပေလိမ့်မည်။

တဂျွတ်ဂျွတ်မြည်သံများမှာ အဆက်မပြတ်ကို ထွက်ပေါ်နေခဲ့လေသည်။ ရန်ကိုင်ကိုယ်တစ်လျှောက်တွင် ရှိနေသော နဂါးအကြေးခွံများ၏ အရောင်သည်ပင်လျှင် တဖြည်းဖြည်းနှင့် ပြောင်းလဲလာခဲ့လေသည်။ နဂါးဦးချိုနှစ်ခုရှိနေသည့်နေရာဆီမှလည်း ယားကျိယားကျိဖြစ်နေသလို ခံစားနေခဲ့ရလေသည်။ မသိလျှင် သူ့ခေါင်းထဲမှ အရာတစ်ခုခုသည် အပြင်သို့ ထိုးထွက်လာချင်နေသည့်အလား။

တစ်နာရီခန့် ကြာပြီးသည့်နောက်မှ နဂါးသွေးဆေးလုံး၏အာနိသင် ပျောက်ကွယ်သွားခဲ့လေသည်။ ထိုအခါ ရန်ကိုင်၏အမူအယာမှာ ယခင်ကထက်ပို၍ တည်ငြိမ်နေလေ၏။ ဆေးအာနိသင်ပျောက်ကွယ်သွားပြီးသည့်နောက် ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်တစ်ကိုယ်လုံးသည် ရေထဲမှထွက်လာသည့်အလား ချွေးများဖြင့် စိုရွှဲနေလေ၏။

သူ့ကိုယ်သူ သေသေချာချာ မစစ်ဆေးကြည့်ဘဲနှင့်ပင်လျှင် သူ့ခန္ဓာကိုယ် အတော်လေးပြောင်းလဲသွားမည်မှန်းတော့ ရန်ကိုင်ပြောနိုင်ပေသည်။ တစ်ခဏမျှ အနားယူပြီးသည့်နောက် နောက်ထပ်နဂါးသွေးဆေးလုံးတစ်လုံးကို ထပ်သောက်လိုက်လေသည်။

လောကဓာတ်လုံးထဲတွင် ရန်ကိုင်သည် နဂါးသွေးဆေးလုံးများကို ထပ်ကာတလဲလဲ သောက်ရင်းမှ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အဆက်မပြတ် ကျင့်ကြံနေခဲ့လေသည်။

နဂါးသွေးဆေးလုံးများသည် နဂါးသွေးမျိုးဆက်ကို ပိုမိုသန့်စင်လာအောင် ကူညီပေးနိုင်ပါသော်ငြား ထိုဆေးလုံးများ၏ အဓိက အရေးပါသည့်အချက်မှာ နဂါးအမြုတေစွမ်းအားကို လှုံ့ဆော်ကာ သန့်စင်နိုင်ခြင်းပင် ဖြစ်လေသည်။

သွေးမျိုးဆက်ကို အသက်ကြီးလာသည့်အလျောက် တဖြည်းဖြည်း သန့်စင်လာအောင်လုပ်နိုင်သော အခြားသောနဂါးကလန်သားများနှင့် မတူသည်မှာ ရန်ကိုင်၏ရွှေနဂါးအမြုတေသည် လုံးဝကို ပုံသေဖြစ်ပေသည်။ ဆိုလိုသည်မှာ ရန်ကိုင်အနေဖြင့် သူအားကောင်းလာလျှင်ပင် ရွှေနဂါးအမြုတေ၏ သန့်စင်နှုန်းမှာ တိုးတက်လာဖို့ရာ မရှိပေ။ သို့သော်ငြား ရန်ကိုင်အနေဖြင့် ရွှေနဂါးအမြုတေကို လှုံ့ဆော်ကာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်လာအောင် လုပ်နိုင်ပေသည်။ ရန်ကိုင်အတွက်မူ ရွှေနဂါးအမြုတေသည် ရတနာပုံကြီးတစ်ခုနှင့်တူပေသည်။ သို့သော်ငြား ရန်ကိုင်မှာ ထိုရတနာပုံကြီးတစ်ခုလုံးကို ချက်ချင်း အသုံးမပြုနိုင်သေးဘဲ ဖြည်းဖြည်းချင်းသာ ဖဲ့ယူနေရသည့် ဘဝမျိုး ဖြစ်နေလေ၏။

နှစ်ရက်ကြာပြီးသည့်နောက်တွင် နောက်ဆုံး နဂါးသွေးဆေးလုံး ကုန်သွားခဲ့လေသည်။ ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့ပြီး သူ့အား ဗဟိုပြုလျက် အားကောင်းလှသည့် နဂါးဖိအားတို့မှာ မိုင်တစ်ထောင်အနှံ့ ပျံ့နှံ့သွားခဲ့လေသည်။ ရန်ကိုင်ဆီမှ ထွက်ပေါ်လာသည့် နဂါးဟိန်းသံမှာလည်း ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် အရာမှန်သမျှကို တုန်ခါသွားစေခဲ့လေသည်။

တောင်တစ်လုံးစာမျှ ကြီးမားလှသော ရန်ကိုင်၏ခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်းနှင့် မတ်တပ်ထရပ်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်၏မျက်နှာထက် ကျေနပ်သည့်အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။ နဂါးသွေးဆေးလုံးဆယ်လုံးမှာ အမှန်တကယ်ကို အကျိုးသက်ရောက်မှုရှိပေသည်။ ပုံမှန်အားဖြင့် သူ့အနေဖြင့် မည်သို့ပင် ကျင့်ကြံနေစေကာမူ တိုးတက်အောင် မလုပ်နိုင်ခဲ့သော ရန်ကိုင်၏ နဂါးတစ်ပိုင်းခန္ဓာကိုယ်ကြီးသည် လက်ရှိအချိန်တွင်တော့ ယခင်ကထက် ငါးမီတာခန့် ပိုမိုမြင့်မားနေခဲ့လေပြီ။ ထိုနဂါးသွေးဆေးလုံးဆယ်လုံးသည် ရန်ကိုင်အား မီတာငါးဆယ်နဂါးတစ်ပိုင်းအသွင်သို့ ရောက်ရှိသွားစေခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၄၉)

ဘာသာပြန်သူ_တိမ်တိုက်

သုံးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် တင်ပလင်ခွေထိုင်နေရာမှ မှုန်ကုပ်ကုပ်အမူအယာဖြင့် မျက်လုံးပြန်ပွင့်လာခဲ့သည်။

သူ့တွင်ရှိနေသော နဂါးသွေးဆေးလုံးဆယ်လုံးစလုံးကို သောက်ပြီးသည့်နောက်တွင် ရန်ကိုင်၏နဂါးတစ်ပိုင်းခန္ဓာကိုယ်သည် လေးဆယ့်ငါးမီတာမှ ငါးဆယ်မီတာခန့်အထိ ကြီးထွားလာခဲ့ရသည်။ သို့သော်ငြား ထို့နောက်ပိုင်း သုံးရက်ဆက်တိုက် ဆက်၍ ကျင့်ကြံနေခဲ့သည့်တိုင် မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။ သူ့ကျင့်ကြံခြင်းသည် အဆင့်တစ်ဆို့သည့်အခြေအနေနှင့် ကြုံနေရပြီမှန်း ရန်ကိုင်သိနေခဲ့သည်။ အခွင့်အလမ်းတစ်ခုခုနှင့်သာ မကြုံရပါက ရန်ကိုင်အဖို့ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်ဖို့ရာမှာ မဖြစ်နိုင်ချေ။

သို့ရာတွင် ကျုချင်း၏မင်္ဂလာပွဲမှာ လက်တစ်ကမ်းသာ လိုတော့သည့်အတွက်ကြောင့် ရန်ကိုင်မှာ သူ့ခွန်အားကို မြန်မြန်နိုင်သမျှမြန်မြန် တိုးတက်အောင် လုပ်ချင်နေမိပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မဖြစ်နိုင်မှန်းသိလျက်နှင့် ကြိုးစားကြည့်လိုက်ခြင်း ဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်မှာ သုံးရက်တာဟူသော အချိန်ကာလကို အလကားသက်သက် ဖြုန်းတီးမိသွားခဲ့လေပြီ။

(တကယ်ကြီး အခြားနည်းလမ်း မရှိတော့တာလား…)

ရန်ကိုင်၏ကိုယ်ထဲတွင်ရှိနေသော ရွှေနဂါးအမြုတေသည် ရတနာပုံကြီးဖြစ်လေသည်။ ရန်ကိုင်တွင်သာ နဂါးသွေးဆေးလုံးများ ထပ်ရှိနေဦးမည်ဆိုလျှင်တော့ ရွှေနဂါးအမြုတေကို သူ့ခန္ဓာကိုယ်နှင့် ပိုမိုပေါင်းစပ်လာအောင် လုပ်နိုင်ပေလိမ့်မည်။ ရန်ကိုင်သည်သာ နဂါးတစ်ပိုင်းခန္ဓာကိုယ်ကို မီတာတစ်ရာခန့်ထိရောက်အောင် လုပ်နိုင်မည်ဆိုပါက ကျုချင်းနှင့်အတူ ထွက်သွားနိုင်မည်ဟု ယုံကြည်ချက်ရှိပေသည်။ သို့သော်ငြား ထိုသို့ဖြစ်လာအောင်လုပ်ဖို့ရာ မလွယ်ကူလှပေ။

