အခန်း (၈၉)
Vol. 9 Ch. 89
Chapter - (89)
[သူ၏ ကောင်းချီးပေးမှု]
ဖခင်ဖြစ်သူနှင့် ဆိုးရွားသည့် ဆက်ဆံရေးရှိသောကြောင့် ယွမ်ချန်းသည် သူ၏ ဖခင်အား ခွန်းတုံ့ပြန်စကား ပြောချင်စိတ် လုံးဝမရှိပေ။
သို့သော် ယနေ့မှာ ထူးခြားသည့်နေ့ဖြစ်ရာ ယွမ်ချန်းက သူ၏ ခြေလှမ်းများကို ရပ်၍ ပြော၏။ “အဖေ ကျွန်တော် လက်ထပ်တော့မယ်”
ယွမ်ကျန်းဟိုင်က မေးမြန်းသည်။
“မင်္ဂလာအခမ်းအနားက ဘယ်အချိန် ကျင်းပမှာလဲ”
“တစ်နာရီအတွင်းပါ”
“ဘယ်သူနဲ့လဲ”
“အဖေ စုံစမ်းပြီးပြီမဟုတ်လား”
ယွမ်ကျန်းဟိုင်က အေးစက်စွာ လှောင်ပြောင်သရော်၏။ “အော်၊ အဲအမျိုးသမီး လုပ်ကြံသူလား သူက အရိုင်းဆန်လွန်းပြီး ယဉ်ပါးအောင် လုပ်လို့မရလို့ ယွမ်မိသားစုရဲ့ သခင်မအသစ်ဖြစ်ဖို့ မသင့်တော်ဘူး ငါ မင်းကို အကြံပြုခဲ့တဲ့ ဂုဏ်သိက္ခာရှိတဲ့ မိသားစုတွေက အမျိုးသမီးတွေက ပိုပြီး နူးညံ့တယ်၊ သိမ်မွေ့တယ် မင်း သူတို့ထဲက အမျိုးသမီးကောင်း တစ်ယောက်ကို ရွေးလို့ရတယ်”
ဖခင်ဖြစ်သူနှင့် စကားစမြည် ပြောဆိုမှုများက သူ၏ အာရုံကြောများကို အမြဲတစေ ညှဉ်းဆဲလေ့ရှိ၏။ ယွမ်ချန်းသည် သူ၏ ဖခင်အား အသိပေးမိလိုက်သည့်အတွက် နောင်တရမိသည်။ ပုံမှန်အတိုင်း လျစ်လျူရှုကာ သူ ချစ်ရသော မိန်းကလေးထံသို့ တန်းတန်းမတ်မတ် ဦးတည်သွား၍ သူတို့နှစ်ဦး၏ ချိုမြိန်သော အချိန်များကို ခံစားခဲ့သင့်သည်။
ယွမ်ချန်းက ပြတ်သားစွာ ပြောကြားလိုက်၏။ “ဒီကမ္ဘာကြီးမှာ သူ တစ်ယောက်တည်းပဲ ကျွန်တော်ရဲ့ဇနီး ဖြစ်နိုင်တယ်”
ယွမ်ကျန်းဟိုင်က ဆိုလိုက်သည်။ “မင်းရဲ့သွေးကြောတွေထဲမှာ ငါ့သွေးတွေ စီးဆင်းနေတာ မင်းမှာ ချစ်နိုင်တဲ့ စွမ်းရည်ရှိရဲ့လား”
ဤစကားကြောင့် ယွမ်ချန်းတစ်ယောက် ဒေါသအမျက် ထွက်လာလေ၏။ အတိတ်ကာလမှ ပြောပြ၍ မရသော အဖြစ်အပျက်ဆိုးအချို့က သူ၏ စိတ်ထဲတွင် ပေါ်ပေါက်လာပြီး မျက်နှာအမူအရာမှာလည်း မှောင်မိုက်သွားခဲ့သည်။ “ကျွန်တော်က အဖေနဲ့ မတူဘူး”
အခန်းအတွင်းရှိ လေထုက ရေခဲမှတ်သို့ ကျဆင်းသွားခဲ့၏။ စုဇနီးမောင်နှံနှစ်ဦးသည် အပြင်လူများအနေဖြင့် ယွမ်ချန်းနှင့် သူ့ဖခင်၏ ထိပ်တိုက်ရင်ဆိုင်မှုကို မျက်မြင်တွေ့ရ၍ အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးနေကြသည်။
“ဒေါက်၊ ဒေါက်!”
