အခန်း (၈၈)
Vol. 9 Ch. 88
Chapter (88)
အမှောင်ထဲတွင် နှလုံးခုန်သံက ထူးထူးခြားခြား ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့၏။
ဗီရို၏ အက်ကွဲကြောင်းများကြားမှ အလင်းတန်းတစ်ခု ထိုးဖောက်ဝင်ရောက်လာရာ လျှပ်စစ်မီး ပြန်လည်ရရှိပြီး ရုံးခန်းမီးများ ပြန်လည် လင်းထိန်လာခဲ့သည်။
အပြင်ဘက်တွင်မူ အသံတိတ်ဆိတ်နေပြီး ထိုလူအုပ်စု ထွက်ခွာသွားပြီဟု ထင်ရသည်။
ယွမ်လော့ရီက မသေချာသဖြင့် သူမ ဘေးကင်းရန်အတွက် ဗီဒိုကို အလျင်စလို ဖွင့်၍ မထွက်ခဲ့ပေ။
စုရွှင်း၏ မျက်ရည်များမှာ ယွမ်လော့ရီ၏ လက်မောင်းပေါ်သို့ ဆက်တိုက်ကျဆင်းနေပြီး နွေးထွေးမှုကို ခံစားနေရသည်။
၁၂ နှစ်အရွယ် စုရွှင်းအတွက်မူ ဤသည်မှာ အလွန်ကြောက်စရာကောင်းပြီး ဝမ်းနည်းဖွယ် အတွေ့အကြုံပင်။ သူမ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဆရာမစု၏ နောက်ဆုံးစကားကို နာခံ၍ တိတ်တိတ် နေရန်သာ ဖြစ်၏။
အချိန်မည်မျှကြာသည်ကို မသိလိုက်ရဘဲ အပြင်ဘက်မှ သန့်ရှင်းရေးစက်၏ ကျယ်လောင်သံနှင့်အတူ အမျိုးသမီးများ၏ စကားပြောသံများ ထွက်ပေါ်လာသည်။
"ဒီည အလုပ်ဆင်းပြီးရင် အပြင်မှာ ဆုံကြမလား"
"ဟင့်အင်း တော်ပါပြီ ငါ ငါးကြင်းဝယ်ထားပြီးပြီ ဒီည ဟင်းချိုချက်ဖို့လုပ်ရမယ်"
သန့်ရှင်းရေး အမျိုးသမီးများ၏ စကားများကို ကြားရသောအခါ ယွမ်လော့ရီသည် ထိုလူများ တကယ်ပင် ထွက်ခွာသွားပြီဖြစ်ကြောင်း သေချာသွား၏။ သူမသည် ဗီရိုတံခါးကို ဂရုတစိုက် တွန်းဖွင့်ကာ တွားထွက်လာခဲ့သည်။
ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်လိုက်ရာ ဆရာမစုအား မတွေ့ရတော့ပေ။ ရုံးခန်းကမူ တောက်ပစွာ ထိန်လင်းနေပြီး ဗီရိုပေါ်ရှိ ဆုဖလားများကလည်း သပ်ရပ်စွာ စီထားလျက်ရှိရာ ဘာတစ်ခုမှ မဖြစ်ခဲ့သည့်အလားပင်။
စုရွှင်းက ဆက်လက် ထိန်းချုပ်မထားနိုင်တော့ဘဲ ဒူးထောက်ထိုင်ချကာ လက်မောင်းထဲသို့ မျက်နှာအပ်၍ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
ခဏအကြာတွင် တစ်ခုခုကို သတိရဟန်ဖြင့် ရုတ်တရက် ထရပ်လိုက်ပြီး လက်ဖြင့် မျက်ရည်များကို သုတ်လိုက်၏။
သူမသည် ဖိုင်ပုံများထံသို့ ပြေးသွားကာ စတင် မွှေနှောက် ရှာဖွေတော့၏။ "ပျောက်နေပြီ တကယ်ပျောက်သွားပြီ"
ယွမ်လော့ရီက မေးသည်။ "ဘာပျောက်တာလဲ"
စုရွှင်းက မျက်လုံးများနီရဲစွာဖြင့် ယွမ်လော့ရီကို စိုက်ကြည့်လိုက်၏။
သူတို့နှစ်ဦးသည် အရင်းနှီးဆုံး ပြိုင်ဘက်များ ဖြစ်ကြ၏။ ယွမ်လော့ရီမှာ ယွမ်မိသားစုဝင်မှ အခြားသူများနှင့် မတူကြောင်း စုရွှင်း သိထားသည်။ ယွမ်လော့ရီမူ အိမ်သာထဲတွင် ငိုကြွေးတတ်ပြီး အနိုင်ကျင့်ခံရသော ကျောင်းသားများကို မြင်သည့်အခါ တည်ငြိမ်စွာ လမ်းလျှောက်သွားခြင်းဖြင့် သွယ်ဝိုက်၍ ကူညီပေးခဲ့ဖူးသည်။
ယခု သူမ၏ အဒေါ် ဆုံးပါးသွားပြီဖြစ်ရာ စုရွှင်းသည် ကလေးတစ်ဦးကဲ့သို့ ဆက်နေ၍ မဖြစ်တော့ပေ။
