ရေသီးသွားလို့
Vol. 28 Ch. 271
ချန်ဟွိုက်အန် ဓားသင်္ချိုင်း အပြင်ဘက်ကို လမ်းလျှောက်ထွက်လာသော အချိန်မှာပင်...
ခိုးကြောင်ခိုးဝှက်နှင့် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ခြေဖျားထောက်ကာ ဓားသင်္ချိုင်းဆီ ဦးတည်လာနေသော ပုံရိပ်တစ်ခုကို သူ လှမ်းမြင်လိုက်ရ၏။
သူ ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ထိုပုံရိပ်ကို အားပါပါနှင့် တစ်ချက် ကန်ထည့်လိုက်သည်။
ထိုပုံရိပ်ကလည်း နာကျင်စွာ အော်ဟစ်လိုက်ပြီး စီးလာသော ဓားပျံပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားရ၏။
“အား... ဘိုးဘေးကိုး။ တစ်ယောက်ယောက် ကျွန်တော့်ကို ချောင်းတိုက်တာလို့ ထင်နေတာ...”
စုချီနျန် ခေါင်းကုတ်ရင်း ချောင်းတိုက်ခံရ၍ ထွက်လာသော ဒေါသများက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အပြစ်ကင်းစင်သော မျက်လုံးလေးများဖြင့် ကြည့်လာတော့သည်။
“ဂိုဏ်းချုပ်စုက ခုနက တော်တော်လေး ကြည့်ကောင်းနေတယ်။” ချန်ဟွိုက်အန်က လှောင်ပြုံး ပြုံးပြီး သရော်လိုက်၏။
သူက စုချီနျန် ခုနက ပြောခဲ့သော စကားများကို တစ်လုံးမကျန် လိုက်တုပြောလိုက်သည်။
“ငါ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ဓားသင်္ချိုင်းကနေ အပြင်မထွက်ရဘူး... ငါ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှ လာမတွေ့ရဘူး..”
“ကျွတ် ကျွတ်... ဒါဆို အခု မင်းက ဓားသင်္ချိုင်းမှာ ဘာလာလုပ်နေတာလဲ။ ဟင်းသီးဟင်းရွက် လာစိုက်တာလား။”
စုချီနျန်၏မျက်နှာ နီမြန်းသွားပြီး ဖြူစပြုနေသော မုတ်ဆိတ်များ အကြားတွင် ပို၍ပင် သိသာနေတော့သည်။
သို့သော် ဘိုးဘေးကိုတော့ သူ မအော်ရဲပေ။ ထို့ကြောင့် သူက ကယောက်ကယက်နှင့်သာ ရေရွတ်လိုက်ရတယ်။ “အဲ... ဘိုးဘေး။ ကျွန်တော် ခုနက ဒေါသနဲ့ ပြောလိုက်တာပါ။ သူတို့က ကျွန်တော့်ရဲ့ ဓားကျောင်းတော်တပည့်တွေပဲကို။ ကျွန်တော်က သူတို့ကို အရမ်းချစ်တာပေါ့။ သူတို့ ဘယ်လိုနေလဲဆိုတာ လာကြည့်ရုံလေးပါ။”
သူတို့ စကားပြောနေတုန်းမှာပင် အပေါ်ဘက်မှ နောက်ထပ် ဓားပျံသံများကို ထပ်မံ၍ ကြားလိုက်ရသည်။
ပိုပြီး ခိုးကြောင်ခိုးဝှက်နိုင်သော ပုံရိပ်လေးခုက တိမ်များ အကြားတွင် လိပ်သွားသလို နှေးကွေးသော အရှိန်နှင့် ခိုးဝင်လာကြခြင်းပင်။
သူတို့က ချန်ဟွိုက်အန်နှင့် စုချီနျန်ကို မြင်လိုက်သောအခါ နေရာမှာတင် တောင့်ခဲသွားပြီး ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားကြတော့သည်။
