← Chapters

သူ...သူက ဆရာ့ရဲ့ မိန်းမလား

Vol. 28 Ch. 277

သူ...သူက ဆရာ့ရဲ့ မိန်းမလား

Vol. 28 Ch. 277

“ဆ... ဆရာ ဟုတ်လား။”

မိုရှုမိန် ဆွံ့အလျက် ကြောင်တောင်တောင်လေး ငေးကြည့်နေမိသည်။

“နေဦး... နင်က ဓားကျောင်းတော်ဘိုးဘေးကို ပြောတာလား။”

လီချင်းရန်ပြောသည်မှာ တခြားတစ်ယောက်ယောက် ဖြစ်ပါစေဟု သူ မျှော်လင့်ချက်ကလေး ဆုပ်ကိုင်ထားဆဲပင်။

သို့သော်လည်း လီချင်းရန်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ အနည်းငယ်မျှ ခေါင်းညိတ်၍ ပြလိုက်သည်ကို မြင်လိုက်ရသောအခါ...

အဖြေက ရှင်းလင်းသွားခဲ့လေပြီ။

“ဘုရားရေ...” မိုရှုမိန် ပါးစပ်အဟောင်းသားဖြင့် လီချင်းရန်ကို စိုက်ကြည့်နေမိတော့သည်။ “နင်... နင်က ကိုယ့်ဆရာကိုယ် ပြန်ကြံစည်နေတဲ့ သူပုန်မလေးပဲ...”

လီချင်းရန်က သူ၏ ပါးစပ်ကို လက်ဖြင့် အတင်းအမြန် ပိတ်လိုက်သည်။ သူ၏ လှပသော မျက်နှာလေးမှာလည်း နီရဲတက်လာတော့သည်။ “ဘာ... ဘာတွေ ပြောနေတာလဲ။ ကျွန်မ ဘာမှ မလုပ်ရသေးပါဘူး။ မလုပ်ရသေးဘူးဆိုတာက...”

မိုရှုမိန်မှာ လီချင်းရန်၏လက်ကို ခက်ခက်ခဲခဲ ဖယ်ထုတ်လိုက်ရသည်။

ယခုဆိုလျှင် လီချင်းရန်က ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်နေပြီဖြစ်ရာ သူ့ကို ကိုင်တွယ်ရသည်မှာ မလွယ်ကူတော့ပေ။

သို့သော် တစ်ချိန်တည်းမှာပင် သူက စိတ်အေးအေးထားရန် ကြိုးစားလိုက်သည်။

အင်း... ဒါကိုလည်း အပြစ်တင်လို့တော့ မရပါဘူးလေ။

တကယ်လို့ လီချင်းရန် ချစ်နေတဲ့သူက ဓားကျောင်းတော်ဘိုးဘေးသာ အမှန်ဆိုရင်တော့... ဒါကို သာမန်စံနှုန်းတွေနဲ့ တိုင်းတာလို့ မရတော့ဘူး။ ပြီးတော့ သူက လောကမှာရှိတဲ့ တခြား ယောက်ျားတွေနဲ့လည်း မတူဘူးလေ။ ဘာလို့လဲဆိုတော့ ပြောရရင်... သူက ယောက်ျား တစ်ယောက် မဟုတ်တော့ဘူး။

သူက ရှေးဟောင်း ယောက်ျားရတနာကြီး ဖြစ်နေပြီ။

ရှေးဟောင်းရတနာတစ်ခုဆိုတာ သာမန်ယောက်ျားတစ်ယောက်နဲ့ မတူဘူးလေ။

အသက်ကြီးတဲ့သူတွေကိုတော့... အရသာရှိတဲ့သူတွေလို့ ပြောလို့ရတာပေါ့။

ဒါပေမဲ့ ရှေးဟောင်း ယောက်ျားရတနာကြီး ဆိုတာကတော့...

