အခန်း (၈၁)
Vol. 9 Ch. 81
Chapter 81
"ဒိုင်း"
စူးရှသည့် သေနတ်သံက လေထုထဲတွင် ပဲ့တင်ထပ်သွား၏။
ကျည်ဆန်က တတိယအစ်ကို ယွမ်ရုံ၏ ခန့်ညားသည့်မျက်နှာကို ရှပ်ထိသွားပြီး သွေးစီးကြောင်းတစ်ခု ချန်ထားခဲ့ပေသည်။
သူသာ နှေးကွေးစွာ တုံ့ပြန်ခဲ့ပါက သေဆုံးသွားနိုင်၏။ ဒုတိယအစ်ကို ယွမ်ဖာ့က သူ့ကို အမှန်တကယ် သေစေချင်ခဲ့သည်။
လူအများသိကြသည့်အတိုင်း ရှေးဟောင်းယွမ်မိသားစုတွင် ကောင်းမွန်သော ဓလေ့ထုံးတမ်းများစွာ ရှိ၏။
အရေးကြီးဆုံးတစ်ခုမှာ ယွမ်မိသားစုဝင်တစ်ဦးသည် သဲကန္တာရထဲတွင် သူတို့ကို တိုက်ခိုက်ရန်ကြိုးစားနေသော သေစေနိုင်သည့် မြွေပွေးတစ်ကောင်နှင့် ပြုံးနေသည့် အခြားယွမ်မိသားစုဝင်တစ်ဦးကို တွေ့ဆုံပါက သူတို့သည် အခြားယွမ်မိသားစုဝင်ကို ဦးစွာ သတ်ရမည်ဖြစ်သည်။
မဆိုင်းမတွ ပိုမြန်မြန်လှုပ်ရှားလေ၊ ပိုကောင်းလေဖြစ်၏။
ယွမ်ဖာ့သည် ထိုစည်းမျဉ်းကို တိကျစွာ အကောင်အထည်ဖော်ခဲ့သည်။ သူ နောက်တစ်ချက်ပစ်လိုခဲ့သော်လည်း ယွမ်ရုံသည် လျင်မြန်ဖျတ်လတ်စွာ သူ၏ကိုယ်ကို လှုပ်ရှားလိုက်ပြီး အမှောင်ထုနှင့် ပေါင်းစပ်သွား၏။
အိမ်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာရင်း ယွမ်ဖာ့သည် သူဝယ်ယူခဲ့သော ပစ္စည်းများကို ချထားလိုသော်လည်း သွေးဖြင့်မစွန်းထင်းနေသည့် နေရာတစ်ခုကိုမျှ မတွေ့ခဲ့ပေ။
ယွမ်အိမ်တော်ရှိ ဖုန်စုပ်စက်မှာ ပျက်နေသည်။ ယွမ်ဖာ့သည် ကြမ်းပြင်ကို တံမြက်စည်းဖြင့် တစ်နေရာမကျန် ကိုယ်တိုင် သန့်ရှင်းရေးလုပ်ခဲ့၏။ သူ၏ဘဝတွင် ဤမျှများပြားသော ဖုန်မှုန့်များကို တစ်ခါမှ မရှူရှိုက်ခဲ့ဖူးပေ။
သို့သော် သူ၏ညီမ ပြန်လာသည့်အခါ ကောင်းမွန်သော နေထိုင်မှုပတ်ဝန်းကျင်တစ်ခု ပေးစွမ်းနိုင်ရန်အတွက် သူသည်းခံခဲ့ပေသည်။
သို့သော် ယွမ်ရုံက သူ၏ကြိုးစားအားထုတ်မှုကို ဖျက်ဆီးခဲ့၏။
ဤသည်ကိုတွေးမိသောအခါ ယွမ်ဖာ့၏ လူသတ်လိုစိတ်သည် ပိုမိုအားကောင်းလာပြီး အပြင်သို့ ပြန်ထွက်ကာ စက္ကူအိတ်ကို အတော်အတန်သန့်ရှင်းသည့် တံခါးဝအနီးတွင် ချထားလိုက်သည်။
