← Chapters

မပြည့်စုံသော နဂါးဝိညာဉ်

Vol. 28 Ch. 273

မပြည့်စုံသော နဂါးဝိညာဉ်

Vol. 28 Ch. 273

နဂါးဝိညာဉ်က ဝိုးတဝါးပုံရိပ်ယောင်အဆင့်မှ တဖြည်းဖြည်း ရုပ်လုံးကြွခိုင်မာလာသည်နှင့်အမျှ ချန်ဟွိုက်အန်၏ ဗလာကျင်းနေသော အပေါ်ပိုင်း ခန္ဓာကိုယ်ပေါ်တွင် အမည်းရောင် အကြောများ ရုတ်တရက် ပေါ်ပေါက်လာသည်။ နဂါးချီနှင့် ရှေးဟောင်းသားရဲကြီး၏ အရှိန်အဝါတို့၏ ဆွဲဆောင်မှုအောက်တွင် ဆယ်ပေ ပတ်လည်အတွင်း မိစ္ဆာစွမ်းအင်များ အရှိန်အဟုန်ဖြင့် တက်ကြွလာပြီး ကောင်းကင်မိစ္ဆာကျင့်စဉ် အလိုအလျောက် အသက်ဝင် လာတော့သည်။

ကောင်းကင်မိစ္ဆာကျင့်စဉ်၏ ပထမအတွဲဖြစ်သော သွေးပိုးအိမ်ဖွဲ့စည်းခြင်းသည် ခန္ဓာကိုယ်ကို သန်မာစေရန်နှင့် ဖောက်ထွင်း၍မရသော အရေပြားအမြှေးပါးတစ်ခု ဖြစ်ပေါ်လာစေရန် မိစ္ဆာများနှင့် ဝိညာဉ်ဆိုးများ၏ အသွေးအသားကို သန့်စင်စုပ်ယူရခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် ချန်ဟွိုက်အန်၏ ချွေးပေါက်တိုင်းမှ အနီရောင်ရင့်ရင့် အမျှင်တန်းများ ထွက်ပေါ်လာပြီး တစ်ပိုင်းတစ်စ ကြည်လင်သော ပိုးအိမ်တစ်ခုအဖြစ် ရက်လုပ်လိုက်ကြသည်။ ထိုသွေးပိုးအိမ်သည် နဂါးချီနှင့် ပါ့ကျီထံမှလာသော ကြောက်မက်ဖွယ် သားရဲအရှိန်အဝါတို့ကို တစ်ပြိုင်နက်တည်း စုပ်ယူတော့သည်။

ထိုစွမ်းအားနှစ်ရပ်သည် ယင်နှင့်ယန် ငါးနှစ်ကောင်ကဲ့သို့ အပြန်အလှန် လိမ်ယှက်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံလှည့်ပတ်နေ၏။

ခဏကြာသော် စွမ်းအားနှစ်ခုလုံးကို အပြည့်အဝ သန့်စင်စုပ်ယူပြီးသွားသည်။ ကွဲအက်၍ သွားသော ပိုးအိမ်က မြေပြင်ပေါ်သို့ပင် မကျရောက်မီ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး ကြွက်သားများဖြင့် ကျစ်လျစ်တောင့်တင်းသော ချန်ဟွိုက်အန်၏ ခန္ဓာကိုယ် ပေါ်ထွက်လာခဲ့သည်။

သူ၏အရေပြားက ကျောက်စိမ်းကဲ့သို့ တောက်ပနေပြီး ရွှေရောင်နှင့် သွေးနီရောင် အလင်းတန်းများ ဖျပ်ခနဲ လျှံထွက်နေကာ နောက်ဆုံးတွင် ငြိမ်သက်ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ကောင်းကင်မိစ္ဆာကျင့်စဉ်၏ ပထမအတွဲသည် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ကောင်းကင်မိစ္ဆာကျင့်စဉ် လည်ပတ်မှု ရပ်တန့်သွားသော်လည်း ချန်ဟွိုက်အန်၏ ဒန်တျန်မှာမူ အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေသည်။

