အခန်း (၉၀)
Vol. 9 Ch. 90
Chapter - (90)
[ဖေဖေ ပြန်လာပြီ။]
ယွမ်လော့ရီတစ်ယောက် ယွမ်အိမ်တော်သို့ ပြန်ရောက်သောအခါ အိမ်ရှေ့တံခါးဝတွင် ဖေဖေယွမ်နှင့် ဆုံလေ၏။ သူလည်း ယခုမှ ပြန်ရောက်လာခြင်း ဖြစ်ပြီး သူ၏ လေကာအပေါ်အင်္ကျီကို အိမ်တော်ထိန်းထံသို့ လှမ်းပေးနေသည်။
မေမေယွမ် ပြောပုံအရဆိုလျှင် ဖေဖေယွမ်က မကြာသေးမီက လေပြင်းများ တိုက်ခတ်ရာ မြောက်ပိုင်းဒေသသို့ သွားရောက်ခဲ့၏။ လက်နက်စမ်းသပ်မှုများကို ပြင်ပတွင် ပြုလုပ်၍ စီမံခန့်ခွဲခဲ့ရသဖြင့် အတော်လေး ပင်ပန်းခက်ခဲခဲ့လေသည်။ ကိုယ်အလေးချိန်ပင် အနည်းငယ် ကျသွားခဲ့ကာ သူ၏ သွင်ပြင်မှာလည်း ပင်ပန်းနွမ်းနယ်နေပုံ ပေါက်၏။
အပြင်ထွက်ပြီး လုပ်ရသည့် အလုပ်များ အမြောက်အများ လုပ်ကိုင်ခဲ့ရသော်လည်း ဖေဖေယွမ် အသားညိုမသွားသည်ကို ယွမ်လော့ရီ သတိပြုမိလိုက်သည်။ ယွမ်မိသားစုဝင်များ၌ အသားညိုခြင်းကို ဆန့်ကျင်သည့် မျိုးရိုးဗီဇဆိုင်ရာ ပင်ကိုယ်အထုံ ရှိပုံရ၏။
ထိုအချိန်တွင် ဖေဖေယွမ်မှာ မျက်မှောင်ကျုံ့လျက် တင်းမာသော အမူအရာဖြင့် စိတ်မကြည်မလင် ဖြစ်နေသည်ကို ဖော်ပြနေလေသည်။ ယွမ်လော့ရီကို တွေ့သောအခါ ပိုမို တင်းကြပ်စွာ မျက်မှောင်ကျုံ့သွားခဲ့၏။
သူ၏ လေသံမှာ အမြဲတမ်း ပြင်းထန်လျက်ပင်။
“ဘာလို့ ဒီလောက် နောက်ကျမှ အိမ်ပြန်လာရတာလဲ”
ယွမ်လော့ရီက ပြန်ဖြေလိုက်၏။
“ကျောင်းကိစ္စတွေနဲ့ အချိန်ကုန်သွားလို့ပါ”
“နောက်တစ်ခါ ဒီလောက် နောက်မကျစေနဲ့”
“ဟုတ်”
“ဒီနေ့ရော အိမ်စာတွေ များလား”
ဤမေးခွန်းက ယွမ်လော့ရီအတွက် ပြဿနာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် အတန်းDတွင် အိမ်စာ လုံးဝ မရှိသောကြောင့်ပင်။
သို့သော်လည်း သူမ အတန်းDတွင် ပျင်းရိနေသည်ကို ဖေဖေယွမ် သိ၍ မဖြစ်သဖြင့် သူမ ချောမွေ့စွာ စတင် လိမ်ညာလိုက်၏။