သူသည် ခမ်းနားစွာဖြင့် သူ၏လက်မောင်းများကို ပြဇာတ်ဆန်ဆန် ဖြန့်ကားလိုက်ပြီး စွပ်စွဲသလို ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်းအိမ်ပြန်မလာခင် ငါ့ကို ဖုန်းလေးတစ်ချက်တောင် မဆက်နိုင်ဘူးလား၊ ပြီးတော့ အိမ်ကိုလည်း ရှုပ်ပွအောင် လုပ်ထားသေးတယ်”
သူတို့နှစ်ဦးစလုံး ရူးသွပ်သွားပြီဖြစ်ကြောင်း ယွမ်ရုံ သိသည်။ ယွမ်ဖာ့သည် ကျည်ဆန်များဖြင့် သူ၏ဦးနှောက်ကို ပစ်ခတ်နေစဉ် ရယ်စရာစကားများ ပြောဆိုနေချေလိမ့်မည်။
ယွမ်ရုံ လှောင်ပြောင်ရယ်မောလိုက်၏။ “မင်းနဲ့အဆက်အသွယ်ပြတ်နေတာ တော်တော်ကြာပြီလေ၊ ပြီးတော့ ငါတို့ညီမ ပြန်ရောက်နေတာကိုလည်း ဖုံးကွယ်ထားသေးတယ်”
ထိုစကားကိုကြားသည့်အခါ ယွမ်ဖာ့၏ မှုန်မှိုင်းနေသော မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး သူသည် သွယ်လျသည့် ပုံရိပ်ငယ်လေးကို ရှာဖွေလိုက်သည်။
တိုင်တစ်တိုင်နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့သည့် ယွမ်လော့ရီသည် သတိထားကာ ချောင်းကြည့်လိုက်ပြီး သူမ၏မျက်လုံးကြီးများသည် အခြားတစ်ယောက်ကို စိုက်ကြည့်နေ၏။
ဒုတိယအစ်ကိုသည် ယခင်ကထက် အနည်းငယ် ပိန်သွားပုံရသည်။ သူ၏ဆံပင်များသည် လေတိုက်ခံထားရ၍ ဖရိုဖရဲဖြစ်နေပြီး ခရီးပန်းနေပုံရသည်။ သူ၏ပုံစံမှာ ကြမ်းတမ်းပြီး ဆိုးဝါးသည့် ခရီးတစ်ခုကို ယခုမှ ပြီးဆုံးခဲ့သလိုပင်။
သို့သော် ယွမ်လော့ရီကို ကြည့်သည့်အခါ သူ၏မျက်လုံးများက တောက်ပနေ၏။ လက်တစ်ဖက်ကို နောက်ပစ်ထားရင်း သူ အနည်းငယ် ဦးညွှတ်လိုက်သည်။
“ကိုကို့ရဲ့ချစ်ညီမလေး ပြန်လာတာကို ကြိုဆိုပါတယ်၊ ကိုကိုညီမလေးကို စောင့်နေခဲ့တာ၊ ညီမလေးရဲ့မျက်လှည့်က တကယ့်ကို ခမ်းနားတာပဲ ကိုကို့ကို ကြည်လင်ပြတ်သားအောင် ပြန်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ယွမ်ဖာ့သည် ယွမ်လော့ရီ၏ အဝတ်အစားများပေါ်မှ သွေးစွန်းကွက်များကို သတိပြုမိလိုက်၏။
သူတို့ညီမလေးရှေ့တွင် ယွမ်ရုံ တစ်စုံတစ်ယောက်ကို သတ်ခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်ရာ အသက်ရှင်ကျန်ရစ်သူများမှာ နာမကျန်းဖြစ်နေသည့် စစ်မှုထမ်းဟောင်းတစ်ဦးနှင့် တုန်ယင်နေသည့် အမျိုးသမီးငယ်တစ်ဦးသာဖြစ်သည်။ အခြားသူအားလုံးသည် အပိုင်းပိုင်းအစစစုတ်ပြဲသွားပြီး သူတို့၏ခန္ဓာကိုယ်များမှာ မြေပြင်ပေါ် ပြန့်ကျဲနေသည်။
