← Chapters

ကျွန်မ ချစ်တဲ့သူက...

Vol. 28 Ch. 276

ကျွန်မ ချစ်တဲ့သူက...

Vol. 28 Ch. 276

“တက်လှမ်းသူ” ဆိုသည်ကို အင်မော်တယ်ဖြစ်ရန် အခွင့်အရေးရှိသူဟူ၍သာ အကြမ်းဖျင်း မှတ်ယူထားလိုက်ပါ။

၎င်းမှလွဲလျှင် ချန်ဟွိုက်အန်၏ စူပါဦးနှောက်က တခြား ဘာဆက်စပ်မှုမှ ရှာမတွေ့တော့ပေ။

သန်းခေါင်ကျော်သည်နှင့် လင်းလင်လင်၏ ဦးဆောင်မှုနှင့်အတူ သူတို့နှစ်ယောက်က C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုအတွက် သီးသန့်သတ်မှတ်ထားသော တောင်ထိပ်တစ်ခုဆီကို ရဟတ်ယာဉ်နှင့် ထွက်ခွာခဲ့ကြသည်။

တောင်ထိပ်ပေါ်တွင်တော့ မြေကြီးထဲ စိုက်ထားသော အလံတစ်ခုတည်းနှင့် အပြစ်တင် ဝေဖန်ရန်ပင် အားနာရလောက်အောင် စုတ်ပြတ်သတ်နေသည် ကောက်ရိုးတဲအိုလေး တစ်လုံးသာ ရှိနေသည်။ အထဲတွင် ပရိဘောဂ တစ်ခုတစ်လေပင် မရှိပေ။

“တော်စမ်းပါ... စီစဉ်တဲ့သူတွေက လျို့ဝှက်ဂိုဏ်းက မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်တောင် ကပ်စေးနှဲရတာလဲ။”

ချန်ဟွိုက်အန် ကောက်ရိုးတဲထဲ လမ်းလျှောက်ဝင်သွားလိုက်ရာ ဗလာကျင်းနေသော နံရံပေါ်တွင် ကပ်ထားသော စက္ကူတစ်ရွက်ကို မြင်လိုက်ရ၏။

ထိုအပေါ်တွင်တော့ လက်ရေးလက်သား အားကောင်းကောင်းနှင့် စာတစ်ကြောင်းကို ရေးသားထာသည်။ “အခက်ခဲဆုံးသော အရာတွေကို သည်းခံနိုင်သူသာ အမြင့်ဆုံးကို တက်လှမ်းနိုင်မယ်။”

ချန်ဟွိုက်အန် - “...”

ဘာကြီးလဲဟ။ ချင်းဖုန်းဂိုဏ်းက ငါ့ရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ကြိုတင်တားထားတာလား။

တောက်။ သူတို့သာ တခြားတောင်တွေမှာ ထူးထူးခြားခြား အပြုအစုတွေ ပေးထားတာ သိလိုက်လို့ကတော့ ဓားနဲ့ တစ်ချက်တည်း ပိုင်းပစ်မယ်...

“သုညသုံးလုံး... ဒီအခြေအနေတွေက တော်တော်လေး ဆိုးရွားတာပဲ။ မင်း တစ်ယောက်တည်း ဒီမှာနေခဲ့ဖို့ တကယ် အဆင်ပြေရဲ့လား။”

လင်းလင်လင်က သူပေးထားသော ကျင့်စဉ်ကို ကျင့်ကြံပြီးနောက် ဗိုလ်ချုပ်အဆင့်ထိ ရောက်နေပြီဖြစ်ကာ တော်တော်လေး သန်မာနေပြီ ဆိုသော်လည်း အဖွဲ့ဝင်ဟောင်း ကျောက်ရင်းမှလွဲ၍ သူက C ပြည်နယ်ဌာနတွင် အသန်မာဆုံးပင်။ သို့သော် သူက ၁.၆မီတာ (၅ပေ ၃လက်မ)ပင် မပြည့်သော ကလေးမလေးလို ဖြစ်နေရာ သူ နည်းနည်းတော့ စိတ်ပူမိသည်။

“စိတ်အေးအေးထားပါ။ အုပ်ချုပ်ရေးမှူး။”