ရန်ကိုင် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ကျင့်ကြံနေသည်မှာ အတော်လေးကိုမှ ကြာနေခဲ့လေပြီ။ ထိုသို့ပင်ဖြစ်လင့်ကစား ကျုချင်း၏အပျိုစင်ယင်နှင့်တကွ နဂါးသွေးဆေးလုံးဆယ်လုံး၏ အကူအညီဖြင့်ပင်လျှင် နဂါးတစ်ပိုင်းခန္ဓာကိုယ်သည် မီတာငါးဆယ်အထိသာ ကြီးထွားနိုင်ပေသည်။ မီတာတစ်ရာသို့ရောက်ဖို့ရာ နောက်ထပ် မီတာငါးဆယ်ခန့် လိုနေပေသေးသည်။ နဂါးသွေးဆေးလုံးကို ဆယ်လုံးလျှင် ငါးမီတာခန့် ကြီးထွားလာမည်ဆိုပါက ရန်ကိုင်အနေဖြင့် နောက်ထပ်မီတာငါးဆယ် ကြီးထွားလာအောင် လုပ်ဖို့ရာ အနည်းဆုံး နဂါးသွေးဆေးလုံး အလုံးတစ်ရာ လိုပေလိမ့်မည်။ ဆိုလိုသည်မှာ နဂါးသွေးပန်းအပွင့်နှစ်ဆယ်လောက်လိုသည်ဟု ပြောလိုက်ခြင်းပင် ဖြစ်လေသည်။ ထိုပမာဏသည် ရန်ကိုင်မှ သူ့ခန္ဓာကိုယ်ကြီးထွားလာသည့်အလျောက် သူ့ခန္ဓာကိုယ်ကို ပိုမိုကြီးထွားလာအောင် လုပ်ဖို့ရာ လိုအပ်သည့် နဂါးသွေးဆေးလုံးအရေအတွက်မှာ ပိုမိုများလာမည်ဟူသောအချက်ကို ထည့်မတွက်ထားရသေးပင်။ ထည့်သာတွက်လိုက်မည်ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် နဂါးသွေးပန်း အပွင့်လေးဆယ်လောက် လိုပေလိမ့်မည်။

(ဒါပေမယ့် နဂါးသွေးပန်းအပွင့်လေးဆယ်ကို ငါ ဘယ်ကနေ သွားရှာရမှာလဲ…) ထိုအကြောင်းကို စဉ်းစားနေရင်းမှ ရန်ကိုင်သည် ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး သူ့ခေါင်းသူ ကောက်ရိုက်ချလိုက်လေသည်။ အပြင်လောကကြီးတွင်သာဆိုပါက ရန်ကိုင်အနေဖြင့် နဂါးသွေးပန်းများကို ရဖို့ရာ ခက်လိမ့်မည်ဖြစ်ပါသော်ငြား လက်ရှိသူရောက်နေသည်မှာ အခြားမဟုတ် နဂါးကျွန်းဖြစ်ပေသည်။ နဂါး‌သွေးပန်းသည် နဂါးကျွန်းတွင် ပေါက်ရောက်သည့် ဒေသထွက်ပစ္စည်းတစ်မျိုး ဖြစ်လေ၏။ ရန်ကိုင်သည်သာ နဂါးသွေးပန်းများ စိုက်ပျိုးရာနေရာကို ရှာတွေ့သွားမည်ဆိုပါက သူလိုသလောက် နဂါးသွေးပန်းများကို ခူးယူနိုင်ပေလိမ့်မည်။

ယခုမှသာလျှင် သူမည်မျှရူးမိုက်ကြောင်းကို နားလည်သွားရတော့သည်။ အစောကြီးတည်းက ထိုအကြောင်းကို စဉ်းစားမိခဲ့ပါက အလကားသက်သက် အချိန်သုံးရက် ဖြုန်းမိခဲ့လိမ့်မည်မဟုတ်ချေ။ မင်္ဂလာပွဲမှာ မဝေးတော့သည့်အတွက်ကြောင့် အချိန်တစ်စက္ကန့်ချင်းစီတိုင်းသည် အလွန်ကိုမှ အရေးပါလှပေသည်။ သုံးရက်တာဟူသောကာလမှာ ရန်ကိုင်၏ အောင်မြင်ခြင်း မအောင်မြင်ခြင်းကို အဆုံးအဖြတ်ပေးသွားနိုင်ပေသည်။

ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင်သည် လောကဓာတ်လုံးထဲမှ တုံ့ဆိုင်းခြင်းမရှိ ထွက်လာခဲ့လေသည်။ လက်ရှိအချိန်တွင် လောကဓာတ်လုံးမှာ ပင်လယ်အောက်ခြေ၌ ရှိနေခြင်း ဖြစ်လေ၏။ ထို့အတွက်ကြောင့် ရန်ကိုင်မှ လောကဓာတ်လုံးထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် အလွန်တရာကိုမှ ပြင်းထန်လှသည့် ဖိအားတို့သည် ရန်ကိုင်ပေါ်သို့ ပြိုဆင်းကျလာခဲ့လေသည်။ ရန်ကိုင်မှာ ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်လိုက်ရင်း သူ့ကိုယ်ပတ်လည်၌ အကာအကွယ်အရံအတားတစ်ခု ဖန်တီးလိုက်ပြီးသည့်နောက် လောကဓာတ်လုံးကိုကောက်ကာ ပင်လယ်ပေါ်သို့ အမြန် ပြန်တက်လာခဲ့လေ၏။

နေ့ဝက်ကြာပြီးသည့်နောက်တွင် ခရမ်းရောင်အလင်းတန်းတစ်ခုသည် ရန်ကိုင်နှင့်ကျုလဲ့တို့ စကားပြောခဲ့သည့်ကျွန်းဆီသို့ ရောက်လာခဲ့လေသည်။ ကျွန်းပေါ်သို့ ရောက်ပြီးသည့်နောက် ခရမ်းရောင်အလင်းတန်းသည် ဖုလင်အသွင်သို့ ပြောင်းသွားခဲ့လေ၏။

ဖုလင်သည် ဘေးပတ်ဝန်းကျင်ကို သတိထား၍ လှည့်ပတ်ကြည့်လိုက်သည်။ မည်သူ့ကိုမှ မမြင်သည့်နောက် လှမ်း၍ ခေါ်လိုက်လေ၏။ “ခဲအို… ခဲအို…”

ဖုလင်ကို ကြည့်ရသည်မှာ ခိုးကြောင်ခိုးဝှက်ကိစ္စတစ်ခုခု လုပ်တော့မည့်ပုံစံမျိုး ပေါက်နေခဲ့လေသည်။

“ကျုပ် နဂါးသွေးပန်းတွေထပ်လိုတယ်…” ရန်ကိုင်၏အသံ ဖုလင်၏နောက်ဘက်ဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ ဖုလင်မှာ ကြောက်ကြောက်လန့်လန့် ဖြစ်သွားခဲ့ရလေ၏။ ချက်ချင်းပဲ နောက်သို့ လှည့်ကြည့်လိုက်ရာ မည်သည့်အချိန်တည်းကမှန်းမသိ ရန်ကိုင် သူမနောက်သို့ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။

ရန်ကိုင်စကားကိုကြားသော် ဖုလင်သည် ခါးသက်သက်အမူအယာဖြင့် “ငါ့မှာ မကျန်တော့ဘူးလေ ခဲအိုရဲ့… ငါ့မှာရှိတဲ့နဂါးသွေးပန်းတွေအကုန်လုံးကို နင့်ဆီပေးပြီးသွားပြီလေ… နင်မယုံရင် ငါ့ကို လာရှာကြည့်လိုက်…”

ရန်ကိုင် သူမအား ခေါ်နေကြောင်းကို သိလိုက်ရချိန် ဖုလင် အနည်းငယ် ကြောက်မိသွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင် သူမနှင့် တွေ့ချင်ရခြင်းမှာ နဂါးသွေးပန်းများကို ထပ်လိုချင်သည့်အတွက်ကြောင့် ဖြစ်လိမ့်မည်ဟုတော့ လုံးဝ ထင်ထားခြင်းမရှိခဲ့။ သူမ၏နဂါးသွေးပန်းများကို ယူသွားသည့်အတွက်ကြောင့်ပင် ရန်ကိုင်အား မကျေမနပ် ဖြစ်နေလေရာ ယခု ရန်ကိုင်သည် နောက်ထပ်နဂါးသွေးပန်းများကို ထပ်တောင်းလာလိမ့်ဦးမည်ဟု ထင်ထားခြင်း မရှိပေ။

သို့သော်ငြား ရန်ကိုင်သည် သူမ၏သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားသည့်အတွက်ကြောင့် ဖုလင်မှာ သူမစိတ်ထဲ မကျေနပ်လျှင်ပင် မကျေနပ်ကြောင်း ထုတ်မပြရဲ။ အထိတ်ထိတ်အလန့်လန့်ဖြင့်သာ ပြန်၍မေးလိုက်လေ၏။ “ခဲအိုကို ကျွန်မပေးထားတဲ့ နဂါးသွေးပန်းတွေရော… အဲ့ဒါတွေအကုန်လုံး ဘယ်ရောက်သွားတာလဲ… ကုန်သွားပြီလား…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အဲ့ဒါတွေကို များတယ်လို့ ခင်ဗျားထင်နေတာလား…”