သူမမှာ စုမိသားစု အသက်ရှင်ရန်အတွက် လွတ်လမ်းတစ်ခု ရှာဖွေရမည် မဟုတ်ပါက လူတိုင်း အသတ်ခံရတော့မည်။
ခြေတစ်လှမ်းချင်း လှမ်း၍ စုရွှင်းက ယွမ်လော့ရီထံ ချဉ်းကပ်လာခဲ့သည်။ သူမ၏ အကြည့်က ဝမ်းနည်းနေသော်လည်း အက်ကွဲကြောင်းမှ ထိုးထွက်လာသော ပန်းရိုင်းတစ်ပွင့်ပမာ ယိမ်းယိုင်ခြင်းမရှိပေ။
သူမက ပြောသည်။ "ငါ မွေးလာတဲ့နေ့ကစလို့ လူကြီးတွေအားလုံး ပြောခဲ့တာက ယွမ်မိသားစုက စုမိသားစုကို ထောက်ပံ့ခဲ့ပြီးတော့ သူတို့ ကိုယ်တိုင်ပဲ စုမိသားစုကို ဖျက်ဆီးပစ်ခဲ့တာတဲ့ ငါတို့က စွန့်ပစ်ခံရတဲ့ အပေါင်ပစ္စည်းတွေမလို့ လက်စားချေရမယ်တဲ့"
သူမသည် ယွမ်လော့ရီရှေ့တွင် ရပ်လိုက်၏။ "ငါ စုမိသားစုရဲ့ လျှို့ဝှက်ချက်ကို ပြောပြနိုင်တယ် နင် ငါ့ကို ကူညီပေးနိုင်မလား"
ယွမ်လော့ရီက စဉ်းစားလိုက်၏။ လူမြင်ကွင်းတွင် လူသတ်မှုအား ရဲတင်းစွာ ကျူးလွန်ခြင်း၊ လျှပ်စစ်မီးနှင့် ကင်မရာများကို ပိတ်ပစ်နိုင်သည့် စွမ်းရည်။ ၎င်းသည် အတိတ်ကဖြစ်ရပ်နှင့် အလားသဏ္ဌာန်တူပြီး တရားခံအစစ်၏ နည်းစနစ်များ ဖြစ်သည်။
စုရွှင်း၏ စကားများအရ ဤတစ်ကြိမ်တွင် တရားခံအစစ်မှာ ဆရာမစုကို လိုချင်ပြီး အရေးကြီးသော ဖိုင်များကို ယူသွားခဲ့ပုံရ၏။
ဆရာမစုသည် တရားခံအစစ်က မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် အသတ်ခံရခြင်းဖြစ်ရမည်။
စုရွှင်းကို ကြည့်လိုက်ရာ တစ်ချိန်က မာနကြီးခဲ့သော မိန်းကလေးမှာ ယခု၌ တုန်ယင်နေပြီး မျက်နှာတွင် မျက်ရည်များ စီးကျနေလျက်ရှိသည်။
ယွမ်လော့ရီက လက်လှမ်း၍ စုရွှင်းကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ "မကြောက်ပါနဲ့ ငါ နင့်ကို ကူညီပါ့မယ် နင် အသတ်ခံရမှာ မဟုတ်ဘူး"
စုရွှင်းသည် မျက်ရည်များကို မထိန်းနိုင်တော့ဘဲ မျက်လုံးများတွင် မျက်ရည်များက ဝဲတက်လာခဲ့၏။ သူမသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန်အတွက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ယွမ်လော့ရီနှင့်အတူ ထိုင်ကာ ဖြည်းဖြည်းချင်း စတင်ပြောပြတော့သည်။
"ယွမ်မိသားစုမှာ လက်ရှိ အာဏာရှိနေတဲ့သူက နင့်အစ်ကို ယွမ်အောင်းပဲ သူ့ရဲ့ လုပ်ပုံကိုင်ပုံကို လူတိုင်း သိတယ် ဆုချတာနဲ့ အပြစ်ပေးတာကို ရှင်းအောင် လုပ်တယ် သူ့ရဲ့ရန်သူ ဖြစ်သွားရင် ကံကြမ္မာဆိုးနဲ့ ကြုံရပြီး၊ သူ့ရဲ့မိတ်ဆွေ ဖြစ်သွားရင်တော့ ယွမ်မိသားစုရဲ့ အကာအကွယ်ကို ရတယ် အားလုံးက သူ မျက်နှာသာပေးတာကို လိုချင်ကြတာပေါ့"
"အရင်က နင့်အဖေ ယွမ်ချန်းက အာဏာရှိခဲ့တာ သူက စီးပွားရေးကို စိတ်မဝင်စားဘဲ ပြောရရင် ဘာမှ မစီမံ မခန့်ခွဲဘူး သူက အရမ်း ခွင့်လွှတ်တတ်တဲ့သူ၊ နင် သူ့ကို စိတ်ဆိုးအောင် လုပ်မိရင်တောင် ကောင်းကောင်း တောင်းပန်ရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"
"ထပ်ပြောရမယ်ဆို နင့်ရဲ့ အဘိုး ယွမ်ကျန်းဟိုင် ရှိခဲ့တယ်..."