လင်းလင်လင်က သူ၏ နေရာလွတ်ကိရိယာထဲမှ မုန့်များနှင့် မန်ဂါစာအုပ်များကို အသာလေး ထုတ်လိုက်ရင်း လက်ကာပြလိုက်သည်။ “သန်မာတဲ့သူတွေက ပတ်ဝန်းကျင်ကို ဘယ်တော့မှ အပြစ်မတင်ဘူး။ အထူးသဖြင့် ကျွန်မလိုမျိုး ရွေးချယ်ခံရသူဆိုရင် ပိုတောင် ဆိုးသေးတယ်။”

“ဒါပေမဲ့....” ချန်ဟွိုက်အန် တွေဝေသွား၏။ “ဒီတောင်ထိပ်က မိစ္ဆာတွေ ဒါမှမဟုတ် ကျိန်စာသင့်ဝိညာဉ်တွေရဲ့ တိုက်ခိုက်မှု နယ်မြေပြင်ပမှာ ရှိတယ်လို့ သူတို့ မပြောထားဘူး။ ကြည့်ရတာ အန္တရာယ်ကင်းဇုန်လိုလို ရှိပေမဲ့ လက်တွေ့မှာတော့ ဘာကာကွယ်မှုမှ ရှိမနေဘူး။”

၎င်းကို ကြားသော် လင်းလင်လင် ကြောင်သွားပြီး ခဏလောက် စဉ်းစားနေသည်။

ထို့နောက် ရုတ်တရက်ကြီး ဒူးထောက်ချလိုက်ပြီး နဖူးနဲ့ မြေကြီးကို တိုက်မိအောင်အထိ ဦးချလိုက်၏။ “အုပ်ချုပ်ရေးမှူး... ကျွန်မ နောင်တရပါပြီ။ အခု ပြန်လှည့်လို့ ရသေးလား...”

ချန်ဟွိုက်အန် - “...”

“နောက်ကျသွားပြီ။ ရဟတ်ယာဉ်က ထွက်သွားပြီ။ ဒီမှာပဲ ငြိမ်ငြိမ်လေး နေခဲ့တော့။”

“အုပ်ချုပ်ရေးမှူး... ကျွန်မလည်း ရှင်နဲ့အတူ မိစ္ဆာအမဲလိုက် လိုက်ခဲ့ရင်ကော။”

သနားစရာကောင်းသော ခွေးပေါက်လေးလို မျက်လုံးတွေကို လျစ်လျူရှုပြီး ချန်ဟွိုက်အန် ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။ “မရဘူး။”

ထိုတောင်ထိပ်က သိပ်မလုံခြုံသော်လည်း ပတ်ပတ်လည်တွင် ချောက်ကမ်းပါးများ ရှိနေသည်။ မည်သို့ဆိုစေ သူ့နောက်ကို လိုက်လာသည်ထက်စာလျှင် ပို၍ပင် အန္တရာယ် ကင်းနိုင်ပေသည်။

သူက နဂါးဝိညာဉ်၏ လမ်းညွှန်မှုနောက်ကိုလိုက်ပြီး တောင်တန်းများ၏ အနက်ရှိုင်းဆုံး နေရာအထိ သွားမည် ဖြစ်သည်။ မည်သို့သော မိစ္ဆာများနှင့် တွေ့မည်ကို မည်သူ သိနိုင်မည်နည်း။

မိမိ၏ လက်ရှိခန္ဓာကိုယ် အခြေအနေနှင့်ဆိုလျှင် ကလေးမလေးတစ်ယောက်ကို အကာအကွယ်ပေးရန် အာရုံခွဲ၍ မရပေ။

ဒါပေမဲ့ သူ့ရဲ့ လုံခြုံရေးက တကယ့်ကို စိုးရိမ်စရာပဲ။

သူ့ကို အဆောင်တွေ ပေးခဲ့မလား။ အဲဒါကလည်း စိတ်မချရဘူး။

တကယ်လို့ တစ်ယောက်ယောက်က လုယူသွားရင် အလကားပဲ ဖြစ်သွားမှာ။

သူ့ရဲ့ ဘေးနားမှာ အခင်းအကျင်း တစ်ခုခု ချပေးခဲ့ရမလား။ ဟိုတုန်းက မျောက်မင်း စွန်းဝူခုန်းက ထန်စန်းကိုယ်တော်ကို ကာကွယ်ဖို့ စက်ဝိုင်းဆွဲပေးခဲ့သလိုမျိုးပေါ့။

