အခန်း (၈၄)
Vol. 9 Ch. 84
Chapter 84
Star Galaxy အလယ်တန်းကျောင်း၏ စည်းကမ်းထိန်းသိမ်းရေးမှူးတွင် ကြီးမားသော အိမ်မက်တစ်ခု ရှိခဲ့၏။ ၎င်းမှာ သူ အနားမယူမီ အတန်း D အား စံပြအတန်းအဖြစ် ပြောင်းလဲရန်ပင် ဖြစ်သည်။
ထိုအိပ်မက်နောက်သို့ လိုက်ရန် ဆံပင်ကျွတ်သည်အထိ ခေါင်းရှုပ်ခဲ့ရပြီး အလယ်အလတ်အရွယ် ယောက်ျားတစ်ယောက်တွင် ရှိသင့်သည့် ဆံပင်များပင် မရှိတော့ချေ။
သူ၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများကြောင့် ၉တန်းနှင့် ၈တန်းမှ အတန်း D ရှိ ကျောင်းသားများက သူတို့၏ အပြုအမူများကို ပြုပြင်ပြောင်းလဲခဲ့ကြပြီး ဆရာများနေ့တွင် သူ့အား ကြက်သွေးရောင်ပန်းများ၊ သစ်သီးခြင်းများဖြင့် ကန်တော့ခဲ့ကြ၏။
ထိုနေ့က နေဝင်ချိန်မှာ ခမ်းနားတောက်ပနေခဲ့သည်။
ဆရာများနှင့် ကျောင်းသားများမှာ တစ်ယောက်နှင့်တစ်ယောက် စိတ်လှုပ်ရှားစွာ ပွေ့ဖက်ကာ မျက်ရည်များအတိုင်းသားနှင့်ပင်။
သို့သော်လည်း သူ၏ အိပ်မက်မှာ ယခု ပျက်စီးခဲ့ရချေပြီ။
အဘယ်ကြောင့်ဆိုသော် ၇တန်း အတန်းDမှ ကျောင်းသားများမှာ သင်ကြားပြသပေးရန် အလွန် ခက်ခဲလွန်းသောကြောင့် ဖြစ်၏။
အတန်း Dရှိ စင်မြင့်ပေါ်၌ ကြီးမားသော ဖန်သားပြင် တစ်ခုပေါ်တွင် သင်္ချာ ပုစ္ဆာများကို တိုက်ရိုက်ထုတ်လွှင့်၍ ဆရာက ရှင်းပြနေလေသည်။
ဆရာ၏ ဟောပြောချက်များက စိတ်အားထက်သန်မှုများ၊ ရှင်းလင်းပြတ်သားသော အမူအရာများ အပြည့်နှင့်ပင်။
စင်မြင့်အောက်တွင်မူ ယွမ်လော့ရီမှာ အမွှေးပွအရုပ်များကို စားပွဲပေါ်၌ ပတ်လည်ချထားပြီး အိပ်နေလေသည်။
အခြားတစ်ဖက်တွင် ယွိဟွားက သူ၏ ဖုန်းဖြင့် အလုပ်ရှုပ်နေ၏။
စည်းကမ်းထိန်းသိမ်းရေးမှူးက ဒေါသတကြီးဖြင့် လက်ညှိုးထိုးလျက် ပြောလာသည်။
“မင်းတို့ နှစ်ယောက် အသက်က လက်တောက်လောက် ရှိသေးတယ် နေတာ ထိုင်တာ အဆင့်အတန်း နိမ့်ကျလှချည်လား”
ယွိဟွားက သူ၏ ဖုန်းကို ချပြီး ပြန်ပြောလိုက်၏။
“ဆရာ၊ ဆရာက သားနဲ့ ခဏပဲ တွေ့ဖူးတာပါ၊ သားအကြောင်းလည်း မသိဘဲနဲ့ အခုလို ဆူတာတော့ မဖြစ်သင့်ပါဘူး”
“သားကို တကယ် သိတဲ့ ဆရာတွေဆို အကုန် သားကို ရိုက်သတ်ချင်နေကြတာ”
“ဆရာ၊ သား ဆရာ့ကို လူသတ်ချင်စိတ်ပေါက်အောင် မလုပ်မိခင်နဲ့ ဆရာ့ရဲ့ ဂုဏ်သတင်းကောင်းလေး မပျက်စီးရအောင် ဆရာ မြန်မြန် ထွက်သွားပါတော့”
စည်းကမ်းထိန်းသိမ်းရေးမှူးမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။