ဖုလင်သည် မယုံကြည်နိုင်ဟန်အထင်းသားဖြင့် ရန်ကိုင်အား မျက်လုံးပြူးကာကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “မလောက်ဘူးလား…”

သူမကဲ့သို့သော အဆင့်ခြောက်နဂါးတစ်ကောင်သည် အဆင့်နိမ့်နဂါးသွေးပန်းတစ်ပွင့်ကို ဆယ်ရက်ကြာအောင် သန့်စင်ရလေသည်။ အလယ်အလတ်အဆင့် နဂါးသွေးပန်းလောက်ဆိုလျှင်တော့ ရက်နှစ်ဆယ်ခန့်လောက်ပင် အချိန်ယူရသည်။ တစ်နည်းဆိုရသော် သူမ ရန်ကိုင်အား ပေးလိုက်သည့် နဂါးသွေးပန်းသုံးပွင့်စလုံးကို အပြည့်အဝသန့်စင်ရန်အတွက် တစ်လမက အချိန်ယူရပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ရက်အနည်းငယ်အတွင်း ထိုပန်းပွင့်သုံးပွင့်စလုံးကို ပြောင်စင်အောင် သုံးပစ်ခဲ့သည်။

(နေပါဦး… ငါက နဂါးတစ်ကောင်မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး သူက နဂါးတစ်ကောင်နဲ့ ပိုတူနေရတာလဲ… ဖြစ်နိုင်တာက ဘိုးဘေးနဂါးအမြုတေကို ရလိုက်လို့များ အဲ့လိုမျိုးတွေ ပြောင်းသွားတာလား…)

ထိုအချက်ကို စဉ်းစားမိလိုက်သော် ဖုလင်သည် ယခုမှသာလျှင် ရန်ကိုင်အား ပထမဦးဆုံးအကြိမ် မြင်ဖူးသည့်အလား ရန်ကိုင်ကို သေသေချာချာ စစ်ဆေးကြည့်တော့လေသည်။

ရန်ကိုင်က မကျေမနပ်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ် နဂါးသွေးပန်းတွေ ထပ်လိုတယ်…”

ဖုလင်က လက်ဖြန့်ပြရင်းမှ ပုခုံးတွန့်လျက် ပြန်ပြောလိုက်သည်။ “ကျွန်မမှာထပ်မရှိတော့ဘူးလေ… လိုချင်ရင် ကျုလဲ့ဆီက‌တော့ သွားယူလို့ရတယ်… သူ့မှာတော့ နည်းနည်းပါးပါး ရှိဦးမှာပေါ့… သူ့ကို လှမ်းခေါ်လိုက်ရမလား…”

“အဲ့ဒါလည်း လောက်မှာမဟုတ်ဘူး…” ရန်ကိုင်က ပြုံးလျက် “ကျုပ် နဂါးကျွန်းပေါ်က နဂါးသွေးပန်းတွေကို လိုနေတာ…”

ရန်ကိုင်၏စကားကို ကြားကြားချင်း ဖုလင် ကြောင်သွားခဲ့လေသည်။ ထို့နောက် သူမ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “နင်… နင်… နင် ဘာလုပ်ချင်နေတာလဲ…”

“ကျုပ်ဘာလုပ်ချင်နေလဲ ခင်ဗျားသိပြီးသား… အချိန်တွေ လာဖြုန်းမနေတော့နဲ့… ရှေ့ကနေသွား…” ရန်ကိုင်က ပြောလိုက်လေသည်။

ဖုလင်သည် အထိတ်ထိတ်အလန့်လန့်ဖြင့် နောက်သို့ဆုတ်ရင်းမှ ခေါင်းကို အဆက်မပြတ်ခါယမ်း၍ “မရဘူး… အဲ့လိုမျိုးလုပ်လို့မဖြစ်ဘူး… အကြီးအကဲတွေသာ အဲ့အကြောင်းကိုသိသွားရင် ငါ နဂါးသင်္ချိုင်းထဲ အပို့ခံရလိမ့်မယ်…”

(ဒီလူ ရူးနေတာလား… နဂါးကျွန်းပေါ်က နဂါးသွေးပန်းတွေကိုတောင် ခိုးဖို့ လုပ်ချင်နေသေးတယ်… ခိုးမယ်ဆိုရင်လည်း သူ့ဘာသာသူ သွားခိုးပေါ့… ငါ့ကို ဘာလို့ သူ့ပြဿနာထဲ ဆွဲခေါ်နေရတာလဲ… စိတ်ညစ်ဖို့ကောင်းလိုက်တာ…)

ရန်ကိုင်သည် ဖုလင်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်ရင်းမှ “နဂါးသင်္ချိုင်းထဲမှာဆိုရင်တောင် ခင်ဗျား အသက်ရှင်ရင်ရှင်ဦးမှာ… ဒါပေမယ့် ကျုပ်ပြောတဲ့အတိုင်းမလုပ်ရင် ဘာဖြစ်မလဲ ခင်ဗျားသိတယ်နော်…”

ဖုလင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား သနားစဖွယ်ကြည့်ရင်းမှ “ခဲအိုရယ်… အခြားကိစ္စတော့ ငါကူညီပေးလို့ရပါတယ်… ဒါပေမယ့် ဒါက… အား…”

သူမစကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် သူမခေါင်းတစ်ခုလုံး နှစ်ပိုင်းကွဲထွက်လုမတတ် ကိုက်ခဲလာခဲ့ရလေသည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် ခေါင်းကို ဆုပ်ကိုင်ထားရင်းမှ အရူးအမူး ထအော်တော့လေသည်။

ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် သူ့ကောင်းကင်စိတ်အာရုံကို ထပ်မံ၍ အားစိုက်လိုက်လေသည်။

ဖုလင်မှာ နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် လဲကျသွားခဲ့လေ၏။ သူမ၏ခန္ဓာကိုယ်လေးမှာလည်း ပုစွန်တစ်ကောင်ပမာ ခွေခွေလေး ဖြစ်နေခဲ့လေသည်။ နောက်ဆုံး သည်းမခံနိုင်တော့သည့်အဆုံး၌ လှမ်း၍ အော်လိုက်လေ၏။ “ခဲအို… ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့…”

ရန်ကိုင်ကမူ မရပ်ဘဲ ဆက်၍သာ နှိပ်စက်နေခဲ့လေသည်။

“အား…” ဖုလင်မှာ နာကျင်စွာအော်ဟစ်ရင်း မြေပြင်ပေါ်၌ ခွေခွေလေး လူးလှိမ့်နေခဲ့လေသည်။ နောက်ဆုံး မရတော့သည့်အဆုံးတွင် ဖုလင်သည် ခရမ်းရောင်အလင်းအသွင်သို့ ပြောင်း၍ မီတာရှစ်ဆယ်ခန့် အလျားရှိသော ခရမ်းရောင်နဂါးအသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ ရှည်လျားလှသည့်နဂါးကြီးသည် နာကျင်စွာလူးလွန့်ရင်းမှ ပင်လယ်ထဲသို့ ထိုးဆင်းသွားခဲ့လေ၏။

ခဏအကြာတွင် ဖုလင် ပင်လယ်ထဲမှ ပြန်ထွက်လာခဲ့လေသည်။ သူမ၏ နဂါးဟိန်းသံမှာ ပတ်ဝန်းကျင်တစ်ခွင်အနှံ့ ပျံ့နှံ့သွားခဲ့သည်။ နာကျင်မှုကြောင့် ဖုလင်သည် နဂါးပုံစံပြောင်းလိုက် လူပုံစံပြောင်းလိုက် ဖြစ်နေခဲ့လေသည်။

အလွန်တရာကိုမှ ပြင်းထန်လှသည့် နာကျင်မှုကြောင့်ပင်လျှင် ဖုလင်မှာ ရန်ကိုင်အား အသနားခံတောင်းပန်ဖို့ရာပင် မလုပ်နိုင်တော့ဘဲ နာကျင်မှုနှင့်သာ လူးလှိမ့်နေရတော့လေ၏။

လက်ဖက်ရည်တစ်ခွက်ဆူချိန်စာလောက် ကြာသွားသည့်အခါမှသာ ရန်ကိုင် ရပ်လိုက်တော့လေသည်။

လက်ရှိအချိန်တွင် ဖုလင်သည် ရန်ကိုင်၏ခြေထောက်နား၌ ခွေခွေလေး လဲနေခဲ့လေ၏။ သူမတစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေခဲ့လေရာ အသားများမှာ အင်္ကျီဖြင့် ကပ်နေခဲ့လေသည်။ ရန်ကိုင်မှ ရပ်လိုက်သည့်တိုင် သူမ၏ခန္ဓာကိုယ်မှာတော့ ဓာတ်လိုက်နေသည့်အလား တုန်တုန်ရီရီ ဖြစ်နေခဲ့သလို မျက်လုံးများမှာလည်း စိတ်နှင့်လူနှင့်မကပ်သလို ဖြစ်နေလေ၏။