ယွမ်ကျန်းဟိုင်က လက်တင်ထိုင်ခုံ၏ လက်တန်းကို ခေါက်လိုက်ရာ အနက်ရောင်ဝတ်ဆင်ထားသည့် သက်တော်စောင့်တစ်စုက ယွမ်ချန်းအား ဝန်းရံလိုက်ကြ၏။
ယွမ်ကျန်းဟိုင်က အသံနိမ့်နိမ့်ဖြင့် အမိန့်ပေးသည်။ “မင်းမှာ လက်ထပ်ခွင့် မရှိဘူး”
ယွမ်ချန်းသည် ပတ်ဝန်းကျင်မှ လူများကို အေးစက်သည့် မျက်ဝန်းများဖြင့် စူးစမ်းကြည့်ရှုလိုက်ရာ တစ်ဦးတစ်ယောက်မျှ တိုက်ခိုက်နိုင်စွမ်း မရှိသည်ကို တွေ့ရ၍ ပြောလိုက်၏။ “လက်ထပ်တော့ရော ဘာဖြစ်လဲ”
“လက်ထပ်မယ်ဆို မင်း အိမ်ပြန်မလာနဲ့တော့”
“ဟ ကျွန်တော့်အတွက် ကွက်တိပဲပေါ့ သူက ပိုက်ဆံရှာ အတော်လေး ကျွမ်းတာ သူ့နာမည်နဲ့ ပိုင်ဆိုင်မှုတွေ အများကြီးရှိတယ် ကျွန်တော်တို့ လက်ထပ်ပြီးရင် ကျွန်တော့်ကို ထောက်ပံ့ပြီး ကျွန်တော့်ရဲ့ လက်နက်တွေ သုတေသနလုပ်ဖို့ အတွက်တောင် ပိုက်ဆံထုတ်ပေးမယ်တဲ့”
ယွမ်ချန်းက ထပ်လောင်းပြောကြားသည်။ “ကျွန်တော့် စိတ်ကို လွတ်ထွက်သွားအောင် သူတကယ် လုပ်နိုင်တယ် သူ့ကို ပထမဆုံး မြင်လိုက်ရကတည်းက ကျွန်တော့်ကို ဆွဲဆောင်နိုင်ခဲ့တာ သူ့ကို မြင်ရလေလေ၊ ကျွန်တော့်နှလုံးသားက ပိုပြီး ရင်ခုန်လာလေလေပဲ သူ့ကို မြင်လိုက်ရတိုင်း အချစ် ဆိုတဲ့ခံစားချက်ကိုဘာလို့များ ဒီလောက် ထပ်ခါတစ်လဲလဲ ခံစားနေရတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ခဲ့ဘူး”
သက်တော်စောင့်များကို တွန်းဖယ်ရင်း ယွမ်ချန်းက ရှေ့သို့ တိုးသွား၏။
တံခါးဝအနီးသို့ ရောက်သောအခါ တစ်ဖန် ရပ်တန့်၍ ဒေါသထွက်နေသည့် ဖခင်အား လှည့်ကြည့်ကာ ပြောသည်။ “အဖေ ကျွန်တော့်အတွက် နောက်ထပ် မိန်းမတွေနဲ့ မိတ်မဆက်ပေးတာကောင်းမယ် ကျွန်တော် သူ့ကို ကွာရှင်းရင် ကျွန်တော့်ကို သတ်ပစ်မှာတဲ့”
“အဖေ သိပါတယ် အဲ့မိန်းကလေးက သူရဲ့လုပ်ငန်းမှာ တကယ် ကျွမ်းကျင်တာ ရိုးသားပြီးတော့ စကားအတိုင်း တသွေမသိမ်း လုပ်တတ်တယ် တစ်ယောက်ယောက်ကို လိုက်ပြီဆိုရင် သူတို့ လွတ်နိုင်မှာ မဟုတ်သလို ပုန်းနိုင်မှာလည်း မဟုတ်ဘူး”
“အဖေ့ရဲ့ တစ်ဦးတည်းသော သားကို ဒီလိုမျိုးတော့ မသေစေချင်ဘူးမလား”