နဂါးဝိညာဉ်က ဒန်တျန်အတွင်း၌ ဟိုဟိုဒီဒီ ကူးခတ်နေပြီး ၎င်း၏ အမြီးခတ်လိုက်တိုင်း ရွှေရောင်အလင်းလှိုင်းလေးများ ကျန်ရစ်ခဲ့သည်။

ပြတင်းပေါက်နားတွင် ရှောင်ချင်းလေးက ရေကန်ထဲ၌ ကျုံ့နေရှာသည်။ ချန်ဟွိုက်အန်၏ ဝမ်းဗိုက်အောက်ပိုင်းမှ ထွက်ပေါ်လာသော တောက်လောင်နေသည့် နေမင်းကြီးကဲ့သို့ အလင်းရောင်ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံနှင့် သူ့မျက်လုံးများ စူးရှနာကျင်သွားရသည်။

ဒန်တျန်အတွင်းသို့ စီးဝင်လာသမျှ စိတ်ဝိညာဉ်ချီစွမ်းအင်အားလုံးက ရွှေရောင်နဂါးချီအဖြစ် ချက်ချင်းသန့်စင်ခံရပြီး ဒီရေလှိုင်းကျင့်စဉ်၏ လည်ပတ်မှုအောက်တွင် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။

ယခုအချိန်တွင် ချန်ဟွိုက်အန်ထံမှ ထွက်ပေါ်နေသော စုပ်အားမှာ နှေးကွေးသွားပြီ ဖြစ်ပြီး အဆင့်မြင့် ဝိညာဉ်စုစည်းခြင်းအခင်းအကျင်းမှ ဝိညာဉ်ပုံဆောင်ခဲ ၁၀ခုမှာလည်း ပြာအဖြစ် ပြောင်းလဲသွားသည်မှာ ကြာပြီဖြစ်သည်။ ပါ့ကျီမှာ ဘေးတွင် မလှုပ်မယှက် ပြိုလဲနေပြီး ဆရာကြီး၏ ခန္ဓာကိုယ်အတွင်းမှ တိုးညင်းသော နဂါးဟိန်းသံများနှင့် သံသဲသောင်ပြင် စီးဆင်းသံကဲ့သို့သော အသံများကို ရှင်းလင်းစွာ ကြားနေရသည်။

ဒီရေလှိုင်းကျင့်စဉ်၏ ပထမအကြိမ် ပတ်လမ်းလည်ပတ်မှု ပြီးဆုံးသွားသောအခါ နဂါးချီသည် သူ၏ ခန္ဓာကိုယ်အနှံ့ လုံးဝပျံ့နှံ့သွားလေပြီ။

ဂျောက်... ဂျောက်...

သူ၏ လက်ဆစ်များမှ လည်ပင်းအထိ ရွှေရောင်နဂါးအကြေးခွံနုလေးများ ဖြည်းဖြည်းချင်း ပေါက်ထွက်လာသည်။

နောက်ဆုံးတွင် ထိုအကြေးခွံများက ကျောရိုးတစ်လျှောက် ရွှေရောင်မျဉ်း တစ်ကြောင်းအဖြစ် စုစည်းသွားပြီး မြီးညှောင့်ရိုးသို့ ရောက်သောအခါ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွား၏။

[ အဲဒါ... နဂါးအကြောတွေပဲ... ]

[ ဒီဆရာကြီး ဘာတွေများ လုပ်နေတာလဲ... ]

ပါ့ကျီက ချန်ဟွိုက်အန်၏ ခန္ဓာကိုယ်မှ ထူးခြားချက်များကို ကြည့်ပြီး ကြောင်အမ်းနေရသည်။

သူ့ရင်ထဲတွင် တုန်လှုပ်နေရုံမှတစ်ပါး မည်သည့်တုံ့ပြန်မှုမျှ မပေးနိုင်ရှာ။

သူ၏နားရွက်ကိုပင် မလှုပ်နိုင်သလို ထရန်လည်း အားမရှိတော့။

ခဏကြာသော် ချန်ဟွိုက်အန် မျက်လုံးပွင့်လာသည်။ သူ၏အကြည့်ထဲတွင် ရွှေရောင်နဂါး မျက်လုံးပုံစံ အလင်းတစ်ချက် ဖြတ်ပြေးသွား၏။