ချန်ဟွိုက်အန် မေးစေ့ကို ပွတ်ရင်း စဉ်းစားလိုက်သည်။ ၎င်းက အလုပ်ဖြစ်နိုင်၏။

သို့သော် သူ၏ လက်ရှိ ချီစွမ်းအင်သန့်စင်ခြင်းအဆင့်နှင့်ဆိုလျှင် အခင်းအကျင်းက သိပ်ပြီး စွမ်းအားမကြီးနိုင်ပေ။

သူနှင့် လင်းလင်လင်တို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသော်လည်း မည်သူမှ အဖြေမရှာနိုင်ကြ။

မရေမရာ ဖြစ်လာရင်တော့ ပုံရိပ်ယောင်ကောင်မလေးဆီမှာပဲ တိုင်ပင်ရတော့မှာပေါ့။

ချန်ဟွိုက်အန် ဖုန်းထုတ်ပြီး ခဏလောက် ဂိမ်းကစားလိုက်သည်။

“ကောင်းကင်နက္ခတ်တွက်ချက်ခြင်း။ မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ပါရမီရှင် တစ်ယောက် ပေါ်လာပြီလား။”

[ ကောင်းကင်နက္ခတ်တွက်ချက်ခြင်း ပြီးဆုံးပါပြီ။ မည်သူမျှ ရှာမတွေ့သေးပါ ]

“ဒါဆို... ဘယ်တော့ ပေါ်လာမှာလဲ။”

[ ဒါက ဒီနေ့အတွက် သင့်ရဲ့ ဒုတိယအကြိမ်မြောက် တွက်ချက်ခြင်း ဖြစ်ပါတယ်။ ယွမ် ၁၀၀ နှုတ်ယူပြီးပါပြီ... ကောင်းကင်နက္ခတ် တွက်ချက်ခြင်း ပြီးဆုံးပါပြီ... ကစားသူအနေဖြင့် ချင်းယွန်ဘုံရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်ပေါင်း သန်း၃၀ထဲမှ တစ်ခုကို အသေသတ်မှတ် လိုပါက အနည်းဆုံး ကံတရားဆုံးရှုံးမှု အထပ်ပေါင်း တစ်သောင်းကို ခံယူရပါမယ်။ ဆက်လုပ်မှာလား ]

“မလုပ်ဘူး။” ချန်ဟွိုက်အန် နှုတ်ခမ်းကို မဲ့လိုက်၏။

အနာဂတ်ကို ကြည့်ရန် နက္ခတ်တွက်ချက်ခြင်းကို သုံခြင်းက တန်ဖိုးကြီးလွန်းသည်။

အကယ်၍ သူ၏ အဓိကခန္ဓာကိုယ်က အခြေတည်ဝိညာဉ်အဆင့်အစွမ်းသာ ရှိရင်တော့ သူ စမ်းကြည့်မိပေမည်။

ကံတရားဆုံးရှုံးမှု အထပ်ပေါင်း တစ်ထောင်နှင့်ဆို သူ ခြေတစ်လှမ်း လျှောက်လိုက်ရုံနှင့်တင် သေသွားနိုင်သလို၊ အသက်ရှူရင်းနှင့်ပင် အသက်ထွက်သွားနိုင်၏။

ထိုအချိန် လီချင်းရန်က မအိပ်သေးဘဲ အခန်းပြတင်းပေါက်မှတဆင့် ဝိုးတဝါး မြင်နေရသည်။ သူက မိုရှုမိန်နှင့် စကားပြောနေခြင်းပင်။

ချန်ဟွိုက်အန်က သားရဲဖမ်းထွက်တော့မည် ဖြစ်ရာ လူကိုယ်တိုင်သွားပြီး အနှောင့်အယှက် မပေးတော့ပေ။

သို့သော် ထုံးစံအတိုင်း လီချင်းရန်၏ အခြေအနေကိုတော့ စစ်ဆေးလိုက်သည်။

နှစ်သက်မှုအမှတ်ဘေးမှ နှလုံးသား အိုင်ကွန်လေး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေရုံကလွဲလျှင် ကျန်တာအားလုံး ပုံမှန်ပင်။

ချန်ဟွိုက်အန်က ထိုနှလုံးသားလေးကို နှိပ်လိုက်သောအခါတွင် အကြောင်းကြားစာတစ်ခု တက်လာ၏။

[ လက်ရှိ နှစ်သက်မှုအဆင့် - ♡♥၄၀ ]

[ သင့်ပုံရိပ်ယောင်ကောင်မလေးရဲ့ နှလုံးသားချိတ်ဆက်မှု ပြည့်သွားပါပြီ။ ဟင်းလင်းပြင် ခရီးနှင်ခြင်းကို ယခု အသက်သွင်းနိုင်ပါပြီ ]

