← Chapters

အခန်း (၈၆)

Vol. 9 Ch. 86

အခန်း (၈၆)

Vol. 9 Ch. 86

Chapter 86

ယွမ်မိသားစု ပျက်စီးရန် အလိုချင်ဆုံးသူမှာ သေချာပေါက် ဆရာမ စုပင် ဖြစ်ပေမည်။

သူမ၏ မိဘနှစ်ပါးစလုံး တိုက်ပေါ်မှ ခုန်ချကာ သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားပြီးနောက် ဆရာမ စုသည် သူတို့၏ အရိုးပြာများကို သူမ၏ လက်ဖြင့် သူမကိုယ်တိုင် မြစ်ထဲ မျှောခဲ့ရ၏။

သင်္ချိုင်းမြေ ကုန်ကျစရိတ်မှာ အလွန် မြင့်မားပေသည်။

ညဘက် ကလပ်၌ သီချင်းဆိုသော သူမ၏ ညီမ ရှာဖွေပေးသည့် ငွေမှာ ညီအစ်မ နှစ်ယောက်၏ စားဝတ်နေရေးအတွက်သာ လုံလောက်သောကြောင့် သူမ ဤနည်းလမ်းကို ရွေးချယ်၍ မိဘများကို အနားယူစေခဲ့ရခြင်း ဖြစ်၏။

ကလေးငယ် ဘဝက သူမသည် မြစ်ကမ်းနားတွင် ဒူးထောက်၍ အသံဝင်သည်အထိ ငိုကြွေးခဲ့သည်။

ယွမ်မိသားစုကို သူမ လက်စားချေမည်ဟု ကတိသစ္စာ ပြုခဲ့၏။

သို့သော်လည်း ယွမ်လော့ရီနှင့် ပထမဆုံး တွေ့ဆုံစဉ်အခါက ဆရာမစုကို အံ့အားသင့်သွားစေခဲ့သည့်အရာမှာ ယွမ်လော့ရီက ယွမ်မိသားစု၏ သမီး ဖြစ်သော်လည်း ယွမ်မိသားစုဝင်တို့၏ ထုံးစံအတိုင်း မာနထောင်လွှားမှု များ လုံးဝ မရှိခြင်းပင်။

ကျောင်းစတက်သည့် ပထမဆုံးနေ့တွင် ဆရာမစုက စင်မြင့်ပေါ်၌ ရပ်နေခဲ့ပြီး အောက်တွင်မူ ဂုဏ်သရေရှိ မိသားစုများမှ ဆင်းသက်လာသော သားသမီးတစ်စုမှာ ဆူညံနေကြ၏။

သူတို့က ပထမဦးစွာ တစ်ဦးကိုတစ်ဦး ယဉ်ကျေးစွာ ချီးမွမ်းကြပြီးနောက် သူတို့ မိသားစု၏ ကြွယ်ဝမှုကို စတင်ကာ ထုတ်ဖော်ကြွားဝါ ကြ‌တော့သည်။

“ငါ့အဖေက အိမ်ခြံမြေ လုပ်ငန်းလုပ်တယ် သူ့ကုမ္ပဏီက အများပိုင်ကုမ္ပဏီ ဖြစ်နေပြီ နင်တို့ရော”

“ငါ့မိသားစုက လေယာဉ်နဲ့ပက်သပ်တဲ့ ဆားဗစ် လုပ်ငန်း လုပ်တယ်”

သူတို့၏ မျက်နှာများတွင် မာနများ၊ မသိနားမလည်မှုများဖြင့် ပြည့်နှက်နေသည်။

ဆရာမစုမှာ အပြင်ပန်းတွင် ပြုံးနေခဲ့သော်လည်း အတွင်းစိတ်၌မူ ပြင်းထန်စွာ လှောင်ပြောင်နေခဲ့၏။

ဤနေရာရှိ ကလေးအများစုသည် စည်းပျက်ကမ်းပျက် ကလေးများ ဖြစ်လာရန် အလားအလာ ရှိနေကြသူများပင်။

