အခန်း (၈၇)
Vol. 9 Ch. 87
Chapter (87)
ယွမ်လော့ရီ နောက်ရက်အနည်းငယ်တွင် အတော်လေး အပန်းပြေသော အချိန်ကို ရရှိခဲ့သည်။
ဖခင်၏ အလုပ်အကိုင် တည်ငြိမ်သွားပြီးနောက် လီရှင်း၏ ယွမ်လော့ရီအပေါ် ချစ်မြတ်နိုးမှုက တစ်ဖန် ပြင်းပြလာခဲ့ပြန်၏။ သူမ၏ မိသားစုသည်လည်း နောက်ဆုံး၌ သိက္ခာရှိရှိ နေထိုင်နိုင်ခဲ့သည်။
လီရှင်းတစ်ယောက် ညဘက်တွင် အိမ်စာများ လုပ်ပြီးလျှင် ပရိသတ် ဖန်တီးမှုများအတွက် လူစုကာ စီစဉ်တော့သည်။ သူမ၏ အားကြိုးမာန်တက် မြှင့်တင်မှုကြောင့် ပရိသတ်ဦးရေမှာ အလွန် မြန်ဆန်စွာ တိုးလာခဲ့၏။
နောက်ထပ် လူတစ်သောင်းသာ ရှိပါက ယွမ်လော့ရီ အချိန် နောက်ပြန်သွားခြင်းကို တစ်ဖန် အသက်သွင်းနိုင်တော့မည်။
မနက်ခင်း၌ ယွမ်လော့ရီ အတန်းDသို့ ရောက်သည်နှင့် ယွိဟွားက စိတ်လှုပ်ရှားစွာ အော်ဟစ်လာသည်။
"ဒီနေ့ ငါတို့ကျောင်းမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်”
ယွမ်လော့ရီက မေးမြန်းလိုက်၏။
"ဘာဖြစ်တာလဲ"
ယွိဟွားက ပြောလာသည်။
"အတန်း Aက ဆရာမစုက ၉၃ အလယ်တန်းကျောင်းကို သွားပြီး အဲဒီက ကျောင်းသားတွေကို သုံးရက် စာသင်ပေးခဲ့တယ်တဲ့၊ ဒီနေ့ အဲဒီကျောင်းသားတွေကို ငါတို့ကျောင်းကို အင်္ဂလိပ်စာ ပြိုင်ပွဲအတွက် ခေါ်လာတာ သူတို့တွေ တကယ်ကြီး ပထမဆု ရသွားတယ်"
"ငါတို့ တတိယနှစ် ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာဆရာတွေတော့ ရှက်လွန်းလို့ ထွက်သွားကြလေရဲ့၊ ငါတို့ကျောင်းက အကောင်းဆုံး ပညာရင်းမြစ်တွေကို သုံးပြီး အကောင်းဆုံး ကျောင်းသားတွေကို သင်တာတောင် ဘယ်လိုမှ မယှဉ်နိုင်ဘူး..."