“ဟမ်... ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးရဲ့ အစွမ်းက ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား။” ချန်ဟွိုက်အန်က သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာသော စွမ်းအားများကြောင့် အံ့အားသင့်သွားရသည်။

ထိုမျှတိုတောင်းလှသော အချိန်အတွင်းမှာတင် သူက ချီသန့်စင်ခြင်း နဝမအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

နောက်ထပ်တစ်ဆင့်တည်းနှင့် ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိပေတော့မည်။

အကြမ်းဖျင်း တွက်ကြည့်မည်ဆိုလျှင် ထိုအဆင့်မှာ အခြေခံအုတ်မြစ်အဆင့်သို့ တိုက်ရိုက် ရောက်သွားသလိုမျိုးပင်။

“ပါရမီရှင်တွေ တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်တဲ့ အရသာကို နောက်ဆုံးတော့ ခံစားဖူးပြီ...” ချန်ဟွိုက်အန်က ခံစားချက်မျိုးစုံဖြင့် ခေါင်းခါလိုက်ရင်း ပြောသည်။ “ဒါပေမဲ့ ဒီဝိညာဉ် ပုံဆောင်ခဲတွေနဲ့ အဆင့်မြင့် ဝိညာဉ်စုစည်းခြင်းအခင်းအကျင်းတွေက အသုံးမခံပါလား...”

နာရီဝက်အတွင်းမှာတင် ဝိညာဉ်ပုံဆောင်ခဲ ၁၀ခုကို သူ စုပ်ယူပစ်လိုက်သည်။

ပုံမှန်ဆိုလျှင် ဝိညာဉ်ပုံဆောင်ခဲ ၁၀ခုသည် လီချင်းရန်၊ ယွဲ့ချန်ချီနှင့် တိုက်ရိုက်တပည့် သုံးဦးတို့ကိုပင် ၁၀နာရီကြာ ကျင့်ကြံရန်အတွက် အေးဆေးဖူလုံစေသည်။

ငါ ဝိညာဉ်ပုံဆောင်ခဲတွေအတွက် ပိုက်ဆံတွေ ထပ်သုံးရတော့မှာလား။

ဒါပေမဲ့ ပုံရိပ်ယောင်ကောင်မလေး စျေးဆိုင်မှာ ဝိညာဉ်ပုံဆောင်ခဲတွေ မရောင်းဘူးလေ။

ပြီးတော့ အဆင့်မြင့် ဝိညာဉ်စုစည်းခြင်းအခင်းအကျင်းကလည်း လီချင်းရန်အတွက် သီးသန့် ပေးထားတာ။

အခုအချိန်မှာ ဝိညာဉ်ပုံဆောင်ခဲတွေကို ရနိုင်တဲ့လမ်းက ချင်းယွန်ဘုံထဲက သန်မာတဲ့ ကျင့်ကြံသူတွေဆီက လုယူတာ၊ ဒါမှမဟုတ် ခေတ်မီပစ္စည်းတွေကို ကံကြမ္မာနဲ့ လဲလှယ် တာမျိုးပဲ ရှိတော့သည်။ ဥပမာ အလောင်းဘုရင် တိကျန်းဆီကရတဲ့ ဝိညာဉ်နှိမ်နင်းသံလိုပေါ့။

ဝိညာဉ်ပုံဆောင်ခဲများသာ သူ၏ စိတ်ဝိညာဉ်ချီစွမ်းအင်များကို ဝါးမျိုနေသော လက်ရှိကျင့်ကြံမှု အရှိန်ကို ထိန်းထားနိုင်သည်။ ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွမှာမူ သာမန် “ကျင့်ကြံသူ” တစ်ယောက်ရဲ့ နေထိုင်မှုဝန်းကျင်လောက်ကိုသာ ဖန်တီးပေးနိုင်၏။

“ပါ့ကျီ... မင်း ဘာဖြစ်နေတာလဲ။”

ချန်ဟွိုက်အန်က ပါ့ကျီတစ်ယောက် ကြောင်သေတစ်ကောင်လို သူ့ပေါင်ဘေး မလှုပ်မယှက် လဲနေသည်ကို သတိထားမိသွားသည်။