သို့သော် စုချီနျန်က မျက်နှာပျက်ပျက်နှင့် အော်ပြောလိုက်သည်။ “မင်းတို့ကို မြင်ပြီးသားပဲ... အကြီးအကဲတို့... ဘာလို့ ထွက်ပြေးနေတာလဲ။ ငါနဲ့ ဘိုးဘေးက မင်းတို့ကို စားမှာမလို့လား။”
တောင်ထွတ်အသီးသီးမှ အကြီးအကဲများက ကယောက်ကယက်နှင့် ဆင်းလာကြပြီး ချန်ဟွိုက်အန်နှင့် စုချီနျန်တို့ အရှေ့တွင် လိမ္မာသယောင် ရပ်နေကြရသည်။
“ဟိုလေ... ဂိုဏ်းချုပ်၊ ကျွန်တော်တို့က ဒီကမ္ဘာငယ်လေးထဲက ရှုခင်းတွေက အရမ်းလှတယ်လို့ ထင်လို့ပါ။ ပျင်းပျင်းရှိတာနဲ့ လျှောက်ကြည့်နေတာ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။” အကြီးအကဲတစ်ယောက်က မချိပြုံးနှင့် ပြောလိုက်၏။
“ဟားဟား... ဟုတ်တယ်။ အကြီးအကဲဝမ် ပြောတာ မှန်တယ်... ဒီက ရှုခင်းတွေက တကယ့်ကို ရင်သပ်ရှုမောစရာပဲ...” နောက်ထပ် အကြီးအကဲတစ်ယောက်ကလည်း ဝင်ထောက်ခံသည်။
“ဟုတ်ပါ့။ ကျွန်တော်တို့ အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမလုပ်ဖြစ်တာ တော်တော်ကြာပြီ။ တကယ့်ကို ကောင်းမွန်တဲ့ အခွင့်အရေးပဲ...”
အကြီးအကဲ လေးယောက်လုံးက တစ်ယောက်ကိုတစ်ယောက် အသေအလဲ ဖုံးဖိပေးနေကြ၏။
စုချီနျန်က ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။
ဓားကျောင်းတော်ရှိ တောင်တန်းများ၏ အပြင်ဘက်တွင်မူ သစ်ပင်တစ်ပင်မျှ မရှိသော မီးလောင်ပြင်လို ခြောက်သွေ့နေသည့် မြေလွတ်မြေရိုင်းများသာ ရှိလေသည်။
ဒါကို သူတို့က “လှပတဲ့ရှုခင်း”လို့ ခေါ်နေတာလား။
ဘယ်သူ့ကို လာလိမ်နေတာလဲ။
“မင်းတို့တွေကတော့ လျှောက်ပြောနေပြီ... ဒီနေရာမှာ ဘာမှတောင် မရှိတာကို။”
စုချီနျန်က စကားကို ရုတ်တရက် ဖြတ်လိုက်သည်။
ချန်ဟွိုက်အန်က သူ့ကို ဘေးတစောင်း ကြည့်လိုက်ပြီး ပြောသည်။ “ဆက်ပြောလေ၊ စကားကို အဆုံးသတ်လိုက်ဦး။”
“အဟီး... ဘိုးဘေး၊ ကျွန်တော် ဆိုလိုတာက အဲဒီလို မဟုတ်ပါဘူး။ ကျွန်တော် ပြောချင်တာက... ငှက်တွေတောင် ဒီနေရာမှာ အညစ်အကြေး မစွန့်ဝံ့ကြဘူး၊ ဘာလို့လဲ ဆိုတော့ သူတို့အားလုံးက ဘိုးဘေးကို ရိုသေကြလို့ပါ...”
စုချီနျန်၏ မျက်နှာက သွေးထွက်မတတ် နီနေသော်လည်း စကားကိုတော့ အတင်း ပြန်ဖာလိုက်နိုင်သည်။
ထိုကဲ့သို့ ဖာခြင်းက မည်သည်မျှ အရာမထင်ကြောင်း ထိုနေရာရှိ လူတိုင်း သိကြပေသည်။
“တော်ပြီ။ ဒီနေရာက ခြောက်သွေ့နေတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့...”
