ဆရာကြီးကတော့ ဆရာကြီးပါပဲ
Vol. 28 Ch. 272
စကားပုံတစ်ခုရှိတယ်၊ စိုက်သလောက် ရိတ်သိမ်းရတယ်တဲ့။
“ဒီနေ့တော့ ငါ မုတ်ဆိတ်ထူကို စိုက်မယ်။ နောက်နှစ်ကျရင်တော့ မုတ်ဆိတ်ထူကို ရိတ်သိမ်းရမှာပေါ့။”
ချန်ဟွိုက်အန်က ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွ၏ အရွက်ကို ဆွဲကိုင်ပြီး အမြစ်ပါမကျန် ဖျတ်ခနဲ ဆွဲနုတ်လိုက်၏။
ဒဏ္ဍာရီများအရ လုံလောက်အောင် မြန်လျှင် အပင်များပင် သတိမထားမိလိုက်ဘဲ တစ်နေရာမှ တစ်နေရာကို အောင်မြင်စွာ ပြောင်းစိုက်နိုင်သည်ဟု ဆိုကြပေသည်။
“အား...”
ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွက ဂျပန်မင်းသမီးဆန်ရှန်း၏ ဇာတ်ကားများထဲက ဆရာမ တစ်ယောက်လိုပင် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
၎င်း၏ အရွက်များ တွန့်လိပ်သွားပြီး အမြစ်များကို အတင်းအကျပ် ဖုံးအုပ်ရန် ကြိုးစားနေ၏။
သို့သော် ချန်ဟွိုက်အန်က ဂရုမစိုက်ဘဲ ဘေးကို အသာလေး ချထားလိုက်သည်။ ထို့နောက် မုတ်ဆိတ်ထူဖန်ကျောက်ကို နွီဝါးမြေထဲ ထည့်လိုက်ပြီး ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွကို အပေါ်မှ ပြန်စိုက်ပေးလိုက်သည်။ သစ်ခွ၏အော်သံများက ချက်ချင်း ရပ်တန့်သွား၏။
မြေကြီးက တစ်မျိုးကြီး ဖြစ်နေသလို ခဏလောက် ဟိုဟိုဒီဒီ လှုပ်စိလှုပ်စိ လုပ်နေသေး သော်လည်း နောက်ဆုံးတွင်တော့ သူ့ကံကြမ္မာသူ လက်ခံလိုက်ရရှာသည်။
“ဆေးရည် နည်းနည်း ထပ်ထည့်ရအောင်။” ချန်ဟွိုက်အန်က တန်ပိုင် ပြင်ပေးထားသော ဆေးရည်ကို ထုတ်လိုက်သည်။
ထိုဆေးရည်မှာ နို့နှစ်ရောင်သန်းနေပြီး ထူးဆန်းကာ နံစော်သော အနံ့တစ်ခု ထွက်နေသည်။ ချန်ဟွိုက်အန် သစ်ခွကို ကြည့်ပြီး တွေးမိသည်။ “ဒီဆေးရည်ကို ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွက စုပ်ယူသွားမှာလား မသိဘူး...”
“စိုးရိမ်ရတာထက် ကြိုတင်ပြီး ကာကွယ်ထားတာ ပိုကောင်းပါတယ်။ သူ့ကို ခဏလောက် သာမန်မြေကြီးထဲမှာပဲ ပြောင်းစိုက်ထားလိုက်မယ်။ သူက ဝိညာဉ်ဆေးပင်ပဲလေ။ သာမန် ပေါင်းပင်တွေထက်တော့ ပိုပြီး ကြံ့ခိုင်မှာပါ။”
သူ စကားပြော၍ မဆုံးသေးခင်မှာပင်...
ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွက အရွက်များကို ဒေါသတကြီး ခါပြလိုက်သည်။
“ဒါဆို မင်းက... ဒီဆေးရည်ကို စုပ်ယူမှာ မဟုတ်ဘူးလို့ ပြောတာပေါ့ ဟုတ်လား။”
သစ်ခွက ခေါင်းညိတ်ပြသည်။
ချန်ဟွိုက်အန်၏ မျက်နှာပေါ်တွင် ကြင်နာတတ်သော အပြုံးတစ်ခု ပေါ်လာသည်။
ထိုဆေးပင်က သူ့စကားကို နားလည်နိုင်လောက်အောင် ဉာဏ်ကောင်းမှန်း သူ သိပြီးသားပင်။
ယခင်တုန်းကလည်း ရှောင်ချင်းနှင့်အတူ ခရမ်းရောင်ကောင်းကင် နတ်ဘုရားလျှပ်စီးအဆောင် လာပို့ပေးခဲ့သေး၏။
ထိုနောက်ပိုင်းတော့ ထိုသစ်ခွက ထူးထူးခြားခြား ဘာမှမလုပ်တော့ဘဲ သာမန်အပင် တစ်ပင်လိုသာ အိုးထဲတွင် ငြိမ်ငြိမ်လေး နေနေခဲ့သည်။
တစ်ခါတလေကျရင်လည်း နည်းနည်း ပြတ်သားဖို့ လိုတာပေါ့။
သူ့ကို ဆေး နည်းနည်း ကျွေးရမယ်။
မဟုတ်ရင် တချို့ဝိညာဉ်ဆေးပင်တွေက အေးအေးဆေးဆေးနဲ့ လူလည်လုပ်တတ်ကြတာ။
ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွက ဆေးရည်ကို စုပ်မယူဘူးလို့ ကတိပေးထားပြီဆိုတော့ အားလုံး ရှင်းသွားပြီ။
ချန်ဟွိုက်အန် ဘာမှစဉ်းစားမနေတော့ဘဲ ပုလင်းအဖုံးကိုဖွင့်ကာ ဆေးရည်ကို သစ်ခွပေါ်သို့ တိုက်ရိုက် လောင်းချလိုက်သည်။
၎င်းက သူ၏ ထူးဆန်းသော ဝါသနာကြောင့် မဟုတ်ပေ။
ဆေးရည်ကို မြေကြီးထဲမှ ဖန်ကျောက်ထဲကို တဖြည်းဖြည်းချင်း စိမ့်ဝင်သွားစေသည်မှာ ဖန်ကျောက်ကို ဆေးရည်ထဲ အတင်းနှစ်ထားခြင်းထက် အများကြီး ပိုကောင်း၍ပင်။
မဟုတ်ဘဲ ကလေးခန္ဓာကိုယ်တွင် လူကြီးမျက်နှာကြီးနှင့် ပေါ်လာလျှင် မည်မျှလောက် ဒုက္ခရောက်လိုက်မည်နည်း။
အလုပ်ပြီးသွားသောအခါ ချန်ဟွိုက်အန်က သေချာ စောင့်ကြည့်လိုက်သည်။
အမှန်တကယ်ပင် ထိုသစ်ခွက ဆေးရည်ကို စုပ်မယူပေ။
သို့သော် သူက အနိုင်ကျင့်ခံထားရသလိုမျိုး အရွက်တွေကို ကျုံ့ထားပြီး အလွန်ပင် စိတ်မကောင်းဖြစ်နေပုံ ပေါက်နေသည်။
ချန်ဟွိုက်အန်က ခေါင်းထဲတွင် ပေါ်လာသည့် ထူးဆန်းသောတွေးကို ခါထုတ်လိုက်သည်။
ဒါက အပင်လေးတစ်ပင်ရဲ့ ဝိညာဉ်ပဲလေ။
သူက ချစ်စရာကောင်းတဲ့ မိန်းကလေးအဖြစ် ပြောင်းလဲသွားနိုင်ပါ့မလား။
တကယ်လို့သာ ပြောင်းလဲသွားမယ်ဆိုရင် ဒီနွီဝါးမြေတစ်အိုးလုံးကို ငါ စားပစ်လိုက်မယ်...