[ သင်၏ လက်ရှိအစွမ်းမှာ ချီစွမ်းအင်သန့်စင်ခြင်း နဝမအဆင့် ဖြစ်ပါတယ်။ အကူအညီ ဆင့်ခေါ်မှု ကြာမြင့်ချိန် - အများဆုံး ၂၄ နာရီ ]

၎င်းကို မြင်လိုက်သော် ချန်ဟွိုက်အန် မျက်လုံးများ မှေးသွားသည်။

ဟင်းလင်းပြင်ခရီးနှင်ခြင်းတဲ့လား။ ငါ မှတ်မိသလောက်ဆိုရင် ဒါက လီချင်းရန်ကို ငါ့ဘေးနား ဆင့်ခေါ်လို့ရတဲ့ စွမ်းရည်ပဲ။

ကိုယ်ပွားတစ်ခု ဆင်းသက်လာသလိုမျိုးပေါ့။

ဒါဆိုရင်တော့ ပြဿနာ ပြေလည်သွားပြီ။

ငါ့ရဲ့ ချီစွမ်းအင်နဲ့ဆိုရင် အားကောင်းတဲ့ အခင်းအကျင်းကို မချနိုင်ပေမဲ့၊ ရွှေရောင်အနှစ်သာရ အဆင့် ကျင့်ကြံသူဖြစ်တဲ့ လီချင်းရန်ကတော့ သေချာပေါက် လုပ်နိုင်တယ်။

ပြီးတော့ ထိုက်ရှန်းတောင်မှာ မိစ္ဆာတွေ အပြည့်ရှိနေတာဆိုတော့ ငါ မကိုင်တွယ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ တကယ် တွေ့နိုင်တယ်။ လီချင်းရန်ကို အကူအညီတောင်းပြီး တိုက်ပွဲ ဝင်ခိုင်းမယ်ဆိုရင် ပိုပြီးတော့ ဘေးကင်းသွားမှာ။

ဒါက ငါ့ကို မိန်းမစကတ်နား ခိုနေတဲ့သူလို့ ထင်သွားစေမှာလား။

ဟဲဟဲ။ အမှန်အတိုင်း ပြောရရင် မိန်းမစကတ်နား ခိုဖို့ဆိုတာလည်း အရည်အချင်း လိုတာပဲလေ။

ပြီးတော့ အဲဒီလူက လီချင်းရန်လိုမျိုး ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဓားကျင့်ကြံသူလေး ဖြစ်နေရင် ဘယ်သူကများ မခိုချင်ဘဲ နေမှာလဲ။

“သုညသုံးလုံး... ငါ ခဏနေရင် အစ်မကြီးတစ်ယောက်ကို ခေါ်ပေးမယ်။” ချန်ဟွိုက်အန်က လျို့ဝှက်ဆန်းပြားသော လေသံဖြင့် ပြောလိုက်သည်။ “သူက အခင်းအကျင်းတွေမှာ အရမ်း တော်တယ်။ သူ လုပ်ပေးမယ့် အခင်းအကျင်းက မင်းကို ဘေးကင်းစေလိမ့်မယ်။ ဒီတောင်ပေါ်မှာပဲ ငြိမ်ငြိမ်လေးနေ။”

“အစ်မကြီး ဟုတ်လား။” လင်းလင်လင်က အဓိကအချက်ကို သတိထားမိသွားပြီး သံသယဝင်သွားသည်။ “ရှင်ပြောတာက အသက်ကြီးတဲ့ အစ်မကြီးလား။ ဒါမှမဟုတ် ဆရာကြီးအဆင့် အစ်မကြီးလား။”

ချန်ဟွိုက်အန် - “...”

“သူက အရမ်းလှတဲ့ အစ်မကြီး တစ်ယောက်ပါ။”

လင်းလင်လင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခေါင်းကို ပြန်ခါပြီး မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။ သူက ခါးခါးသီးသီး ပြောလိုက်၏။ “အုပ်ချုပ်ရေးမှူး... ကျွန်မ နားလည်ပါပြီ။ လုံးဝ နားလည်သွားပါပြီ။ အဲဒီလိုမိန်းမတွေက ကိုယ့်ကိုယ်ကိုယ် နုပျိုအောင် လုပ်တတ်ကြပေမဲ့ တကယ့် အသက်က ဘယ်လောက်တောင် ရှိနေပြီလဲ မသိဘူး... အရေပြားတွေ တွန့်လိပ်ပြီး ရက်စက်ကြမှာ သေချာတယ်။ ရှင် တော်တော် သည်းခံခဲ့ရမှာပဲ...”