“တော်တော် များတယ် အင်္ဂလိပ်စာက စာလုံးရေ ၅၀၀ စာပိုဒ်ကို မှတ်ရမယ်၊ သင်္ချာ လေ့ကျင့်ခန်း ယူနစ် နှစ်ခု ပြီးအောင် လုပ်ရမယ်၊ တရုတ်စာပေက စာပိုဒ် ငါးခုကို ဖတ်ပြီး နားလည်အောင် လေ့ကျင့်ခန်းတွေ လုပ်ရမှာ ရှိတယ်၊ ပြီးတော့ အစုံလိုက်ပါတဲ့ လေ့ကျင့်ခန်း စာမေးပွဲ သုံးစုံလည်း ရှိပေမဲ့ တစ်စုံကို ကျောင်းမှာ ပြီးအောင် လုပ်ထားပြီးပါပြီ”
ဖေဖေယွမ်က သူ၏ သမီး အတန်းDတွင် အချိန်ဖြုန်းမနေမှန်း သိလိုက်ရ၍ သက်ပြင်းချကာ ခေါင်းငြိမ့်လိုက်သည်။
ယွမ်မိသားစုကဲ့သို့ ဂုဏ်သရေရှိ မိသားစုများအတွက် ပညာရေးက အထူးတလည် အရေးမပါပေ။ ကျောင်းတက်သည်မှာ သားသမီးများအတွက် သာမန် လူထု အတွေ့အကြုံကို တွေ့ကြုံခံစားရစေရန် လုပ်ဆောင်ရသည့် လုပ်ရိုးလုပ်စဉ်သာ ဖြစ်၏။
ယွမ်မိသားစုတွင် သူတို့၏ သားသမီးများကို ပြုစုပျိုးထောင်ရန် သီးခြားနည်းလမ်းများ ရှိသော်လည်း ဖေဖေယွမ်မှာ သူ၏ အင်မတန် နူးညံ့သိမ်မွေ့သော သမီးငယ်အား ထိုပင်ပန်းစေသည့် လေ့ကျင့်ရေး စနစ်များကို လေ့လာစေရန် ရည်ရွယ်ချက် မရှိပေ။ သူမအတွက် သူ၏ တစ်ခုတည်းသော လိုအပ်ချက်မှာ ပျင်းရိခြင်းကို ရှောင်ရှားရန်သာ ဖြစ်၏။
ဖေဖေယွမ်က သူ၏ လက်ကို ယွမ်လော့ရီ၏ ပခုံးပေါ် တင်လိုက်သည်။
“ညစာ သွားစားရအောင်၊ သမီးရဲ့ အစ်ကိုကြီး သုံးယောက် ရောက်နေတယ်”
“အစ်ကိုကြီး သုံးယောက်” ဟု ပြောလိုက်သောအခါ ဖေဖေယွမ်၏ အသံက ရုတ်တရက် အေးစက်သွားခဲ့သည်။
သူမ၏ ဖခင် အဘယ်ကြောင့် ဤမျှ စိတ်ညစ်နေသည်ကို ယွမ်လော့ရီ နားလည်သွား၏။ သားတစ်ယောက် ထပ်တိုးလာတိုင်း ဖေဖေယွမ်၏ စိုးရိမ်ပူပန်မှုများက နှစ်ဆ တိုးလာလေသည်။ သားများမှာ အရွယ်ရောက်ပြီးသူများ ဖြစ်ကြသော်လည်း သူ၏ မျက်လုံးထဲတွင်တော့ ပြဿနာများသာ ဖြစ်နေဆဲပင်။
ယွမ်မိသားစုဝင်များသည် သံလိုက်၏ တူညီသောဝင်ရိုးများ တွန်းကန်ကြသကဲ့သို့ တစ်ဦးနှင့်တစ်ဦး မတည့်ကြပေ။
ဖေဖေယွမ်မှာ သူ၏ ဆိုးသွမ်းသော သားများက သူတို့၏ “ဆိုးသွမ်းချိန်များ”တွင် သူ၏ စုဆောင်းမှုများအား ဖျက်ဆီးပစ်သည်ကို တွေ့မြင်ရသောအခါတိုင်း သတ်ဖြတ်ချင်စိတ်အား အနည်းငယ် ခံစားရလေ့ ရှိသည်။ သို့သော်လည်း သူ၏ နက်ရှိုင်းသော ဖခင်မေတ္တာက ထိုသတ်ချင်ဖြတ်ချင်စိတ်ကို ထိန်းချုပ်ပေးခဲ့ရာ သူ၏ သားများအား အသက်ရှင်သန်ရန် အဖိုးတန်သော အခွင့်အရေးကို ပေးအပ်ခဲ့၏။