မိုရှုမိန်က သူ ဖတ်ခဲ့ဖူးသမျှ ကဗျာ၊ စာအုပ်များထဲမှ မည်သည့်စကားလုံးနှင့်မျှ ၎င်းကို ဖော်ပြရန် မတတ်နိုင်တော့ပေ။ ရှုပ်ထွေးသော မျက်နှာပေးဖြင့်သာ လီချင်းရန်ကို ကြည့်နေမိတော့သည်။

“အဲဒါဆို... ချင်းရန်၊ နင်ကော နင့်ဆရာရဲ့ အသက်ကို သိလို့လား။”

“မ... မသိဘူး။” လီချင်းရန်က နှုတ်ခမ်းလေးစူကာ ပြန်ဖြေသည်။

“ဟုတ်ပါပြီ။အဲဒါဆို နင့်ဆရာမှာ တာအိုလက်တွဲဖော် ရှိ၊ မရှိကော သိလား။”

“အဲဒါလည်း... မသိဘူး။”

ဟင်း...

မိုရှုမိန် သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။ “အသက်ကို ထားလိုက်ပါဦး။သူက အနည်းဆုံး အသက် တစ်ထောင် ကျော်နေပြီ။ ဒါပေမဲ့ ဒီလောက်အထိ အသက်ရှင်လာတဲ့သူ တစ်ယောက်မှာ တာအိုလက်တွဲဖော် မရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒါကြောင့် နင် ဘာမှ မလုပ်ခင်မှာ ပထမဆုံး သိအောင်လုပ်ရမှာက သူက ပိုင်ရှင် ရှိပြီးသားလား၊ မရှိဘူးလား ဆိုတာပဲ။”

လီချင်းရန် တိတ်ဆိတ်သွား၏။

သူ ၎င်းကို အရင်က သေသေချာချာ မစဉ်းစားခဲ့မိပေ။

သူ့ဆရာက အမြဲတမ်း တစ်ယောက်တည်းနေသည်ဖြစ်၍ တာအိုအဖော် မရှိလောက်ဟု အလိုလို မှတ်ယူထားခဲ့လေသည်။ သူ၏ စီနီယာအစ်မကို ပြောပြတုန်းကလည်း ထိုအတိုင်းပင်။

သို့သော် ယခု ပြန်စဉ်းစားကြည့်လိုက်သော်... ဆရာဖြစ်သူ၏ နှုတ်မှ ကိုယ်တိုင်ပြောသည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။

“ကောင်းပြီ။ ကျွန်မ အခု နားလည်သွားပြီ...”

ခဏကြာသော် လီချင်းရန် ခေါင်းမော့လိုက်သည်။ သူ၏ မျက်နှာမှာ တည်ကြည်နေ၏။

“ကျွန်မ အမှန်တရားကို မကြာခင် သိအောင်လုပ်မယ်...”

သူ စကားပြောပြီးသည်နှင့်...

သူ၏ ရင်ဘတ်ထဲတွင် ထူးဆန်းသော ဆွဲအားတစ်ခု ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း နွေးထွက်လာ၏။ ၎င်းက သူ၏ အသက်စည်းနှောင်ရတနာ တုံ့ပြန်နေခြင်းပင်။

လီချင်းရန် ချက်ချင်းပင် သူ၏ ရတနာကို ဆင့်ခေါ်လိုက်သည်။

ဆင့်ခေါ်မှုမှာ တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုမို ပြတ်သား၍ အားကောင်းလာ၏။

ဆရာက သူ့ကို ခေါ်နေသည်။ ဟင်းလင်းပြင်ခရီးနှင်ခြင်းမှတစ်ဆင့် သူကို ဆင့်ခေါ်နေခြင်းပင်။

ဆရာက ငါ့ရဲ့အကူအညီ လိုအပ်နေပြီ...