ဤနေရာတွင် စုရွှင်းက တုန်ယင်သွား၏။ "သူက ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပဲ"
စုရွှင်းသည် အတိတ်ကို ပြန်အမှတ်ရသွား၏။
အချိန်များ စီးဆင်းသွားသည်နှင့်အမျှ လူများ ရက်စက်စွာ သေဆုံးသွားလိမ့်မည်။ သက်သေအထောက်အထားများ ပျောက်ကွယ်သွားမည်။ သို့သော် ဝမ်းနည်းဖွယ်ရာ သမိုင်းက နှုတ်မှတစ်ဆင့် ဆင့်ကမ်း သယ်ဆောင်သွားခြင်းခံရလိမ့်မည်။
စုဇနီးမောင်နှံသည် မူလက လူလတ်တန်းစားများ ဖြစ်ကြ၏။ သူတို့သည် ဆယ်စုနှစ်တစ်စုကျော်ကြာ အဓိက ကော်ပိုရေးရှင်းတစ်ခုတွင် လုပ်ကိုင်ခဲ့ပြီး ငွေအချို့ စုဆောင်း၍ ကိုယ်ပိုင်အကြံဉာဏ်များ ပေါ်ပေါက်လာခဲ့သည်။
ထို့ကြောင့် သူတို့သည် စီမံကိန်း အဆိုပြုလွှာ တစ်ခု ရေးသားခဲ့ကာ ထိပ်တန်းသူဌေးကြီး ယွမ်ကျန်းဟိုင်ထံသို့ စိုးရိမ်တကြီးဖြင့် စာတိုက်မှ ပေးပို့ခဲ့ပြီး ယွမ်မိသားစုထံမှ ရင်းနှီးမြှုပ်နှံမှုကို မျှော်လင့်ခဲ့ကြ၏။ သူတို့၏ ရည်မှန်းချက်မှာ အစပိုင်း ရင်းနှီးမြှုပ်နှံမှုအတွက် ယွမ်ငွေ ၅ သန်းခန့် ရရှိရန် ဖြစ်ပေသည်။
ရက်အနည်းငယ်ကြာပြီးနောက် အကြောင်းပြန်စာတစ်စောင်ကြောင့် စုဇနီးမောင်နှံမူ အလွန်ဝမ်းသာသွားကြပြီး တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။
ယွမ်ကျန်းဟိုင်သည် ထိုသူတို့နှင့် တွေ့ဆုံရန် ဆန္ဒရှိခဲ့ပြီး ဆိုလိုသည်မှာ သူတို့သည် ယွမ်ငွေ သန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံမှုကို ရရှိနိုင်မည်ဖြစ်၏။
မိုးသောက်ချိန်၌ သူတို့ ပြင်ဆင်ထားသော စာရွက်စာတမ်းများကို ယူ၍ ယွမ်မိသားစု၏ ကားပေါ်သို့ တက်ကာ ယွမ်ကျန်းဟိုင်နှင့် တွေ့ဆုံရန် ယွမ်အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။