အချမ်းသာဆုံးနှင့် အာဏာအရှိဆုံး ယွမ်မိသားစု၏ သမီး ယွမ်လော့ရီကမူ သူမ၏ ထိုင်ခုံ၌ တိတ်ဆိတ်စွာ ထိုင်နေသည်။

သူမ၏ အမူအရာမှာ အပြစ်ဆိုဖွယ်ရာ မရှိ၊ စွဲမက်ဖွယ်ကောင်း၍ နှိမ့်ချမှုရှိကာ ရံဖန်ရံခါ၌ စူးစမ်းလိုစိတ်ဖြင့် ဘေးဘီကို ကြည့်နေတတ်၏။

ဤမျှ ဆိုးသွမ်းသော ယွမ်မိသားစု၌ ဤကဲ့သို့ ချစ်စရာကောင်းသော သမီးတစ်ဦးကို မွေးမြူနိုင်လိမ့်မည်ဟု မည်သူကများ ထင်မိပါမည်နည်း။

ယွမ်လော့ရီသည် အနေအထိုင် တည်ငြိမ်၍ သူငယ်ချင်းဖွဲ့လိုခဲ့သော်လည်း ဆရာမစုက သူမ၏ ဆန္ဒအား ဖြည့်ဆည်းပေးမည် မဟုတ်ချေ။

တစ်နှစ်ပတ်လုံး သူမ ကြိုးစားပမ်းစား စာသင်ယူခဲ့သည်။ အာဏာရှိသော ထိပ်သီးလူများနှင့် ပေါင်းသင်းဆက်ဆံ၍ မည်သည့်နည်းလမ်းဖြင့်မဆို အပေါ်သို့ တက်လှမ်းခဲ့သည်။

ယခုမူ သူမ၏ လက်စားချေရမည့် ပစ်မှတ်မှာ သူမ၏ မျက်စိရှေ့၌ ရောက်ရှိနေချေပြီ။

ဤအခွင့်အရေးကို သူမ မည်သို့ လွှတ်ပေးနိုင်ပါမည်နည်း။

ဤနေရာတွင် ဆရာမဖြစ်ရခြင်း၏ အားသာချက်များ အစွမ်းပြလာ၏။

“ယွမ်လော့ရီ နင်ကလေ သင်ယူနိုင်စွမ်းမရှိဘဲနဲ့ တစ်နေကုန် ဒီလောက်ကြီးတဲ့ ကျောပိုးအိတ်ကြီး လွယ်ထားတော့ရော ဘာထူးလို့လဲ”

“ တခြားသူတွေ အကုန်လုံးက ကျက်နိုင် မှတ်နိုင်နေကြတာကို နင်ကျမှ ဘာလို့ လျှာထစ်နေရတာလဲ”

“ဒီနေ့မှပဲ မေးခွန်းတစ်ခုကို မှန်မှန်ကန်ကန် ဖြေနိုင်တော့တယ် အော် ကြိုတင်လေ့လာထားတာလား သာမန် ကျောင်းသားတစ်ယောက်ရဲ့ အဆင့်ကို ရောက်ဖို့တောင် နင်က တကယ် နှစ်ခါပြန် လေ့လာဖို့ လိုအပ်နေတာပဲ”

ဆရာမစုသည် ယွမ်လော့ရီနှင့် ပတ်သက်သော အရာအားလုံးကို အေးစက်စွာ ဆက်ဆံခဲ့သည်။

ယွမ်လော့ရီက သူမကို ပြန်လည် ချေပရန် ကြိုးစားသည့်အခါတိုင်း ဆရာမစုက ဆရာမ၏ ဟန်ပန်ကို ယူ၍ တုံ့ပြန်လေ့ရှိ၏။

“ငါ ကျောင်းသား အများကြီးကို သင်ဖူးတယ် သူတို့ထဲက တော်တော်များများက နိုင်ငံတကာ ဆုတွေတောင် ရဖူးတယ် နင့်ကို သင်ရတာတော့ အခက်ခဲဆုံးပဲ”