သူ တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေဘဲ ရတနာအပေါ်သို့ လက်တင်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ဘေးနားရှိ မိစ္ဆာကျင့်ကြံသူလေးဘက်သို့ လှည့်လိုက်သည်။

“ရှုမိန်၊ ကျွန်မ ခဏလောက် သွားဦးမယ်။ ကျွန်မကို စောင့်ရှောက်ပေးပါဦး...”

ဆရာ့၏ကမ္ဘာငယ်လေးထဲတွင် ဘေးအန္တရာယ်တော့ မရှိပေ။

သို့သော် သူ၏ ခန္ဓာကိုယ်က မလှုပ်မယှက်ကြီး ဖြစ်နေသည်ကို တခြားသူများ မြင်သွားလျှင် လန့်သွားမည် စိုးရိမ်၍ ဖြစ်သည်။

ထို့ကြောင့် တစ်ယောက်ယောက်က သူတို့၏ ချိတ်ဆက်မှုကို ဝင်နှောင့်ယှက်မည်စိုး၍ မိုရှုမိန်ကို စောင့်ရှောက်ပေးရန်နှင့် လိုအပ်လျှင် ရှင်းပြပေးရန် လိုအပ်နေ၏။

“ဟမ်။ သြော်... အေးအေး၊ ရပါတယ်။”

မိုရှုမိန် ဘာတွေဖြစ်နေမှန်း သေချာနားမလည်သေးသော်လည်း ခေါင်းညိတ်လိုက်သည်။

နောက်တစ်စက္ကန့်မှာတင် လီချင်းရန်က ကုတင်ပေါ်သို့ လဲကျသွားတော့သည်။

မိုရှုမိန် သူ့ကို အမြန်ဖမ်းလိုက်ပြီး ကုတင်ပေါ်တွင် သေသေချာချာ သိပ်ပေးလိုက်သည်။

ခဏ စစ်ဆေးကြည့်လိုက်တော့...

လီချင်းရန်၏ ယန်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်သွားခဲ့ပြီ ဖြစ်သည်။

“ဘယ်ကို သွားလဲဆိုတာတောင် မပြောသွားဘူး...”

မိုရှုမိန်က အခန်းတံခါးနားတွင် သွားထိုင်ရင်း အားမလိုအားမရ သက်ပြင်းချလိုက်သည်။ “ဒီကောင်ကလေးက ဘက်စုံတော်ပါရဲ့နဲ့ ကိုယ့်ဆရာကို လိုက်နေတဲ့ သူပုန်မလေး ဖြစ်နေတယ်။ တကယ့်ကို မယုံနိုင်စရာပဲ... ဓားကျောင်းတော်ဘိုးဘေးဆီမှာ အသည်းမကွဲ ပါစေနဲ့လို့ ဆုတောင်းရမှာပဲ။”

[ အဲဒီမိန်းကလေးရဲ့ ယန်ဝိညာဉ်က ဒီနယ်မြေထဲကနေ ထွက်သွားပြီ။ သူရဲ့ဆရာဆီကို သွားဖို့ တစ်ခုခုကို သုံးလိုက်တာ ထင်တယ် ]

မိုရှုမိန်၏ ခါးတွင် ချိတ်ထားသော ဝိညာဉ်ချောက်နက် ဓားမှ အသံထွက်လာ၏။

၎င်းမှာ မကြာသေးမီက အတော်လေး ငြိမ်နေခဲ့ခြင်း ဖြစ်သည်။

လီချင်းရန် မရှိတော့မှသာ စကားအချို့ကို တိုးတိုးလေး ပြောရဲတော့သည်။

၎င်းမှာ ကောင်းကောင်း သိထားသည်။ လီချင်းရန် ရှိနေသရွေ့ အခြေတည်ဝိညာဉ်အဆင့် မိစ္ဆာအိုကြီးမှာ သူ၏အာရုံကို ၎င်းအပေါ် အချိန်မရွေး ထားနိုင်သည်ကိုပင်။ ထို့ပြင် ထိုလူက ဘယ်အချိန်မှာ စိတ်ဆိုးပြီး သူ့ကို အမှုန့်ဖြစ်အောင် သန့်စင်ပစ်မည်ကို မည်သူ သိနိုင်မည်နည်း။