ပြတင်းပေါက်နားတွင်တော့ ပါ့ကျီနှင့် ရှောင်ချင်းတို့က သူတို့၏ “အစ်ကိုကြီး” အနိုင်ကျင့်ခံ နေရသည်ကို ကြည့်ပြီး ဘာတစ်ခွန်းမှ မပြောဝံ့သလို မလှုပ်ဝံ့ဘဲ နေနေကြရသည်။
အပြင်ပန်းမှ ကြည့်လျှင် တည်ငြိမ်နေသော်လည်း အတွင်းထဲတွင်တော့ တုန်လှုပ်နေကြ၏။
ချန်ဟွိုက်အန်က သူ၏ ကစားသူပစ္စည်းစာရင်း အထဲမှ ဝိညာဉ်ပုံဆောင်ခဲ ၁၀ခုကို ထုတ်ပြီး မြေပြင်ပေါ် ချလိုက်သည်။
[ အဲ... အဲဒါက ဝိညာဉ်ပုံဆောင်ခဲတွေပဲ... ]
ပါ့ကျီက ဖျတ်ခနဲ ထထိုင်လိုက်သည်။
ရှေးခေတ်တုန်းကတော့ ဝိညာဉ်ကျောက်တုံးတွေက နေရာတိုင်းမှာ ရှိနေလို့ လမ်းပေါ်မှာ ပြုတ်ကျရင်တောင် ဘယ်သူမှ မကောက်ကြဘူး။
ဒါပေမဲ့ ဝိညာဉ်ပုံဆောင်ခဲတွေကတော့ မတူဘူး။ သူတို့က ဝိညာဉ်ကျောက်တုံးတွေရဲ့ အနှစ်သာရတွေ ဖြစ်ပြီးတော့ သန့်စင်မှု မြင့်မားတဲ့ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ပါဝင်လို့ ကျင့်ကြံသူတွေက သန့်စင်စရာမလိုဘဲ တိုက်ရိုက် စုပ်ယူလို့ ရနိုင်တယ်။
ရှေးခေတ်မှာတောင် ဝိညာဉ်ပုံဆောင်ခဲတွေက အတော်လေးကို တန်ဖိုးရှိပြီး ဂိုဏ်းကြီးတွေပဲ လက်ဝါးကြီး အုပ်ထားကြတာ။
ဒါပေမဲ့ အခုလို စိတ်ဝိညာဉ်ချီစွမ်းအင် ပြန်လည်နိုးထခါစခေတ်မှာ ဝိညာဉ်ပုံဆောင်ခဲတွေ ပေါ်လာတာက...
ရှေးခေတ် ဓားလှံကိုင်တဲ့ခေတ်မှာ တစ်ယောက်ယောက်က ဒုံးကျည် ထုတ်ပြလိုက်သလိုပဲ။
ဒါက လုံးဝကို အဓိပ္ပာယ်မရှိတာ...
[ ဆရာကြီးက ဒီဝိညာဉ်ပုံဆောင်ခဲတွေကို ဘယ်ကရတာလဲ... ]
ပါ့ကျီက တောက်ပနေသော ပုံဆောင်ခဲများကို ကြည့်ပြီး သွားရည်ကျနေသည်။
ခုနက ဟင်းလင်းပြင် တုန်ခါမှုလေးတစ်ခုကို သူ ခံစားလိုက်ရသည်။
ဧကန္တ... ဒီဆရာကြီးမှာ ဝိညာဉ်ပုံဆောင်ခဲတွေကို သိမ်းထားတဲ့ ကိုယ်ပိုင်နေရာလွတ် ရှိနေတာလား။
ဖြစ်နိုင်ခြေ အများကြီးရှိတယ်။
တာအိုကွယ်ပျောက်ခါစခေတ်တုန်းက သူတို့ရဲ့ မှတ်ဉာဏ်တွေနဲ့ ဝိညာဉ်တွေကို ချိပ်ပိတ် ထားခဲ့တဲ့ ဒီလိုမိစ္ဆာအိုတွေက သူတို့အတွက် လမ်းကြောင်းတစ်ခု အမြဲချန်ထားတတ်ကြတာပဲ။
အခု စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ပြန်နိုးထလာပြီး ကြီးကျယ်တဲ့ ပြိုင်ဆိုင်မှုခေတ် ရောက်လာပြီ ဆိုတော့ ဆရာကြီးက သူ့ရဲ့ လျို့ဝှက်အရင်းအမြစ်တွေကို ပြန်သုံးတာ ဖြစ်မှာပေါ့။
ပါ့ကျီက မျက်လုံးလေးတွေကို မှေးလိုက်သည်။
သူ အမှန်တရားကို မြင်လိုက်ရပြီဟူ၍ ခံစားလိုက်ရသည်။
ပြီးတော့ ဆရာကြီးရဲ့ “ကြောင်လေး” တစ်ကောင်အနေနဲ့...