မည်သို့ပင်ဆိုစေကာမူ မေမေယွမ်မှာ ကလေးများကို အလွန် ချစ်မြတ်နိုးသဖြင့် ဖေဖေယွမ်က သူမ၏ ဆန္ဒများကို လိုက်လျောပေးခဲ့ရသည်။ အိမ်ထောင်ပြုပြီးနောက် မေမေယွမ်မှ သူ့အား ပြဿနာရှာသော ကောင်ဆိုးလေး ငါးယောက်နှင့် စိုးရိမ်ရသော သမီးလေး တစ်ယောက်ကို မွေးဖွားပေးခဲ့၏။
ဖေဖေယွမ်၏ ဘေးနားတွင် လမ်းလျှောက်နေသော ယွမ်လော့ရီက ပို၍ပင် သေးငယ်နေပုံရသည်။ ဖေဖေယွမ်က အမှန်တကယ်ပင် ဟိတ်ဟန်ရှိလှ၏။ ယွမ်လော့ရီမှာ အသက် ၁၁နှစ် ရှိပြီ ဖြစ်သော်လည်း သူသာ ချီချင်ပါက ကြောင်လေးတစ်ကောင်ကဲ့သို့ ကောက်ယူပွေ့ချီနိုင်ဆဲပင်။
ဖေဖေယွမ် ထမင်းစားခန်းထဲသို့ ဝင်လိုက်သည်နှင့် သူ၏ သားသုံးယောက်ကို လှမ်းမြင်လိုက်ရ၍ သက်ပြင်းချလိုက်မိသည်။
သူ မေမေယွမ်ထံသို့ ဦးစွာ ချဉ်းကပ်သွားပြီး လက်တစ်ဖက်ကို စားပွဲပေါ် ထောက်၍ မှီကာ သူမ၏ မျက်နှာကို ချစ်ခင်စွာ ပွတ်သပ်ရင်း ပြောလိုက်၏။
“မင်္ဂလာညနေခင်းပါ၊ ကိုယ့်ရဲ့ အမျိုးသမီးလေး”
ထို့နောက် သူ မတ်မတ် ပြန်ရပ်၍ ပါးလွှာသည့် နှုတ်ခမ်းများကို တင်းတင်းစေ့ပြီး ယွမ်အောင်းနှင့် ယွမ်ဖာ့တို့အား အေးစက်လှသော အကြည့်များဖြင့် ကြည့်ကာ နောက်ဆုံး၌ ထိုအေးစက်လှသည့် အကြည့်များသည် သူ၏ တတိယသားဖြစ်သူ ယွမ်ရုံအပေါ်သို့ ရောက်သွားလေသည်။
ပြဿနာအသေး၊ ပြဿနာအလတ်၊ ပြဿနာအကြီးစား။
သူ အရက်ပြင်း သောက်ရန် လိုအပ်နေလေသည်။
သူ စားပွဲကို လက်ချောင်းများဖြင့် ခေါက်လိုက်ရာ အိမ်တော်ထိန်းက ရှေ့သို့ ရိုသေစွာ တိုးလာ၏။
ဖေဖေယွမ်က ပြောလိုက်သည်။
“မြေအောက်ခန်းထဲက အရက်ပြင်း ဝီစကီ တစ်ပုလင်း ယူခဲ့”
ဆင်းရဲဒုက္ခ ခံစားနေရသော ဖေဖေယွမ်နှင့် မတူသည့် မေမေယွမ်ကမူ စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေ၏။ သူမက လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး ပြုံးရွှင်စွာ ပြောလာသည်။