နဂါးတစ်ကောင်သည်ပင်လျှင် သူမ၏ဝိဉာဉ် အဆက်မပြတ် နှိပ်စက်ခံနေရသည်ကို လုံးဝ မခံစားနိုင်ခဲ့ပေ။ သူမကိုယ်သူမ သေမင်းခံတွင်းဝသို့ ရောက်သွားပြီဟု ခံစားလိုက်ရသည့်အချိန်မှာလည်း နည်းနည်းနောနောမဟုတ်။

ဤအခိုက်အတန့်သည် သူမအတွက်တော့ အိပ်မက်ဆိုးကြီးတစ်ခုပမာ ဖြစ်ပေသည်။

“ဒါ သင်ခန်းစာပေးရုံပဲ ရှိသေးတယ်… နောက်တစ်ကြိမ်ကျရင်တော့ ဒါမျိုး ကံကောင်းနေမှာမဟုတ်ဘူး…”

“ဟုတ်… ဟုတ်… ဟုတ်ကဲ့…” ဖုလင်သည် အမောတကောအသက်ရှူနေရင်းမှ ပြန်ပြောလိုက်လေသည်။ တစ်ကိုယ်လုံး အားမရှိတော့သည့်ပမာ နုံးခွေနေသည့်အတွက်ကြောင့် ကမ်းခြေပေါ်တွင်သာ ခွေခွေလေး လဲနေရလေ၏။

ယခု သူမ၏ဝိဉာဉ် နှိပ်စက်ခံလိုက်ရပြီးသည့်နောက်တွင် ဖုလင်မှာ လက်ရှိ သူမအခြေအနေကို သေသေချာချာ နားလည်သွားခဲ့လေပြီ။ သူမ လုပ်မည့်အရာသည် နဂါးကလန်၏ အကျိုးစီးပွားကို ထိခိုက်ပေလိမ့်မည်။ အကြီးအကဲများသည်သာ သူမလုပ်သွားသည်ကို တွေ့ရှိခဲ့မည်ဆိုပါက သူမအား ကျိန်းသေ နဂါးသင်္ချိုင်းထဲသို့ ပို့ပေလိမ့်ပေမည်။ သို့သော်ငြား သူမသည်သာ ရန်ကိုင်၏အမိန့်ကို မနာခံလျှင်တော့ အဆိုးရွားဆုံးသော နှိပ်စက်မှုကို ခံစားရပြီးသည့်နောက် ဘဝတစ်ပါးသို့ ကူးပြောင်းသွားရပေလိမ့်မည်။

သူမ၏ ခဲအိုလောင်းသည် အမျိုးသမီးများကို ကြင်ကြင်နာနာဆက်ဆံသည့်လူတစ်ဦး မဟုတ်သလို သူမကိုလည်း မိသားစုဝင်အဖြစ် သဘောထားသူလည်းမဟုတ်။ ထို့အတွက်ကြောင့် သူမအား နှိပ်စက်ဖို့ရာ အနည်းငယ်မျှပင်လျှင် တွေဝေနေလိမ့်မည်မဟုတ်ချေ။ သေသေချာချာ စဉ်းစားချင့်ချိန်ပြီးသော် ဖုချီသည် ရန်ကိုင်ပြောသည့်အတိုင်း လုပ်ရန်သာ ဆုံးဖြတ်လိုက်တော့လေသည်။

နဂါးများ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းမှာ အလွန်ကိုမှ မြင့်မားလှပေသည်။ အမွှေးတိုင်တစ်ချောင်းစာအတွင်းမှာပင် ဖုလင်မှာ အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့ပြီး ဖရိုဖရဲဖြစ်နေသော အဝတ်အစားများကို သပ်ရပ်အောင်လုပ်ပြီးသည့်နောက် ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်လေ၏။ “ကျွန်မတို့ တကယ်သွားမှာလား…”

အစောပိုင်းက အဖြစ်အပျက် ပြီးသွားသည့်နောက်တွင် ဖုလင်မှာ ရန်ကိုင်အား အလိုလို ကြောက်မိလာလေသည်။ ယခင်က သူမ၏သေခြင်းရှင်ခြင်းသည် ရန်ကိုင်၏လက်ထဲတွင် ရှိနေမှန်း သိခဲ့သည့်တိုင် ရန်ကိုင်အား အလွန်အမင်း ကြောက်ရွံ့ခြင်း မရှိချေ။ သို့သော်ငြား ယခုတွင်တော့ ထိုသို့မဟုတ်။ ရန်ကိုင်သည် သူမအား အချိန်မရွေး သတ်ပစ်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားရုံမက သူမကိုလည်း မခံမရပ်နိုင် ဖြစ်လာသည်အထိ နှိပ်စက်နိုင်ကြောင်းကို ဖုလင် နားလည်သွားခဲ့လေပြီ။

“ဟမ်…” ရန်ကိုင်သည် ခက်ထန်သည့်အမူအယာဖြင့် ဖုလင်အား စိုက်ကြည့်လိုက်လေသည်။

“ကောင်းပြီ…” ယခုအချိန်သည် တစ်ဖက်လူအား သွားပြန်မေးနေရမည့်အချိန်မဟုတ်မှန်း သိလိုက်သည့်နောက် ဖုလင် ချက်ချင်း ပါးစပ်ပိတ်လိုက်လေသည်။ ထို့နောက် လေထဲသို့ခုန်တက်၍ ပြောလိုက်လေ၏။ “ကျွန်မ ရှေ့ကနေ ဦးဆောင်သွားမယ်… ကျေးဇူးပြုပြီး ကျွန်မနောက်ကလိုက်ခဲ့ပေး… သွားနေရင်းနဲ့ အခြားနဂါးတွေနဲ့ တွေ့မယ်ဆိုရင်တော့ ခဲအိုဘာသာခဲအို အရင်ပုန်းနေလိုက်တော့…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရှေ့မှ ဦးဆောင်ထွက်သွားလေသည်။ ရန်ကိုင်သည် ဖုလင်နောက်မှ အနီးကပ် လိုက်သွားခဲ့လေ၏။

အစောပိုင်းကအဖြစ်အပျက်ကြောင့် ဖုလင်မှာ ရန်ကိုင်အား မကျေမနပ်ဖြစ်သွားခဲ့လေရာ လမ်းတစ်လျှောက်လုံး ရန်ကိုင်အား စကားတစ်ခွန်းပင် မပြောခဲ့ပေ။ ထို့အပြင် ရန်ကိုင်ကိုကြည့်သည့်အခါတွင်လည်း အတော်လေးကိုမှ သတိထားနေသည့်ပုံပင်။

“နဂါးသွေးပန်းတွေကို ဘယ်ကျွန်းပေါ်မှာ စိုက်ထားတာလဲ…” ရန်ကိုင်က မေးလိုက်သည်။

ရန်ကိုင်အပေါ် မကျေမနပ်ဖြစ်နေသည့်တိုင် ဖုလင်က ပြန်ပြောလိုက်လေသည်။ “ကျွန်းတစ်ကျွန်းပေါ်မှာပဲ… အဲ့ကျွန်းက နဂါးသွေးပန်းတွေကို စိုက်ဖို့အတွက်ပဲ သီးသန့်သုံးတာ… နဂါးကလန်ရဲ့ အရေးကြီးဆုံးနေရာတွေထဲက တစ်နေရာဆိုရင်လည်း မမှားဘူး…”

“အဲ့နေရာမှာ အစောင့်ဘယ်နှစ်ယောက်ရှိလဲ…”

“တစ်ယောက်ပဲ…” ဖုလင်က တုံ့ဆိုင်းတုံ့ဆိုင်းအမူအယာဖြင့် ပြန်ပြောလိုက်သည်။

“အဲ့တစ်ယောက်က ဘယ်အဆင့်လဲ…”

“အဆင့်ခြောက်…”

အဆင့်ခြောက်ဆိုသည်မှာ ဖုလင်နှင့် အတူတူသာ ဖြစ်လေသည်။ ထိုမျှလောက်သောအစောင့်ကိုတော့ ရန်ကိုင်ကြောက်မနေပေ။ တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်လေသည်။ “အဲ့ကိုရောက်လို့ရှိရင် ခင်ဗျား အဲ့အစောင့်ကို အာရုံလွှဲထားလိုက်… ကျုပ် သူ့ကို ရှင်းလိုက်မယ်… သူ့ကို အော်ဟစ်အကူအညီတောင်းဖို့အခွင့်အရေး လုံးဝ ပေးလို့မဖြစ်ဘူး…”

ဖုလင်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်သည်။ “ခဲအို… အဲ့အစောင့်နဲ့ပတ်သက်ပြီး ဘာမှလုပ်စရာမလိုဘူး…”

“ဘာဖြစ်လို့လဲ…”

ဖုလင်က သူမကိုယ်သူမ လက်ညိုးထိုးရင်းမှ ပြန်ပြောလိုက်သည်။ “အစောင့်က ကျွန်မပဲ…”

ထိုစကားကိုကြားကြားချင်း ရန်ကိုင် အနည်းငယ် ကြောင်သွားခဲ့လေသည်။ ထို့နောက် ဝါးလုံးကွဲ ထအော်ရယ်တော့လေသည်။