အတန်းထဲရှိ ကျောင်းသားများက တခစ်ခစ် ရယ်ကြ၏။

ဆရာမစုက ယွမ်လော့ရီကို မကြိုက်သောအခါ ကျောင်းသားများကလည်း သူမနောက် လိုက်၍ ဝိုင်းပယ်ထားကြ၏။

ဤသို့ သီးခြားခွဲထုတ်မှုကြီး စတင်ခဲ့ပြီး အားလုံးက ဆရာမစု၏ လက်ချက်ပင် ဖြစ်သည်။

သို့သော်လည်း ဆရာမစု၏ ကောင်းမွန်သောနေ့ရက်များမှာ ကြာရှည် မခံခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ယွမ်လော့ရီ ရုတ်တရက် ပြောင်းလဲသွားခဲ့သောကြောင့်ပင်။

အသက် ၁၁ နှစ်အရွယ်၌ သူမ၏ မျက်လုံးများသည် လူကြီးများထက် ကျော်လွန်သော အသိကို ရရှိလာသကဲ့သို့ပင်။

သူမ လောက၏ ထင်မြင်ချက်များကို ဂရုမစိုက်တော့ပေ။

ဆရာမစုက သူမ၏ အရင် နည်းဗျူဟာများကို ထပ်ခါတလဲလဲ သုံး၍ လူသိရှင်ကြား ငြင်းဆိုကာ သူမအား အင်္ဂလိပ်စာ စာမေးပွဲ အမှတ် သုည ပေးခဲ့သည့်တိုင် သူမ၏ မျက်နှာအမူအရာမှာ မပြောင်းလဲခဲ့ပေ။

ပြန်လည် စစ်ဆေးပြီးနောက် ယွမ်လော့ရီသည် အင်္ဂလိပ်စာ၌ အမှတ်ပြည့် ၁၀၀ ကို ရရှိခဲ့သည်။

သူမ အတန်းA တွင် နေနိုင်ခဲ့သော်လည်း အတန်း D သို့ သွားရန် ရွေးချယ်ခဲ့၏။

ဆရာမစုမှာ ကျောင်းစစ်ဆေးရေးအသင်း ၏ စုံစမ်းစစ်ဆေးမှုနှင့် စတင် ရင်ဆိုင်ရတော့သည်။

Star Galaxy အလယ်တန်းကျောင်းတွင် ဆရာတစ်ဦးက ကျောင်းသားတစ်ဦးကို အနိုင်ကျင့်ခြင်းမှာ ပြင်းထန်သော ပြစ်မှုတစ်ခု ဖြစ်ပေသည်။

ယခုအခါ ကျောင်းအုပ်ကြီးက ဆရာမစုကို ရှာတွေ့ပြီး ပြင်းထန်သော လေသံဖြင့် ပြောလိုက်၏။

“ဆရာမစု ဆရာမက ထူးချွန်တဲ့သူ တစ်ယောက်ပါ ဒါပေမဲ့ တကယ်ကို မိုက်မဲတဲ့ အရာတစ်ခု လုပ်ခဲ့တာပဲ ကျောင်းစစ်ဆေးရေးအသင်းက‌ ဆရာမစု ယွမ်မိသားစုရဲ့ သမီး ယွမ်လော့ရီကို နှုတ်နဲ့ စော်ကားခဲ့တာ မှန်တယ်လို့ အတည်ပြုထားတယ် ဆရာမ ဘာလို့ သူ့ကို ဒုက္ခပေးခဲ့တာလဲ”

ဆရာမ စုက မထီမဲ့မြင်ဖြင့် ပြန်ပြော၏။

“ယွမ်မိသားစုက လက်တုံ့ပြန်ချင်ရင် ပြန်ပါစေ ကျွန်မ မှာ ဆုံးရှုံးစရာ ဘာမှမရှိတော့ဘူး ကျွန်မ သေရမှာတောင် မကြောက်တာ သူတို့ကို ကြောက်စရာ မလိုပါဘူး”