ငါလည်း တစ်ခုခုတော့ ရမှာပေါ့...
ဘာလဲ... ရှေးဟောင်းသားရဲကြီးရဲ့ သိက္ခာလား။
အဲဒါက ဘာကြီးလဲ။ စားလို့ရလား။
ထိုသို့တွေးပြီးသည်နှင့် ပါ့ကျီက ပြတင်းပေါက်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ချန်ဟွိုက်အန်၏ ခြေထောက်ကို ပွတ်သပ်ကာ အမြီးကို အားရပါးရ ခါပြနေတော့သည်။
“သြော်... ပါ့ကျီလား။”
ချန်ဟွိုက်အန်က အဆင့်မြင့် ဝိညာဉ်စုစည်းခြင်း အခင်းအကျင်းကို ပြင်ဆင်ပြီးသွားသောအချိန် သူ့ခြေထောက်နားမှ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရပြီး ရယ်လိုက်မိသည်။
“ဘာဖြစ်လို့လဲ။ ငါနဲ့အတူ ကျင့်ကြံမလို့လား။ ရပါတယ်။”
ပါ့ကျီက ယခုအချိန်ထိ စိတ်ဝိညာဉ်ချီစွမ်းအင်များကို အများအပြား စုပ်ယူထားပြီးပြီဖြစ်ရာ သာမန်ကြောင်များထက် ပိုပြီး ဉာဏ်ကောင်းနေမှန်း သူ သိသည်။
ငါ ကောင်းတာတစ်ခုခု လုပ်နေမှန်း ပါ့ကျီ သေချာပေါက် သိနေတာပဲ။
ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွ တစ်ခုတည်းက စိတ်ဝိညာဉ်ချီစွမ်းအင် အလုံအလောက် မပေးနိုင်ဘူး။
ဒါကြောင့် ငါက ဝိညာဉ်ပုံဆောင်ခဲတွေကို အဆင့်မြင့် ဝိညာဉ်စုစည်းခြင်း အခင်းအကျင်းနဲ့ တွဲပြီး သုံးရမှာ။
အဲဒါကိုမှ ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးနဲ့ ပေါင်းစပ်လိုက်ရင်တော့ အကောင်းဆုံး ရလဒ်ကို ရမှာပဲ။
“ဝုတ်...” ပါ့ကျီက အော်လိုက်သည်။
ဘာလို့ ကြောင်လို မအော်တာလဲလို့ မမေးနဲ့။
ဘာလို့လဲဆို ဆရာကြီးက ခွေးလို ဟောင်တာကို ကြားချင်လို့လေ။
ချန်ဟွိုက်အန်က အခင်းအကျင်းအလယ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ပါ့ကျီကို သူ့ပေါင်ပေါ် တင်ထားလိုက်သည်။ ထို့နောက် တန်ပိုင် ဖော်စပ်ထားသည့် ကမ္ဘာဦးကောင်းကင်ဖာထေး ဆေးလုံးကို ထုတ်လိုက်သည်။
ထိုမိန်းကလေးက သူ့ကိုပင် တောင်းပန်လိုက်သေးသည်။
သို့သော် အမှန်အတိုင်း ပြောရလျှင် တန်ပိုင်၏ အစစ်အမှန် ဆေးဖော်စပ်နိုင်စွမ်းကို သူ သိပြီးသားပင်။
သူက ဂိမ်းထဲမှ ဇာတ်ကောင် အချက်အလက်များကို မြင်နိုင်၏။
တန်ပိုင်၏ ဇာတ်ကောင်စာမျက်နှာတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်မှာ....