ဒါက မဖြစ်သင့်ဘူးလေ။

ပါ့ကျီက ငါ့လိုပဲ လန်းလန်းဆန်းဆန်း ခုန်ပေါက်နေရမှာ။

ဒါက အဆင့်မြင့် ဝိညာဉ်စုစည်းခြင်းအခင်းအကျင်းလေ... စိတ်ဝိညာဉ်ချီစွမ်းအင်တွေက ဘယ်လောက်တောင် သိပ်သည်းနေမလဲ။

ဒါမှမဟုတ် စိတ်ဝိညာဉ်ချီစွမ်းအင်တွေက အရမ်းများလွန်းလို့ အခုလို တစ်ပိုင်းသေဘဝ ဖြစ်သွားတာလား။

ချန်ဟွိုက်အန်က ပါ့ကျီ၏ အခြေအနေကို ကြည့်ရန် လက်လှမ်းလိုက်သော အချိန်၊ သူ့လက် မထိမိသေးခင်မှာပင် ပါ့ကျီက ငါးတစ်ကောင်လို ဖျပ်ခနဲ ခုန်ထသွားပြီး ထောင့်တစ်နေရာတွင် ဝင်ခွေနေကာ ပြန်မထွက်လာတော့ပေ။

“အသုံးမကျလိုက်တာ...”

ချန်ဟွိုက်အန် ခေါင်းခါလိုက်သည်။

“တောဝက်က ဖွဲနုကို မဝါးတတ်ဘူးဆိုတာ ဒါမျိုးပေါ့...”

ချန်ဟွိုက်အန် ရေရွတ်လိုက်သည်ကို ကြားသောအခါတွင် ပါ့ကျီခမျာ မျက်ရည်ကျမတတ် ခံစားသွားရသည်။

ငါ ကျင့်ကြံထားတဲ့ အစွမ်းတွေရဲ့ တဝက်ကျော်က ကုန်သွားပြီလေ။

အရင်ကဆိုရင် ငါ့ရဲ့ မိစ္ဆာအရှိန်အဝါနဲ့ စစ်မှန်တဲ့ပုံစံကို ဖုံးကွယ်ထားနိုင်သေးတယ်။ အခုတော့ ကြောင်ပုံစံကို ထိန်းထားနိုင်ဖို့တောင် အတော်လေး ကြိုးစားနေရပြီ။

တကယ်လို့ ဆရာကြီးသာ သေချာစစ်ဆေးကြည့်လိုက်ရင် ငါ့ရဲ့သရုပ်မှန် ပေါ်သွားမှာ မဟုတ်ဘူးလား။

ဟုတ်ပါတယ်။ ငါက ငါ့ကိုယ်သူ ပုရွက်ဆိတ်လို့ သဘောထားတာ။ ဒါပေမဲ့ အဲဒါက ဆင်ကြီး ငါ့ကို သတိမထားမိသေးလို့ပါ။ သတိထားမိသွားရင် ငါ့ကို နင်းခြေပစ်မလား၊ လွှတ်ပေးမလား ဆိုတာက ဆင်ကြီးရဲ့ စိတ်အလိုအတိုင်းပဲ ဖြစ်တော့မှာ။

[ ရေခဲပြင်ပါးပါးလေးပေါ် လမ်းလျှောက်နေရသလိုပဲ... ]

[ ဒီဘုရင်ကြီးရဲ့ တစ်ဘဝလုံး၊ ပါးလွှာတဲ့ ရေခဲပြင်ပေါ်မှာပဲ အဆုံးသတ်ရတော့မှာလား... ]

ပါ့ကျီက ကြောင်ခေါင်းလေးကို ခြေဖဝါးကြားထဲ ထည့်ပြီး တိတ်တိတ်လေး ငိုနေရှာသည်။

အခုဆိုလျှင် ရှောင်ချင်းကပင် သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်နေလေပြီ။

ယခုဘဝတွင် ဆရာကြီးနှင့်အတူ ဘယ်တော့မှ ကျင့်ကြံခြင်း မလုပ်တော့ဟု သူ ကျိန်ဆို လိုက်တော့သည်။

ဒီတစ်ခါက ကျင့်ကြံခြင်းအဆင့် ကုန်ရုံပဲ။

နောက်တစ်ခါဆိုရင် အသက်ပါ ကုန်သွားနိုင်တယ်...