ကျောင်းအုပ်ကြီးသည် ဆရာမစု၏ မိသားစု အတိတ်ကို သိသဖြင့် သူမအား စာနာသော်လည်း သူသည် ယွမ်မိသားစု၏ မိတ်ဆွေဟောင်းတစ်ဦး ဖြစ်ပြီး ယွမ်မိသားစုမှာ သူ့အား အကြိမ်များစွာ ကူညီခဲ့ဖူးသူများလည်း ဖြစ်သည်။

ထို့ကြောင့် ကျောင်းအုပ်ကြီးက ဆရာမ စု၏ စားပွဲပေါ်တွင် အကြောင်းကြားစာ တစ်စောင်ကို တင်လိုက်၏။

“ကိစ္စတွေ ဒီအထိ ရောက်လာတဲ့အတွက် စိတ်မကောင်းပါဘူး အရည်အချင်းပိုင်းမှာတော့ ဆရာမက ထူးခြားပါတယ် ဒါပေမဲ့ ကိုယ်ကျင့်တရားပိုင်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် ကျောင်းသားတွေကို ဖိနှိပ်ပြီး သူတို့ရဲ့ အနာဂတ်ကို ဖျက်ဆီးခဲ့တာဟာ ရာဇဝတ်မှု တစ်ခုနဲ့ အတူတူပဲ”

“ကျောင်းစစ်ဆေးရေးအသင်းက ဆရာမကို သုံးရက် စမ်းသပ်ကာလ အနေနဲ့ ထားလိမ့်မယ် ဆရာမစု ၉၃ အလယ်တန်းကျောင်းကို သွားပြီး အဲဒီကလေးတွေကို စာသင်ပေးရမယ် ဆရာမရဲ့ စွမ်းဆောင်ရည် ထူးချွန်ရင် Star Galaxy အလယ်တန်းကျောင်းမှာ ပြန်သင်ခွင့် ရဖို့ အခွင့်အရေး ရှိပါသေးတယ်”

“ စမ်းသပ်ကာလမှာ မအောင်မြင်ရင်တော့ လုပ်ငန်းအားလုံးက ဆရာမကို နာမည်ပျက်စာရင်းထဲ ထည့်မှာမလို့ ဘယ်တော့မှ အလုပ် ရှာလို့ ရတော့မှာ မဟုတ်ဘူး”

ဆရာမ စုသည် ခေါင်းကို မော့ကာ အေးစက်စွာ ရယ်လိုက်၏။

စမ်းသပ်ကာလတဲ့လား

၎င်းမှာ ပုံမှန် လုပ်ထုံးလုပ်နည်း တစ်ခုသက်သက်သာ ဖြစ်သည်။

သူမ မည်သို့ပင် လုပ်ဆောင်ပါစေ သုံးရက်အတွင်း အပြီးအပိုင် အမည်ပျက်စာရင်း သွင်းခံရမည်ပင်။

သို့သော် ထိုအရာမှာ အရေးမကြီးပေ။

သူမ၏ ညီမမှာ အရင်က နာမည်ကြီး အဆိုတော်တစ်ဦး ဖြစ်ပြီး ဆက်သွယ်မှုများစွာ ရှိနေသေးသည်။

၎င်းတို့ထဲမှ အများစုကလည်း ယွမ်မိသားစုကို မကျေနပ်ချက်များ ရှိနေကြသူများပင်။

အားလုံး ပူးပေါင်းပါက ယွမ်မိသားစုကို ဖြိုချနိုင်ပါသေးသည်။

နေ့လယ်ပိုင်းတွင် ဆရာမ စုသည် သူမ၏ သင်ကြားရေး ပစ္စည်းများကို လျင်မြန်စွာ စုဆောင်း၍ Star Galaxy အလယ်တန်းကျောင်းမှ ထွက်ခွာသွားခဲ့သည်။