ဖုလင်သည် အစောင့်ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် နဂါးသွေးပန်းများကို အားစိုက်ထုတ်စရာပင်မလိုဘဲ သွားယူနိုင်လေပြီ။ အစောပိုင်းက သူစီစဉ်ထားသော အစီအစဉ်အားလုံးမှာ အလဟာသသာ ဖြစ်သွားရတော့သည်။ (တကယ်ကို တိုက်ဆိုင်ပါလားဟ… ကြည့်ရတာ ဒီနဂါးသွေးပန်းတွေက ငါခိုးဖို့အတွက် စောင့်နေတဲ့ပုံပဲ…)

ဖုလင်သည်လည်း ရန်ကိုင်ရယ်သည့်အတိုင်း လိုက်ရယ်လေသည်။ သို့သော်ငြား သူမ၏ရယ်သံမှာ သဘာဝမကျ။ အနည်းငယ် အတင်းလုပ်ယူထားသည့်ပုံစံမျိုး ပေါက်နေလေသည်။

“နဂါးကလန်က တကယ်ကို မောက်မာတာပဲ…” ရန်ကိုင်က အပြုံးကြီးပြုံးရင်းမှ ပြောလိုက်လေသည်။ “ဒီလောက်အရေးကြီးတဲ့နေရာမျိုးကိုတောင် စောင့်ဖို့ အစောင့်တစ်ယောက်ပဲထားထားတယ်… ပြီးတော့ အဲ့အစောင့်ကလည်း သိပ်ပြီးတော့ တာဝန်မကျေတဲ့ပုံစံပဲ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၅၀)

ဘာသာပြန်သူ_တိမ်တိုက်

ဖုလင်က ခေါင်းခါ၍ ပြန်ရှင်းပြလိုက်လေသည်။ "ငါတို့ မောက်မာတာ မဟုတ်ဘူး၊ ဘယ်သူကမှ နဂါးကျွန်းပေါ်က နဂါးသွေးပန်းတွေ စိုက်ပျိုးတဲ့နေရာဆီ မလာရဲကြတာ၊ ပြီးတော့ စိုက်ထားတဲ့ နဂါးသွေးပန်းတွေ အကုန်လုံးကို ရေထားပြီးသား၊ အကြီးအကဲတွေပဲ အဲဒီနဂါးသွေးပန်းတွေကို သွားခူးခွင့်ရှိတယ်၊ အခြားဘယ်နဂါးကလန်သားမှ အဲဒီနဂါးသွေးပန်းတွေကို ခူးခွင့်မရှိဘူး၊ ဒါကြောင့်ပဲ အဲဒီနေရာမှာ အစောင့် သိပ်မထားတာ" တစ်ချက်ရပ်ပြီးသည့်နောက် ဖုလင်က ဆက်၍ ပြောလိုက်သည်။ "အဲဒါတွေအပြင်ကိုမှ ငါတို့မှာရှိတဲ့ နဂါးကလန်သား အရေအတွက်က ဒီလောက်များတာ မဟုတ်ဘူး၊ ဒီတော့ အစောင့်တွေ အများကြီးထားဖို့က အဆင်မပြေဘူး၊ ဒါကြောင့်ပဲ တစ်နေ့ကို တစ်ယောက်စီ အလှည့်ကျ စောင့်ပေးရတယ်၊ ဒီနေ့က ငါ့အလှည့်ပဲ၊ ဒါကြောင့်သာ မဟုတ်ရင် နဂါးသွေးပန်းတွေကို ရေလောင်းဖို့အတွက် သွေးနှောတွေကို ငါကိုယ်တိုင် သွားခေါ်ခဲ့မှာ မဟုတ်ဘူး"

ထိုစကားကို ကြားသော် ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။ မကြာသေးခင်က ရန်ကိုင်၊ လီကျောက်နှင့် အခြားသော နဂါးနွယ်ဖွားများ နဂါးနန်းတော်ဆီသို့ ရောက်လာကြလေသည်။ ထိုနဂါးနွယ်ဖွားများကို ဦးဆောင်ခေါ်သွားသည့်လူမှာ ဖုလင်သာ ဖြစ်ပေသည်။ ကြည့်ရသလောက် ဤသည်မှာ အစောင့်တစ်ယောက်ဖြစ်သည့် သူမ၏ တာဝန်ဖြစ်သည့်ပုံပင်။

ထို့အပြင် နဂါးသွေးပန်းများကို စိုက်ပျိုးသည့် နဂါးကျွန်း၏ လုံခြုံရေးသာ လျော့တိလျော့ရဲ ဖြစ်နေခြင်းမဟုတ်။ နဂါးကျွန်းပေါ်ရှိ နေရာတိုင်းလိုလို၏ လုံခြုံရေးမှာ လျော့တိလျော့ရဲ ဖြစ်နေခြင်း ဖြစ်လေသည်။ ရန်ကိုင်သည် နဂါးကျွန်း၏ လုံခြုံရေး မည်မျှ လျော့ရဲကြောင်းကို ကိုယ်တိုင်ကိုယ်ကျ ကြုံဖူးသွားခဲ့လေပြီ။ သူ့အနေဖြင့် ကျွန်းပေါင်းများစွာဆီသို့ ရောက်ခဲ့ပါသော်ငြား ဖုလင်တစ်ဦးသည်သာ သူ့အား ရှာတွေ့ခဲ့လေသည်။

ရန်ကိုင်အမြင်အရမူ နဂါးကျွန်း၏ လုံခြုံရေး ထိုကဲ့သို့ လျော့တိလျော့ရဲ ဖြစ်နေရခြင်းမှာ နဂါးကလန်သည် မည်သူ့ကိုမျှ ဂရုမစိုက်သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ သို့သော်ငြား သူတို့တွင်လည်း တကယ်ကို ဂုဏ်မောက်နိုင်သည့် အရည်အချင်း ရှိလေ၏။ ထိုသို့ပင် ဖြစ်လင့်ကစား လူသားတစ်ဦးသည် သူတို့ စိုက်ပျိုးထားသော နဂါးသွေးပန်းများကို ခူးယူရဲသည့် သတ္တိရှိလိမ့်မည်ဟုတော့ နဂါးကလန်သားများ လုံးဝ ထင်ထားလိမ့်မည် မဟုတ်ချေ။

သွားနေရင်းမှ ရန်ကိုင်သည် တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ "အဲဒီ နဂါးသွေးပန်းတွေကို နဂါးကလန်က ဘယ်အချိန် ခူးမှာလဲ"

ဖုလင်က ပြန်ပြောလိုက်သည်။ "အခုတော့ မခူးသေးဘူး၊ နောက်နှစ်လနေမှ ခူးမှာ"

"ကောင်းတယ်" ထိုသို့ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် စိတ်ပူစရာ မလိုတော့ချေ။ နောက်နှစ်လ ကြာသွားလျှင် ရန်ကိုင်သည် နဂါးကျွန်းတွင် ရှိနေတော့လိမ့်မည် မဟုတ်ချေ။ ထိုအတွက်ကြောင့် နဂါးသွေးပန်းများကို သူခိုးယူကြောင်း နဂါးကလန် သိသွားမည် ဆိုလျှင်ပင် ကိစ္စမရှိပေ။

ရန်ကိုင်သည် ကျူချင်း၏ မင်္ဂလာပွဲတွင် ပြဿနာတက်အောင် လုပ်၍ ကျူချင်းကို ခေါ်သွားရန် ဆုံးဖြတ်ထားပြီးလေပြီ။ သူ့လုပ်ရပ်သည် နဂါးကလန်တစ်ခုလုံးကို ရန်စမိသလို ဖြစ်သွားပေလိမ့်မည်။ နဂါးကလန်အား ရန်စရန် ဆုံးဖြတ်ထားပြီးမှဖြင့် နဂါးသွေးပန်းများကို သွားထပ်ခူးနေလည်း ဘာမျှ မထူးတော့ပေ။ တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန်ဖြစ်လေရာ ပိုထူးလာလည်း ဂရုစိုက်နေစရာ မလိုတော့။

နဂါးသွေးပန်းများကို စိုက်ပျိုးရန်အတွက် အသုံးပြုသော နဂါးကျွန်းမှာ သိပ်၍ ကြီးမားခြင်း မရှိပါသော်ငြား မိုးမြေစွမ်းအင်မှာတော့ အတော်လေးကိုမှ သိပ်သည်းလှပေသည်။ ထို့အပြင် ကျွန်းတစ်ကျွန်းလုံးသည် သွေးပေါ်တွင် ဆောက်ထားသည့်အလား နီရဲနေလေ၏။ ကျွန်းနားသို့ ရောက်လာသည်နှင့်အမျှ ရန်ကိုင်မှာ လေထဲ သွေးအနံ့တို့ ပိုသင်းလာသလို ခံစားလိုက်ရလေသည်။

ရန်ကိုင်နှင့် ဖုလင်တို့သည် ကျွန်းပေါ်သို့ တစ်ပြိုင်တည်း ရောက်လာကြလေသည်။ ကောင်းကင်စိတ်အာရုံဖြင့် ကျွန်းတစ်ဝိုက်အား စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ကျွန်းပေါ်တွင် သက်ရှိများ၏ အရှိန်အဝါများ ရှိနေကြောင်း တွေ့လိုက်ရလေ၏။