ဤသို့ ပြောပြီးနောက် ယွမ်ချန်းက နောက်ထပ် စောင့်ဆိုင်းခြင်းမရှိဘဲ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ သူတို့နှစ်ဦး၏ သမီးရည်းစားဘဝ၌ ကြုံခဲ့ရသည့် အန္တရာယ်ရှိသော အတွေ့အကြုံများအရဆိုလျှင် သူသာ မင်္ဂလာအခမ်းအနားသို့ နောက်ကျပါက ထိုချိုသာသော မိန်းကလေးက သူ့အား ဓားဖြင့် အကြိမ်များစွာ ထိုးနှက်လိမ့်မည်။ ထို့ကြောင့် သူ အမြန်သွားရမည်။
သူ၏ သား ထွက်ခွာသွားပြီးနောက် ယွမ်ကျန်းဟိုင်၏ အမျက်ဒေါသက ထင်ရှားနေသည်။ သူသည် အစေခံအမျိုးသားအား ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြော၏။ “မင်း ငါ့ကို လက်ဖက်ရည် တစ်ခွက်ငှဲ့ပေး”
အစေခံအမျိုးသား၏ မျက်နှာက ဖျော့တော့သွားခဲ့သည်။ သူသည် ငွေရောင်လက်ဖက်ရည်ဗန်းကို ယွမ်ကျန်းဟိုင်ထံသို့ သယ်လာပြီး ဖန်ရေနွေးအိုးကို ကိုင်၍ စတင် လောင်းထည့်သည်။
ယွမ်ကျန်းဟိုင်က ပြော၏။ “ငါ့သားရဲ့ သွားလာလှုပ်ရှားမှု အားလုံးကို ငါ့ဆီ အစီရင်ခံဖို့ မင်းကို ငါပြောခဲ့တယ်မလား အဲဒီ့ မိန်းမယုတ်နဲ့ လက်ထပ်တော့မယ်ဆိုတာကို ငါက ဘာကိစ္စ အခုမှ သိရတာလဲ”
အစေခံအမျိုးသား၏ အသက်ရှူသံမှာ ကြောက်ရွံ့မှုကြောင့် မြန်ဆန်လာခဲ့ပြီး သူ၏ လက်များက အထိန်းအကွပ်မဲ့စွာ တုန်ယင်လာရာ လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်များ ဖိတ်စင်သွားခဲ့သည်။
ဖြူဖျော့၍ ညှိုးခြောက်နေသော လက်ကြီးတစ်ဖက်က အစေခံအမျိုးအသား၏ လက်အား အုပ်မိုးလိုက်ရာ သူ၏ လှုပ်ရှားမှုကို ချက်ချင်း တည်ငြိမ်သွားစေခဲ့၏။
ယွမ်ကျန်းဟိုင်သည် ရေနွေးအိုးကို ယူလိုက်ပြီး လျှံကျမှုကို တိကျစွာ ထိန်း၍ ခွက်၏ ခုနစ်ပုံတစ်ပုံ ပြည့်သည့်အခါတွင် ရပ်တန့်လိုက်၏။ သူသည် ရေနွေးအိုးကို ငွေရောင်ဗန်းပေါ်သို့ ပြန်တင်လိုက်ရာ သူ၏ လှုပ်ရှားမှုများက အသံတစ်စုံတစ်ရာမျှ မထွက်ဘဲ ကျက်သရေရှိပြီး သိမ်မွေ့လှသည်။
တစ်ချိန်တည်းတွင် အစေခံအမျိုးသားမှာမူ ကြောက်ရွံ့မှုကြောင့် ချွေး တဒီးဒီး စီးကျနေလေ၏။
ယွမ်ကျန်းဟိုင်က ဆိုသည်။ “မင်း အခု သွားလို့ရပြီ”
အမျိုးသားအစေခံက တုန်ယင်သော အသံဖြင့် ပြောသည်။ “သခင်ယွမ်၊ ကျွန်တော်…”
ယွမ်ကျန်းဟိုင်၏ အကြည့်က ရုတ်တရက် သတ်ဖြတ်လိုသည့် သဘောကို ဖော်ပြလျက် ဆို၏။ “ပြောပြီးသားစကားကို ထပ်ပြောရအောင်မလုပ်နဲ့ ”
အခြား အစေခံအမျိုးသားများက ရှေ့သို့ ရောက်လာပြီး ထို အစေခံ အမျိုးသားအား ဆွဲခေါ်ထုတ်သွားကြသည်။ သူ၏ မျက်လုံးများက တောင်းပန်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