ကျောင်းတံခါးဝတွင် သူမ ယွမ်လော့ရီကို တွေ့လိုက်ရ၏။

ယနေ့တွင် အခြေအနေ မတူ‌ပေ။

ယွမ်မိသားစု၏ သားအကြီးဆုံး ယွမ်အောင်းအပြင် ဒုတိယသား ယွမ်ဖာ့နှင့် တတိယသား ယွမ်ရုံတို့ပါ ရောက်ရှိနေကြသည်။

မကောင်းဆိုးဝါးများဖြစ်ကြောင်း မည်သူမှ မငြင်းဆန်နိုင်သည့် သူတို့က သူတို့၏ ညီမရှေ့တွင် အမြဲတစေ ကောင်းသော အစ်ကိုများ ဖြစ်နေကြသည်ကို ဆရာမစု မယုံနိုင်ဖွယ် တွေ့ခဲ့ရ၏။

ယွမ်လော့ရီ သူတို့ဆီ လျှောက်သွားသောအခါ သူတို့၏ မူလက မှောင်မိုက်နေသော မျက်လုံးများမှာ သိသိသာသာ နူးညံ့သွားကြသည်။

ဆရာမစုက မကောင်းသော စိတ်ဖြင့် တွေးလိုက်မိ၏။

“နင်တို့ ပျော်နေနိုင်တုန်းလေး ပျော်ထားကြဦးပေါ့ ယွမ်မိသားစု မပြိုလဲရင် ကောင်းကင်ကြီးရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်ရာ ကျတယ် နင်တို့ရဲ့ မကောင်းမှုတွေအတွက် တန်ဖိုး ပြန်ပေးဆပ်ရလိမ့်မယ်”

ပိုက်ဆံ အကြွေစေ့ အနည်းငယ်ကို ထုတ်ယူပြီး ဆရာမ စုသည် ဟောင်းနွမ်းစုတ်ပြတ်နေသော ဘတ်စ်ကားကို စီးနင်းလိုက်၏။

၉၃ အလယ်တန်းကျောင်းဆီသို့ ဦးတည်သွားနေသည်။

သူမ၏ ပိုက်ဆံအိတ်ကို စစ်ဆေးကြည့်ရာ ယွမ် ၅၀၀ ကျော်သာ ကျန်ရှိတော့သည်။

သူမ ၎င်းကို ပညာရှိရှိ သုံးစွဲရန် လိုအပ်နေချေပြီ။

ကျောင်းစစ်ဆေးရေးအသင်းက သူမ ကျောင်းသား မိဘများထံမှ လက်ဆောင်များ လက်ခံယူခဲ့သည်ကို တွေ့ရှိသွား၍ သူမ၏ ဘဏ်ကတ်ကို ပိတ်ဆို့ ထားသောကြောင့် ငွေ ထုတ်ယူ၍ မရပေ။

ဘတ်စ်ကားသည် ဇိမ်ခံ‌စရာများဖြင့် ပြည့်နှက်နေသော သူဌေးရပ်ကွက်မှ မှောင်မိုက်သော ဆင်းရဲသား ရပ်ကွက်ဆီသို့ ခရီးနှင်လာခဲ့သည်။

၉၃ အလယ်တန်းကျောင်းသို့ ရောက်သောအခါ ဆရာမ စုသည် ကားပေါ်မှ ဆင်း၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ကျောင်းတံခါးမှာ ပျက်စီးနေပြီး အုတ်ကြွပ်အများစု ပြုတ်ကျနေကာ အောက်ဘက်ရှိ မီးခိုးရောင် ကွန်ကရစ်သားများ ပေါ်နေသည်။

၎င်းအား ဆူးကြိုးများဖြင့် ရစ်ပတ်ထားပြီး ထောင်တစ်ခုကဲ့သို့ ဖြစ်နေ၏။

အစောင့်မှာ အိပ်ငိုက်နေသော အဘိုးကြီး တစ်ဦးပင်။

အတွင်းဘက်ရှိ စာသင်ခန်း အဆောက်အအုံများက လင်းထိန်နေပြီး ကျောင်းသားများမှာ စာသင်နေကြဆဲ ဖြစ်သည်။