အိမ်တစ်ခုလုံးသည် မြေပြင်ပေါ်က ကြောက်မက်ဖွယ်ငရဲဘုံတစ်ခုကဲ့သို့ပင်။
ယွမ်ဖာ့ စိုးရိမ်တကြီး သက်ပြင်းချလိုက်၏။
အာ၊ သနားစရာ ညီမလေးကတော့ ရူးပြီး လူသတ်နေတဲ့ ယွမ်ရုံကို တွေ့လိုက်ရလို့ တော်တော်ထိတ်လန့်နေခဲ့မှာပဲ။
ယွမ်ရုံ၏ ရက်စက်ကြမ်းကြုတ်သည့် သဘာဝနှင့် သူတို့၏ညီမကို အမြဲခေါ်ဆောင်သွားလိုသော ဆန္ဒကြောင့်ပင် ယွမ်ဖာ့ သူမပြန်လာခြင်းကို သူ့အား အသိမပေးခဲ့ခြင်းဖြစ်သည်။
ဆုံးရှုံးခဲ့သည့်အရာကို ပြန်လည်ရရှိခြင်းက ယွမ်ရုံအပေါ် ပြင်းထန်သော စွဲလမ်းမှုကို ဖြစ်ပေါ်စေလိမ့်မည်။ သူသည် လုံးဝထိန်းချုပ်မှုလွတ်သွားခဲ့ပြီး ဤစွဲလမ်းမှုသည် သူတို့၏ညီမအပေါ် ပြန်လည်ပြင်ဆင်၍မရသော ထိခိုက်မှုကို ဖြစ်စေလိမ့်မည်။
သူသည် သူမကို ဝေးလံသည့်နေရာသို့ ပြန်ပေးဆွဲသွားပြီး ဘယ်သောအခါမှ ထပ်၍ ထွက်သွားခွင့်ပြုမည်မဟုတ်သည်မှာ သေချာ၏။
ယခင်ကကဲ့သို့ပင် အစ်ကိုနှစ်ဦးသည် သူတို့ညီမ၏ အုပ်ထိန်းခွင့်အတွက် တစ်ဖန်ပြန်လည် တိုက်ခိုက်ရဦးမည့် ပုံပေါ်နေသည်။
“ကလစ်”
ယွမ်ဖာ့ ကျည်ကတ်ကို ထုတ်ပြီး ကျည့်ပြန်ဖြည့်လိုက်၏။
အခန်းသည် အတော်ပင်မှောင်မိုက်နေပြီး ရှင်းလင်းစွာမြင်ရန် ခက်ခဲလှကာ ယွမ်ရုံသည်လည်း ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်ပေသည်။ ကျည်ခြောက်တောင့်သည် သူ့ကိုသတ်ရန် မလုံလောက်နိုင်ဘဲ အနီးကပ်တိုက်ခိုက်ရမည့်အခြေအနေသို့ ရောက်ရှိသွားနိုင်၏။ မြင်ကွင်းမှာ အလွန်သွေးထွက်သံယိုဖြစ်လာနိုင်ပြီး ကလေးတစ်ယောက် ကြည့်ရှုရန်အတွက် မသင့်တော်ပေ။
ထို့ကြောင့် ယွမ်ဖာ့သည် ယွမ်လော့ရီကို တိုးတိုးလေး ပြောလိုက်သည်။
“ကိုကိုတို့ ညီအစ်ကိုတွေ ပြဿနာတစ်ခု ရှင်းရဦးမယ်”
“ကိုကို့ညီမလေးက အခန်းထဲကို အရင်ပြန်သွားလိုက်နော်၊ ဗိုက်ဆာရင် တံခါးဝက စက္ကူအိတ်ထဲမှာ ခေါက်ဆွဲခြောက်အကြွပ်တွေနဲ့ ပေါင်မုန့်ချောင်းလေးတွေ ရှိတယ်၊ နည်းနည်းမာပေမဲ့ အရသာကတော့ အဆင်ပြေပါတယ်”
“စိတ်မပူပါနဲ့၊ သိပ်မကြာခင် အရာအားလုံး ပြီးဆုံးသွား”
သူ၏စကာမဆုံးမီမှာပင် ယွမ်ရုံသည် အမှောင်ထုထဲမှ မြှားတစ်စင်းကဲ့သို့ ထွက်ပေါ်လာပြီး သွေးအိုင်များကို ဖြတ်ကျော်နင်းကာ ယွမ်ဖာ့ဆီသို့ တဟုန်ထိုးပြေးလာခဲ့သည်။