ထိုသက်ရှိများဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ အလွန်ကိုမှ အားနည်းလှလေသည်။ မသိလျှင် အချိန်မရွေး ငြိမ်းသွားတော့မည့် ဆီမီးတိုင်များပမာ။ စုစုပေါင်း သက်ရှိအရေအတွက်မှာ နှစ်ရာခန့် ရှိနေလေ၏။ ထိုနှစ်ရာမှာ အခြားမဟုတ် နဂါးနွယ်ဖွားများသာ ဖြစ်ကြလေသည်။

ထိုနဂါးနွယ်ဖွားများကို ဖုလင်မှ ဤနေရာသို့ ခေါ်လာပြီး သူတို့၏သွေးကို သုံးကာ နဂါးသွေးပန်းများကို ပျိုးထောင်ခိုင်းနေခြင်း ဖြစ်လေသည်။

ထိုနဂါးနွယ်ဖွားများအနက် ရင်းနှီးနေသည့် အရှိန်အဝါကို ခံစားမိလိုက်သော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

လွန်ခဲ့သည့် ရက်များအတွင်း လီကျောက်၏ ဘဝကြီးမှာ အလွန်ကိုမှ သနားစဖွယ်ရာ ကောင်းလှသည်။ ရန်ကိုင်နှင့် လမ်းခွဲလာပြီးသည့်နောက် ဤကျွန်းဆီသို့ ရောက်လာလေ၏။ ထို့နောက်တွင် ဖုလင်သည် သူ့အား အစီအရင်တစ်ခုအတွင်း သွားထိုင်ခိုင်းလေသည်။ အစီအရင် အသက်ဝင်လာသည်နှင့် သူ့ကိုယ်ထဲရှိ သွေးအဆီအနှစ်တို့မှာ ခန္ဓာကိုယ်ထဲမှ စတင်၍ လွင့်စင်ထွက်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။ လီကျောက်၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာသော သွေးအဆီအနှစ်တို့သည် သွေးမြူများအသွင်သို့ ပြောင်း၍ ကျွန်းအနှံ့ ပျံ့နှံ့သွားခဲ့လေသည်။

လက်ရှိအချိန်အတွင်း ကျွန်းတစ်ကျွန်းလုံးကို ဖုံးလွှမ်းနေသည့် အနီရောင် မြူခိုးထုများမှာ နဂါးနွယ်ဖွားများ၏ သွေးအဆီအနှစ်မှ လာခြင်းသာ ဖြစ်လေသည်။

လီကျောက်မှာ အတတ်နိုင်ဆုံး ခုခံရန် ကြိုးစားခဲ့ပါသော်ငြား အစီအရင်ထဲမှ မည်သို့မျှ ရုန်းမထွက်နိုင်ခဲ့ချေ။ အစီအရင်မှာ အဆက်မပြတ် လည်ပတ်နေသည့်အတွက်ကြောင့် သူ၏ သွေးအဆီအနှစ်မှာလည်း ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် စိမ့်ထွက်နေခဲ့ရလေသည်။ ဤသည်မှာ လီကျောက်အဖို့ ယခုကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်လေသည်။ သူ့စိတ်ထဲ သူ၏သွေးကို သုံး၍ နဂါးသွေးပန်းများအား ပျိုးထောင်ပေးရမည်မှာ ကောင်းမွန်သည့် အတွေ့အကြုံတစ်ခု ဖြစ်လိမ့်မည် မဟုတ်မှန်း ကြိုသိထားခဲ့သည့်တိုင် ဤမျှ ဆိုးရွားနေလိမ့်မည်ဟုတော့ ထင်ထားခဲ့ခြင်း မရှိ။

အစီအရင်မှ သူ၏ သွေးအဆီအနှစ်များကို ထုတ်ယူနေသည့်နှုန်းမှာ အတော်လေးကိုမှ နှေးပါသော်ငြား ဤအတိုင်းသာ အချိန်အကြာကြီး ဆက်သွားနေမည် ဆိုလျှင် သူ့ကျင့်ကြံခြင်းမှာ အောက်တစ်ဆင့်သို့ ပြန်လျှောကျသွားရပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါ လီကျောက်အနေဖြင့် သူ၏ အဆင့်သုံးနဂါးသွေးကြောကိုပင်လျှင် ထိန်းထားနိုင်တော့လိမ့်မည် မဟုတ်ချေ။

ထိုအခါမှသာလျှင် နဂါးတစ်ပိုင်းမြို့တော်ထဲရှိ နဂါးနွယ်ဖွားများ၏ ကျင့်ကြံခြင်း ဘာကြောင့် နိမ့်ကျနေရသလဲဆိုသည်ကို လီကျောက် နားလည်သွားတော့လေသည်။ နဂါးကလန်သည် နဂါးနွယ်ဖွားများကို နဂါးသွေးပန်းများ စိုက်ပျိုးရန်အတွက် မြေဩဇာအဖြစ် အသုံးချနေခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် နဂါးနွယ်ဖွားများမှာ သူတို့၏ ကျင့်ကြံခြင်းကို တိုးတက်အောင် မလုပ်နိုင်ကြခြင်း ဖြစ်လေသည်။

သူ၏ကျင့်ကြံခြင်း အောက်သို့ လျှောမကျသွားစေရန်အတွက် လီကျောက်မှာ တင်ပျဉ်ခွေထိုင်၍ ကျင့်စဉ်ကို အဆက်မပြတ် လှည့်ပတ်ရတော့လေသည်။ သို့တိုင် လီကျောက်မှာ ဆုံးရှုံးနေသည့် သွေးအဆီအနှစ်များကို အချိန်မီအောင် ဖာထေးနိုင်ခဲ့ခြင်း မရှိခဲ့။ သူ့အနေဖြင့် အကြာကြီး ဆက်ထိန်းထားနိုင်တော့လိမ့်မည် မဟုတ်မှန်းလည်း သိနေခဲ့သည်။ ဤအတိုင်းသာ ဆက်သွားနေမည် ဆိုလျှင် နောက်ဆယ်ရက်အတွင်း သူ၏ ကျင့်ကြံခြင်းမှာ ဧကရာဇ် ဒုတိယအဆင့်သို့ ပြန်လျှောကျသွားပေလိမ့်မည်။

ထိုသို့သာ ဖြစ်သွားမည်ဆိုလျှင် လီကျောက်အဖို့ ဧကရာဇ် တတိယအဆင့်သို့ ပြန်ရောက်ဖို့ရာ အလွန်ကိုမှ ခက်ခဲသွားပေတော့မည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူ့တွင် ပါလာသော ဆေးလုံးများကို အနည်းငယ်မျှပင် ချန်ထားခြင်း မရှိတော့ဘဲ သောက်သုံးပစ်လေသည်။ ပါလာသမျှ ဆေးအရင်းအမြစ်ကျောက်အားလုံးကိုလည်း သုံးပစ်လေ၏။

ယခင်ကဆိုလျှင် လီကျောက်မှာ သူဘိုးဘွားတို့၏ မွေးရပ်မြေဖြစ်သော နဂါးကျွန်း မည်သို့မည်ပုံ ရှိမလဲဆိုသည်ကို သိချင်ခဲ့ဖူးသည်။ နဂါးကျွန်းဆီသို့ လာဖို့ရာမှာလည်း သူ၏ အကြီးမားဆုံးသော ဆန္ဒတစ်ရပ် ဖြစ်ခဲ့လေသည်။ သို့သော်ငြား နဂါးကျွန်းဆီသို့ တကယ်တမ်း ရောက်ရှိလာချိန် အမှန်တရားမှာ သူမျှော်လင့်ထားသည်ထက် ပို၍ကို ရက်စက်နေခဲ့လေသည်။

အချိန်သာ နောက်ပြန်လှည့်လို့ ရမည်ဆိုလျှင် လီကျောက်အနေဖြင့် ရန်ကိုင်နှင့်အတူ နဂါးကျွန်းဆီသို့ လိုက်မလာခဲ့ဘဲ မီးနဂါးနန်းတော်တွင်သာ ပျော်ပျော်ကြီး နေခဲ့ပေလိမ့်မည်။ ဤနဂါးကျွန်းမှ အသက်ရှင်လျက်ပင် ပြန်ထွက်သွားနိုင်ပါ့မလား ဟူသည့် အကြောင်းကိုတွေးရင်း လီကျောက်မှာ အော်ငိုချင်စိတ်များ ဖြစ်ပေါ်လာရလေသည်။

ထိုအခိုက်အတန့်မှာပင် တစ်ခုခု ထူးခြားနေမှန်း သတိပြုမိသွားခဲ့ပြီး မျက်မှောင်ကြုတ်ကာ အခြားတစ်နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် လီကျောက်၏ မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေ၏။

"ရောင်းရင်းရန်" လီကျောက်သည် ချက်ချင်းပဲ ကုန်းထ၍... "မင်း ငါ့ကိုကယ်ဖို့ ရောက်လာတာလား"

လက်ရှိအချိန်တွင် လီကျောက်မှာ ရန်ကိုင်အား အနည်းငယ်မျှပင် မကျေနပ်ခြင်း မရှိတော့ချေ။ ရန်ကိုင်ကိုပင်လျှင် ကျေးဇူးတင်စိတ် ဖြစ်နေမိပေသည်။