လွတ်လပ်၍ စိတ်အားတက်ကြွစေသော ပညာရေးကို အားပေးသည့် Star Galaxy အလယ်တန်းကျောင်းနှင့် မတူဘဲ ၉၃ အလယ်တန်းကျောင်းသည် လုံးဝ ပိတ်ဆို့ထားသည့် ပညာရေး ပုံစံကို ကျင့်သုံးနေ၏။

“တောက် တောက် တောက်”

ဖိနပ်မြင့်မြင့် စီးထားသော ဆရာမ စုသည် အစောင့်ထံ ချဉ်းကပ်၍ သူမ၏ စီးပွားရေး ကတ်ပြား (business card) ကို ပေးလိုက်သည်။

“မင်္ဂလာပါ ကျွန်မက Star Galaxy အလယ်တန်းကျောင်းကနေ လာတဲ့ ယာယီ အင်္ဂလိပ်စာ ဆရာမပါ”

အစောင့်သည် ချက်ချင်း နိုးလာပြီး ကတ်ပြားကို တစ်ချက်ကြည့်ကာ ဆရာမ စုအား ဝင်ရန် လက်ဝှေ့ယမ်းပြလိုက်၏။

စင်္ကြံတစ်လျှောက် ချောမောစွာ လျှောက်လာပြီးနောက် ဆရာမစုသည် ၈တန်း၊ အတန်း ၁၃ သို့ ရောက်ရှိလာခဲ့သည်။

တံခါးဝသို့ မရောက်မီကပင် အတွင်းမှ ဆူညံသံများကို ကြားနေရပြီး ဤကလေးများမှာ စိတ်ကြွဆေး သောက်ထားကြသကဲ့သို့ ဖြစ်နေ၏။

တံခါးကို ဖွင့်လိုက်သောအခါ ကျောင်းသားများမှာ ဆရာမ စုအား တစ်ချက် လှမ်းကြည့်လိုက်သော်လည်း မကြာခင်ပင် သူတို့၏ ဆူညံသော ရယ်မောသံများနှင့် ဆော့ကစားခြင်းများကို ဆက်လက် လုပ်ဆောင်နေကြသည်။

အိမ်စာများကိုလည်း ဟိုပစ်ဒီပစ် လုပ်နေကြ၏။

အရွယ်ရောက်ခါစသာ ရှိသေးသော ယောက်ျားလေးများသည် မိန်းကလေးများရှေ့တွင် ဝါကြွားလိုကြသဖြင့် ဆရာကို စိန်ခေါ်ခြင်းမှာ ခေတ်မီသော လုပ်ရပ်တစ်ခု ဖြစ်လာ၏။

ဆရာမ စု သက်ပြင်းချလိုက်သည်။

၉၃ အလယ်တန်းကျောင်းမှာ ယခင်ကအတိုင်း မျှော်လင့်ချက် ကင်းမဲ့နေဆဲပင်။

သူမသည် စင်မြင့်ပေါ်သို့ တက်သွားပြီး စားပွဲပေါ်မှ အမှိုက်များကို လက်တစ်ချက်တည်းဖြင့် တိုက်ချလိုက်၏။

သူမ၏ သင်ကြားရေး အစီအစဉ်ကို ခိုင်မာစွာ ချထားပြီး စီးကရက် တစ်လိပ်နှင့် မီးခြစ်ကို ထုတ်လိုက်သည်။

“ကလစ်”

မီးတောက်သည် စီးကရက်ကို မီးညှိလိုက်သည်။ သူမ အငွေ့ကို နက်ရှိုင်းစွာ ရှူသွင်းပြီး ဖြည်းဖြည်းချင်း ပြန်မှုတ်ထုတ်လိုက်သောအခါ ဆရာမ စု၏ စိတ်အခြေအနေ တည်ငြိမ်သွားခဲ့သည်။