ထိုစဉ် ယွိဟွားက အနည်းငယ် ရပ်တန့်သွားပြီး တစ်စုံတစ်ခုကို သတိရဟန်ဖြင့် တောင်းပန်စွာ ကြည့်လာသည်။
"ဆောရီး၊ ဆရာမစုက နင့်ကို အနိုင်ကျင့်ဖူးတာကို ငါ သူ့အကြောင်း မပြောသင့်ဘူး"
ယွမ်လော့ရီက ပြန်ဖြေလိုက်၏။
"ကိစ္စမရှိပါဘူး ဆရာမက တကယ် တော်တဲ့ ဆရာမပါ၊ ကျောင်းသား တစ်ယောက် အမှတ်တွေ ကျသွားရင် သူ နည်းနည်းလေး သင်ပေးလိုက်တာနဲ့ အမှတ်တွေ ပြန်တက်လာတာမို့ မိဘ တော်တော်များများက သူ့ကို လက်ဆောင်ပေးပြီး ချဉ်းကပ်ချင်ကြတာပေါ့"
ယွမ်လော့ရီ အတန်း Aတွင် ရှိစဉ်က ဆရာမစုမှာ တစ်ဦးချင်း သင်ကြားပေးခြင်း၏ အခကြေးငွေအဖြစ် စျေးကြီးသော လက်ဆောင်များကို ပွင့်ပွင့်လင်းလင်း တောင်းဆိုခဲ့ပြီး လက်ကိုင်အိတ် တစ်လုံးအတွက် ယွမ်၂၀,၀၀၀ အထိ ဈေးခေါ်ခဲ့ဖူးသည်။
သူမက မိဘများကို ဆန္ဒအလျောက် ငွေပေးစေရုံသာမက ကျေးဇူးတင်စိတ်ပင် တိုးလာအောင် လုပ်နိုင်သည့် ကျွမ်းကျင်သူ ဖြစ်၏။
တကယ်တမ်း ပိုက်ဆံ ပိုရရန်အတွက် ဆရာမစုက အင်္ဂလိပ်စာအပြင် တရုတ်စာနှင့် သင်္ချာကဲ့သို့သော ဘာသာရပ်များကိုပင် အပြင်မှ သင်ကြားပေးခဲ့ရာ အခြားဆရာများက သူမအား မနှစ်သက်ခဲ့ကြပေ။
ယွမ်လော့ရီက သူမ၏ အိတ်ကို ချကာ စာသင်ခုံတွင် ထိုင်လိုက်သည်။
ဖန်သားမျက်နှာပြင်ပေါ်တွင် အင်္ဂလိပ်စာ အွန်လိုင်းအတန်းကို ပြသနေ၏။ ဆရာမစု ထွက်သွားပြီးနောက် Star Galaxy အလယ်တန်းကျောင်းမှ အင်္ဂလိပ်စာ ဆရာမအသစ်ကို ခန့်အပ်ခဲ့လေသည်။ သူမက စံပြ ဗြိတိသျှ လေယူလေသိမ်းကို ပိုင်ဆိုင်ထားပြီး အပြစ် ပြောစရာ မရှိသည့် စာရိတ္တ၊ သပ်ရပ်သော ဝတ်စားမှုနှင့် ကျောင်းသားများအပေါ် စိတ်ရှည်၍ လှပသည့် အမျိုးသမီးငယ်တစ်ဦးပင်။
သူမက ကျောက်သင်ပုန်းပေါ်ရှိ ရှည်လျားသော စကားလုံးစုများအား လက်ညှိုးထိုးပြလိုက်သည်။
"ကလေးတို့၊ ဒီစကားလုံးတွေကို မှတ်မိအောင် သုံးကြိမ် ကျယ်ကျယ်ဖတ်ကြမယ်"
အကယ်၍ ဆရာမစုသာ သင်ကြားနေပါက သူမက စကားလုံး၏ အရင်းအမြစ်များနှင့် ပင်မအဖျားခံရာများကို တိုက်ရိုက် ခွဲခြမ်းစိတ်ဖြာပြီး စကားလုံးတိုင်း၏ ဝေါဟာရသမိုင်းကို ပြောပြလိမ့်မည် ဖြစ်ရာ ကျောင်းသားများက မမေ့မလျော့ဖြင့် အလွယ်တကူ မှတ်မိနိုင်လိမ့်မည် ဖြစ်၏။
ယွမ်လော့ရီ နားထောင်လေလေ ဆရာမအသစ်၏ အတန်းက ပျင်းစရာကောင်းသည်ဟု ခံစားရလေလေပင်။ ထို့ကြောင့် သူမ စားပွဲပေါ်တွင် ခေါင်းချ၍ အိပ်ပျော်သွားတော့သည်။