ထိုသို့ဖြစ်နေရင်းမှ လီကျောက်မှာ သူ့ကိုယ်သူ အလွန်ကိုမှ သနားစဖွယ်ကောင်းကြောင်း တွေ့ရှိသွားရသည်။ သူ့အနေဖြင့် ယခုကဲ့သို့သော အဖြစ်မျိုးနှင့် ကြုံနေရခြင်းမှာ ရန်ကိုင်ကြောင့်သာ ဖြစ်လေသည်။ ထို့ကြောင့်ပင်လျှင် သူ့အား ကယ်ရမည့် တာဝန်မှာ ရန်ကိုင်၏ တာဝန်သာ ဖြစ်သည်။ ရန်ကိုင်၏ တာဝန်ဖြစ်သည့်အလျောက် ရန်ကိုင် သူ့အား လာကယ်သည်ကို သူ့အနေဖြင့် ဘာကြောင့်များ ရန်ကိုင်အား သွားကာ ကျေးဇူးတင်နေရသနည်း။

"ရောင်းရင်းလီ မင်းက တကယ်ကို အဆင်ပြေပြေနဲ့ ရှိနေတာပဲကွ" ရန်ကိုင်က စနောက်လိုက်လေသည်။

လီကျောက်က ခါးသီးသည့် အမူအရာဖြင့် ပြောလိုက်သည်။ "မစစမ်းပါနဲ့ ရောင်းရင်းရန်ရာ၊ ငါ့ကို ဒီထဲကနေသာ အရင်ထုတ်ပေးစမ်းပါ၊ ဒီမှာ နည်းနည်းလေးတောင် ဆက်မနေချင်တော့ဘူး"

ထိုစဉ် လေတိုးသံနှင့်အတူ ဖုလင် လီကျောက်၏ မြင်ကွင်းထဲ ပေါ်လာခဲ့လေသည်။ ဖုလင်ကို မြင်လိုက်သည့်အခိုက် လီကျောက် ကြောင်သွားပြီး အလန့်တကြား ထအော်လေ၏။ "ရောင်းရင်းရန် သတိထား၊ မင်းနောက်မှာ နဂါးတစ်ကောင် ရောက်နေတယ်"

ဖုလင်သည် လက်နောက်ပစ်ထားရင်းမှ နှုတ်ခမ်းလေးဆူလျက် လီကျောက်အနားသို့ ကပ်လာခဲ့လေသည်။

"သူ့ကို လွှတ်ပေးလိုက်" ရန်ကိုင်သည် ဖုလင်ဘက်သို့ လှည့်၍ ပြောလိုက်သည်။

ရန်ကိုင်၏ စကားကို ကြားသော် လီကျောက် ကြောင်သွားခဲ့ပြီး ဖုလင်နှင့် ရန်ကိုင်အား ငေးကြောင်ကြောင်ဖြင့် ရပ်ကြည့်နေမိလေသည်။ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း သူလုံးဝ နားမလည်နိုင်တော့ချေ။

[ဒီနဂါးက ရောင်းရင်းရန်ကို ဘာလို့ မတိုက်ခိုက်ရတာလဲ၊ ရောင်းရင်းရန်ကတောင် သူ့ကို ပြန်ပြီး အမိန့်တွေ ပေးနေသေးတယ်၊ ဘာတွေ ဖြစ်နေတာလဲ]

နောက်ဖြစ်လာသည့် အရာမှာ လီကျောက်အား ပို၍ကို အံ့အားသင့်သွားစေခဲ့သည်။ ရန်ကိုင်၏ အမိန့်ရလိုက်သည့်နောက် ဖုလင်သည် လက်ကွက်တစ်ခုကို ဖန်တီးကာ လီကျောက်ဆီသို့ ချိတ်စည်းတစ်ခု ပို့လွှတ်လိုက်လေသည်။

ချက်ချင်းဆိုသလို အစီအရင်မှာ ရပ်တန့်သွားခဲ့လေသည်။ လီကျောက်မှာလည်း သူ့တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရလေသည်။ သွေးအဆီအနှစ် ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်နေသည့် နာကျင်မှုကိုလည်း အနည်းငယ်မျှပင် ခံစားနေရခြင်း မရှိတော့ပေ။

"ခဲအို၊ နင် သူ့ကို သိတာလား" ဖုလင်သည် ရန်ကိုင်ကို ကြည့်၍ မေးလိုက်လေသည်။

ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်လေသည်။

"ခဲ၊ ခဲအို" လီကျောက် မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ ထို့နောက် ရန်ကိုင်အနားသို့ ကပ်လာပြီး တိုးတိုးလေး မေးလိုက်လေ၏။ "သူက သခင်မလေးချင်းရဲ့ ညီမလား"

"ပြောရရင် အရှည်ကြီးပဲ"

ရန်ကိုင် ပြောမပြချင်သည်ကို မြင်သော် လီကျောက်လည်း ဆက်၍ မေးမနေတော့ချေ။ ထို့နောက် ရန်ကိုင်အား ကျေးဇူးတကြီးဖြင့် ပြောလိုက်လေ၏။ "အခုလိုမျိုး ငါ့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ကွာ ရောင်းရင်းရန်ရာ၊ ငါ ဒီကျေးဇူးကို သေချာမှတ်ထားပါ့မယ်"

"ကျုပ်လည်း ခင်ဗျား ဒီမှာရောက်နေမှန်း သိလိုက်လို့ လာကယ်လိုက်တာ၊ ကျုပ်မှာ နောက်ထပ် လုပ်စရာ အရေးကြီးကိစ္စ တစ်ခုရှိသေးတယ်"

"ဘာကိစ္စလဲ၊ ပြောကြည့်လေ၊ ငါ ကူညီရင် ကူညီပေးနိုင်မှာပေါ့" လီကျောက်က ပြန်ပြောလိုက်သည်။

"ကျုပ် ဒီကို နဂါးသွေးပန်းတွေ ခိုးဖို့ လာခဲ့တာ"

ရန်ကိုင်၏ စကားကို ကြားသော် လီကျောက် ကြောင်သွားခဲ့ပြီး ဇောချွေးပြန်သွားခဲ့လေသည်။

"သွေးကြောင်လိုက်တာ" လီကျောက်၏ ပုံစံကို မြင်သော် ဖုလင်က အထင်မြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

"ခင်ဗျားက နဂါးကလန်သားရော ဟုတ်ရဲ့လား" လီကျောက်သည် နဖူးထက် ဝေ့သီလာသည့် ချွေးများကို သုတ်ရင်းမှ ဖုလင်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။

[ဆန်းတော့ ဆန်းသား၊ သူက သခင်မလေးချင်းရဲ့ ညီမဆိုရင်တောင် ရန်ကိုင် နဂါးသွေးပန်းတွေ ခိုးဖို့လုပ်နေတာကို အားပေးအားမြှောက် မလုပ်သင့်ဘူးလေ၊ အခြားနဂါးတွေသာ ဒီကိစ္စကို သိသွားရင် သူပြဿနာတက်မှာကို မသိတာလား] လီကျောက်မှာ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲဆိုသည့် အကြောင်းအရင်းကို နားမလည်ပါသော်ငြား ရန်ကိုင်မှာတော့ ဤနဂါးမလေး လုပ်နေသည့် ပုံစံသည် လုံးဝကို ပုံမှန်သာ ဖြစ်နေသည့် ပုံစံမျိုး လုပ်ပြနေခဲ့လေသည်။

ဖုလင်က ပြန်၍ ပြောလိုက်လေသည်။ "ကျွန်မက နဂါးမဟုတ်ဘူးဆိုရင် ရှင်က ဘာမလို့လဲ၊ ကျွန်မလည်း ဒီနဂါးသွေးပန်းတွေ ခိုးချင်တယ် ထင်လို့လား၊ခဲအိုက အမိန့်ပေးလို့သာ သူ့ကို ကူညီပေးနေရတာ"

"အပိုတွေ ပြောမနေနဲ့၊ အလုပ်သွားလုပ်ပေတော့" ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အနီရောင်ပန်းတစ်ပွင့်ဆီသို့ လျှောက်သွားလိုက်လေသည်။ ထိုပန်းပွင့်မှာ အခြားမဟုတ် နဂါးသွေးပန်းသာ ဖြစ်လေသည်။ ပန်းပွင့်၏ အရွယ်အစားနှင့် အရောင်အဆင်းအရ ထိုပန်းပွင့်သည် အလယ်အလတ်အဆင့် နဂါးသွေးပန်း ဖြစ်သည့်ပုံပင်။

ရန်ကိုင်သည် ထိုနဂါးသွေးပန်းကို သေသေချာချာ ခူးဆွတ်ပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်လေ၏။

ထိုအချင်းအရာကို မြင်သော် ဖုလင်သည် ပြုံးဖြီးဖြီးလုပ်လျက် ပြောလိုက်လေသည်။ "ခဲအို ငါ ဒီအတိုင်းပဲ ကြည့်နေလို့ မရဘူးလား"