သို့တိုင် ၎င်းက လက်မလျှော့သေးပေ။

မိုရှုမိန်လို လူစားမျိုးက ထိုကမ္ဘာငယ်လေးထဲ ထာဝရ နေမည်မဟုတ်မှာ သေချာသည်။

အခုချိန်မှာတော့ ငြိမ်ငြိမ်လေး နေရုံပဲ။ သူ ဒီကနေ ထွက်သွားတာနဲ့...

ငါက သူ့ရဲ့ “ဖေဖေကြီး” ပြန်လုပ်လို့ ရပြီလေ။

“တကယ်ပဲ... ဆရာ့ကို သွားရှာတာလား” မိုရှုမိန် မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေမဲ့ သူ့အစွမ်းနဲ့ဆိုရင် ကိုယ်တိုင် လာရှာသင့်တာ မဟုတ်ဘူးလား။ အဲဒါမှ ပိုပြီး ဘေးကင်းမှာလေ။ ယန်ဝိညာဉ်ဆိုတာက တော်တော်လေး ထိခိုက်လွယ်တာ။”

[ မင်းက ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေတာလဲ။ ပျင်းနေလို့လား။ ငါ့ကို အပြင်ထုတ်ပြီး လမ်းလျှောက်ခိုင်းပါလား။ ငှဲငှဲငှဲ... ]

“အော်... ဟုတ်သားပဲ။” မိုရှုမိန်က မဲ့ပြုံး ပြုံးလိုက်သည်။ “အခုပဲ ဓားသင်္ချိုင်းကို သွားကြတာပေါ့။ ကျွန်မ ရှင့်ကို အပြင်ထုတ်ပေးပြီး လေကို ဝဝလင်လင်ရှူခိုင်းမယ်။”

[ မလုပ်နဲ့... ]

ဝိညာဉ်ချောက်နက်မှာ ချက်ချင်းပင် တိတ်ကျသွားတော့သည်။

မိစ္ဆာဓားတစ်လက်ကို ဓားသင်္ချိုင်းထဲ ယူသွားမယ် ဟုတ်လား။

ဒါက သိုးငယ်တစ်ကောင်ကို ဝံပုလွေတွင်းထဲ ပစ်ချသလိုမျိုးပဲ ဖြစ်မှာပေါ့။

မိုရှုမိန်က ခပ်ပြုံးပြုံးဖြင့် နှာခေါင်းရှုံ့လိုက်သည်။

သူ ခြေထောက်ချိတ်ထိုင်ကာ လက်ဖက်ရည်ကို အရသာခံ သောက်လိုက်သည်။

ဒီလို အေးချမ်းတဲ့ ဘဝလေးကတော့ ကောင်းသားပဲ။ သုံး၊လေး၊၊ငါးနှစ်လောက်တော့ ဇိမ်နဲ့ နေလိုက်ဦးမယ်။

ပုံရိပ်ယောင်ကောင်မလေးကို ဆင့်ခေါ်ရန်အတွက် အထူးအစီအရင်တစ်ခု လိုအပ်သည်။

အင်း... အဲဒီလောက်ကြီးလည်း ထူးခြားမနေပါဘူး။

နေရာလွတ်တစ်ခုမှာ အခင်းအကျင်းတစ်ခု ချလိုက်ရုံပဲ။

“အုပ်ချုပ်ရေးမှူး... ရှင်ပြောတဲ့ အရမ်းလှတဲ့ အစ်မကြီးက ဘယ်မှာလဲ။”