သူသည် နှစ်ပေါင်းများစွာ ယွမ်မိသားစုအပေါ် အင်မတန် သစ္စာရှိခဲ့ပြီး သူ၏ အရာအားလုံးကို ပုံအပ်ခဲ့သည်။ သူသည် သခင်ယွမ်အတွက် အသက်ပေးနိုင်သော်လည်း ယွမ်ကျန်းဟိုင်က စွန့်ပစ်လိုက်သော အမှိုက်သရိုက်အား ဘယ်တော့မှ ဒုတိယ အခွင့်အရေး မပေးပေ။
ထိုကိစ္စကို ဖြေရှင်းပြီးနောက် ယွမ်ကျန်းဟိုင်မူ အနည်းငယ် စိတ်ပျက်အားငယ်နေပုံ ပေါ်သည်။
ဤလောကတွင် သူ၏ သားသာလျှင် သူ၏ တစ်ဦးတည်းသော စိုးရိမ်မှုဖြစ်သော်ငြား သူတို့၏ ဖခင်နှင့်သား ဆက်ဆံရေးက ဤအခြေအနေအထိ ဆိုးရွားခဲ့ရသည်။
တုန်လှုပ်နေသော စုဇနီးမောင်နှံနှစ်ဦးဘက်သို့ လှည့်၍ ယွမ်ကျန်းဟိုင်က မေးလိုက်၏။ “မင်းတို့ရော ကလေးတွေ ရှိကြလား”
စုကျဲ့ကျန်းက ဆိုသည်။ “သမီးနှစ်ယောက် ရှိပါတယ် အကြီးက ၁၃ နှစ်၊ အငယ်က ၂ နှစ်ရှိပါပြီ”
အတိတ်ကို ပြန်လည် အမှတ်ရရင်း ယွမ်ကျန်းဟိုင်က သက်ပြင်းချလိုက်၏။ “သမီးတွေရှိတာ ကောင်းတယ် သူတို့က အထူးသဖြင့် နာခံတတ်ပြီး ပတ်ဝန်းကျင်က လူတွေကိုလည်း ဂရုစိုက်တတ်တယ် ငါ့မှာလည်း သမီးတစ်ယောက် ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဆုံးပါးသွားခဲ့တာ”
“သမီးလေး အသက်ရှင်နေမယ်ဆိုရင် နာခံတတ်ပြီး အမူအကျင့်ကောင်းတဲ့ အမျိုးသမီးလေးအဖြစ် ကြီးလာမှာပါ”
“ဒီကမ္ဘာပေါ်မှာ အစစ်မှန်ဆုံး အချစ်ကတော့ မိသားစုအချစ်ပဲ ဖြစ်ရမယ် ခုထိ သူ့အကြောင်း တွေးလိုက်တိုင်း ငါ့နှလုံးသားက နာကျင်နေရတုန်းပဲ”
ယွမ်ကျန်းဟိုင်က သူ၏ ဘီးတပ်ကုလားထိုင်ပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ စက်မှ မြည်ဟီးသံ စတင်ပြုလာပြီး ဘီးသေးသေးလေးများက လည်ပတ်စပြုလာသည်။ သူသည် စုဇနီးမောင်နှံနှစ်ဦးထံသို့ ရွေ့လျားသွားပြီး သူတို့အား သေချာစွာ လေ့လာသည်။
“မင်းတို့ နှစ်ယောက်က လိုက်ဖက်တာပဲ အရည်အချင်းရှိပြီး ဆွဲဆောင်မှုလည်းရှိကြတယ် နေ့တိုင်း အချင်းချင်း အရမ်းချစ်ကြမှာ သေချာတယ်”
စုကျဲ့ကျန်းက ရှက်ရွံ့စွာ ပြုံး၍ ပြောသည်။ “ကျွန်တော်တို့ ခဏခဏ အငြင်းပွားကြပါသေးတယ်”
“မင်းတို့ သမီးနှစ်ယောက်လည်း ထူးချွန်ကြမှာ သေချာတယ်”
“အကြီးလေးက စာမေးပွဲတွေမှာ အမြဲတမ်း ပထမရတယ်လေ အငယ်ကတော့ ပြောဖို့ အရမ်းငယ်သေးပေမဲ့ နည်းနည်းတော့ စိတ်တိုတတ်ပုံရတယ်”