မည်သူမှ သူ၏ညီမကို သူ့ထံမှ ယူဆောင်သွားခွင့်မရှိပေ။ ထိုကဲ့သို့ ဝမ်းနည်းဖွယ်အဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားလိုပေ။
အရိုးထဲထိစိမ့်အောင် အေးစက်နေသော လူသတ်လိုစိတ်ဖြင့် သူ၏စူးရှသည့်ဓားသွားသည် ယွမ်ဖာ့၏ လည်ပင်းဆီသို့ လွှဲရမ်းသွား၏။
“ဒိုင်း”
ယွမ်ဖာ့ တစ်ချက်ပစ်လိုက်ရာ ယွမ်ရုံ၏ ခြေထောက်အောက်ပိုင်းကို ထိမှန်သွားသည်။ ယွမ်ရုံယိုင်နဲ့သွားသော်လည်း မလဲကျသွားခဲ့ပေ။ သူ နာကျင်မှုကို မခံစားတတ်တော့သည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် ဤကဲ့သို့ဒဏ်ရာသည် သူ့ကိုမတားဆီးနိုင်တော့ချေ။
တစ်ခဏအတွင်းမှာပင် ယွမ်ရုံတစ်ယောက် ယွမ်ဖာ့ရှေ့သို့ ရောက်ရှိသွား၏။
အမှောင်ထဲမှ အနီးကပ်တိုက်ခိုက်မှုကြောင့် ပစ္စတိုသည် သူ၏အားသာချက်ကို ဆုံးရှုံးသွားသည်။ ယွမ်ဖာ့သည် ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်ပြီး သားရဲများသဖွယ် တိုက်ခိုက်ကြတော့၏။ နှစ်ယောက်သားညတစ်ယောက်ကိုတစ်ယောက် လျင်မြန်စွာ သတ်ဖြတ်ရန် ရည်ရွယ်ထားကြပြီး သူတို့၏တိုက်ခိုက်မှုများတွင် ကရုဏာတရားကင်းမဲ့နေသည်။
သူတို့၏အဖြူရောင်အင်္ကျီများပေါ်သို့ သွေးများ စင်လာပြီး ဒဏ်ရာများမှာလည်း တိုးပွားလာခဲ့၏။
ယွမ်လော့ရီတစ်ယောက် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော်လည်း သေသည်အထိ တိုက်ခိုက်နေဆဲဖြစ်သော နှစ်ယောက်ကို ရပ်တန့်ရန် ပြေးသွားချင်ခဲ့သည်။ သူတို့သည် နာကျင်မှုကို မခံစားနိုင်သော်လည်း ယွမ်လော့ရီကမူ ခံစားနိုင်ပေ၏။
ကာယဆရာက ယွမ်လော့ရီ၏ ရည်ရွယ်ချက်ကို အာရုံခံမိပြီး အော်ဟစ်လိုက်သည်။ “စိတ်ငြိမ်အောင်ထား သူတို့ဆီ မသွားနဲ့၊ သူတို့က အသိတရားအားလုံး ဆုံးရှုံးနေပြီ၊ ကြားညပ်သွားရင် မလွယ်ဘူး”
ယွမ်လော့ရီ သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်၏။
မှန်ပေသည်။
သူမ ဘာတွေတွေးနေခဲ့တာလဲ။
လူတစ်ယောက်က အထူးသဖြင့် အကျပ်အတည်းကာလမှာ တည်ငြိမ်နေရမယ်။
ပြဿနာမရှိပေ သူမ ဤအခြေအနေကို ဖြတ်ကျော်ရန် နည်းလမ်းတစ်ခု သေချာပေါက် ရှာတွေ့ပေလိမ့်မည်။