ချန်ဟွိုက်အန်က လက်ညှိုးကို ကောင်းကင်ဆီ ထိုးလိုက်၏။
ဝုန်း...
ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး တိမ်များ ကွဲထွက်သွားသည်။
ကောင်းကင်ယံမှ အက်ကွဲကြောင်းကြီးတစ်ခုမှ ကြီးမားလှသော စိတ်ဝိညာဉ်ချီစွမ်းအင် စီးကြောင်းကြီးက ရေတံခွန်လို အရှိန်အဟုန်နှင့် စီးဆင်းလာ၏။
ခြောက်သွေ့နေသော မြေလွတ်မြေရိုင်းများက ထိုစွမ်းအင်လှိုင်းများအောက်တွင် ချက်ချင်း သန့်စင်သွားပြီး ဖုန်ထူသောမြေပေါ် သစ်ပင်ပန်းမန်များ အရူးအမူး ပေါက်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြေရိုင်းကြီးက စိမ်းလန်းစိုပြည်သော မြက်ခင်းပြင်ကြီးအဖြစ် ပြောင်းလဲသွား၏။
အလတ်တန်းစား စိတ်ဝိညာဉ်ချီစွမ်းအင် မော်ဂျူး - ကုဋေ ၁၅၀။
တိုက်ရိုက် ဝယ်ယူလိုက်ခြင်းပင်။
ဈေးကြီးသည်မှာ မှန်ပေသည်။
သို့သော် တစ်ခါတည်း ရင်းနှီးမြှုပ်နှံလိုက်သည်နှင့် ကမ္ဘာငယ်လေးတစ်ခုလုံး၏ စိတ်ဝိညာဉ် ချီစွမ်းအင် သိပ်သည်းဆက ဓားကျောင်းတော်၏ ယခင်က လျိုရှားတောင်ထွတ် အဆင့်အထိ၊ သို့မဟုတ် လျိုရှားတောင်ထွတ်ထက် ပိုပြီး သိပ်သည်းသော အဆင့်အထိ ရောက်သွားခဲ့လေပြီ။
သူ၏ အစစ်အမှန် ခန္ဓာကိုယ်သာ ထိုအထဲကို ဝင်နိုင်ခဲ့လျှင်...
ထိုနေရာတွင် ကျင့်ကြံရခြင်းက နိဗ္ဗာန်ဘုံပင် မဟုတ်ပါလား။
“စိတ်ဝိညာဉ်ချီစွမ်းအင်တွေ... ဒီလောက် ပြည့်စုံလှတဲ့ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ...” စုချီနျန် ဆွံ့အသွား၏။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် အနေနှင့် စိတ်ဝိညာဉ် ချီစွမ်းအင်များကို ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲ စုစည်းနိုင်သည်မှာတော့ မှန်ပေသည်။
သို့သော် ထိုကဲ့သို့မျိုးတော့ မဟုတ်ပေ။
ဝိညာဉ်ဆေးပင်များနှင့် ရတနာများကို တဖြည်းဖြည်း စုဆောင်းပြီး အချိန်အကြာကြီး ဂရုတစိုက် ပျိုးထောင်ရသော လုပ်ငန်းစဉ်မျိုးပင်။
ဒါကို ဘိုးဘေးက ကောင်းကင်ကို ဒီအတိုင်းလေး လက်ညှိုးညွှန်လိုက်ရုံနဲ့ စိတ်ဝိညာဉ် ချီစွမ်းအင်တွေက မိုးရွာသလို စီးကျလာတာလား။
“မဟုတ်သေးဘူး။ ဒါက မလုံလောက်သေးဘူး။” ချန်ဟွိုက်အန်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ခေါင်းတခါခါနှင့် ပြောလိုက်သည်။
ဓားကျောင်းတော်က အခု ငါ့နောက်ကို လိုက်နေတာ။ အရင်အတိုင်းပဲဆိုရင် ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။