သူမ ပညာရေးဆိုင်ရာ ဘာသာရပ် အများစုကို နားလည်ပြီးသား ဖြစ်၍ စာကျက်ရန် မလိုဘဲ စာမေးပွဲများတွင် အမှတ်ကောင်းများ ရရှိနိုင်မည်မှာ အသေအချာပင်။
အိပ်စက် အနားယူခြင်းကသာ ပိုကောင်း၏။ မကြာမီ သူမ အချိန် နောက်ပြန်သွားခြင်းအား တစ်ဖန် လုပ်ဆောင်နိုင်တော့မည် ဖြစ်ရာ စွမ်းအင်များ စုထားရန် လိုအပ်ပေသည်။
မနက်ပိုင်းနှင့် နေ့လယ်ပိုင်း အတန်းချိန်များကို ပျင်းရိစွာ ဖြတ်သန်းခဲ့ပြီး နောက်ဆုံး၌ ကျောင်းဆင်းချိန်သို့ ရောက်လာခဲ့၏။
ယွိဟွားက သူ၏ အိတ်ကို ဆွဲယူပြီး အလျင်အမြန် ထွက်သွားရင်း အော်ပြောလာသည်။
"ဒီည ငါ့မှာ esports ပြိုင်ပွဲ ရှိတယ်၊ နောက်မှ တွေ့မယ်နော်"
ယွမ်လော့ရီက သူ၏ ကျောပြင်ကို ကြည့်၍ လှမ်းအော်လိုက်၏။
"အပြတ်အသတ် နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ယွိဟွားက အခြေအနေ အားလုံးကို ထိန်းချုပ်နိုင်ကြောင်း ပြသသည့် အနေဖြင့် လက်မ ထောင်ပြလိုက်သော်လည်း အာရုံလွင့်နေသောကြောင့် သူ့ခြေထောက်နှင့်သူ ခလုတ်တိုက်မိလုနီးပါး ဖြစ်သွားလေသည်။ သူ၏ အားကစားစွမ်းရည်မှာ အမြဲ အားနည်းခဲ့၏။
ယွမ်လော့ရီကမူ သူမ မသုံးဖြစ်သော စာအုပ်များကို အိတ်ထဲသို့ ထိုးထည့်လိုက်ပြီး အတန်းထဲမှ ထွက်လာခဲ့သည်။
စည်ကားနေသည့် လူအုပ်များကို ဖြတ်သန်းစဉ် သူမ ရင်းနှီးသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဆရာမစု၏ တားဆီးခြင်းကို ခံနေရသော စုရွှင်းမှာ စိတ်မရှည်ဟန် ပေါ်နေ၏။
ဆရာမစုက ပြောလာသည်။
"ငါ့ညီမက မင်း အိမ်ပြန်မလာတာ ရက်တော်တော်ကြာပြီလို့ ပြောတယ်၊ ဘာတွေဖြစ်နေတာလဲ"
စုရွှင်းက ပြန်ဖြေလိုက်၏။
"သမီး စုမိသားစုကနေ ထွက်လာခဲ့ပြီ"
ဆရာမစုက နှာခေါင်းရှုံ့လာသည်။
"စုမိသားစုကနေ ထွက်လာတယ်ပေါ့လေ စုမိသားစုရဲ့ ပျိုးထောင်မှုသာ မရှိရင် မင်းက ဘာမှ မဟုတ်ဘူး သတိထားနေ၊ ပြီးတော့ လူငယ်တွေက လူကြီးတွေအပေါ် အမြဲတမ်း ကျေးဇူးရှိပြီး အဲဒီကျေးဇူးက တစ်သက်လုံး ပြန်ဆပ်လို့တောင် မကုန်နိုင်ဘူး"
စုမိသားစု၏ အတွင်းရေး ပဋိပက္ခကို မြင်တွေ့လိုက်ရသောကြောင့် ယွမ်လော့ရီတစ်ယောက် ခပ်ဝေးဝေးမှ နေရန် ဆုံးဖြတ်လိုက်၏။ သူမ အိမ်သို့ အမြန် ပြန်ချင်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ညဘက်၌ အချိန် နောက်ပြန်သွားခြင်းအား အသက်သွင်းနိုင်ချေရှိသည်ပင်။
"ယွမ်လော့ရီ"
ယွမ်လော့ရီ ရှိနေသည်ကို အာရုံခံနိုင်သကဲ့သို့ ဆရာမစုက ရုတ်တရက် လှည့်ကာ သူမ၏ နာမည်ကို အော်ခေါ်လာသည်။