“အရမ်း ကောင်းတာပဲ၊ ကလေးတွေ အကုန်လုံး ဒီလို စုမိနေတော့ သိပ်နွေးထွေးလိုက်တာ၊ တကယ့် မိသားစုအစစ်လေးလိုပဲ”
“ဒီလို လုပ်ရအောင်လား၊ ယွမ်ရုံက အိမ် ခဏ ပြန်ရောက်နေတာဆိုတော့ ယွမ်စစ်နဲ့ ယွမ်ကျွင်းကိုပါ ပြန်ခေါ်လိုက်မယ်လေ၊ တခမ်းတနား မိသားစုတွေ့ဆုံပွဲ လုပ်ပြီး အတူတူ ခရီးထွက်ကြတာပေါ့”
ဖေဖေယွမ်က မြေအောက်ခန်းသို့ သွားတော့မည့် အိမ်တော်ထိန်းအား နေရာတွင် ရပ်ရန် အချက်ပြလိုက်ပြီး ထပ်ဖြည့်ပြောလိုက်၏။
“နှစ်ပုလင်း ယူခဲ့လိုက်”
အစ်ကိုကြီး သုံးယောက်က တိတ်ဆိတ်စွာ ရှိနေကြ၏။ ညစာ အတူစားခြင်းကပင် သူတို့၏ အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်ပြီး ခရီးထွက်ရမည်ဆိုပါက စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ဖြစ်သွားလိမ့်မည်။
အထူးသဖြင့် တတိယအစ်ကိုဖြစ်သူ ယွမ်ရုံက သူ၏ ညီမလေးနှင့် အချိန် ပိုမို ကုန်ဆုံးရန်အတွက်သာ သီးသန့် ပြန်လာခြင်း ဖြစ်၏။ သူ၏ သွေးသားတော်စပ်သော မွေးချင်းများနှင့် အပေါင်းအသင်း လုပ်ရန် ဆန္ဒ လုံးဝ မရှိပေ။
ယွမ်လော့ရီက သူမ၏ ကျောပိုးအိတ်ကို အမျိုးသမီး အစေခံအား ပေးပြီး သူမ၏ ပုံမှန် ထိုင်ခုံတွင် မထိုင်ဘဲ အကြီးဆုံးအစ်ကို ယွမ်အောင်းနှင့် မေမေယွမ်တို့ ကြားတွင် ထိုင်ရန် ရွေးချယ်လိုက်၏။
ဟင်းပွဲများကို စတင် နေရာချလာရာ ရှည်လျားသော ထမင်းစားပွဲပေါ်၌ တစ်ပွဲပြီးတစ်ပွဲ အလျင်အမြန် ပြည့်နှက်လာသည်။ ယနေ့ စားဖိုမှူးမှာ သူကိုယ်တိုင် အကောင်းဆုံး ဖန်တီးခဲ့ပြီး ဂန္ထဝင်မြောက်သော ဟင်းလျာအစုံအလင်ကို ပြင်ဆင်ထားခဲ့၏။
ဒုတိယအစ်ကို ယွမ်ဖာ့နှင့် တတိယအစ်ကို ယွမ်ရုံတို့က သိုးသားကင် တစ်တန်းကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။ ၎င်း၏ အဆီနှင့်အသား ရောနှောထားသော အသွင်အပြင်မှာ မီးကင်ခြင်းမှ ရရှိသည့် အဆီများဖြင့် တဝင်းဝင်း တောက်ပနေပြီး အလွန် စားချင်စဖွယ် ဖြစ်နေ၏။