သူက အဆင့်မြင့် မော်ဂျူးကို ယခုတွင် မတတ်နိုင်သေးသော်လည်း ဝိညာဉ်ကြောများ ရှိနေသေးသည်။
“ဘိုးဘေး၊ ကျွန်တော်ကတော့ ဒါကို တကယ့်ကို အံ့သြစရာကောင်းနေပြီလို့ ထင်ပါတယ်...” စုချီနျန်ကတော့ အပျော်ကြီး ပျော်နေလေပြီ။
ယခင်ကဆိုလျှင် လျိုရှားတောင်ထွတ်တွင် စိတ်ဝိညာဉ်ချီစွမ်းအင် ကြွယ်ဝရန်အတွက် တခြားတောင်ထွတ်များဆီမှ စွမ်းအင်များကို လွှဲပြောင်းယူခဲ့ရသည်။
သို့သော် ယခုတော့ ဓားကျောင်းတော် တစ်ခုလုံးက ယခုလို ထူထပ်သော စိတ်ဝိညာဉ် ချီစွမ်းအင်များ အကြားတွင် နစ်မြုပ်နေလေပြီ။
ဒါကို “မလုံလောက်သေးဘူး”လို့ ပြောနေတာလား။
ချန်ဟွိုက်အန်က ဘာမှမပြောဘဲ ကောင်းကင်ဆီကို ထပ်ပြီး လက်ညှိုးညွှန်ပြလိုက်တာကို တခြားသူတွေ မြင်လိုက်ရပြန်သည်။
ဝုန်း...
မြေကြီး တုန်ခါသွား၏။
ယခုတစ်ခါတော့ စိတ်ဝိညာဉ်ချီစွမ်းအင်က အပေါ်က လာသည်မဟုတ်ဘဲ အောက်ဘက်မှ တက်လာခြင်းပင်။
ဂျောက် ဂျောက်...
သူတို့ ခြေထောက်အောက် မြေပြင်မှ ကြည်လင်တောက်ပသော ဝိညာဉ်ကျောက်တုံးများ ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသော် စုချီနျန်နှင့် အကြီးအကဲများ အံ့သြတုန်လှုပ် ကုန်ကြသည်။
ဓားကျောင်းတော်၏ ဝိညာဉ်ကျောက်တွင်းများ ကုန်ခမ်းသွားသည်မှာ ကြာပြီ ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိလေသည်။
ဒါပေမဲ့ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဝိညာဉ်ကြောအသစ်တွေ ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်တာလဲ။
ဒါက နှစ်ပေါင်းများစွာ စိတ်ဝိညာဉ်ချီစွမ်းအင်တွေနဲ့ ရေလောင်းပြီး ပျိုးထောင်ထားမှ ရနိုင်တဲ့ အရာမျိုးလေ။
ကမ္ဘာငယ်လေးတစ်ခုမှာ ဝိညာဉ်ကျောက်တုံးကြောတွေကို ပေါက်ဖွားစေတာ...
ဒါက တကယ်ပဲ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်ရဲ့ စွမ်းအားပဲလား။
အလတ်တန်းစား ဝိညာဉ်ကျောက်ကြော (အကြီး) - တစ်ခုလျှင် သိန်း၇ထောင်။
ချန်ဟွိုက်အန် ၁၀ခုလောက် ဝယ်လိုက်ပြီး ဓားကျောင်းတော်၏ တောင်တန်းများအောက် တိုက်ရိုက် မြှုပ်နှံလိုက်သည်။
အလတ်တန်းစား ဝိညာဉ်ကျောက်ကြော အကြီးကြီး တစ်ခုတည်းနှင့်တင် မိုင်တစ်ထောင် အတွင်း စိတ်ဝိညာဉ်ချီစွမ်းအင် သိပ်သည်းဆကို ထိန်းထားနိုင်၏။
ပမာဏများလာသောအခါ အရည်အသွေးပါ ပြောင်းလဲလာတော့သည်။
သူ အဆင့်မြင့် မော်ဂျူးများနှင့် အဆင့်မြင့် ဝိညာဉ်ကြောများကို မဝယ်နိုင်သေးသော်လည်း...