ချန်ဟွိုက်အန်က ဂိမ်းကိုဖွင့်ပြီး သူ၏ ဇာတ်ကောင်စာမျက်နှာကို စစ်ဆေးလိုက်သည်။

မိမိကိုယ်မိမိ မခံစားမိ၍တော့ မဟုတ်။

အဓိကက ဂိမ်းစာမျက်နှာက ပိုအသေးစိတ်ကျပြီး တိကျသော အချက်အလက်များ ပေး၍ပင်။

မကြည့်မိခင်က မသိခဲ့ပေ။ ကြည့်လိုက်တော့မှ သူ လန့်သွားရ၏။

[ ချန်ဟွိုက်အန် (ပင်မခန္ဓာကိုယ်) ]

[ အသက် - ၂၁ (ကျန်ရှိသောသက်တမ်း - ၇၃၂ နှစ်) ]

[ ကျင့်ကြံခြင်းအဆင့် - ချီစွမ်းအင်သန့်စင်ခြင်း နဝမအဆင့် ]

[ ပါရမီများ - ယင်ယန်ဓားရိုး၊ နတ်ဘုရားလျှပ်စီးစိတ်ဝိညာဉ်အမြစ်၊ ဓားဝိညာဉ်အမြစ်၊ ပထမအဆင့် ဒန်တျန် - နဂါးပလ္လင်၊ နဂါးဝိညာဉ် (မပြည့်စုံ) ]

[ ကျင့်စဉ်များ - ဒီရေလှိုင်းကျင့်စဉ် (အဆင့်မြှင့်နိုင်သည်)၊ ကောင်းကင်မိစ္ဆာကျင့်စဉ် - ပထမအတွဲ - သွေးပိုးအိမ်ဖွဲ့စည်းခြင်း (အထွတ်အထိပ်)၊ ဓားသိုင်းကျမ်း - ပထမသိုင်းကွက် (အထွတ်အထိပ်)၊ ဒုတိယသိုင်းကွက် (အထွတ်အထိပ်)၊ တတိယသိုင်းကွက် (အထွတ်အထိပ်) ...ဒွါဒသမမြောက်သိုင်းကွက် (အကြမ်းဖျင်းနားလည်)၊ ကြာစိမ်းလျို့ဝှက်ချက် - တာအိုဖွားဓား (အကြမ်းဖျင်းနားလည်) ]

[ တိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်ချက်မှု - ဒါက တကယ်ပဲ ဂိမ်းဟက်ထားတာ မဟုတ်ဘူး ဆိုတာ သေချာလား ]

ပထမဆုံး ဓားသိုင်းသုံးကွက်ကိုသာ သူ အပြည့်အဝ ကျွမ်းကျင်သေးသည်။

ကျန်သည်များက အောင်မြင်ခါစ သို့မဟုတ် နားလည်ရုံအဆင့်သာ ရှိနေသေးသည်။

သို့သော် ချန်ဟွိုက်အန်ကတော့ အတော်လေး ကျေနပ်နေလေပြီ။

ဘာပဲဖြစ်ဖြစ် ဂိမ်းစာမျက်နှာကတောင် သူက နည်းနည်းတော့ ဟက်ထားတယ် ဆိုတာကို ဝန်ခံထားတာပဲလေ။

သူ့ကို ဇဝေဇဝါဖြစ်စေသည်မှာ...

ကောင်းကင်မိစ္ဆာကျင့်စဉ်ရဲ့ ပထမအတွဲက ဘယ်တုန်းက အပြည့်အဝ အောင်မြင်သွားတာလဲ။

ငါက မိစ္ဆာတွေ၊ ဝိညာဉ်ဆိုးတွေကို အများကြီး ထပ်ဝါးမျိုရဦးမယ် ထင်ထားတာ။ အခုတော့ ဒုတိယအတွဲဖြစ်တဲ့ အရိုးပဲ့တင်ခြင်းကိုတောင် စလေ့ကျင့်လို့ ရနေပြီ။

ခုနက ကျင့်ကြံနေတုန်း ငါ မတော်တဆ စွမ်းအားကြီးတဲ့ မိစ္ဆာတစ်ကောင်ကောင်ကိုများ ဝါးမျိုလိုက်မိတာလား။

လုံးဝ မှတ်မိမနေဘူး...