ယွမ်လော့ရီက စိတ်မပါစွာဖြင့် လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်ရ၏။ ဆရာမစုက သူမထံသို့ ဆေးလိပ်နံ့ ပြင်းပြင်းဖြင့် အလျင်အမြန် ချဉ်းကပ်လာလေသည်။ ၉၃ အလယ်တန်းကျောင်း၌ သုံးရက်တာ ကာလအတွင်း သူမ ဆေးလိပ်များ များစွာ သောက်ခဲ့ကြောင်း ထင်ရှားနေ၏။
ဆရာမစုက ယွမ်လော့ရီအား ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်လိုက်သည်။
"ငါ့ကို မြင်တော့ ဘာလို့ နှုတ်မဆက်တာလဲ"
ယွမ်လော့ရီ: "ဆရာမက သမီးဆရာမ မဟုတ်တော့ဘူးလေ"
ဆရာမစုက ပြန်ပြောလာ၏။
"စကားကို ကြည့်ပြောစမ်း ငါက မနက်ဖြန်မှ တရားဝင် အလုပ်ထုတ်ခံရမှာ အခုထိ မင်းရဲ့ ဆရာမပဲ၊ မင်းလည်း ဒီမှာ ရှိနေတုန်းပဲဆိုတော့ မင်းနဲ့ စုရွှင်း ငါ့ကို ဖိုင်တချို့ ရွှေ့ပေးကြ အဲဒါတွေက လေးလို့၊ ငါလည်း ဖိနပ်အမြင့်စီးထားတော့ အဆင်မပြေဘူးလေ"
ရုတ်တရက် အလုပ်ကြမ်း ခိုင်းခံရသောကြောင့် စုရွှင်း ဒေါသထွက်သွားလေ၏။ စုမိသားစုက စိတ်မရှည်ကြကြောင်း နာမည်ကြီးရာ သူမလည်း ခြေထောက်များကို ဆောင့်ကြောင့်ပြီး ဆူပုတ်၍ ဆရာမစု၏ အနောက်မှ သင်ကြားရေး အဆောက်အအုံသို့ လိုက်သွားခဲ့သည်။
ဆရာမစုက ယွမ်လော့ရီကိုပါ ဆွဲခေါ်သွားတော့၏။
ယွမ်လော့ရီ တွေးလိုက်မိသည်။
စောနတည်းက ထွက်ပြေးခဲ့ရမှာ။ လေအဖြစ် အသွင်ပြောင်းပြီး ဆရာမစု မဖမ်းနိုင်အောင် လုပ်ခဲ့သင့်တာကို တကယ်ပါပဲ။
ဆရာမစု၏ ရုံးခန်းက အတော်လေး ကျယ်ဝန်းပြီး နံရံများတွင် ဒီဇိုင်နာချုပ် ဘရန်းလက်ကိုင်အိတ်များဖြင့် အလှဆင်ထားကာ ဗီဒိုတစ်ခုထဲတွင် သူမ၏ ဆုများနှင့် ဆုတံဆိပ်များကို ပြသထား၏။
စားပွဲဘေးတွင်မူ ဖိုင်တွဲများက တောင်ငယ်လေးများသဖွယ် အပုံလိုက် စုပုံနေခဲ့သည်။
စုရွှင်းက ညည်းတွားလာ၏။
"အဒေါ်၊ အဲဒါတွေ ရွှေ့ဖို့အတွက် အလုပ်သမားတစ်ယောက်ပဲ ငှားလိုက်ပါလား၊ သမီး ပိုက်ဆံပေးမယ်"
ဆရာမစုက သူတို့ရှေ့တွင် ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး သောက်၍ ပြောလာသည်။
"ပါးစပ်ပိတ်စမ်း၊ ဟိုဘက်မှာ လှည်းသေးသေးလေးရှိတယ် ဖိုင်တွေကို အဲဒီပေါ် တင်လိုက်"
စုရွှင်းနှင့် ယွမ်လော့ရီတို့မှာ စိတ်ပျက်လက်ပျက်နှင့် ဖိုင်များကို စတင် ရွှေ့ပြောင်းကြရတော့၏။
ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်မျှ လုပ်ရသည်ကပင် အတော်လေး ပင်ပန်းလှသည်။ မကြာမီ ယွမ်လော့ရီတစ်ယောက် ဆက်မလှုပ်ချင်တော့ဟု ခံစားလာရပြီး ရုတ်တရက် ဆရာမစုက သူမအား စိုက်ကြည့်နေသည်ကို သတိထားမိလိုက်၏။
ယခင်ကဆိုလျှင် ယွမ်လော့ရီ ခေါင်းငုံ့၍ မသိချင်ယောင်ဆောင်နေလိမ့်မည်။
သို့သော် ဤတစ်ကြိမ်တွင် သူမ မော့ကြည့်ပြီး သူမအား အမြဲ အနိုင်ကျင့်ခဲ့သော ဆရာမ၏ အကြည့်ကို ပြန်လည် ရင်ဆိုင်လိုက်သည်။
ဆရာမစုက ညင်သာစွာ ရယ်မောလာ၏။
"မင်း တကယ် အများကြီး ပြောင်းလဲသွားတာပဲ"
သူမ၏ စိတ်ထဲတွင် အမြဲ ရှိနေခဲ့သော မေးခွန်းက ပါးစပ်မှ ထွက်လာခဲ့သည်။
ယွမ်လော့ရီ မေးလိုက်၏။
“ဆရာမက ဘာလို့ ဒီလောက်တောင် သမီးကို မကြိုက်ရတာလဲ"
ဆရာမစုက ရိုးရိုးသားသားပင် ပြန်ဖြေလာ၏။
"မင်းက ယွမ်မိသားစုက ဖြစ်နေလို့"
ယွမ်လော့ရီ: "သမီးသာ ယွမ်မိသားစုက မဟုတ်ဘူးဆိုရင်ရော"
ဆရာမစုက ခဏတာ စဉ်းစားပြီး ဆေးလိပ် နောက်ဆုံး တစ်ဖွာကို မှုတ်ထုတ်ကာ သက်ပြင်းချလိုက်သည်။
"ဒါဆို မင်းက ငါ သင်ခဲ့ဖူးတဲ့ လူငယ်တွေထဲမှာ အထူးချွန်ဆုံး ဖြစ်နိုင်တယ်"
ထိုအခါ စုရွှင်း၏ မျက်လုံးများက ပြူးကျယ်သွားတော့၏။ သူမက ဆရာမစု၏ မျက်လုံးထဲ၌ အထူးချွန်ဆုံး ကျောင်းသူမှာ သူမသာဖြစ်သည်ဟု ထင်ထားခဲ့သောကြောင့်ပင်။
ဆရာမစုက စုရွှင်း၏ အတွေးများကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများကို ဒရာမာဆန်ဆန် လှိမ့်ပြလိုက်သည်။
"မင်းမှာ အားနည်းချက်တွေ အရမ်း များလွန်းတယ်၊ ငါ စာရင်းတောင် မပြုစုချင်ဘူး"
"ဘုန်း!"
ရုတ်တရက် အခန်းတွင်းရှိ မီးများ အားလုံး ပျက်သွားပြီး အမှောင်ထုက ဖုံးလွှမ်းသွားတော့၏။
စုရွှင်းက မေးလာသည်။
"မီးပျက်သွားတာလား"
ဆရာမစုက မီးခလုတ်ကို စမ်းပြီး အကြိမ်ကြိမ် ဖွင့်လိုက်ပိတ်လိုက် လုပ်သော်လည်း မီးများမှာ ပြန်လင်းမလာပေ။
ဤသည်မှာ ထူးဆန်းသည်ပင်။ Star Galaxy အလယ်တန်းကျောင်းတွင် အရန်မီးစက် နှစ်လုံး ရှိပြီး ယခင်က မီးပျက်ခြင်းမျိုး မကြုံခဲ့ဖူးပေ။ တစ်စုံတစ်ယောက်က အလိုအလျောက် လျှပ်စစ်ဖြတ် ကိရိယာကို ဆွဲချလိုက်ခြင်း ဖြစ်ရမည်။
ဒါပေမယ့် ဘာလို့ အခုမှ ဒီလို လုပ်ရတာလဲ…
ဆရာမစု တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်ကြည့်လိုက်သည်။ စင်္ကြံလမ်း၌ သန့်ရှင်းရေးသမား တစ်ဦးတစ်လေပင် မရှိဘဲ လုံးဝ ရှင်းလင်းနေ၏။
မျက်နှာကျက်ကို မော့ကြည့်လိုက်ရာ ပုံမှန်ဆိုလျှင် အနီရောင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့် လုံခြုံရေးကင်မရာများက ယခု မှောင်မည်းနေလေသည်။