သူ၏ ပိုမိုဆိုးရွားလာသော ကျောရိုးအခြေအနေအရ ယွမ်ကျန်းဟိုင်သည် လမ်းမလျှောက်နိုင်တော့ဘဲ ဘီးတပ်ကုလားထိုင်တွင်သာထိုင်ရ၏။ သူ၏ အသားအရေမှာ ဖြူဖျော့နေပြီး အရောင်အဝါကင်းမဲ့လုနီးပါးဖြင့် ပိန်ပါးသော ခန္ဓာကိုယ်က ညှိုးခြောက်နေသည့် ထင်းရှူးပင်နှင့် တူနေသည်။
သူ၏ မျက်နှာသွင်ပြင်များမှာ ခန့်ညားပြီး ချောမောသော်လည်း လှလှပပဖြင့် အရွယ်မတိုင်မီ သေဆုံးသွားသော ရုပ်အလောင်းကဲ့သို့ ထိတ်လန့်ဖွယ် ဆိုးရွားသော အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။
ယွမ်ကျန်းဟိုင်၏ အကြည့်က စုဇနီးမောင်နှံအပေါ် ကျရောက်လာသောအခါ သူတို့သည် အလိုအလျောက် နောက်ဆုတ်သွားကြ၏။
သူ၏ မျက်လုံးများက အေးစက်၍ ခံစားချက်ကင်းမဲ့ကာ သူတို့အား တိတ်တဆိတ် စူးစမ်းနေခဲ့ပြီး တင်းမာမှုကို ခံစားရစေခဲ့သည်။
ယွမ်ကျန်းဟိုင်က ညင်သာစွာ ပြုံးလိုက်ရာ တင်းမာသော လေထုက ချက်ချင်း ပျောက်ကွယ်သွား၏။ သူသည် ပြန်လည် တက်ကြွလာဟန်ဖြင့် အိမ်ထောင်ဦးစီးတစ်ဦးကဲ့သို့ တည်ငြိမ်ပြီး ဖော်ရွေကာ ချဉ်းကပ်ရ လွယ်သူအဖြစ် ပေါ်လွင်လာသည်။
"ဒေါက်၊ ဒေါက်"
သူ၏ သွယ်လျသော လက်ချောင်းများက လက်တင်ထိုင်ခုံကို ခေါက်လိုက်ရာ သပ်ရပ်စွာ ဝတ်စားထားသော အစေခံအမျိုးသားများသည် ချက်ချင်း ရောက်လာပြီး စုဇနီးမောင်နှံအတွက် ထိုင်ခုံများ ယူဆောင်လာခဲ့၏။
ယွမ်ကျန်းဟိုင်က ဆိုသည်။ "ထိုင်ပါဦး ငါ မင်းတို့ရဲ့ စီမံကိန်းကို အရမ်း စိတ်ဝင်စားတာ ဒီနေ့ကို မင်းတို့အတွက်ပဲ သီးသန့် အချိန်ပေးထားတယ်"
သူ၏ အသံမှာ ပေါ့ပါးသော်လည်း အဆိပ်ပြင်းသော မြွေတစ်ကောင်၏ အသက်ရှူရှိုက်သံကဲ့သို့ ထွက်ပေါ်နေသည်။
စုဇနီးမောင်နှံက နေရာယူထိုင်လိုက်ကြသည်။
"ရွှစ်!"
စာရွက်များက ပေါ့ဆစွာ လှန်လှောခံလိုက်ရသည်။ ယွမ်ကျန်းဟိုင်က ၎င်းတို့ကို လျင်မြန်စွာ ဖတ်ရှုလိုက်၏။ "မင်းတို့နှစ်ယောက်က အချက်အလက် ဆန်းစစ်သူတွေဆိုတော့..."