အတန်းထဲရှိ ကျောင်းသားများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ဆရာမ အသစ်ကို စိုက်ကြည့်နေကြ၏။

သူမက အဖြူရောင် လက်ရှည်အင်္ကျီ၊ ကိုယ်ကျပ် စကတ်ကို ဝတ်ထားပြီး လည်ပင်းတွင် တောက်ပသော ပိုးဖဲပဝါ တိုတို တစ်ထည်ကို ပတ်ထားကာ သူမ၏ ကျောင်းသားများရှေ့တွင် မရှက်မကြောက် ဆေးလိပ်ကို သောက်နေ၏။

ကောင်လေးတစ်ဦးက ဆရာမ စုဆီသို့ လျှောက်လာသည်။

သူသည် ၁၅ နှစ်ပင် မပြည့်လောက်သေးပေ။ သို့သော် သူ၏ လက်မောင်းများတွင် တက်တူးများ အပြည့်ရှိနေချေပြီ။

“ခင်ဗျားက မိန်းမတစ်ယောက် ဆရာမတစ်ယောက် ဖြစ်ပြီး ကျွန်တော်တို့ရှေ့မှာ ဘယ်လိုတောင် ဆေးလိပ်သောက် ရဲရတာလဲ”

ဆရာမ စုသည် ဆေးလိပ်ကို နောက်တစ်ကြိမ် နက်နက် ရှူသွင်းပြီး လှောင်ပြောင်သော အပြုံးဖြင့်

“ မင်းတို့က အမှိုက်ပုံထဲမှာ နေနေကြတာ ကိုယ်တိုင်လည်း အမှိုက်တွေ ဖြစ်နေကြပြီလေ ဘေးထွက်ဆိုးကျိုးလေး နည်းနည်းရှိတဲ့ ဆေးလိပ်ငွေ့ကို ကြောက်နေကြသေးတာလား”

ကောင်လေးက ဒေါသထွက်သွားသည်။

ရန်ဖြစ်လိုစိတ်ဖြင့် ဆရာမ စုဆီသို့ ရန်လိုစွာ ရှေ့တိုးလာ၏။ သို့သော် သူမက သူမ၏ ဒေါက်မြင့်ဖိနပ်ကို လျင်မြန်စွာ ချွတ်၍ သူ၏ ခေါင်းကို အားပါးတရ လွှဲရိုက်လိုက်၏။

“အား”

ကောင်လေးမှာ မြေပေါ်သို့ လဲကျသွားပြီး နဖူးမှ သွေးများ စီးကျလာရာ အတန်းတစ်ခုလုံး အံ့အားသင့်စွာ ကြည့်နေကြသည်။

“အိုး ဘုရားရေ ဆရာမက ကျောင်းသားကို ရိုက်လိုက်တယ်”

အတန်းတွင် ဆူပွက်သွား၏။

“ဗျောင်း”

ဆရာမစုက စာသင်ခုံကို လက်ဖြင့် ရိုက်ချလိုက်ရာ ကျောင်းသားများသည် တစ်ဖန် တိတ်ဆိတ်သွားကြသည်။

ဆရာမ စုက ပြောလိုက်၏။

“မင်္ဂလာနံနက်ခင်းပါ ကျောင်းသားတို့ ငါက နင်တို့ရဲ့ ယာယီ အင်္ဂလိပ်စာ ဆရာမပဲ ငါ့ကို ဆရာမ စုလို့ ခေါ်လို့ရတယ် တစ်ချိန်တည်းမှာ ငါက နင်တို့ရဲ့ အစ်မကြီး ဆိုလဲ ဟုတ်တယ် ဒါကြောင့် ငါနဲ့လာပြီး ကစားဖို့ မကြိုးစားနဲ့ ဘာလို့လဲဆိုတော့ ငါက နင်တို့ထက် ပိုတတ်လို့ပဲ”