ခပ်လှမ်းလှမ်း အကွာအဝေးမှ ပုံရိပ် အချို့က ထောင့်ပတ်ပတ်လည်၌ အရိပ်များ ထင်ဟပ်နေခဲ့၏။ သန်မာသော လူများမှ တစ်စုံတစ်ခုကို သယ်ဆောင်လာဟန်နှင့် တူနေသည်။
ဆရာမစုက ပုံသဏ္ဌာန်များအား သဲသဲကွဲကွဲ မြင်ရစေရန် မျက်လုံးကို မှေးကြည့်လိုက်ရာ သူမ၏ နှလုံးသားက တုန်လှုပ်လာတော့၏။
၎င်းတို့မှာ…ဓားများပင်။
သူမ အခန်းတွင်းသို့ ပြန်ပြေးဝင်ကာ တံခါးကို အသားကုန် ဆွဲပိတ်၍ သော့ခတ်လိုက်သည်။ ဖုန်းထုတ်လိုက်သော်လည်း အချက်ပြစနစ်တွင် တစ်တိုင်မှ မမိသည်အား ပြနေပြီး မည်သည့် ဖုန်းခေါ်ဆိုမှုကိုမျှ မပြုလုပ်နိုင်ပေ။
တစ်ခုခုတော့ ဖြစ်နေပြီ။
ပြီးတော့ ကြိုတင် ကြံစည်ထားတာပဲ။
သူမ ကျောင်းသူနှစ်ယောက်ကို ကြည့်လိုက်မိ၏။ သူမ နှစ်သက်သော ကျောင်းသူတစ်ယောက်နှင့် သူမ ရက်စက်စွာ ဆက်ဆံခဲ့ဖူးသော ကျောင်းသူတစ်ယောက်ပင်။
ဆရာမစု ဗီရိုကို ဖွင့်ပြီး ကလေးနှစ်ယောက်ကို အတွင်းသို့ တွန်းလိုက်သည်။ သူမ၏ မျက်နှာက ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေသော်လည်း မျက်လုံးများမှာ ခိုင်မာသော ဆုံးဖြတ်ချက်နှင့် ပြည့်နှက်နေခဲ့၏။
"လူဆိုးတွေ လာနေတယ် မင်းတို့နှစ်ယောက် ဒီထဲမှာ ပုန်းနေ၊ ဘာပဲဖြစ်ဖြစ် အသံမထွက်မိစေနဲ့ နားလည်လား"
ယွမ်လော့ရီက ဆရာမစု၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
"ဆရာမရော ဘယ်မှာ ပုန်းမှာလဲ"
ဆရာမစုက သူမ၏ လက်ကို ခါချလိုက်၏။
"ပါးစပ်ပိတ်ထား၊ မင်းက ကလေးပဲ ရှိသေးတယ် လူကြီးတွေကိစ္စ ဝင်မပါနဲ့"
"ဘန်း!"
တစ်စုံတစ်ယောက်က အပြင်ဘက်မှ တံခါးကို အပြင်းအထန် ထုနှက်နေလေသည်။
ဆရာမစုက ဗီရိုတံခါးကို အမြန် ပိတ်လိုက်၏။
"ဘုန်း!"
ဤတစ်ကြိမ်၌ တံခါးက ကွဲထွက်သွားတော့သည်။
ထို့နောက် ခြေသံ များစွာမှ ချဉ်းကပ်လာပြီး ဆူညံသံများနှင့်အတူ ဆုဖလားများ ကြမ်းပြင်ပေါ်သို့ ကျကွဲသံများ ထွက်လာခဲ့၏။
နောက်ဆုံးတွင် ဆရာမစု၏ ဖျော့တော့တော့ အော်သံသဲ့သဲ့ ထွက်ပေါ်လာလေသည်။
ယွမ်လော့ရီနှင့် စုရွှင်းတို့မှာ မှောင်မိုက်သော ဗီရိုထဲတွင် ကုပ်ကုပ်လေး နေနေကြ၏။
ကျဉ်းမြောင်းသော နေရာလေးထဲတွင် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြပြီး စုရွှင်းမှာ အသံမထွက်ရဲဘဲ တိတ်တဆိတ် ငိုနေရှာသည်။
သူမ၏ အဒေါ်အား ဆုံးရှုံးလိုက်ရပြီပင်။