ချန်ဟွိုက်အန်၏ ခေါင်းထဲတွင် မေးခွန်းသင်္ကေတလေးတွေ ပေါ်လာ၏။

ဘာကြီးလဲ။

ဒီကလေးမက အလယ်တန်းကျောင်းသူကော ဟုတ်ရဲ့လား...

သူ ထပ်ပြီး ရှင်းမပြချင်တော့ပေ။

ပြောလေ ပိုဆိုးလေ ဖြစ်သွားပေလိမ့်မည်။ လီချင်းရန် ရောက်လာလျှင် ထိုကလေးမလေး နားလည်သွားပေလိမ့်မည်။

သူတို့နှစ်ယောက်က အသက် အရမ်းကွာတာလည်း မဟုတ်ဘူး။ အဆင်ပြေသွားနိုင်တယ်။

...

“ချင်းရန် ငါပြောတာ နားထောင်စမ်းပါ။ နင် သူ့ကို စိတ်ရှိတယ်ဆိုရင် အစွမ်းကုန် ကြိုးစား။ တွေဝေမနေနဲ့...”

“ဒါပေမဲ့... ကျွန်မက အလိုလိုက်လွန်းတဲ့ မိန်းကလေးလို့ သူ ထင်သွားမလား။”

မိုရှုမိန်က လက်ချောင်းများကို ရင်ဘတ်ရှေ့မှာ ယှက်လိုက်သည်။ “မဟုတ်ဘူး။ မှားတယ်။ လုံးဝ မှားတယ်...” သူက လေးလေးနက်နက် ခေါင်းညိတ်ပြသည်။ “စကားပုံ ရှိတယ်လေ။ ယောက်ျားက မိန်းမကို လိုက်ရင် တောင်တက်ရသလို ခက်ခဲပေမဲ့၊ မိန်းမက ယောက်ျားကို လိုက်ရင် လိုက်ကာဆွဲလိုက်ရသလို လွယ်ကူတယ်တဲ့။ နင့်ဘက်ကပဲ အရင် စလိုက်စမ်းပါ။ ထင်တာထက် အများကြီး ပိုလွယ်တာကို တွေ့ရလိမ့်မယ်။”

“တ... တကယ်ပဲလား...” လီချင်းရန်က သူ၏ မျက်လုံးလေးများကို အောက်ချလိုက်ပြီး ဆံနွယ်လေးများကို လက်ချောင်းနှင့် စိုးရိမ်တကြီး လိမ်နေမိသည်။ သူ၏ နှုတ်ခမ်းလေးများ အကြိမ်ကြိမ် လှုပ်ရှားသွားသော်လည်း စကားလုံးများကတော့ ထွက်မလာခဲ့ပေ။

“တကယ်ပေါ့...” မိုရှုမိန်က ခိုင်ခိုင်မာမာ ခေါင်းညိတ်ပြသည်။

သို့သော် သူ၏ စိတ်ထဲတွင်တော့ တော်တော်လေး တုန်လှုပ်နေ၏။

လီချင်းရန်လို ထူးချွန်သော အမျိုးသမီးတစ်ယောက်က သူ ချစ်ရသောသူအား မရမည်ကို စိုးရိမ်နေရလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးဖူးပေ။

လီချင်းရန်ဆိုလျှင် ထိပ်တန်းကျင့်ကြံသူ အများကြီးထဲမှ စိတ်ကြိုက် ရွေးချယ်နိုင်သည်ဟူ၍ သူ အမြဲ ထင်ထားခဲ့သည်။

ဒါဆို သူ ချစ်နေတဲ့သူက ဘယ်လိုလူမျိုးလဲ။ တစ်ကမ္ဘာလုံးက အံ့သြရမယ့် ပါရမီရှင် တစ်ယောက် ဖြစ်နေတာများလား။

တိုက်ရိုက်တပည့် သုံးယောက်ထဲက တစ်ယောက်များလား။ ဒါပေမဲ့ ကြည့်ရတာ အဲဒါလည်း မဖြစ်နိုင်ဘူး...