ဒုတိယအစ်ကို ယွမ်ဖာ့သည် အနည်းငယ် ပို၍ အသိတရားရှိနေပုံရ၏။ အဓိကပြဿနာမှာ တတိယအစ်ကို ယွမ်ရုံဖြစ်ပြီး သူသည် မရပ်နိုင်သည့် လူသတ်စက်တစ်လုံးကဲ့သို့ဖြစ်နေကာ ဓားကို မမောမပန်း လွှဲရမ်းနေသည်။ဒဏ်ရာများက သွေးများဆက်တိုက်ထွက်နေသော်လည်း သူ၏အသက် ကုန်ဆုံးသွားမည်ကို ဂရုမစိုက်ပေ။
ထို အနီးကပ်တိုက်ပွဲတွင် ယွမ်ရုံ အနိုင်ရလိမ့်မည်။ သို့သော် သူသည် သူ၏ကျန်ရှိနေသော အသက်ကိုလည်း လောင်ကျွမ်းသွားစေလိမ့်မည်။
သေချာစဥ်းစားစမ်း၊ တတိယအစ်ကိုကို ဘယ်လိုရပ်တန့်အောင် လုပ်ရမလဲ။
မေ့နေခဲ့သော မှတ်ဉာဏ်များ နိုးထလာ၏။
တစ်ခဏတာမျှ ယွမ်လော့ရီသည် သူမကိုယ်သူမ အပြာရောင်ပန်းပွင့်များဖြင့် ပြည့်နှက်နေသော ထိုနွေရာသီသို့ ပြန်လည်ပို့ဆောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ လတ်ဆတ်သောမြက်ပင်ရနံ့ကို ရနိုင်ကာ စိုစွတ်သောလေထုကို ခံစားနိုင်ပြီး ပိုးမွှားများ၏ တက်လိုက်ကျလိုက် အော်မြည်သံများဖြင့် ဝန်းရံထားသည်။
သူမသုံးနှစ်အရွယ်ကပုံစံကို သူမ မြင်လိုက်ရ၏။ သေးငယ်သောလက်များသည် သစ်သားလက်တန်းကို ဆုပ်ကိုင်ထားပြီး ခြေထောက်များက ပြတင်းပေါက်ဘောင်ပေါ်သို့ တက်ရန် ကြိုးစားရင်း အရိုင်းဆန်စွာ ကန်ကျောက်နေသည်။
ပုံပြောပြီးနောက် တတိယအစ်ကိုသည် ထွက်ခွာသွားခဲ့ပြီး သူမသည်လည်း အခန်းထဲတွင် တစ်ယောက်တည်း ထပ်မံပိတ်လှောင်ခံရတော့မည်ဖြစ်သည်။ ထို့ကြောင့် ထွက်ပြေးရန် အချိန်တန်ပြီဖြစ်၏။
ထိုအမြင့်သည် သူမအတွက် အတော်ပင်အန္တရာယ်ရှိသော်လည်း သူမမကြောက်ပေ။ သူမသည် အောက်သို့ခုန်ချလိုက်၏။
မှတ်ဉာဏ်မှ လွတ်မြောက်လာရင်း ယွမ်လော့ရီ သူမဘာလုပ်ရမည်ကို သိသွားခဲ့၏။
နေရခက်မှုကို ဖိနှိပ်ရင်း ယွမ်လော့ရီသည် ယွမ်ရုံ ဖန်တီးခဲ့သော သွေးထွက်သံယို လူသတ်ပွဲကို အမြန်ဖြတ်ကျော်ကာ အပေါ်ထပ်သို့ ပြေးတက်သွားပြီး သူမကလေးဘဝကဲ့သို့ပင် လက်တန်းပေါ်သို့ တက်လိုက်သည်။
အောက်သို့ကြည့်လိုက်ရာ နှစ်ဦးသားသည် သူတို့၏သေစေနိုင်သော တိုက်ခိုက်မှုတွင် ပိတ်မိနေဆဲဖြစ်၏။