ညီအစ်ကိုမေတ္တာ ဆိုသည်မှာ မဖြစ်နိုင်ခြင်းပင်။
သူတို့၏ စားပွဲတင်ဓားများကို အဆိုပါ သိုးသားကင်တန်း၏ တစ်ဖက်တစ်ချက်စီတွင် စိုက်ထားပြီး အချင်းချင်း တိတ်တဆိတ် စိန်ခေါ်နေကြသည်။
ဤလူဆိုး နှစ်ယောက်ကို စောင့်ကြည့်ရင်း ဖေဖေယွမ်မှာ အိမ်နှင့် အနည်းဆုံး တစ်လကြာ ဝေးကွာမည့် ခရီးရှည် တစ်ခုကို စတင် စီစဉ်နေခဲ့၏။ ထိုရေအောက် ဖျက်ဆီးရေး စမ်းသပ်မှုက အလားအလာရှိပုံ ရသည်။ သူ ပင်လယ်ရေမျက်နှာပြင်အောက် မီတာတစ်ထောင် အနက်တွင် သူတို့အား ရှောင်ရှားနိုင်လိမ့်မည်။
ထိုအချိန်၌ ယွမ်လော့ရီက ဆက်လက် စားသောက်နေပြီး ယွမ်အောင်းနှင့် မေမေယွမ်မှာ သူမ၏ ပန်းကန်ပေါ်သို့ အစားအစာများ အမြဲ ပုံပေးနေကြသည်။ ထို့ကြောင့်ပင် သူမ ဤနေရာတွင် ထိုင်ခြင်း ဖြစ်၏။
မကြာမီ သူမ အလွန် ဗိုက်ပြည့်ပြီး ကြို့ထိုးလာ၍ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ရာ အိပ်ချင်လာသကဲ့သို့ ဖြစ်လာ၏။
မေမေယွမ်က သူမ၏ ဖုန်းကို ထုတ်ကာ ခရီးသွား လမ်းညွှန်များကို စတင် ရှာဖွေတော့သည်။
“ဒီနေရာက အရမ်းလှတာ ကျွန်မ မရောက်ဖူးသေးဘူး၊ ဒီစနေ၊ တနင်္ဂနွေကျ အားလုံး အတူတူ သွားကြရအောင်”
ဖေဖေယွမ်က ပြောလာ၏။
“သွားလို့ မရဘူး”
“ဒါ အရမ်း အရေးကြီးတဲ့ ရေအောက် ဖျက်ဆီးရေး စမ်းသပ်မှုပဲ၊ ကိုယ် မရှိရင် ပြည့်စုံတဲ့ နည်းပညာ လမ်းညွှန်မှု မပါဘဲ သူတို့ အန္တရာယ်နဲ့ ကြုံရနိုင်တယ်”
“ဒီ စနေ၊ တနင်္ဂနွေကျ ရှင် အရေးပေါ် ကုသဆောင် တက်ရလောက်တဲ့အထိ အပြင်းအထန် အအေးမိမှာမို့လို့ စမ်းသပ်မှုမှာ မပါနိုင်ဘူးလို့ သူတို့ကို ပြောလိုက်လေ”
ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သော ဖေဖေယွမ်က သူ၏ ဝီစကီကိုသာ တိတ်ဆိတ်စွာ သောက်နေသည်။
ဖေဖေယွမ်၏ စိတ်ညစ်နေသော အမူအရာကို ကြည့်ရင်း ယွမ်လော့ရီက သူမ၏ ဖခင်အကြောင်းကို သူမ အနည်းငယ်သာ သိကြောင်း ရုတ်တရက် သဘောပေါက်လိုက်၏။