ပြီးတော့ ဒီ “နဂါးဝိညာဉ် (မပြည့်စုံ)” ဆိုတာက ဘာကို ဆိုလိုတာလဲ။

ငါ့ခန္ဓာကိုယ်ထဲမှာ ဒုက္ခပေးနေတဲ့ ကင်ဆာမိစ္ဆာနဂါးက နဂါးဝိညာဉ်ရဲ့ အစိတ်အပိုင်းအချို့ကို ဝါးမျိုလိုက်တာများလား။

ဒါဆိုရင်တော့ ဒုက္ခပဲ။

သူ စိုးရိမ်တကြီးနှင့် စိတ်ကို ဒန်တျန်ထဲ နစ်မြုပ်ပြီး နဂါးဝိညာဉ်ကို စစ်ဆေးလိုက်သည်။

ယခင်က အားနည်းပြီး သေအံ့ဆဲဆဲ ဖြစ်နေသည်နှင့် ယှဉ်လျှင် ယခု ဒန်တျန်ထဲ ခွေနေသော ဝိညာဉ်က ခန့်ညားထည်ဝါသော နဂါးခန္ဓာကိုယ်ကြီး ရှိနေလေပြီ။

သို့သော် ၎င်း၏ မျက်လုံးများက ပိတ်နေ၏။

နဂါးမျက်လုံးများ ပိတ်နေ၍ ခန္ဓာကိုယ်က ဘယ်လောက် ခန့်ညားနေပါစေ၊ အသက်မဝင်သလို ခံစားနေရသည်။

ချန်ဟွိုက်အန်က နာမည်ကြီး စကားတစ်ခုကို တွေးမိလိုက်သည်။ “နဂါးပုံဆွဲပြီး မျက်လုံးဖော်ခြင်း...”

နဂါးဝိညာဉ်ရဲ့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းက အဲဒီမျက်လုံးတွေများလား။

တကယ်လို့ ငါသာ နဂါးဝိညာဉ်ကို ဖြည့်ဆည်းပေးနိုင်ရင်...

ငါ့ရဲ့ ဒန်တျန်က အဆင့်မြင့်ဆုံးအထိ တက်လှမ်းသွားနိုင်မလား။

လီချင်းရန်မှာ အန္တိမအဆင့် ဒန်တျန် ရှိတယ်။

ငါ့မှာတော့ ပထမအဆင့်ပဲ ရှိသေးတယ်။

ဒါက မမျှတဘူးလေ။

သော့ကောင်းကောင်းဆိုတာ သော့အိမ်ကောင်းကောင်းနဲ့ ထိုက်တန်တာပေါ့။

မဟုတ်ရင် လှည့်လို့တောင် ရမှာမဟုတ်ဘူး။

ထူးဆန်းသော ဆွဲဆောင်မှုတစ်ခုကြောင့် ချန်ဟွိုက်အန်က နဂါးဦးခေါင်းကို ထိဖို့ လက်လှမ်း လိုက်သည်။

နဂါးဟိန်းသံတစ်ခုက သူ၏ဝိညာဉ်အတွင်းပိုင်းတွင် ပေါက်ကွဲထွက်လာသည်။

ဒေါသ၊ ဝမ်းနည်းမှု၊ အကူအညီမဲ့မှုနှင့် စိတ်လှုပ်ရှားမှုများပင်။

ချန်ဟွိုက်အန်က နဂါးဟိန်းသံကို နားမလည်ပေ။

သို့သော် ထိုအော်သံက သူ့နှလုံးသားထဲ ရှင်းလင်းသော သတင်းစကား တစ်ခုအဖြစ် စုစည်းသွား၏။

ထိုက်ရှန်းတောင်။

...

All Chapters