“လာနေပြီ...” ချန်ဟွိုက်အန်မှာ စိတ်မရှည်သလို ပြောလိုက်သည်။

သူ နောက်ဆုံး ဝိညာဉ်ပုံဆောင်ခဲကို ချလိုက်၏။ သုညသုံးလုံး မေးနေသည်မှာ ၈ကြိမ်မြောက် ရှိနေပြီ ဖြစ်သည်။

ဒီကလေးမက နည်းနည်းလောက် စိတ်မရှည်နိုင်ဘူးလား။

“ဒါပေမဲ့ အုပ်ချုပ်ရေးမှူး... အခုက ၁၂နာရီခွဲတောင် ရှိနေပြီ။” လင်းလင်လင်က သူ၏ လက်ပတ်နာရီကို ကြည့်လိုက်သည်။ လွန်ခဲ့သော ၁၅မိနစ်ကပင် ချင်းဖုန်းဂိုဏ်းမှ လူကြီး တစ်ဦးက အသံလွှင့်မှော်ပညာသုံးကာ သားရဲဖမ်းပြိုင်ပွဲ စတင်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။

တခြားတောင်ထိပ်များ လှုပ်ရှားနေကြသည်မှာ ကြာခဲ့လေပြီ။

သို့သော် သူတို့တောင်ထိပ်က အေးအေးလူလူ ဖြစ်နေဆဲပင်။

ယခုထိ “အရမ်းလှသော အစ်မကြီးကို ဆင့်ခေါ်သည့်” အခင်းအကျင်းနှင့် လုံးပန်းနေတုန်းပင်။

လင်းလင်လင်က ၎င်းကို လုံးဝ မယုံကြည်ပေ။

“အုပ်ချုပ်ရေးမှူး... ရှင် တိုက်ရမှာ ကြောက်နေတာတော့ မဟုတ်ပါဘူးနော်။” သူက မျက်လုံးလေးတွေကို မှေးပြီး နှုတ်ခမ်းဆူလိုက်သည်။ “ဟွန့်... တကယ်လို့ ရှင်သာ တကယ်ပဲ အရမ်းလှတဲ့ အစ်မကြီးကို ဆင့်ခေါ်နိုင်ရင် ကျွန်မ ဖုန်းကို ဝါးစားပစ်မယ်။”

နောက်တစ်စက္ကန့်မှာတင် အခင်းအကျင်းက အလင်းတောက်လာ၏။

လီချင်းရန်က အခင်းအကျင်းအလယ်တွင် ပေါ်လာခဲ့သည်။ ဝတ်စုံဖြူလေးနှင့် ခါးမှာ ဓားတစ်လက် ချိတ်ထားပြီး နတ်မိမယ်လေးတစ်ပါးလို ကျော့ရှင်းလှပနေ၏။

လင်းလင်လင် - “....”

ဟာ... သွားပြီ။ သူက တကယ်ကြီး အရမ်းလှတဲ့ အစ်မကြီးကို ဆင့်ခေါ်လိုက်တာပဲ...

စိတ်ဝိညာဉ်ချီစွမ်းအင်များ ပြန်နိုးထလာကတည်းက သူ့လောကအမြင်များ ပျက်စီးခဲ့ရသည်မှာ ကြာပြီဆိုသော်လည်း ယခုလို သူ၏အုပ်ချုပ်ရေးမှူးက လူတစ်ယောက်ကို ဖန်တီးလိုက်သလို လုပ်ပြလိုက်သည်ကို မြင်လိုက်ရသော် သူ၏လောကအမြင် ထပ်ပြီး ပျက်စီးသွားရပြန်သည်။

ချန်ဟွိုက်အန်က သုညသုံးလုံးကို ကျေနပ်သလို ကြည့်ရင်း ပြောလိုက်သည်။ “ဖုန်းကို စား... စား... စားလိုက်တော့...”