“ဆရာကို လေးစားခြင်းနှင့် ပညာကို တန်ဖိုးထားခြင်း” ကြောင့် ကျော်ကြားသော Star Galaxy အလယ်တန်းကျောင်းက ဤမျှ ပုန်ကန်သော ကျောင်းသားများကို မည်သို့ မွေးထုတ်ပေးနိုင်ခဲ့ပါသနည်း။
သူ လူကြီးတစ်ယောက်၏ အခွင့်အာဏာကို ထုတ်သုံး၍ မျက်နှာကို တင်းကာ ဝမ်းဗိုက်ကို ဖောင်းပြီး ခြိမ်းခြောက်လိုက်၏။
“မင်းတို့ အခု ကောင်းကောင်း မသင်ယူလို့ တက္ကသိုလ် မတက်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ”
ယွိဟွားက သက်ပြင်းရှည်ကြီး ချလျက် ဝမ်းနည်းပူဆွေးသော လေသံဖြင့် ပြန်ပြောလာသည်။
“အမှန်ပဲ သား ပိုပြီး အလေးအနက် ထားသင့်တာပါ၊ တက္ကသိုလ် မတက်နိုင်ရင် အိမ်ကို ပြန်ပြီး မိသားစုလုပ်ငန်းကို အမွေဆက်ခံရတော့မှာ၊ သားက ရေနံရောင်းရတာကို မကြိုက်သလို သဲကန္တာရထဲကို သွားပြီး ရှာဖွေရေး လုပ်ရတာကိုလည်း မကြိုက်ဘူး၊ အရမ်းပူပြီး ပျင်းစရာကောင်းတယ်”
စည်းကမ်းထိန်းသိမ်းရေးမှူးက ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားခဲ့၏။
အခြား အတန်း Dမှ ကျောင်းသူကျောင်းသားများနှင့် မတူဘဲ ဤနှစ်ယောက်လုံးမှာ ဂုဏ်သတင်းကြီးသော မိသားစုများမှ ဆင်းသက်လာကြပြီး ထက်မြက်ကာ လိမ္မာပါးနပ်ကြသူများပင်။
သို့သော်လည်း သူတို့၏ ဉာဏ်ပညာကို ကောင်းသောအရာအတွက် အသုံးမချကြပေ။
စည်းကမ်းထိန်းသိမ်းရေးမှူးက တိုက်ပွဲတွင် နောက်တစ်ကြိမ် ရှုံးနိမ့်သွားရပြန်သည်။
ထို့နောက် မာန်မကျအောင် ဟန်ဆောင်၍ နောက်လှည့်ပြီး ထွက်သွားတော့၏။
ယွမ်လော့ရီက အိပ်ချင်မူးတူးဖြင့် သန်း၍ မေးလာသည်။
“ဘာဖြစ်သွားတာလဲ”
ယွိဟွား: “စည်းကမ်းထိန်းသိမ်းရေးမှူး လာပြီး တရားဟောသွားတာ”
ယွမ်လော့ရီက သက်ပြင်းချလျက် ပြောလိုက်၏။
“သူ ငါတို့ကို လက်မလျှော့သေးဘူးကိုး”
ယွိဟွား: “ဟုတ်ပါ့ တကယ့်ကို ဇွဲကြီးတဲ့သူပဲ၊ ဒါပေမယ့် ငါ ဒီနေ့ အနည်းဆုံး နာရီဝက်လောက်တော့ စာကျက်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ငါ တက္ကသိုလ် တစ်ခုခု တက်မှရမယ် ငါ့အစ်ကိုတွေနဲ့ အတူတူ အလုပ်မလုပ်ချင်ဘူး”
လှပသော တက္ကသိုလ်ကျောင်းသူ ဘဝကို တွေးကြည့်မ်ိသောအခါ ယွမ်လော့ရီ အနည်းငယ် တောင့်တမိလာသည်။
ထို့အပြင် ရှေးကျသော ယွမ်မိသားစုတွင် ရှေးဟောင်း အမွေဆက်ခံမှု စနစ်တစ်ခု ရှိသည်ပင်။ ယင်းမှာ အထူးချွန်ဆုံး သားသမီးက အာဏာအားလုံးကို အမွေဆက်ခံပြီး ကျန်သားသမီးများကမူ တက္ကသိုလ် တက်ရောက်ပြီးနောက် မိသားစုရန်ပုံငွေမှ နေထိုင်စရိတ် ရရှိကြခြင်း ဖြစ်၏။