[ တန်ပိုင်၊ အဂ္ဂိရတ်ဂိုဏ်း ဂိုဏ်းချုပ်ဟောင်း၏ တာအိုလက်တွဲဖော် တန်ယွင်၏ သမီး ]
[ ဆေးဖော်စပ်ခြင်း ပါရမီရှင်၊ ဝိညာဉ်မျက်လုံးနှင့် မွေးဖွားလာသူ။ ဆေးဖော်စပ်မှု အောင်မြင်နှုန်း ၉၂% (ဖော်မြူလာ၊ ပစ္စည်းနှင့် အရည်အချင်းပြည့်မီသော ဆေးအိုး ရှိပါက)။ ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး ဖော်စပ်ရာတွင် အထူးကျွမ်းကျင်သူ (အောင်မြင်နှုန်း +၁၀%)။ အန္တိမအဆင့် သို့မဟုတ် နတ်ဘုရားအဆင့် ဆေးလုံးများ ထွက်ပေါ်လာနိုင်သည့် အခွင့်အရေးရှိသည် (ကောင်းကင်၊ မြေကြီးနှင့် လူ အားလုံး ကိုက်ညီလျှင်) ]
ထို့ကြောင့် တန်ပိုင်က အောင်မြင်နှုန်း ၁၀%သာ ရှိကြောင်း ပြောကတည်းက ထိုမိန်းကလေး မိမိကို သတိထားနေမှန်း ချန်ဟွိုက်အန် ချက်ချင်း သိလိုက်သည်။
သူ အဘယ်ကြောင့် သတိထားနေလဲ မသိသော်လည်း...
သူ့ကို ဖော်ထုတ်ရန် ချန်ဟွိုက်အန်တွင် ရည်ရွယ်ချက် မရှိခဲ့ပေ။
ဓားသခင်ချန်က လူအများကို အမြဲပင် မေတ္တာနှင့်သာ အောင်နိုင်ခဲ့သည်။
သူက မျိုးဆက်သစ်လူငယ်များကို ဘယ်တော့မှ အတင်းအကျပ် မလုပ်ပေ။ အထူးသဖြင့် တန်ပိုင်လို ကလေးမျိုးကိုပင်။
အင်အားသုံးပြီး နာခံခိုင်းသည်ထက် ဖြားယောင်းပြီး သိမ်းသွင်းရတာကို ချန်ဟွိုက်အန် ပိုနှစ်သက်သည်။
လင်းရှီးတောင်ကြားမှ အမျိုးသမီးကျင့်ကြံသူတိုင်း ဓားပညာကို ကျင့်ကြံနေကြသည်ကိုသာ ကြည့်လိုက်ပါ။
၎င်းက သူ့တွင် ကိုယ်ပိုင်ဆွဲဆောင်မှု ရှိကြောင်း သက်သေပင် မဟုတ်ပါလား...
[ နတ်ဘုရားဆေးလုံးပဲ... ]
ချန်ဟွိုက်အန်၏ လက်ထဲမှ ဆေးလုံးကို ကြည့်ပြီး ပါ့ကျီ၏ မျက်လုံးများ ပြူးသွား၏။
အနံ့နှင့်တင် သူ့ခေါင်းများ မူးနောက်သွားရသည်။
ဒီဆရာကြီးရဲ့ အင်္ကျီလက်ထဲမှာ တခြား ဘယ်လို ရတနာတွေ ကျန်နေသေးတာလဲ။
ယခုအချိန်တွင်တော့ ထွက်ပြေးရန် အတွေးများ လုံးဝ ပျောက်ကွယ်သွားလေပြီ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယခင်က သူသည် ချန်ဟွိုက်အန်ကို ကျားတစ်ကောင်လို၊ ရန်သူတစ်ယောက်လို မြင်ခဲ့၏။
သို့သော် ယခုတော့ သူ့ကို ဆင်တစ်ကောင်လို မြင်နေရပြီး ပါ့ကျီက ပုရွက်ဆိတ် တစ်ကောင်လိုပင်။
ဆင်တစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေရန် အားစိုက်ပါမည်လား။
သူ့အနားတွင် ကပ်နေပြီး ရသမျှ အကြွင်းအကျန်လေးများ စားခြင်းက ပိုကောင်းပေလိမ့်မည်။
တွေဝေမနေနဲ့...