“ဆရာ...” ချိုသာနူးညံ့သော အသံလေး ထွက်ပေါ်လာ၏။

ချန်ဟွိုက်အန်က လည်ပင်းမှ တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။

နေပါဦး။

ဒါက တစ်ခုခုတော့ မှားနေပြီ။

လီချင်းရန်ရဲ့အသံကို ကြားရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး။

ဂိမ်းထဲမှာ နေ့တိုင်း ကြားနေရတာပဲလေ။ ဒါက အဲဒီလောက်ကြီး ဖြစ်မနေသင့်ဘူး။

သို့သော် သူ လှည့်ကြည့်လိုက်ပြီး ထိုအရည်လဲ့နေသော မျက်ဝန်းလေးများနှင့် ဆုံလိုက်ရ သောအခါတွင်...

လီချင်းရန်၏အကြည့်များက နူးညံ့ပြီး တောက်ပနေ၏။ မိမိ၏ အကြည့်ကို ရှာဖွေရန်အတွက် ကမ္ဘာပေါင်းများစွာကို ဖြတ်သန်းလာခဲ့ရသလိုမျိုး။ နွေးထွေးမှုများနှင့် ပြည့်နေပြီး နူးညံ့သော အချစ်များ ပွင့်လန်းနေသလိုပင်။

ခဏတာမျှ ချန်ဟွိုက်အန် ဆွံ့အလျက် မှင်သက်သွားရသည်။

သူက လီချင်းရန်၏အလှကို နေသားကျသွားပြီဟူ၍ ထင်ခဲ့သည်။

သို့သော် အမှန်တရားက ဂိမ်းထဲတွင် သူ၏ စွမ်းအားကြီးတဲ့ အဆင့်အတန်းက စိတ်အလိုများကို နှိမ်နင်းပေးထားပြီး သူ့ကို ကျိုးကြောင်းဆင်ခြင်နိုင်အောင် လုပ်ပေးထား၍သာ ဖြစ်သည်။

အခု သူကိုယ်တိုင် မူလခန္ဓာကိုယ်ထဲ ပြန်ရောက်လာသောအခါမှသာ “ဝိညာဉ်ဖမ်းစားခြင်း” ဆိုသည်ကို အမှန်တကယ် နားလည်သွားတော့သည်။

အထူးသဖြင့် သူ့ဝိညာဉ်ကို တစ်ဦးတည်းအပိုင် ဖမ်းစားရန် ကြိုးစားနေသော အချိန်မျိုးမှာပင်။

သို့သော် လီချင်းရန်၏ မျက်ဝန်းထဲမှ နွေးထွေးမှုများက ကမ်းခြေမှ ဒီရေပြန်ကျသွားသလို ချက်ချင်း မှေးမှိန်သွားလေသည်။

ထိုနေရာတွင် တိုးညင်းသော ဝမ်းနည်းမှု၊ ထိခိုက်မှုနှင့် အနက်ရှိုင်းဆုံးတွင် မြှုပ်နှံထားသော သဝန်တိုမှုလေးများက အစားထိုးနေရာယူလာသည်။

လီချင်းရန်၏အကြည့်က ချန်ဟွိုက်အန်နှင့် လင်းလင်လင်တို့ နှစ်ယောက်ကြားမှာ ဟိုဟိုဒီဒီ ရောက်နေသည်။

သူ မျက်လုံးလေးများကို အောက်ချလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူ၏ စုရွမ်ဓားကို ဆုပ်ကိုင်ထားသော လက်ဆစ်လေးများမှာ ဖြူလျော့သွားသော်လည်း သူ၏ မျက်နှာပေးက ဘာကိုမှ ဖော်ပြမနေပေ။

ခဏတာ တိတ်ဆိတ်သွားပြီးနောက်...

သူ မေးစေ့ကို အနည်းငယ် မော့လိုက်ပြီး အနည်းငယ် ပိုပျော်ရွှင်နေသယောင် အသံလေးဖြင့် ပြောလိုက်သည်။

“ဆရာ... သူက... ဆရာ့ရဲ့ မိန်းမလား။”

....

All Chapters