ဤနည်းဖြင့် မိသားစု၏ အာဏာမှာ ပြန့်ကျဲသွားခြင်း မရှိဘဲ သားသမီးများ အားလုံးမှာ ချမ်းသာ၍ လွတ်လပ်သော ဘဝဖြင့် နေထိုင်နိုင်မည် ဖြစ်သည်။
တစ်နည်းအားဖြင့် အစ်ကိုကြီး ယွမ်အောင်းမှ မိသားစုတစ်ခုလုံးကို ထောက်ပံ့နေခြင်းပင်။
သူက ပိုက်ဆံ များစွာ ရှာဖွေနိုင်သောကြောင့် လူတိုင်း ဝေစုများ ပိုရကြလေသည်။
ယွမ်ဖာ့မှာ ပိုက်ဆံ ပြတ်လပ်သည့်အခါတိုင်း ယွမ်အောင်းအား တိုက်တွန်းပြောဆိုတတ်၏။
“မင်း အလုပ်ကြိုးစားဖို့ လိုတယ်၊ ငါ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ပြိုင်ကားတစ်စီး ဝယ်ချင်သေးတယ်”
ယွမ်အောင်း : “မင်းကိုယ်တိုင် ပိုက်ဆံရှာလို့ မရဘူးလား”
ယွမ်ဖာ့ : “ငါ ဒီလ လှပတဲ့ ကျေးလက်ဒေသလေးတစ်ခုဆီ ခရီးသွားရတော့မှာ၊ ဘယ်မှာ ရှာဖို့ အချိန်ရှိတော့မှာလဲ တာ့တာ”
ဒုတိယအစ်ကိုမှာ အစ်ကိုကြီးက အမြဲ ပိုက်ဆံရှာနိုင်သူဟု ယုံကြည်ပြီး အပြစ်ရှိစိတ် လုံးဝ မရှိဘဲ သူ၏ ဝေစုအား စိတ်ဖြောင့်ဖြောင့်ဖြင့် ယူတတ်လေသည်။
ယွမ်လော့ရီ ရုတ်တရက် သူမ၏ ပဉ္စမအစ်ကို ယွမ်ကျွင်းကို သတိရမိသွား၏။
ယွမ်ကျွင်းမှာ သူ၏ အသက် ၁၆ နှစ် အရွယ်တွင် တက္ကသိုလ်ပါမောက္ခ ဖြစ်လာခဲ့သူပင်။ သူ၏ အချိန် အများစုကို ဓာတ်ခွဲခန်း၌သာ ကုန်ဆုံးခဲ့ပြီး ပိုက်ဆံ လုံးဝ မသုံးဘဲ ၎င်းနှင့် ပတ်သက်၍ အယူအဆ မရှိသည့်အပြင် အိမ်မှလည်း အထောက်အပံ့ မယူခဲ့ပေ။
သူ့အား “ကိုကို သတ္တုဓာတ်ပါတဲ့ ရေသန့် တစ်ပုလင်းက ဘယ်လောက်လဲ” ဟု မေးလျှင် အလွန်
ဉာဏ်ထက်သော ပဉ္စမအစ်ကိုက နားမလည်သည့် ပုံစံဖြင့် ကြည့်လာပေလိမ့်မည်။
သူ၏ အဝတ်အစား၊ အစားအစာ၊ သွားလာရေးစရိတ် အားလုံးကို နိုင်ငံတော်မှ ကျခံပေးထားခြင်း ဖြစ်၏။
သို့သော်လည်း ပဉ္စမအစ်ကိုတွင် ရုပ်အလောင်းများအပေါ်တွင် မကောင်းသည့် စွဲလမ်းမှု ရှိပေသည်။
ယွမ်လော့ရီက သူမ၏ ပဉ္စမအစ်ကို ရှိသော မည်သည့် တက္ကသိုလ်ကိုမဆို ရှောင်ရှားရန် ဆုံးဖြတ်ချက် ချလိုက်၏။
စာအုပ်ကို ကောက်ယူကာ စာကျက်နေသော ယွိဟွားအား တစ်ချက်ကြည့်ပြီးနောက် သူမလည်း ရုတ်တရက် စာကျက်ချင်စိတ် ပေါ်လာလေသည်။
သို့သော် ယွမ်လော့ရီမှာ ချက်ချင်း သတိပြန်ဝင်လာပြီး ဤကျန်းမာရေးနှင့် မညီညွတ်သော စိတ်အားထက်သန်မှုကို ပြင်းထန်စွာ ထိန်းချုပ်၍ စားပွဲပေါ်သို့ ဖြည်းဖြည်းချင်း ပြန်မှီချလိုက်၏။