“အငယ်မလေးလည်း သေချာပေါက် ထူးချွန်လာမှာပါပဲ ဒါက မျိုးရိုးနဲ့ ဆိုင်တယ် မိဘကောင်းတွေနဲ့ဆို ကလေးတွေလည်း ဆိုးမှာ မဟုတ်ပါဘူး”
ယွမ်ကျန်းဟိုင်၏ မျက်နှာအမူအရာက ရုတ်တရက် ညိုးငယ်သွားခဲ့သည်။ “ဒီတစ်ခါ သူ ငါ့ကို တမင်သက်သက် ထပ်ပြီး စိတ်ဆိုးအောင် လုပ်နေတယ်လို့ ထင်ခဲ့ပေမဲ့ တကယ် အတည်ဖြစ်နေတာဘဲ ယူမဲ့လူက ယောက်ျားတစ်ယောက် မဟုတ်တာဘဲ တော်သေးတာ မိန်းမကတော့ ကလေးတွေ မွေးပေးနိုင်ပါသေးတယ် အဲ့မိန်းမ အဆိပ်အတောက်မဖြစ်နေဖို့တော့ မျှော်လင့်ရတာပဲ”
စုဇနီးမောင်နှံနှစ်ဦးက ရှုပ်ထွေးသည့် အမူအရာများကို ပြသလိုက်ကြ၏။
ယွမ်ကျန်းဟိုင်က ဆက်၍ ပြော၏။ “အိမ်ထောင်ရေးအချစ်က ရွှေလို သန်မာလို့ ကောင်းပေမဲ့ ကျိန်စာလည်းဟုတ်တယ် တစ်ယောက်က စောစော သေသွားရင် ကျန်တဲ့ တစ်ယောက်က သေတဲ့အထိ နာကျင်မှုကို ခံစားရလိမ့်မယ်”
သူသည် သူ၏ အရိုးများ ထင်းနေသော လက်ကြီးများဖြင့် စုဇနီးမောင်နှံနှစ်ဦး၏ လက်ကောက်ဝတ်များကို ဆုပ်ကိုင်လိုက်သည်။
အေးစက်သော ထိတွေ့မှုကြောင့် စုကျဲ့ကျန်းက တုန်ယင်သွားပြီး ယွမ်ကျန်းဟိုင်မှ ပြင်းထန်စွာ ဆွဲလိုက်ရာ ဇနီးမောင်နှံ၏ လက်များက တစ်ခုပေါ် တစ်ခု ထပ်သွားခဲ့၏။
ယွမ်ကျန်းဟိုင်က ပြုံး၍ ပြောသည်။ “သေခြင်းတရားကြောင့် ခွဲခွာရတဲ့နာကျင်မှုကို မင်းတို့ မခံစားရစေဖို့အတွက် နှစ်ယောက်စလုံး ဒီလောကထဲကနေ တစ်ချိန်တည်း ထွက်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ထိုအချိန် စုဇနီးမောင်နှံနှစ်ဦးမှာ ဤစကား၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ကြပေ။
ငါးနှစ်အကြာတွင် သူတို့သည် တစ်ဦး၏ လက်ကို တစ်ဦး တင်းတင်းဆုပ်ကိုင်ရင်း အထပ်မြင့် အဆောက်အအုံပေါ်မှ အတူတကွ ပြုတ်ကျခဲ့ကြပြီး အပိုင်းပိုင်း ကျိုးပဲ့ကြေမွကာ ချက်ချင်း သေဆုံးသွားခဲ့သည်။
ယွမ်မိသားစုထံမှ ရင်းနှီးမြှုပ်နှံမှု ရရှိပြီး ညတွင်းချင်း ဘီလျံနာများ ဖြစ်လာခဲ့သော စုမိသားစုသည် တစ်ညတည်းနှင့် သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးခဲ့ရ၏။
အချိန်များက လျင်မြန်စွာ ကုန်လွန်သွားပြီး
ကြယ်များက လည်ပတ်နေသည်။
Star Galaxy အလယ်တန်းကျောင်း အတွင်း၌ မည်သူမျှ မရှိတော့ပေ။