အားပြင်းသည့် တိုက်ခတ်မှုတစ်ခုအပြီးတွင် ယွမ်ဖာ့၏ ကျောသည် အေးစက်သည့်နံရံနှင့် ဆောင့်မိသွားပြီး ဟန်ချက်ပျက်သွားသည်။ ယွမ်ရုံသည် ထိုအခွင့်အရေးကို သဘာဝအလျောက် လက်လွှတ်ခံမည်မဟုတ်ဘဲ ရှေ့သို့တိုးဝင်သွားပြီး အေးစက်သည့်ဓားသွားက အောက်သို့ဆင်းသက်လာ၏။
“တတိယအစ်ကို”
ယွမ်လော့ရီ ရှိသမျှအားဖြင့် အော်ဟစ်လိုက်၏။ သူမ၏အသံသည် ကျိန်စာများနှင့် သံချေးများကို ဖယ်ရှားနိုင်သော မန္တန်တစ်ခုကဲ့သို့ သွေးနှင့်လေပြင်းမုန်တိုင်းထဲမှ အမှောင်ထုအလွှာများကို ထိုးဖောက်သွားပြီး ကြည်လင်ပြတ်သားစွာ မြည်ဟည်းသွားသည်။
ဓားသွားသည် ယွမ်ဖာ့၏ လည်ပင်းနှင့် တစ်လက်မအကွာတွင် ရပ်တန့်သွားပြီး ယွမ်ရုံ သူ့ညီမဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုနေရာသည် အလွန်မြင့်မားပြီး အလွန်အန္တရာယ်များသောကြောင့် ယွမ်ရုံ ချက်ချင်းပင် တောင့်ခဲသွား၏။
ထိုမြင်ကွင်းသည် ဝရန်တာလက်တန်းပေါ်တွင် ရပ်နေသည့် ၁၁ နှစ်အရွယ် ယွမ်လော့ရီနှင့် ပြတင်းပေါက်ဘောင်ပေါ်တွင် ရပ်နေသည့် ၃ နှစ်အရွယ် ယွမ်လော့ရီသည် အချိန်နှင့်အာကာသကို ဖြတ်ကျော်ကာ ထပ်တူကျနေပုံရသည်။
သူမက ပြောလိုက်၏။ “မြန်မြန်၊ သမီးကိုဖမ်း”
သူမ လေထဲသို့ခုန်ချလိုက်သည်။ လိပ်ပြာတစ်ကောင် ပိုးတုံးလုံးအိမ်မှ လွတ်မြောက်လာသကဲ့သို့ သို့မဟုတ် တောက်ပသည့် ကြယ်ပွင့်တစ်ပွင့် လျင်မြန်စွာ ကြွေကျလာသကဲ့သို့ပင်။
စက္ကန့်အနည်းငယ်အကြာတွင် ကြမ်းပြင်ပေါ်သို့ ကြေကွဲစွာ ရိုက်ခတ်မိမည့်အစား သူမသည် သုံးနှစ်အရွယ်ကကဲ့သို့ပင် ယွမ်ရုံ၏ လက်မောင်းများထဲသို့ ဘေးမသီရန်မခ ကျရောက်သွား၏။
အပြင်းအထန်ပြေးလွှားခဲ့ရသည့် ယွမ်ရုံသည် အသက်ကို မနည်းရှူရှိုက်ရင်း တုန်လှုပ်နေဆဲဖြစ်သည်။
သူသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး အချို့မှာ အခြားသူများ၏သွေးဖြစ်ကာ အချို့မှာ သူ၏ကိုယ်ပိုင်သွေးဖြစ်သည်။
ယွမ်လော့ရီက လက်လှမ်းပြီး သူ့ကိုပွေ့ဖက်လိုက်ကာ သူမ၏ခေါင်းကို သူ၏ပခုံးပေါ် ညင်သာစွာ မှေးတင်၍ တိုးတိုးလေးပြောလိုက်၏။ “ဂုဏ်ယူပါတယ်၊ အနိုင်မခံအရှုံးမပေးတဲ့ သူရဲကောင်းကြီး၊ ဒီတစ်ခါ မင်းသမီးလေးကို ကာကွယ်ပေးခဲ့ပြီဆိုတော့ အခုရပ်လို့ရပါပြီ၊ ကျေးဇူးပြုပြီး ဒဏ်ရာထပ်ရမခံပါနဲ့တော့”