အလတ်တန်းစားဝိညာဉ်ကြောများ အများကြီး ရှိနေလျှင် ဒေသတွင်း စိတ်ဝိညာဉ်ချီစွမ်းအင်ကို အဆင့်မြင့် နီးပါးအထိ မြှင့်တင်ပေးနိုင်၏။
သို့သော် “နီးပါး”ဆိုသော အဆင့်အထိသာ ရနိုင်ပေဦးမည်။
မြင့်မြတ်နယ်မြေများ၏ စိတ်ဝိညာဉ်ချီစွမ်းအင် သိပ်သည်းဆကို တကယ် ယှဉ်ချင်လျှင်...
အဆင့်မြင့် မော်ဂျူးများနှင့် အဆင့်မြင့် ဝိညာဉ်ကြောများ လိုအပ်နေသေးသည်။
ချန်ဟွိုက်အန်က ထိုပစ္စည်းများပွင့်ရန် လိုအပ်ချက်များကို တစ်ချက် ကြည့်လိုက်၏။
(၁) ကစားသူ၏ ကိုယ်ပိုင်အဆင့်သည် ရွှေရောင်အနှစ်သာရအဆင့်သို့ ရောက်ရှိရမည်။
(၂) ယောင်ချီမြင့်မြတ်နယ်မြေနှင့် ဖန်ကျင်းမြင့်မြတ်နယ်မြေတို့ကို အောင်နိုင်ရမည်။
(လိုအပ်ချက် နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဖြည့်ဆည်းရမည်။)
“အဆင့်မြင့် ဝိညာဉ်ကြောတွေက မြင့်မြတ်နယ်မြေတွေနဲ့ ဘာဆိုင်လို့လဲ။” ချန်ဟွိုက်အန်က ဆွံ့အသွား၏။
ဒီကမ္ဘာငယ်လေး စျေးဆိုင်ရဲ့ ကြိုတင်လိုအပ်ချက်တွေက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။
ဝိညာဉ်ကြောတွေက မြင့်မြတ်နယ်မြေတွေဆီကနေ ခိုးလာတာမှ မဟုတ်တာ။
“ဘိုးဘေး... ကျွန်တော် အမှားကို သိပါပြီ... ကျေးဇူးပြုပြီး တန်ခိုးတွေကို ပြန်ရုပ်သိမ်းပေးပါ...”
စုချီနျန်က မျက်နှာဖြူဖျော့နေပြီး ဒူးထောက်လိုက်ကာ လျှံထွက်နေသော စိတ်ဝိညာဉ် ချီစွမ်းအင်များ အကြားမှာ တုန်တုန်ယင်ယင် ဖြစ်နေတော့သည်။
အကြီးအကဲ လေးယောက်လည်း ခေါင်းမဖော်ဝံ့ဘဲ ဝပ်တွားနေကြ၏။
တစ်ခုကိုရရင် တစ်ခုကို ပေးဆပ်ရတာက သဘာဝပဲလေ။
ဒီကမ္ဘာငယ်လေးထဲမှာ ဒီလောက်အထိ ကြွယ်ဝတဲ့ စွမ်းအင်တွေ ပြည့်လျှံသွားဖို့အတွက် ဘိုးဘေးက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပေးဆပ်မှုမျိုး လုပ်ခဲ့ရတာလဲ။
ဧကန္တ...
သူ့ရဲ့ အခြေခံအုတ်မြစ်ကို စတေးလိုက်တာလား။ ဒါမှမဟုတ် သူ့ရဲ့ သက်တမ်းကို သုံးလိုက်တာလား...
ချန်ဟွိုက်အန် မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
သူတို့ ဘာဖြစ်နေကြတာလဲ။
စိတ်ဝိညာဉ်ချီစွမ်းအင်တွေ များတာက ကောင်းတဲ့အရာ မဟုတ်ဘူးလား။
“ဘိုးဘေး... ကျေးဇူးပြုပြီး ကျန်းမာရေးကို ဂရုစိုက်ပါ... ဓားကျောင်းတော်က ဘိုးဘေး မရှိရင် ရှေ့ဆက်လို့ မရပါဘူး...”