တစ်စိတ်တစ်ပိုင်းမှာ သူမ၏ ဖခင်မှ မကြာခဏ အလုပ်ကိစ္စဖြင့် ခရီးထွက်နေခြင်းကြောင့် ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းမှာ ယွမ်လော့ရီအပေါ် အမြဲတစေ တင်းမာသော အမူအရာကို ထိန်းသိမ်းထား၍ “သမီးရဲ့ ပညာရေးက အခုတလော ဘယ်လိုလဲ” ဟူသော မေးခွန်းများဖြင့်သာ ကန့်သတ်ထားသောကြောင့် ဖြစ်သည်။
ငယ်စဉ်က ယွမ်လော့ရီတစ်ယောက် ဖေဖေယွမ်၏ ဒေါသပေါက်ကွဲမှုများကို မျက်မြင် တွေ့ခဲ့ဖူး၏။ သူမကို ရည်ရွယ်ခြင်း မဟုတ်ဘဲ သူမ၏ ဒုတိယအစ်ကို ယွမ်ဖာ့ထံ ဦးတည်ခြင်း ဖြစ်သည်။
၎င်းက ကြောက်စရာ ကောင်းသည်ပင်။
သဘာဝအတိုင်း အကောင်းမြင်တတ်သော ယွမ်ဖာ့ပင်လျှင် အကောင်းမြင်စိတ်ကို ထိန်းသိမ်းထားနိုင်ခြင်း မရှိခဲ့ပေ။
ညီအစ်ကိုများ အကြားရှိ အပြန်အလှန် ဖျက်ဆီးမှုနှင့် မတူဘဲ ဖေဖေယွမ်၏ ဒေါသမှာ မီးတောင်ပေါက်ကွဲမှုနှင့် တူပြီး အရည်ပျော်နေသော ချော်ရည်များက သူ့သား၏ အသက်ရှင်ရပ်တည်မှု အားလုံးကို ပျောက်ပျက်စေရန် ပန်းထွက်လာသည့် အတိုင်းပင်။
ထို့ကြောင့် ဖေဖေယွမ်မှ အရေးတယူ မလုပ်ခင် ယွမ်ဖာ့က ယွမ်လော့ရီအား အရုပ် ပြန်ပေးခဲ့ပြီး သူ့ ညီမလေး၏ အရုပ်များကို ဘယ်တော့မှ မယူတော့ကြောင်း ရိုးသားစွာ တောင်းပန်ကတိပြုခဲ့သည်။
ယွမ်လော့ရီက ဖေဖေယွမ်မှာ သူမ၏ အဘိုးနှင့် တင်းမာသော ဆက်ဆံရေး ရှိပြီး သူတို့နှစ်ဦးကြား၌ မနှစ်မြို့ဖွယ်ရာ အဖြစ်အပျက် များစွာကြောင့် နှစ်ပေါင်းများစွာ အဆက်အသွယ် မရှိကြောင်းကိုလည်း သိထား၏။
ခဏတာ စဉ်းစားပြီးနောက် သူမ ပြောလိုက်သည်။
“အဘိုး မလာတာ ကြာပြီနော်”
ဖေဖေယွမ်က သူ၏ ဓားနှင့် ခက်ရင်းကို ရပ်လိုက်ပြီး မျက်နှာအမူအရာမှာ မည်းမှောင်သွားခဲ့၏။
“သူ နေမကောင်းလို့ မလာနိုင်ဘူး”
ထမင်းစားခန်းထဲရှိ လေထုက ရုတ်တရက် အေးစက်သွားလေသည်။
ယွမ်လော့ရီက ဖေဖေယွမ် အမှန်အတိုင်း မပြောသည်ကို ခံစားမိ၏။ အဘိုးက မလာနိုင်ခြင်း မဟုတ်ဘဲ ဖေဖေယွမ်မှ အဘိုးကို လာခွင့်မပြုခြင်းသာ ဖြစ်ရမည်။ ထို့အပြင် အခြား မိသားစုဝင်များကလည်း ဤပြောခွင့်မရှိသော စည်းမျဉ်းကို တိတ်တဆိတ် လိုက်နာခဲ့ကြ၏။