စုမိသားစု၏ အိမ်ထောင်ဦးစီး စုကျဲ့ကျန်းက စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။
"မစ္စတာယွမ် အာမခံလုပ်ငန်းက အချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်းစနစ်တွေကို အရေးတကြီး မိတ်ဆက်ဖို့ လိုအပ်နေပါတယ် လူတွေ မှာယူတဲ့ အစားအသောက် အမျိုးအစားတွေ သူတို့ရဲ့ နေ့တိုင်း လေ့ကျင့်ခန်းလုပ်တဲ့ အချိန်နဲ့ သူတို့ရဲ့ အလုပ်ပတ်ဝန်းကျင်က လေထုညစ်ညမ်းမှု အဆင့်တွေကို ကျွန်တော်တို့ ခွဲခြမ်းစိတ်ဖြာပြီး ပြင်းထန်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေကို တွက်ချက်သွားမှာပါ ဒါကို အခြေခံပြီး သူတို့တွေအနေနဲ့ ကျန်းမာရေး အာမခံအတွက် ဘယ်လောက် ပေးသင့်တယ်ဆိုတာကို ဆုံးဖြတ်လို့ရပါတယ်”
စုကျဲ့ကျန်းမှ အော်ပြောပြီးနောက် သူ၏ အပြုအမူက မည်မျှ ရိုင်းပျသွားသည်ကို သတိပြုမိလိုက်၏။ သူသည် ယွမ်ကျန်းဟိုင်၏ စကားကို ဖြတ်ပြောလိုက်ပြီး အပိုစကားရှည်များ ပြောမိသွားခဲ့သည်။
အိုး၊ မကောင်းတော့ဘူး။
ယွမ်ကျန်းဟိုင်သည် လုပ်ငန်းနယ်ပယ်တွင် "အာဏာရှင်" အဖြစ် လူသိများ၏။ သူ၏ လုပ်ရပ်တိုင်းမှာ ရက်စက်သော ကပ်ဘေးတစ်ခုနှင့် တူသည်။ ယွမ်မိသားစုအား တစ်ကြိမ်တစ်ခါမျှ မထိပါးသူများပင် ဒေဝါလီခံသည်အထိ မောင်းထုတ်ခံခဲ့ရ၏။ လူအများသည် ဒေဝါလီခံရမည့်ထဲ၌ မပါဝင်ရန် တိတ်ဆိတ်စွာ ဆုတောင်းရုံသာ တတ်နိုင်ကြသည်။
ယခု၌ စုကျဲ့ကျန်းကမူ သူ့အား ဒေါသထွက်စေခဲ့နိုင်သည်။ သူသည် ယွမ်ကျန်းဟိုင်၏ မျက်နှာထားကို စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေ၏။
ယွမ်ကျန်းဟိုင်၏ မျက်နှာထားက ယခင်အတိုင်း ပြုံးလျက်ပင်။ သူသည် ကြိုဆိုသည့် အမူအရာဖြင့် လက်ကို ဆန့်တန်း၍ ဆိုသည်။ "လူငယ်တွေ အမြဲတမ်း စွမ်းအင်တွေပြည့်နေတာ ကောင်းပါတယ် ဒါပေမဲ့ မစ္စတာစု၊ ထိုင်လိုက်ပါ ဒီနေ့ ငါတို့ ဆွေးနွေးစရာတွေ အများကြီး ရှိပါတယ်"
အရှက်ကွဲမှုကြောင့် မျက်နှာ အနည်းငယ် နီရဲနေသော စုကျဲ့ကျန်းသည် သူ၏ ထိုင်ခုံတွင် ပြန်ထိုင်လိုက်၏။ သူ၏ ဇနီးက စားပွဲအောက်မှ သူ့အား လျှို့ဝှက်စွာ ခြေထောက်ဖြင့် ကန်၍ ကိုယ်ဟန်အနေအထားနှင့် အပြုအမူကို သတိထားရန် သတိပေးလိုက်သည်။
"ဘန်း"
တံခါးက ရုတ်တရက် ပွင့်လာပြီး ခန့်ညားသော လူငယ်တစ်ဦးသည် ခြေလှမ်းကျဲကျဲဖြင့် ဝင်လာခဲ့၏။ သူသည် အသက် နှစ်ဆယ်ကျော်ခန့် ရှိပြီး အရပ်မှာ ၂ မီတာကျော် ရှည်ကာ ကျယ်ပြန့်သော ရင်အုပ်သည် သိမ်းငှက်တစ်ကောင်ပမာ ဖောင်းမို့နေခဲ့၏။ ထိုသူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် တည်ငြိမ်မှုနှင့် အားမာန်တို့ ထွက်ပေါ်နေခဲ့သည်။
သူသည် မာနကြီးပြီး ကျက်သရေရှိသော မြင်းတစ်ကောင်ကဲ့သို့ တန်ခိုးအာဏာ၊ ဣန္ဒြေနှင့် ကြံခိုင်မှုတို့ကို ထုတ်လွှင့်နေ၏။ စုကျဲ့ကျန်းကား အမျိုးသားဖြစ်သော်လည်း ထိုလူငယ်၏ ဆွဲဆောင်မှုကို ခံစားမိနေခဲ့သည်။
သူ့ကို မြင်လိုက်ရသောအခါ ယွမ်ကျန်းဟိုင်၏ ယခင်က အေးစက်နေသော အကြည့်က အနည်းငယ် ပျော့ပျောင်းသွားပြီး လှမ်းခေါ်လိုက်သည်။ "ချန်း၊ မင်း ဘယ်သွားမလို့လဲ ဒီနေ့ စီမံကိန်းက အလားအလာ အရမ်းကောင်းတာ မင်း စီးပွားရေး လုပ်ငန်းတွေကို လေ့လာဖို့ သိပ်ကောင်းတဲ့ အချိန်ဘဲ လာ၊ ဒီမှာ ငါနဲ့အတူ လာဆွေးနွေး"