နေ့ဘက်တွင် စာကျက်ပြီး ညဘက်၌ ပြန်လည်လေ့လာရပါက မကြာခင် သူမ၏ အဖြူအမည်း ဓာတ်ပုံလေးကို နံရံပေါ်တွင် ချိတ်ဆွဲရမည်မှာ အသေအချာပင်။
ထို့ကြောင့် ယွမ်လော့ရီတစ်ယောက် အသက်ရှင်ချင်သေးသဖြင့် ဆက်အိပ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ဤသည်မှာ မှန်ကန်သော ရွေးချယ်မှု ဖြစ်ခဲ့၏။
နေ့လယ်ပိုင်းတွင် ပထမနှစ် အတန်း လေးတန်းလုံးအတွက် အားကစားချိန် ရှိလေသည်။
အစောက အိပ်ခဲ့ခြင်းကြောင့် ယွမ်လော့ရီတစ်ယောက် ပူပြင်းသော နေရောင်အောက်၌ မတ်တပ်ရပ်နေနိုင်သေး၏။
အဝေးတစ်နေရာရှိ အတန်းC မှ လီရှင်းမှာ ယွမ်လော့ရီကို သတိပြုမိခဲ့လေသည်။
ယွမ်လော့ရီ၏ သစ္စာရှိ ပရိသတ်တစ်ယောက် အနေဖြင့် idolကို နှုတ်ဆက်ရခြင်းက သူမ၏ တစ်နေ့တာတွင် အပျော်ရဆုံး အခိုက်အတန့်ပင်။
ယွမ်လော့ရီကို မြင်တိုင်း ခုန်ပေါက်၍ ပြေးလာတတ်ပြီး သူမ စီးထားသော ဆံပင်မှာ နောက်ဘက်၌ ဟိုဘက် ဒီဘက်ပင် ယိမ်းထိုးနေသည်။
ထိုပျော်ရွှင်မှုမှာ ကူးစက်တတ်ပေ၏။
ယွမ်လော့ရီထံသို့ ရောက်လာပြီးနောက် လီရှင်းက စိတ်လှုပ်ရှားစွာဖြင့် စကားစလာသည်။
“အား ယွမ်လော့ရီ နင် ဒီနေ့လည်း အရင်လို ချစ်စရာ ကောင်းနေတုန်းပဲ၊ ငါ မနက်က သင်္ချာဆရာ နှိပ်စက်တာ ခံရပြီး သေတော့မယ် ထင်နေတာ အခုတော့ ငါ အသက်ပြန်ရှင်လာသလို ခံစားလိုက်ရပြီ”
ထိုသို့ တိုက်ရိုက် ချီးကျူးခံလိုက်ရသောကြောင့် ယွမ်လော့ရီမှာ အနည်းငယ် ရှက်သွားတော့၏။
သူမ ပြုံးပြီး ပြန်ပြောလိုက်လေသည်။
“အရင် ရသစုံရှိုး အစီအစဉ်တုန်းက ငါ့ကို ကူညီပေးခဲ့လို့ ကျေးဇူးနော်”
လီရှင်းက ချက်ချင်း လက်ကို ဝှေ့ယမ်းပြလာ၏။
“ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ယွမ်မိသားစုကတောင် ငါတို့ကို ပိုပြီး အကူအညီ ပေးခဲ့သေးတယ်”
ယွမ်လော့ရီ အံ့အားသင့်သွားရ၏။
ယွမ်မိသားစုက လီရှင်းကို ဘယ်တုန်းက ကူညီခဲ့ဖူးလို့လဲ။
သူမ မေးရန် ပြင်လိုက်စဉ်မှာပင် အတန်းCမှ အလှပဂေးဟုဆိုရမည့် ဟယ့်ရားတစ်ယောက် ရောက်လာခဲ့သည်။
သူမ ယခင်ကကဲ့သို့ မာနကြီးနေသော်လည်း ယောက်ျားလေး အများအပြားက သူမအား နှစ်သက်နေကြသေး၏။
စာသင်ခန်းထဲရှိ ယောက်ျားလေးများမှာ သူမအား အတန်း၏ အလှပဂေးအဖြစ် တစ်ညီတစ်ညွတ်တည်း မဲပေးရွေးချယ်ခဲ့ကြသည်။