စုချီနျန်က နှာရည်များ၊ မျက်ရည်များနှင့် ငိုယိုနေတော့သည်။
ချန်ဟွိုက်အန် - “...”
နေပါဦး။
ဒီအဘိုးကြီး တစ်ခုခုကို အထင်လွဲသွားတာလား။
ချန်ဟွိုက်အန်က မျက်လုံးတစ်ချက် ဝေ့လိုက်ပြီး ရုတ်တရက် သူ့ရင်ဘတ်ကို ဖိထားကာ အပြင်းအထန် ချောင်းဆိုးပြလိုက်သည်။
“အား... ဘိုးဘေး...” စုချီနျန်က ထိတ်လန့်တကြားနှင့် မျက်ရည်များ အကြားမှ အနားကို အပြေးအလွှား ရောက်လာ၏။
“ဘိုး... ဘိုးဘေး ဘာမှမဖြစ်ဘူး မဟုတ်လား။ ဒီဂျူနီယာလေးကို မခြောက်လှန့်ပါနဲ့... ကျွန်တော် ဒါကို မခံနိုင်ဘူး...”
“ငါ အဆင်ပြေပါတယ်။ ရေသီးသွားလို့ပါ။”
စုချီနျန် - “(⊙ω⊙)”
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေက... ရေသီးတတ်လို့လား။
အဲဒါက တကယ် ဖြစ်နိုင်လို့လား။
“တော်လောက်ပြီ။ စိတ်ဝိညာဉ်ချီစွမ်းအင်ရှိတာ ကောင်းတဲ့အရာပဲ။ ငါ့အတွက် အကောင်းဆုံး ဆုလာဘ်ကတော့ မင်းတို့အားလုံး ကောင်းကောင်း လေ့ကျင့်ဖို့ပဲ...”
ချန်ဟွိုက်အန်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ယောက်လို တည်ကြည်သော မျက်နှာပေးနှင့် ဟန်ဆောင်လိုက်၏။
တကယ်တော့ သူ့ရင်ထဲတွင် ပြုံးနေခြင်းပင်။
မည်သို့ဆိုစေ သူ့တွင် ဂိုဏ်းဆင့်ခေါ်မိန့် ရှိနေသည်။
ဓားကျောင်းတော်က ပိုသန်မာလာလေလေ တကယ့်ကမ္ဘာတွင် သူ ပိုပြီး ဘေးကင်းလေလေ ဖြစ်သည်။
တစ်နေ့ ဓားကျောင်းတော် တပည့်တိုင်း မဟာတက်လှမ်းခြင်းအဆင့်ကို ရောက်သွားလျှင်...
သူက တကယ့်ကမ္ဘာတွင် မည်သူ့ကိုမှ ဂရုစိုက်စရာမလိုဘဲ ရဲရဲဝံ့ဝံ့ လျှောက်သွား၍ ရနိုင်ပြီ မဟုတ်ပါလား။
...
ကမ္ဘာငယ်လေး၏ အရေးကိစ္စများကို ဖြေရှင်းပြီးနောက်...
ချန်ဟွိုက်အန်က အသုံးစရိတ်များကို ချွေတာရန် ချက်ချင်းပင် ဂိမ်းထဲမှ ထွက်လိုက်၏။
ထိုအချိန်မှာပဲင်...
လတ်လတ်ဆတ်ဆတ် ဖော်စပ်ထားတဲ့ အန္တိမအဆင့် ကမ္ဘာဦးကောင်းကင်ဖာထေး ဆေးလုံး တစ်လုံးက သူ၏ ကစားသူ ပစ္စည်းစာရင်းထဲတွင် ပေါ်လာခဲ့သည်။
ပူပူနွေးနွေးလေး လတ်လတ်ဆတ်ဆတ်လေးပင်။
...