တွေဝေနေတာက ဆရာကြီးကို မရိုသေရာ ရောက်တယ်...
ချန်ဟွိုက်အန်က ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးကို တစ်ခါတည်း မျိုချလိုက်သည်။
ယနေ့မှစ၍ သူ့ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော နောက်ဆုံး အားနည်းချက်က လုံးဝ ပြုပြင်သွားတော့မည် ဖြစ်သည်။
သူ့တွင် တာအိုခန္ဓာ မရှိရုံက လွဲလျှင် ကျန်သော အခြေအနေများ အားလုံးက ယောင်ချီ မြင့်မြတ်နယ်မြေကပင် သွားရည်ကျရမည့် ပါရမီရှင်တစ်ယောက် ဖြစ်သွားလိမ့်မည်။
ဝူး...
အဆင့်မြင့် ဝိညာဉ်စုစည်းခြင်း အခင်းအကျင်း စတင် အသက်ဝင်လာ၏။
ဝိညာဉ်ပုံဆောင်ခဲများမှ သန့်စင်သော စိတ်ဝိညာဉ်ချီစွမ်းအင်များ စီးထွက်လာပြီး အခင်းအကျင်း အတွင်းတွင် မြူခိုးများ အဖြစ်သို့ ပြောင်းလဲကာ ချန်ဟွိုက်အန်ကို ဝန်းရံနေတော့သည်။
အခင်းအကျင်းထဲ ထိုင်နေသော ပါ့ကျီကလည်း အကျိုးကျေးဇူး ရရှိပေသည်။
သို့သော် သူက သန့်စင်သော စိတ်ဝိညာဉ်ချီစွမ်းအင် အနည်းလေးသာ စုပ်ယူရသေးသည်။ ဆရာကြီး၏ ဒန်တျန်ဆီမှ ကြောက်စရာကောင်းသော စုပ်အားတစ်ခု ထွက်ပေါ်လာ၏။
[ သေပြီ... ]
ပါ့ကျီ၏ အမွှေးများ ထောင်သွားသည်။
သူ ချက်ချင်းပင် အခင်းအကျင်းထဲမှ ထွက်ပြေးရန် ကြိုးစားသော်လည်း နောက်ကျသွားလေပြီ။
စုပ်အားက သူ့ကို ဆရာကြီး၏ဒန်တျန်ဆီ တိုက်ရိုက် ဆွဲကပ်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ ခက်ခက်ခဲခဲ ကျင့်ကြံထားခဲ့ရသော မိစ္ဆာစွမ်းအင်များက သန့်စင်ခြင်း ခံနေရသော လက္ခဏာများ ပြနေတော့သည်။
[ ဆရာကြီး ခုနက ဘာဆေးသောက်လိုက်တာလဲ... ]
ပါ့ကျီက အသည်းအသန် ရုန်းကန်နေပြီး မျက်ရည်များပင် ဝိုင်းလာသည်။
သူ ခက်ခက်ခဲခဲ ကျင့်ကြံထားသော ကျင့်ကြံခြင်းများ...
တဖြည်းဖြည်း စုပ်ယူခံနေရသည်ကို မတတ်နိုင်ဘဲ ကြည့်နေရုံသာ ရှိတော့သည်။
ထိုအချိန်တွင်တော့ ချန်ဟွိုက်အန်က သူ၏ ဒန်တျန် အဆင့်တိုးတက်လာသော အရသာကို ခံစားနေဆဲ ဖြစ်သည်။
ပါ့ကျီ ခြောက်သွေ့အောင် အစုပ်ခံနေရသည်ကို သူ လုံးဝ မသိသေး။
သူ၏ ဒန်တျန် အနက်ပိုင်းထဲတွင်လည်း အိပ်ပျော်နေသော နဂါးဝိညာဉ်က ဖြည်းဖြည်းချင်း နိုးထလာနေပြီး သန့်စင်သော စိတ်ဝိညာဉ်ချီစွမ်းအင်များ၏ ဆေးကြောမှုအောက်တွင် ၎င်း၏ အကြေးခွံများက ရွှေရောင်အလင်းတန်း တောက်ပလာသည်ကိုလည်း သူ သတိမထားမိခဲ့ပေ။
...