လုံခြုံရေးအစောင့်က ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ကျောင်းဂိတ်က ဖြည်းညှင်းစွာ ပိတ်သွားခဲ့၏။ မနက်ဖြန် နံနက် ၇ နာရီတွင် ကျောင်းသားများကို ကျောင်းဝင်းအတွင်းသို့ ကြိုဆိုရန်အတွက် ကျောင်းဂိတ်ကို ပြန်လည် ဖွင့်လှစ်လိမ့်မည်။
ယွမ်လော့ရီမူ မိသားစုပိုင်ကားအတွင်း ထိုင်နေရင်း အပြင်ဘက်မှ လျင်မြန်စွာ ကုန်ဆုံးသွားသည့် ရှုခင်းများကို စိုက်ကြည့်နေကာ သူမ၏ စိတ်နှလုံးက အချိန်ကြာမြင့်စွာ မငြိမ်သက်နိုင်ခဲ့ပေ။
မနက်ဖြန် နံနက်ပိုင်းတွင် အမျိုးသမီးစု ပျောက်ဆုံးသွားသည့် သတင်းက Star Galaxy အလယ်တန်းကျောင်း တစ်ကျောင်းလုံး၌ ပျံ့နှံ့သွားမည်ဖြစ်သော်လည်း မည်သူမျှ သူမအား ရှာတွေ့လိမ့်မည် မဟုတ်ကာ ရက်စက်ကြမ်းကြုတ်၍ သွေးထွက်သံယို အသံများကိုလည်း မည်သူမျှ ကြားနိုင်တော့မည်မဟုတ်ပေ။
ယခုအခါ ဖြစ်နိုင်ခြေအသစ်တစ်ခု ပေါ်ထွက်လာလေပြီ။ ယွမ်မိသားစုအား ယွမ်မိသားစုကိုယ်တိုင်ကပင် သုတ်သင်ရှင်းလင်းခြင်းခံခဲ့ရသည်ဟူ၍ဖြစ်၏။
ယွမ်လော့ရီသည် သူမ၏ အဖိုး ယွမ်ကျန်းဟိုင်ကို အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူး၏။ သူသည် ကျန်းမာရေးမကောင်းသဖြင့် ဆေးစွဲသောက်နေရပြီး ဖေဖေယွမ်နှင့် တင်းမာသော ဆက်ဆံရေး ရှိသည်။ သူ၏ စိတ်ကျန်းမာရေးကို ဂရုစိုက်ထိန်းသိမ်းရန်အတွက် နောက်ပိုင်းတွင် ပင်လယ်ကမ်းစပ်ရှိ ဗီလာသို့ ပြောင်းရွှေ့နေထိုင်ခဲ့၏။
သို့သော်လည်း သူသည် ယွမ်လော့ရီအပေါ် အလွန်ကြင်နာခဲ့သည်။ သူမကို တွေ့သည့်အခါတိုင်း အရုပ်များနှင့် ကိတ်မုန့်များကို ပေးလေ့ရှိ၏။
ယွမ်လော့ရီ ငါးနှစ်သမီးအရွယ်၌ ယွမ်ကျန်းဟိုင်မှာ အလွန်အားနည်းနေပြီဖြစ်ပြီး သွားလာလှုပ်ရှားနိုင်ရန်အတွက် အသက်ရှူစက်ကို သယ်ဆောင်သွားရ၏။ သူ၏ ဖြူဖျော့သော လက်ကြီးများဖြင့် ယွမ်လော့ရီအား ပွေ့ဖက်ပြီး သူ၏ အရိုးများထင်းနေသည့် လက်မောင်းများထဲတွင် ပွေ့ပိုက်ထားသည်။
သူသည် နွေးထွေး၍ အလွယ်တကူ ချဉ်းကပ်နိုင်သော အပြုံးဖြင့် ပြုံးပြ၏။
“သူတို့ ကံကောင်းတယ် ဘာလို့လဲဆိုတော့ မြေးမလေးက ဒီကမ္ဘာပေါ်မှာ အပြည့်စုံဆုံး ကလေးတစ်ယောက် ဖြစ်လို့ပဲ”
“မြေးလေးက အချစ်ခံရဖို့ မွေးလာခဲ့တာ”
“ဒါကြောင့် မြေးမလေးရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ အဆုံးမဲ့ ရိုးသားတဲ့ အချစ်တွေပဲ ရပါစေလို့ ဘိုးဘိုး ဆုတောင်းပေးပါတယ်”