သူတို့က ဟယ့်ရားမှ အခြား မိန်းကလေးများအား အနိုင်ကျင့်နေသည်ကို မြင်သောအခါ ဟယ့်မိသားစု၏ အမွေဆက်ခံသူက သူတို့အတွက် မနာလိုဖြစ်နေခြင်းဟု စိတ်ကူးယဉ်ကြ၏။
သူတို့က အခြား မိန်းကလေးများကို ကြည့်မိသောကြောင့် အပြစ်ရှိသည်ဟုပင် ခံစားမိကြသေးသည်။
ဟယ့်ရားက လီရှင်းအား ရင့်ရင့်သီးသီး တွန်းဖယ်လိုက်ပြီး ရင်ဘတ်ကို ကော့၍ ယွမ်လော့ရီ၏ ရှေ့တွင် ရပ်ကာ ပြောလာ၏။
“ယွမ်လော့ရီ နင်ကတော့ တကယ်ကို တခုခုပဲ”
“နင်ကများ လီရှင်း ငါ့ကို သစ္စာဖောက်သွားအောင် လုပ်ပြီး ဆုပေးစင်ပေါ် တက်ခဲ့တယ်ပေါ့လေ၊ အရမ်း အောက်တန်းကျတာပဲ၊ နင့်မှာ ငါနဲ့ မျှမျှတတ ယှဉ်ပြိုင်ဖို့ အစွမ်းအစ မရှိဘူးလား”
“ယွမ်မိသားစုရဲ့ သမီးတစ်ယောက် အနေနဲ့ အဲလို နည်းလမ်းတွေနဲ့ အနိုင်ရတာကို မရှက်ဘူးလား”
ပုံမှန်အားဖြင့် ဟယ့်ရားက ယွမ်မိသားစု၏ အာဏာကို ကြောက်ရွံ့ပေလိမ့်မည်။
သို့သော် ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် သူမ တစ်ညလုံး အိပ်မပျော်နိုင်လောက်အောင် ဒေါသထွက်နေခဲ့ရသည်။
သူမကသာ အမြဲတမ်း အခြားသူများကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့သူ ဖြစ်သဖြင့် တစ်နေ့တွင် သူမလည်း ထိုသို့ လုပ်ခံရမည်ဟု မထင်ထားခဲ့ပေ။
သူမ ဒီဒေါသအတွက် ထွက်ပေါက်ရှာရမှ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဟယ့်မိသားစုက လက်ဝတ်ရတနာ လုပ်ငန်းပဲ လုပ်တာဆိုတော့ ယွမ်မိသားစုနဲ့ စီးပွားရေးအရ ဆက်စပ်မှု မရှိဘူးလေ။
ဟယ့်ရားက ရုတ်တရက် လှည့်၍ လီရှင်းကို စိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်၏။
“နင် ပြန်ပေးဆပ်စေရမယ်၊ နင့်ရဲ့ အဆင့်တွေ ဘယ်လောက်ပဲ ကောင်းကောင်း နင့်အဖေက ငါတို့ ဟယ့်မိသားစုရဲ့ အလုပ်သမားပဲ၊ သူ ဘယ်လောက် တောင်းပန် တောင်းပန် အသုံးဝင်မှာ မဟုတ်ဘူး၊ ငါတို့ ဟယ့်မိသားစုက သူ့ကို အလုပ်ထုတ်တော့မှာ”
လီရှင်းမှာ ထိုကဲ့သို့ ဆက်တိုက် လှောင်ပြောင်ခံရသော် ဆွံ့အသွားခဲ့သည်။ ခဏတာမျှ တုံ့ဆိုင်းပြီး သူမ မဝံ့မရဲ မေးလိုက်၏။
“ဟယ့်ရား၊ နင် မနေ့က သတင်း မကြည့်ခဲ့ဘူးလား”
ဟယ့်ရားက နှာခေါင်းရှုံ့လျက် လှောင်ပြောင်လာသည်။
“သတင်းလိုမျိုး ပျင်းစရာကောင်းတဲ့ ဟာတွေအတွက် ငါ့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဘာလို့ ဖြုန်းရမှာလဲ”
လီရှင်း: “နင် ကြည့်သင့်တယ်လို့ ငါထင်တယ်၊ ဘာလို့ဆို နင့်မိသားစု မနေ့က ဒေဝါလီခံလိုက်ရပြီလေ”