လီချင်းရန်က မှန်ထဲမှ မိမိ၏ ပုံရိပ်ကို ငိုင်ကြည့်နေမိသည်။ သူ၏ ပါးပြင်လေးများက နီမြန်းနေ၏။ သူ၏ နှုတ်ခမ်းလေးများ တုန်ရင်နေရင်း တိုးတိုးလေး ပြောလိုက်၏။

“ဒါပေမဲ့... သူက မတူဘူး။ သူ့ကို သာမန်စံနှုန်းတွေနဲ့ တိုင်းတာလို့ မရဘူး။”

မိုရှုမိန်က ခြေထောက်ချိတ်ထိုင်လိုက်ပြီး ပြုံးစစနှင့် ပြောလိုက်သည်။ “ဒီလောကမှာရှိတဲ့ ယောက်ျားတွေ အားလုံးက အတူတူပဲ။ ခြေထောက်နှစ်ချောင်းနဲ့ ဖွားဖက်တော် တစ်ခုပဲ ပါတာ။ လှပတဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်ရင် သူတို့ ဦးနှောက်တွေက အလုပ်မလုပ်တော့ဘူး။ သူက ဘာများ ထူးခြားနေလို့လဲ။ ချင်းရန်... နင့်ရဲ့ အလှအပနဲ့ဆိုရင် ဘယ်လိုယောက်ျားမျိုးကို မရဘဲ နေမှာလဲ။ လာပါ... ငါ့ကို အကုန်ပြောပြ။ သူက ဘယ်လို လူလဲဆိုတာ ငါ သိချင်လို့။”

လီချင်းရန် ပြန်မဖြေဘဲ ခြေချောင်းလေးများနှင့် ကြမ်းပြင်ကို စိုးရိမ်တကြီး ပွတ်နေမိသည်။

သို့သော် သူ၏ အကြံပေးဗျူဟာရှင်ဖြစ်သော မိုရှုမိန်ဆီမှ အကြံဉာဏ်ကို အမှန်တကယ် လိုအပ်နေ၏။

ထိုကဲ့သို့ တောင့်တမှုနှင့် မရေရာမှုများကို တစ်ယောက်တည်း ထမ်းပိုးထားရသည်မှာ အလွန်ပင် ခက်ခဲလွန်း၍ပင်။

“တကယ်လို့... တကယ်လို့ ကျွန်မ ရှင့်ကို ပြောပြရင် ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိ ပေးရမယ်နော်။ ဟုတ်ပြီလား။”

သူ စကားလုံးများကို ခက်ခက်ခဲခဲ ညှစ်ထုတ်လိုက်ရသည်။ သူ၏အသံက ခြင်လေးတစ်ကောင် အော်သံထက်ပင် ပိုတိုးနေသေး၏။

“စိတ်မပူပါနဲ့။ ငါ တစ်ခွန်းမှ အပြင်မပေါက်စေရဘူး...” မိုရှုမိန် စိတ်ဝင်တစားနှင့် ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး နားစွင့်လိုက်သည်။

“ရှင်... ရှင် ကျိန်ဆိုရမယ်...” လီချင်းရန်က သူ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။

“ကောင်းပြီလေ... ငါ မို ဘာညာ ဘာညာက ကောင်းကင်ကို ကျိန်ဆိုတယ်...”

မိုရှုမိန်က လက်လေးချောင်းကို ကောင်းကင်ဘက် ထောင်လိုက်ပြီး လေးလေးနက်နက် ကြေညာလိုက်သည်။

“ဒီနေ့ကိစ္စကို ကောင်းကင်ရယ်၊ မြေကြီးရယ်၊ နင်ရယ်၊ ငါရယ်ပဲ သိမယ်။ တကယ်လို့ ငါ တခြားသူကို ပြောပြမိရင် မိုးကြိုး၅ချက် အပစ်ခံရပါစေ...”

လီချင်းရန်က သူ့ကို ခဏလောက် စိုက်ကြည့်နေသည်။ ထို့နောက် လက်သီးကို တင်းတင်း ဆုပ်ထားပြီး ရှိသမျှ သတ္တိတွေကို စုစည်းလိုက်သလိုမျိုး အသက်ကို ပြင်းပြင်းရှူလိုက်၏။

နောက်ဆုံးတွင်တော့ သူ ခေါင်းမော့လိုက်သည်။

သူ၏အသံက လေတိုက်လျှင် လွင့်သွားတော့မည့်အတိုင်း တိုးညင်းလွန်းလှ၏။

“...ဆရာ။”

သူက ပြောလိုက်သည်။ “ကျွန်မ ချစ်တဲ့သူက... ဆရာပါ။”

...

All Chapters