“နင်တို့ ကံကောင်းတယ် ဘာလို့လဲဆိုတော့ ငါ သင်ပေးမယ့် နောက်ဆုံး ကျောင်းသား အုပ်စု ဖြစ်နေလို့ပဲ ငါ နင်တို့ကို တကယ့် အစွမ်းအစ တွေ သင်ပေးဖို့ ဆုံးဖြတ်ထားတယ်”

“ဒီ သုံးရက်အတွင်း ငါ ပေးမယ့် ဗဟုသုတတွေက နင်တို့ အရှုံးသမား အုပ်စုကို ရွှေလို တောက်ပလာအောင် လုပ်ပေးနိုင်လိမ့်မယ်”

သူမသည် မြေဖြူတစ်တုံးကို ကောက်ယူပြီး သင်ပုန်းပေါ်တွင် စာလုံး အကြီးကြီး တစ်ကြောင်း ရေးလိုက်ကာ စကားလုံး တစ်လုံးချင်းစီကို ကျယ်လောင်စွာ ပြောလိုက်၏။

“ထိပ်တန်း လူတန်းစားတွေဆီကနေ ပိုက်ဆံ ဘယ်လို လှည့်စားယူကြမလဲ”

“ဟား ဟား ဒါက အနုပညာပဲ ငါလည်း အရင်က အမှိုက်ဖြစ်ခဲ့ဖူးတယ် ဒါပေမဲ့ ငါ အမှိုက်ပုံကို အောင်အောင်မြင်မြင် စွန့်ခွာခဲ့တယ် ငါ အလုပ်ပြုတ်ရင်တောင် နင်တို့အားလုံးထက် ပိုကောင်းအောင် နေနိုင်တယ်”

ဆရာမ စု လှည့်လိုက်သည်။ ဤတစ်ကြိမ်တွင် ကျောင်းသားများ အားလုံးသည် စားပွဲခုံများ၌ တည့်မတ်စွာ ထိုင်နေကြပြီး အရင်ကထက် ပိုမို၍ သင်ယူလိုစိတ် ပြင်းပြနေကြ၏။

သူမက ပြောလိုက်၏။

“ပထမဆုံး နင်တို့ အင်္ဂလိပ်စာအုပ်တွေရဲ့ နောက်ဆုံးက ဝေါဟာရ စာရင်းကို ဖွင့်လိုက်”

ကျောင်းသားများသည် ညွှန်ကြားချက်အတိုင်း လိုက်နာကြရာ စာမျက်နှာများ လှန်သံသည် စာသင်ခန်းထဲတွင် ပဲ့တင်ထပ်နေ၏။

ဆရာမ စုက ဒေါက်မြင့်ဖိနပ်သံ တဒေါက်ဒေါက်နှင့် စင်မြင့်ပေါ်မှ လမ်းလျှောက်ဆင်းလာပြီး လက်တစ်ဖက်တည်းဖြင့် သူမ၏ စီးကရက် ပြာကို ခါထုတ်လိုက်သည်။

“ငါ စာမေးပွဲတွေကို သဘောကျတယ် ဘာလို့လဲဆိုတော့ ငါ့ရဲ့ စာမေးပွဲ ဖြေဆိုနိုင်တဲ့ နည်းစနစ်တွေက အားထုတ်စရာ မလိုဘဲ အမှတ်ကောင်းတွေ ရစေလို့ပဲ”

“အခု ငါ စကားလုံး အလုံး ၁၀၀ ရွတ်ပြမယ် နင်တို့ မှတ်ထား နည်းနည်းပါးပါး နည်းစနစ်လေးတွေ ထည့်လိုက်ရင် အထက်တန်း ကျောင်းဝင်ခွင့် စာမေးပွဲမှာ အင်္ဂလိပ်စာ အမှတ် ၁၄၀ ကျော် ရနိုင်လိမ့်မယ်”

“ပြီးတော့ ကောင်းတဲ့ ပညာရေးဆိုတာ ထိပ်တန်း လူတန်းစားတွေ နဲ့ နီးစပ်ဖို့အတွက် ပထမဆုံး ခြေလှမ်းပဲ”

All Chapters