ရန်ကိုင်အား ဤနေရာသို့ ခေါ်လာပြီး နဂါးသွေးပန်းများကို ခိုးခွင့်ပြုလိုက်သည့်အတွက်ကြောင့် ဖုလင်မှာ အမှားကြီး လုပ်မိလိုက်ပါသော်ငြား သူမကိုယ်တိုင် နဂါးသွေးပန်းများကို ခူးရမည်ကိုတော့ ကြောက်ရွံ့နေမိသည်။ တွန်းအားပေးခံရသည့်အတွက်ကြောင့် မလုပ်မဖြစ်၍ ရန်ကိုင် နဂါးသွေးပန်းများ ခူးသွားသည်ကို ရပ်ကြည့်နေရသည်နှင့် သူမကိုယ်တိုင် လက်လိုလက်ရ နဂါးသွေးပန်းများအား လိုက်လံခူးဆွတ်ခြင်းသည် လုံးဝကို မတူပေ။ ထိုအတွက်ကြောင့် သူမသည်သာ ဤအတိုင်း ရပ်ကြည့်နေမည် ဆိုလျှင် နောက်နောင် အကြီးအကဲများမှ သူမအား အပြစ်ပေးလာမည်ဆိုလျှင်ပင် ဖုလင်အနေဖြင့် အကြောင်းပြချက် ပေးနိုင်ပေသေးသည်။

ရန်ကိုင် တိတ်နေသည်ကို မြင်သော် ရန်ကိုင် သဘောတူသည်ဟုသာ ဖုလင် ယုံကြည်လိုက်ပြီး ရန်ကိုင်နောက်မှသာ အေးအေးဆေးဆေး လိုက်နေတော့လေသည်။

[တစ်ပွင့်၊ နှစ်ပွင့်၊ သုံးပွင့်]

နဂါးသွေးပန်းများသည် မြင်မြင်ရာ နေရာတိုင်းတွင် ရှိနေကြလေသည်။ ရန်ကိုင်သည် တစ်လှမ်းချင်း တစ်လှမ်းချင်း သွားရင်းမှ နဂါးသွေးပန်းများကို တစ်ပွင့်ပြီးတစ်ပွင့် ခူးဆွတ်နေခဲ့လေသည်။ လက်ဖက်ရည်တစ်ခွက် ဆူစာလောက် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် နဂါးသွေးပန်း ဆယ်ပွင့်ကို ခူးပြီးသွားခဲ့လေပြီ။ ထိုဆယ်ပွင့်အနက် ရှစ်ပွင့်မှာ အဆင့်နိမ့် နဂါးသွေးပန်းများ ဖြစ်ကြပြီး ကျန်နှစ်ပွင့်မှာတော့ အလယ်အလတ်အဆင့် နဂါးသွေးပန်းများ ဖြစ်ကြလေသည်။ ဤနဂါးကျွန်းပေါ်တွင်လျှင်ပင် အလယ်အလတ်အဆင့်နှင့် ထိုထက် အဆင့်မြင့်သည့် နဂါးသွေးပန်းများကို တွေ့ရခဲနေပေသေးသည်။

လီကျောက်မှာတော့ ရန်ကိုင်ကဲ့သို့ ခူးရဲသည့် သတ္တိမရှိသည့်အတွက်ကြောင့် ရန်ကိုင်အနောက်မှသာ ဤအတိုင်း လိုက်နေခဲ့လေသည်။ ရန်ကိုင် နဂါးသွေးပန်းများအား တစ်ပွင့်ပြီးတစ်ပွင့် ခူးဆွတ်နေခဲ့သည်ကို ကြည့်ရင်း လီကျောက်မှာ အလွန်ကိုမှ မနာလို အားကျနေရလေသည်။

ယခင်ကဆိုလျှင် လီကျောက်မှာ နဂါးသွေးပန်းတစ်ပွင့်လေးအတွက်နှင့် နှစ်ပေါင်းများစွာ ကြာအောင် အချိန်ဖြုန်းခဲ့ရသည်။ သို့သော်ငြား ထိုနဂါးသွေးပန်း ပွင့်လာသည့်အချိန်တွင် ရန်ကိုင်မှ လုယူသွားခဲ့သည့်အတွက်ကြောင့် လီကျောက်မှာ ရင်ထုမနာ ဖြစ်ခဲ့ရပေသေးသည်။

ယခုဆိုလျှင် ကျွန်းပေါ်၌ ရှိနေသည့် မြောက်မြားလှစွာသော နဂါးသွေးပန်းများကို ရန်ကိုင်မှ ဝမ်းသာအားရဖြင့် တစ်ပွင့်ပြီးတစ်ပွင့် ခူးဆွတ်နေချိန် သူ့မှာတော့ ရင်နာနာဖြင့်သာ ကြည့်နေခဲ့ရလေသည်။ သူသာ နဂါးသွေးပန်း တစ်ပွင့်လောက်ကို ရလိုက်မည်ဆိုလျှင် သူ၏ သွေးမျိုးဆက်ကို ပိုမို အဆင့်မြင့်လာအောင် လုပ်နိုင်ပါသော်ငြား အဆုံးတွင်တော့ လီကျောက်တွင် ရန်ကိုင်ကဲ့သို့ နဂါးသွေးပန်းများကို ခိုးယူရဲသည့် သတ္တိမရှိနေခဲ့ပေ။

ဖုလင်အတွက်လည်း အတူတူပင် ဖြစ်လေသည်။ ထိုနဂါးသွေးပန်းများသည် နဂါးကလန်၏ ပိုင်ဆိုင်မှုများဖြစ်ကြပြီး ဖုလင်သည် ထိုပိုင်ဆိုင်မှုများအနက်မှ အနည်းငယ်ကို ဝေစုအဖြစ် ခွဲဝေရရှိပေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှ ထိုနဂါးသွေးပန်းများကို ခူးဆွတ်နေခြင်းသည် သူမ ရရှိမည့် ဝေစုကို ခိုးယူနေခြင်းသာ ဖြစ်လေသည်။

ကံကောင်းစွာဖြင့် ရန်ကိုင်သည် သူ့စည်းနှင့်သူ ရှိနေပေသည်။ နဂါးသွေးပန်းများကို ခူးဆွတ်ရာတွင် မရင့်သေးသည့် နဂါးသွေးပန်းများကို ခူးဆွတ်ခြင်းမရှိဘဲ ဖူးပွင့်ပြီးသည့် နဂါးသွေးပန်းများကိုသာ ခူးပေသည်။

တကယ့်တကယ်တမ်းအရ ကျွန်းပေါ်တွင် နဂါးသွေးပန်းများ သောင်းနှင့်ချီကာ ရှိပေသည်။ သို့သော်ငြား နဂါးသွေးပန်းပွင့်များအနက် ကိုးဆယ်ရာခိုင်နှုန်းအထက်မှာ ကြီးထွားဆဲ အဆင့်တွင်သာ ရှိနေပေသေးသည်။

ထိုအတွက်ကြောင့် ရန်ကိုင်အနေဖြင့် အပြည့်အဝ ပွင့်လန်းနေပြီဖြစ်သော နဂါးသွေးပန်းများ အားလုံးကို ခူးသွားမည် ဆိုလျှင်ပင် ဤနေရာရှိ နဂါးသွေးပန်း အားလုံးကို မျိုးသုဥ်းသွားစေနိုင်လိမ့်မည် မဟုတ်ချေ။ နောက်ထပ် ဆယ်နှစ် အနှစ်နှစ်ဆယ် ခန့်လောက်သာ ထပ်စောင့်လိုက်မည် ဆိုလျှင် နဂါးသွေးပန်း အသစ်များ ထပ်မံ ဖူးပွင့်လာပေလိမ့်မည်။

[ဆယ်ပွင့်၊ အပွင့်နှစ်ဆယ် အပွင့် သုံးဆယ်]

တစ်နာရီအတွင်းမှာပင် ရန်ကိုင်သည် နဂါးသွေးပန်း အပွင့်တစ်ရာကျော် ခူးဆွတ်နိုင်ခဲ့လေသည်။ ရန်ကိုင်၏ မူရင်း ရည်ရွယ်ချက်မှာ အပွင့်သုံးဆယ်ကျော်သာ ဖြစ်လေသည်။ သို့သော်ငြား နဂါးသွေးပန်းများကို စခူးလိုက်သည့် အချိန်မှစ၍ သူ့ပစ်မှတ် အပွင့်သုံးဆယ်ကျော်ကို ကျော်သွားသည့်တိုင် ရပ်တန့်ခြင်း မရှိဘဲ ဆက်၍ ခူးနေခဲ့လေ၏။ တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန်ဆိုသည့်အတိုင်း တစ်ပွင့်ခူးလည်း အတူတူ နှစ်ပွင့်ခူးလည်း အတူတူသာ ဖြစ်သည့်အတွက် ရန်ကိုင်သည် အပွင့်သုံးဆယ်ကျော်ကို ရောက်သွားသည့်တိုင် ရပ်မနေဘဲ ရနိုင်သမျှ ဆက်ခူးခဲ့ခြင်း ဖြစ်လေသည်။

ရန်ကိုင် ခူးခဲ့သည့် နဂါးသွေးပန်း အပွင့်တစ်ရာကျော်၌ ရှစ်ဆယ်ရာခိုင်နှုန်းလောက်မှာ အဆင့်နိမ့်များ ဖြစ်ကြပြီး အလယ်အလတ်အဆင့်မှာတော့ ဆယ်ပွင့်ကျော်လောက်သာ ပါပေသည်။ ရန်ကိုင်အား စိတ်လှုပ်ရှားသွားစေခဲ့သည်မှာ သူခူးခဲ့သည့် နဂါးသွေးပန်းများအနက် အဆင့်မြင့် နဂါးသွေးပန်းများလည်း ပါနေခြင်းပင်။

All Chapters